“မင်းတို့ စောစောစီးစီး အိပ်ကြတယ်။ အခု မင်းတို့အဘိုးကျားကြီးအတွက် အလုပ်လုပ်ဖို့ အချိန်ကျပြီ။” တံခါးသည် တုန်ခါလျှက် ပွင့်ထွက်သွားပြီး အစေခံဝတ်စုံဖြင့် သန်မာသောလူတစ်ယောက် ဝင်လာ၏။ သူက မန်ဟိုနှင့် ဖက်တီးလေးအား ဒေါသတကြီး ကြည့်သည်။
“ဒီနေ့ကစပြီး မင်းတို့…” သူက ဒေါသတကြီး ပြောသည် “မင်းတို့ ကောင်စုတ်လေးနှစ်ကောင် ငါ့အတွက် တစ်နေ့ကို သစ်လုံးဆယ်လုံးစီ ခုတ်ပေးရမယ်။ မင်းတို့တစ်ယောက်ချင်းစီကနော်။ မဟုတ်ရင် မင်းတို့ကို မင်းတို့အဖိုးကျားကြီးက အသက်ရှင်ရက် နှုတ်နှုတ်စင်းပစ်မယ်”
“အဘိုးကျားကြီးကို နှုတ်ဆက်ပါတယ်” မန်ဟိုက အိပ်ရာမှ လူးလဲထကာ စိုးရိမ်စွာ ရပ်လျှက် ပြောသည် “နည်းနည်းလောက် အသံကိုလျှော့ …” မန်ဟိုက စကားကို ဆုံးအောင် မပြောရသေးမှီတွင်ပင် လူသန်ကြီးက သူ့အား စူးစူးရဲရဲကြည့်သည်။
“ချီးကို လျှော့ပါလား။ ငါက အသံအကျယ်ကြီးပြောတယ်လို့ မင်းထင်နေတာလား”
သူ၏ဒေါသတကြီးဟန်ပင်နှင့် သန်မာသောခန္ဓာကိုယ်တို့အား ကြည့်ကာ မန်ဟိုက တွန့်ဆုတ်နေပြီးမှ အရဲကိုးကာ ပြောသည် “ဒါပေမဲ့ အစေခံတွေကို အုပ်ချုပ်တဲ့အစ်ကိုကြီးက ကျွန်တော်တို့ကို တစ်နေ့ သစ်လုံးဆယ်လုံးပဲ ခုတ်ခိုင်းထားတယ်”
“ဒါဆိုလည်း ငါ့အတွက် အပိုဆယ်လုံး ခုတ်ပေး” သူက နှာခေါင်းတစ်ချက် ရှုံ့ကာ ပြောသည်။
မန်ဟိုက ဘာမှ မပြောသော်လည်း သူ့အတွေးများက ပြေးလွှားနေ၏။ သူသည် အင်မော်တယ်ဂိုဏ်းကို ယခုမှ ရောက်လာခြင်းဖြစ်သော်လည်း အနိုင်ကျင့်ခံနေရပြီဖြစ်သည်။ သူက လက်မခံလိုသော်လည်း သည်လူကား သန်မာအားကောင်းရာ အားနည်းသော သူ့အနေဖြင့် ပြန်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ထိုစဉ် သူက စားပွဲပေါ်မှ သွားရာကို သတိပြုမိသည်။ အိပ်မက်ထဲယောင်နေစဉ် ဖက်တီး မည်မျှ သန်မာသည်ကို တွေးမိလျှင် အကြံတစ်ချက် ရ၏။ ရုတ်တရက် သူက အိပ်မောကျနေသော ဖက်တီးလေးအား အော်ဟစ်လိုက်၏။
“ဖက်တီး … မင်းရဲ့ပေါက်စီနဲ့မိန်းမကို လူတစ်ယောက် လာခိုးနေတယ်”
သူ၏စကားသံထွက်လာသည်နှင့် ဖက်တီးသည် မျက်လုံးမှိတ်ထားလျှက်ပင် ဒေါသတကြီးဖြစ်လာသည်။
“ငါ့ပေါက်စီတွေကို ဘယ်သူ ခိုးတာလဲ။ ငါ့မိန်းမကို ဘယ်သူခိုးတာလဲ” သူက အော်ဟစ်ကာ အိပ်ရာမှ ထသည် “ငါ မင်းကို သေအောင်ရိုက်မယ်။ ငါမင်းကို သေအောင်ကိုက်မယ်” သူက အခန်းထဲတွင် ဟိုမှသည်မှ လိုက်လံရိုက်နှက်ကန်ကျောက်၏။ လူသန်ကြီးက အံ့အားသင့်သွားပြီး ရှေ့ကို တက်သွားကာ ကောင်လေးအား လက်ဝါးဖြင့် ရိုက်သည်။
“မင်းက အဘိုးကျားကြီးရဲ့ရှေ့မှာ အော်ရဲသလား” သူ၏လက်ဝါးက ဖက်တီး၏ပါးပေါ်ကို ကျဆင်းလာ၏။ သို့သော် လူသန်ကြီးသည်သာ ထိတ်လန့်တကြား အော်ဟစ်သွားရသည်။ ဖက်တီးကား မျက်လုံးကို မှိတ်ထားလျှက်ပင် လူသန်ကြီး၏လက်ကို ကိုက်ထား၏။ လူသန်ကြီးက သူ၏လက်ကို မည်မျှ လှုပ်ယမ်းပါစေ ဖက်တီးက မလွှတ်ပေ။
“ငါ့ကို မကိုက်တော့နဲ့။ သေစမ်း … မကိုက်နဲ့တော့…” အစေခံလူကြီးကား ကျင့်ကြံသူမဟုတ်ပေ။ သူကား အစေခံဖြစ်လာသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ရာ သူ့ခန္ဓာကိုယ်သည် အလွန်သန်မာ၏။ သို့သော်လည်း လက်မှ နာကျင်မှုသည် သူ့အား ချွေးစေးများပင် ပြန်စေသည်။ သူက ကန်ကျောက်ရိုက်နှက်သော်လည်း ဖက်တီး၏သွားများသည် အနည်းငယ်မျှ ပြေလျော့သွားခြင်း မရှိပေ။ သူက ပြင်းပြင်းထန်ထန် ရိုက်လေလေ ဖက်တီးက ပို၍ တင်းတင်းကိုက်လေလေဖြစ်သည်။ လူကြီး၏လက်မှာ သွေးများပင် ယိုစိမ့်ထွက်လာပြီဖြစ်သည်။
သူ၏အော်ဟစ်သံက အပြင်သို့အထိ လွင့်ပျံ့သွားရာ တခြားလူများက သတိပြုမိကြသည်။ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာ၏။
“ဘယ်သူတွေ ဆူညံနေတာလဲ”
ထိုအသံသည် မြင်းမျက်နှာဖြင့် လူငယ်ထံမှ လာခြင်းဖြစ်သည်။ လူသန်ကြီးက ထိုအသံအား ကြားလျှင် ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားသည်။ ပြင်းထန်စွာ နာကျင်မှုကြောင့် မျက်နှာက ရှုံ့မဲ့နေသော်လည်း ပါးစပ်ကို ချက်ချင်းပိတ်လိုက်သည်။
“အစေခံတွေကို အုပ်ချုပ်တဲ့ အစ်ကိုကြီးကို ဒေါသထွက်အောင်လုပ်တာ ကောင်းတဲ့အကြံမဟုတ်ဘူး။” လူသန်ကြီးက မြန်ဆန်စွာ ပြောသည် “ငါတို့ ရန်ဆက်ဖြစ်လို့ မရဘူး။ ရပ်လိုက်တော့။ ငါ သစ်လုံးတွေ မလိုတော့ဘူး”
ဖက်တီး၏အိပ်မက်သည် ထိုမျှ ပြင်းထန်မည်ဟု မန်ဟို လုံးဝ မထင်ထားခဲ့ပေ။ သူကလည်း လက်ရှိအခြေအနေကို ရပ်တန့်လိုသည်။ သူက ရှေ့ကို တိုးသွားပြီး ဆက်တီးအား လက်ဖြင့် ပုတ်ကာ နားနှင့်ကပ်လျှက်ပြောသည်။
“ပေါက်စီတွေ ပြန်ရောက်ပြီ။ မင်းမိန်းမလည်း ပြန်ရောက်ပြီ။”
လူငယ်က ရုတ်တရက် စိတ်သက်သာရာရသွားဟန်ဖြင့် ကိုက်ထားသည်ကို လွှတ်လိုက်၏။ လေထဲကို လက်သီးများဖြင့် ထိုးနှက်ကန်ကျောက်ကာ သူသည် အိပ်ရာထဲသို့ ပြန်သွား၏။ ပါးစပ်၌ သွေးများအလိမ်းလိမ်းဖြင့်ပင် သူသည် ပြန်လည်၍ အိပ်မောကျသွားခဲ့သည်။
လူသန်ကြီးသည် ဖက်တီးအား စိုးရိမ်သော အကြည့်တစ်ချက်ပို့လွှတ်ကာ ဘာမှ မပြောတော့ဘဲ ထွက်သွားတော့၏။
မန်ဟိုသည် ထိုနေရာတွင်ပင် ဖက်တီးလေးအား လေးစားအားကျစွာ ကြည့်နေသည်။ ထို့နောက်သူကလည်း သတိကြီးစွာထားလျှက် သူ၏အိပ်ရာသို့ ပြန်ကာ အိပ်စက်လိုက်တော့သည်။
နောက်တစ်ရက် မနက်အာရုဏ်ဦးအချိန်။
ကောင်းကင်ကို မနက်ခင်းနေရောင်ခြည်များ ခြုံလွှမ်းလာခဲ့လျှင် ခေါင်းလောင်းသံသည် လေထဲ အဆက်မပြတ် ပျံ့လွင့်လာ၏။ ခေါင်းလောင်းသံသည် ထူးဆန်းသော စွမ်းအားကို သယ်ဆောင်လာဟန်ရကာ ကြားမိသူတိုင်းသည် အိပ်ရာထကာ လုပ်ငန်းခွင်စတင်ဝင်ကြသည်။ ဖက်တီးလည်း နိုးလာသည်။ သူက ခန္ဓာကိုယ်မှ ဒဏ်ရာဒဏ်ချက်များအား ကြည့်ကာ မျက်နှာကို လက်ဖြင့် ထိတွေ့၏။
“မနေ့ညက ဘာဖြစ်ခဲ့တာလဲ။ ငါ့တစ်ကိုယ်လုံး ဘာလို့ နာနေတာလဲ။ တစ်ယောက်ယောက်က ငါ့ကို ရိုက်နှက်ခဲ့တာလား”
မန်ဟိုသည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ ပြောသည်။
“ဘာမှ မဖြစ်ဘူး။ အားလုံး ပုံမှန်ပါပဲ”
“ငါ့မျက်နှာက ဘာလို့ ဖူးယောင်နေရတာလဲ”
“ခြင်ကိုက်တာနေမှာပေါ့”
“ဒါဆိုလည်း ငါ့ပါးစပ်မှာ ဘာလို့ သွေးတွေ ရှိနေရတာလဲ”
“တကယ်တော့ မနေ့ညတုန်းက မင်း အိပ်ရာပေါ်က လိမ့်ကျတာ အကြိမ်မနည်းဘူး” မန်ဟိုက တံခါးကို ဖွင့်ကာ အပြင်သို့ ထွက်လိုက်ပြီးမှ နောက်လှည့်ကာ လေးနက်သော လေသံဖြင့် ပြောသည် “ဖက်တီး … မင်းရဲ့သွားကို သေသေချာချာလေး သွေးထားဖို့လိုတယ်”
“ဟင် … ငါ့အဖေလည်း အရင်တုန်းက အဲလိုပြောဖူးတယ်” သူက အဝတ်အစားများကို သေသေသပ်သပ်ပြင်ဆင်ကာ အံ့အားတသင့်ပြောသည်။
မန်ဟိုနှင့်ဖက်တီးတို့သည် နေရောင်အောက်တွင် လမ်းလျှောက်ကာ မှီခိုရာဂိုဏ်း၏အစေခံများအနေဖြင့် သစ်လုံးခုတ်ခြင်းလုပ်ငန်းအား စတင်ကြ၏။
တစ်ယောက်စီတိုင်းသည် သစ်လုံးဆယ်လုံးကို ခုတ်ရန် တာဝန်ယူရ၏။ တောင်ဘက်အစေခံတန်းလျားအနီးတွင် သစ်ပင်များမှာ ထူထပ်စွာ ပေါက်ရောက်နေသည်။ သစ်ပင်များမှာ သိပ်မကြီးသော်လည်း အလွန်သိပ်သည်းမာကျောကာ မျက်စိတဆုံး ပေါက်ရောက်နေကြသည်။
သူ၏အစေခံပုဆိန်ကို သယ်ဆောင်ကာ မန်ဟိုက ပုခုံးကို နှိပ်နှယ်လိုက်သည်။ သူ၏လက်ကား ထုံကျင်ကာ ကိုက်ခဲနေပြီဖြစ်သည်။ ပုဆိန်ကား လေးလံ၏။ သူ့ဘေးတွင် ဖက်တီးသည် တောင်ကုန်းကို တက်ရသဖြင့် မောပန်းသောကြောင့် အသက်ပြင်းပြင်းရှုနေသည်။ နောက်ဆုံးတွင် သူတို့သည် သင့်တော်သောတစ်နေရာအား တွေ့ကာ လုပ်ငန်းခွင်စတင်ဝင်ရောက်လိုက်ကြပြီး သစ်ခုတ်သံများ ထွက်ပေါ်လာတော့သည်။
“ငါ့အဖေက အကြီးအကျယ်ချမ်းသာတာ” ဖက်တီးက တမ်းတမ်းတတပြောသည်။ သူက ပုဆိန်ကို မြှောက်လိုက်၏။ “ငါလည်း အကြီးအကျယ်ချမ်းသာတော့မှာ။ ငါ အစေခံမဖြစ်ချင်ဘူး။ ဒီအင်မော်တယ်တွေက ထူးဆန်းတယ်။ သူတို့က မှော်ပညာတွေကို တတ်တယ်။ သူတို့က မီးကို ဘာလို့ လိုမှာလဲ။ ငါတို့ကို ဘာလို့ သစ်ခုတ်ခိုင်းဖို့ လိုတာလဲ”
ဖက်တီးလေးက စကားကို အဆက်မပြတ် ပြောနိုင်သော်လည်း မန်ဟိုကား ပင်ပန်းလွန်းသောကြောင့် စကားပြောလိုစိတ် မရှိပေ။ ချွေးများသည် သူ့အား မိုးရေချိုးထားသကဲ့သို့ ရွှဲရွှဲစိုနေသည်။ ယွင်ကျဲစီရင်စုတွင် နေထိုင်စဉ်က သူသည် ဆင်းရဲလွန်းသောကြောင့် ကောင်းကောင်းစားသောက်ရခြင်းမရှိရာ သူ့ခန္ဓာကိုယ်သည် အားနည်း၏။ အမွှေးတိုင်တစ်တိုင်ထွန်းညှိသည့် အချိန်ကြာသောအခါ သူသည် သစ်ပင်တစ်ပင်ပေါ်တွင် မှီကာ အသက်ကို ပင်ပန်းကြီးစွာ ရှုနေရ၏။
သူက ဖက်တီးလေးအား ကြည့်၏။ ဖက်တီးလေးသည် မောပန်းလွန်း၍ တုန်ယင်နေသော်လည်း အဆက်မပြတ် ပြစ်တင်ဝေဖန်ကာ သစ်လုံးများကို ခုတ်နေသည်။ သူကား မန်ဟိုထက် ငယ်ရွယ်သော်လည်း ပို၍ သန်မာ၏။
မန်ဟိုက မသက်မသာ ခေါင်းယမ်းကာ ဆက်၍ အနားယူသည်။ သူက စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းအား ထုတ်ယူကာ ပြန်၍ ဖတ်သည်။ ကျင့်စဉ်၏လမ်းညွန်ချက်အတိုင်း သူသည် ကောင်းကင်နှင့်မြေပြင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံသည်။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ကာ အမှောင်ထုက ချဉ်းနင်းဝင်ရောက်လာခဲ့၏။ တစ်နေ့လုံး အလုပ်လုပ်သော်လည်း မန်ဟိုကား သစ်လုံးနှစ်လုံးသာ ခုတ်ပြီးခဲ့သည်။ ဖက်တီးလေးက သစ်လုံးရှစ်လုံး ခုတ်ပြီးခဲ့၏။ နှစ်ယောက်ပေါင်းလျှင် သူတို့သည် တစ်ယောက်စာ စားစရာများ သွားထုတ်ရန် လုံလောက်ခဲ့၏။ သူတို့က အချင်းချင်းဆွေးနွေးလိုက်ကာ ဖက်တီးလေးက အစားအသောက်များအား သွားထုတ်လိုက်ပြီး အခန်းထဲတွင် ခွဲစားကြသည်။ ထို့နောက် သူတို့သည် ပင်ပန်းနွမ်းနယ်လွန်းသဖြင့် အိပ်မောကျသွားကြတော့သည်။
တဖြည်းဖြည်းဖြင့် ဖက်တီးလေး၏ဟောက်သံက ဆူညံစွာ ထွက်ပေါ်လာပြန်သည်။ မန်ဟိုက အိပ်မှုန်စုံမွှားဖြင့် ထလာသည်။ သူ့မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာမှုများဖြင့် ပြည့်နှက်နေသည်။
သူ၏လာဆောင်မွတ်သိပ်မှုနှင့်ပင်ပန်းနွမ်းနယ်မှုတို့ကို လျစ်လျူရှုကာ သူသည် စဦးချီဖွဲ့စည်းခြင်းကျမ်းကို ထုတ်ကာ ထပ်ဖတ်ပြန်၏။
“ငါ စာမေးပွဲအတွက် လေ့လာတုန်းက အမြဲတမ်း နေဝင်တဲ့အထိ စာဖတ်ခဲ့တယ်။ အခုဘဝမှာတော့ ပင်ပန်းတယ်ဆိုပေမဲ့ အနည်းဆုံး ရည်မှန်းချက်တစ်ခုရှိတယ်။ နန်းတွင်းစာမေးပွဲကို ကျရှုံးပြီးနောက်မှာ ငါက ကျင့်ကြံတာမှာရော ကျရှုံးမယ်လို့တော့ မယုံဘူး” သူ၏မျက်လုံးများတွင် ခေါင်းမာသော အငွေ့အသက်များ ရှိနေသည်။ သူက ခေါင်းငုံ့ကာ ထပ်၍ ဖတ်သည်။
သူက ညနက်သည့်အထိ လေ့လာနေကာ နောက်ဆုံးတွင် အိပ်ပျော်သွားတော့သည်။ သူအိပ်ပျော်သွားလျှင် သူ၏အိပ်မက်တွင် ကောင်းကင်နှင့်မြေပြင်မှ စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံသော အတွေးများဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် ခေါင်းလောင်းသံက သူတို့အား နိုးထစေခဲ့သည်။ သူက နီရဲသော မျက်လုံးများဖြင့် သန်းဝေကာ အိပ်ရာထသည်။ အားပြည့်အင်ပြည့်ဖြစ်နေသော ဖက်တီးနှင့်အတူ သူတို့က သစ်သွားခုတ်ကြ၏။
တစ်ရက်၊ နှစ်ရက်၊ သုံးရက် … အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားကာ နှစ်လတာ ကြာမြင့်သွား၏။ မန်ဟို၏သစ်ခုတ်ခြင်းစွမ်းရည်သည်လည်း ပိုကောင်းလာခဲ့ကာ တစ်ရက်တွင် သစ်လုံးလေးလုံး ခုတ်နိုင်လာခဲ့၏။ သို့သော်လည်း သူ၏အချိန်အများစုကို စိတ်ဝိညာဉ်စွမ်းအင်အား အာရုံခံခြင်း၌ အသုံးပြုခဲ့သည်။ သူ၏မျက်လုံးက ပိုမိုနီရဲလာခဲ့၏။ တစ်နေ့သ၌ ညနေစောင်းအချိန်အခါတွင် သူသည် ပင်ပန်းနွမ်းနယ်စွာဖြင့် တရားထိုင်နေစဉ် သူ့ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး သူ့ခြေလက်အင်္ဂါများ ထုံကျင်ကိုက်ခဲလာသည်ဟု ခံစားရသည်။ ကြည့်ရသည်မှာ သူ့အသွေးနှင့်အသားများတွင် ချီအငွေ့အသက်များ စတင်ကပ်ငြိလာခဲ့ကာ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့ဟန်ရသည်။
ထို့နောက်တွင် သူ့ခန္ဓာကိုယ်တွင်း၌ စိတ်ဝိညာဉ်စွမ်းအင်ငွေ့ငွေ့လေးမျှကို သူခံစားရ၏။ ထိုချီစွမ်းအင်သည် ချက်ချင်းပျောက်ကွယ်သွားခဲ့သော်လည်း မန်ဟိုသည် စိတ်လှုပ်ရှားခြင်းများစွာဖြင့် မျက်လုံးကို ဖွင့်သည်။ သူ၏နီရဲသော မျက်လုံးများမှာလည်း ပိုမိုညိုမှိုင်းလာခဲ့၏။ တုန်ယင်စွာဖြင့် သူက စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်းအား တင်းတင်းဆုပ်လိုက်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သူသည် ကောင်းကောင်းမွန်မွန် စားသောက်ခြင်း၊ အိပ်စက်ခြင်းများ မပြုခဲ့ရပေ။ သစ်ခုတ်ခြင်းအပြင် သူသည် စိတ်ဝိညာဉ်စွမ်းအင်ကို အာရုံခံခြင်းများဖြင့်သာ အချိန်ကုန်နေခဲ့သည်။ ယခု သူ၏ကြိုးစားမှုများက အသီးအပွင့်များ ဖြစ်လာခဲ့ရာ သူသည် အားများ ပြန်ပြည့်လာသည်ဟုပင် ခံစားရသည်။
မျက်လုံးတမှိတ်အတွင်း အချိန် ၂လကုန်ဆုံးသွားခဲ့ကာ နွေရာသီသို့ ရောက်လာခဲ့၏။ ကောင်းကင်မှ ပူပြင်းသော နေရောင်များ လောကကြီးကို ဖြန့်ကျက်ထား၏။
မှီခိုရာဂိုဏ်းအနီး တောင်အတွင်းတစ်နေရာ။ အချိန်ကား နေ့လည်ခင်း။
“ချီကို ခန္ဓာကိုယ်ထဲမှာ ဖွဲ့စည်းမယ်။ ပေါင်းစည်းပြီးတော့ ပြန်ဖြန့်ကျက်မယ်။ သွေးကြောတွေနဲ့ ချီလမ်းကြောင်းတွေကို ဖွင့်ပြီး ကောင်းကင်နဲ့မြေပြင်မှာ တသားတည်းဖြစ်စေမယ်”
မန်ဟိုက လက်တစ်ဘက်ဖြင့် ရှေ့မှ မီးဖိုကို မီးထိုးကာ ကျန်သော လက်တစ်ဘက်ဖြင့် ကျင့်စဉ်ကျမ်းအား ကိုင်လျှက် စိတ်ဝင်တစား လေ့လာနေသည်။
သူက အမွေးတိုင်တစ်တိုင်စာ လောင်ကျွမ်းရန် ကြာချိန်ခန့်အထိ ခန္ဓာကိုယ်အတွင်းမှ ချီအငွေ့အသက်လေးအား အာရုံခံနေခဲ့သည်။ ထိုချီကား လွန်ခဲ့သော နှစ်လခန့်က ပေါ်လာခဲ့ခြင်းဖြစ်ကာ မန်ဟိုက ရတနာတစ်ခုအဖြစ် သဘောထားသည်။ ထိုချီအငွေ့လေးကား ယခု ပိုမိုသိပ်သည်းလာပြီဖြစ်သည်။ ကျင့်စဉ်ကျမ်းတွင် ညွန်းထားသော နည်းလမ်းအတိုင်း သူသည် ထိုချီအငွေ့လေးအား ခန္ဓာကိုယ်အတွင်း လှည့်ပတ်စေသည်။
အတန်ကြာလျှင် မန်ဟိုက မျက်လုံးကို ဖွင့်လိုက်ရာ ဖက်တီးတစ်ယောက် ပုဆိန်ကို သယ်သာ မြန်ဆန်စွာ ပြေးလာသည်ကို မြင်၏။
“အခြေအနေ ဘယ်လိုလဲ” ဖက်တီးက ပြေးလွှားပြီး၍ မောပန်းစွာဖြင့် မေးသည်။ သူသည် ဝသော်လည်း သန်မာပေသည်။
“ငါက အဲဒါကို တစ်ကိုယ်လုံးသို့ မဖြန့်ကျက်နိုင်သေးဘူး” မန်ဟိုက ရယ်မော၍ ပြောသည် “ဒါပေမဲ့ တစ်လအတွင်း ငါဟာ စဦးချီဖွဲ့စည်းခြင်းပထမအဆင့်သို့ ရောက်မယ်လို့ ယုံကြည်တယ်” သူက ယုံကြည်စွာဖြင့် ပြောသည်။
“ငါပြောတာက ကြက်အခြေအနေ” သူက မီးဖိုကို ကြည့်ကာ လျှာကို သပ်လိုက်သည်။
“အာ … တော်တော်ကျက်နေလောက်ပြီ” မန်ဟိုက မီးထိုးရန် အသုံးပြုသော သစ်ကိုင်းအား ဆွဲထုတ်လိုက်သည်။ ဆက်တီးက သူ၏ပုဆိန်ကို အသုံးပြု၍ မြေကြီးအားတူးဆွကာ ကြက်ကို ဆွဲထုတ်သည်။ ကြက်ကား ကောင်းကောင်းကျက်နေလေပြီ။
မွှေးပျံ့သော ရနံ့များ လေထဲ ပျံ့နှံ့လာခဲ့၏။ သူတို့က ကြက်ကို နှစ်ခြမ်းခွဲကာ တစ်ယောက်တစ်ဝက် စားသောက်ကြသည်။
“မင်းက ချီစွမ်းအင်နည်းနည်း စုနိုင်ကတည်းက” ဖက်တီးက အဆီများဖြင့် ပေကျံနေသော နှုတ်ခမ်းအား သပ်ကာ ပြောသည် “မင်းက တောကြက်တွေကို ဖမ်းနိုင်လာခဲ့တယ်။ ပထမဆုံး ငါတို့ရောက်စနှစ်လကတော့ တကယ့်ကို အိပ်မက်ဆိုးပဲ” ဤကား သူ၏အလေ့အထအသစ်ဖြစ်သော မန်ဟိုကို ချီးမြှောက်ခြင်းဖြစ်သည်။
“လူအတော်များများ တောထဲမှာ အမဲလိုက်ကြတယ်။ မင်းက ဒါကို မသိတာပဲ ရှိတယ်” မန်ဟိုက ကြက်ခြေထောက်အား တစ်ကိုက်ကိုက်ကာ ပြောသည်။
“ဟင်း… မင်းသာ စဦးချီဖွဲ့စည်းခြင်းအဆင့်၁ကို ရောက်သွားပြီးတော့ အပြင်စည်းတပည့်ဖြစ်သွားရင် ငါဘာလုပ်ရမလဲ။ ငါက ဒီအလေ့အထတွေကို သိတာ မဟုတ်ဘူး” သူက မန်ဟိုကို မျှော်လင့်တကြီး ကြည့်၏။
“ဒီမှာ ဖက်တီး… မင်းအနေနဲ့ အိမ်ပြန်ဖို့ တစ်ခုတည်းသော နည်းလမ်းက အပြင်စည်းတပည့်ဖြစ်လာဖို့ပဲ” မန်ဟိုက ကြက်ခြေထောက်အား ချကာ ဖက်တီး၏မျက်လုံးများကို ကြည့်လျှက်ပြောသည်။
ဖက်တီးက ထိုနေရာတွင် အတန်ကြာ တိတ်ဆိတ်စွာ ထိုင်နေပြီးမှ စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ခေါင်းညိတ်သည်။
နောက်ထပ် ခြောက်ရက် ကုန်သွား၏။ ညအချိန်အခါဖြစ်သည်။ ဖက်တီးကား အိပ်မောကျနေခဲ့၏။ မန်ဟိုသည် အခန်းထဲတွင် တင်ပလ္လင်ခွေထိုင်ကာ တရားထိုင်နေ၏။ သည်သုံးလအတွင်း သစ်ခုတ်ခြင်းအပြင် သူ၏အချိန်အမျာစုအား မည်သို့ ကျင့်ကြံခဲ့သည်ကို ပြန်တွေးမိသည်။
လွန်ခဲ့သော နှစ်လခန့်က သူသည် ချီအငွေ့လေးအား စတင်ဖြစ်ပေါ်စေခဲ့သည်။ သူက အသက်ကို ပြင်းပြင်းရှိုက်ကာ မျက်လုံးကို မှိတ်လျှက် ထိုချီအငွေ့လေးအား ခန္ဓာကိုယ်အတွင်း၌ စတင်လှည့်ပတ်သည်။ ထို့နောက်တွင် သူ့ခေါင်းထဲတွင် ကျယ်လောင်သော အသံတစ်ချက် ကြားလိုက်ရ၏။ အမြဲတမ်း သူသည် ချီများအား တစ်ကိုယ်လုံးသို့ ဖြန့်ကျက်နိုင်ခြင်း မရှိခဲ့။ ယခု သူ အောင်မြင်ခဲ့လေပြီ။ သူက ချီများအား တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လိုက်သည်။ ထိုအခိုက်တွင် မန်ဟိုသည် သူ့တစ်ကိုယ်လုံးပေါ့ပါးနေသည်ဟု ခံစားရ၏။
မန်ဟိုက စဦးချီဖွဲ့စည်းခြင်းအဆင့် ၁ ကို ရောက်ရှိသွားသည်နှင့် အပြင်ဘက်တွင် ကျောက်တုံးပေါ်၌ ထိုင်နေသော မြင်းမျက်နှာလူငယ်သည် မျက်လုံးကို ဖြေးညှင်းစွာ ဖွင့်လျှက် မန်ဟိုရှိနေရာ အိမ်သို့ ကြည့်လိုက်ပြီး မျက်လုံးများကို ပြန်မှိတ်လိုက်၏။
နံနက်ကို ရောက်လျှင် တောင်ဘက်အစေခံတန်းလျားမှ အားလုံး၏အားကျသော အကြည့်များအောက်တွင် မန်ဟိုသည် သူ လေးလမျှ နေထိုင်ခဲ့သော အခန်းထဲမှ ထွက်လာခဲ့၏။ သူက မြင်းမျက်နှာနှင့်လူငယ်ရှေ့တွင် ရပ်သည်။
ဖက်တီးလေးက သူနှင့်မလိုက်လာခဲ့ပေ။ သူသည် မန်ဟိုကို အိမ်တံခါးနောက်မှ ကွယ်ကာ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် ကြည့်သည်။
“မင်းက လေးလနဲ့ စဦးချီဖွဲ့စည်းခြင်းအဆင့်ကို ရောက်တယ်။ မင်းက အရမ်းတော်တဲ့အထဲ မပါသလို တုံးလည်း မတုံးဘူး” မြင်းမျက်နှာဖြင့်လူက သူ့အား ပြောသည်။ သူ၏အမူအရာက ယခင်ကကဲ့သို့ အေးစက်နေခြင်း မရှိတော့ပေ။ သူက တည်ငြိမ်စွာ ပြောသည် “အခုမင်းက ဂိုဏ်းအပြင်စည်းကို သွားရတော့မယ်။ အဲဒီက စည်းမျဉ်းအချို့ကို ငါပြောပြမယ်။ လစဉ်လတိုင်း အဲဒီမှာ ဆေးလုံးတွေနဲ့ ဝိညာဉ်ကျောက်တုံးတွေကို ခွဲဝေပေးတယ်။ ဒါပေမဲ့ တခြားလူတွေဆီက လုယက်တာတွေ၊ အုပ်စုဖွဲ့အနိုင်ကျင့်တာတွေကို မကန့်သတ်ထားဘူး။ အဒီမှာ သတ်ကွင်းလို့ခေါ်တဲ့ အများဆိုင်နေရာတစ်ခုရှိတယ်။ မင်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့လိုတယ်” သူက ပြောရင်းဖြင့် ညဘက်လက်ကို မြှောက်လိုက်လျှင် ကျောက်စိမ်းပြားတစ်ခု မန်ဟိုရှေ့ကို ရောက်လာခဲ့၏။ မန်ဟိုက ကျောက်စိမ်းပြားကို ဖမ်းဆုပ်လိုက်သည်။
“ချီစွမ်းအားကို အဲဒီကျောက်စိမ်းပြားထဲကို ပို့လွှတ်လိုက်။ အဲဒါက မင်းကို အပြင်စည်းဂိုဏ်းရဲ့ ရတနာစံအိမ်ကို ခေါ်သွားလိမ့်မယ်။ အဲဒီမှာ မင်းရဲ့အပြင်စည်းသို့ အဆင့်တက်ခြင်းအတွက် စာရင်းသွင်းရမယ်” မြင်းမျက်နှာဖြင့်လူက ပြောသည်။
မန်ဟိုက ဘာမှ မပြောပေ။ သူ့အား လက်နှစ်ဘက်ကို ဆုပ်လျှက် ဦးညွတ်လိုက်ပြီး နောက်လှည့်ကာ ဖက်တီးလေးအား တစ်ချက်ကြည့်သည်။ သူတို့နှစ်ဦး အချင်းချင်း ကြည့်မိလျှင် မန်ဟိုက ကြီးစွာ စိတ်မကောင်းခြင်းများအား ခံစားရသည်။ သို့သော်လည်း သူ့အနေဖြင့် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှ မတတ်နိုင်။ သူက ကျောက်စိမ်းပြားထဲကို ချီစွမ်းအားများ ပို့လွှတ်လိုက်လျှင် ကျောက်စိမ်းပြားမှ အစိမ်းရောင်အလင်းများ ဖြာထွက်လာကာ လေထဲစတင်မြောလွင့်လာ၏။
မန်ဟိုက ကျောက်စိမ်းပြားနောက်သို့ လိုက်ပါသွားကာ တောင်ဘက်အစေခံတန်းလျားမှ ထွက်ခွာသွားတော့သည်။
သူက ပင်မတံခါးကြီးမှ လမ်းကလေးအတိုင်းဆင်းသွားကာ တဖြည်းဖြည်း အဝေးသို့ ရောက်သွား၏။ တဖြည်းဖြည်းဖြင့် သူသည် ပြီးခဲ့သည့် လေးလအတွင်း တစ်ခါမှ ခြေမချဖူးသည့် တောင်ခြေနေရာသို့ ရောက်လာ၏။
မှီခိုရာဂိုဏ်းကား အရှေ့၊အနောက်၊တောင်၊မြောက် စသော ပင်မတောင်ထွတ်လေးခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ပတ်ဝန်းကျင်တွင်ကား အဆုံးမရှိသော တောင်ကုန်းတောင်တန်းကြီးများ ရှိသည်။ တောင်တစ်ခုစီ၏လမ်းတစ်ဝက်ခန့်တွင် အစေခံတန်းလျားများရှိသည်။ ၎င်းထက် အပေါ်သို့ တက်လျှင် အရံအတားစည်းတစ်ခုရှိသည်။ ၎င်းအလွန်တွင် အတွင်းစည်းတပည့်များနှင့် အကြီးအကဲများ ရှိပေသည်။
တောင်တစ်လုံးစီတိုင်းကို ထိုသို့ ဖွဲ့စည်းထား၏။ တောင်လေးလုံးအကြားမှ ကွင်းပြင်သည်ကား မှီခိုရာဂိုဏ်းမှ မရေမတွက်နိုင်သော အပြင်စည်းတပည့်များ နေထိုင်ရာ အဆောက်အဦများ ရှိနေသည်။
သည်အပိုင်းတွင် မှီခိုရာဂိုဏ်းသည် တခြားဂိုဏ်းများနှင့် အနည်းငယ် ကွဲပြားပေသည်။ အပြင်စည်းတပည့်များသည် တောင်ခြေတွင် နေထိုင်ကာ အစေခံများသည် တောင်ခါးပန်းပြတ်နေရာတွင် နေထိုင်ကြ၏။ ဤကား အကြောင်းအရင်းမသိရဘဲ မှီခိုရာဂိုဏ်းချုပ် ချမှတ်ထားခဲ့သော စည်းမျဉ်းဖြစ်သည်။
အဝေးမှ ကြည့်လျှင် ထိုနေရာတစ်ခုလုံးအား မြူများ ဖုံးအုပ်ထားဟန်ရ၏။ သို့သော်လည်း မြူများထဲသို့ ခြေချမိသည်နှင့် ထိုမြူများ စုတ်စမြုတ်စ ပျောက်သွားသည်။ သူ့ရှေ့တွင်ကား ကျောက်လှေကားထစ်များ၊ အဆောက်အဦများနှင့် ကျောက်တုံးလမ်းကလေးများ ရှိသည်။ အပြင်စည်းတပည့်များသည် အစိမ်းရောင်ဝတ်စုံများကိုသာ ဝတ်ဆင်ကြရ၏။ မန်ဟိုက ရှေ့ကို လျှောက်သွားလျှင် လူအချို့က သူ့အား သတိထားမိကြ၏။
သူတို့ထဲမှ အချို့သည် သူ့အား စားမတတ်ဝါးမတတ် ကြည့်ကာ အနည်းငယ်မျှပင် ကောင်းမွန်သော သဘောထားမရှိသည်မှာထင်ရှား၏။ မန်ဟိုက သူ့အား သားရိုင်းများက အမဲဖျက်မည့်အကြည့်ဖြင့် ကြည့်ခံနေရသည်ဟုပင် ထင်မိကာ အစ်ကိုကြီးမြင်းမျက်နှာဖြင့်လူပြောသည်ကို သတိရ၏။
မကြာခင် သူသည် ဂိုဏ်းအပြင်စည်း၏တောင်ဘက်ခြမ်းတွင်ရှိသော အနက်ရောင်အဆောက်အဦသို့ ရောက်လာသည်။ အဆောက်အဦကား သုံးထပ်ဖြစ်ကာ အနက်ရောင်ဖြစ်သော်လည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားဟန်ရပြီး သလင်းကျောက်ကဲ့သို့ ကြည်လင်၏။
မန်ဟို ချဉ်းကပ်သွားလျှင် အဆောက်အဦ၏ပင်မတံခါးကြီး ပွင့်ဟသွားကာ သတ်လတ်ပိုင်းလူကြီးတစ်ဦး ထွက်လာသည်။ သူကား အစိမ်းရင့်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင်ပါးသိုင်းမွှေးများ ပြည့်နှက်နေသည်။ သူက လက်ကို မြှောက်လိုက်လျှင် ကျောက်စိမ်းပြားသည် သူ့ထံသို့ ပျံသန်းသွား၏။ သူက ကျောက်စိမ်းပြားအား ကြည့်ကာ မနှေးမမြန် ပြောသည် “မန်ဟိုဟာ အပြင်စည်းတပည့်အဖြစ် အဆင့်မြှင့်တက်ခြင်းခံရတယ်။ သူ့ကို အိမ်တစ်လုံး၊ ဝတ်စုံစိမ်းတစ်လုံး၊ ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ သိုလှောင်အိတ်တစ်လုံး ချီးမြှင့်တယ်။ ဝိညာဉ်ကျောက်တုံးကိုသုံးပြီး ရတနာစံအိမ်ထဲက မှော်ပစ္စည်းတစ်ခု ထုတ်ယူနိုင်တယ်” သူက လက်ဝှေ့ယမ်းလိုက်လျှင် မီးခိုးရောင်အိတ်တစ်လုံး မန်ဟို၏လက်ထဲသို့ ရောက်လာသည်။
သူက မီးခိုးရောင်အိတ်ကို ကြည့်ကာ လမ်းတွင် တွေ့ခဲ့သော တပည့်အချို့တွင် ထိုသို့ အိတ်များ ရှိကြောင်း သတိရလိုက်၏။
လူကြီးက မန်ဟိုအား ကြည့်ကာ လူငယ်က ကျင့်ကြံခြင်းလောကထုံးစံများအား သိပ်နားမလည်သည်ကို သိလိုက်၏။ မဟုတ်လျှင် မည်သို့ သိုလှောင်အိတ်အား မမှတ်မိဘဲ နေမည်နည်း။ ဤတွင် သူက အေးစက်စက်ပြောသည် “မင်းရဲ့စိတ်ဝိညာဉ်စွမ်းအင်ကို အိတ်ထဲကို ပို့လွှတ်လိုက်။ အဲဒီအထဲမှာ မင်းက ပစ္စည်းတွေ အများကြီး ထည့်လို့ရတယ်”
ဤတွင် မန်ဟိုကလည်း သူ၏ချီအားအနည်းငယ်ကို အိတ်ထဲသို့ ပို့လွှတ်လိုက်၏။ ဤတွင် သူက အိတ်ထဲမှ အစိမ်းရောင်ဝတ်စုံ၊ ကျောက်စိမ်းပြားနှင့် တခြားသော ပစ္စည်းများကို မြင်၏။
ထိုအခိုက်တွင် သူ၏စိတ်ဝင်စားမှုက အမြင့်ဆုံးသို့ ရောက်လာခဲ့၏။ သည်အိတ်သည် အနည်းဆုံး ရွှေစတစ်ရာခန့် တန်ပေမည်။ သိသာစွာပင် သည်အရာက အင်မော်တယ်များ၏ထုတ်ကုန်တစ် ခုဖြစ်ပေလိမ့်မည်။
သူက အာရုံစိုက်လိုက်လျှင် ကျောက်စိမ်းပြားသည် သူ့လက်၌ ရုတ်တရက် ပေါ်လာသည်။ သူက ပို၍ အာရုံစိုက်လိုက်လျှင် အိတ်အတွင်း၌ ဂိုဏ်းအပြင်စည်း၏မြေပုံကို တွေ့သည်။ မြေပုံထောင့်တစ်နေရာတွင် သူ၏အိမ်ရှိ၏။
“အဲဒါတွေ နောက်မှကြည့်” လူကြီးက အေးစက်စွာ ပြောသည် “ရတနာစံအိမ်က ဖွင့်နေပြီ။ မင်းအခုထိ မသွားသေးဘူးလား”
မန်ဟိုက ခေါင်းမော့ကာ သိုလှောင်အိတ်အား သူ့ဝတ်စုံ၌ ချိတ်ထားလိုက်သည်။ ထို့နောက် ပွင့်နေသော ရတနာစံအိမ်ကို ကြည့်ကာ သက်ပြင်းတစ်ချက်ရှိုက်လျှက် အတွင်းသို့ လှမ်းလိုက်တော့၏။
သူက အတွင်းသို့ ဝင်လိုက်လျှင် သူ၏အမူအရာက ကြီးစွာ ပြောင်းလဲသွားကာ အသက်ကို ပြင်းစွာ ရှုလိုက်သည်။