အပိုင်း ( ၁၅ )

သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်မှ တိုက်ပွဲခေါ်သံ ( ၃ )

“ဘုန်း … ဟား ဟား”

ကျင်းဟွေ့သည် ခုခံနိုင်ခြင်း မရှိတော့သော ဟန်မန်းကို ပတ်ချာလှည့်ကာ လိုက်လံ တိုက်ခိုက်နေ၏။ ဟန်မန်းကို အနည်းငယ်မျှ နားခွင့်မပေးချင်ပေ။ သူသည် သဲမှုန်တွေကြောင့် မျက်လုံး မမြင်ရတော့သော ဟန်မန်းကို ထပ်ခါထပ်ခါ ထိုးနေ၏။ ဟန်မန်း၏ အရိုးများ အက်ကွဲလာသော အသံများသည် ကျယ်လောင်စွာ ထွက်ပေါ်နေ၏။ သို့သော်လည်း ဟန်မန်း နာကျင် ခံစားလာရသည့် အချိန်တိုင်း ကျယ်လောင်စွာ ရယ်မောနေသော ကျင်းဟွေ့၏ရယ်သံကြီးက လွှမ်းမိုးသွားတတ်၏။

“ဒီကောင်က တကယ့်ကို အရှက်မရှိတာပဲ။ အစကတည်းက သဲမှုန့်တွေနဲ့ တိုက်ခိုက်ဖို့ အစီအစဉ်ချထားပုံပဲ။ ရွံစရာ ကောင်းလိုက်တာ”

သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်သို့ လူတွေ ပိုပို များလာ၏။ သူတို့ထဲမှ အချို့က အခြား ကျောင်းသားများကို တိုက်ပွဲမှာ သူတို့မြင်ခဲ့သမျှ အားလုံးကို ပြောပြနေ၏။

“သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်မှာ စိတ်ကြိုက် တိုက်ခိုက်နိုင်တယ်။ အနိုင်ရဖို့ဆိုရင် ကြိုက်တဲ့ နည်းလမ်းတွေ အသုံးပြုနိုင်တယ်”

ကျင်းဟောက်က ပြောလိုက်၏။

မည်သို့ပင် ဆိုစေကာမူ လင်းဖန်မှာ စိတ်ထဲတွင် မခံစားနိုင် ဖြစ်လာရသည့် အတွက် စိန်ခေါ်ပွဲကွင်းပြင်သို့ သွားလိုက်၏။ ရုတ်ခြည်းပင် ကျင်းဟောက်က လင်းဖန်၏လမ်းကို ပိတ်ထားလိုက်သည်။ ဟန်မန်းသည် ကျင်းဖန်ကို သတ်ခဲ့သော အပြစ်အတွက် လူတိုင်း၏ရှေ့မှာ ရိုက်နှက်ခံရပြီး သေသွားတာ အလိုရှိသောကြောင့် ဘယ်သူမှ မကယ်နိုင်အောင် ကျင်းဟောက်က လုပ်ဆောင်နေခြင်း ဖြစ်၏။

“ဖယ်စမ်း” လင်းဖန်က ပြောလိုက်၏။

“ချီစုဆောင်းမှုအဆင့် ရှစ်လေးနဲ့ ငါ့ကိုလာပြီး စိန်ခေါ်ဝံ့တယ်ပေါ့။ ငါ့ရဲ့သေသွားတဲ့ ညီလေးအတွက် လက်စားချေနေတာ။ လင်းဖန်၊ မင်းက ဘာမှမဆိုင်ဘဲနဲ့ ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ လက်စားချေတဲ့ကိစ္စမှာ ဝင်ရောက် စွက်ဖက်ချင်နေတာလား…”

ကျင်းဟောက်သည် လင်းဖန်ကို စိတ်မဝင်စားသလို ပြောလိုက်၏။

“ဝင်ရောက် စွက်ဖက်တယ်လား မင်းညီလေးကို သတ်ခဲ့တဲ့လူ၊ ငါကတော့ ဝင်ရောက် စွက်ဖက်လို့ မရဘူးပေါ့။ မင်းညီက တခြားသူတွေအပေါ်မှာ ထောက်ထား ညှာတာခြင်းမရှိခဲ့လို့ ငါက သတ်ပစ်ခဲ့တာ။ အခုတော့ ဟန်မန်းက ငါ့အစား စိန်ခေါ်ပွဲကွင်းပြင်မှာ တိုက်ခိုက်နေရပြီ။ တကယ်လို့ ငါသာ စိန်ခေါ်ပွဲကွင်းပြင်ကို မသွားချင်ခဲ့ဖူးဆိုရင် မင်းရဲ့သနားစရာ ကောင်းတဲ့ ညီလေးအတွက် ဘယ်လို လက်စေားပြန်ချေမလဲ”

လင်းဖန်က ပြောလိုက်၏။

ကျင်းဟောက်သည် ကျောင်းတော်မှာ အဆင့်ခြောက်ရှိသည့် ကျောင်းသား တစ်ယောက်ဖြစ်၏။ လင်းဖန်မှာ မွန်းစတားလို စွမ်းအင်များ ရှိသော်လည်း ထိုကဲ့သို့ ထိပ်ပိုင်းအဆင့်မှာ ရှိသည့် ကျောင်းသားနှင့် ယှဉ်ပြိုင်လျှင် မည်ကဲ့သို့ ဖြစ်နိုင်ဖြစ်နည်း။ လင်းဖန်၏ပြောစကားများကို ကြားရသောအခါ ဟန်မန်း၏မျက်နှာမှာ ကန့်ကွက်သော အရိပ်ယောင်များ ပြည့်နှက်နေ၏။ သို့သော် သူ၏အသံမှာ ကန့်ကွက်စကား ပြောရန်ပင် အားမရှိတော့ချေ။

“ဟမ့်”

ကျင်းဟောက်သည် မယုံမကြည် ဖြစ်နေကာ သူ၏မျက်နှာထက်မှာ ဒေါသများ တလိပ်လိပ် တက်လာ၏။ လျင်မြန်စွာပင် သူ အော်ပြောလိုက်သည်။

“ကျင်းဟွေ့၊ တိုက်ခိုက်တာကို ရပ်လိုက်တော့”

ကျင်းဟွေ့သည် ကျင်းဟောက်၏ အသံကို ကြားလိုက်သောအခါ တိုက်ခိုက်နေရာကနေ ချက်ချင်း ရပ်တန့်လိုက်ကာ ကျင်းဟောက်၏ နောက်ထပ် အမိန့်ကို စောင့်နေ၏။

“မင်းသတ္တိရှိရင် ဟန်မန်းအစား သွားတိုက်ခိုက်နိုင်တယ်”

ကျင်းဟောက် ၏မျက်လုံးများမှာ လူသတ်လိုသော အရိပ်အယောင်များ ပြည့်နေပြီး လင်းဖန်ကို ညွှန်ပြလိုက်၏။

လင်းဖန်သည် အသုံးမဝင်သော စကားလုံးများကို မပြောတော့ပဲ စိန်ခေါ်ပွဲ ကွင်းပြင်ထဲသို့ အလင်းလို လျင်မြန်စွာ ခုန်သွားလိုက်၏။ ဟန်မန်းမျက်နှာမှာ သွေးများပြည့်နေပြီး လူရုပ် မပေါ်တော့ချေ။ အရိုးများသည် ငေါထွက်နေ၏။ လက်ချောင်းများမှာလည်း နေသားတကျ မရှိတော့ပေ။ သူ၏အသက်ရှူသံမှာ တစ်ချက် တစ်ချက်မှသာ ထွက်ပေါ်လာ၏။ လင်းဖန်သည် ဟန်မန်း၏မျက်လုံးနေရာမှသွေးစက်များကို သုတ်ပေးလိုက်၏။ ထိုအချိန်၌ သူ၏လက်များမှာ ရပ်တန့်နေကာ အသက်မရှူသလို ဖြစ်နေ၏။ ထိုအခြေအနေသည် ဟန်မန်းကဲ့သို့ ဒီနေရာမှာ ဖြစ်ခဲ့ဖူးတာကို လင်းဖန် သတိရမိသွားသည်။

“ဟန်မန်း၊ စိန်ခေါ်ပွဲအပြင်ကို တစ်ယောက်တည်း ထွက်နိုင်လား” လင်းဖန်က ဟန်မန်းကို မေးလိုက်၏။

“ကိစ္စမရှိဘူး။ ကျေးဇူးပြုပြီးတော့ အဲဒီကောင်ကို ငါ့အတွက် လက်စားချေပေးစမ်းပါ”

ဟန်မန်းသည် သူ၏တစ်ကိုယ်လုံး နာကျင်မှုတွေ ခံစားနေရင်းက ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်၏။

“မစိုးရိမ်နဲ့”

ဟန်မန်း၏ အပြုံးကို မြင်လိုက်သောအခါ လင်းဖန်၏ရင်ထဲတွင် အပ်ချွန်လေးတွေနဲ့ ထိုးလိုက်သလို ခံစားနေရ၏။

“ဒီကောင်ကတော့ တကယ့်ကို ခေါင်းမာတဲ့ကောင်ပဲ။ ဒီကောင် တစ်ယောက်တည်း မသွားနိုင်ဘူး”

လင်းဖန်သည် တွေးလိုက်ကာ ဟန်မန်းကို တွဲလိုက်၏။ ထို့နောက် စိန်ခေါ်ပွဲ ကွင်းပြင်၏ ထောင့်စွန်းမှာ ထားရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပင် ကျင်းဟောက်၏ အသံကို ကြားလိုက်ရလေသည်။

“ကျင်းဟွေ့၊ ဘာလုပ်ရမယ် ဆိုတာ သိတယ်မလား”

“ကျွန်တော် သိပါတယ်။ သူတို့ နှစ်ယောက်စလုံးကို သတ်ပစ်ရမှာပါ”

ကျင်းဟွေ့က ပြန်ပြောလိုက်၏။

ကျင်းဟောက်သည် အဖြေကို ကျေနပ်သွားကာ ခေါင်းညိတ်ပြလိုက်သည်။

“သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲ နေရာမှာ မင်းက မင်းရဲ့အသက်အတွက် သာမက မင်းသူငယ်ချင်းရဲ့ အသက်အတွက်ပါ တိုက်ခိုက်ရမယ်။ ဘယ်လိုနေနေ ပြဿနာတော့ မရှိပါဘူး။ မင်းကတော့ အရင် ဆုံးသေမှာပဲ။ အဲဒီနောက် ဟန်မန်း အလှည့်ပေါ့”

ကျင်းဟောက်သည် ဟန်မန်းကို တွဲကာ စိန်ခေါ်ပွဲထောင့်စွန်းသို့ သွားနေသော လင်းဖန်ကို ကြည့်ကာ ဂရုမစိုက်သလို ပြောလိုက်၏။

“အဲဒီလိုလား”

ဟန်မန်းကို စိန်ခေါ်ပွဲ ထောင့်စွန်းမှာ ချလိုက်ရင်းက သရော်သလို လင်းဖန် ပြောလိုက်၏။

ထိုအချိန်၌ ကျင်းဟွေ့သည် သူ၏ပတ်လည်မှာ ရှိသည့် အားပြင်းသော မီးစွမ်းအား ချီဓာတ်များကို စုဆောင်းလိုက်၏။

“မီးလက်သီး … သေစမ်း”

ကျင်းဟွေ့သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏လက်ထဲမှာ ဘောလုံးသဖွယ် မီးတောက်အလုံး တစ်လုံး ရုတ်တရက် ထွက်ပေါ်လာ၏။ ပြင်းထန်သော အပူလှိုင်းများသည် လေထုပင် လောင်ကျွမ်းသွားတော့ မတတ် ထုတ်လွှတ်နေသည်။

“ရှုံးစမ်းကွာ”

လင်းဖန်သည် သူ၏ဓားကို ဆွဲထုတ်လိုက်၏။ ကွင်းပြင်တစ်ခုလုံး မိုးခြိမ်းသံကြီး ပျံ့နှံ့သွားသည်။ မီးတောက်များကို မိုးကြိုးလှိုင်းများက ချက်ချင်း ဝါးမျိုသွား၏။ သို့သော် လင်းဖန်၏ဓားမှာ အရှိန်လျော့မသွားပဲ ရှေ့တက်လာနေသော ကျင်းဟွေ့ထံသို့ တိုးဝင်သွားသည်။ ကျင်းဟွေ့၏ရင်ဘတ်မှာ ဓားထိုးစိုက်ခံရမှုကြောင့် အပေါက်လေး တစ်ပေါက် ဖြစ်ပေါ်လာ၏။

“ဆွစ်……”

ကျင်းဟွေ့၏ရင်ဘတ်က အနာမှ သွေးများ ထွက်ကျလာသည်။ လင်းဖန်သည် ကျင်းဟွေ့ကို အလွန်အမင်း သတ်ဖြတ်လိုသော စိတ်နှင့် ကြည့်နေ၏။

“ငါသေ သွားပြီလား”

