အခန်း ( ၆၁၁ )

သေချိန်တန်ပြီ မျိုးမစစ်သား

” မြေအမျိုးအစား နတ်ဝိညာဥ်ကိုရခဲ့ပြီကွ။ ပိုင်မျိုးနွယ်စုကို သွားရတာ အန္တရာယ်မရှိဘူးလို့ မဆိုနိုင်ပေမယ့် အဆုံးမှာတော့ စွန့်စားရတာနဲ့ တန်အောင် ပြန်ရသားပဲ ”
ပိုင်ရှောင်ချန်းက ထိုသို့တွေးကာ ဘေးဘီဝဲယာကို ဂရုတစိုက် အကဲခတ်လိုက်သည်။ သူသည် အနစ်နာခံခဲ့သည့်အတွက် ထိုက်တန်သောအရာပြန်ရခြင်းဖြစ်ကြောင်း တွေးနေစဥ်မှာပင် သူ၏အယူအဆများမှာ ဘေးချော်ထွက်နေပြီဖြစ်၍ သူ့ကိုယ်သူ ပြန်ပြင်လိုက်သည်။

” မဟုတ်ဘူး မဟုတ်ဘူး။ ဒီလို တွေးလို့မဖြစ်ဘူး။ မတန်ဘူး။ လုံးဝမတန်ဘူး။ ဒီ နတ်ဝိညာဥ်လေးနဲ့ သာယာနေလို့ မဖြစ်ဘူး ”
သူက အသိတရား ပြန်ဝင်လာစေရန် သူ့ကိုယ်သူပင် ပြန်၍ ရိုက်နှက်လိုက်သေးသည်။

” ဒါပေမဲ့လည်း မြေရိုင်းဒေသဆိုတာ အန္တရာယ်များတဲ့ နေရာတစ်ခုဖြစ်နေတော့ ငါ့မှာ အခြားရွေးချယ်စရာမှ မရှိပဲ ”
ထိုသို့တွေးကာ သူက မြေအမျိုးအစား နတ်ဝိညာဥ်ကို ထုတ်ယူလိုက်သည်။ ထို့နောက် မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုဝိညာဥ်ကို သူ၏ရင်ဘတ်ပေါ်သို့ ဖိချလိုက်သည်။

ထိုဝိညာဥ်နှင့် သူ၏ခန္ဓာကိုယ်တို့ ထိသွားသောအခါ သင်္ချိုင်းဂူထဲတွင် သူလေ့လာတတ်မြောက်ခဲ့သည့် ဝိညာဥ်များနှင့် ပေါင်းစည်းရာတွင် သုံးသော ပညာရပ်ကို အသုံးပြုလိုက်သည်။

ချက်ချင်းပင် အဝါရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ပျံ့နှံ့သွားတော့သည်။

ထိုခံစားချက်မျိုး သူ မကြုံရသည်မှာ အတော်အတန်ကြာနေပြီဖြစ်သည်။ ကမ္ဘာပေါ်ရှိ အခြားမည်သူမှ ထိုသို့ မခံစားဖူးကြပေ။ သို့သော်လည်း သူကမူ အရင်တုံးက သုံးကြိမ်တိတိ ခံစားဖူးခဲ့ပြီဖြစ်ပြီး ယခုအကြိမ်နှင့်ဆိုလျှင် လေးကြိမ်မြောက်ရှိပြီဖြစ်သည်။ ထိုဝိညာဥ်နှင့် အောင်မြင်စွာပေါင်းစည်းသွားပြီး အလင်းတန်းများက သူ၏ခန္ဓာကိုယ်ထဲတွင် ပြည့်နှက်သွားသောအခါ သူ၏မျက်လုံးများ ဖြည်းညင်းစွာ ပွင့်လာတော့သည်။

