အခန်း ( ၆၀၉ )

ခင်ဗျားကို ကျုပ်စောင့်နေတာ

” သူထွက်လာပြီ”

” ဆယ့်နှစ်ရောင်ခြယ်မီးပင်လယ်ကြီးကို သူနဲ့အတူယူလာတယ်ဟ။ ဘုရားဘုရား ”

ကျောက်ဂိတ်တံခါးကြီးအပြင်လက်ရှိ မျိုးနွယ်စုဝင်တိုင်း တုန်ရီနေကြတော့သည်။ အထူးသဖြင့် ဂိတ်ကြီးနှင့် အလွန်နီးကပ်နေသည့် လူအများစုပင်ဖြစ်သည်။ မျိုးနွယ်စုသို့ ရောက်သည့် သူ ပထမဆုံးနေ့တွင် တွေ့ကြုံခဲ့ရသော မိန်းကလေးအပါအဝင် လူအားလုံး၏မျက်နှာများသည် လူသေပမာ ဖြူဆုပ်နေကြတော့သည်။ သူမ၏ မျက်နှာတွင် စိတ်ပျက်အားငယ် ကြောက်လန့်ခြင်းများ ဖုံးလွှမ်းနေသည်။

ယခုအခါ မျိုုးနွယ်စုတစ်စုလုံးက ကျောက်ဂိတ်တံခါးကြီးကို ကြည့်နေကြ၏။

ဘိုးဘွားပိုင်နယ်မြေဝင်ပေါက်ဖွင့်သွားသဖြင့် မျိုးနွယ်စုခေါင်းဆောင်က ဟိန်းဟောက်ကာ အထဲဝင်လိုက်၏။ တချိန်တည်းမှာပင် ပိုင်ရှောင်ချန်းကလည်း ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို ယူရင်း တစ်နေရာတည်းသို့ တဟုန်ထိုးသွားလိုက်သည်။

မီးတောက်ဆီမှ အပူငွေ့ကြောင့် မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာပျက်သွားတော့သည်။ ၄င်းက မည်မျှ ကြောက်လန့်ဖွယ်ကောင်းကြောင်း သူအာရုံရလိုက်သော်လည်း သူ့နှလုံးသားထဲရှိ အမျက်ဒေါသများကို မည်သည့်အရာကမှ ဖိနှိပ်နိုင်မည်မဟုတ်ပေ။

စောစောက သူချစ်ရသောသားလေး သတ်ခံရသည်ကို သူ ကြည့်နေခဲ့ရပြီး တစ်ဆက်တည်းမှာပင် အသုံးမကျသောလူဟု သူသတ်မှတ်ထားသော ပိုင်ဟောက်က ရုတ်တရက် ထင်ပေါ်ကျော်ကြားလာသည်ကို မျက်စိဖြင့်တပ်အပ်မြင်ခဲ့ရသည်။ ပိုင်ဟောက်သည် မျိုးနွယ်စုခေါင်းဆောင်အတွက် အရေးကြီးပြီး ချစ်မြတ်နိုးရသော အရာအားလုံးကို နင်းခြေပစ်ခဲ့လေရာ သူမည်မျှ ဒေါသထွက်ပြီး ရူးမတတ်ဖြစ်နေသည်ကို ဖော်ပြ၍ပင် မရတော့ပေ။ သူက လူတစ်ယောက်ကို သတ်ချင်နေပြီး ထိုလူက ပိုင်ဟောက်ဖြစ်သည်။ သို့နှင့် သူက သူ့ကျင့်ကြံခြင်း၏ ပြင်းထန်လှသော စွမ်းအားကို ဆင့်ခေါ်လိုက်ပြီး ယင်ယန်ဝိညာဥ်အဆင့်၏ အတိုက်အခိုက်စွမ်းရည်ကို သုံးကာ စူးရှချွန်ထက်သော ဓားတစ်လက်အလား ပိုင်ရှောင်ချန်းထံ တဟုန်ထိုး ဦးတည်လိုက်သည်။

” သေစမ်း မျိုးမစစ်ခွေးကောင် ”
မျိုးနွယ်စုခေါင်းဆောင်သည် ဆယ့်နှစ်ရောင်ခြယ်မီးတောက်ထံ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်သည်။ သို့သော် သူ့အနားရောက်မလာခင် ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော မီးတောက်စွမ်းအားသည် မျိုးနွယ်စုခေါင်းဆောင်ကို ဘေးသို့ တွန်းထုတ်လိုက်၏။

ပြင်းထန်သော ထစ်ခြုန်းသံများ ပဲ့တင်ထပ်သွားစဥ် ပိုင်ရှောင်ချန်းက အသက်ပြင်းပြင်းရှူကာ မျိုးနွယ်စုခေါင်းဆောင်ကို လျစ်လျူရှုလိုက်သည်။ ထိုအစား သူက အရှိန်တင်လိုက်ရာ သူ့ဘေးပတ်လည်ရှိ အရာအားလုံး နှေးကွေးသွားတော့သည်။

သူသည် ဖော်ပြ၍ပင် မတတ်နိုင်သော အမြန်နှုန်းဖြင့် ရွေ့လျားနေ၏။ မျိုးနွယ်စုခေါင်းဆောင်မှာ ဘေးသို့ တွန်းပို့ခံလိုက်ခဲ့ရပြီး ယခုအခါ ပိုင်ရှောင်ချန်းသည် သူ့ကို ကျော်၍ ချက်ချင်းပင် ကျောက်ဂိတ်တံခါးကြီးတွင် ပေါ်လာကာ ပိုင်မျိုးနွယ်စုထဲသို့ ထွက်လာတော့သည်။

သူထွက်လာသည့်အခိုက်အတန့်တွင် ဆယ့်နှစ်ရောင်ခြယ်မီးတောက်များသည် အရပ်မျက်နှာအနှံ့ တဟုန်းဟုန်း ပျံ့နှံ့သွားလေရာ မိုးကောင်းကင်ကြီးသည် နီရဲတောက်သွားပြီး နေရာတစ်ခုလုံးတွင် ဖိအားနှင့် စွမ်းအားများ ပြည့်နှက်လာသောကြောင့် ပိုင်မျိုးနွယ်စုဝင်များအားလုံး ပင့်သက်ရှိုက်သွားတော့သည်။

ယခင်က ဤမျှမယုံကြည်နိုင်ဖွယ်ကောင်းသော အရာတစ်ခုကို သူတို့ မမြင်ခဲ့ဖူးပေ။ မီးတောက်သည် အံသြတုန်လှုပ်ဖွယ်ကောင်းသည်သာမက ပိုင်ရှောင်ချန်းက ၄င်း၏ အလယ်တည့်တည်တွင် ရှိနေခြင်းက ပို၍ပင် အံ့အားသင့်ဖွယ်ကောင်းနေတော့သည်။ သူ့အသွင်က မီးအားလုံး၏ အရှင်သခင်အလား။

မျိုးနွယ်စု၏ အလယ်တွင် ပေါ်လာချိန်၌ မျက်လုံးများအားလုံးသည် ပိုင်ရှောင်ချန်းပေါ်မှ မခွာပေ။ သူပေါ်လာသည်နှင့် တိုက်ရိုက်သွေးမျိုးဆက်မှ မျိုးနွယ်စုအကြီးအကဲ ခုနစ်ယောက်၊ ရှစ်ယောက်ခန့်သည် သူ့ကို သတ်ဖြတ်လိုစိတ်များဖြင့် စူးစိုက်ကြည့်လိုက်ကြပြီး သူရှိရာသို့ တဟုန်ထိုး ဦးတည်လာကြတော့သည်။

အမှန်တကယ်တော့ ဆယ့်နှစ်ရောင်ခြယ်မီးတောက်ကို သူတို့ကြောက်လန့်သဖြင့် ယခုအခိုက်အတန့်တွင် သူတို့၏ ရည်မှန်းချက်မှာ ပတ်ပတ်လည်ဝိုင်း၍ သူ့ကို ဖမ်းရန်သာဖြစ်သည်။

သို့သော် သူတို့ မည်မျှ မြန်မြန်သွားစေကာမူ ပိုင်ရှောင်ချန်းဘယ်လက်၏ အမြန်နှုန်းကို မယှဥ်နိုင်ပေ။ သူ့လက်ထဲတွင် ကျောက်စိမ်းပေလွှာရှစ်ခုပေါ်လာလေသည်။ သူက ထိုကျောက်စိမ်းပေလွှာများမှ ပထမဆုံးတစ်ခုကို ချက်ချင်းပင် ဖျက်စီးပစ်လိုက်ရာ မျိုးနွယ်စုတစ်ဝှမ်း သူစိုက်ခဲ့သည့် လူသတ်ဝိညာဥ်ဆူးချွန် အမြောက်အမြားသည် အဆက်မပြတ် ပေါက်ကွဲသွားတော့သည်။

မျိုးနွယ်စုထဲရှိ နေရာအနှံ့အပြားတွင် တဝုန်းဝုန်းပေါက်ကွဲကုန်ရာ မျိုးနွယ်စုတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်သော အကာအကွယ်မန္တန်သည် လှိုင်းဂယက်များထလာပြီး ပုံပျက်ရှုံ့တွသွားတော့သည်။ ထို့နောက် ၄င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများ ထလာတော့သည်။

မဟာမန္တန်အစီအရင်ကြီး ကြေမွပျက်စီးပေတော့မည်။

ထို့နောက် ပိုင်ရှောင်ချန်းက ကျန်ရှိသော ကျောက်စိမ်းပေလွှာများကို ဖျက်စီးလိုက်ရာ ချက်ချင်းပင် သူပတ်ပတ်လည်၌ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားများ ဖြစ်တည်လာတော့သည်။ အံ့သြတုန်လှုပ်ဖွယ်ကောင်းစွာ ထိုကျောက်စိမ်းပေလွှာများအားလုံးသည် တည်နေရာရွှေ့ပြောင်းခြင်း အဆောင်လက်ဖွဲ့များဖြစ်လေသည်။

ထိုအခြင်းအရာအားလုံးသည် မီးတစ်ခတ်အချိန်အတွင်း ဖြစ်ပျက်သွားသည်။ မဟာမန္တန်အစီအရင်ကြီး ပျက်စီးလာပြီး တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအားက နေရာတစ်ခွင် ပြည့်နှက်သွားသည်။ သို့သော် ပိုင်ရှောင်ချန်း ပျောက်ကွယ်နေချိန်တွင် မျိုးနွယ်စုအကြီးအကဲများက အေးစက်စွာရယ်​ေမာလိုက်ပြီး သူတို့၏ ယင်ယန်ဝိညာဥ်နတ်ဘုရားအာရုံများကို စေလွှတ်ကာ လေထုကို ပိတ်လှောင်၍ တည်နေရာရွှေ့ပြောင်းခြင်းအဆောင်လက်ဖွဲ့များ၏ စွမ်းအားကို ပယ်ဖျက်လိုက်သည်။

တည်နေရာရွှေ့ပြောင်းခြင်း၊ ပယ်ဖျက်ခြင်းသည် အမှန်တကယ်တွင် လုပ်လေ့လုပ်ထရှိသော ဗျူဟာတစ်ရပ်ဖြစ်ပြီး သူတို့အားလုံးသည် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များဖြစ်ကြောင်း ထည့်တွက်လိုက်လျှင် အကွာအဝေးကို ပရမ်းပတာဖြစ်သွားစေရန် သူတို့အတွက် ခက်ခဲမည်မဟုတ်ပေ။

ပိုင်ရှောင်ချန်း၏ တည်နေရာရွှေ့ပြောင်းခြင်းစွမ်းအား နှောင့်ယှက်ခံရသည်နှင့် သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး ရင်ခုန်သံမြန်လာတော့သည်။ သို့သော် ဤသို့သော ဖြစ်ရပ်အတွက် သူပြင်ဆင်ထားခဲ့လေသည်။ သူက တွေဝေတုံ့ဆိုင်းမနေဘဲ ခေါင်းနောက်လှန်ကာ ဟိန်းဟောက်လိုက်၏။ ယင်ယန်ဝိညာဥ်အဆင့်မျိုးနွယ်စုအကြီးအကဲများ အရပ်မျက်နှာတစ်ခုတည်းမှ ချီတက်လာပြီး မျိုးနွယ်စုခေါင်းဆောင် ဘိုးဘွားပိုင်နယ်မြေထဲမှ တဟုန်ထိုးထွက်လာချိန် သူက ရှေ့တစ်လှမ်းတိုးလိုက်၏။

ထိုခြေလှမ်းနှင့် သူက ထာဝရပြုစားခြင်းသိုင်း၏ လျှို့ဝှက်မှော်ပညာရပ်ကို အသုံးပြုလိုက်ရာ သူ၏ ခန္ဓာကိုယ်သည် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကြောင့် ဖြစ်သည့် အကွာအဝေးပရမ်းပတာဖြစ်မှုများကို လျစ်လျူရှုလိုက်ပြီး မှုန်ဝါးဝါးဖြစ်သွားတော့သည်။

တိုက်ရိုက်သွေးမျိုးဆက် အကြီးအကဲများနှင့်မျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာများအားလုံး ပျက်ယွင်းသွားကြသည်။ ပိုင်ရှောင်ချန်း အသုံးပြုလိုက်သည့် အကွာအဝေးပုံပျက်ခြင်းအမျိုးအစားသည် သူတို မည်သို့မျှ မတတ်နိုင်သော အရာတစ်ခုဖြစ်လေသည်။ အထူးသဖြင့် လောလောဆယ်တွင် သူ့ကို ဆယ်နှစ်ရောင်ခြယ်မီးပင်လယ်ကြီးဖြင့် ဝန်းရံထားရာ မည်သို့မျှ အနားကပ်နိုင်မည် မဟုတ်ပေ။

သို့သော် ပိုင်ရှောင်ချန်းက တည်နေရာရွှေ့ပြောင်းတော့မည့်ဆဲဆဲ အခိုက်အတန့်တွင် မျိုးနွယ်စုအောက်ခြေရှိ သချိုင်းများမှ အေးစက်စက်နှာမှုတ်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ၄င်းသည် ဖယောင်းတိုင် ခုနစ်ချောင်း ခြံရံထားသည့် နတ်အဆင့်ခေါင်းဆောင်ကြီးက လွဲ၍ တခြားလူမဟုတ်ပေ။ လက်ရှိအချိန်တွင် သူ၏ မျက်လုံးများသည် တောက်ပစွာ လင်းလက်နေပြီး သူက ဖမ်းဆုပ်သော လက်ဟန်လုပ်လိုက်ရာ အပြင်ဘက်မျိုးနွယ်စုရှိ လေထုကြီးသည် ရှုံ့တွလာကြီး စွမ်းအားကြီးသော စိတ်ဆန္ဒတစ်ခု ဖြစ်ပေါ်လာတော့သည်။ ၄င်းသည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒကိုပင် ကျော်လွန်သော စိတ်ဆန္ဒဖြစ်ပြီး လက်ကြီးတစ်ဖက်အသွင်ပြောင်းကာ ပိုင်ရှောင်ချန်းပတ်ပတ်လည်ကို ချည်းကပ်လာသည်။

” မင်းဘယ်မှ မသွားရဘူး”

လက်ကြီးသည် ပိုင်ရှောင်ချန်း၏ဘေးပတ်လည်ရှိ အရာအားလုံးကို ချုပ်နှောင်လိုက်ပြီး သူ၏ ထာဝရပြုစားခြင်းသိုင်းကို အလုံးစုံ မနှောင့်ယှက်နိုင်သည့်တိုင် ကြီးကြီးမားမား နှောင့်ေနှးသွားစေသည်။

ချက်ချင်းပင် တိုက်ရိုက်သွေးမျိုးဆက်မှ အကြီးအကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်မှာ ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။

” ခေါင်းဆောင်ကြီး”

” ခေါင်းဆောင်ကြီး လှုပ်ရှားလာပြီဟေ့”

” ပိုင်ဟောက်ရေ၊ မင်း သေချာပေါက်သေတော့မှာ”

ပိုင်ရှောင်ချန်းမှာ မျက်နှာပျက်သွားသော်လည်း ဤသို့ဖြစ်လာမည့်အရာအတွက်လည်း သူ ပြင်ဆင်ထားခဲ့လေသည်။ သူက အေးစက်စက်အလင်းများ တောက်ပနေသော မျက်ဝန်းများဖြင့် အော်လိုက်သည်။
” ကျုပ်က ခင်ဗျားကိုပဲ စောင့်နေတာ ”

ထိုစကားလုံးများ သူ့ပါးစပ်မှ ထွက်သွားချိန်တွင် သူကလက်ချောင်းများကို လက်သီးအသွင် ဆုပ်လိုက်ရင်း လက်ဝါးပေါ်တွင် မီးပင်လယ်ကို စုဆုံစေလိုက်ပြီး ဆယ့်နှစ်ရောင်ခြယ်မီးတောက်ပုံစံဖြစ်ပေါ်စေလိုက်သည်။

မီးပင်လယ်သည် မျက်စိကျိန်းလောက်သော အလင်းများဖြင့် တောက်ပလာပြီး မတည်မငြိမ်ဖြစ်လာကာ ရုတ်တရက် ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။

သေစေနိုင်သောအန္တရာယ်အငွေ့အသက်များက တိုက်ရိုက်သွေးမျိုးဆက်များနှင့် မျိုးနွယ်စုခေါင်းဆောင်တို့၏ စိတ်ထဲတွင် ထွက်ပေါ်လာတော့သည်။ သူတို့ထဲရှိ မည်သူမျှ မတုံ့ပြန်နိုင်ခင်မှာပင် မီးပင်လယ်ကြီး ပျက်စီးသွားသဖြင့် နားကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။