လင်းဖန်က ရယ်မောကာ ပြောလိုက်၏။ ထို့နောက် သူ၏ဓားကို အသုံးပြု၍ နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ပြန်သည်။ မိုးခြိမ်းသံများ နေရာအနှံ့ ပျံနှံ့သွား၏။ ကျင်းဟွေ့သည် တိုက်ခိုက်မှုကို ရှောင်တိမ်းရန် ပြေးလိုက်စဉ်မှာ နောက်ကျသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်သော အားလှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး လေထဲသို့ ပျံတက်သွားသည်။ ချက်ချင်းပင် အရှိန်ပြင်းစွာနှင့် ကျောက်သားပေါ်သို့ ပြန်ကျလာ၏။

ကျင်းဟွေ့ကား တစ်ချက်မျှ မရှောင်တိမ်းနိုင်ခဲ့ချေ။ သူ၏ခြေထောက်နှစ်ဖက် လေထဲသို့ မြောက်သွားတိုင်း ကျောက်သားကြမ်းပြင်သို့ အရှိန်ပြင်းစွာ ပြန်ကျလာ၏။

“မိုးကြိုးဓားသိုင်း… သူ့ရဲ့ဓားကနေလာတဲ့ မိုးခြိမ်းသံတွေ။ သူက မိုးကြိုးဓားသိုင်းကို အသုံးပြုပြီးတော့ ဓားချက်တိုင်းမှာ မိုးကြိုးအားလှိုင်းတွေကို ဖန်တီးနေတာပဲ ငါတို့ကျောင်းရဲ့ ဘယ်ပါရမီရှင်က ဒီလိုမျိုး စွမ်းဆောင်နိုင်တာလဲ”

ကြည့်နေကြသော လူများမှာ များစွာ စိတ်လှုပ်ရှား နေကြသည်။ သို့သော် လင်းဖန်မှာ မျက်နှာဖုံး တပ်ထားသည့် အတွက် ဘယ်သူမှန်း သူတို့မသိကြပေ။ အကယ်၍ သိများသိခဲ့လျှင် အိပ်မက် မက်နေသည်ဟု ထင်ကာ သူတို့ကိုယ်သူတို့ လက်သည်းနှင့် ဆွဲဆိတ်ကြလိမ့်မည်။

ကျင်းဟောက်၏ မျက်နှာသည် အရှက်ခွဲ ခံလိုက်ရမှုကြောင့် အလွန်အမင်း အရုပ်ဆိုး အကျည်းတန်သွား၏။ ကျင်းဟွေ့မှာ အံ့အားသင့်လောက်အောင် လင်းဖန်ကို တိုက်ခိုက်နိုင်ခြင်း မရှိဘဲ သူ့ကို သတ်ခိုင်းလိုက်ခြင်းသည် မဖြစ်နိုင်သော ကိစ္စတစ်ခုကို လုပ်ခိုင်းလိုက်သည့်ပုံ ပေါ်နေ၏။ ကျင်းဟွေ့သည် လွတ်မြောက်ရန်အတွက်သာ ကြိုးပမ်းနေပြီး သူ့ကို ကာကွယ်ပေးနိုင်မည့် ကျင်းဟောက်ထံသို့ ပြေးလာ၏။

လင်းဖန်၏ဓားသည် တဖြည်းဖြည်း နီးလာနေတာ ကျင်းဟောက် မြင်လိုက်ရ၏။ သူကား မြေပြင်ပေါ်မှာ မရပ်နိုင်တော့သည့်အလား ဝပ်ချလိုက်၏။ သို့သော် မျက်နှာချင်းဆိုင်မှ လင်းဖန်ထံသို့ တွားသွားနေ၏။ သူ၏မျက်နှာထက်မှာ ထိတ်လန့် ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက် အားငယ်ခြင်းတို့ ပြည့်နေ၏။

“ငါနောက်ထပ် မတိုက်တော့ဘူး။ ငါ့ကို ခွင့်လွှတ်ပါကွာ။ မင်း အနိုင်ရပါတယ်”

“ငါ အနိုင်ရတယ်ပေါ့”

လင်းဖန်က အရယ်ရဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။ ကျန်းဟွေ့သည် ဟန်မန်းကို သေလုနီးပါး တိုက်ခိုက်ခဲ့၏။ အကယ်၍ ကျန်းဟွေ့မှာ လုံလောက်သော စွမ်းအားရှိနေခဲ့လျှင် လင်းဖန်နှင့် ဟန်မန်းကို သတ်လိမ့်မည်။ သို့သော် ယခု အရှုံးပေးပါပြီဟူ၍ ကြေညာခဲ့သည်။ အဲဒီလို ကြေညာလိုက်ရုံနဲ့ အရာရာတိုင်းက ပြီးဆုံးရမှာလား…

“သေစမ်း”

ရုတ်တရက် ကျန်းဟွေ့ အော်လိုက်သည်။ အဖြူရောင် အမှုန့်များသည် လင်းဖန်ထံသို့ လွင့်ပျံလာ၏။ ထိုအချိန်မှာပင် ကျန်းဟွေ့သည် စိန်ခေါ်ပွဲ၏ ထောင့်စွန်းသို့ ပြေးသွားသည်။ ကံကောင်းစွာပင် လင်းဖန်ကား တစ်စက္ကန့်လောက် နောက်ကျသွား၏။

“ကျင်းဟောက် ငါ့ကို မြန်မြန် လာကယ်ပါဦး”

ကျန်းဟွေ့သည် ကျင်းဟောက်ရှိရာ နေရာသို့ အမြန် ပြေးသွား၏။ သူ၏နောက်မှ လင်းဖန်ကား အရိပ်ပမာ လိုက်နေသည်။

လေးလံသော အရာတစ်ခုသည် စိန်ခေါ်ပွဲ၏အပြင်ဘက် မြေပြင်သို့ အရှိန်ပြင်းစွာ ကျသွား၏။ ထိုအရာကား ကျောက်သား စိန်ခေါ်ပွဲနေရာမှ မြေပြင်ပေါ်သို့ တလိမ့်ခေါက်ကွေး ကျသွားသော ကျင်းဟွေ့၏ခန္ဓာကိုယ်ကြီး ဖြစ်သည်။ ကျင်းဟွေ့၏မျက်နှာမှာ ပြုံးနေသည်။ အဘယ်ကြောင့်ဆိုသော် ကျင်းဟောက်၏ ရှေ့သို့ ရောက်ရှိ သွားသောကြောင့်ပင်။ ပိုပြီး အရေးကြီးသည်မှာ စိန်ခေါ်ပွဲ၏အပြင်ဘက် ရောက်ရှိသွားခြင်း ဖြစ်၏။

ကျန်းဟောက်မှာ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာသို့ လာ၍ ဝင်ရောက် ဖျန်ဖြေခွင့်မရှိပေ။ အကယ်၍ သူက ကြားဝင်ဖျန်ဖြေခဲ့လျှင် မျက်နှာပျက်စရာ ဖြစ်လိမ့်မည်။ သို့သော်လည်း စိန်ခေါ်ပွဲ၏ အပြင်ဘက်သို့ ရောက်ရှိလာသောအခါ သူ့အတွက် ကန့်သတ်ချက်တွေ မရှိတော့ချေ။

“သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာမှာ ငါ့ကို မသတ်နိုင်ခဲ့တာ ညံ့လွန်းပါတယ်”

ကျန်းဟွေ့သည် စိန်ခေါ်ခြင်း ကွင်းပြင်၏ ထောင့်စွန်းမှာ ရှိနေသော လင်းဖန်ကို ကြည့်ကာ ပြက်ရယ်ပြုလိုက်၏။ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာသည်ကား အသက်ကို လောင်းကြေး ထပ်ထားရသည့် နေရာဖြစ်သည်။ ကျန်းဟွေ့မှာ စိန်ခေါ်ပွဲ နေရာမှ အပြင်ဘက်သို့ ရောက်ရှိနေပေပြီ။ ကျန်းဟွေ့သာ မုန်တိုင်းတောင်ကြားမှာ ရှိနေသေးလျှင် လင်းဖန်အနေဖြင့် တိတ်တဆိတ် လုပ်ကြံနိုင်သေး၏။ သို့သော် လင်းဟောက်ရှေ့မှာကား မစဉ်းမစား လုပ်လိမ့်မည် မဟုတ်ချေ။

“အဲဒီလိုလား… သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲ နေရာရဲ့ အပြင်ဘက်ကို ရောက်သွားတာနဲ့ ငါ့ရဲ့လက်ကနေ လွတ်သွားပြီ။ ဒါပေမဲ့ ကံကြမ္မာက စီရင်ပါလိမ့်မယ်။ အဲဒီကောင်ကို သတ်ခြင်းက စည်းမျဉ်းတွေကို ဆန့်ကျင်တာလား”

လင်းဖန်သည် တွေးတောပြီးနောက် ရေလှိုင်းကိုးသွယ် သိုင်းပညာရပ်ကို အသုံးပြုလိုက်သည်။ ပြင်းထန်သော အားလှိုင်းများသည် ကျင်းဟောက် ရှိရာနေရာသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွား၏။

ကျင်းဟောက်၏ မျက်နှာမှာ မုန်းတီးနေမှုတွေ ပြည့်နှက်လာ၏။ ပြင်းထန်သော အားလှိုင်းများကို သူ၏လက်ဝါးဖြင့် အသာအယာ ချေဖျက်လိုက်လေသည်။

“မိုးကြိုးဓားသိုင်း”

လင်းဖန်သည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ကာ ကျင်းဟောက်ကို ဦးတည်၍ မိုးကြိုးဓားသိုင်းကို ထုတ်ဖော်လိုက်သည်။

ကျင်းဟောက်သည်လည်း သူ၏ဓားကို ဆွဲထုတ်ကာ လင်းဖန်ကဲ့သို့ပင် မိုးကြိုးဓားသိုင်းကို အသုံးပြုလိုက်၏။

“ရေလှိုင်းကိုးသွယ်သိုင်း၊ သေစမ်းကွာ”

မိုးကြိုးဓားသိုင်းကို အသုံးပြုပြီးနောက် လင်းဖန်သည် လေထဲသို့ ကျားတစ်ကောင်လို ခုန်လိုက်ကာ အတွင်းအားလှိုင်းများကို ထုတ်လွှတ်လိုက်လေ၏။ ပြင်းထန်သော အားလှိုင်းများမှာ ကျင်းဟောက်၏ မိုးကြိုးဓားသိုင်းကို အရှိန်လျော့သွား စေသည့်အပြင် အဆုံးအစမဲ့ ပင်လယ်လှိုင်းများကဲ့သို့ ကျင်းဟောက်ထံ ဆက်တိုက် တိုးဝင်သွားသည်။

လင်းဖန်၏စွမ်းရည်ကို ထိုကဲ့သို့ အဆင့်မြင့်လိမ့်မည်ဟူ၍ မျှော်လင့်မထားသည့် ကျင်းဟောက်မှာ အံ့သြနေ၏။ လင်းဖန်သည် မိုးကြိုးဓားသိုင်းကို ကျွမ်းကျင်ပိုင်နိုင်နေပြီ ဖြစ်သည့်အတွက် သူ၏ဓားချက်များမှာ ကျင်းဟောက်၏ အရေးကြီးသော နေရာများသို့ ဦးတည်နေ၏။ ထို့ပြင် ဓားချက်များနှင့် အတူတွဲဖက်၍ အားလှိုင်းများက ကပ်ပါလာသည်။ ကျင်းဟောက်ကား ဓားချက်တိုင်းကို တုံ့ပြန် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ဘဲ နောက်သို့ ဆုတ်၍ ဆုတ်၍သာ ခုခံနေရ၏။

လင်းဖန်၏ တိုက်ခိုက်မှုများ အားလုံးကို သူချေဖျက်ပြီးသော အချိန်မှာ သူ၏အမှားကို နားလည်သွားသည်။ လင်းဖန်သည် ကျင်းဟွေ့၏ဘေးမှာ ရပ်နေ၏။ သူဓားသည် ကျင်းဟွေ့၏ လည်ပင်းကို ချိန်ရွယ်ထားသည်။

“ရေလှိုင်းကိုးသွယ် သိုင်းပညာရပ်နဲ့ မိုးကြိုးဓားသိုင်းကို ပေါင်းစည်းလိုက်တဲ့ စွမ်းအင်အသစ် တစ်မျိုးက ကျင်းဟောက်ကို နောက်ဆုတ်သွားစေတယ်။ အနည်းငယ်သာ ဆုတ်သွားတာ ဖြစ်ပေမဲ့ သူ့အနေနဲ့ ဒါကို ဂုဏ်ယူသင့်တယ်”

“ကျင်းဟောက်ဆိုတာ ကျောင်းတော်ရဲ့ အဆင့် ၆ ကျောင်းသား တစ်ယောက်ပဲ။ သူက မိုးကြိုးဓားသိုင်းကို အဆင့်ကုန် အောင်မြင်ထားတယ်။ ဒီကောင်က မိုးကြိုးဓားသိုင်းကို အစ်ကိုလေး ကျင်းဟောက်နီးပါး တတ်မြောက် ထားရုံသာမက နောက်ဆုတ်သွားအောင် ဖိအားပေး တိုက်ခိုက်နိုင်မယ်လို့ မထင်ထားဘူး”

လူအုပ်ကြီးမှ ကျယ်လောင်စွာ ဆွေးနွေးနေကြ၏။ လင်းဖန်သည် ချီစုဆောင်းမှုအဆင့် ရှစ်သာ ရှိသေးသည်။ ကျင်းဟောက်ကား ကျောင်းတော်၏ စွမ်းအားကြီး ကျောင်းသားများထဲမှ တစ်ယောက်ဖြစ်သည်။ ကျင်းဟောက်နှင့် ချီစုဆောင်းမှု အဆင့်ကိုးသို့ ရောက်ရှိနေသော ကျောင်းသားတချို့ တိုက်ခိုက်လျှင်တောင်မှ ကျင်းဟောက်၏တိုက်ခိုက်မှုကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် လင်းဖန်ကား ကျင်းဟောက်ကို နောက်ဆုတ်သွားစေရုံသာမက ကျင်းဟွေ့၏အသက်ပါ သူ၏လက်ထဲ ရောက်နေသည်။ ဒီလိုမျိုး ကံကြမ္မာ အလှည့်အပြောင်းကို ဘယ်သူက မျှော်လင့်ထားနိုင်မလဲ…။

တိုက်ပွဲနှင့် ပတ်သက်သည့် လူများ၏မှတ်ချက်ကို ကြားရသောအခါ ကျင်းဟောက်မှာ ဒေါသထွက်လာခြင်းကို မထိန်းချုပ်နိုင်တော့ပေ။ ကျောင်းသားများ၏ ကြားတွင် သူသည် အလွန် ကျော်ကြားသူ ဖြစ်သည်။ လင်းဖန်ကြောင့် သူ့မှာ မျက်နှာပျက်ရုံသာမက အရှက်ရနေ၏။

“မင်းသူ့ကို သတ်ဝံ့လား … ထွက်သွားစမ်းကွာ… အဲ့လိုမလုပ်ရင်တော့ နေ့တိုင်း မင်းကို သေချင်စော်နံအောင် ခြောက်လှန့်နေမယ့် အိပ်မက်ဆိုးတွေ လုပ်ပေးလိုက်မယ်”

ကျင်းဟောက်သည် ကျင်းဟွေ့ကို ဓားနှင့်ချိန်ထားသော လင်းဖန်ကို ကြည့်ကာ အော်ပြောလိုက်၏။

“ကျေးဇူးပြု၍ ငါ့ကို သွားခွင့်ပေးပါ”

ကျန်းဟွေ့သည် လက်နှစ်ဖက်ဆုပ်ကာ အနူးအညွတ် တောင်းပန်လိုက်၏။

“မင်းကို သွားခွင့်ပေးရမယ် မင်း အိပ်မက် မက်နေတာပဲ။ ဒီနေရာမှာ ခွေးတစ်ကောင်လို သေရမယ်”

လင်းဖန်၏ဓားသည် အလင်းရောင် တစ်ချက် လက်သွားကာ ကျင်းဟွေ၏လည်ပင်းမှာ ဟက်တက်ကွဲ သွားလေသည်။

ထိုမြင်ကွင်းမှာ အံ့အားသင့်စရာ ကောင်းလှသည်။ ကျင်းဟွေ့မှာ မျက်လုံးကြီးပြူးကာ သေဆုံးသွား၏။ လည်ပင်းအကွဲရာမှ သွေးများ ပန်းထွက်နေကာ သဲပြင်ပေါ်သို့ ကျသွားသည်။ နေရာတစ်ခုလုံးကား နီစွေးသော သဲပြင် ဖြစ်လာ၏။

“သတ္တိရှိတယ်”

လူအုပ်ထဲမှ လူတစ်ယောက်က လင်းဖန်၏ ကံမကောင်းခြင်းကို သနားနေပုံရကာ ပြောလိုက်၏။ ကျင်းဟောက်ကား သူ၏ရှေ့ရှိ မြင်ကွင်းကို ကြည့်နေရာမှ အေးစက်စက် အငွေ့အသက်များ သူ့ကိုယ်မှ ထွက်ပေါ်လာသည်။ အံ့အားသင့်လောက် အောင်ပင် လင်းဖန်သည် သူ၏စကားကို လျစ်လျူရှုခဲ့၏။ ထို့ပြင် ကျောင်းတော်၏ စည်းမျဉ်းကို ဖောက်ဖျက်ကာ ကျန်းဟွေ့ကို လူမဆန်စွာ သတ်လိုက်လေသည်။ လင်းဖန်ကား သူ၏သတိပေးချက်ကို လုံးဝ ဂရုမစိုက်ခဲ့ခြင်းပင်။