သူ၏ ကျင့်ကြံခြင်းအခြေခံမှာ တိုးတက်မလာသေးသော်လည်း သူ၏တိုက်ပွဲစွမ်းရည်ကမူ ယခင်ကထက် ပြောမပြနိုင်လောက်အောင် သာလွန်သွားပြီဖြစ်သည်။ ထို့အပြင် သူ၏ ခန္ဓာကိုယ်ထဲတွင် ဝဲဂယက်ထနေသည့် လေပွေလေးခု ရှိနေပြီး ထိုလေပွေလေးခုထဲတွင် ကိုယ်ပွားတစ်ခုစီ ရှိနေသည်။

ထိုကိုယ်ပွားတစ်ခုချင်းစီမှာ ကျင့်ကြံခြင်းအခြေခံသာမက အပြင်ခန္ဓာကိုယ်စွမ်းအင်ပါ သူ့နည်းတူ အဆင့်ရှိသည်။ သူတို့၏ နတ်ဘုရားအာရုံများပင်လျှင် သူနှင့် အဆင့်တူတူပင်။ သူ၏ ခန္ဓာကိုယ်အစစ်ကိုပါ ထည့်တွက်လိုက်မည်ဆိုလျှင် ယခုတွင် သူက လူငါးယောက်အဖြစ် ပြောင်းလဲသွားနိုင်ပြီဖြစ်သည်။

ကောင်းကင်တာအို ရွှေအမြုတေအဆင့် မဟာစက်ဝန်းနှင့် ထာဝရအသက်ရှည်နည်း ပညာရပ်တတိယအဆင့် ရှိသော ကျင့်ကြံသူငါးယောက်ဖြစ်သည်။ ထိုအထဲမှ တစ်ယောက်စီတိုင်းမှာ အစောပိုင်းယင်ယန်ဝိညာဥ်အဆင့်ရှိသော ကျင့်ကြံသူတစ်ယောက်နှင့် သူတစ်ပြန် ကိုယ်တစ်ပြန်ယှဥ်၍ တိုက်ခိုက်နိုင်သည်ဖြစ်ပြီး အခြေအနေပေးပါက သတ်ပစ်နိုင်သည်။

သူတို့ငါးယောက်သာ ပေါင်း၍တိုက်ခိုက်မည်ဆိုပါက အလယ်ပိုင်း ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများပင် မယှဥ်နိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းနေမည်သာဖြစ်သည်။

ပိုင်ရှောင်ချန်းမှာ ယခင်ကထက်ပို၍ စိတ်လှုပ်ရှားနေပြီး မြေရိုင်းဒေသတွင် တစ်ယောက်ထဲ နေရသည်ကို ပို၍ယုံကြည်မှုပြင်းထန်လာတော့သည်။

” ငါ့ရဲ့ကိုယ်ပွားလေးခုနဲ့ဆိုရင် ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းက ကျင့်ကြံသူကိုပါ ယှဥ်ရင်ယှဥ်လို့ရနေပြီ။ နတ်အဆင့်ကျင့်ကြံသူတွေကိုပဲ သတိထားစရာလိုမှာ။ ပိုင်မျိုးနွယ်စုရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးသာ ငါ့နောက်ကိုလိုက်ဖမ်းလို့ကတော့ ငါ့ရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့်ဝိညာဥ်ကို သုံးလိုက်ရုံပဲ ”
သူက စိုးရိမ်နေပါသော်လည်း ရွေးချယ်စရာများ ရှိနေသေးသည်။

ပိုင်မျိုးနွယ်စုက သူ့ကို အလွှတ်ပေးမည် မဟုတ်ကြောင်း သူကသဘောပေါက်သည်။ ယခု သူတို့က သူ့အားလိုက်ဖမ်းမည်ကို စိတ်ပူရမည့်အချိန်ဖြစ်သည်။ သို့သော်လည်း သူတို့မှာ အမြဲတမ်းလိုက်ဖမ်းနေနိုင်မည်မဟုတ်ကြောင်း သူက ယူဆထားသည်။

