Switch Mode

အခန်း ( ၆၁၀ )

ပိုင်မျိုးနွယ်စုမှ ထွက်ပြေးခြင်း

နတ်အဆင့်ခေါင်းဆောင်ကြီးပင်လျှင် ပိုင်ရှောင်ချန်း၏ ထွက်ပြေးမှုကို မတားဆီးနိုင်ပေ။ ပင်မသွေးမျိုးဆက်မှ မျိုးနွယ်စုအကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင် အပါအဝင် ပိုင်မျိုးနွယ်စုတစ်ခုလုံးမှာ ဆွံ့အနေကြပြီး ဖော်ပြ၍မရနိုင်လောက်အောင် မယုံမကြည်ဖြစ်နေကြတော့သည်။

ပိုင်ဟောက် စွမ်းအားကြီးကြောင်းကို သူတို့ကသိပါသော်လည်း သူသည် အမြုတေအဆင့်တွင်သာ ရှိသေးသည် မဟုတ်ပါလော။ သူတို့၏ နတ်အဆင့်ခေါင်းဆောင်ကြီးမှာ လူကိုယ်တိုင်ရောက်သည်မဟုတ်ပဲ နတ်ဘုရားစွမ်းရည်တစ်ခုကိုသာ ထုတ်လွှတ်ခဲ့သည်ဖြစ်သော်လည်း နတ်အဆင့်ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။

မီးတစ်ခတ်စာအချိန်ကလေးအတွင်း ဖြစ်ပျက်သွားသည့် အရာများကြောင့် သူတို့အားလုံးမှာ ပိုင်ရှောင်ချန်း၏ ကိုယ်ပွားသုံးခုက ထိုနတ်ဘုရားစွမ်းရည်ကြီးကို ခုခံတိုက်ခိုက်ခဲ့သည့် မြင်ကွင်းကို မမြင်လိုက်ရပေ။

ပိုင်ရှောင်ချန်းမှာ သူတို့၏မြင်ကွင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားစဥ်တွင် နတ်အဆင့်ခေါင်းဆောင်ကြီးမှာ သင်္ချိုင်းဂူထဲရှိ သူ၏လျှို့ဝှက်အခန်းထဲတွင် တင်းမာနေသည့်မျက်နှာထားဖြင့် ထိုင်ကာ သူ၏ မျက်ဝန်းများမှာလည်း အေးစက်စွာတောက်ပနေတော့သည်။ ထို့နောက် သူက ညာလက်ကိုဆန့်ထုတ်လိုက်သောအခါ သူ၏ ခြောက်ကပ်နေသည့်ခန္ဓာကိုယ်မှာ ပုံမှန် လူတစ်ယောက်အလား အသွေးအသားများပြန်ပြည့်လာတော့သည်။

တချိန်ထဲမှာပင် သူ၏ ညာလက်မှ အကွာအဝေးကို ထိန်းချုပ်နိုင်သည့်စွမ်းအင်များဖြင့်ထွက်ပေါ်လာသဖြင့် မှုန်ဝါးသွားပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးတို့မှာ ပြိုလဲတော့မည့်အလား ဖြစ်သွားသဖြင့် ထစ်ချုန်းသံများ မြည်ဟည်းလာတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းရှိရာဘက်သို့ ကြည့်လိုက်ပြီး သူ့ကိုနောက်ထပ်တစ်ကြိမ် ဖမ်းဆုပ်ရန် ပြင်လိုက်ပြန်သည်။

သို့သော် သူသည် ပိုင်ရှောင်ချန်းကို မမိလိုက်ပဲ လေထုကြီးကိုသာ ဆုပ်ကိုင်မိလိုက်သည်ကို သိလိုက်ရသောအခါ သူ၏မျက်နှာမှာ ပျက်သွားတော့သည်။

ထိုသို့ သူ မျက်နှာပျက်သွားစဥ်မှာပင် ပိုင်မျိုးနွယ်စု အထက်ရှိကောင်းကင်ယံကြီးမှာ နီမြန်းသွားပြီး မီးမိုးများ စတင်ရွာကျလာတော့သည်။

ထိုမီးမှာ ဆယ့်နှစ်ရောင်ခြယ်မီးတောက်ပင် ဖြစ်သည်။

ထိုမီးမိုးများ ရွာကျလာသည်နှင့် တပြိုက်နက် မျိုးနွယ်စုထဲရှိ လူတိုင်းမှာ အလန့်တကြားအော်ဟစ်ကုန်ကြတော့သည်။

” မီးမိုးတွေပါလား ”

” ပိုင်ဟောက်လက်ချက်ပဲ။ အရင်တစ်ခေါက်တုံးက မီးမိုးရွာတာလည်း သူ့ရဲ့လက်ချက်နေမယ် ”
ဆယ့်နှစ်ရောင်ခြယ်မီးများ မိုးအဖြစ်ရွာကျလာပြီဆိုသည့် အသိကြောင့် မျိုးနွယ်စုထဲရှိလူတိုင်းမှာ မျက်နှာပျက်သွားကြတော့သည်။ ထိုမီးများမှာ ကျောက်တုံးများနှင့် သတ္တုများကိုပင် အရည်ပျော်စေနိုင်သည်အထိ ပူပြင်းနေပြီး ထိုနေရာတစ်ဝိုက်ရှိ အရာအားလုံးကို မီးပြင်းဖိုကြီးတစ်ခုအသွင် ပြောင်းလဲနေပြီဖြစ်သည်။

ပို၍ဆိုးသည်မှာ မဟာမန္တန်အစီအရင်ကြီးမှာ ထိခိုက်သွားခဲ့သည်ဖြစ်ပြီး အလိုအလျောက် ပြန်လည်ပြုပြင်နေသော်လည်း ယခင်ကထက် အားနည်းသွားပြီဖြစ်သည်။ ထို့အပြင် အပေါက်များမှာ ကြီးမားလွန်းလှသဖြင့် မီးတောက်များက ထိုအပေါက်များထဲမှဖြတ်၍ မျိုးနွယ်စုပေါ်သို့ တန်းတန်းမတ်မတ် ကျဆင်းလာနေကြတော့သည်။

ထိုမီးတောက်များသာ မျိုးနွယ်စုပေါ်သို့ ဆင်းသက်လာပါက ပျက်စီးဆုံးရှုံးမှုများမှာ အလွန်ပြင်းထန်မည်ဖြစ်သည်။ နတ်အဆင့်ခေါင်းဆောင်ကြီးက ဝင်ရောက်ကာကွယ်ပေးခဲ့လျှင်ပင် လူတိုင်းကို ကယ်တင်နိုင်မည်မဟုတ်ပေ။

တစ်ခုထဲသော အခွင့်အရေးမှာ ထိုမီးတောက်များအား ဒိုင်းကာများကို ဖြတ်ကျော်ခွင့်မပေးပဲ တားဆီးရန်ဖြစ်သည်။

နတ်အဆင့်ခေါင်းဆောင်ကြီးတွင် ရွေးချယ်စရာနှစ်ခုရှိပေသည်။ ပိုင်ရှောင်ချန်း ထွက်မပြေးနိုင်အောင် တားဆီးရန်နှင့် ကောင်းကင်ပေါ်မှကျဆင်းလာသည့်မီးတောက်များကို တားဆီးရန် ဖြစ်သည်။ ထိုနှစ်ခုထဲမှ တစ်ခုကိုသာ ယုံကြည်ချက်ရှိရှိ ရွေးချယ်နိုင်မည်ဖြစ်သည်။ နှစ်ခုလုံးကို တပြိုင်နက်ထဲလုပ်ရန် ကြိုးစားပါက အမှားမှားအယွင်းယွင်းဖြစ်ကာ ငါးပါးမှောက်မည်သာဖြစ်သည်။

နတ်အဆင့်ခေါင်းဆောင်ကြီးမှာ မီးများကိုငြိမ်းသက်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ၏လက်များက လေထုကြီးကို ဖမ်းဆုပ်မိလိုက်သည်နှင့်တပြိုက်နက် နောက်ထပ်လက်ကြီးတစ်ချောင်းမှာ မျိုးနွယ်စုအထက်ရှိ ကောင်းကင်ယံတွင် ပေါ်ထွက်လာသည်။ မီးမိုးများ ကျဆင်းလာသောအခါ သူက ထိုမီးများကိုဖမ်းဆုပ်ရန် လက်ကိုဆန့်ထုတ်လိုပ်သည်။

မျက်စိတစ်မှိတ်အတွင်း ထိုလက်ကြီးမှာ အလွန်အမင်း ကြီးမားလာပြီး မီတာသုံးသိန်းအထိ ရှည်လျားသွားတော့သည်။ ထိုလက်ကြီးမှာ မျိုးနွယ်စုအထက်ရှိ မီးမိုးတိမ်များထံမှ အုပ်မိုးပေးလိုက်ရုံသာမက ပိုင်ရှောင်ချန်းပင်လျှင် ၎င်း၏စွမ်းအင်အရိပ်အောက်သို့ ရောက်သွားရတော့သည်။

ထိုနတ်အဆင့်ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်းကို လွှတ်ပေးရန် ဆန္ဒမရှိသေးသည်မှာ အသိအသာပင်။

သို့သော်လည်း ပိုင်ရှောင်ချန်းမှာ သာမန် အမြုတေအဆင့်ကျင့်ကြံသူ မဟုတ်ပေ။ သူသည် ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်ဖြစ်ပြီး ကောင်းကင်တာအိုရွှေအမြုတေအဆင့်ကိုပါ ရောက်ရှိထားခဲ့သည်။ ထို့အပြင် နတ်အဆင့်ကိုယ်ပွားသုံးခုကို ပိုင်ဆိုင်ထားသည်ဖြစ်ပြီး အမြုတေအဆင့်ထက်များစွာသာလွန်နေသည့် တိုက်ပွဲစွမ်းရည်များလည်း ရှိသေးသည်။ သူသည် အစောပိုင်းယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများကိုပင် အလွယ်တကူ အနိုင်ယူနိုင်နေပြီဖြစ်သည်။

အလယ်ပိုင်းယင်ယန်ဝိညာဥ်အဆင့်တွင်ရှိသော လူနှင့်ပင် ဘတစ်ပြန် ကျားတစ်ပြန် ပြန်လည်တိုက်ခိုက်နိုင်သည်ဖြစ်ပြီး သူ၏ ကိုယ်ပွားသုံးခုကိုပါ ထုတ်လိုက်ပါက အနိုင်ယူနိုင်ဦးမည်သာ ဖြစ်သည်။

လက်ကြီးက သူ့ကိုမထိခင်မှာပင် သူက ထာဝရပြုစားခြင်းသိုင်းကိုသုံးကာ ပိုင်မျိုးနွယ်စုအပြင်သို့ တည်နေရာရွှေ့ပြောင်းသွားတော့သည်။

ကောင်းကင်ယံရှိ မီးတောက်များမှာ လက်ကြီးနှင့်ထိသွားသောအခါ ကွယ်ပျောက်သွားကြသည်။ မီးမိုးများနှင့် မီးတိမ်တိုက်များလည်း ပျက်စီးသွားတော့သည်။

သင်္ချိုင်းဂူထဲတွင်မူ နတ်အဆင့်ခေါင်းဆောင်ကြီး၏ အမူအရာမှာ မြင်မကောင်းလောက်အောင် ဖြစ်နေတော့သည်။ ပိုင်ရှောင်ချန်း ပြေးထွက်သွားသည့် အရပ်မျက်နှာဘက်ကို လှည့်ကြည့်လိုက်ပြီး လိုက်ဖမ်းဖို့အတွက် ခြေလှမ်းရန် ခြေထောက်ကိုမြှောက်လိုက်တော့သည်။ သို့သော် သူက အစိမ်းရောင် မီးတောက်များတောက်နေသည့် ဖယောင်းတိုင်းခုနစ်တိုင်ကို ကြည့်ကာ အံကြိတ်လိုက်တော့သည်။

” ငါ့ရဲ့ အသက်ချုပ်နှောင်ဖယောင်းတိုင် ခုနစ်တိုင်က အရေးကြီးတဲ့ အခြေအနေရောက်နေပြီ။ ဒီအတိုင်းထွက်သွားလို့ မဖြစ်ဘူး ”
သူက အသက်ပြင်းပြင်းရှူကာ တင်ပျဥ်ခွေပြန်ထိုင်လိုက်ပြီး မျိုးနွယ်စုကို အမိန့်များ ချမှတ်လိုက်တော့သည်။

“ငါ့ရဲ့ နတ်ဘုရား စိတ်ဆန္ဒတံဆိပ်တော်နဲ့ ဒီသင်္ဘောတွေကိုသုံးပြီး ပိုင်ဟောက်ကို သွားဖမ်းကြ။ သူ့ကို ခုနစ်ရက်အတွင်း ဒီကိုပါအောင် ပြန်ခေါ်ခဲ့ ”
နတ်အဆင့်ခေါင်းဆောင်ကြီးမှာ နတ်ဘုရားအာရုံဖြင့် အမိန့်များကို ချမှတ်လိုက်သဖြင့် သူ၏စကားသံများမှာ ချက်ချင်းပင် မျိုးနွယ်စုအကြီးအကဲများ၏ နားထဲတွင် ရှိုတ်ခတ်သွားတော့သည်။ အကြီးအကဲအားလုံးမှာ အံ့အားသင့်နေကြပြီး သင်္ချိုင်းဂူရှိရာဘက်သို့ လှည့်ကာ ဦးညွှတ်လိုက်ကြတော့သည်။ တချိန်ထဲမှာပင် နတ်ဘုရားအာရုံထဲမှ တံဆိပ်တော်တစ်ခုမှာ သူတို့၏အတွေးထဲတွင် ရုပ်လုံးပေါ်လာကြတော့သည်။

ထိုတံဆိပ်တော် သင်္ကေတများမှာ ပိုင်ရှောင်ချန်း၏ တည်နေရာကိုစုံစမ်းရာတွင် သူတို့ကို ကူညီနိုင်မည်ဖြစ်သည်။ ပိုင်ရှောင်ချန်းမှာ လွတ်မြောက်သွားပါသော်လည်း နတ်အဆင့်ခေါင်းဆောင်ကြီး၏ ရိုက်နှက်ချက်ကို ခံလိုက်ရသည်ဖြစ်သဖြင့် နတ်ဘုရားစိတ်ဆန္ဒအချို့မှာ သူ့အပေါ်သို့ ရောက်သွားသည်ဖြစ်၍ တည်နေရာကို သိနိုင်သည်။

နတ်ဘုရားအာရုံ တံဆိပ်တော်များအပြင် ဝိညာဥ်သင်္ဘောကိုးစင်းမှာလည်း သင်္ချိုင်းဂူထဲမှ ပျံထွက်လာကြသည်။ ထိုသင်္ဘောများကို နတ်အဆင့်ခေါင်းဆောင်ကြီးကိုယ်တိုင် တည်ဆောက်ဖန်တီးထားသည်ဖြစ်ပြီး ယင်ယန်ဝိညာဥ်အဆင့်မဟာစက်ဝန်းနှင့် ညီမျှသော အမြန်နှုန်းများကို ပေးစွမ်းနိုင်သည်။

ထိုအခါ မျိုးနွယ်စုခေါင်းဆောင်မှာ တုန်ရီသွားပြီး သူ၏ မျက်ဝန်းများမှာ သတ်ဖြတ်လိုစိတ်များ၊ ရူးသွပ်မှုများနှင့် တောက်ပလာတော့သည်။ သူက နတ်အဆင့်ခေါင်းဆောင်ကြီး၏ အမိန့်ကို မဖီဆန်ရဲပါသော်လည်း ပိုင်ရှောင်ချန်းကို အမိဖမ်းပြီးလျှင် အသေသတ်ခွင့်မရှိလျှင်တောင် နှိပ်စက်၍ရမည် မဟုတ်ပါလော။ သူ၏ ကျေးဇူးကန်းသော သားမိုက်ကို သေချင်စိတ်များပင် ပေါက်စေမည့် နာကျင်မှုများကို သိနားလည်စေရန် သင်ခန်းစာပေးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

ထို့ကြောင့် သူက အင်္ကျီလက်ကိုခါယမ်းလိုက်ပြီး ဝိညာဥ်သင်္ဘောကြီးပေါ်သို့တက်ကာ ဘိုးဘွားများ အထွတ်အမြတ်ဗိမာန်ဆီသို့ ဦးတည်သွားတော့သည်။

” ခေါင်းဆောင်ကြီးခင်ဗျာ။ ကျွန်တော့်ရဲ့ ကျေးဇူးကန်းတဲ့သားမိုက်ကို ဖမ်းဆီးဖို့ရာအတွက် အမြန်နှုန်း အလံတော်တစ်ခုကို သုံးခွင့်ပြုပါ ”

” ခွင့်ပြုတယ် ”
ထိုအသံနှင့်အတူ ဗိမာန်ခန်းမထဲမှ ခရမ်းရောင် အလင်းတန်းတစ်တန်း ပျံထွက်လာပြီး အလံငယ်တစ်ခုအသွင်ပြောင်းသွားတော့သည်။ ထိုအလံငယ်ကို မျိုးနွယ်စုခေါင်းဆောင်က ဖမ်းယူလိုက်လေသည်။

” မင်းဟာမင်း ဘယ်လောက်ဝေးဝေးအထိ တည်နေရာရွှေ့ပြောင်းသွား ငါဂရုမစိုက်ဘူး။ မျိုးမစစ် သားမိုက်။ မင်းငါ့လက်က လွတ်မယ် ထင်မနေနဲ့ ”
သူက ရက်စက်ကြမ်းကြုတ်ဖွယ် ကြိမ်းဝါးကာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး ပိုင်ရှောင်ချန်းနောက်သို့လိုက်သွားသဖြင့် ထစ်ချုန်းသံကြီးများ မြည်ဟည်းသွားတော့သည်။

သခင်မချိုင်မှာ ပူဆွေးသောကများ၊ အမုန်းတရားများနှင့် ဖုံးလွှမ်းနေသည့် စိတ်နှလုံးဖြင့် လူအုပ်ကြီးထဲတွင်ရပ်နေတော့သည်။

” ခွေးမသား ပိုင်ဟောက်။ နင့်ကို အရှင်လက်လက် အရေခွံဆုတ်မယ်။ နင့်ကို ခွေးကျွေးပစ်မယ်။ နင့်ရဲ့ဝိညာဥ်ကို ထုတ်ယူပြီး ဘဝဆက်တိုင်း နှိပ်စက်မယ်ဟေ့ ”

အခြားမျိုးနွယ်စုများမှ ကိုယ်စားပြုသူများနှင့် သရဲကြီးမြို့တော်မှ တမန်တော်တို့ကြောင့် ပိုင်မျိုးနွယ်စုထဲရှိ ကမောက်ကမဖြစ်ရပ်များအကြောင်းမှာ ခဏအကြာတွင် ပျံ့နှံ့သွားတော့သည်။ မဝေးလှတော့သည့် အနာဂတ်တွင် သရဲကြီးမြို့တော်၏ အုပ်ချုပ်မှုအောက်ရှိ နယ်မြေများအားလုံးမှာ အတင်းအဖျင်းပြောစကားသံများနှင့် ဆူညံနေတော့မည်မှာ အမှန်ပင်။

ပိုင်မျိုးနွယ်စုကြီးအတွက် အရှက်ရစရာ ကိစ္စရပ်ကြီးတစ်ခု ဖြစ်နေပါသော်လည်း သွေးနှောမျိုးဆက်မှ အကြီးအကဲများနှင့်မျိုးနွယ်စုဝင်များမှာ ခေါင်းဆောင်ကြီး၏ အမိန့်ကို စိတ်မပါ လက်မပါနှင့်သာ လိုက်နာလိုက်ကြတော့သည်။

ပင်မသွေးမျိုးဆက်မှ အဖွဲ့ဝင်များကမူ သူတို့နှင့်မတူပဲ သတ်ဖြတ်လိုစိတ်များဖြင့် ဒေါသတထောင်းထောင်း ဖြစ်နေကြတော့သည်။ ရှိသမျှလူအားလုံးကို စုဝေးကာ သဲလွန်စများကို စတင်ရှာဖွေနေကြတော့သည်။ ခဏအကြာတွင် ပင်မသွေးမျိုးဆက်၏ စွမ်းအားအကြီးအဆုံး ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းကို လိုက်ဖမ်းနေကြတော့သည်။

သူတို့မှာ အမိန့်အတိုင်း ပိုင်ရှောင်ချန်းကို ခုနစ်ရက်အတွင်းဖမ်းရန် လိုအပ်သည်ဖြစ်ပြီး ကောလာဟလာများကို မပျံ့နှံ့စေဖို့ အညွှန့်ချိုးပစ်ရန် လိုအပ်နေသည်။

မျိုးနွယ်စုနှင့် သိပ်မဝေးသည့် တောင်ကြားတစ်ခုထဲတွင် လေထုကြီးမှာ တွန့်လိမ်ကောက်ကွေးလာပြီး ပိုင်ရှောင်ချန်းမှာ လျင်မြန်စွာဖြင့် ပျံထွက်လာသည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် သူသည် ခြေလှမ်းအနည်းငယ်မျှ ဒယိမ်းဒယိုင်ဖြစ်သွားပြီး သွေးတစ်ပွက်အန်လိုက်ရတော့သည်။

” နတ်အဆင့်ကျင့်ကြံသူတွေကို ငါလျှော့တွက်မိခဲ့တာပဲ ”
သူက တုန်တုန်ရီရီနှင့် တွေးနေတော့သည်။ မျိုးနွယ်စုထဲတွင် ရှိခဲ့စဥ်က သူသည် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည်ဖြစ်သော်လည်း ယခု သူတစ်ယောက်ထဲရှိတော့သည့် အခါတွင်မူ သူ၏မျက်မှာပေါ်တွင် သူခံစားနေရသည့်အကြောက်တရားများကို အထင်းသားမြင်နေရပြီဖြစ်သည်။

သူက အသက်ပြင်းပြင်းရှူလိုက်ပြီး ပါးစပ်နင့်မေးစေ့မှ သွေးများကိုသုတ်ကာ ဘေးဘီဝဲယာသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူ၏နှလုံးသားထဲတွင် အကြောက်တရားက ကြီးစိုးထားဆဲဖြစ်သော်လည်း အရေးပေါ်အခြေအနေတစ်ခုနှင့် ကြုံရပါက သူ၏ နတ်တစ်ပိုင်းအဆင့်ဝိညာဥ်ကို သုံးနိုင်သေးကြောင်း သူကသိသည်။