လင်းဖန်အနေဖြင့် မည်ကဲ့သို့ ပြုမူလိုက်သည်ဖြစ်စေ ကျင်းဟောက်က လင်းဖန်ကို လိုက်လံ သတ်ဖြတ်နေမှာ ဖြစ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ဘာကြောင့် ကြောက်ရွံ့နေရမလဲ…။

“ဒီနေ့မှာ မင်းက ငါ့ကို အရှက်တွေ ခွဲခဲ့တယ်။ မင်းကို မသတ်နိုင်ခဲ့ဘူး ဆိုရင်တောင် သေတာထက် နာကျင်တဲ့ ခံစားမှုမျိုး ခံစားစေရမယ်”

ကျန်းဟောက်သည် ဒေါသ အမျက်ခြောင်းခြောင်း ထွက်ကာ ပြောလိုက်၏။

ကြည့်နေကြသော လူအုပ်ကြီးမှာ လင်းဖန်၏ ကံမကောင်းပုံကို တွေးနေကြသည်။ သူသည် ကျန်းဟောက်ကို ဒေါသ အမျက်ခြောင်းခြောင်း ထွက်စေခဲ့ရုံသာမက ကျောင်းတော်၏ စည်းမျဉ်းကိုလည်း ချိုးဖောက်ခဲ့သည်။ လင်းဖန်အနေဖြင့် ယခုအချိန်မှာ မသေသေးသော်လည်း ထိုကဲ့သို့ အဖြစ်အပျက်သည် သေခြင်းတရားသို့ လိပ်တစ်ကောင်လို ဖြည်းလေးစွာ သွားနေခြင်း၏ အစပင်ဖြစ်နေသည် မဟုတ်လော။ လင်းဖန်သည် စွမ်းအားမြင့်သည် မှန်သော်လည်း ကျောင်းတော်၏ အဆင့် ၁၀ ကျောင်းသား စာရင်းဝင် တစ်ယောက်ကို ဆန့်ကျင် တိုက်ခိုက်ရန် ဆိုသည်မှာ မဖြစ်နိုင်ပေ။

ကျင်းယွမ်သည် အသက်ကို လေးပင်စွာ ရှူလိုက်၏။ ကံမကောင်းစွာပင် သူမကား အားနည်းသည့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သောကြောင့် လင်းဖန်ကို အကူအညီ မပေးနိုင်ခဲ့ချေ။ သူမသာ ဆိုလျှင် ကျင်းဟောက်က သူ၏ဓားနှင့် တစ်ချက်တည်း သတ်နိုင်လိမ့်မည်။

လူတိုင်း လင်းဖန်ကို ကြည့်နေကြသည်။ လင်းဖန်ကား ငြိမ်သက်နေ၏။ သူသည် နှေးကွေးစွာ လှည့်လိုက်ကာ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာသို့ ပြန်ခုန်လိုက်၏။

“သူ ဘာလုပ်နေတာလဲ”

လူတွေက စိန်ခေါ်ပွဲနေရာသို့ ပြန်ရောက်သွားသော လင်းဖန်ကို ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် မေးလိုက်ကြ၏။ သူတို့အားလုံး ဆွံ့အသွားခဲ့သည်။

လင်းဖန်သည် စိန်ခေါ်ပွဲ၏ အလယ်သို့ ရောက်ရှိသွားသောအခါ ကျင်းဟောက်ထံသို့ လှည့်ကြည့်လိုက်၏။ ထို့နောက် လင်းဖန်က ရေခဲလို အေးစက်စက် စကားလုံးများနှင့် တစ်လုံးချင်း ပြောလိုက်လေသည်။

“မင်း ဘာကို စောင့်နေတာလဲ… မင်းက နောက်တစ်ယောက်ပဲ”

ထိုအချိန်၌ တိတ်ဆိတ် ငြိမ်သက်သွားမှုက မုန်တိုင်းတောင်ကြား တစ်ခုလုံးပင် ဖုံးအုပ်သွားသည်။ လင်းဖန်က သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာမှာ အဆင့် ၆ ကျောင်းသား တစ်ယောက်ကို စိန်ခေါ်လိုက်လေပြီ။

***


Comment

Leave a Reply


Options

not work with dark mode
Reset