” သူတို့ ဘယ်လောက်ထိ ဖိအားပေးနိုင်မလဲ ကြည့်ကြသေးတာပေါ့။ ငါ့ကိုမှ ကျဥ်းထဲကြပ်ထဲ ပို့လို့ကတော့ နတ်ဘုရားတစ်ပိုင်းဝိညာဥ်ကိုသုံးပြီး သူတို့ရဲ့ နတ်အဆင့်ခေါင်းဆောင်ကြီးကို ဒဏ်ရာရအောင် လုပ်ပစ်လိုက်မယ်။ သူ့ကို ဒဏ်ရာရအောင်လောက်ပဲ လုပ်နိုင်ရင်ကို ကျန်တဲ့မျိုးနွယ်စုနှစ်ခု၊ သရဲကြီးမြို့တော် အပါအဝင် သူတို့ရဲ့အခြား ရန်သူတွေက အခွင့်ကောင်းယူပြီး လှုပ်ရှားကြလိမ့်မယ် ”

ထိုအကြောင်းကို အနည်းငယ် ဆက်လက်တွေးတောလိုက်ပြီးနောက် သူက အံကြိတ်ကာ စတင်လှုပ်ရှားလိုက်ပြီး သရဲကြီးမြို့တော်ဆီသို့ မဟုတ်ပဲ မြေရိုင်းဒေသ၏ အတွင်းပိုင်းသို့ ဦးတည်သွားတော့သည်။ သူ၏ ရည်ရွယ်ချက်မှာ အချိန်ဆွဲရန်ဖြစ်သည်။

ထိုစဥ် ပိုင်မျိုးနွယ်စု၏ အပြင်ဘက်တွင် မျိုးနွယ်စုခေါင်းဆောင်မှာ သတ်ဖြတ်လိုသည့် အခိုးအငွေ့များနှင့် ရက်စက်တင်းမာနေသည့် အေးစက်စက်အမူအရာဖြင့် ပျံသန်းနေသည်။ မရေမတွက်နိုင်သော အမုန်းဝိညာဥ်များစွာမှာ ဧရာမ ဝိညာဥ်သင်္ဘောကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားပြီး သူ့ကိုသယ်ဆောင်ကာ ကြောက်မက်ဖွယ် အမြန်နှုန်းကြီးဖြင့် ပျံသန်းနေသည်။

သူသည် အင်အားများစွာ စုပ်ယူသည့် လျှို့ဝှက်မှော်သိုင်းတစ်ခုကို အသုံးမပြုသည့်တိုင် သူ၏ သာမန်အမြန်နှုန်းထက်ပင် များစွာ လျင်မြန်နေသည်။ သို့သော် မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ဖြစ်သည့်အတွက် သူ့ထံတွင် သုံးစွဲစရာ ဝိညာဥ်ဆေးဝါး အမြောက်အမြားရှိနေသည်။

သို့သော်ငြားလည်း သူက ဤအမြန်နှုန်းကို မကျေနပ်နိုင်သေးသဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံထဲမှ စွမ်းအင်အချို့ကိုပင် ဝိညာဥ်သင်္ဘောကြီးထဲသို့ ထည့်သွင်းကာ ပို၍မြန်ဆန်အောင် လုပ်နေသည်။

ဝိညာဥ်သင်္ဘောကြီးမှာ ရွေ့လျားနေသဖြင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့တွင် ထစ်ချုန်းသံများ မြည်ဟည်းနေတော့သည်။ မျိုးနွယ်စုခေါင်းဆောင်က ခေါင်းဆောင်ကြီးပေးထားသည့် နတ်ဘုရားအာရုံ တံဆိပ်တော်ကိုသုံးကာ သူ၏သားကောင်ကို လိုက်ဖမ်းနေသဖြင့် နောက်တွင် ပုံရိပ်ယောင်များစွာ ကျန်ရစ်ခဲ့တော့သည်။

” အခုထက်မြန်မှရမယ် ” နတ်ဘုရားအာရုံတံဆိပ်တော်ကိုကြည့်၍ ပိုင်ရှောင်ချန်းမှာ အရှိန်တင်နေသည်ကို သူက သိလိုက်သည်။ သို့သော် သူတို့မှာ အလွန်နီးကပ်နေပြီဖြစ်သည်။ သူ၏လက်ရှိ အမြန်နှုန်းကိုထိန်းထားနိုင်ပါက သုံးရက်အတွင်း သူ့ကိုမီတော့မည်ဖြစ်သည်။

