Switch Mode

အခန်း ( ၃၃၆ )

ချဥ်းကပ်လာသော အစာ

” အခုမှ ရောက်လာတာကို ဒီလောက်ထိ စိတ်လှုပ်ရှားစရာကောင်းနေပြီ ”
ဝမ်ပေါင်လဲ့မှာ အလျင်အမြန်ရွေ့လျားရင်း အက်ကွဲကြောင်း၏ အတွင်းပိုင်းထဲသို့ ဆက်သွားနေ၏။ သူသည် မျက်လုံးများကို မှေးထားပြီး သူ၏ ပတ်ပတ်လည်၌ ရှိနေနိုင်သော အန္တရာယ်များကို သတိရှိရှိနှင့် စောင့်ကြည့်နေ၏။ သူတို့ ဤဂူကြီးထဲသို့ ရောက်ရှိလာပြီးနောက် ကြုံခဲ့ရသည့် အရာတိုင်းမှာ ထူးဆန်းလွန်းနေပြီး ဤကမ္ဘာကြီးနှင့် မသက်ဆိုင်သလို ခံစားနေရသည်။ ထိုဖုတ်ကောင်ကြီးများ၏ ပေါ်ပေါက်လာမှုမှာ ရုတ်ခြည်းဆန်လွန်းနေသည် မဟုတ်ပါလော။

” ကြည့်ရတာ ရုပ်အလောင်းတွေ အများစုက ရှေးဟောင်းရုပ်အလောင်းတွေ ထင်တယ်။ သူတို့ထဲမှာ ပြည်ထောင်စုကျင့်ကြံသူတွေကို တစ်ယောက်မှ မတွေ့ခဲ့ရဘူး။ အဲဒါဆိုရင်….လင်းတျန်ဟောက် အသက်ရှင်လျက်ရှိနေမယ့် အလားအလာ အများကြီး ရှိဦးမှာပါ ”
ဝမ်ပေါင်လဲ့မှာ ကောက်ချက်ချလိုက်၏။ ထို့နောက် သူသည် ရုတ်တရင်ဆိုသလို သူ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး သူ၏ ဓားဖြင့် ညာဘက်သို့ လှမ်းခုတ်လိုက်၏။ ထိုသို့ လှမ်းခုတ်လိုက်သည်နှင့် တစ်ပြိုင်နက် နံရံထဲမှ ယခုလေးတင် ထွက်လာသော လက်တစ်ဖက်နှင့် ခေါင်းတစ်လုံးတို့မှာ ချက်ချင်းဆိုသလိုပင် တိခနဲ ပြတ်တောက်သွားကြတော့သည်။

” နောက်တစ်ချက်လည်း ရှိသေးတယ်။ ငါ ဒီဂူကြီးထဲကို စဝင်လာတဲ့ အချိန်ကတည်းက ငါ့ရဲ့ ခန္ဓာကိုယ်ထဲက အမှောင်မီးတောက်က လှုပ်လှုပ်ရွရွ ဖြစ်နေခဲ့တာ။ ငါ အတွင်းပိုင်းထဲ ပိုရောက်လေလေ အဲဒီမီးတောက်က ပိုပြီးတော့ တက်ကြွလာလေလေပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်ရင်း အတွေးထဲ၌ နစ်မျောနေတော့သည်။ သူ အက်ကွဲကြောင်းလေးထဲသို့ စဝင်လာခဲ့စဉ်တုန်းက သူ၏ဘေးနားတစ်ဝိုက်တွင် မည်သူမှ ရှိမနေခဲ့သောကြောင့် ထိုအခွင့်အရေးကို အသုံးချကာ အမှောင်မီးတောက်အား ထုတ်လွှတ်ကြည့်ခဲ့သေးသည်။ သူသည် ၎င်းမှာ ဖုတ်ကောင်များပေါ်၌ အကျိုးသက်ရောက်မှု ရှိ၊ မရှိ သိချင်ခဲ့သည်။

သို့သော် အဘယ့်ကြောင့်မှန်းမသိပါသော်လည်း အမှောင်မီးတောက်မှာ ဖုတ်ကောင်များကို ထိခိုက်အောင် လုပ်နိုင်သည့်တိုင်အောင် ၎င်းတို့မှာ မီးမြှိုက်ခံလိုက်ရပြီးလျှင် ရူးသွပ်လုမတတ် ဖြစ်သွားကြသည်သာဖြစ်သည်။ ၎င်းတို့၏ အသက်မဲ့နေသော မျက်ဝန်းများထဲတွင် ဆာလောင်မွတ်သိပ်နေသည့် အရိပ်အယောင်များ ပေါ်လာပြီး ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ကမူးရှူးထိုး ပြေးလာကြသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ အမှောင်မီးတောက်အား ချက်ချင်းပင်ပြန်၍ ဖုံးကွယ်ထားလိုက်ရ၏။ သူသည် သူမြင်လိုက်ရသော အရာများကြောင့် အံ့ဩတုန်လှုပ်နေရတော့သည်။ ထို့နောက် ဤဖုတ်ကောင်များမှာ အမှောင်မီးတောက်နှင့် ဆက်နွယ်နေရမည်ဟု သူက ရိပ်မိသွား၏။ ထို့နောက် သူသည် မမလေး ပြောခဲ့သောစကားများကို ပြန်၍ သတိရသွားတော့သည်။ သူသည် အမှောင်ပညာရပ် အစောပိုင်းအဆင့်ကိုသာ လေ့ကျင့်နေဆဲဖြစ်သောကြောင့် အမှောင်မီးတောက်အား လက်လွှတ်စပယ် မထုတ်ပြသင့်ပေ။

” မမလေးပြောတာမှန်တယ်။ ဒီ ဖုတ်ကောင်တွေက ငါ အမှောင်မီးတောက်ကို ထုတ်ပြလိုက်တာနဲ့ တစိပြိုင်နက် အရူးတစ်ပိုင်း ဖြစ်ကုန်ကြတာ ”

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အခြားမည်သည့်ရွေးချယ်စရာမှ မကျန်တော့မှသာ အမှောင်မီးတောက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်တော့သည်။ သူသည် အက်ကွဲကြောင်းထဲ၌ ပြေးလွှားရင်း ခဏအကြာတွင် ထွက်ပေါက်တစ်ပေါက်ကို မြင်လိုက်ရတော့သည်။

ထို ထွက်ပေါက်မှာ ပင်မလှိုဏ်ခေါင်းကြီးဆီသို့ ပြန်သွားသည့် အပေါက်ဖြစ်သည်။ ဤ ဂူကြီးထဲတွင် ထို လှိုဏ်းခေါင်းတစ်ခုသာ ရှိနေခြင်းဖြစ်သည်။ နံရံများပေါ်မှ အက်ကွဲကြောင်း အမျိုးမျိုးမှာ အခြား အက်ကွဲကြောင်းများနှင့် ချိတ်ဆက်နေနိုင်ပါသော်လည်း ၎င်းတို့၏ ဝင်ပေါက်များနှင့် ထွက်ပေါက်များအားလုံးမှာ နောက်ဆုံးတွင် ပင်မလှိုဏ်ခေါင်းကြီးဆီသို့သာ ပြန်ရောက်ကြပေသည်။ တစ်ခုတည်းသော ခြားနားချက်မှာ ပင်မလှိုဏ်ခေါင်းကြီးထဲရှိ မတူညီသော နေရာအမျိုးမျိုးနှင့် ချိတ်ဆက်နေခြင်းဖြစ်သည်။

ထို့အပြင် တဖြည်းဖြည်းနှင့် ကျဉ်းမြောင်းသွားပြီး နောက်ဆုံး၌ မြေကြီးများဖြင့် ပြည့်နှက်နေသည့် လမ်းဆုံတစ်ခုသို့သာ ရောက်သွားသော အက်ကွဲကြောင်းများလည်းရှိသည်။ ထိုအက်ကွဲကြောင်းများထဲ၌ ရှေ့သို့ဆက်သွားလိုပါက ကိုယ်ကိုယ်တိုင် ဆက်တူးရမည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ ကံကောင်း၏။ သူ ရွေးချယ်ခဲ့သည့် အက်ကွဲကြောင်းမှာ ရှေ့သို့ဆက်တူးစရာမလိုပေ။ သူသည် ထိုထွက်ပေါက်ကို မြင်လိုက်ရသောအခါ မျက်လုံးများအရောင်လက်သွား၏။ ထို့နောက် သူ၏ခြင်များ ပေါ်လာပြီး ထိုထွက်ပေါက်ဆီသို့ ဦးတည် ပျံသန်းသွားကြတော့သည်။

ခြင်များ၏ အမြင်အာရုံများမှတစ်ဆင့် ဝမ်ပေါင်လဲ့မှာ ပြင်ပကမ္ဘာကြီးကို ချက်ချင်းဆိုသလိုပင် ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။ ထိုအက်ကွဲကြောင်းကြီး၏ ထွက်ပေါက်၏ အပြင်ဘက်တွင် အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေ၏။ ဖုတ်ကောင် တစ်ကောင်တလေပင် ရှိမနေပဲ မြေပြင်ပေါ်၌ ကြီးမားကျယ်ပြောသော သွေးရောင်မြက်ခင်းတစ်ခင်းသာ ရှိနေသည်။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်သာရာရသွားပြီး အသက်ပြင်းပြင်းရှူမိလိုက်၏။ သို့သော် သူသည် ပေါ့ဆသွားခြင်းမရှိပေ။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး သူ၏ဘေးတွင်ရှိနေသော မြည်းလေးကို စိုက်ကြည့်လိုက်သည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ယခုလေးတင် ခုတ်ချလိုက်သည့် ရုပ်အလောင်းကြီး၏ ခြေထောက်အား ရောယှက်နေသည့်ခံစားချက်များဖြင့် စိုက်ကြည့်နေသည်။ ၎င်းမှာ ထို‌ခြေထောက်ကို စားချင်ပါသော်လည်း အရသာရှိမည်မဟုတ်ကြောင်းကိုလည်း သိထား၏။

” စား စား စား။ မင်းက စားဖို့ပဲ သိတဲ့ကောင် ”
ဝမ်ပေါင်လဲ့မှာ မြည်းလေးအား စိန်းစိန်းဝါးဝါးစိုက်ကြည့်လိုက်ပြီးနောက် ၎င်းအား လျစ်လျူရှုလိုက်တော့သည်။ ထို မြည်းလေးမှာ အာနာပါနတတိယအဆင့် တွင်သာ ရှိသေးပါသော်လည်း ၎င်းမှာ ဖေါက်ထွက်နိုင်တော့မည့်ပုံ ပေါက်နေသည်ကို သတိထားမိလိုက်သည်။ ၎င်းမှာ ၎င်း၏စိတ်ဆန္ဒများကို ကောင်းမွန်စွာ ထိန်းသိမ်းထားရင်း စောစောတုန်းက ဖြစ်ပျက်သွားခဲ့သည့် ပရမ်းပတာတိုက်ပွဲကြီးထဲတွင် ဝမ်ပေါင်လဲ့အား အမီလိုက်နိုင်ခဲ့၏။ ထိုတိုက်ပွဲကြီး တစ်လျှောက်လုံးတွင် မြည်းလေးအား အမိဖမ်းနိုင်ခဲ့သည့် ဖုတ်ကောင် တစ်ကောင်တလေကိုပင် သူက မမြင်ခဲ့ရပေ။ ထို့ကြောင့် ထိုမြည်းလေးမှာ သူနားမလည်နိုင်သည့် တမူထူးခြားသော ပါရမီအချို့ကို ပိုင်ဆိုင်ထားရပေမည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မြည်းလေးအား လျစ်လျူရှုထားရန် ဆုံးဖြတ်လိုက်ပြီး အက်ကွဲကြောင်း အပြင်ဘက်သို့ ပြေးထွက်ကာ လှိုဏ်ခေါင်းထဲသို့ ပြန်ဝင်သွားလိုက်၏။ ထို့နောက် သူသည် သူ၏ ဘေးပတ်ဝန်းကျင်ကို ချက်ချင်း အကဲခတ်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ ထို့နောက် သူသည် အမှောင်မီးတောက်ကို သုံး၍ သူ သွားရမည့် အရပ်မျက်နှာကို အာရုံခံမိလိုက်သဖြင့် ထိုဘက်သို့ သွားရန် ပြင်လိုက်တော့သည်။

ထိုအခိုက်အတန့်တွင် သူတို့၏ ပတ်ပတ်လည်တွင်ရှိနေသော သွေးရောင်မြက်ပင်များမှာ ရုတ်တရက်ဆိုသလို ယိမ်းထိုးသွား၏။ ၎င်းတို့မှာ ရုတ်တရက်ကြီး ပုံစံပြောင်းသွားပြီး မျက်စိတစ်မှိတ်အတွင်း ရုတ်ခြည်းဆိုသလို အရွယ်အစား ကြီးထွားလာကြသည်။ ထို့နောက် မြေပြင်ကြီးနှင့် နံရံများထဲမှ မရေမတွက်နိုင်လောက်အောင် များပြားသော သွေးမြက်ပင်များ ပေါက်လာကြ၏။ ၎င်းတို့မှာ ရေဘဝဲလက်တံများကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာကြတော့သည်။

ဝမ်ပေါင်လဲ့၏‌ နောက်ဘက်ရှိ လမ်းကြောင်းလေးမှာလည်း ထိုနည်းတူပင် ဖြစ်သောကြောင့် သူ ပိတ်မိနေပြီဖြစ်သည်။ ထိုအချိန်တွင် သူ၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွားပြီး သူ၏ လက်ထဲမှ ဓမ္မလက်နက်က တောက်ပသွားတော့သည်။ ထို့နောက်သူသည် လှမ်း၍ ခုတ်ထစ်လိုက်ပြန်သည်။

သူသည် သူ၏ ဓားကြီးကို အသံအကျယ်ကြီး မြည်အောင် ဝှေ့ယမ်းလိုက်ပြီး ထို မြက်ပင်များစွာကို ခုတ်ထစ်လိုက်၏။ သို့သော် ထိုမြက်ပင်များမှာ များပြားလွန်းနေသည်။ ထို့အပြင် ၎င်းတို့မှာ တမူထူးခြားသည့် ဒဏ်ခံနိုင်စွမ်းများနှင့် တိုက်စားနိုင်စွမ်းရှိသော ဂုဏ်သတ္တိများကို ပိုင်ဆိုင်ထားကြ၏။ ဝမ်ပေါင်လဲ့မှာ အရေထူနေသည့်တိုင်အောင် ထိုမြက်ပင်များက သူ၏ အရေပြားကို ထိသွားသည့်အချိန်တွင် စူးစူးရှရှ နာကျင်မှုတစ်မျိုးကို ခံစားလိုက်ရဆဲပင်။

ထို့အပြင် ၎င်းတို့မှာ အရေအတွက်များပြားလွန်းနေသောကြောင့် အခက်တွေ့နေရတော့သည်။ သူသည် အချိန်အကုန်ခံ၍ အက်ကွဲကြောင်းထဲသို့ ပြန်သွားလိုလျှင်တောင် ဤ သွေးမြက်ခင်းကြီးကို ကျော်ဖြတ်ရဦးမည်ဖြစ်သည်။ ထို မြက်ပင်များမှာ အကြီးအမားဆုံး အတားအဆီးများ ဖြစ်နေသည်မဟုတ်ပါလော။

သူသည် လျှပ်စီးစွမ်းရည်၊ မီးမုန်တိုင်းနှင့် အခြား သူသိထားသမျှ ပညာရပ်အားလုံးကို အသုံးပြုခဲ့ပါသော်လည်း မြက်ပင်များမှာ လုံးဝထိခိုက်မှုမရှိပေ။ ထို့အပြင် သူသည် သူ၏ ရုပ်သေးရုပ်များကို စမ်းသုံးကြည့်ခဲ့ပါသော်လည်း ၎င်းတို့မှာလည်း အသုံးမဝင်ပေ။ သွေးမြက်ပင်များမှာ ရုပ်သေးရုပ်များ၏ အတွင်းပိုင်းများထဲသို့ လူးလွန့်ဝင်ရောက်သွားကြပြီး အတွင်းပိုင်းထဲမှနေ၍ ၎င်းတို့ကို တိုက်စားလိုက်ကြသည်သာ ဖြစ်သည်။

သူသည် ထိုမြက်ပင်များကို ခုတ်ထစ်ရင်း စိတ်ပျက်လက်ပျက် ဖြစ်လာတော့သည်။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။ သူသည် အမှောင်မီးတောက်ကို ထုတ်သုံးရန် ပြင်လိုက်စဉ်မှာပင် သွေးမြက်ပင်များကြောင့် အလုံပိတ်လုနီးပါး ဖြစ်နေသော အက်ကွဲကြောင်းထဲတွင် မြည်းလေး၏ ပျော်ရွှင်မြူးထူးနေသည့် အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

” သား ”

ဝမ်ပေါင်လဲ့မှာ ထိုအသံကိုကြားလိုက်ရသောအခါ အံ့အားသင့်သွားရ၏။ သူသည် အက်ကွဲကြောင်းဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုမြည်းလေးကို မြင်လိုက်ရသည်။ ၎င်း၏ မျက်ဝန်းများမှာ စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် တောက်ပနေပြီး ၎င်းမှာ ပါးစပ်ဟ၍ သွေးမြက်ပင်များကို အငမ်းမရ ဝါးစားနေလိုက်တော့သည်။

” ဒါလည်း စားသေးတာလားဟ ”
ဝမ်ပေါင်လဲ့မှာ ဆွံ့အသွားရတော့သည်။ ထို့နောက် သူ ကျောင်းတွေရှိခဲ့စဉ်တုန်းက ထိုမြည်းလေးမှာ ဗိုက်ဆာလာပါက ပန်းပွင့်များနှင့် မြက်ပင်များကိုပါ စားသုံးခဲ့သည်ဖြစ်ကြောင်း အမှတ်ရသွားတော့သည်။

သွေးမြက်ပင်များ၏ အရသာမှာ ပုပ်ပွနေသောအသားများထက် ပို၍အရသာရှိနေမည်မှာ အသေအချာပင်။ ၎င်းမှာ ပို၍ပင် အစားမြန်လာပြီး ပို၍လည်း စိတ်လှုပ်ရှားလာတော့သည်။ အချိန်တိုလေးအတွင်း ၎င်းမှာ အက်ကွဲကြောင်းထဲရှိ သွေးမြက်ပင်အားလုံးကို စားသုံးပြီးသွားပြီဖြစ်သည်။ ထို့နောက် ၎င်းမှာ ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်လျက် အပြင်သို့ထွက်လာလိုက်ပြီးနောက် သူ့အား စားစရာများက စောင့်ကြိုနေသည်ကို မြင်လိုက်ရတော့သည်။ ထို့ကြောင့် ထိုမြည်းလေးမှာ စိတ်လှုပ်တရှား ဖြစ်သွားရသောကြောင့် အသားများပင် တုန်ရီလာတော့သည်။ ထို့နောက် ၎င်းမှာ အကြိမ်အနည်းငယ်ခန့်ထပ်၍ ပျော်ရွှင်မြူးထူးစွာ ခုန်ပေါက်လိုက်ပြန်သည်။

” သား သား ”

ဝမ်ပေါင်လဲ့မှာလည်း အပျော်လွန်နေရပြီဖြစ်သည်။ သူသည် မြည်းလေး အငမ်းမရ စားသုံးနေသည့်ကို ကြည့်ရင်း မြက်ပင်များကို ခုတ်ထစ်နေလိုက်၏။ သို့သော် သူသည် ခဏအကြာတွင် မကျေမနပ်ဖြစ်လာရ၏။ ထိုမြည်းလေးမှာ မြက်ပင်များ စားသုံးနေရင်း မမောမပန်း ခုန်ပေါက်နေဆဲပင်။ ထို့ကြောင့် သူသည် အနည်းငယ်ခန့် တွေးတောလိုက်ပြီးနောက် ရုတ်တရက်ဆိုသလို အော်ဟစ်လိုက်တော့သည်။

” သွားစမ်းကွာ။ ငါ မင်းကို ဒီပစ္စည်းကောင်းတွေအကုန်လုံး စားခွင့်မပေးနိုင်ဘူးဟေ့။ ငါ ဒီမြက်ပင်တွေ အကုန်လုံးကို ခုတ်ပစ်တော့မယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏အမြန်နှုန်းကို မြှင့်တင်ကာ မြက်ပင်များအား မာန်ပါပါနှင့် လိုက်လံခုတ်ထစ်နေလိုက်တော့သည်။ သူ၏ ဒေါသတကြီး အော်ဟစ်သံများနှင့် လုပ်ရပ်များကြောင့် မြည်းလေးမှာ ရုတ်တရက်ဆိုသလို ထိတ်ထိတ်ပျာပျာ ဖြစ်သွားရပြီး မျက်လုံးများ နီမြန်းလာတော့သည်။ ထို့နောက် ၎င်းမှာ ခုန်ပေါက်နေခြင်းမရှိတော့ဘဲ ယခင်ကထက်ပင် ပို၍မြန်ဆန်သော အမြန်နှုန်းဖြင့် ၎င်း၏ ပတ်ပတ်လည်ရှိ သွေးမြက်ပင်များအားလုံးကို လိုက်၍ ဝါးစားနေလိုက်တော့သည်။ အနည်းငယ်ခန့် ကြာမြင့်သွားပြီးနောက် ၎င်းမှာ မြက်ပင်များ စားသုံးရာ၌ ကျွမ်းကျင်သွားသည့်ပုံပင်။ ၎င်းမှာ အနည်းငယ်ခန့် ကိုက်ဖြတ်လိုက်ပြီးနောက် ကျန်ရစ်နေခဲ့သည့် သွေးမြက်ပင်များကို အမြစ်ပါပါအောင် သူ၏ ပါးစပ်ထဲသို့ စုပ်ယူလိုက်၏။ ထို့နောက် နောက်ထပ်ကျန်ရှိနေသေးသည့် သွေးမြက်ပင်များအား ဆက်လက်စားသုံးနေ‌လိုက်တော့သည်။

မြည်းလေး၏ အငမ်းမရ ဝါးမျိုစားသုံးမှုများကြောင့် ထိုနေရာတစ်ဝိုက်ရှိ သွေးမြက်ပင်များမှာ အလျင်အမြန် ပျောက်ကွယ်သွားကြတော့သည်။ ဝမ်ပေါင်လဲ့မှာလည်း အလွန်အင်မတန်မှ ကျေနပ်သွားပြီး ထပ်၍ အော်ဟစ်လိုက်ပြန်သည်။

” မင်း တရားလွန်သွားပြီကွ။ ငါတို့ရဲ့ရှေ့မှာ အရသာရှိတဲ့ သွေးမြက်ပင်တွေ အများကြီးကျန်နေသေးတယ်။ ငါ အဲ့မြက်ပင်တွေအားလုံးကို ဖျက်ဆီးပစ်မယ်ဟေ့ ”
ဝမ်ပေါင်လဲ့မှာ မာန်ပါပါ အော်ဟစ်လိုက်ပြီး ရှေ့သို့ပြေးထွက်သွားချင်ယောင် ဆောင်လိုက်၏။ မြည်းလေးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပို၍ပင် သွေးရူးသွေးတန်း ဖြစ်သွားတော့သည်။ ၎င်းမှာ အော်ဟစ်မြည်တမ်းကာ အရှိန်အဟုန်ဖြင့် ရှေ့သို့ပြေးထွက်သွားလိုက်ပြီး လှိုဏ်ခေါင်းထဲသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့ထက် အရင်ဦးအောင် သွေးမြက်ပင်ခင်းထဲသို့ ဝင်ရောက်သွားလိုက်ပြီး လမ်းတစ်လျှောက်လုံးရှိ မြက်ပြင်များကို အငမ်းမရ ဝါးစားနေလိုက်တော့သည်။

ဝမ်ပေါင်လဲ့ကမူ မြည်းလေး၏နောက်မှ စိမ်ပြေနပြေနှင့် လိုက်လာပြီး ရံခါဖန်ခါဆိုသလို အော်ဟစ်ကြိမ်းမောင်းကာ သူ၏ ဓားကို ဝှေ့ယမ်းရင်း မကျေမနပ် ဖြစ်နေသည့်ပုံစံ ဟန်ဆောင်နေလိုက်တော့သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ လှိုဏ်ခေါင်းထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်သွား၏။ တချိန်တည်းမှာပင် သွေးမြက်ပင်များနှင့် ဖုတ်ကောင်များမှာ လှိုဏ်ခေါင်းထဲရှိ အခြားနေရာများတွင်လည်း ပေါ်လာကြသည်။

၎င်းတို့မှာ အနီးအနားတွင် ကျင့်ကြံသူများရှိသော နေရာများတွင်သာ ပေါ်ပေါက်လာကြသည်။ ကျင့်ကြံသူများထဲတွင် ထိခိုက်ဒဏ်ရာရထားကြသူများ ရှိပါသော်လည်း သူတို့မှာ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ဖြစ်ကြသောကြောင့် အတော်အသင့်ကောင်းမွန်သော တိုက်ရည်ခိုက်ရည်များနှင့် တိုက်ပွဲအတွေ့အကြုံများကို ပိုင်ဆိုင်ထားကြ၏။ ထို့ကြောင့် သူတို့မှာ ထိတ်လန့်တုန်လှုပ်နေကြသည်တိုင်အောင် အများစုမှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်စွမ်း ရှိကြ၏။ သို့ဖြစ်ရာ သူတို့သည် အများစုမှာ ဒဏ်ရာအပြင်းအထန်မရထားကြဘဲ ပိတ်သာ ပိတ်မိနေကြ၏။

ထိုကဲ့သို့ တစ်ခဏမျှ ကုန်ဆုံးသွားပြီးနောက် လှိုဏ်ခေါင်းကြီး၏ တစ်နေရာတွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်အား မရေမတွက်နိုင်လောက်အောင် များပြားသော သွေးမြင်ပင်များက ဝိုင်းထားကြ၏။ ထိုအချိန်တွင် သူ၏နောက်၌ သွေးရောင်အရိပ်တစ်ခု တိတ်ဆိတ်စွာ ပေါ်ပေါက်လာသည်ကို သူက သတိမထားမိလိုက်ပေ။

၎င်းမှာ မှုန်ဝါးဝါး လူရိပ်တစ်ခုဖြစ်ပြီး အလင်းထိုးဖောက်နိုင်လောက်သည်အထိ ကြည်လင်နေ၏။ အချိန်အများစုတွင် ၎င်း၏ တစ်ကိုယ်လုံးမှာ ကြည်လင်နေသောကြောင့် ၎င်း၏ မျက်နှာပေါက်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ၎င်း၏ အရပ်အမြင့်ကိုကြည့်လျှင် ၎င်းမှာ ကောင်လေးတစ်ယောက် ဖြစ်နိုင်လောက်ပေသည်။

သူ ပေါက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ ပတ်ပတ်လည်မှ ဖုတ်ကောင်များနှင့် သွေးမြက်ပင်များအားလုံးမှာ သိမ့်ခနဲ တုန်ရီသွားကြ၏။ ၎င်းတို့မှာ ထိုကောင်လေးကို ကြောက်ရွံ့နေကြသည့်ပုံပင်။ ထိုကောင်လေး၏ မျက်လုံးများထဲတွင် မည်သည့်သက်ရှိကိုမဆို အေးခဲသွားစေနိုင်သည့် အကြင်နာကင်းမဲ့သော အေးစက်စက် မီးတောက်တစ်ခု တောက်လောင်နေသည်။

ထိုကောင်လေးမှာ သူ၏ရှေ့တွင် ပိတ်မိနေသော ကျင့်ကြံသူအား အေးစက်စက် စိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို လှုပ်ရှားလိုက်ပြီး ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားလိုက်တော့သည်။

ထိုအခါ မည်သည့်အခြင်းအရာကိုမှ သတိမထားမိသေးသော ကျင့်ကြံသူမှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး တုန်ရီသွား၏။ ထို့နောက် သူ၏ သက်စောင့်အားများ ပျောက်ကွယ်သွားသဖြင့် သူ၏ မျက်ဝန်းများထဲမှ အလင်းရောင်များမှာ မှေးမှိန်သွားရပြီး သူသည်လည်း မြေကြီးပေါ်သို့ ပုံခနဲ လဲကျသွားတော့သည်။

သူသည် မည်သည့်အရာကိုမှ သတိမထားမိလိုက်ပေ။ သူ သေဆုံးသွားသည့် အချိန်ထိ သူ၏ခန္ဓာကိုယ်အား ထိုးဖောက်သွားပြီး သူ့ရှေ့တွင်ပေါ်လာသော သွေးရောင် ကောင်လေးကို မမြင်လိုက်ရပေ။ ထို့အပြင် ထိုကောင်လေး သူ၏ခန္ဓာကိုယ်အား ထိုးဖောက်သွားပြီးနောက် ထိုကောင်လေး၏ လက်ထဲ၌ ပေါ်လာသည့် အဖြူရောင် မီးလုံးလေးကိုလည်း မမြင်လိုက်ရပေ။

ထိုကောင်လေးမှာ ထိုမီးလုံးအား သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများကို လျှာဖြင့်လျှက်လိုက်၏။ ထို့နောက် သူသည် ခြေတလှမ်း လှမ်းလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူသည် ဖုတ်ကောင်များ၏ ဝန်းရံခြင်းကို ခံထားရပြီး အသက်လု၍ တိုက်ခိုက်နေရသည့် နောက်ထပ်ကျင့်ကြံသူတစ်ယောက်၏ နောက်တွင် ပြန်ပေါ်လာသည်။ သူသည် ရပ်တန့်သွားခြင်းမရှိဘဲ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားလိုက်သောအခါ ထိုကျင့်ကြံသူမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ချက်ချင်းဆိုသလိုပင် သေဆုံးသွားတော့သည်။ ထိုကောင်လေးကမူ မီးလုံးလေးကို မျိုချလိုက်၏။ ထို့နောက် သူသည် ထပ်၍ ပျောက်ကွယ်သွားလိုက်၊ ပြန်ပေါ်လာလိုက်၊ သတ်ဖြတ်လိုက် လုပ်နေတော့သည်။

သူသည် သိပ်အစွမ်းမထက်ပေ။ အမှန်အတိုင်း ဆိုရမည်ဆိုလျှင် သူ့အား အားနည်းသည်ဟုပင် သတ်မှတ်နိုင်သည်။ သို့သော် ထိုကျင့်ကြံသူများအားလုံးမှာ သူ့အား အာရုံမခံနိုင်ခဲ့ပေ။ သူသည် မည်သူကမှ သူ့အား ခုခံကာကွယ်နိုင်စွမ်းမရှိနိုင်သည့် ထူးဆန်းသော မွေးရာပါ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည့်ပုံပင်။ သူသည် ထိုကဲ့သို့ ပေါ့ပေါ့ပါးပါး သွားလာလှုပ်ရှားနေရင်း လူတစ်ဒါဇင်တိတိကို သတ်ဖြတ်ပြီးသွားပြီ ဖြစ်သည်။ သူ ပြန်ပေါ်လာသည့်အချိန်တွင် သူ၏ရှေ့၌ မြက်ပင်များကို အငမ်းမရ ဝါးစားနေသည့် မြည်းလေးတစ်ကောင်နှင့် ထိုမြည်းလေးအား အော်ဟစ်ငေါက်ငမ်းနေသည့် ဝမ်ပေါင်လဲ့တို့ကို မြင်လိုက်ရသည်။

ထိုကောင်လေးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သူသည် နှာခေါင်းရှုပ်မိသွားပြီး သူ၏မျက်လုံးများထဲ၌ သံသယများ ပေါ်လာ၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပါသော်လည်း ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေရသည့်ပုံပင်။ ထို့ကြောင့် သူ၏မျက်ဝန်းများထဲ၌ စိတ်အနှောင့်အယှက်ဖြစ်သွားသည့် အရိပ်အရောင်များ ပေါ်လာပြီး သူသည် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာတော့သည်။

သူသည် အလွန်အင်မတန်မှ လျင်မြန်နေပြီး သူ၏ ပတ်ပတ်လည်ရှိ မြက်ပင်များကို ပျော်ရွှင်စွာ ဝါးစားနေသော မြည်းလေးအား ချက်ချင်းပင် ဖြတ်သွားလိုက်၏။ သူသည် ထိုမြည်းလေးအား ဂရုမစိုက်ခဲ့ပေ။ ထိုအချိန်တွင်….

မြည်းလေးမှာ ရုတ်တရက်ဆိုသလို နှာခေါင်းရှုံ့မိလိုက်၏။ ၎င်းမှာ စားစရာတစ်ခုခု အနားသို့ ချဉ်းကပ်လာသည်ကို အာရုံခံမိလိုက်သည့်ပုံပင်။ ၎င်းမှာ ရိုးရိုး စားစရာတစ်ခု မဟုတ်ဘဲ အလွန်အင်မတန်မှ အရသာရှိသော စားစရာတစ်ခု ဖြစ်နေ၏။ ထို့ကြောင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် ပါးစပ်ကြီးကို ဟလိုက်ပြီး ထိုကောင်လေးရှိနေသည့်ဘက်သို့ ခေါင်းလှည့်လိုက်၏။ ထို့နောက် ၎င်းမှာ အံ့သြဖွယ်ရာကောင်းသော အမြန်နှုန်းဖြင့် ၎င်း၏ ပါးစပ်ကြီးကို ပြန်ပိတ်လိုက်ပြီး သွားများဖြင့် ကိုက်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset