မှီခိုရာဂိုဏ်းသည် နန်ရှန်းတိုက်၏ တောင်ဘက်စွန်းစွန်းတွင်ရှိသော ကျိုးပြည်နယ်စပ်၏ ဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။ ထိုဂိုဏ်းသည် တောင်ဘက်ကုန်းမြေတွင် ကျော်ကြားဆဲဖြစ်သော်လည်း နောက်ပိုင်းနှစ်များတွင် ဆုတ်ယုတ်လာခဲ့ကာ ယခင်လို ကြီးကျယ်ခမ်းနားခြင်း မရှိတော့။ ယနေ့ခေတ် ကျိုးပြည်မှ တခြားသော ဂိုဏ်းများနှင့်ယှဉ်ပါက သူတို့မှာ နိမ့်ပါးသည်ဟု သတ်မှတ်နိုင်ပေ၏။
အမှန်တကယ်အားဖြင့် ထိုဂိုဏ်းအား မှီခိုရာဂိုဏ်းဟု အမြဲတမ်းခေါ်ဆိုခြင်းတော့ မရှိခဲ့ကြပေ။ လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က တောင်ဘက်နယ်မြေကို တုန်လှုပ်စေသော ကျင့်ကြံသူတစ်ဦး ပေါ်လာခဲ့သည်။ သူသည် မိမိကိုယ်ကို မှီခိုရာဂိုဏ်းချုပ်ဟု ခေါ်ကာ ဂိုဏ်းကိုလည်း ထိုနာမည်သို့ အတင်းပြောင်းလဲစေ၏။ သူက တခြားသော ဂိုဏ်းများသို့ သွားရောက်ကာ သူတို့၏ရတနာများနှင့် ပိုင်ဆိုင်မှုများကို လုယက်၍ အချိန်တစ်ခုကြာ ပြိုင်စံရှားခဲ့သည်။
ယခု အခြေအနေများကတော့ ကွဲပြားသွားပြီဖြစ်သည်။ မှီခိုရာဂိုဏ်းချုပ်သည် ပျောက်ဆုံးနေခဲ့သည်မှာ နှစ် ၄၀၀ခန့်ရှိပြီဖြစ်သည်။ သူ၏သေခြင်းရှင်ခြင်းက မရေရာသေးသောကြောင့်သာ တခြားဂိုဏ်းများက လာရောက်သိမ်းပိုက်ခြင်း မပြုရဲကြသေးခြင်းဖြစ်သည်။ သူတို့၏ကြီးကျယ်ခမ်းနားသော နေ့ရက်များကား အတိတ်တွင်သာ ရှိတော့၏။ ကျိုးပြည်သည် အထောက်အပံ့များ ချို့တဲ့သည့်အပြင် တခြားသော ဂိုဏ်းသုံးခုမှလည်း ဖိအားများ ပေးလာသောအခါ သူတို့သည် လူအများအား အစေခံအဖြစ် ပြန်ပေးဆွဲလျှက် ဂိုဏ်းဝင်အသစ်များအား တစ်ဘက်လှည့်ဖြင့် ခေါ်ယူခဲ့ကြရသည်။ သူတို့က ပွင့်လင်းမြင်သာသော ပုံစံဖြင့် တပည့်သစ်လက်ခံရန် မဖြစ်နိုင်ပေ။