ထိုသုံးရက်ကုန်ဆုံးသွားသောအခါ ခေါင်းဆောင်ကြီး၏အမိန့်မှာ မျိုးနွယ်စုခေါင်းဆောင်၏စိတ်ထဲတွင် အားလျော့လာတော့သည်။ ပိုင်ဟောက်ကိုသတ်လိုသည့် သူ၏စိတ်ဆန္ဒများမှာ အနက်ရောင်ကျဥ်းကြီးတစ်ကျဥ်းအလား ဖြစ်လာပြီး အခြားအရာအားလုံးကို စုပ်ယူနေသည့် အတိုင်းပင်။

တချိန်တွင် မျိုးနွယ်စုခေါင်းဆောင်က ရုတ်တရက် သူ၏ဦးခေါင်းထိပ်ကိုလှမ်းထိလိုက်သောအခါ သူ၏နဖူးမှ ခရမ်းရောင် အလင်းတန်းတစ်တန်း ထွက်ပေါ်လာတော့သည်။

ထိုအလင်းတန်းမှာ အလံငယ်လေးတစ်ခုပုံစံသို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ ထို့နောက် မျိုးနွယ်စုခေါင်းဆောင်က မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ ထိုအလံငယ်လေးမှာ လျင်မြန်စွာဖြင့် တံခွန်ကြီး တစ်ခုအသွင်ပြောင်းလဲသွားပြီး သူကလှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

” မင်းပြေးမလွတ်ပါဘူး ကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင်ရာ ”
သူက သက်စောင့်သွေးအနည်းငယ်ကို ထိုတံခွန်ကြီးပေါ်သို့ ထွေးထုတ်လိုက်သောအခါ ၎င်းမှာ မျက်စိကျိန်းစရာကောင်းလောက်အောင် လင်းလက်လာတော့သည်။ တချိန်ထဲမှာပင် မျိုးနွယ်စုခေါင်းဆောင်က ဝိညာဥ်ဆေးဝါး အမြောက်အမြားကိုထုတ်ယူလိုက်ပြီး တံခွန်ထဲသို့ ပစ်ထည့်လိုက်တော့သည်။

ထိုတံခွန်ကြီးကို မျိုးနွယ်စုခေါင်းဆောင်က ဝိညာဥ်သင်္ဘောပေါ်သို့ စိုက်လိုက်သောအခါ ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ၎င်း၏ ဘေးတွင် မိုးကြိုးများပစ်နေတော့သည်။

ဂျုန်းဂျုန်းဂျုန်း

ဝိညာဥ်သင်္ဘောကြီး ပတ်ပတ်လည်တွင် လျှပ်စီးများလက်နေပြီး အမြန်နှုန်းမှာ တဟုန်ထိုးမြင့်တက်သွားတော့သည်။

ထိုသင်္ဘော၏ အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် မျက်စိနှင့်ပင် သေချာမမြင်နိုင်တော့ပေ။ ယင်ယန်ဝိညာဥ်အဆင့်မဟုတ်ပဲ နတ်အဆင့်၏ အမြန်နှုန်းနှင့်ပင် ဆင်တူသွားပြီဖြစ်သည်။

ထိုသို့ အမြန်နှုန်းကို ထိန်းထားသည့် အချိန်တိုင်းအတွက် ဝိညာဥ်ဆေးဝါး အမြောက်အမြားကို အသုံးပြုနေရသည်။ မျိုးနွယ်စု ခေါင်းဆောင်ကိုယ်တိုင်ပင်လျှင် ထိုအမြန်နှုန်းကို နှစ်နာရီထက် ပို၍ထိန်းထားနိုင်ရန် ဝိညာဥ်ဆေးဝါးများ လုံလုံလောက်လောက် မရှိပေ။

” နှစ်နာရီ။ နှစ်နာရီဆိုရင် မင်းကိုမီပြီ ” မျိုးနွယ်စုခေါင်းဆောင်မှာ ဒေါသများမွှန်နေပြီဖြစ်ရာ ရရာနည်းဖြင့် ပိုင်ရှောင်ချန်းကို ဖမ်းနိုင်ရန် ကြိုးပမ်းနေပြီဖြစ်သည်။

မျိုးနွယ်စုခေါင်းဆောင်က ကောင်းကင်မှချီးမြင့်သော အမြန်နှုန်းဖြင့် ပျံသန်းနေစဥ် အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးလာပြီး ပိုင်ရှောင်ချန်းနှင့် ပို၍နီးကပ်လာသည်ကို ခံစားမိနေတော့သည်။

” သူငါ့ရှေ့မှာပဲ ”
သူက လည်ပင်းဆန့်၍ လှမ်းကြည့်လိုက်သောအခါ ခပ်လှမ်းလှမ်းတွင် ပိုင်ရှောင်ချန်းကို ဝိုးတဝါး လှမ်းမြင်နေရပြီဖြစ်သည်။

ပိုင်ရှောင်ချန်းမှာမူ အံ့အားသင့်နေရတော့သည်။ သူကိုယ်တိုင် ရွေ့လျားနေသည့် အမြန်နှုန်းမှာလည်း မြန်ဆန်နေသည်ဖြစ်သဖြင့် နတ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်သာလျှင် သူ့ကို ဤသို့လျင်မြန်စွာ လိုက်မီနိုင်မည်ဖြစ်သည်။

သူ၏ အနားသို့ တစ်စုံတစ်ယောက် နီးကပ်လာပြီဖြစ်ကြောင်း သူကခံစားမိလိုက်သည်နှင့် တပြိုက်နက် သူက နတ်ဘုရားတစ်ပိုင်းဝိညာဥ်ကိုထုတ်ကာ တည်ကြည်သောအမူအရာဖြင့် နောက်ကိုလှည့်ကြည့်လိုက်လေသည်။ သို့သော် ဝိညာဥ်သင်္ဘောတစ်စင်းပေါ်ရှိ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်ကိုသာ မြင်လိုက်ရသည့်အခါ သူ ပါးစပ်အဟောင်းသား ဖြစ်သွားရတော့သည်။ မျိုးနွယ်စုခေါင်းဆောင်က သူ့နောက်သို့ တစ်ယောက်ထဲလိုက်ဖမ်းရဲသည်ကို သူက မယုံနိုင်လောက်အောင် ဖြစ်နေတော့သည်။

ထို့နောက် သူက ဧရာမ တံခွန်ကြီးနှင့် ၎င်းထံမှထွက်ပေါ်လာနေသည့် ကြောက်မက်ဖွယ် ဝိညာဥ်အငွေ့အသက်များကို သတိထားမိလိုက်လေသည်။ ထို့အပြင် သူသည် ထိုတံခွန်ကြီးထဲမှနေ၍ သူ့ကိုလှမ်းကြည့်နေသည့် မျက်လုံးတစ်လုံး ရှိနေသည့်အလား ခံစားလိုက်ရသည်။

၎င်းမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ မျက်လုံးနှင့်မတူပဲ အဏ္ဏဝါခေါ်သံဂိုဏ်းရှိ စစ်မှန်သောဝိညာဥ်၊ အံ့ဖွယ်နံရံကြီး၏ စေတီတော်ထဲရှိ စစ်မှန်သောဝိညာဥ်တို့နှင့် တူနေသည်။ ထိုဝိညာဥ်နှစ်ခုကဲ့သို့ ဤမျက်လုံးမှာ စွမ်းအားမကြီးမားသော်လည်း ပုံသဏ္ဍာန်ဆင်နေသည်။

” မဟုတ်မှလွဲရော စစ်မှန်သောဝိညာဥ်ရဲ့ ပုံစံတူ များလား ”
ဤအခြေအနေမှာ ထူးဆန်းနေသည်ဟု သူကတွေးနေပါသော်လည်း အရေးကြီးဆုံးအချက်မှာ မျိုးနွယ်စုခေါင်းဆောင်သည် သူ့ထံသို့ သတ်ဖြတ်လိုသည့်ဒေါသများဖြင့် ပြေးလာနေခြင်းဖြစ်သည်။

” သေစမ်း ကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင် ”
မျိုးနွယ်စု ခေါင်းဆောင်က အော်ဟစ်ကာ ကြောက်မက်ဖွယ် အမြန်နှုန်းကြီးဖြင့် သူ့ဆီသို့ ဦးတည်လာပြီး သူ့ကို ဝိညာဥ်သင်္ဘောကြီးနှင့် ဝင်တိုက်ရန် ပြင်နေသည်။ ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားပြီး သူ၏ အစွမ်းကိုသုံးကာ ဘေးနားရှိအရာအားလုံးကို နှေးကွေးအောင်ပြုလုပ်လိုက်ပါသော်လည်း ဝိညာဥ်သင်္ဘောကြီးမှာ မြန်ဆန်းလွန်းနေသဖြင့် မထူးခြားပေ။

သူက ကပ်သီးလေးသာ အချိန်မှီ ရှောင်တိမ်းနိုင်လိုက်ပြီး ထိုဝိညာဥ်သင်္ဘောကြီးမှာ သူ့ဘေးနားလေးမှ ဝှီးခနဲ ဖြတ်သွားတော့သည်။

” သူဒီလောက်မြန်နေပြီး အဲဒီရတနာကို မှီခိုအားထားနေပုံထောက်ရင်…. မဟုတ်မှလွဲရော… သူ့ငါ့ကိုသတ်ဖို့ တစ်ယောက်ထဲ ထွက်လာတာများလား ”
သူက နောက်သို့ဆုတ်ခွာရင်း နတ်ဘုရားအာရုံကိုထုတ်လွှတ်ကာ အခြားလူများ ပါမပါ စစ်ဆေးလိုက်သောအခါ မည်သူ့ကိုမှ မတွေ့လိုက်ရ၍ အံ့သြနေတော့သည်။

” ကျုပ် ခင်ဗျားကြီးကို မြင်ရတယ်နော် ပိုင်မျိုးနွယ်စုခေါင်းဆောင်ကြီး ”
သူက အော်ပြောလိုက်သည်။
“ ထွက်လာစမ်းပါ။ မျိုးနွယ်စုအကြီးအကဲတွေရောပဲ။ လူတိုင်းကို ကျုပ်မြင်တယ်။ ပုန်းနေရာက ထွက်ခဲ့ကြစမ်းပါ ”
ထိုအချိန်တွင် မျိုးနွယ်စုခေါင်းဆောင်က ဝိညာဥ်သင်္ဘောကြီးပေါ်မှ ခုန်ဆင်းလာပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုကို ဖော်လိုက်ပြီး အမုန်းဝိညာဥ်တစ်အုပ်ကို ဆင့်ခေါ်လိုက်သောအခါ ၎င်းတို့မှာ အချင်းချင်းပေါင်းစည်းသွားကြပြီး ဧရာမ မိစ္ဆာသရဲခေါင်းကြီးတစ်လုံးအသွင် ပြောင်းလဲသွားတော့သည်။ ထိုခေါင်းကြီးမှာ ဟိန်းဟောက်ရင်း ပိုင်ရှောင်ချန်းကို ဝါးမျိုတော့မည့်အလား သူ့ထံသို့ ဦးတည်လာတော့သည်။

” ငါတစ်ယောက်ထဲနဲ့ မင်းကိုသတ်နိုင်တယ်ကွ ပိုင်ဟောက်ရ။ မင်းက ငါ့သားကိုသတ်ခဲ့တဲ့အတွက် မင်းသေချင်စိတ်ပေါ်တဲ့အထိ ငါမင်းကို ပြန်နှိပ်စက်ပြမယ် “


Comment

Leave a Reply


Options

not work with dark mode
Reset