Switch Mode

အခန်း ( ၃၃၇ )

အမုန်းရန်ငြိုး

ကောင်လေးမှာ မြန်ဆန်ပါသော်လည်း မြည်းလေး၏ အစာကို လှမ်းဖမ်းနိုင်သော အမြန်နှုန်းမှာလည်း သူနည်းတူ မြန်ဆန်နေ၏။ အထူးသဖြင့် ထို အစာမှာ သူ၏ဘေးမှ ဖြတ်ပြေးသွားပြီး သူ၏ သခင်ဆီသို့ ပြေးသွားနေသည်ကို အာရုံခံမိလိုက်သောအခါ ၎င်းမှာ ထိန်းမနိုင်သိမ်းမရဖြစ်ကာ ထိတ်ထိတ်ပျာပျာဖြစ်သွားတော့သည်။

၎င်း၏ မဟာရန်သူတော်ကြီးမှာ ၎င်း၏နောက်မှ လူဖြစ်ရမည် ဖြစ်ကြောင်း ၎င်းက မှတ်ယူလိုက်၏။ ထိုလူကြီးမှာ ၎င်းအား ဗိုက်ဝအောင် စားခွင့်မပေးသည့်အပြင် ၎င်းနှင့်ပါ အစာလုနေသေးသည်။

မြည်းလေး လက်မခံနိုင်သည့်အချက်မှာ ထိုအစာသည် ၎င်း၏ဘေးမှ ဖြတ်ပြေးသွားပြီး ၎င်းအား လျစ်လျူရှုကာ သူ့သခင်၏ ရင်ခွင်ထဲသို့ တန်းတန်းမတ်မတ် ဦးတည်သွားသည့် အချက်ပင်ဖြစ်သည်။ ၎င်းမှာ အရှုံးမပေးလိုသောကြောင့် ရုတ်တရက်ဆိုသလို ခေါင်းလှည့်လာပြီး အားပါပါနှင့် လှမ်းကိုက်လိုက်တော့သည်။

ထို ကိုက်ချက်ကြီးမှာ ရုတ်ခြည်းဆန်လွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ မမျှော်လင့်ထားသလို အေးတိအေးစက်နှင့် မောက်မာဝင့်ကြွားသည့်ပုံ ပေါက်နေသည့် သွေးရောင်ကောင်လေးပင်လျှင် မမျှော်လင့်ထားခဲ့ပေ။ ၎င်းမှာ ယခုလိုဖြစ်ရပ်မျိုး ဖြစ်လာလိမ့်မည်ဟု အိပ်မက်ထဲပင် ထည့်၍ မက်ဖူးမည်မဟုတ်ပေ။ မြက်ပင်များကို ဝါးစားနေခဲ့သည့် အူကြောင်ကြောင်ပုံစံနှင့် မြည်းလေးမှာ သူ့အား လှမ်းကိုက်လိုက်သည် မဟုတ်ပါလော။

ထိုမြည်းလေးက သူ့အား မြင်နိုင်စွမ်းရှိနေသည်ကို သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရသည်။ သူ့အား အံ့ဩတုန်လှုပ်သွားစေခဲ့ပြီး တစ်ကိုယ်လုံး တုန်ရီသွားစေသည့် အချက်မှာ ထို မြည်လေးက သူ့အား အလျင်အမြန် လှမ်းကိုက်လိုက်သည့် အချက်ပင်ဖြစ်သည်။ သူ၏ အမြင်တွင် အရာအားလုံးမှာ မှုန်ဝါးဝါး ဖြစ်သွားခဲ့ပြီးနောက် ၎င်း၏ သွားများမှာ သူ၏ ညာဘက်လက်ထဲသို့ စိုက်ဝင်နေပြီဖြစ်သည်။

ထို့နောက် ဂျွတ်ခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုကောင်လေးမှာ မည်သူမှ မကြားနိုင်သော အသံဖြင့် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ၎င်း၏ လက်တစ်ဝက်တိတိမှာ မြည်းလေးကြောင့် တိခနဲ ပြတ်တောက်သွားပြီ ဖြစ်သည်။ ထို့နောက် မည်သူမှမမြင်နိုင်သည့် သွေးများ ပန်းထွက်လာပြီး ထိုကောင်လေး၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ဖြူဆုတ်သွားတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် ကြောက်ရွံ့ထိတ်လန့်နေသည့် အရိပ်အယောင်များ ပေါ်လာပြီး သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရတော့သည်။ သူသည် မွေးဖွားလာခဲ့သည့် အချိန်ကတည်းက ယနေ့အထိ တစ်ရက်ရက်တွင် အကိုက်ခံရလိမ့်မည်ဟု လုံးဝ မထင်မှတ်ထားမိခဲ့သည့် ပုံပင်။

ထိုလူငယ်လေးမှာ မြည်လေးက နောက်ထပ်တစ်ကြိမ် ထပ်ကိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး နာကျင်မှုများကြောင့် ပင့်သက်ရှိုက်မိလိုက်၏။ ထို့နောက် သူသည် သူ၏ လက်ထဲမှ ပန်းထွက်နေသော သွေးများကို လျစ်လျူရှုလိုက်ပြီး နောက်သို့ချက်ချင်းပင် ဆုတ်ခွာသွားတော့သည်။

ထို့ကြောင့် သူသည် မြည်းလေး၏ ကြောက်မက်ဖွယ်ရာ ဒုတိယမြောက် ကိုက်ချက်ကြီးကို ပွတ်ကာသီကာ ရှောင်တိမ်းနိုင်လိုက်၏။

ဝမ်ပေါင်လဲ့မှာမူ ထိုလူငယ်လေးကို အာရုံမခံမိပေ။ သူသည် မြည်းလေး ခေါင်းလှည့်လာပြီး ရုတ်တရက်ဆိုသလို လှမ်းကိုက်လိုက်သည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် အထူးတဆန်းဖြစ်သွားပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်ပါသော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။

မြည်းလေးကမူ ဝမ်ပေါင်လဲ့အား ကျောပေးထား၏။ ၎င်းမှာ သူ့ကိုယ်သူ ကျေနပ်နေပြီး ဝမ်ပေါင်လဲ့က ၎င်း၏ အစာကို လုမယူနိုင်ခဲ့သောကြောင့် ပျော်ရွှင်ကျေနပ်နေ‌သည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် ၎င်းမှာ အမြီးယမ်းရင်း နှစ်ကိုက်သုံးကိုက်ခန့် ထပ်ကိုက်လိုက်ပြီး ထိုလက်မောင်းကြီးအား အလျင်အမြန် ဝါးစားကာ မျိုချလိုက်တော့သည်။

၎င်းမှာ ထိုကဲ့သို့ ဝါးစားနေရင် ရုတ်တရက်ဆိုသလို မျက်လုံးများပြူးသွား၏။ ထို့နောက် ၎င်းမှာ ကြောင်အန်းအန်း ဖြစ်သွားပြီးနောက် မျက်လုံးများ နီမြန်းလာတော့သည်။ ထို့အပြင် ၎င်း၏ မျက်ဝန်းများထဲတွင် ရူးသွပ်နေသည့် အရိပ်အယောင်များ ပေါ်လာပြီး ၎င်းမှာ ဘေးပတ်ပတ်လည်အား ဝေ့ဝိုက်ကြည့်ရှုနေလိုက်တော့သည်။

ထိုလက်မောင်းမှာ သူ၏ ဘဝတစ်လျှောက်လုံး စားဖူးခဲ့သမျှ အရာများထဲတွင် အရသာအရှိဆုံးဖြစ်နေ၏။

” မင်း ဘာ‌တွေကို ကိုက်နေတာလဲကွ။ မြက်ပင်တွေကိုပေါ်ပဲ အာရုံစိုက်စမ်းပါ ”
ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး မြက်ပင်များကိုမစားတော့ဘဲ ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ ၎င်းအား စိန်းစိန်းဝါးဝါး စိုက်ကြည့်၍ ဆူပူကြိမ်းမောင်းလိုက်၏။ မြည်းလေးမှာ ထိုသို့ အဆူခံလိုက်ရသောအခါ အသက်ပြင်းပြင်းရှူလိုက်ပြီး အပြစ်ကင်းစင်သော မျက်ဝန်းလေးများဖြင့် ဝမ်ပေါင်လဲ့အား ပြန်၍ကြည့်လိုက်၏။ ထို့နောက် မြက်ပင်များကို ဆက်၍ ဝါးစားနေလိုက်တော့သည်။ ၎င်းမှာ သူ လှမ်းကိုက်မိလိုက်သည့် အရသာရှိသော စားစရာကို ရှာမတွေ့နိုင်ခဲ့သောကြောင့် နောင်တအကြီးအကျယ် ရနေသည့်ပုံပင်။

ယခင်တုန်းက မြက်ပင်များမှာ အရသာရှိပါသော်လည်း ယခုတွင်မူ ၎င်းတို့မှာ ဖယောင်းခဲများကို ဝါးစားနေရသကဲ့သို့သာ ဖြစ်နေတော့သည်။ သို့သော် မြည်းလေးမှာ အလွန်အင်မတန်မှ ဆာလောင်နေသောကြောင့် မြက်ပင်များကို ဆက်၍ ဝါးစားနေလိုက်ပြန်သည်….

မြည်းလေးမှာ အပြစ်ကင်းစင်သော မျက်ဝန်းလေးများဖြင့် သူ့အား ပြန်လှည့်ကြည့်ခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်ကြောက်ရွံ့သွားရပြီး တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ သူသည် ထိုမြည်းလေး၏ အကျင့်စရိုက်ကို သိထားသောကြောင့် ထို အူကြောင်ကြောင် သတ္တဝါလေးမှာ သာမန်အခြေအနေမျိုးတွင်ဆိုလျှင် ထိုကဲ့သို့သော အမူအရာမျိုးကို ထုတ်ပြလိမ့်မည်မဟုတ်ဟု သူက နားလည်ထား၏။ ၎င်းမှာ မစားသင့်သောအရာကို စားမိသည့်အချိန် သို့မဟုတ် မလုပ်သင့်သောအရာကို လုပ်မိသည့် အချိန်များတွင်သာ ထိုကဲ့သို့ ပြုမူလေ့ရှိသည် မဟုတ်ပါလော။ ၎င်းမှာ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်လိုသောအခါမှသာ ထိုကဲ့သို့ အပြစ်ကင်းချင်ယောင်‌ ဆောင်လေ့ရှိသည်။

” တစ်ခုခုတော့ လွဲနေပြီ။ ဟေ့ကောင်။ လစ်လိုက်တော့။ မင်း ငါမသိအောင် တစ်ခုခုကို ခိုးစားထားတာလား ”
ဝမ်ပေါင်လဲ့မှာ မြည်းလေးအား သံသယမျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

မြည်းလေးမှာ ထိုမေးခွန်းကိုကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် ထိတ်ထိတ်ပျာပျာ ဖြစ်သွားတော့သည်။ ထို့ကြောင့် ၎င်းမှာ နောက်သို့ အလောတကောနှင့် လှည့်လာပြီး ဇဝေဇဝါဖြစ်ကာ အပြစ်ကင်းစင်သည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား ကြည့်လိုက်ပြန်သည်။ ၎င်းမှာ ထိုကဲ့သို့ တစ်ခုခုကိုဖုံးကွယ်ရန် အပြင်းအထန် ကြိုးစားနေသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ ပို၍ပင် သံသယဝင်သွားရတော့သည်။ သို့သော် သူသည် ထိုနေရာတစ်ဝိုက်တွင် မည်မျှပင် ရှာဖွေနေစေကာမူ မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူသည် မြည်းလေးအား နောက်တစ်ကြိမ်ထပ်၍ စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် ၎င်းအား လှိုဏ်ခေါင်းထဲသို့ ဆက်၍ ခေါ်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် မည်သည့်အရာကိုမှ သတိမထားမိခဲ့သည်ကို မြင်လိုက်ရသောအခါ မြည်းလေးမှာ အပျော်လွန်သွား၏။ ထို့ကြောင့် ၎င်းမှာ ရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် လှမ်းလိုက်ပြီးနောက် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ ခေါင်းများ တဆစ်ဆစ်ကိုက်ခဲကာ အထူးတဆန်း ဖြစ်နေရင်း မြည်းလေးနှင့်အတူ လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ဆက်လက် ဦးတည်သွားလိုက်တော့သည်။

သူတို့အတွဲမှာ မြည်းလေး ပြောင်သလင်းခါအောင် စားထားသော လှိုဏ်ခေါင်းကြီးထဲသို့ ဝင်သွားပြီး ပျောက်ကွယ်သွားကြတော့သည်။ သူတို့ ထွက်ခွာသွားပြီးနောက် သွေးရောင် ကောင်လေးမှာ တဖြည်းဖြည်းချင်း ပြန်ပေါ်လာ၏။

သူ၏ အမူအရာမှာ ယခင်တုန်းကလို မောက်မာဝင့်ကြွားနေခြင်း မရှိတော့ပေ။ သူသည် အမျက်ချောင်းချောင်း ထွက်နေသည့်ပုံ ပေါက်နေပြီး သူ၏ ဒေါသစိတ်များထဲတွင် မုန်းတီးမှုများနှင့် ကြောက်ရွံ့မှုများလည်း ရောယှက်ပါဝင်နေကြ၏။ သူ၏ ညာဘက်လက်မှာ တစ်ဝက်တိတိ ပြတ်တောက်သွားပြီ မဟုတ်ပါလော။

သူသည် အံများကိုကြိတ်ထားပြီး ထိုအတွဲ၏နောက်သို့ ပြေးလိုက်သွားချင်နေသည့်ပုံ ပေါက်နေပါသော်လည်း သူ၏ လက်ပြတ်ကြီးကို ကြည့်မိလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် ဝေခွဲမရဖြစ်နေသောကြောင့် အံကြိတ်ကာ ခပ်လှမ်းလှမ်းသို့ ငေးကြည့်နေမိတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက်နေပါသော်လည်း သူသည် သူတို့၏နောက်သို့ မလိုက်သွားရဲချေ။ ထို့ကြောင့် သူသည် မကျေမချမ်းဖြစ်နေသည့် အမူအရာဖြင့် နောက်သို့လှည့်ကာ အခြားတစ်ဖက်သို့ ထွက်ခွာသွားတော့သည်။

အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်သာဆိုပါက သူ၏ မျက်ဝန်းများထဲရှိ မုန်းတီးမှုများမှာ ဝမ်ပေါင်လဲ့အတွက် မဟုတ်ဘဲ မြည်းလေးအတွက် ဖြစ်နေသည်ကို သိမြင်နိုင်ပေသည်။

အာဃာတရန်ငြိုးကြီးတစ်ခု သူ၏ရင်ထဲ၌ ပေါက်ဖွားလာပြီဖြစ်သည်။

မည်သည့်အရာကိုမှ သတိမထားမိခဲ့သည် ဝမ်ပေါင်လဲ့မှာ မြည်းလေး၏ ထူးဆန်းနေသော အပြုအမူများ၏ အကြောင်းကို ဆက်တွေးမနေတော့ပေ။ သူတို့မှာ လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ရောက်လေလေ သွေးမြက်ပင်များမှာ ပို၍ နည်းလာလေလေ ဖြစ်နေ၏။ နောက်ဆုံးတွင် ထိုမြက်ပင်များမှာ လုံးဝပျောက်ကွယ်သွားတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူတို့၏ရှေ့၌ မျက်စိကြိမ်းစရာ ကောင်းလောက်အောင် စူးရှတောက်ပနေသော အနီရောင်အလင်းတန်းကြီးတစ်ခုကို မြင်လိုက်ရသည်။ ထို့အပြင် သူသည် လူများ တိုက်ခိုက်နေကြသည့် အသံတချို့ကိုပင် ခပ်ရေးရေးခန့် ကြားနေရသည်။ ထိုအချိန်တွင် မြည်းလေးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး အာနာပါန တတိယအဆင့်မှ စတုတ္ထအဆင့်သို့ ဖောက်ထွက်သွားတော့သည်။

မြည်းလေးမှာ အစာစားနေရုံမျှဖြင့် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားနိုင်ခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရတော့သည်။ သို့သော် သူသည် ၎င်းအား လျစ်လျူရှုလိုက်ပြီး အလင်းတန်းကြီးဆီသို့ ပြေးသွားလိုက်ပြီး လှိုဏ်ခေါင်းကြီး၏ အဆုံးသို့ မရောက်ခင်တွင် ရပ်တန့်လိုက်သည်။ ထိုအချိန်တွင် သူသည် သူထုတ်လွှတ်ထားခဲ့သော ခြင်များ၏ အမြင်အာရုံများမှတစ်ဆင့် လှိုဏ်ခေါင်းကြီး၏အဆုံး၌ ရှိနေသော ဂူကြီးတစ်လုံးကို မြင်လိုက်ရ၏။

ထို ဂူထဲတွင် သွေးရောင်အလင်းတန်းတစ်ခု ရှိနေ၏။ ၎င်းမှာ စူးရှတောက်ပလွန်းနေပြီး ဂူကြီးတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ၎င်းမှာ ဂူထဲရှိ အလင်းရင်းမြစ်ပေါင်း တစ်ရာကျော်မှ ထွက်ပေါ်နေခြင်းဖြစ်သည်။

ထိုဂူကြီး၏ နံရံနှင့် မျက်နှာကြက်များပေါ်တွင် အသားလုံး တစ်ရာကျော် ရှိနေ၏။ ထို အသားလုံး တစ်လုံးချင်းစီတိုင်းမှာ နှစ်မီတာမှ သုံးမီတာအထိ ကျယ်ဝန်း၏။ မျက်စိကြိမ်းစရာကောင်းလောက်အောင် တောက်ပနေသည့် အနီရောင်အလင်းတန်းကြီးမှာ ၎င်းတို့ထဲမှ ထွက်ပေါ်နေခြင်းဖြစ်သည်။

သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ထို အသားလုံး တစ်လုံးချင်းစီထဲတွင် ကျင့်ကြံသူတစ်ယောက်စီ လဲလျောင်းနေသည်ကို မြင်နိုင်ပေသည်။ သူတို့မှာ မျက်လုံးများမှိတ်ထားကြပြီး မလှုပ်မယှက်နှင့် ငြိမ်နေကြ၏။ ထိုအသားလုံးများမှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ သက်စောင့်အားများကို စုပ်ယူနေသည့် အလားပင်။

ဝမ်ပေါင်လဲ့မှာ ခြင်များ၏ မျက်လုံးများမှတစ်ဆင့် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရ၏။ သူသည် အသက်ရှူသံများ မြန်လာပြီး သူ ကမ္ဘာပေါ်ရှိ ကူးလောင်ချိုင့်ဝှမ်းထဲ၌ ရှိခဲ့စဉ်တုန်းက ဧရာမသစ်ပင်ကြီးနှင့် ကြုံခဲ့ရပြီး ယခုလို ဝါးမျိုခံနေရသည့် ကျင့်ကြံသူများအား တွေ့မြင်ခဲ့ရသည်ကို ချက်ခြင်းပင်ပြန်၍ သတိရသွား၏။

ထိုဖြစ်စဉ်နှစ်ခုမှာ တစ်ထေရာတည်း တူညီနေသည်မဟုတ်ပါလော။

” ဧရာမ သစ်ပင်ကြီးက ပုန်ကန်ဖို့များ စီစဉ်နေတာလား ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများပြူးသွားရ၏။ သူသည် ဂူထဲ၌ ဖြစ်ပျက်နေသည့်အရာများကို မြင်လိုက်ရသည့်တိုင်အောင် မသိစိတ်မှနေ၍ ထွက်ပြေးမိလုနီးပါး ဖြစ်သွားခဲ့သည်။ ဂူကြီးထဲတွင် ဧရာမသစ်ပင်ကြီးမှာ မီတာသုံးဆယ်ကျော်မြင့်မားပြီး တစ်ကိုယ်လုံး ပုပ်ပွနေသည့် ဘီလူး ရုပ်အလောင်းကြီးတစ်ကောင်နှင့် တိုက်ခိုက်နေ၏။ သူ မကြာသေးမီတုန်းက ကြားခဲ့ရသည့် ပေါက်ကွဲသံများမှာ သူတို့ တိုက်ခိုက်ရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဧရာမသစ်ပင်ကြီးမှာ တစ်ယောက်တည်း မဟုတ်ပေ။ ချန်းဖုံးမှာလည်း သူနှင့်အတူရှိနေ၏။ သူတို့နှစ်ယောက်စလုံး ပူပေါင်းထားကြသည်။ ထို့ကြောင့်လည်း သူတို့မှာ ဤ ဘီလူးရုပ်အလောင်းကြီးကို ရင်ဆိုင်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။ ထို ဘီလူးရုပ်အလောင်ကြီး၏ အရေပြားနှင့် အသားတို့မှာ ထူထပ်လွန်းနေ၏။ ၎င်းမှာ ပုပ်ပွနေသည့်တိုင်အောင် အံ့သြဖွယ်ရာ ခုခံနိုင်စွမ်းများကို ပိုင်ဆိုင်ထားဆဲပင်။ ၎င်းမှာ ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်သောအခါ ၎င်း၏ ပါးစပ်ပေါက်ကြီးထဲမှ အဆိပ်ငွေ့များ ထွက်ပေါ်လာသည်။ ထို့ကြောင့် ဧရာမသစ်ပင်ကြီးနှင့် ချန်းဖုံးတို့မှာ ရွေးချယ်စရာမရှိတော့ဘဲ နောက်သို့ဆုတ်ခွာလာရတော့သည်။

ဧရာမသစ်ပင်ကြီးမှာ အမျက်ချောင်းချောင်း ထွက်နေသည့်ပုံပေါက်နေ၏။ သူ၏ မျက်ဝန်းများမှာ အေးစက်စွာတောက်ပနေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်တစ်မျိုး ထွက်ပေါ်နေသည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူမိလိုက်၏။ သူသည် ချက်ချင်းထွက်ပြေးသွားခြင်း မရှိဘဲ ချင့်ချိန်သုံးသပ်လိုက်ပြီး သူ၏ ခြင်များကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ထိုခြင်ကိုးကောင်မှာ အလင်းရောင်များ တောက်ပနေသည့် အသားလုံးများဆီသို့ ပျံသန်းသွားကြပြီး ၎င်းတို့ကို ကိုက်ဖြတ်ကာ အတွင်းထဲသို့ဝင်နိုင်ရန် ကြိုးပမ်းလိုက်ကြသည်။ သို့သော် ၎င်းတို့မှာ ထိုအသားလုံးများကို အနည်းငယ်လေးပင် ထိခိုက်အောင်မလုပ်နိုင်ပေ။

ဝမ်ပေါင်လဲ့မှာ အခြားရွေးချယ်စရာ မရှိတော့သောကြောင့် ခြင်များကို ဘေးနားတစ်ဝိုက်အား အလျင်အမြန် ရှာဖွေခိုင်းလိုက်၏။ အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားရတော့သည်။ သူသည် ခြင်တစ်ကောင်၏ အမြင်အာရုံမှတစ်ဆင့် ဂူကြီး၏ ညာဘက်ခြမ်းတွင် တွဲလောင်းကျနေသော အသားလုံးကြီးတစ်လုံးကို မြင်လိုက်ရခြင်းဖြစ်သည်။ ထို အသားလုံးထဲတွင် လင်းတျန်ဟောက် ရှိနေ၏။

သူသည် အလွန်အင်မတန်မှ အားအင်နုံးချည့်နေသည့်ပုံ ပေါက်နေပြီး သေလုမျောပါး အနေအထားသို့ ရောက်နေ၏။ အကယ်၍ ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့်သာ နောက်ကျသွားမည်ဆိုပါက သူ့အား ကယ်တင်နိုင်တော့မည်မဟုတ်ပေ။

” အရဲစွန့်ကြည့်ကြတာပေါ့ကွာ။ ငါ ဒီအထိရောက်လာပြီပဲ။ ဘာကိုကြောက်နေစရာ လိုသေးလို့လဲ ”
ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ ရုတ်တရက်ဆိုသလို လှိုဏ်ခေါင်းထဲမှ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီး ဂူထဲသို့ ဝင်သွားလိုက်၏။ သူသည် တိုက်ပွဲကြီးကို လျစ်လျူရှုလိုက်ပြီး လင်းတျန်ဟောက်ဆီသို့ မြားတစ်ချောင်းကဲ့သို့ ဦးတည်သွားလိုက်သည်။

သူသည် ထိုသို့ပြေးထွက်သွားရင်း အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ သူ၏ကျင့်ကြံခြင်းစွမ်းအားများ ထွက်ပေါ်လာပြီး သူ၏ညာလက်ထဲတွင် ရှိနေသော ဓမ္မလက်နက်ထဲသို့ စီးဝင်သွားကြ၏။ ထို့ကြောင့် ထိုဓားနက်ကြီးထဲမှ မျက်စိကြိမ်းစရာကောင်းလောက်အောင် တောက်ပနေသော အနက်ရောင် အလင်းတန်းကြီးတစ်ခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ နောက်၌ အနက်ရောင် လေဆင်နှာမောင်းကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။ အနက်ရောင် မိကျောင်းကြီးမှာ ထိုဓားကြီးနှင့်အတူ ပေါင်းစည်းသွားပြီး မိုးထိုးလောက်အောင် မြင့်မားနေသည့် အနက်ရောင်ဓားအလင်းတန်းကြီး တစ်ခုအသွင် ပြောင်းလဲသွားသည်။ ၎င်းဆီမှ ထွက်ပေါ်နေသောစွမ်းအားများမှာ အလွန်အင်မတန်မှ အစွမ်းထွက်လွန်းနေသောကြောင့် အထူးချွန်ဆုံး အခြေတည်အဆင့် ကျင့်ကြံသူများသာ ၎င်းကို ထုတ်သုံးနိုင်စွမ်း ရှိမည်ဖြစ်သည်။ ထို ဓားကြီးမှာ လင်းတျန်ဟောက်ရှိနေသော အသားလုံးကြီးပေါ်သို့ ကျဆင်းလာ၏။

ထိုအခါ ဂူကြီးထဲတွင် ကျယ်လောင်သော မိုးခြိမ်းသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ တောင့်တင်းခိုင်မာမှု အပြည့်ရှိသော အသားလုံးကြီးမှာ ဝမ်ပေါင်လဲ့၏ ဓားကို ခုခံနိုင်စွမ်းမရှိပေ။ ထို့ကြောင့် အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ၎င်းမှာ တစ်စစီ ပေါက်ကွဲသွားတော့သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ဓားကြီးကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခဲ့သောကြောင့် အသားလုံးကြီး ပေါက်ကွဲသွားသည့်တိုင်အောင် အတွင်းထဲတွင်ရှိနေသော လင်းတျန်ဟောက်မှာ ဒဏ်ရာရသွားခြင်းမရှိပေ။

Comment

Leave a Reply

Options

not work with dark mode
Reset