မန်ဟိုသည် ဝတ်စုံစိမ်းလူ၏နောက်သို့ တောင်ပတ်လမ်းကလေးအတိုင်း လျှောက်ကာ လိုက်ပါလာခဲ့၏။ ပတ်ဝန်းကျင်သည် ပန်းဉယျာဉ်နှင့်အလားသဏ္ဌာန်ရကာ ထူးဆန်းသစ်ပင်များမှာလည်း နေရာတိုင်း၌ ရှိသည်။ လှပသော ရှုခင်းများအကြား အဆန်းတကြယ်တည်ဆောက်ထုဆစ်ထားသော အဆောက်အဦများသည် တိမ်နှင့်မြူများအကြား ရှိနေ၏။ ဝမ်းနည်းဖွယ်ကောင်းသည်ကား ဘေးမှ ဖက်တီးကလေးသည် တစ်ချိန်လုံး ငိုယိုနေရာ သူ၏စိတ်ခံစားမှုများအား အနှောင့်အယှက်ပေးနေသည်။
“ငါတော့ သွားပြီ… ငါတော့ သွားပြီ… အိမ်ပြန်ချင်တယ် …အီး … ဟီး …” ဘူးသီးလုံးမျှ ကြီးသော မျက်ရည်များ ပိုးပိုးပေါက်ပေါက်ကျလျှက် ဖက်တီးလေးက ပြောနေသည်။ “အိမ်မှာ ပေါက်စီတွေ၊ ငါးတွေ၊ စားစရာတွေ စောင့်နေတယ်… သေစမ်း … ငါ့မိဘရဲ့ဘိုးဘွားပိုင်မြေတွေကို ငါအမွေဆက်ခံရဦးမှာ…ငါသူဌေးဖြစ်တော့မှာ … ပြီးတော့ မိန်းမတွေ အများကြီး ယူရဦးမှာ …ငါ ဒီမှာ အစေခံမဖြစ်ချင်ဘူး”
သူက ထိုသို့ ရေရွက်နေသောအခိုက်တွင်ပင် ဝတ်စုံစိမ်းနှင့်လူက နောက်လှည့်ကာ အေးစက်စွာ ပြောသည် “မင်း နောက်ထပ် အဓိပ္ပာယ်မရှိတာ တစ်ခုခုထပ်ပြောရင် မင်းလျှာကို ဖြတ်မယ်”
ဖက်တီးလေးသည် ရုတ်တရက် တုန်ယင်သွားကာ ပါးစပ်အား ပိတ်လိုက်သည်။
ထိုမြင်ကွင်းအား ကြည့်ကာ မန်ဟိုက အခြေအနေ ကောင်းမကောင်းကို ပြန်တွေးရန် လိုလာခဲ့၏။ သို့သော်လည်း သူ၏ခိုင်မာသော စိတ်ဓာတ်ကြောင့် သက်ပြင်းရှိုက်ကာ တိတ်ဆိတ်ငြိမ်သက်နေလိုက်သည်။
အတန်ကြာလျှင် သူတို့သည် တောင်ကုန်းတစ်ဝက်ခန့်အထိ ရောက်လာကြ၏။ မန်ဟိုက မြူများအကြားဆောက်လုပ်ထားသော တန်းလျားတစ်ခုကို မြင်သည်။
အဆောက်အဦးအပြင်ဘက်တွင် ဖျင်ကြမ်းဝတ်စုံကို ဝတ်ထားသော လူငယ် ၇ယောက်၊၈ယောက်ခန့်အား တွေ့ရ၏။ သူတို့မှာ မောပန်းနွမ်းနယ်နေဟန်ရသည်။ မန်ဟိုတို့က သူတို့အနီးသို့ ရောက်လာသည်ကို သူတို့က သတိထားမိကြသော်လည်း နှုတ်ဆက်ခြင်း မပြုကြပေ။
သိပ်မဝေးသော တစ်နေရာ၌ အပြာနုရောင်ဝတ်စုံဝတ်လူငယ်တစ်ဦးသည် ကျောက်တုံးတစ်တုံးပေါ်၌ ထိုင်နေသည်။ သူ၏မျက်နှာက ရှည်မြောမြော ဖြစ်ပြီး မြင်းနှင့်တူကာ သူ့ဝတ်စုံမှာလည်း တခြားသောလူငယ်များ၏ ဖျင်ကြမ်းဝတ်စုံထက် အဖိုးအခကြီးသည်မှာ သေချာသည်။ သူ့မျက်နှာက အေးစက်နေသော်လည်း ဝတ်စုံစမ်းလူငယ် လျှောက်လာသောအခါ သူက ထရပ်လျှက် လက်နှစ်ဘက်ဆုပ်ကာ နှုတ်ဆက်သည်။
