အခန်း ( ၆၀၁ )

မမလေးငါး၊ လိုချင်တာ ပြောပါ

ဘိုးဘေးတောင်နားဆီသို့ သူတို့ ရောက်လာသည်နှင့်အမျှ သူတို့အပေါ်ကျရောက်နေသည့် ဖိအားကြီးမှာ ကြီးမားလာသည်။ မည်သည့် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူမျိုးကိုမဆို အပြင်းအထန်ထိခိုက်စေနိုင်သည့် ဖိအားမျိုးဖြစ်သည်။ အမြုတေအဆင့် ကျင့်ကြံသူများသာလျှင် ၎င်းဖိအားကို လျစ်လျူရှုနိုင်မည်ဖြစ်သည်။

တောင်ထိပ်တွင် ဖိအားအပြင်းဆုံးဖြစ်နေမည်မှာ ဧကန်ပင်။ ထို့အပြင် ပိုင်ရှောင်ချန်း၏ တွက်ချက်မှုများအရ နှောင်းပိုင်းအမြုတေအဆင့်တွင်ရှိသော သူများသာ ထိုအထိသွားရောက်နိုင်မည်ဖြစ်သည်။

သို့သော် သူသည် ကျင့်ကြံခြင်းအခြေခံအဆင့်နိမ့်နေသည်ဖြစ်ရာ မမလေးငါးက ရှေ့ကနေဦးဆောင်သွား၍ သူမ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုသုံးကာ ပိုင်ရှောင်ချန်းအပေါ်သက်ရောက်နေသည့် ဖိအားများကို လျှော့ချပေးနေသည်။ ထိုအခါ ပိုင်ရှောင်ချန်းမှာ စိတ်နှလုံးလှုပ်ရှားသွားပြီး နောက်မှကပ်လိုက်ကာ တစ်လမ်းလုံးတွင် ပိုင်လဲ့၊ သူမတို့နှင့် စကားစမြည်များ ပြောနေတော့သည်။

ခဏအကြာတွင် သူတို့သည် တောင်ခြေသို့ရောက်ရှိသွားကြသည်။ အပေါ်သို့တက်နိုင်သည့် လမ်းများစွာရှိသည်ဖြစ်ရာ သူတို့က တစ်လမ်းကိုရွေးလိုက်ကြသည်။ ထို့နောက် သူတို့အပေါ်သို့တက်လာလေလေ ဖိအားများမှာ ပို၍ပြင်းထန်လာလေလေဖြစ်သည်။ တစ်ခါတရံတွင် သူတို့သည် ချွေးများစိုရွှဲကာ အန္တရာယ်ရှိသော အချုပ်အနှောင်မန္တန်များကို ဂရုတစိုက်ဖြင့်ရှောင်တိမ်းနေကြသည့် အခြား အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများနှင့် ဆုံရတတ်သည်။

မမလေးငါး၏ အကူအညီကြောင့် ပိုင်ရှောင်ချန်းမှာ အခြားသော အခြေခိုင်မာခြင်းအဆင့် ကျင့်ကြံသူများထက် ပို၍လျင်မြန်စွာ ရွေ့လျားနေနိုင်သည်။ သို့သော်လည်း သူမ၏ အကူအညီမပါလျှင်ပင် ထိုဖိအားမှာ သူ့အပေါ် အနည်းငယ်မျှ သက်ရောက်မှု မရှိသည်မဟုတ်ပါလော။ အောက်ဘက်ရှိ ဖိအားပင်မဆိုထားနှင့် တောင်ထိပ်ရှိဖိအားပင်လျှင် သူ့အတွက်စာဖွဲ့စရာမဟုတ်ပေ။

မမလေးငါး၏ စိတ်ကောင်းစေတနာကြောင့် ပိုင်ရှောင်ချန်းမှာ ဖိအားကို ခက်ခက်ခက်ရင်ဆိုင်နေရသည့်ပုံစံ ဖမ်းလိုက်ပြီး တစ်ခါတရံတွင် ပင့်သက်ရှိုက်သံများနှင့် အသက်ပြင်းပြင်းရှူသံများကိုပင် ဟန်ဆောင်၍ ထုတ်နေတော့သည်။

ဘိုးဘွားပိုင်နယ်မြေ၏အပြင်ဘက်တွင် လူများစွာကြည့်ရှုနေကြသည်ဖြစ်၍ ပိုင်ရှောင်ချန်းမှာ ဆက်၍ဟန်ဆောင်ရဦးမည် မဟုတ်ပါလော။ သူက တစ်ခါတရံတွင် ပိုင်ချီနှင့်သူ၏အဖွဲ့ဝင်များ တောင်ထိပ်သို့ပြေးတက်နေသည့် မြင်ကွင်းကို လှမ်းကြည့်နေသည်။ ပိုင်ချီတောင်ထိပ်သို့ရောက်ရန် အချိန်မည်မျှ ကြာမည်နည်းဟု သူကတောက်ပနေသည့်မျက်လုံးများဖြင့် တွက်ဆနေတော့သည်။

ပိုင်လဲ့က ပိုင်ရှောင်ချန်း ၏အကြည့်များကို သတိထားမိသွားသောအခါ သူ၏မျက်ဝန်းများက အရောင်လက်သွားသည်။ ထို့နောက်သူက အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။
” ညီလေး ဟောက်ရေ။ အစ်ကို့စကားနားထောင်…. အဲဒီပိုင်ချီဆိုတဲ့ကောင်က မင်းရန်သွားစလို့ရတဲ့ ကောင် မဟုတ်ဘူး ”

ထိုအခါ ပိုင်ရှောင်ချန်းက သူ့ကိုကြည့်လိုက်သည်။ ထို့နောက် သူ၏မျက်နှာပေါ်တွင် ဒေါသထွက်နေသည့်အမူအရာဖြင့် ပြန်ပြော လိုက်လေသည်။
” သူကျွန်တော့်ကို တကယ်သတ်မဲ့ပုံ မပေါ်ပါဘူးဗျာ ”

ထိုအခါ ပိုင်လဲ့က သက်ပြင်းချကာ ဆိုလိုက်သည်။
” မင်းနားမလည်သေးဘူးလား ညီလေးဟောက်ရဲ့။ မျိုးနွယ်စုတစ်ခုလုံးက နတ်ဝိညာဥ်ကို ပိုင်ချီသိမ်းပိုက်နိုင်အောင်လို့ အစီအစဥ်ဆွဲထားပြီးသား။ သူ့ကို မျိုးနွယ်စုက ဘယ်လောက်အလေးထားသလဲဆိုတာကိုသာ ကြည့်။ မင်းမနေ့ကလိုမျိုး ဆက်ပြီး ဟိတ်ကြီးဟန်ကြီးထပ်လုပ်မယ်ဆိုရင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်နေလိမ့်မယ် ”

ပိုင်လဲ့၏မျက်နှာမှာ တည်ကြည်နေပါသော်လည်း စိတ်ထဲတွင်မူ သူက ရယ်မောနေသည်။ မနေ့က ပိုင်ဟောက်သည် အာသွက်လျှာသွက်ရှိခဲ့ပါသော်လည်း ပိုင်လဲ့၏အမြင်တွင်မူ သူသည်ကလေးတစ်ယောက်မျှသာ ရှိနေသေးသည်။

” ငါ့စကားနားထောင် ဟုတ်ပြီလား။ ”
သူက ဆက်ပြောလိုက်သည်။
” အခုကစပြီး တရားစီရင်ရေးရာခန်းမရဲ့ မဟာအကြီးအကဲကို ကပ်ထား။ မင်းဘက်မှာသူရှိနေရင် အနည်းဆုံးတော့ ပိုင်ချီက မင်းကိုလွယ်လွယ်နဲ့ အနိုင်မကျင့်နိုင်ဘူး။ ”

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ကလန်ကဆန်အမူအရာဖြင့် အံကြိတ်လိုက်တော့သည်။

ဘေးနားတွင်မူ မမလေးငါးမှာ ထိုစကားများကို နားထောင်ရင်း မျက်မှောင်ကြုတ်နေသည်။ ပိုင်လဲ့၏စကားများမှာ စိုးရိမ်နေသည့်လေသံပေါက်နေပါသော်လည်း ပိုင်ဟောက်နှင့် ပိုင်ချီကြားရှိ ပဋိပက္ခကို သူ၏ကိုယ်ကျိုးအတွက် အသုံးပြုရန်ကြံစည်နေသည်ဟု သူမကထင်နေသည်။ သို့သော်လည်း ယခုမှာ ထိုအကြောင်းကို ထုတ်ပြောရမည့်အချိန်မျိုး မဟုတ်ပေ။ သူမက သက်ပြင်းချလိုက်ရင်း ပိုင်မျိုးနွယ်စုထဲရှိ လူတိုင်းမှာ ကိုယ်ပိုင်အကြံအစည်များရှိနေကြပြီး အချင်းချင်း တိုက်ခိုက်အငြင်းပွားနေကြသည်ကိုတွေး၍ စိတ်ညစ်နေတော့သည်။

ထိုသို့သောပတ်ဝန်းကျင်မျိုးတွင် နေထိုင်ရသည်မှာ အလွန်ပင်ပန်းစရာကောင်းလှသဖြင့် သူမသည် ဤမျိုးနွယ်စုကို သူမ၏အိမ်ဟု မသတ်မှတ် မခံစားနိုင်ပေ။ သူမကသက်ပြင်းချကာ ပိုင်ဟောက်ကို စာနာသနားမှုများ၊ ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည့် အကြည့်ဖြင့်ကြည့်လိုက်တော့သည်။ သူသည် မျိုးနွယ်စုထဲတွင် အဆင့်နိမ့်ပါးစွာနေရရုံသာမက ယခု သူ၏အရည်အချင်းကိုထုတ်ပြနိုင်တော့မည့်အခါတွင်လည်း သူ့ကိုကြိုးကိုင်အသုံးချလိုသည့် လူများပေါ်ပေါက်လာရသည်မှာ ဆိုးရွားလွန်းလှပေသည်။

ပိုင်လဲ့က စကားဆက်ရန်ပြင်နေသည်ကို သတိထားမိလိုက်သောအခါ သူမက ကြားဖြတ်ကာ ဆိုလိုက်သည်။
” ဟေး။ ဟိုဘက်က ရောင်ခြည်ကွန်ခြာလေးကို ကြည့်ပါဦး ပိုင်ဟောက်။ အဲဒီထဲက လက်ပတ်လေးကိုမြင်လား။ အဲဒါ နင်နဲ့ဆိုသင့်တော်လောက်မဲ့ မှော်ပစ္စည်းတစ်ခုပဲ ”

ထိုအခါ ပိုင်ရှောင်ချန်းက အနီးရှိကျောက်ဆောင်ကြီးတစ်ခုကို ကြည့်လိုက်သောအခါ အစိမ်းရောင်လက်ပတ်တစ်ခုကို မြင်လိုက်ရသည်။ ၎င်းလက်ပတ်ထံမှ ပေါ်ထွက်နေသည့် အငွေ့အသက်များမှာ အားမကောင်းလှသော်လည်း အစောပိုင်းအခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အသုံးဝင်နိုင်မည်သာဖြစ်သည်။

သူက ထိုလက်ပတ်ကိုလှမ်းကြည့်လိုက်သည့် အချိန်မှာပင် မမလေးငါးက မန္တန်လက်ကွက်တစ်ခုဖော်လိုက်ပြီး သူမ၏လက်ချောင်း ကိုဝှေ့ယမ်းလိုက်သောအခါ အစိမ်းရောင်အလင်းတန်းတစ်တန်း ပေါ်ထွက်လာသည်။ ထိုအလင်းတန်းကြီးက ကျောက်ဆောင်နားသို့ရောက်ရှိသွားသောအခါ အကာအကွယ် အလင်းရောင်များမှာ ဒိုင်းကာတစ်ခုသဖွယ် ပေါ်ပေါက်လာသည်။

အစိမ်းရောင်အလင်းတန်းမှာ ထိုဒိုင်းကာကို ဖောက်ထွင်းကာ လက်ပတ်ကို ရစ်ပတ်လိုက်ပြီး မမလေးငါး၏ လက်ထဲသို့ ပြန်၍ဆွဲယူသွားတော့သည်။ သူမက ထိုလက်ပတ်ကိုကြည့်ရှုလိုက်ပြီးနောက် ပိုင်ရှောင်ချန်းကို ပေးလိုက်လေသည်။

ပိုက်ရှောင်ချန်းက ထိုလက်ပတ်ကိုယူလိုက်ပြီး ကြင်နာမှုအပြည့်ဖြင့် သူ့ကိုကြည့်နေသည့် မမလေးငါးကို မော့ကြည့်လိုက်ပြီး လက်ယှက်ကာ အရိုအသေပေးလိုက်တော့သည်။

” ကျေးဇူးတင်ပါတယ် မမလေးငါး “

” ယူထား။ အကာအကွယ်တွေ နင်လိုတယ်။ ငါတို့မျိုးနွယ်စုထဲမှာဆိုရင် ဘယ်သူ့ကိုမှ ယုံလို့မရဘူး ”
ထိုသို့ဆိုကာ သူမက စိုးရိမ်ပူပန်သည့်မျက်နှာထားဖြင့် ခေါင်းယမ်းကာ ရှေ့သို့ထွက်သွားတော့သည်။

မမလေးငါးက သူစကားေပြာနေသည်အား ဖြတ်ပြောလိုက်သည်ကို ပိုင်လဲ့က သဘောမကျပေ။ သို့သော် သူမ၏ရာထူးမှာ မြင့်သည်ဖြစ်သဖြင့် အဆုံးတွင် မျိုးနွယ်စုအပြင်ဘက်ရှိ အရေးပါသောလူတစ်ယောက်ယောက်နှင့် လက်ထပ်ရမည်ဖြစ်ကြောင်းကို သူကသိသည်။ အနာဂတ်တွင် သူမသည် ရာထူးပို၍မြင့်မားလာမည်မှာ သေချာသလောက်ရှိသဖြင့် သူက ဘာမှမဖြစ်သလိုဟန်ဆောင်ကာ ထွေရာလေးပါးစကားများသာ ဆက်ပြောနေတော့သည်။

မမလေးငါးမှာ စိတ်မကြည်လင်သဖြင့် ပိုင်လဲ့၏ ကျီစယ်စကားများကို သိပ်၍အဖတ်မလုပ်ပေ။ သို့သော် အခြေခိုင်မာခြင်းအဆင့်ကျင့်ကြံသူများနှင့် သင့်တော်သည့် မှော်ပစ္စည်းများကိုတွေ့တိုင်း သူမကယူကာ ပိုင်ရှောင်ချန်းကို ပေးနေတော့သည်။

နှစ်နာရီအကြာတွင် ပိုင်ရှောင်ချန်းမှာ မှော်ပစ္စည်းရှစ်ခု၊ ဝိညာဥ်ထောင်ဂဏန်းအနည်းငယ်နှင့် ဝိညာဥ်ဆေးဝါးအချို့တို့ကိုဆောင်းပြီးသွားပြီဖြစ်သည်။

ထိုအရာများကြောင့် သူ စိတ်လှုပ်ရှားနေရတော့သည်။ မမလေးငါးမှာ ပိုင်မျိုးနွယ်စုထဲတွင် သူ့ကိုကောင်းကောင်းမွန်မွန်ဆက်ဆံသည့် ဒုတိယမြောက်လူဖြစ်သည်။ ပို၍အရေးကြီးသည်မှာ သူမသည် သူ့ထံမှ မည်သည်ကိုမှ ပြန်လည်မျှော်ကိုးနေသည်မဟုတ်ပေ။ သူ့ကို မိသားစုဝင်တစ်ယောက်အလား စေတနာမေတ္တာအပြည့်ဖြင့် ဂရုစိုက်နေသည်သာဖြစ်သည်။

သူသတိထားမိသည့် အခြားတစ်ချက်မှာ ဤတောင်ပေါ်တွင် မမလေးငါး ရယူလိုသည့် ပစ္စည်းအချို့ရှိနေပါသော်လည်း သူမ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကြောင့် မယူနိုင်ခဲ့သည့်အရာများ ဖြစ်သည်။

ပိုင်လဲ့မှာ ထိပ်ဆုံးမှနေ၍ သူလိုချင်သော ပစ္စည်းအချို့ကိုသွားယူပြီးမှ အနည်းငယ်အားနာသလိုဖြစ်သွားသဖြင့် ပိုင်ရှောင်ချန်းထံသို့ အချို့အဝက်ကို ပေးလိုက်သည်။

ပိုင်ရှောင်ချန်းမှာ ပစ္စည်းများအားလုံးကို မည်သည့်စကားမှမပြောပဲ လက်ခံယူကာ ရှေ့သို့ခရီးဆက်နေသည်မှာ တစ်နာရီနီးပါးအထိ ကြာမြင့်သွားသည်။ ဤအချိန်တွင် သူတို့မှာ တောင်တစ်ဝက်ခန့်အထိ တက်ပြီးနေပြီဖြစ်ပြီး ပိုင်ချီမှာမူ တောင်ထိပ်သို့ရောက်နေပြီဖြစ်သည်။ သူ၏ အတက်ခရီးစဥ်မှာ အလွန်ချောမွေ့ပြီး လမ်းတစ်လျှောက်တွင် အနှောင့်အယှက် အတားအဆီးများ လုံးဝမရှိသည့်အလားပင်။

” နတ်ဝိညာဥ်ကို ငါ့အတွက် ဒီနေရာမှာ ထား,ထားတာကွ ” သူက ရေရွတ်လိုက်သည်။
” ငါ့အတွက်ပဲ ”
ပိုင်ချီ တောင်ပေါ်သို့လျင်မြန်စွာရောက်သွားရသည့် အကြောင်းအရင်းမှာ လမ်းတစ်လျှောက်တွင်ရှိသော အတားအဆီး မန္တန်များအား မည်သို့ဖြေရှင်းရမည်ကို သူက အတိအကျသိနေသောကြောင့် ဖြစ်သည်။ သူ၏ အဖေက သတင်းအတိအကျပေးထားသည်ဖြစ်ရာ ပိုင်ချီက သူ၏ကျင့်ကြံခြင်းအခြေခံကို လုံးဝသုံးစရာမလိုပဲ တောင်ထိပ်သို့ရောက်သွားခဲ့ရသည်။

ယခု သူရောက်နေသည့် နေရာမှနေ၍ ပလ္လင်ကြီးကို မြင်တွေ့နေနိုင်ပြီး ၎င်းအပေါ်ရှိ မြေအမျိုးအစား နတ်ဝိညာဥ်ကိုလည်း မြင်နေရသည်။ မျှော်လင့်ချက်များ တလက်လက် တောက်ပနေသည့်မျက်ဝန်းများဖြင့် ဝိညာဥ်ပေါ်သို့ရောက်နေသည့် သူ၏အကြည့်ကို အကာအကွယ် အချုပ်အနှောင် မန္တန်ဆီသို့ လွှဲလိုက်သည်။

ဤနေရာထိရောက်လာပြီဖြစ်ရာ သူလုပ်ရန်ကျန်တော့အရာမှာ ထိုဝိညာဥ်ကို သွား၍ယူရန်သာဖြစ်သည်။

” ဒါက နောက်ဆုံး အချုပ်အနှောင်မန္တန်ပဲ။ စွမ်းအားလည်းအကြီးဆုံးပဲ။ ခွန်အားအကြီးဆုံးနဲ့ အသန့်စင်ဆုံးသွေးကိုပိုင်ဆိုင်ထားတဲ့လူသာ ကျော်ဖြတ်နိုင်မှာ။ ဒါပေမဲ့ ငါကပြင်ဆင်ထားပြီးသားပါ။ ဒီဝိညာဥ်ကိုယူပြီးပြီဆိုတာနဲ့ ပိုင်ဟောက်ကိုသတ်လို့ရပြီ ”

ထို့နောက် သူကအေးစက်စက်ရယ်မောကာ သူ၏လက်ညိုးကို အနည်းငယ်လှီးဖြတ်လိုက်ပြီး အချုပ်အနှောင်မန္တန်အပေါ်သို့ သွေးစက်အချို့ဖြန်းလိုက်သည်။ တချိန်ထဲမှာပင် သူ၏ထည့်စရာအိတ်ကိုပုတ်ကာ ကျောက်စိမ်းပုလင်းတစ်ခုကိုထုတ်၍ ခွဲလိုက်သောအခါ သွေးစက်တစ်စက် ပေါ်ထွက်လာသည်။

ထိုသွေးစက်မှာ နတ်အဆင့်ခေါင်းဆောင်ကြီး၏ သွေးဖြစ်ပြီး အလွန်တရာ သန့်စင်သည်။

ပိုင်ချီက တောင်ထိပ်သို့ရောက်သွားပြီး အချုပ်အနှောင်မန္တန်ကို ကျော်လွှားရန်ပြင်နေသောအခါိ အခြားမျိုးနွယ်စုဝင်များက ခံစားချက်ပေါင်းစုံ ရောယှက်နေသည့် အမူအရာများဖြင့် မော့ကြည့်နေကြသည်။ အများစုမှာ စိတ်ပျက်လက်ပျက်ဖြစ်ကာ မနာလိုဖြစ်နေကြရုံမှတစ်ပါး အခြားမည်သည်ကိုမှ မလုပ်နိုင်ကြပေ။

ဘိုးဘွားပိုင်နယ်မြေအပြင်ဘက်တွင် စုဝေးကာ ထိုဖြစ်ရပ်များကိုကြည့်နေကြသူများ၏ မျက်နှာများပေါ်တွင် အလွန်တည်ကြည်သောအမူအရာများ ပေါ်ပေါက်နေကြသည်။ မျိုးနွယ်စုခေါင်းဆောင်မှာ ပါးစပ် နားရွက်တက်ချိတ်လုမတတ် ပြုံးနေပြီး အခြားမျိုးနွယ်စုအကြီးအကဲများမှာ စိတ်မဝင်စားသည့်ပုံစံပေါ်နေကြသည်။ သူတို့အားလုံးမှာ ဤကိစ္စကို သဘောတူညီခဲ့သည်ဖြစ်ပြီး ဤ နတ်မီးလျှံစမ်းစပ်ပွဲမှာ အယောင်ပြတစ်ခုမျှသာဖြစ်ကြောင်းကို သိသည်မဟုတ်ပါလော။

သခင်မချိုင်မှာ အချုပ်အကျဥ်းကျကာ အပြစ်ပေးခံနေရမည်ဖြစ်သော်လည်း မည်သည့်အကြောင်းကြောင့်မသိပေ၊ လူအုပ်ထဲသို့ရောက်နေပြီး ထိုမြင်ကွင်းကြီးကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေသည်။

ပိုင်ချီကို အသေးစိတ်သေချာကြည့်နေသူမှာကား ပိုင်ရှောင်ချန်းပင်ဖြစ်သည်။ ယခုတွင်ပိုင်ချီက အချုပ်အနှောင်မန္တန်ကို ကျော်ဖြတ်ရန်ပြင်နေပြီဖြစ်ရာ သူက တစ်ခဏမျှ တွေးတောလိုက်တော့သည်။

ထို့နောက် သူက မမလေးငါးကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် သူ့ထံမှ စွမ်းအင်များပေါ်ထွက်လာတော့သည်။ သူ၏မျက်ဝန်းများမှာ ယခင်ကထက်တောက်ပလာပြီး သူသည်ပို၍အရပ်ရှည်လာကာ ပို၍သန်မာလာတော့သည်။ အသေးစားတောင်ကုံးလေးတစ်ခုမှ ဧရာမတောင်မြင့်ကြီးတစ်လုံးအသွင် ပြောင်းလဲသွားသည့်အတိုင်းပင်။ သူ၏အောက်တွင်ရှိသော ဘိုးဘေးတောင်ကြီးမှာ သူနှင့်ယှဥ်လိုက်လျှင် အသေးစားတောင်ကုန်းလေးတစ်ခုအသွင်ဖြစ်သွားသည်။ သူ၏ဘေးတစ်ဝိုက်ရှိ လေထုများပင်လျှင် အနက်ရောင်ကျဥ်းကြီးတစ်ခု ပေါ်ထွက်လာသည့်အလား တွန့်လိမ်လာတော့သည်။

” ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးပါ မမလေးငါး ” သူက ဆိုလိုက်သည်။
” မမလေးရဲ့ စိတ်ထားမွန်မြတ်မှုအတွက် ကျွန်တော်ကျေးဇူးပြန်ဆပ်ပါရစေ။ ဒီတောင်ပေါ်မှာရှိတဲ့ ဘယ်ပစ္စည်းတွေကို မမလေး လိုချင်လဲ။ ကျွန်တော် ယူပေးပါ့မယ် ”

ပိုင်ရှောင်ချန်းမှာ ရုတ်ချည်း ပြောင်းလဲသွားသည်ဖြစ်ရာ မမလေးငါးသာမက ပိုင်လဲ့ပင် မည်သို့တုံ့ပြန်ရမှန်းမသိလောက်အောင် ဖြစ်သွားတော့သည်။

” မင်း ”
ပိုင်လဲ့က မျက်လုံးပြူးသွားပြီး နှလုံးခုန်သံများမြန်လာတော့သည်။ အကြောင်းအမျိုးမျိုးကြောင့် ယခုတွင် ပိုင်ရှောင်ချန်းမှာ မျိုးနွယ်စုအကြီးအကဲတစ်ယောက်နှင့်တူနေပြီး အလွန်အမင်း အံ့အားသင့်ဖွယ်ကောင်းနေတော့သည်။ ပိုင်လဲ့မှာ သူနှင့်အကြည့်ချင်းဆုံသွားသောအခါ ဂယောင်ခြောက်ခြားပင်ဖြစ်သွားရတော့သည်။

မမလေးငါးမှာလည်း အသက်ရှူသံများမြန်လာပြီး ပိုင်ရှောင်ချန်း၏ စကားများကြောင့် အံ့အားသင့်နေရတော့သည်။

ပိုင်ရှောင်ချန်းမှာ သူမကိုထပ်ကြည့်လိုက်ပြီး နောက်တစ်ခေါက်ထပ်ပြောလိုက်သည်။
” ကဲ မမလေးငါးရေ။ စိတ်ကြိုက်ရွေးပါ ”

ရုတ်တရက် မမလေးငါးသည် ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားတော့သည်။ ထို့နောက် တုန်တုန်ရီရီနှင့် တောက်ပနေသည့်မျက်ဝန်းများဖြင့် ရယ်မောကာဆိုလိုက်တော့သည်။

” ဒီတောင်ပေါ်မှာ ရှိတဲ့ ဘယ်အရာကိုမဆို နင်ငါ့အတွက်ယူပေးနိုင်တာများ ဘာစောင့်နေသေးတာတုံး။ အကုန်လုံးသာယူပေး ”

ထိုအခါ ပိုင်ရှောင်ချန်းက သူမကို အဓိပ္ပါယ်ပါပါကြည့်ကာ ဦးခေါင်းကိုနောက်ပစ်၍ ရယ်မောလိုက်တော့သည်။
“ ကောင်းပြီ “


Comment

Leave a Reply


Options

not work with dark mode
Reset