ဝုန်းးး

ဆယ့်နှစ်ရောင်ခြယ်မီးတောက်များ အရပ်မျက်နှာအနှံ့သို့ မီတာပေါင်းများစွာအထိ တလိပ်လိပ်ပျံ့နှံ့သွားပြီး လမ်းကြောင်းပေါ်ရှိ အရာမှန်သမျှအား ဝါးမျိုသွားလေသည်။ မျိုးနွယ်စုအကြီးကဲများနှင့် မျိုးနွယ်စုခေါင်းဆောင်မှာ အလောတကြီး နောက်ဆုတ်လိုက်ကြသော်လည်း ခေါင်းဆောင်ကြီး၏ လက်မှာမူ နောက်မဆုတ်ပေ။ မျက်စိတစ်မှိတ်တွင်းမှာပင် မီးတောက်ကြီးနှင့် ထိသွားတော့သည်။

ထွက်ပေါ်လာသော ပေါက်ကွဲသံကြီးသည် အမြင့်ဆုံး ကောင်းကင်ဘုံအထိ ထိုးတက်သွားတော့သည်။

ပတ်ဝန်းကျင်ရှိ လေထုကြီး တုန်ခါသွားပြ မီးပင်လယ်ကြီး ပျောက်ကွယ်သွား၏။ နတ်အဆင့်ခေါင်းဆောင်ကြီး၏ ပုံရိပ်ယောင်လက်ကြီး ကျန်ခဲ့သော်လည်း သိသာစွာပင် ပုံပျက်ဆင်းပျက်ဖြစ်နေပြီး ပိုင်ရှောင်ချန်း၏အနားသို့ကပ်လာတော့သည်။

သို့သော် ပိုင်ရှောင်ချန်းသည် အားနည်းနေသော နတ်အဆင့် နတ်ဘုရားစွမ်းရည်ကို မကြောက်ပေ။ ရုတ်တရက် ဝိညာဥ်ပုံရိပ်သုံးခု ပေါ်ထွက်လာပြီး သူ၏ကိုယ်ပွားသုံးယောက်ရှေ့ထွက်လာကာ လက်ကြီးထံ ပြေးဝင်သွားကြသည်။

သူတို့က ဟိန်းဟောက်ကြုံးဝါးရင်း ရှိသမျှစွမ်းအားအကုန်ထုတ်ကာ ပြန်တိုက်ခိုက်လိုက်သည်။

ဝုန်း

သူ၏ သစ်ကိုယ်ပွားက လက်ကြီးကို ထိလိုက်သည်နှင့် သူ့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး အစိမ်းရောင်အလင်းတန်းအသွင်ပြောင်းကာ ပိုင်ရှောင်ချန်းကိုယ်ထဲ ပြန်ဝင်သွားး၏။ သို့သော် လက်ကြီးသည် အရှိန်လျော့သွားပြီး အရင်ထက်ပင် ပို၍ မှေးမှိန်သွားသည်။

ဝုန်း

ထို့နောက် သူ၏ ရေကိုယ်ပွား။ လက်ကြီးကို ဝင်တိုက်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအများစု ပျက်စီးသွားလေသည်။ သို့သော် လက်ကြီးသည် တခဏသာ ရပ်သွားပြီး ပို၍ပင် မှေးမှိန်သွားတော့သည်။

နောက်ဆုံး သူ၏ မီးကိုယ်ပွား။ သူက အလွယ်တကူ ခုခံမည့်အစား စွမ်းအားအလုံးစုံဖြင့် လက်ဦးမှုယူကာ တိုက်ခိုက်လိုက်သည်။

ဝုန်း

မီးကိုယ်ပွါး၏ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး နောက်သို့ ပစ်လဲသွားလေသည်။ သို့သော် လက်ကြီးသည် သုံးကြိမ်ဆက်တိုက် တိုက်ခိုက်ခံလိုက်ရသောကြောင့် ကောက်ကြောင်း ပေါ်သည် ဆိုရုံသာရှိတော့သည်။ ပိုင်ရှောင်ချန်းအစစ်ကို ရိုက်လိုက်ချိန်တွင် သူ့ပါးစပ်မှ သွေးတစ်ပွက်သာ အန်သွားခဲ့သည်။

သူက နှုတ်ခမ်းမှ သွေးများကို သုတ်ရင်း ခေါင်းနောက်လှန်ကာ အားပါတရ အော်ဟစ်ရယ်မောလိုက်လေသည်။

” ခင်ဗျားလုပ်နိုင်တာ ဒါအကုန်ပဲလား အဘိုးကြီး ”
သူ၏ စကားလုံးများ ထွက်ပေါ်လာစဥ် သူက ပျောက်ကွယ်စပြုလာတော့သည်။ သိသာထင်ရှားစွာပင် သူက လေကို ထိုးခွင်း၍ ပျောက်ကွယ်သွားရန် အချိန်အနည်းငယ်သာ ကျန်ပေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset