အခန်း ( ၆၀၆ )

နတ်ဝိညာဥ်

” ငါလက်မခံနိုင်ဘူးဟေ့။ မင်းက ဘယ်လိုနည်းနဲ့များ ငါ့ကိုယှဥ်နိုင်ရတာတုံး ပိုင်ဟောက်။ ငါတို့ကလေးဘဝထဲက ငါက စွမ်းအားအကြီးဆုံး၊ အရေးအပါဆုံး နဲ့ အဆင့်အမြင့်ဆုံး ကျင့်ကြံခြင်းအခြေခံရှိတဲ့ လူလေကွာ။ မယုံနိုင်ဘူး ”
ပိုင်ချီမှာ မျှော်လင့်ချက်ကင်းမဲ့စွာ အော်ဟစ်နေပြီး သူ၏တစ်ဘဝလုံးတွင် ဤမျှ အထိန်းကွပ်မဲ့စွာ မဖြစ်ဘူးခဲ့ပေ။ ထိုအော်ဟစ်သံမှာ အချိန်တစ်ခဏမျှသာ ကြာလိုက်ပြီးနောက် အလင်းတန်းတစ်ခု ပြတ်တောက်သွားသည့်အလား ပျက်စီးကွယ်ပျောက်သွားရတော့သည်။

ပိုင်ရှောင်ချန်း၏ အရာအားလုံးကိုဖျက်ဆီးနိုင်သည့် လက်ဝါးချက်ကြီးက ပိုင်ချီအပေါ်သို့ကျရောက်သွားပြီး သူ၏ နတ်ဘုရားစွမ်းရည်နှင့် မှော်သိုင်းများကိုဖျက်ဆီးလိုက်သောအခါ ဘိုးဘွားပိုင်နယ်မြေ၏ ကောင်းကင်တခွင်တွင် ထစ်ချုန်းသံများ ပြည့်နှက်သွားတော့သည်။ ပိုင်ချီမှာ မီးမုန်တိုင်းတစ်ခုထဲသို့ ကျရောက်သွားရသည့် နှင်းမှုန်လေးတစ်ခုအလား အနည်းငယ်လေးမျှပင် ပြန်လည်မခုခံနိုင်တော့ပေ။

သူသည် အမြုတေအဆင့် မဟာစက်ဝန်းတွင်ရောက်နေပြီဖြစ်ပြီး ပိုင်ရှောင်ချန်းထက် မဆိုစလောက်သာ အဆင့်နိမ့်သည်။ သို့သော်ငြားလည်း သူကလုံးဝ မယှဥ်နိုင်ပေ။ သူ့ကိုအသေသတ်ချင်နေသည့်လူမှာ ပိုင်ဟောက်မဟုတ်ပဲ သူလုံးဝရန်မစသင့်သည့် ပိုင်ရှောင်ချန်းဖြစ်နေသည် မဟုတ်ပါလော။

သူတို့နှစ်ယောက်မှာ ကောင်းကင်နှင့် မြေကြီးအလားကွာခြားလွန်းနေသဖြင့် နှိုင်းယှဥ်ရန်လုံးဝ မဖြစ်နိုင်ပေ။ ပိုင်ရှောင်ချန်းမှာ ကောင်းကင်တာအို အခြေခိုင်မာခြင်းအဆင့်နှင့် ကောင်းကင်တာအို ရွှေအမြုတေအဆင့်တို့ကို ရောက်ရှိထားသည်။ သူသည် နတ်ဝိညာဥ်သုံးခုနှင့် ပေါင်းစည်းကာ နတ်ကိုယ်ပွားသုံးခုကို ထုတ်ထားနိုင်၏။ သူသည် အဆုံးအစွန်အဆင့်ထိ မရောက်သေးပါသော်လည်း နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော သခင်မလေးဟုန်ချိန်ထံမှပင် ထွက်ပြေးနိုင်လောက်အောင် စွမ်းအားကြီးနေပြီဖြစ်သည်။ ထိုအချက်များကြောင့် အမြုတေအဆင့်မဟာစက်ဝန်းမှာ သူ့အတွက် စာဖွဲ့စရာတစ်ခု မဟုတ်တော့ပေ။

ပိုင်ချီမှာ မည်သို့မျှမတတ်နိုင်သဖြင့် မယုံကြည်နိုင်သည့် အမူအရာဖြင့် ငြင်းဆိုနေခြင်းမှာ ဟာသကြီးတစ်ခုအလားဖြစ်နေတော့သည်။

သူ၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်အတတ်များ ပျက်စီးသွားသောအခါ တဂျုန်းဂျုန်း မြည်ဟည်းသံများ ပေါ်ထွက်လာတော့သည်။ ထို့နောက် သူ၏ လက်မောင်းအောက်တစ်ခုလုံးမှာ အက်ကွဲကြောင်းများထလာပြီး သွေးများပန်းထွက်ကာ ပျက်စီးသွားရတော့သည်။ သူ၏အရိုးများမှာ အပိုင်းပိုင်းကျိုးကြေကာ သူ၏ခြေထောက်များမှာလည်း အသားကြိတ်စက်ထဲသို့ရောက်သွားသည့်အလား ပျောက်ကွယ်သွားကြတော့သည်။

သူ၏တစ်ကိုယ်လုံးကို နာကျင်မှုများနှင့် မျှော်လင့်ချက်ကင်းမဲ့မှုများ ဖုံးလွှမ်းနေစဥ်တွင် ပိုင်ရှောင်ချန်းက သူ၏လက်ကိုလှုပ်ရှားလိုက်သည်။ ထိုအခါ ပိုင်ချီ၏ ရင်ဘတ်မှာလည်း ပျက်ဆီးသွားပြီး သူ၏ပါးစပ်ထဲမှ သွေးများပန်းထွက်လာတော့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်သွားရတော့သည်။

လက်ဝါးချက်၏ ကြောက်မက်ဖွယ်အင်အားကြီးကြောင့် သူသည် ပေါင်းပင်များအလား ဇီဝိန်ချွေ ခံလိုက်ရပြီး သူ၏ ဝိညာဥ်သာမက အမြုတေပါ လုံးဝပျက်စီးသွားတော့သည်။

ပိုင်လဲ့နှင့် မမလေးငါး အပါအဝင် ဘိုးဘေးတောင်ပေါ်ရှိ လူတိုင်းမှာ အလွန်အမင်း အံ့အားသင့်နေကြတော့သည်။ ပင်မသွေးမျိုးဆက်သာမက သွေးနှောမျိုးဆက်မှ မျိုးနွယ်စုဝင်အားလုံးမှာကြက်သေသေနေကြသည်။ သူတို့၏ အတွေးများမှာ ဂယောင်ခြောက်ခြားဖြစ်ကာ တဆတ်ဆတ်တုန်ရီရင်း ပိုင်ချီက သွေးစများအသွင်ပြောင်းလဲကာ ပန်းပွင့်ဖတ်လေးများက လေထဲတွင်ဝဲပျံသွားသကဲ့သို့ ဖြစ်သွားသည်ကို ကြည့်နေကြတော့သည်။

ပိုင်မျိုးနွယ်စုဝင်များမှာ အံ့အားသင့်လွန်းနေကြသဖြင့် အသက်ရှူရန်ပင် မေ့နေကြတော့သည်။ အလန့်တကြားထအော်ဖို့ကိုပင် သတိမရတော့ပေ။ ဘိုးဘွားပိုင်နယ်မြေအပြင်ဘက်ရှိ လူများမှာလည်း သူတို့နည်းတူ အံ့သြနေကြသည်။ သို့သော် သူတို့မှာ ထိုမြင်ကွင်းကို ဖန်သားပြင်ပေါ်မှတဆင့်မြင်ရသည်ဖြစ်ပြီး ကိုယ်တိုင်ကိုယ်ကျ မမြင်လိုက်ရသဖြင့် တစ်ခဏအကြာတွင် ပြန်လည်သတိလည်လာတော့သည်။ ခဏအကြာတွင် ကျောက်တုံးအပေါက်ဝဘေးမှာ တအံ့တသြအော်ဟစ်သံများ ပေါ်ထွက်လာကြတော့သည်။

” သူ၊ သူတကယ်ကြီး ပိုင်ချီကိုသတ်ပစ်တာပါလား ”

” အဲဒါ ပိုင်ချီလေ။ ငါတို့မျိုးနွယ်စုရဲ့ သားရတနာ ပိုင်ချီလေ ”

” ဘုရားရေ ဘာတွေဖြစ်သွားတာလဲ။ အဲဒါ ပိုင်ဟောက်ရော ဟုတ်ရဲ့လား ”

လူအများစုမှာ သူတို့မျက်လုံးများနှင့် မြင်လိုက်ရသည့် မယုံကြည်နိုင်ဖွယ် မြင်ကွင်းကြီးကို လက်သင့်မခံရဲသေးပေ။ ဘိုးဘွားပိုင်နယ်မြေ၏ အပြင်ရှိ လူများအားလုံးမှာ မိုးကြိုးပစ်ခံလိုက်သည့်အလား ဖြစ်သွားတော့သည်။

လူတိုင်း၏ ဦးရေပြားများမှာ အပြင်းအထန် ထုံကျဥ်နေကြသည်။ ပိုင်မျိုးနွယ်စုစတင် တည်ထောင်ခဲ့ချိန်မှစ၍ ယခုအထိ ဤသို့ဖြစ်ရပ်များ တစ်ခါမှ မဖြစ်ဖူးပေ။

အခြားမျိုးနွယ်စုကြီးနှစ်ခုမှ ကိုယ်စားပြုသူများ အပါအဝင် မရေမတွက်နိုင်သော လူများစွာမှာ မတ်တတ်ထရပ်လိုက်ကြသည်။ သရဲကြီးမြို့တော်မှ တမန်တော်ကမူ ယခုသူကြုံတွေ့လိုက်ရသည့်မြင်ကွင်းကြောင့် သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။

ပိုင်ချီအသတ်ခံရမည်မှာ သေချာနေကြောင်းကို သူတို့က မှန်းဆခဲ့ပါသော်လည်း ဤသို့မျက်ဝါးထင်ထင်မြင်လိုက်ရသောအခါ သူတို့အားလုံးမှာ ကမောက်ကမဖြစ်ကုန်ကြတော့သည်။

မျိုးနွယ်စုခေါင်းဆောင်မှာ အသိစိတ်ပျောက်လုမတတ်ဖြစ်သွားပြီး ခေါင်းကိုနောက်ပစ်ကာ အော်ဟစ်လိုက်တော့သည်။
” ပိုင်ဟောက်။ မင်းကိုမှ ငါမသတ်ရရင် ငါအသက်ရှင်မနေသင့်တော့ဘူးဟေ့ ”

သူ၏ တစ်ကိုယ်လုံးမှာတုန်ရီနေတော့သည်။ သူ၏လက်များမှာ တဆတ်ဆတ်တုန်နေပြီး မျက်လုံးများမှာလည်း သွေးမျက်ရည်များ ငိုထားရသည့်အလား နီမြန်းနေသည်။ သူ၏သားအရင်း သတ်ခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။ မျိုးနွယ်စု၏ သားရတနာနှင့် မျိုးနွယ်စု၏ အနာဂတ်တစ်ခုလုံး ဖြစ်သော သူ၏သားဖြစ်သည်။

သို့သော် ယခုတွင် ထိုအရာအားလုံးမှာ မြူမှုန်များအလား ပျောက်ကွယ်သွားပြီဖြစ်သည်။

ပိုင်ချီ၏ လေထဲတွင်ဝဲပျံနေသော သွေးစများကိုကြည့်ကာ မျိုးနွယ်စုခေါင်းဆောင်မှာ အရူးတပိုင်းဖြစ်သွားရတော့သည်။ သူသည် ကျောက်တုံးအပေါက်ဝကိုဖွင့်ရန် အင်အားအကုန်သုံးကာ ဝင်တိုက်လိုက်တော့သည်။ သို့သော် အချုပ်အနှောင်မန္တန်များမှာ အင်အားကြီးမားလွန်းလှသည်ဖြစ်ရာ တစ်ခဏအတွင်း ပွင့်မသွားချေ။

မျိုးနွယ်စုအကြီးအကဲများမှာလည်း အသက်ရှူသံများမြန်နေကြပြီး ဤအဖြစ်အပျက်များကို ခေါင်းထဲတွင် ပုံဖော်၍မရနိုင်လောက်အောင် ဖြစ်နေကြသည်။ တရားစီရင်ရေးခန်းမမှ မဟာအကြီးအကဲကြီးပင်လျှင် အလွန်အမင်းတုန်လှုပ်နေပြီး သူ၏မျက်ဝန်းထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များက ယှက်ပြေးနေတော့သည်။

သို့သော် မျိုးနွယ်စုခေါင်းဆောင်သာမက မည်သူမှ…. သခင်မချိုင်လောက် မရူးသွပ်နိုင်ပေ။

” ပိုင်ဟောက်။ ခွေးမသား၊ နင် နာနာကျင်ကျင်နဲ့ကို သေရမှာ။ ငါနင့်ကိုသတ်မယ်။ အသေသတ်မယ်။ ချီအာလေး၊ အမေ့ရဲ့ချီအာလေးရဲ့။ မဖြစ်နိုင်ဘူး။ ဒါအတုအယောင်တွေပဲ။ ပိုင်ဟောက်…. ”
သူမသည် သားရဲအရိုင်းကောင်တစ်ကောင်အလား ရင်ဘတ်စည်တီးကာ ရူးသွပ်စွာအော်ဟစ်နေပြီး မိစ္ဆာဝိညာဥ်တစ်ကောင်အလား တုန်တုန်ရီရီဖြစ်နေတော့သည်။

ပိုင်ရှောင်ချန်းက အပြင်ဘက်တွင် ဖြစ်ပျက်နေသည့်အရာများကို မမြင်နိုင်သော်လည်း ပိုင်ချီ၏ သေဆုံးခြင်းကြောင့် မျိုးနွယ်စုတစ်ခုလုံးမှာ အလွန်အမင်းတုန်ရီသွားမည်ဖြစ်ကြောင်း ရိပ်စားမိသည်။

လက်ရှိတွင် ပိုင်ရှောင်ချန်းမှာ သတ်ဖြတ်လိုစိတ်များဖြင့် တစ်ကိုယ်လုံး ဖုံးလွှမ်းနေပါသော်လည်း အမှန်တကယ်မှာ သူသည်စိုးရိမ်လွန်းသဖြင့် နှလုံးခုန်နှုန်း မြန်နေသည်။ သို့သော် ယခုမှာ စိုးရိမ်ကာတွေဝေနေရမည့် အချိန်မဟုတ်ပေ။ သူ၏ကြောက်စိတ်ကြီးကို မျိုသိပ်လိုက်ပြီး အဓိကလုပ်ရမည့် တာဝန်ကို အာရုံစိုက်လိုက်တော့သည်။ ပိုင်မျိုးနွယ်စုထဲမှထွက်နိုင်ဖို့ရာ အချိန်ဆွဲရန်ဖြစ်သည်။

သူက အသက်ပြင်းပြင်းရှူလိုက်သောအခါ သူ၏စွမ်းအင်များမှာ နောက်ထပ်တစ်ကြိမ် မြင့်တက်လာပြန်သည်။ ထို့နောက် သူကလုံးဝတွေဝေမနေပဲ လက်ကိုဝှေ့ယမ်းလိုက်သောအခါ ပိုင်ချီ၏ ထည့်စရာအိတ်မှာ သူ၏အသားများ၊ သွေးစများနှင့်အတူ သူ့ထံသို့ဝဲပျံလာသည်။ ထို့နောက် ပိုင်ရှောင်ချန်းက တောင်ထိပ်ရှိ အချုပ်အနှောင်မန္တန်ဆီသို့ ဦးတည်သွားတော့သည်။

ထို အချုပ်အနှောင်မန္တန်မှာ ပိုင်မျိုးနွယ်စု၏ သွေးကို လိုအပ်သည်။ နတ်အဆင့် ခေါင်းဆောင်ကြီးနှင့် ပိုင်ချီ၏ အသွေးအသားများကို သုံးပါက အလွယ်တကူ ဖွင့်နိုင်မည်ဖြစ်သည်။

တောင်ပေါ်ရှိကျင့်ကြံသူများက သူ ပိုင်ချီ၏ အသွေးအသားများကိုသုံးကာ အချုပ်အနှောင်မန္တန်ကိုဖွင့်ရန်ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ သူတို့၏နှလုံးသားထဲတွင် အဆုံးအစမဲ့သော အေးစက်မှုများက လွှမ်းခြုံသွားတော့သည်။

ဘိုးဘွားပိုင်နယ်မြေအပြင်ဘက်တွင်လည်း ထိုနည်းတူပင်။ သခင်မချိုင်မှာ တုန်ယင်အက်ကွဲသောအသံကြီးများဖြင့် အော်ဟစ်နေပြီး မျိုးနွယ်စုခေါင်းဆောင်မှာလည်း ဒေါသတကြီး ဟိန်းဟောက်နေသည်။

” မင်းနဲ့အတူတူ တစ်မိုးအောက်မှာ မနေနိုင်ဘူးကွ။ ကျေးဇူးကန်းတဲ့ မျိုးမစစ်ကောင် ”

ပိုင်ချီ၏ အသွေးအသားများကို မန္တန်အစီအရင်ပေါ်သို့ တင်လိုက်သော်အခါ ပိုင်ချီအစပြုခဲ့ပြီးဖြစ်သည့် ဖြိုခွဲခြင်းလုပ်ငန်းစဥ်မှာ တဟုန်ထိုးအရှိန်ဖြင့် ဆက်လက်ဖြစ်ပေါ်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်း အချုပ်အနှောင်မန္တန်မှာ တဖြည်းဖြည်း မှေးမှိန်စပြုလာတော့သည်။

တချိန်ထဲမှာပင် တောင်ပေါ်တွင်ရှိသော နောက်ဆုံး အလင်းရောင်စက်ကွင်းမှာ အမှောင်ကျသွားတော့သည်။ ထို့နောက်အက်ကွဲသံများ မြည်ဟည်းလာပြီး သွေးမျိုးဆက် အချုပ်အနှောင်မန္တန်မှာ…. ပွင့်သွားတော့သည်။

အလင်းစက်ကွင်းနှင့် အချုပ်အနှောင်မန္တန် မရှိတော့အခါ တောင်ထိပ်ကြီးမှာလည်း ပွင့်သွားသည်။ ထိုအခါ ပလ္လင်ပေါ်တွင် မျက်စိအဖမ်းစားနိုင်ဆုံးသော နတ်ဝိညာဥ်တစ်ခု ပေါ်လာတော့သည်။

လူတိုင်းမှာ ထိုမြင်ကွင်းကိုကြည့်နေကြစဥ် ပိုင်ရှောင်ချန်းမှာ ပလ္လင်ပေါ်သို့ တက်သွားတော့သည်။

သူက လျင်မြန်လွန်းလှသဖြင့် ခဏအကြာတွင် ပလ္လင်၏ရှေ့တည့်တည့်သို့ရောက်သွားတော့သည်။ ထို့နောက် သူက လုံးဝတွေဝေမနေပဲ လက်ဆန့်ထုတ်ကာ နတ်ဝိညာဥ်ကို လှမ်းယူရန်ပြင်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ ထူဆန်းသောအလင်းတန်းများ တောက်ပနေတော့သည်။

ပိုင်ရှောင်ချန်း ညာလက်၏ ပုံရိပ်ခွဲပေါင်းများစွာပေါ်ထွက်လာပြီးနောက် သူကဝိညာဥ်ကိုဆုပ်ကိုင်လိုက်သောအခါ အထက်ရှိကောင်းကင်ယံထဲတွင် ထစ်ချုန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

ဘိုးဘွားပိုင်နယ်မြေကြီးတစ်ခုလုံးမှာ တုန်ရီလာသည်။ ထိုမြေအမျိုးအစား ဝိညာဥ်ထဲမှ နတ်အဆင့်ရှိသော အငွေ့အသက်များကို ခံစားမိလိုက်သဖြင့် ပိုင်ရှောင်ချန်း၏ စိတ်နှလုံးမှာ နွေးထွေးသွားရတော့သည်။

” နတ်ဝိညာဥ် အစစ်ပဲ ”
သူက စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။ ဤနေ့သို့ရောက်လာရန် သူကြာရှည်စွာ စောင့်ဆိုင်းခဲ့ရသည် မဟုတ်ပါလော။


Comment

Leave a Reply


Options

not work with dark mode
Reset