“အစ်ကိုကြီးကို နှုတ်ခွန်းဆက်ပါတယ်”
“သူတို့က အသစ်ရောက်လာတဲ့သူနှစ်ယောက်ပဲ” ဝတ်စုံစိမ်းလူငယ်က စိတ်မရှည်ဟန်ဖြင့် ပြောသည် “သူတို့အတွက် နေစရာစီစဉ်ပေးလိုက်” ထို့နောက် သူက မန်ဟိုတို့အား ကြည့်ပင်မကြည့်ဘဲ ထွက်သွားတော့သည်။
သူ ထွက်သွားသည်နှင့် မြင်းမျက်နှာလူငယ်က ပြန်ထိုင်လိုက်ကာ တင်ပလ္လင်ခွေ၍ မန်ဟိုနှင့် ဖက်တီးလေးအား အေးစက်စွာ လှမ်းကြည့်သည်။
“ဒီနေရာက တောင်ဘက်အစေခံတန်းလျားပဲ” သူက အေးစက်ကာ ခံစားချက်ကင်းမဲ့သော လေသံဖြင့် ပြောသည် “မှီခိုရာဂိုဏ်းက ငပျင်းတွေကို မထောက်ပံ့ဘူး။ မင်းတို့က ဒီမှာ နှစ်သုံးဆယ် အလုပ်လုပ်ပြီးမှ လွတ်မြောက်နိုင်မယ်။ မင်းတို့က ထွက်ပြေးဖို့ ကြိုးစားရင် တောင်ကုန်းတွေဆီမှာ သားရိုင်းတွေ အများကြီးရှိတယ်။ မင်းတို့ သေချာပေါက် သေမှာပဲ။ အခုကစပြီး မင်းတို့က သာမန်လူတို့ကမ္ဘာနဲ့ကင်းကွာပြီးတော့ ဒီမှာ အစေခံအနေနဲ့ အလုပ်လုပ်ရမယ်”
ဖက်တီးလေးကား ပိုမို၍ပင် တုန်ယင်လာသည်။ မန်ဟိုကား တည်ငြိမ်နေ၏။ အမှန်တကယ်အားဖြင့် သူ့မျက်လုံးများက စူးရှလင်းလက်နေ၏။ မြင်းမျက်နှာလူငယ်က ၎င်းကို သတိထားမိသည်။ သူက သည်နေရာတွင် နှစ်ပေါင်းများစွာ နေခဲ့ကာ အဖမ်းခံလူငယ်များစွာကိုလည်း မြင်ဖူးသည်။ သို့သော် မန်ဟိုကဲ့သို့ တည်ငြိမ်သောသူအား တစ်ခါမှ မမြင်ဖူးပေ။
“မင်းတို့ ကောင်းကောင်းနေရင် …” သူက အသာအယာပြောသည် “မင်းတို့ နှစ်သုံးဆယ်တောင် ကြာမှာ မဟုတ်ဘူး။ မင်းတို့ အားလပ်ချိန်တွေမှာ ကျင့်ကြံနိုင်တယ်။ တကယ်လို့ မင်းတို့က စဦးချီဖွဲ့စည်းခြင်းအဆင့်၁ကို ရောက်ရင် အပြင်စည်းတပည့်အဖြစ် အဆင့်တိုးမြှင့်ခံရမယ်” သူက လက်ဝှေ့ယမ်းလိုက်လျှင် ဖျင်ကြမ်းအင်္ကျီနှစ်ထည် မန်ဟိုနှင် ဖက်တီးတို့ ရှေ့၌ ပေါ်လာသည်။ အင်္ကျီတစ်စုံစီ၏အပေါ်၌ သစ်သားပြားတစ်ခုစီရှိကာ သစ်သားပြားပေါ်တွင် ‘အစေခံ’ဟု ရေးထွင်းထားသည်။
ဝတ်စုံအပြင် စာအုပ်လေးတစ်အုပ်လည်း ပါဝင်ကာ အဖုံးတွင် ‘စဦးချီဖွဲ့စည်းခြင်းကျင့်စဉ်ကျမ်း’ဟု ရေးထားသည်။
မန်ဟိုက ထိုစာလုံးများကို မြင်သည်နှင့် အသက်ရှုသံမြန်လာသည်။ သူက စာအုပ်လေးအား ကြည့်ကာ ဖြူရော့သော မျက်နှာဖြင့် အမျိုးသမီးအား ပြန်သတိရလာ၏။ ထိုအမျိုးသမီးသည် စဦးချီဖွဲ့စည်းခြင်းအဆင့်(၇)တွင် ရှိသည်။
“ငါတို့က ပထမအဆင့်ကို ရောက်တာနဲ့ အပြင်စည်းတပည့်ဖြစ်နိုင်တယ်။ အဲဒီအမျိုးသမီးကတော့ စဦးချီဖွဲ့စည်းခြင်းအဆင့်ခုနစ်ကို ရောက်နေပြီ။ ဒါက ပုံပြင်တွေထဲ ပြောကြတဲ့ အင်မော်တယ်ဖြစ်တဲ့လမ်းစဉ်များလား”
သူသည်သာ အပြင်လောကကမ္ဘာ၌ သည်စာအုပ်ကို ဝယ်ရမည်ဆိုလျှင် မည်မျှ ကြီးမားသော တန်ဖိုးအား ပေးရမည် မသိပေ။ မန်ဟို၏စိတ်လှုပ်ရှားမှုက မြင့်သထက် မြင့်တက်လာ၏။ သူက ဝတ်စုံဖြင့် သစ်သားပြားနှင့် စာအုပ်ကို ရစ်ပတ်လိုက်သည်။
“အရှေ့ဘက်က ခုနစ်အိမ်မြောက်ဟာ မင်းတို့နေရမယ့်နေရာပဲ။ မနက်ဖြန်ကစပြီး မင်းတို့အလုပ်က သစ်ခုတ်တာဖြစ်တယ်။ တစ်နေ့ကို သစ်လုံးဆယ်လုံး ဖြတ်ရမယ်။ မင်းတို့ အလုပ်မပြီးမချင်း စားခွင့်မရှိဘူး” ထိုသို့ပြောကာ သူက မျက်လုံးများကို မှိတ်လိုက်သည်။
မန်ဟိုက သက်ပြင်းရှိုက်ရင်း လူငယ်ကို အတုယူ၍ လက်နှစ်ဘက်ဆုပ်ကာ ဦးညွတ်သည်။ ထို့နောက် သူတို့နေရမယ့်အိမ်ထံသို့ ဖက်တီးနှင့်အတူ လျှောက်လာခဲ့သည်။ အဆောက်အဦကား အကြိမ်များစွာ ပြင်ဆင်ထား၍ ယိုယွင်းနေပြီဖြစ်သည်။ သူတို့က ခုနစ်အိမ်မြောက်တွင် တံခါးကို ဖွင့်၍ အတွင်းသို့ ဝင်လာကြသည်။
အခန်းကား သိပ်မကြီးသော်လည်း စားပွဲတစ်လုံးနှင့် အိပ်ယာလေးနှစ်ခု ရှိကာ သပ်ရပ်သန့်ရှင်းပေသည်။ ဖက်တီးလေးက အိပ်ယာတစ်ခုပေါ်တွင် ထိုင်ကာ စိတ်ထိန်းမရတော့ဟန်ဖြင့် ငိုယိုတော့သည်။
သူကား အသက် ၁၂နှစ်အရွယ်ခန့်ရှိကာ ငိုသံကြီးအား အပြင်မှ သေချာပေါက် ကြားနိုင်ပေသည်။
“ငါ့အဖေက မြေရှင်သူဌေးပဲ။ ငါကလည်း မြေရှင်သူဌေးတစ်ယောက်ဖြစ်ရမှာ။ ငါ အစေခံမဖြစ်သင့်ဘူး” ဖက်တီးလေးက တုန်ယင်စွာဖြင့် ပြောသည်။
“မငိုနဲ့တော့” မန်ဟိုက သူ့အား နှိပ်သိမ့်ရန် ကြိုးစားသည် “တွေးကြည့်စမ်း။ ငါတို့ ဒီမှာ အခြေအနေ မဆိုးပါဘူး။ ငါတို့က အင်မော်တယ်တွေအတွက် အလုပ်လုပ်နေရတာ။ လူတွေ ဘယ်လောက် အထင်ကြီးအားကျကြမလဲ” သူက မြန်ဆန်စွာ တံခါးကို ပိတ်လိုက်သည်။
“ငါ တခြားလူတွေအတွက် အလုပ်မလုပ်ချင်ဘူး” သူက ပြန်ပြောသည် “ငါ့ကို လက်ထပ်ဖို့ စီစဉ်ထားပြီးပြီ။ မင်္ဂလာလက်ဖွဲ့တွေလည်း ပေးထားပြီးပြီ။ ငါ့သနားစရာ သတို့သမီးလေးက လက်မထပ်ရသေးဘဲ မုဆိုးမဖြစ်ရရှာပြီ” သူက ငိုလေလေ ကြေကွဲဝမ်းနည်းလေဖြစ်လာသည်။
မန်ဟို၏မျက်နှာ၌ ထူးဆန်းသော အမူအရာဖြစ်လာသည်။ ဖက်တီးလေးကား အသက်ငယ်ငယ်လေးသာ ရှိသေးသည်။ သူ့တွင် စေ့စပ်ထားသည့် မိန်းမတစ်ယောက်ရှိသည်မှာ မယုံနိုင်ဖွယ်ကောင်း၏။ ချမ်းသာကြွယ်ဝခြင်းက မည်မျှ ကောင်းမွန်ကြောင်း တွေးမိကာ သူက စိတ်ထဲမှ သက်ပြင်းချသည်။ ဖက်တီးလေး၏မိသားစုသည် ချမ်းသာလွန်းရာ အစားအသောက်နှင့် အဝတ်အစားများအတွက် စိုးရိမ်စရာ မလိုပေ။ မိမိတွင်ကား ဘာမှ မရှိ။ သူ၏မိဘများထားခဲ့သော အိမ်ကို ယမန်နှစ်က ရောင်းချခဲ့ရာတွင်ပင် ဘဏ္ဍာစိုးကျိုးအား အကြွေးများစွာ တင်နေသေးသည်။
သူ၏အကြွေးများကို တွေးမိကာ မန်ဟိုက ရယ်မိသည်။ သူ သည်နေရာသို့ ရောက်နေပြီဖြစ်ရာ ဆိုင်ရှင်ကျိုးအနေဖြင့် အကြွေးလာတောင်းရန် မဖြစ်နိုင်တော့ပေ။
သည်နေရာနှင့်ပတ်သက်၍ တွေးလေလေ မန်ဟိုအနေဖြင့် စိတ်ကြေနပ်လေဖြစ်လာခဲ့သည်။ သူ့အနေဖြင့် ငွေကြွေးနှင့်စားစရာကိုလည်း စိတ်ပူစရာ မလိုတော့။ သူ့အား ရွှေစတစ်ရာတန်ကြေးရှိသော အဖိုးအခလည်း ရရှိခဲ့ကာ ထိုအတွက် သူသည် အလုပ်ပင် မလုပ်ရသေးပေ။ သူကား ဆိုးဝါးသော အခြေအနေတွင် ကယ်တင်ခံရသည်နှင့်ပင် တူ၏။
ဖက်တီးလေး၏ငိုသံက သူ့အား စိတ်အနှာင့်အယှက်ဖြစ်စပြုလာသည်။ သူ့အား လျစ်လျူရှုကာ မန်ဟိုက ဝတ်စုံဖြင် ထုပ်ပိုးထားသော စာအုပ်အား ဆွဲထုတ်သည်။ စာအုပ်၏ပထမဆုံးစာကြောင်းကို ဖတ်မိသည်တွင် မန်ဟို အံ့အားသင့်သွား၏။
“လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို မှီခိုဖို့လိုတယ်။ မင်းဟာ ချမ်းသာကြွယ်ဝချင်တဲ့လူသားတစ်ယောက်ပဲဖြစ်ဖြစ်၊ အပူအပင်ကင်းချင်တဲ့ကျင့်ကြံသူပဲဖြစ်ဖြစ် ငါ့ရဲ့မှီခိုရာဂိုဏ်းကို ဝင်လိုက်ပါ။ မင်း ငါ့ကို မှီခိုလို့ရတယ်” ကျမ်းစာအုပ်ငယ်တွင် ထိုမိတ်ဆက်ကို ရေးထားပြီး မှီခိုရာဂိုဏ်းချုပ်၏လက်မှတ်အား ရေးထိုးထားသည်။
စာကြောင်းက တိုသော်လည်း ဖော်မပြနိုင်သော စွမ်းအားများ ရှိနေဟန်ရသည်။ ထိုစကားက ဖိတ်ကြားခြင်းလည်းဖြစ်သလို ဂိုဏ်းနှင့်ပတ်သက်၍ ဖွင့်ဆိုရှင်းလင်းခြင်းလည်းဖြစ်သည်။ မန်ဟိုက အတွေးလွန်နေရာမှ ရုတ်တရက် အားလုံး ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။
“မှီခိုရာဂိုဏ်း။ ဒါက ဂိုဏ်းရဲ့ဆောင်ပုဒ်ပဲ။ လူတွေက တစ်စုံတစ်ခုကိုတော့ မှီခိုရမယ်။ သူတို့က မှီခိုရာဂိုဏ်းကို သွားရင် သူတို့ဟာ ချမ်းသာမယ်။ စွမ်းအားကြီးမယ်။ အပူအပင်ကင်းမယ်” စာကြောင်းက အဓိပ္ပာယ်ပြည့်ဝလှသည်။ သူ့တွင် အရာရှိတစ်ဦး၏အထောက်အပံ့သာ ရှိခဲ့ပါက နန်းတွင်းစာမေးပွဲအား သုံးနှစ်တိတိ ကျမည်မဟုတ်ကြောင်း တွေးမိကာ သက်ပြင်းချသည်။ သူတစ်ခါမှ မတွေ့ဖူးသော မှီခိုရာဂိုဏ်းချုပ်အပေါ်တွင် လေးစားမှုက အားကောင်းလာခဲ့၏။ စာတစ်ကြောင်းမျှဖြင့် သူ့ဘဝ၏တံခါးချပ်သည် ဟင်းလင်းပွင့်သွားခဲ့သည်။
“တနည်းပြောရရင် ငါက ဒီမှာ မှီခိုဖို့တစ်စုံတစ်ယောက်ကို ရှာရမယ်။ ဒါဆို ငါက ဘာမှ ပူနေစရာမလိုတော့ဘူး” သူ၏မျက်လုံးများက ကျမ်းစာအုပ်ကို ကြည့်ကာ စူးရှလင်းလက်လာခဲ့သည်။ မကြာခင် သူသည် စာအုပ်၌ နစ်မြောသွားကာ ဘေးမှ ဖက်တီးငိုကြွေးခြင်းကိုပင် မသိတော့။
ဖက်တီးကား ငိုယိုရင်း ညလယ်ခန့်တွင် အိပ်ပျော်သွားခဲ့သည်။ ထို့နောက် သူ၏ဟောက်သံသည် မိုးကြိုးပြစ်သည့်အလား အခန်းတစ်ခုလုံးကို ဆူညီလာတော့သည်။ မန်ဟိုက စာအုပ်ကို သံယောဇဉ်မပြတ်ဟန်ဖြင့် ပိတ်လိုက်သည်။ သူက အလွန်မောပန်းနေသည်ဟု ခံစားရသော်လည်း သူ့မျက်လုံးများကမူ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေ၏။
“ဒီစာအုပ်က ရွှေစ ၁၀၀ မဟုတ်ဘူး။ ရွှေစ ၁၀၀၀တန်တယ်။” သူက ကိုယ့်ကိုယ်ကိုယ် ပြောသည်။ ချမ်းသာကြွယ်ဝသော အရာရှိဖြစ်ရန် အိပ်မက်မက်လေ့ရှိသော သူ့လိုလူအတွက် ရွှေစ၁၀၀၀ကား သူ့အတွက် တန်ဖိုးကြီးမားလွန်းပေသည်။
စိတ်လှုပ်ရှားနေသော်လည်း ဖက်တီး၏ဟောက်သံက ရုတ်တရက် ရပ်သွားသည်ကို သတိထားမိသည်။ သူက လှမ်းကြည့်လျှင် ဖက်တီးသည် အိပ်ရာမှ ထရပ်ကာ လက်များကို အဆက်မပြတ် ဝှေ့ယမ်းလျှက် ရေရွက်နေသည်ကို မြင်၏။
“ငါမင်းကို သေအောင်ရိုက်မယ်။ ငါ့ပေါက်စီကို မင်းက ဘာမို့လို့ ခိုးရဲတာလဲ။ ငါမင်းကို သေအောင်ကိုက်မယ်။ ငါ့မိန်းမကို ဘာမို့လို့ ခိုးရဲတာလဲ” သူက ပြောရင်းဆိုရင်းဖြင့် အိပ်ရာမှ ထသည်။ ထို့နောက် အံ့အားသင့်ဖွယ်ကောင်းအောင် ဘေးမှ စားပွဲကို လက်ဖြင့် ကိုင်ကာ ကိုက်လိုက်ရာ သွားရာတစ်ခု ထင်းနေအောင် ပေါ်ကျန်ခဲ့သည်။ ထို့နောက် သူက သူ့အိပ်ရာ၌ ပြန်၍ အိပ်ပျော်သွားသည်။
မန်ဟိုက ဖက်တီး အိပ်ပျော်ရင်းယောင်နေခြင်းဖြစ်ကြောင်း သိလိုက်သည်။ ထို့နောက် သူက စားပွဲပေါ်မှ သွားရာကို ကြည့်ကာ ဖက်တီးအိပ်ပျော်နေစဉ် သူ့အနေဖြင့် မည်သည့်အခါမှ ရန်မစမိရန် လိုကြောင်း သိလိုက်သည်။ သူက သူ့ထံမှ အကြည့်ကို လွှဲကာ ကျင့်စဉ်ကျမ်းကို စိတ်လှုပ်ရှားစွာ ထပ်ကြည့်၏။
“စဦးချီဖွဲ့စည်းခြင်းအဆင့်ကိုးဆင့်က အင်မော်တယ်ဖြစ်ဖို့ လမ်းစဉ်ပဲ။ ဒါကို ကျင့်ရင် ငါဟာ အင်မော်တယ်ဖြစ်ဖို့ အခွင့်အရေးရှိတယ်။ ငါသာ အင်မော်တယ်ဖြစ်ရင် ချမ်းသာပြီ။” မန်ဟိုက စာအုပ်ကို တင်းတင်းဆုပ်ကိုင်ကာ သူ၏ရည်မှန်းချက်အသစ်ကို ချမှတ်လိုက်တော့သည်။
ထိုအခိုက်တွင် အိမ်တံခါးသည် ဘန်းခနဲမြည်သံနှင့်အတူ ကန်ကျောက်၍ အဖွင့်ခံလိုက်ရကာ နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။