ကယ်ဆယ်ရေး သင်္ဘောပျံကြီးမှာ အင်္ဂါဂြိုဟ်ကောင်းကင်ယံကြီးထဲတွင် လျင်မြန်စွာ ပျံသန်းနေ၏။ ၎င်းမှာ မိုးကောင်းကင်ကြီးကိုပင် ထိုးခွင်းနေသည့်အလားပင်။ သူတို့၏ ခရီးစဉ်မှာ တစ်နာရီပင် မကြာလိုက်ပေ။ သာမန် သင်္ဘောပျံများထက် ပို၍သာလွန်သည့် အမြန်နှုန်းဖြင့် ပျံသန်းနေခဲ့သောကြောင့် သိပ်မကြာခင် သူတို့၏ ပန်းတိုင်သို့ ရောက်ရှိသွားတော့သည်။
သူတို့၏ပန်းတိုင်မှာ မြေရိုင်းကြီးတစ်ခု ဖြစ်သည်။ ၎င်းမှာ နှင်းများဖြင့်ဖုံးလွှမ်းနေခြင်း မရှိဘဲ မြေပြင်ကြီးမှာ နီမြန်းနေ၏။ ထို့အပြင် သစ်ပင်ပန်းမန်များလည်း ပေါက်ရောက်နေခြင်းမရှိပေ။ စက်ဝိုင်းပုံသဏ္ဍာန် ဂူကြီးတစ်လုံးသာ ရှိနေ၏။
ထိုဂူကြီးထဲမှ အနီရောင်အလင်းရောင်များ ထွက်ပေါ်လာနေသည်။ ထို အလင်းရောင်၏ အောက်တွင် ဖုန်များထူထပ်နေသော အင်္ဂါဂြိုဟ်မြေပြင်ကြီးမှာ သာမန်ထက်ပင်ပို၍ နီမြန်းနေသောကြောင့် သွေးများဖြင့် ပေကျံနေသကဲ့သို့ပင် ဖြစ်နေ၏။ သူတို့အားလုံးမှာ ထိုမြင်ကွင်းကြီးကို မြင်လိုက်ရသောအခါ ဆွံ့အမှင်တက်သွားကြပြီး သူတို့၏ နှလုံးသားများထဲတွင် ထူးဆန်းသော ခံစားချက်ကြီးတစ်ခု ပေါ်ထွက်လာတော့သည်။
အနက်ရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် ဧရာမ သစ်ပင်ကြီးမှာ အသက်မပါသော မျက်နှာထားဖြင့် ဂူဝကြီးအား လှမ်း၍ ငေးကြည့်နေ၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သူသည် ထို ဂူကြီး၏ တည်နေရာအား မန္တန်အစီအရင်ကြီးက ဖော်ပြထားသည့် ကိုဩဒိနိတ် အမှတ်များနှင့် တိုက်စစ်လိုက်ပြီးနောက် တည်ကြည်စွာ ဆိုလိုက်၏။
” ဒီနေရာပဲ ”
သူသည် သင်္ဘောပျံကြီးပေါ်မှ ခုန်ဆင်းသွား၏။ ချန်းဖုံးအပါအဝင် စစ်တပ်မှ အမြုတေအဆင့် ကျင့်ကြံသူသုံးယောက်မှာ သူ၏နောက်မှ လိုက်သွားကြသည်။ သူတို့အားလုံးမှာ တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာများဖြင့် ပြေးထွက်သွားကြပြီး သွေးရောင်ဂူကြီးထဲသို့ ဝင်သွားကြတော့သည်။
ဝမ်ပေါင်လဲ့နှင့် အခြားအခြေတည်အဆင့် ကျင့်ကြံသူများမှာ နောက်ဆုံးမှထွက်လာကြ၏။ သူတို့၏ရှေ့တွင် မြင်နေရသည့် သွေးရောင်လွှမ်းနေသည့် မြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာကောင်းနေပါသော်လည်း သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သင်္ဘောပျံကြီးပေါ်မှ ခုန်ချကာ ဂူထဲသို့ ဝင်သွားလိုက်ကြသည်။ ဝမ်ပေါင်လဲ့မှာလည်း သူတို့ထဲတွင် ပါနေ၏။ မြည်းလေးမှာ သွေးပျက်လုမတတ် ကြောက်ရွံ့နေသည့်ပုံ ပေါက်နေပြီး ဝမ်ပေါင်လဲ့နားသို့ မခွာတမ်း ကပ်နေ၏။
ဧရာမသစ်ပင်ကြီး၊ ချန်းဖုံးနှင့် အခြားသူများ၏ ဦးဆောင်မှုအောက်တွင် ထို လူအင်အား အယောက်ငါးဆယ်ကျော်ပါသော အဖွဲ့မှာ ဂူထဲသို့ ဝင်ရောက်လာကြသည်။ ဂူထဲသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ဝမ်ပေါင်လဲ့မှာ လေထုထဲရှိ အနံ့ပြင်းလွန်းသော သွေးညှီနံ့များကို ရှူမိလိုက်၏။ ၎င်းမှာ ဂူတစ်ခုလုံးထဲ၌ ပျံ့နှံ့စိမ့်ဝင်နေပြီး သူ၏ မျက်နှာအား ထိုးနှက်လိုက်သကဲ့သို့ပင်။
ထို အနံ့ကြီးမှာ အော်ဂလီဆန်လွန်းနေ၏။ ၎င်းမှာ ပုပ်ပွနေသည့် လူသေအလောင်းများနှင့် လတ်လတ်ဆတ်ဆတ် ခွဲထုတ်ထားသော ကိုယ်အင်္ဂါအစိတ်အပိုင်းများ၏ အနံ့များနှင့် ဆင်တူနေသည်။ ထို့ကြောင့် ၎င်းအား စကားလုံးများနှင့်ပင် ဖော်ပြနိုင်မည်မဟုတ်ပေ။ ထိုသို့ဖြင့် သူတို့၏ နှလုံးခုန်သံများ ထိန်းချုပ်၍ မရနိုင်လောက်အောင် မြန်ဆန်လာချိန်တွင် သူတို့၏ရှေ့၌ လှိုဏ်ခေါင်းကြီးတစ်ခု ပေါ်လာ၏။
ထို လိုဏ်ခေါင်းကြီးမှာ ဆယ်ကိုက်ခန့် ကျယ်ဝန်း၏။ ၎င်းမှာ အတော်အသင့် ကြီးမားကျယ်ဝန်းသည့်ပုံပေါ်ပြီး ၎င်း၏ နံရံများပေါ်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။ အချို့အက်ကွဲကြောင်းများမှာ သေးငယ်လွန်းနေသောကြောင့် အနီးကပ်ကြည့်ရှုမှသာ မြင်နိုင်ပါသော်လည်း အချို့အက်ကွဲကြောင်းများမှာမူ အင်မတန်မှ ကြီးမားလွန်းနေသောကြောင့် အဆုံးမရှိလောက်အောင် ရှည်လျားနေသည့်ပုံ ပေါက်နေသည့် လှိုဏ်ခေါင်းလေးများနှင့် လမ်းကြောင်းလေးများသကဲ့သို့ပင် ဖြစ်နေ၏။ သို့သော် ၎င်းတို့မှာ ပင်မလှိုဏ်ခေါင်းကြီးကိုမူ မယှဥ်နိုင်ပေ။
” ဒီ လှိုဏ်ခေါင်းကို တူးထားတာ သိပ်မကြာသေးဘူးပဲ…. ”
ချန်းဖုံးမှာ နံရံများကို ကြည့်ရှုစစ်ဆေးရင်း ဖြည်းဖြည်းချင်း ဆိုလိုက်၏။ ထိုအခါ ဧရာမသစ်ပင်ကြီးနှင့် အခြား အမြုတေအဆင့် ကျင့်ကြံသူနှစ်ယောက်မှာလည်း နံရံများကို စစ်ဆေးကြည့်လိုက်ကြသည်။ ထို့နောက် သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် လှိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားကြ၏။
ဝမ်ပေါင်လဲ့မှာ အခြေတည်အဆင့် ကျင့်ကြံသူများနှင့်အတူ ရှိနေ၏။ သူသည် ဂူထဲသို့ ရောက်လာသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ လှုပ်လှုပ်ရွရွ ဖြစ်လာသည်ကို အာရုံခံမိလိုက်သည်။ ၎င်းမှာ သာမန်ထက် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်နေသည့်ပုံပင်။
ထို့ကြောင့် သူသည် သူယခင်တုန်းက ခန့်မှန်းခဲ့သည့်အချက်မှာ မှန်ကန်ရမည်ဟု ယုံကြည်သွား၏။ သူသည် ဂူထဲတွင် ပိတ်မိနေခဲ့စဉ်တုန်းက သွေးရောင်မြူခိုး အနည်းငယ်ကို ရှူရှိုက်မိလိုက်သောကြောင့် အမှောင်ပညာရပ်ကို လေ့ကျင့်နိုင်စွမ်း ရှိလာခဲ့သည် မဟုတ်ပါလော။ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်နေခဲ့၏။
” အဲဒီ သွေးရောင်မြူခိုးတွေက ဘာတွေများလဲဟ…. ဒီ ဂူကြီးက နတ်ဘုရားလက်နက် ရှိတဲ့နေရာနဲ့ သိပ်မဝေးဘူးလို့ သူတို့က ပြောနေကြတာ။ ဒီတော့ အဲဒီ နတ်ဘုရားလက်နက်ကြီးနဲ့များ ဆိုင်နေမလား ”
ဝမ်ပေါင်လဲ့၏ အတွေးများမှာ ယောက်ယက်ခတ်သွား၏။ သို့သော် သူသည် အာရုံထွေပြားသွား၍ မဖြစ်ပေ။ သူရောက်နေသည့်နေရာမှာ အန္တရာယ်များသည့် နယ်မြေတစ်ခုဖြစ်ပြီး သူတို့၏အဖွဲ့ကို ဦးဆောင်နေသူမှာ ဧရာမသစ်ပင်ကြီး ဖြစ်နေသည်မဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးကို ဆက်သွယ်ခဲ့ပြီး သူ၏ တည်နေရာကို ပြောပြထားသောကြောင့် ဧရာမသစ်ပင်ကြီးမှာ သူ့အား ပေါ်ပေါ်ထင်ထင် အန္တရာယ်ပြုရဲမည် မဟုတ်ပါသော်လည်း သူတို့မှာ အန္တရာယ်များသည့် နယ်မြေတစ်ခုထဲသို့ ရောက်ရှိနေသည် မဟုတ်ပါလော။ တစ်ခါတရံတွင်ဆိုလျှင် လူတစ်ယောက်ကိုသတ်ရန် ကိုယ်ကိုယ်တိုင် အလုပ်ရှုပ်ခံနေစရာပင် မလိုပေ။ အန္တရာယ်နှင့် ကြုံနေရသည့်လူတစ်ယောက်ကို မကယ်တင်ပေးဘဲ လျစ်လျူရှုလိုက်ခြင်း သို့မဟုတ် အခြားသူတစ်ယောက်ကို ဦးစားပေး၍ ကယ်တင်လိုက်ခြင်း အစရှိသော လုပ်ရပ်မျိုးများမှာ လူတစ်ယောက်၏ သေရေးရှင်ရေးကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိပေသည်။
ထို့ကြောင့် သူတို့ ဂူထဲသို့ စဝင်လာခဲ့သည့် အချိန်ကတည်းက ဝမ်ပေါင်လဲ့မှာ ရှေ့မှနေ၍ ဦးဆောင်ခြင်း မရှိဘဲ အခြားကျင့်ကြံသူများနှင့် အတူတူ ရှိနေခြင်း ဖြစ်သည်။ သူသည် အတွေးလွန်နေရန် အချိန်မရှိပေ။ ထို့ကြောင့် သူ၏အာရုံများကို ပြန်လည်စုစည်းလိုက်ပြီး ကယ်ဆယ်ရေးအဖွဲ့နောက်မှ လိုက်ကာ လှိုဏ်ခေါင်းထဲသို့ ဖြည်းဖြည်းချင်း ဆင်းသွားလိုက်၏။ လူတိုင်းမှာလည်း သတိကြီးကြီးထားကာ ပတ်ဝန်းကျင်ကို အကဲခတ်နေကြ၏။ သူတို့မှာ ခပ်ဝေးဝေးသို့ မရောက်ခင်မှာပင် လှိုဏ်ခေါင်းကြီး၏ အဆုံးမှ မိုးခြိမ်းသံကဲ့သို့သော ဟိန်းသံများမှာ ရုတ်တရက်ဆိုသလို အဆက်မပြတ် ထွက်ပေါ်လာတော့သည်။
၎င်းတို့မှာ ရက်စက်ကြမ်းကြုတ်သော သားရဲကြီးများ၏ ဟိန်းဟောက်သံများနှင့် ဆင်တူနေပြီး ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုအချိန်တွင် ရှေ့ဆုံးတွင်ရှိနေသော ဧရာမသစ်ပင်ကြီးမှာ ရုတ်တရက်ဆိုသလို သူ၏ ညဘက်လက်ကို မြှောက်လိုက်ပြီး သူ၏ ဘေးရှိနံရံထဲမှ တစ်စုံတစ်ခုကို လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
သူ၏ တိုက်ကွက်မှာ မြန်ဆန်လွန်းနေ၏။ သူ ထိုကဲ့သို့ လှမ်း၍ဖမ်းဆုပ်လိုက်သောအခါ သစ်သားများဖြင့် ပြုလုပ်ထားသည့် အနက်ရောင်လက်သည်းကြီးများ ပေါ်ပေါက်လာပြီး သူ၏ လက်အစစ်ပေါ်၌ ပေါ်လာ၏။ ထို့နောက် သူ၏ လက်မှာ နံရံထဲသို့ ထိုးဖောက်သွားပြီး တစ်စုံတစ်ခုကို ဆွဲထုတ်လိုက်သည်။ ထိုအခါ ခန္ဓာကိုယ်တစ်ဝက် ပုပ်ပွနေသော ရုပ်အလောင်းကြီးတစ်လောင်း နံရံထဲမှ ထွက်လာ၏။
ထို ရုပ်အလောင်းကြီး၏ အဝတ်အစားများမှာ ပုံမဖော်နိုင်လောက်အောင် ပျက်စီးစုတ်ပြဲနေပြီဖြစ်သည်။ ထိုရုပ်အလောင်းကြီး၏ ခန္ဓာကိုယ်ထဲတွင် လောက်ကောင်များဖြင့် ပြည့်နှက်နေပြီဖြစ်ပြီး ၎င်း၏ အပုပ်နံ့မှာလည်း ဆိုးရွားလွန်းနေ၏။
ထိုသို့ ဖြစ်နေသည့်တိုင်အောင် ၎င်းမှာ ရွေ့လျားနိုင်စွမ်း ရှိနေဆဲပင်ဖြစ်ရာ အသက်ဝင်နေသည့် ဖုတ်ကောင်ကြီးတစ်ကောင်နှင့် တူနေ၏။ ၎င်းမှာ ဧရာမသစ်ပင်ကြီး၏ ဖမ်းချုပ်ခြင်းကို ခံထားရသည်တိုင်အောင် ၎င်း၏ လက်များဖြင့် အပြင်ဘက်သို့ လှမ်း၍ ကုတ်နေဆဲပင်။ ထို့အပြင် ၎င်း၏နှုတ်မှ ထွက်ပေါ်လာသော အော်ဟစ်မြည်တမ်းသံများမှာ ကျောချမ်းသွားစေနိုင်လောက်သည့်အထိ ချောက်ချားဖွယ်ရာကောင်းနေ၏။
ထို့ကြောင့် လူတိုင်း အထိတ်တလန့်ဖြစ်သွားကြပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ သူတို့မှာ နံရံများ၏ အနီးမှ ခွာလိုက်ကြ၏။
” ဘာကြီးလဲဟ ”
” အသက်ဝင်နေတဲ့ဖုတ်ကောင်ကြီးလား ”
” အသက်ပြန်သွင်းထားတာပဲ ”
ဧရာမသစ်ပင်ကြီးမှာ မျက်မှောင်ကြုတ်သွား၏။ သူသည် နှာမှုတ်ကာ သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ပြီး သူ ဖမ်းထားသော ရုပ်အလောင်းကြီး၏ ဦးခေါင်းခွံကို ချေမွပစ်လိုက်သည်။ ထိုအခါ ခေါင်းပြတ်သွားသော ခန္ဓာကိုယ်ကြီးမှာ မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။ ၎င်းမှာ ခေါင်းမရှိတော့သည့်တိုင်အောင် မြေကြီးပေါ်တွင် တွားသွားနေဆဲပင်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ရွစိရွစိ ဖြစ်လာရတော့သည်။ သူ၏ ပတ်ပတ်လည်မှ အခြားသူများမှာလည်း သူ့နည်းတူပင် ကြောက်ရွံ့ထိတ်လန့်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် အဝေးတစ်နေရာမှ အော်ဟစ်သံများ ထွက်ပေါ်လာ၏။ ထို့နောက် သူတို့၏ အောက်ဘက်ရှိ မြေပြင်ကြီးနှင့် ပတ်ပတ်လည်ရှိ နံရံများထဲမှ မြေကြီးများကို တူး၍ သူတို့ဆီသို့ ဦးတည်လာနေကြသည့် အမည်မသိ သတ္တဝါများ၏ အသံများကို ကြားလိုက်ရတော့သည်။
ထို့နောက် လေးဘက်လေးတန်ရှိ နံရံများထဲမှသာမက မြေပြင်ကြီးနှင့် မျက်နှာကြက်များထဲမှ ဦးခေါင်းများ တစ်လုံးပြီးတစ်လုံး ထွက်လာကြသောကြောင့် သူတို့အားလုံးမှာ ကြောက်ရွံ့ထိတ်လန့်သွားကြတော့သည်။
ထို့အပြင် လှိုဏ်ဂူကြီး၏ အဆုံးမှ သူတို့ဆီသို့ ပြေးလာနေကြသည့် ခြေသံများနှင့် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာသည်။ ထိုအချိန်တွင် မြေပြင်ကြီးမှာ သွေးရောင်သန်းသောကြောင့် ကယ်ဆယ်ရေးအဖွဲ့မှာ လှိုဏ်ခေါင်းကြီး၏ အဆုံးမှ လူရိပ်သုံးခု ထွက်ပေါ်လာသည်ကို လှမ်းမြင်လိုက်ရသဖြင့် တုန်လှုပ်ချောက်ချားသွားကြတော့သည်။
၎င်းတို့အားလုံးမှာ ရုပ်အလောင်းများ ဖြစ်ကြပါသော်လည်း သူတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်း အများစုမှာ ပုပ်ပွနေခြင်း မရှိသေးပေ။ သူတို့၏ အဝတ်အစားများမှာလည်း အကောင်းပတိနီးပါး ရှိနေကြဆဲပင်ဖြစ်ပြီး သူတို့၏ ခန္ဓာကိုယ်များထဲမှ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် စွမ်းအင်တစ်မျိုး ထွက်ပေါ်နေ၏။
ဧရာမသစ်ပင်ကြီး၊ ချန်းဖုံးနှင့် ဝမ်ပေါင်လဲ့တို့ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တစ်ခုလုံးမှာ ထို လူသုံးယောက်၏ အဝတ်အစားများကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားကြပြီး ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးသွားကြတော့သည်။
သူတို့၏ အဝတ်အစားများမှာ ပြည်ထောင်စုကြီးထဲရှိ လူများ၏ အဝတ်အစားများနှင့် သိသိသာသာ ကွဲပြားနေ၏။ ၎င်းတို့မှာ ရှေးခေတ်မှ အဝတ်အစားများ ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အမြစ်ရွာထဲတွင် ရှိခဲ့စဉ်တုန်းက ရှေးဟောင်း ကြေးညိုရောင် ဓားကြီးပေါ်ရှိ ရုပ်အလောင်းများကို တွေ့မြင်ခဲ့ဖူးသည်။ ထို့ကြောင့် သူသည် သူတို့၏ ရှေ့တွင်ရှိနေသော ရုပ်အလောင်းများ၏ အဝတ်အစားများကို ချက်ချင်းပင်မှတ်မိလိုက်၏။ သူတို့မှာ ကမ္ဘာပေါ်မှ လူများမဟုတ်ပေ…. ရှေးဟောင်း ကြေးညိုရောင်ဓားကြီးပေါ်မှ သက်ရှိများ ဖြစ်ကြပေသည်။
ထို ရုပ်အလောင်းများမှာ ရှေးဟောင်း ကြေးညိုရောင် ဓားကြီး နေမင်းကြီးအား ထိုးဖောက်သွားခဲ့သည့် အချိန်တုန်းက ထွက်ပေါ်လာသည့် အကျိုးအပဲ့ အပိုင်းအစများနှင့်အတူ အင်္ဂါဂြိုဟ်ပေါ်သို့ ရောက်လာခဲ့ခြင်း ဖြစ်ရပေမည်။ သို့သော် သူတို့ ယခုလို ဖုတ်ကောင်များ ဖြစ်နေရသည့် အကြောင်းအရင်းကိုမူ မသိနိုင်ပေ။
နံရံများ၊ မြေပြင်ကြီးနှင့် သူတို့၏ရှေ့ရှိ လှိုဏ်ခေါင်းကြီးထဲမှ ထွက်ပေါ်လာကြသည့် ဦးခေါင်းများမှာလည်း ထိုနည်းတူပင်ဖြစ်သည်။ ထိုခေါင်းများမှာ အပြင်ဘက်၌ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အော်ဟစ်မြည်တမ်းလိုက်ကြပြီး မြေကြီးထဲမှ ရုန်းကန်ထွက်လာကြ၏။ ထို့နောက် ၎င်းတို့မှာ အပြင်ဘက်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ကယ်ဆယ်ရေးအဖွဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာကြတော့သည်။
လှိုဏ်ခေါင်းကြီး၏ အဆုံးရှိ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသော ရုပ်အလောင်းသုံးလောင်း မှာလည်း ၎င်းတို့နည်းတူပင်။ သူတို့မှာ ဧရာမသစ်ပင်ကြီး၊ ချန်းဖုံးနှင့် အပေါင်းအပါများဆီသို့ ပြေးလာကြ၏။
လှိုဏ်ခေါင်းကြီးထဲတွင် ပရမ်းပတာ ဖြစ်နေကြပြီဖြစ်သည်။ ပေါက်ကွဲသံများနှင့် အော်ဟစ်မြည်တမ်းသံများမှာ လေထုထဲတွင် ပဲ့တင်ထပ်နေကြ၏။ ဧရာမသစ်ပင်ကြီး၊ ချန်းဖုံးနှင့် အခြား အမြုတေအဆင့်ကျင့်ကြံသူများမှာ ဖုတ်ကောင်အုပ်ကြီးကို တွန်းလှန်တိုက်ခိုက်ရင်း အလုပ်ရှုပ်နေကြသည်။ သူတို့မှာ အစပိုင်းတွင် တောင့်ထားနိုင်ပါသော်လည်း ခဏအကြာတွင် ပထမအုပ်ထဲမှ ဖုတ်ကောင်ကြီးများနည်းတူ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ပိုင်ဆိုင်ထားကြသော ရုပ်အလောင်း ဆယ့်နှစ်ကောင်ကျော်မှာ လှိုဏ်ခေါင်းကြီး၏ အဆုံး၌ ထွက်ပေါ်လာကြပြီး ကျင့်ကြံသူများဆီသို့ ပြေးဝင်လာကြတော့သည်။
မီတာသုံးဆယ်ကျော် အရပ်အမြင့်ရှိသော ဘီလူးအသေးစားလေး တစ်ကောင်မှာ အရိုးဖြင့် လုပ်ထားသည့် ဧရာမတင်းပုတ်ကြီးတစ်ချောင်းကို ကိုင်၍ သူတို့ဆီသို့ ဦးတည်လာနေ၏။ ၎င်း ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။
၎င်းတို့၏ အရေအတွက်မှာ များပြားလွန်းနေ၏။ ကယ်ဆယ်ရေးအဖွဲ့မှာ သွေးရူးသွေးတန်းနှင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်နေကြပါသော်လည်း လုံလောက်မည် မဟုတ်ကြောင်း သိထားကြ၏။ သိပ်မကြာခင် ဧရာမသစ်ပင်ကြီးနှင့် ချန်းဖုံးတို့မှာ ရှေ့သို့ပြေးထွက်သွားကြ၏။ သူတို့မှာ လမ်းတစ်လျှောက်ရှိ ရုပ်အလောင်းကြီးများကို တိုက်ခိုက်ရင်း နောက်တွင်ကျန်ခဲ့သော အဖွဲ့ကို လှမ်းအော်ပြောလိုက်သည်။
” လူစုခွဲကြ။ ဒီနေရာကနေ ထွက်ပြေးနိုင်တဲ့လူတွေက ထွက်ပြေးကြတော့။ ထွက်မပြေးနိုင်တဲ့ လူတွေလည်း အသက်ရှင်နိုင်ဖို့ အကောင်ဆုံးကြိုးစားကြ။ ချန်းဖုံး။ ငါ့နောက်က လိုက်ခဲ့။ ငါ အထဲထဲထိ မရောက်ရောက်အောင် တိုက်ခိုက်ပြီးတော့ကို ဝင်မယ်။ ဒီနေရာမှာ ဘာတွေကို လျှို့ဝှက်ထားတာလဲဆိုတာကို ငါ သိချင်တယ် ”
ဧရာမသစ်ပင်ကြီး၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ရာကောင်းနေ၏။ သူသည် လမင်းကြီးပေါ်တွင် အချုပ်အခြာအာဏာ စိုးမိုးနိုင်ခဲ့သည်ဖြစ်ရာ သူ့နည်းသူဟန်နှင့် ရှင်ဘုရင်တစ်ပါး ဖြစ်ခဲ့သည်ဟု သတ်မှတ်နိုင်ပေသည်။ သားရဲပင်လယ်ထဲမှ သားရဲအများစုပင်လျှင် ရက်စက်ကြမ်းကြုတ်မှုအပိုင်းတွင် သူ့အား ယှဉ်နိုင်ကြမည်မဟုတ်ပေ။ သူသည် အမျက်ချောင်းချောင်းထွက်နေသော အမူအရာဖြင့် ရှေ့သို့ပြေးထွက်သွားသောကြောင့် သူရှိနေခဲ့သောနေရာ၌ ဧရာမသစ်ပင်ကြီး၏ မှုန်ဝါးဝါးပုံရိပ်တစ်ခု ကျန်ရစ်ခဲ့၏။ ထို့နောက် သူသည် လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ပြေးဝင်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့ အပါအဝင် အခြေတည်အဆင့်ကျင့်ကြံသူများမှာ ဧရာမသစ်ပင်ကြီး၊ ချန်းဖုံးနှင့် အမြုတေအဆင့် ကျင့်ကြံသူများ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ရင်း လှိုဏ်ခေါင်းကြီး၏ အတွင်းပိုင်းထဲသို့ ဝင်သွားသည်ကို ကြည့်နေလိုက်ကြ၏။ ထို့နောက် သူတို့မှာ လူစုခွဲလိုက်ကြပြီး အပြင်သို့ပြန်ထွက်နိုင်မည့် လမ်းများကို ရှာဖွေနေလိုက်ကြတော့သည်။ အချို့မှာ နံရံများထဲရှိ အက်ကွဲကြောင်းများထဲသို့ လူးလွန့်ဝင်ရောက်သွားကြ၏။
ရုပ်အလောင်းများမှာ နံရံများနှင့် သူတို့၏ ပတ်ပတ်လည်ရှိ မြေကြီးများထဲမှ ထွက်ပေါ်လာခြင်းဖြစ်ပါသော်လည်း နံရံများထဲရှိ အက်ကွဲကြောင်းများမှာ ကျဉ်းမြောင်းလွန်းနေသောကြောင့် ကျင့်ကြံသူများမှာ ထိုအပေါက်ကျဉ်းလေးများထဲမှ နေ၍ သူတို့ကိုယ်သူတို့ ခုခံကာကွယ်နိုင်စွမ်း ရှိနေကြသည်။ ကံကောင်းသည့် သူများမှာဆိုလျှင် ထိုအက်ကွဲကြောင်းများထဲမှတစ်ဆင့် ဤနေရာကြီးမှ ထွက်ခွာသွားနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ စာနာစိတ်ကင်းမဲ့သည့် အေးစက်စက် မျက်နှာထားဖြင့် သူ၏ ဓမ္မလက်နက်ကို ကိုင်စွဲကာ တစ်ချက်မျှ ဝှေ့ယမ်းလိုက်ပြီး ရုပ်အလောင်းနှစ်လောင်းအား ထပ်ခြမ်းခြမ်းလိုက်၏။ ထို့နောက် သူ၏ ပတ်ပတ်လည်ရှိ တဖြည်းဖြည်းနှင့် အရေအတွက် ပို၍များလာသော ရုပ်အလောင်းများကို အကဲခတ်လိုက်ပြီးနောက် သူ၏ အဖွဲ့ထဲမှ လူအများစုမှာ လူစုခွဲသွားကြပြီဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူသည် အံကြိတ်လိုက်ပြီး သူ၏ ဓားကြီးကို ဝှေ့ယမ်းကာ ခုတ်ထစ်လိုက်ပြန်သည်။ ထို့နောက် သူသည် နောက်သို့လှည့်ကာ အက်ကွဲကြောင်းလေး တစ်ခုထဲသို့ တိုးဝင်သွားလိုက်ပြီး ရှေ့သို့ပြေးသွားလိုက်တော့သည်။
ထို ပရမ်းပတာ တိုက်ပွဲကြီးတစ်လျှောက်လုံးတွင် မြည်းလေးမှာ သတိဝီရိယအပြည့် ရှိနေခဲ့၏။ ၎င်းမှာ သူ့ကိုယ်သူ မထိန်းနိုင်ခဲ့သောကြောင့် ပုပ်ပွနေသော အသားများကို အကြိမ်အနည်းငယ်ခန့် ကိုက်စားမိခဲ့သေးသည်။ သို့သော် ၎င်းမှာ မျက်နှာများ ရှုံ့မဲ့သွားပြီး ပြန်၍ ထွေးထုတ်ခဲ့ရသည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် နံရံထဲရှိ အက်ကွဲကြောင်းတစ်ခုထဲသို့ ဝင်သွားသောအခါ ၎င်းသည်လည်း သူ၏ နောက်မှချက်ချင်းလိုက်သွားပြီး ထိုအက်ကွဲကြောင်းဆီသို့ ပြေးသွားလိုက်တော့သည်။