” အမယ်လေး။ နောက်ကျရင်တော့ ဒီလိုစိတ်လိုက်မာန်ပါလုပ်ပြီး စွန့်စားရတဲ့ အကြံအစည်တွေကို ယုံစားလို့မဖြစ်ဘူး ”
သူက ခါးသီးစွာ ခေါင်းကိုခါယမ်းလိုက်ပြီး ပိုင်မျိုးနွယ်စုထဲတွင် သူလုပ်ခဲ့သည့် အရာများကို ပြန်တွေး၍ သတ္တိများစွာ ရှိလာသည်ဟု သူ့ကိုယ်သူတွေးလိုက်တော့သည်။ သို့သော်လည်း ထိုသို့ တွေးတောခြင်းမှာ မှားယွင်းသည်ဟု ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်ပြန်သည်။
” ကမ္ဘာကြီးမှာ အရေးကြီးတာတွေအများကြီးရှိပေမဲ့ ငါ့ရဲသနားစရာအသက်ကလေးက အရေးအကြီးဆုံးပဲ ”

သူက လူသတ်ဝိညာဥ်ဆူးချွန်များ၊ တည်နေရာရွှေ့ပြောင်းခြင်း လက်ဖွဲ့အဆောင်များ၊ သူ၏ထာဝရပြုစားခြင်းသိုင်းနှင့် လျှို့ဝှက်မှော်မီးမိုးများ အပါအဝင် ထွက်ပြေးလွတ်မြောက်ရန် သူစီစဥ်ခဲ့သည့် အကြံအစည်များအားလုံးကို ပြန်တွေးလိုက်တော့သည်။ သူသည် အရာအားလုံးကို မှန်မှန်ကန်ကန် အချိန်ကိုက်လုပ်ဆောင်နိုင်ခဲ့ပါသော်လည်း အသက်ပျောက်မည့်ရန်မှ သီသီလေး လွတ်မြောက်ခဲ့သည်။

သူ၏ ပြင်ဆင်မှုတစ်ခုခုသာ အနည်းငယ်လိုအပ်ချက်ရှိနေခဲ့ပါက မတတ်သာသည့်အဆုံး နတ်တစ်ပိုင်းဝိညာဥ်ကို သုံးခဲ့ရမည်သာဖြစ်သည်။ ထိုသို့ အသုံးပြုခဲ့လျှင်ပင် အောင်မြင်နိုင်မည်ဟု တထစ်ချ သူ မယုံကြည်နိုင်ပေ။

” ပိုင်ရှောင်ချန်း မင်းတော့ သင်ခန်းစာယူမှရမယ်။ နောက်တစ်ခါ ဒီလိုအခြေအနေနဲ့ ကြုံရင် ပိုပြီး စေ့စေ့စပ်စပ် ပြင်ဆင်မှ ရမယ် ”
သူက ဝိညာဥ်အရက်အနည်းငယ်ကို ထုတ်ယူကာ အားပါးတရသောက်လိုက်ပြီး သူ၏ ကျင့်ကြံခြင်းအခြေခံကို အားပြန်ဖြည့်လိုက်ကာ ကျိုးရှိရှင်းနှင့် လီဖုန်းတို့ကို သူတို့ကြိုတင်သတ်မှတ်ထားသည့်နေရာတွင် စောင့်နေဖို့ရာအတွက် အမိန့်ပေးရန် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်လိုက်သည်။

ဤပိုင်မျိုးနွယ်စုနှင့် ပတ်သတ်သည့်ကိစ္စတွင် သူတို့က သူ့ကိုကူညီခဲ့သဖြင့် သူတို့ကိုယုံကြည်နိုင်သည်ဟု ယူဆလိုက်သည်။ သို့သော်လည်း သူ၏တည်နေရာအတိအကျကို ပြောပြရလောက်သည်အထိ သူတို့ကို မယုံကြည်သေးပေ။

အဆုံးတွင် သူ၏ ထည့်စရာအိတ်ထဲရှိ မြေအမျိုးအစားနတ်ဝိညာဥ်ကို မီးတောက်များအလား တောက်ပနေသည့် မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset