အခန်း ( ၆၀၄ )

ငါ့ကိုသတ်ရင် မင်းက သစ္စာဖောက်ဖြစ်သွားမယ်

ဘိုးဘွားပိုင်နယ်မြေပိတ်သွားပြီးနောက်တွင် အပြင်ဘက်မှ ဖွင့်ပါက အချိန်လိုလေသည်။ သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်က အသည်းအသန်ဖြစ်နေပြီး မျက်လုံးများပင် ရဲရဲနီနေတော့သည်။

” မျိုးနွယ်စုအကြီးအကဲတို့”
သူကကျယ်လောင်စွာ ပြောလိုက်သည်။
“ ကျုပ်ကို တစ်ချက်လောက်ကူပါ။ အဲဒီ မလောက်လေး မလောက်စားခွေးကောင် သေကို သေရမယ်”

တိုက်ရိုက်သွေးမျိုးဆက်မှ မျိုးနွယ်စုအကြီးအကဲအနည်းငယ်မှာ ကျောက်ဂိတ်တံခါးကြီးကိုဖွင့်ရာ၌ ကူညီအားထည့်ရန် ရှေ့သို့ ပျံတက်လာကြသည်။

သို့သော် အခြားအကြီးအကဲအပေါင်းမှာ ချီတုံချတုံဖြစ်နေကြ၏။ အထူးသဖြင့် တရားစီရင်ရေးရာ ခန်းမမှ မဟာအကြီးအကဲဖြစ်သည်။

သခင်မချိုင်က ဒေါသထွက်သွားကာ စူးစူးဝါးဝါးအော်လိုက်လေသည်။
” ရှင်တို့ အားအားယားယားရပ်နေလို့ ကျွန်မရဲ့ ချီအာလေးသေသွားရင် ရှင်တို့ကို အလွှတ်မပေးဘူး”

သခင်မချိုင်က ရမ်းကားကြမ်းတမ်းစွာဖြင့် ချိုင်မျိုးနွယ်စုမှ ကိုယ်စားလှယ်ကို အကူအညီလှည့်တောင်းလိုက်လေသည်။

အစတွင် ထိုလူမှာ တုံ့ဆိုင်းနေသော်လည်း သူတို့ချင်း အမျိုးတော်သည့်အတွက် တခဏကြာသော် ကူညီရန် ရှေ့တက်လာတော့သည်။ သို့သော် ထိုသို့လုပ်စေကာမူ ဝင်ပေါက်ကြီးက ရွေ့ပင် မရွေ့ပေ။

နတ်အဆင့်ခေါင်းဆောင်ကြီး၏ အကူအညီနှင့်ပင် ဂိတ်တံခါးကြီးသည် အလျင်အမြန် ပွင့်မလာနိုင်ရာ အနိမ့်ဆုံး အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာြကာချိန်အထိ စောင့်ရပေမည်။

တဂျိန်းဂျိန်းထစ်ခြုန်းမြည်ဟည်းသံများ မျိုးနွယ်စုတွင်း ပြည့်နှက်သွားပြီး လျှပ်တစ်ပြက်အတွင်း ဆူညံပွက်လောရိုက်သွားတော့သည်။ ဘိုးဘွားပိုင်နယ်မြေထဲတွင် တောင်တန်းများ ပြိုလဲကုန်ပြီး အချုပ်အနှောင်မန္တန်များလည်း ပျက်စီးကုန်လေပြီ။ ပိုင်ချီမှာမူ အချုပ်အနှောင်မန္တန်ပေါ်ရှိ သူ၏အလုပ်ပြီးမြောက်ရန် လမ်းတစ်ဝက်သာလိုချေတော့သည်။ ယခုအခါ သူ၏မျက်နှာတွင် အံသြတုန်လှုပ်ခြင်းများ ဖုန်းလွှမ်းနေပြီး ဘေးသို့ ယိမ်းယိုင်သွားလေသည်။ သူ ခေါင်းလှည့်၍ ကြည့်လိုက်သော် ကြီးမားလှသော လေပြင်းမုန်တိုင်းကြီးထဲတွင် တောက်ပလင်းလက်နေသော ပိုင်ရှောင်ချန်း၏ မျက်လုံးများကို မြင်လိုက်ရလေသည်။

ထိုမျက်လုံးများ မြင်ကွင်းက ပိုင်ချီကို ရိုးတွင်းခြင်ဆီအထိ စိမ့်တက်သွားစေသည်။ နတ်ဘုရားအာရုံကဲ့သို့အရာတစ်ခုက သူ့ကို အလင်းကဲ့သို့အမြန်နှုန်းဖြင့် ထိုးဖောက်သွားရာ သူ့နှလုံးသားထဲတွင် ပြင်းထန်သော အကြောက်တရားနှင့် မယုံကြည်နိုင်မှုများပြည့်နှက်သွားသောကြောင့် စူးစူးဝါးဝါးအော်လိုက်တော့သည်။

အားလုံးအထဲ ပို၍ ချောက်ချားစရာအကောင်းဆုံးမှာ ထိုမျက်လုံးများက အတွေးလေးတစ်ချက်နှင့်ပင် သူ၏ သေခြင်း၊ ရှင်ခြင်းကို ဆုံးဖြတ်နိုင်သည့်အလား ဖြစ်နေသောကြောင့် ပိုင်ချီမှာ ရုတ်တရက် ပိုးကောင်သဖွယ် ခံစားလိုက်ရတော့သည်။

” မဖြစ်နိုင်တာ။ ဒါဘယ်လိုမှ မဖြစ်နိုင်ဘူး”
ဤမျှကြောက်လန့်ခြင်းကို သူ့ဘဝတွင် တစ်ခါမှ မခံစားခဲ့ဖူးပေ။ သူသည် တဆတ်ဆတ်တုန်နေပြီး သူ၏ အသွေးအသား အရိုးများသည် ကြောက်လန့်တကြားအော်ဟစ်နေလေပြီ။ သူက ချက်ချင်းပင် အချုပ်အနှောင်မန္တန်ကိုဖြိုခွဲနေသည်အား ရပ်လိုက်ပြီး ထွက်ပြေးတော့သည်။

” ငါသာ အချိန်ဆွဲထားနိုင်ရင် ” သူက တွေးလိုက်သည်။ ” အဖေက သေချာပေါက် ငါ့ကို လာကယ်မှာ”

သို့သော် သူထွက်ပြေးရန်ပြင်လိုက်သည်နှင့် ပိုင်ရှောင်ချန်းက လေပြင်းမုန်တိုင်းကြီးထဲတွင် ခပ်တိုးတိုး ရယ်လိုက်လေသည်။

” မင်း ဘာကြောင့် အချုပ်အနှောင်မန္တန်ကို မဖြိုသေးတုန်း။ ကဲ မင်းကို ကူညီခွင့်ပေးကွာ ” ပိုင်ရှောင်ချန်းက ရှေ့တစ်လှမ်းတိုးလာသဖြင့် ပိုင်မျိုးနွယ်စုဝင်အားလုံးမှာ ရင်တဒိန်းဒိန်းခုန်ရင်း ကြည့်နေကြလေသည်။

အစက သူသည် ပိုင်ချီထံမှ မီတာ ၉၀၀၀ တိတိကွာဝေးခဲ့သည်။ သို့သော် ထိုအကွာအဝေးက ပိုင်ရှောင်ချန်းအတွက် အသေးအဖွဲပင် ဖြစ်သည်။

သူက ကောင်းကင်နတ်ဘုရားပမာ ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် မီတာ ၉၀၀ရောက်သွားပြီး နောက်တွင် ပုံရိပ်တစ်ခုကျန်ခဲ့သဖြင့် ဘိုးဘွားပိုင်နယ်မြေထဲတွင် ပိုင်ရှောင်ချန်း နှစ်ယောက် ရပ်နေသည့်အလား ဖြစ်နေတော့သည်။

ထို့အပြင် သူ၏ သတ်ဖြတ်လိုစိတ်များမှာ အလွန်အားကြီးလွန်းလှသဖြင့် ဘိုးဘွားပိုင်နယ်မြေတစ်ခုလုံး တုန်လှုပ်သွားပြီး ခရမ်းရောင် ကောင်းကင်ကြီးနှင့် အနက်ရောင် မြေကြီးများလည်း ထိုနည်းတူပင်။

” သူက ပိုင်ချီကို သတ်တော့မှာ ” ဘိုးဘွားပိုင်နယ်မြေထဲရှိ မျိုးနွယ်စုဝင်များအားလုံး မှင်သက်သွားကြလေသည်။ ပိုင်လဲ့မှာ ကြောက်လန့်တကြား တံတွေးမျိုချလိုက်ပြီး ဖြူဖပ်နေသော မျက်နှာဖြင့် တုန်လှုပ်နေတော့သည်။

မမလေးငါးမှာမူ တိတ်ဆိတ်စွာ ကြည့်နေသော်လည်း မျက်လုံးများကား ဝင်းလက်တောက်ပနေသည်။

ဘိုးဘွားပိုင်နယ်မြေအပြင်ဘက်တွင် ပိုင်ရှောင်ချန်း၏ အံ့မခန်းသတ်ဖြတ်လိုစိတ်နှင့် ပိုင်ချီ၏ ရုပ်ပျက်ဆင်းပျက် အကြောက်တရားတို့ကြောင့် လူအပေါင်းမှာ အထိတ်တလန့် အော်ဟစ်လိုက်ကြတော့သည်။

” ပိုင်ချီ ဒုက္ခရောက်ပြီ”

“ဘုရားရေ။ ပိုင်ဟောက်က တကယ်ကြီး သူ့ကို သတ်ဖို့အထိ လုပ်တော့မှာလား”

သာမန်မျိုးနွယ်စုဝင်များသာ အံ့သြတုန်လှုပ်သွားခြင်းမဟုတ်။ မျိုးနွယ်စုအကြီးအကဲများ၏ မျက်နှာအမူအရာများမှာ အလွန်လေးနက်နေတော့သည်။ ပိုင်ရှောင်ချန်းက မှော်ပစ္စည်းများအားလုံးယူပြီး “ ဘိုးဘွားပိုင်နယ်မြေထဲတွင် ကံကောင်းခြင်း “ ဆိုသည့် အချက်သည် မျိုးနွယ်စုစည်းကမ်းများအရ အရေးမကြီးပေ။ သို့သော် သူက လူအများရှေ့တွင် ပိုင်ချီကို အမှန်တကယ် သတ်လိုက်ပါက မတူညီသောကိစ္စဖြစ်သွားလိမ့်မည်။

သမာသမတ်ကျသော မည်သည့်ကြည့်ရှုသူမဆို ဤအခြေအနေသည် တရားမမျှတကြောင်း ပြောနိုင်မည်ဖြစ်သည်။ အကယ်၍ လူချင်းလဲလိုက်ပြီး ပိုင်ချီက ပိုင်ဟောက်ကို သတ်မည်ဆိုလျှင် မျိုးနွယ်စုအကြီးအကဲများ မျက်မှောင်ကြုတ်သွားမည်သာဖြစ်ပြီး သိပ်အလေးအနက်ထားမည်မဟုတ်ပေ။

သို့သော် ယခုတွင် အခြေအနေကား မတူတော့ပေ။ ပိုင်ချီသည် ဘိုးဘွားပိုင်နယ်မြေတွင် အနိုင်ရရန် ခေါင်းဆောင်ကြီးက ရွေးချယ်ခြင်းခံခဲ့ရလေသည်။ ပိုင်ဟောက်၏ ရုတ်တရက် တိုးတက်လာမှုသည် မထင်မှတ်ထားသောအရာဖြစ်ပြီး ပိုင်ချီ၏ အရေးပါမှုကို သူတို့ချက်ချင်း ထည့်မတွက်၍မရပေ။

တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲပင်လျှင် မဆိုင်သလို ရပ်နေနိုင်တော့ချေ။ သူလည်း ရှေ့တက်လာပြီး ဂိတ်တံခါးဖွင့်ရန် ကူညီတော့သည်။

သို့သော် အခြားသော မျိုးနွယ်စုအကြီးအကဲများသည် တိုက်ရိုက်သွေးမျိုးဆက်များနှင့်မတူညီသည်ကို စဥ်းစားနေကြလေသည်။ ပိုင်ဟောက်မှာ သိသာထင်ရှားစွာပင် မယုံကြည်နိုင်ဖွယ် ငုပ်လျှိုးနေသော ပါရမီရှိပြီး တချိန်လုံး ဖုံးကွယ်နေနိုင်ခဲ့သော အချက်က သူသည် မျိုးနွယ်စု၏ စစ်မှန်သော လက်ရွေးစင်ဖြစ်ကြောင်း သက်သေထူနေလေသည်။ ထို့ကြောင့် သူက ခွင့်မလွှတ်နိုင်မည့် ကိစ္စအား လုပ်နေသည်ကို အသာတကြည် ရပ်ကြည့်မနေနိုင်တော့ပေ။

” ပိုင်ဟောက်၊ မင်းနောက်တရမယ့်ကိစ္စကို မလုပ်ပါနဲ့”
တရားစီရင်ရေးရာခန်းမမှ မဟာအကြီးအကဲကတွေးလိုက်သည်။
” ဒီကို ထွက်မလာခင်အထိ စောင့်ကွာ။ မင်းအတွက် ငါအားလုံးဖြေရှင်းပေးပါ့မယ်”

အကယ်၍ ပိုင်ဟောက်သာ အထူးသဖြင့် ယခုလိုအခြေအနေမျိုးတွင် သတ်လိုက်ပါက မျိုးနွယ်စုနှင့် ဆက်ဆံရေး ထာဝရပျက်စီးသွားစေမည်ကို သူသိလေသည်။

ပိုင်ချီကို သတ်ခြင်းသည် မျိုးနွယ်စုကို ပုန်ကန်ခြင်းပင်ဖြစ်သည်။

မျိုးနွယ်စုအကြီးအကဲများ ဝရုန်းသုန်းကား လှုပ်ရှားနေကြစဥ် သရဲကြီးမြို့တော်မှ သံတမန်သည် မျက်နှာပြင်ပေါ်ရှိ ပိုင်ရှောင်ချန်း၏ ပုံရိပ်ကို စူးရှတောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေ၏။

ပိုင်ရှောင်ချန်းက ပိုင်ချီထံ ခြေလှမ်းလိုက်သည့် မြင်ကွင်းက မျိုးနွယ်စုခေါင်းဆောင်ကို ပို၍ပင် သွေးပျက်သွားစေလေသည်။ သူက ခေါင်းနောက်လှန်ရင်း ဟိန်းဟောက်လိုက်၏။
“ အတင့်ရဲလိုက်တဲ့ ခွေးမသား”

ထို့နောက် သူက ဂိတ်တံခါးကို အားအင်အပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။

” ဝေးဝေးနေစမ်း သောက်ခွေးမသား”
သခင်မချိုင်မှာ ဆံပင်များရှုပ်ပွနေကာ ဒေါသူပုန်ထရင်း တဆတ်ဆတ် တုန်ရီနေလျက် စူးစူးဝါးဝါးအော်ဟစ်လိုက်လေသည်။

ဘိုးဘွားပိုင်နယ်မြေ၏ အပြင်ဘက်တွင် ရှိနေသည်တောင်မှ သူမသည် ပိုင်ရှောင်ချန်း၏ ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို အာရုံရလိုက်သည့် အလားဖြစ်နေလေသည်။ မီတာ ၉၀၀ ခြေလှမ်းလှမ်းပြီးနောက် ကောင်းကင်ယံတွင် အလင်းပေါက်လေးတစ်ခုပေါ်လာကာ ကျောက်တံခါး၏ ခပ်မှိန်မှိန်ဘောင်အနားသတ်ပေါ်လာသဖြင့် ပိုင်ရှောင်ချန်းက ခေါင်းလှည့်ကြည့်လိုက်လေသည်။ သူသည် မျိုးနွယ်စုခေါင်းဆောင်၊ သခင်မချိုင်နှင့် တိုက်ရိုက်သွေးမျိုးဆက်များမှ မျိုးနွယ်စုဝင်များ၏ စိတ်ဆိုးဒေါသထွက်နေသော အကြည့်များကို အာရုံရလိုက်သည့်အလားပင်။

” နောက်ဆုံးတော့လဲ စိတ်ပူတယ်ပေါ့ဟမ် ”
သူက အေးစက်စက်ရယ်ရင်းပြောလိုက်သည်။ အပေါ်တွင် ဖြစ်ပေါ်နေသော လေပွေကြီးအရ အခြေအနေကို ခွဲခြမ်းစိတ်ဖြာရန်ပင် မလိုတော့ပေ။ အပြက်ဘင်မှနေ၍ ဘိုးဘွားပိုင်နယ်မြေကို ဖွင့်ရန် သူတို့ ကြိုးစားနေကြလေသည်။

” နတ်အဆင့်ခေါင်းဆောင်ကြီးများ တစ်ခုခုလုပ်မလား သိချင်လိုက်တာ ”
သူက တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် တွေးလိုက်လေသည်။ သို့သော် ယခုတွင် ဟိုတွေးသည်တွေး တွေးတောနေရန် အချိန်မဟုတ်ပေ။ ပိုင်ချီကို ပြန်ကြည့်ရင်း သူ၏ သတ်ဖြတ်လိုစိတ်များ တောက်လောင်လာကာ နောက်တစ်လှမ်းတိုးလိုက်လေသည်။

ထိုအချိန်တွင် တစ်ကမ္ဘာလုံးသည် ဘီလူးကြီးတစ်ကောင်က ခြေဆောင့်နင်းလိုက်သည့်အလား ပြင်းထန်စွာ တုန်ခါသွား၏။ လေထုသည် လိမ်ဖယ်ရှုံ့တွသွားပြီး ပိုင်ရှောင်ချန်း၏ ရှုထောင့်မှ အရာအားလုံး နှေးကွေးသွားလေသည်။ သူ၏ ဒုတိယခြေလှမ်းက ပထမခြေလှမ်းထက်ပင် ပိုဝေးဝေးရောက်သွားပြီး စုစုပေါင်း မီတာ ၂၁၀၀ရှိလေသည်။

သူက မျက်စိဖြင့်မမြင်နိုင်သော အမြန်နှုန်းဖြင့် လှုပ်ရှားလိုက်သောကြောင့် သူ့ပတ်လည်ရှိ အရာရာတိုင်း ပြင်းထန်စွာ တုန်ခါနေတော့သည်။ ဤအချိန်တွင် သူသည် ရုတ်တရက်ထအော်လိုက်သော ပိုင်ချီထံမှ မီတာ ၆၀၀၀သာ ကွာဝေးတော့သည်။
” မျိုးနွယ်စုအကြီးအကဲတွေအကုန်လုံး မင်းကို မြင်နိုင်တယ်နော် ပိုင်ဟောက်။ ငါ့ကိုသတ်ဖို့ ဘယ်လိုတောင် စဥ်းစားရဲတာတုန်း ”

ပိုင်ချီမှာ အလွန်အမင်း ကြောက်လန့်နေသဖြင့် မှန်မှန်ပင် မတွေးနိုင်တော့ပေ။ ပိုင်ရှောင်ချန်း၏ ဒုတိယခြေလှမ်းသည် ပုံမှန်အတိုင်းဖြစ်ပါသော်လည်း မြင်တွေ့ရသော အမြန်နှုန်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလေရာ ပိုင်ချီမလွတ်မြောက်နိုင်သည်မှာ အသေအချာပင်။

သူခံစားနေရသည့် သေစေနိုင်သော အာရုံကြီးသည် လျှပ်တစ်ပြက်လှိုင်းလုံးကြီး ရိုက်ခတ်လာသည့်အလား သူ့ဝိညာဥ်ကိုပင် တုန်ရီသွားစေတော့သည်။

ဘိုးဘွားပိုင်နယ်မြေ၏ အပြင်ဘက်တွင် မျိုးနွယ်စုခေါင်းဆောင်နှင့် သခင်မချိုင်တို့၏ ဝိညာဥ်များလည်း အလွန်တုန်ရီသွားပြီး ပိုင်ရှောင်ချန်း ပိုင်ချီထံ အမြန်နှုန်းဖြင့် သွားနေသည်ကို မြင်လိုက်သောအခါ သူတို့၏ မျှော်လင့်ချက်များ ပျက်သုဥ်းသွားလေသည်။

သူတို့ မည်သို့ပင် လုပ်စေကာမူ ဘိုးဘွားပိုင်နယ်မြေဖွင့်ရန် အချိန်လိုအပ်ပြီး အထဲဝင်၍ ပိုင်ချီကို ကယ်ဖို့လောက်အထိ မလုံလောက်ပေ။ သခင်မချိုင်က ရဲရဲနီနေသော မျက်လုံးများဖြင့် စူးစူးဝါးဝါးအော်လိုက်သည်။
” မင်း သေချင်းဆိုးနဲ့ သေစေရမယ် ပိုင်ဟောက်”

မျိုးနွယ်စုခေါင်းဆောင်မှာ အကြောက်တရားများဖြင့် ရင်နာနေပြီး သူ၏ မျက်နှာထားမှာ တင်းမာမထားနိုင်တော့ပေ။ သူ့မျက်စိရှေ့မှောက်တွင် သူ့သားရင်းချာ အသတ်ခံရမည်ကို မြင်ရတော့မည့် အလားအလာကြောင့် သူကို ရူးတော့မတတ်ဖြစ်သွားစေသည်။

ထို့ပြင် အမှန်တကယ်ဆိုရလျှင် ပိုင်ဟောက်သည်လည်း သူ့သွေးသားပင်ဖြစ်ကြောင်း သူမေ့၍မရပေ။

အခြားသောမျိုးနွယ်စုဝင်များအားလုံးမှာ ရင်တဒိန်းဒိန်းခုန်ရင်း ကျောက်တံခါးပေါ်ရှိ မျက်နှာပြင်နှင့် ပိုင်ဟောက်၏ ပုံရိပ်က ပိုင်ချီထံ မကောင်းဆိုးဝါးအလား သွားနေသည်ကို ကြည့်နေကြတော့သည်။

ပိုင်ရှောင်ချန်းက အင်္ကျီလက်စကို ခါရင်း တတိယမြောက်ခြေလှမ်းလှမ်းလိုက်ရာ ယခင်လှုပ်ရှားမှုများထက် များစွာကျော်လွန်၍ အလင်းကဲ့သို့ အမြန်နှုန်းဖြင့် ရှေ့ရောက်သွားစေတော့သည်။ သူက မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာ ၆၀၀၀ လှမ်းလိုက်သဖြင့် လူအများမှာ လှုပ်ရှားလိုက်သည်ကိုပင် မမြင်လိုက်ရဘဲ တည်နေရာရွှေ့ပြောင်းလိုက်သည့်အလား ဖြစ်နေတော့သည်။

ယခုတွင် သူသည် အလင်းထက်မြန်သောအလျင်ဖြင့် လှုပ်ရှားလိုက်သာကြောင့် နောက်တွင် ပေါက်ကွဲသံများဖြစ်ပေါ်သွားပြီး တဟုန်းဟုန်းတောက်လောက်နေသော စွမ်းအားများဖြင့် ပိုင်ချီရှေ့တည့်တည့်ရောက်သွားလေပြီ။ ပိုင်ချီမှာ လေပြင်းမုန်တိုင်း တိုက်ခံလိုက်ရသော ဝါဂွမ်းစလေးအလား ခံစားလိုက်ရတော့သည်။ မည်သို့မျှ သူမလုပ်နိုင်တော့ဘဲ စိတ်ပျက်လက်ပျက်ဖြစ်ကာ စိတ်ဖိစီးနေတော့သည်။

ပထမခြေလှမ်း မီတာ ၉၀၀။ ဒုတိယခြေလှမ်း မီတာ ၂၁၀၀။ တတိယခြေလှမ်း မီတာ ၆၀၀၀။ မြင်တွေ့နေရသော အမြန်နှုန်းသည် အလွန်တရာအံသြဖွယ်ကောင်းလှသဖြင့် ပိုင်မျိုးနွယ်စုဝင်များမှာ သူတို့၏ နှလုံးသားများကို တုန်လှုပ်ခြင်းလှိုင်းလုံးများ ဝင်ဆောင့်လိုက်သည့်အလား ခံစားလိုက်ရတော့သည်။

အများစုမှာ အသက်ပင်မရှူနိုင်ကြတော့ပေ။

ပိုင်ချီသည် သူရင်ဆိုင်နေရသော ဖိအားအောက်တွင် ပင်ပန်းနွမ်းနယ်ရင်း ရင်တဒိန်းဒိန်းခုန်လျက် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်သည်။ လိပ်ပြာလွင့်မတတ်ကြောက်လန့်နေရင်း သူက စူးစူးဝါးဝါးအော်လိုက်လေသည်။
“ ငါက မင်းရဲ့ အစ်ကိုနော် ပိုင်ဟောက်။ မင်းငါ့ကို သတ်ရဲရင် မျိုးနွယ်စုရဲ့ သစ္စာဖောက်ဖြစ်သွားလိမ့်မယ်”

ပိုင်ရှောင်ချန်းက ဆောင်းတွင်း ဆီးနှင်းတမျှ အေးစက်စက် လေသံဖြင့် ပြန်ပြောလိုက်သည်။

” အင်း၊ အဲဒီတော့ “


Comment

Leave a Reply


Options

not work with dark mode
Reset