Switch Mode

အပိုင်း ( ၁၄ )

သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်မှ တိုက်ပွဲခေါ်သံ ( ၂ )

ကျင်းယွမ်သည် လင်းဖန်၏အနားသို့ ကပ်နေခဲ့၏။ သူမသည် ချီစုဆောင်းမှုအဆင့် ၇ သာ ရှိသေးသည့်အတွက် တစ်ယောက်တည်း ထွက်ခွာရန်ကား အားနည်းလွန်း သေးသည်။ ချီစုဆောင်းမှု အဆင့် ၇ သည် မုန်တိုင်းတောင်ကြားတွင် အနိမ့်ဆုံးဖြစ်ကာ တခြားသူများနှင့် တိုက်ခိုက်ရန် သူမမှာ စွမ်းအင် လုံလောက်ခြင်း မရှိသေးပေ။

လင်းဖန်က သူ့ကို တစ်ယောက်တည်း ထားခဲ့ခြင်း၏ ရည်ရွယ်ချက်ကို ဟန်မန်း နားလည်သည်။ လင်းဖန်အနေဖြင့် သူတို့ကို အမြဲတမ်း ကာကွယ်ပေးနေရလျှင် တိုက်ပွဲ အတွေ့အကြုံတွေကို သူရရှိနိုင်တော့မည် မဟုတ်ပေ။ ရှေ့ဆက် သူ၏စွမ်းအားအပေါ်မှာ မှီခိုလိုက်ခြင်းသည်သာ သူ့အတွက် အဓိက ဖြစ်လာတော့၏။

မုန်တိုင်းတောင်ကြားမှာ အချိန်အကြာကြီး လျှောက်သွားနေရန်ပင် မလိုခဲ့ချေ ။ မကြာမီမှာပင် သူ့အနားသို့ ကျောင်းသားတစ်ယောက် ချဉ်းကပ်လာလေသည်။ ထိုလူ၏ မျက်ဝန်းမှ တိုက်ခိုက်လိုသော ရည်ရွယ်ချက်ကို ရှင်းလင်းစွာ မြင်နေရ၏။

စကားပြောဆိုနေရန်ပင် မလိုအပ်ပေ။ ရုတ်ခြည်းပင် ကျောင်းသားသည် ချီစွမ်းအားများကို သူ၏လက်သီးတွင် စုစည်းလိုက်ကာ ဟန်မန်းကို ထိုးလိုက်လေသည်။

“ဘယ်လောက်တောင် ကံမကောင်းလိုက်သလဲ…။ ဟန်မန်းက ချီစုဆောင်းမှု အဆင့်ကိုးကို ရောက်နေတဲ့ သိုင်းပညာရှင် တစ်ယောက်နဲ့မှ သွားတွေ့မိနေတယ်”

လင်းဖန်သည် အနည်းငယ်ဝေးသော နေရာမှကြည့်ကာ ပြုံးလျက် ပြောလိုက်လေ၏။ ဟန်မန်းသည် သူ၏ပြိုင်ဘက် ထုတ်လွှတ်လိုက်သော လက်သီးချက်မှ တစ်ဆင့် ချီစွမ်းအားတွေကို ကြည့်ကာ ထိုသူ၏ အဆင့်ကို ခန့်မှန်းမိပြီး ဖြစ်သည်။ အဆင့်ချင်း ကွာခြားမှုအပေါ် သူ စိုးရိမ်နေရန်ပင် အချိန်မရခဲ့ပေ။ သူ၏တစ်ကိုယ်လုံးမှာရှိသော ချီစွမ်းအားတွေ အကုန်လုံးကို သူ၏လက်သီးမှာ စုဆောင်းလိုက်ကာ ပြင်းထန် ကျယ်လောင်သော လက်သီးချက်တစ်ခု ထုတ်ဖော်လိုက်လေသည်။

လက်သီးနှစ်ခု ထိပ်တိုက်တွေ့ရာမှ ဟန်မန်းမှာ မီတာ အနည်းငယ် အကွာအဝေးထိ ဆုတ်သွားရလေသည်။ သူ၏ပြိုင်ဘက်ကား နေရာမှ တစ်လက်မပင် မရွေ့ခဲ့ချေ။ သူ၏လက်သီးချက်သည် သံနံရံတစ်ခုကို ထိုးမိသွားသလို ခံစားလိုက်ရ၏။ သူတို့နှစ်ယောက်အနက် ဘယ်သူက အသန်မာဆုံးလဲဆိုတာ ဆက်လက် တိုက်ခိုက်ရန်ပင် မလိုအပ်တော့ချေ။

“ချီစုဆောင်းမှု အဆင့် ရှစ်… မင်းက အရမ်းညံ့တာပဲ။ အတွေ့အကြုံအချို့ ရလိမ့်မယ်လို့ ငါထင်ထားခဲ့တာ။ စိတ်ပျက်စရာ ကောင်းလိုက်တာ။ သွားတော့မယ်…”

သူ၏ ပြိုင်ဘက်သည် သနားသည့်အသံနှင့် ပြောလိုက်လေ၏။ ထို့နောက် ထိုသူသည် စတင် ထွက်ခွာရန် ပြင်လိုက်သည်။

ဟန်မန်းအပေါ် စိတ်ဝင်စားမှု မရှိတော့ပေ။ သိုင်းပညာရှင် အများစုမှာ ရက်ရက်စက်စက်နှင့် ကရုဏာတရား ကင်းမဲ့စွာ ပြုမူရခြင်းကို ကျေနပ် ပျော်ရွှင်ကြပေသည်။ သို့သော် သိုင်းပညာ လမ်းကြောင်းကို တရှိုက်မက်မက် လျှောက်လမ်းနေသော သိုင်းပညာရှင်များကား စိန်ခေါ်မှု မရှိပဲနှင့် ရက်စက်စွာ ပြုမူရခြင်းကို ခုံမင်ခြင်းမရှိပေ။ သူတို့၏သိုင်းပညာ တိုးတက်ရေး အတွက်သာ အားစိုက်ထုတ် ကြပေသည်။ ထိုကဲ့သို့ သိုင်းပညာရှင်များသည် သူတို့နှင့် အဆင့်တူ အချင်းချင်း သို့မဟုတ် သူတို့ထက် အဆင့်ပိုမြင့်သော သူများနှင့် တိုက်ခိုက်ရခြင်းကို ကျေနပ်ကြ၏။ ထိုတိုက်ခိုက်မှုတစ်ဆင့် သူတို့၏အမြင်အာရုံကို ကျယ်စေကာ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်သလို ဖြစ်စေသည်။ ထို့ပြင် လိုအပ်သော တိုက်အတွေ့အကြုံများလည်း ရရှိစေကာ သူတို့၏ စွမ်းအားကို တိုးပွားလာစေသည်။

“ခဏနေပါဦး၊ ခဏနေပါဦး…”

ဟန်မန်းက အော်ခေါ်လိုက်၏။

သူ့အနေဖြင့် မုန်တိုင်းတောင်ကြားသို့ ရောက်ဖူးသည်မှာ ယနေ့သည် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ထိုကဲ့သို့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် လျင်မြန်စွာ ခုခံကာကွယ်နိုင်မလဲ… သူသည် ရုတ်ခြည်းပင် သူ၏စိတ်ဝိညာဉ်ကို ထုတ်ဖော်လိုက်၏။ ဝါညိုရောင် အလင်းတန်းလေးသည် သူ၏တစ်ကိုယ်လုံးမှာ လှည့်ပတ်နေသည်။ သူ၏ခြေထောက်အောက်မှ ကမ္ဘာမြေကြီးနှင့် တစ်သားတည်း ဖြစ်သွားပုံပေါ်ကာ သူ၏ချီစွမ်းအင်များသည် ကြီးထွားလာ၏။

“မြေဝိညာဉ်…”

ရုတ်တရက်ပင် သူ၏ပြိုင်ဘက်သည် စိတ်ဝင်စားသွားသည့်ပုံ ပေါ်လာကာ ပြောလိုက်လေသည်။

“မင်းရဲ့စိတ်ဝိညာဉ်က မဆိုးဘူး။ ငါ့ရဲ့ လက်သီး သုံးချက်ကို ခုခံကြည့်ဦး…”

သူ၏ပြိုင်ဘက်သည် စကားပြောပြီးနောက် တစ်ချက် ခုန်လိုက်သောအခါ ဟန်မန်း၏ရှေ့သို့ ရောက်လာလေသည်။

“ဘုန်း…”

ဟန်မန်း၏ပတ်လည်မှာ ရှိသော ဝါညိုရောင် အလင်းတန်းများသည် ရုတ်တရက် အလွန်အမင်း တောက်ပလာလေသည်။ သူ၏ပတ်လည်ကား ဖုန်တွေနှင့် ပြည့်နှက်သွား၏။ ဟန်မန်းကား ခြောက်လှမ်းမျှ နောက်သို့ ဆုတ်သွားရကာ သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများ ထွက်လာလေသည်။

ထိုအခြင်းအရာကို မြင်လိုက်သောအခါ သူ၏ပြိုင်ဘက်သည် နောက်တစ်ကြိမ် ထွက်ခွာရန် ပြင်လိုက်သည်။

“နောက်တစ်ကြိမ် ထပ်တိုက်ပါ…”

ဟန်မန်းသည် သူ၏ပါးစပ်ထောင့်စွန်းမှ သွေးများကို သုတ်ကာ ပြောလိုက်၏။ သတ္တိရှိစွာနှင့် မြဲမြံခိုင်မာစွာ ရပ်နေပုံမှာ ကောင်းကင်ဘုံမှ နတ်စစ်သူကြီးအလား ထင်မှတ်မှားရစေသည်။ သူ၏စိတ်ဝိညာဉ်ကား လေထဲတွင် တဖျတ်ဖျတ် လွင့်ပျံနေ၏။ သူ၏ခန္ဓာကိုယ် ပတ်လည်မှာ ရှိနေသော ဝါညိုရောင် အလင်းများသည် မြေစွမ်းအားများကို စုပ်ယူနေသည့်အတွက် ပိုမိုတောက်ပလာသည်။

“ဘုန်း….”

ဟန်မန်းသည် ခြေရှစ်လှမ်းမျှ နောက်ဆုတ်လိုက်ရပြီး သူ၏ပြိုင်မှာလည်း သုံးလှမ်း နောက်ဆုတ်သွားရ၏။

“ကောင်းလိုက်တာ…”

သူ၏ပြိုင်ဘက်က ပြောလိုက်၏။ မကြာမီပင် သူ၏လက်သီးမှာ အဖြူရောင် အလင်းများ တောက်ပလာပြီး ဟန်မန်းကို သတိပေးစကား ပြောလိုက်သည်။

“ဂရုစိုက်ပါ။ ဒီလက်သီးချက်မှာ ငါ့ရဲ့အသန်မာဆုံး သိုင်းစွမ်းရည် တစ်ခုကို အသုံးပြုထားတယ်….”

“ကောင်းပြီ”

ဟန်မန်းသည် သူ၏ပြိုင်ဘက်ကို စတင် တိုက်ခိုက်ရန် ပြင်လိုက်ရင်း ပြောလိုက်၏။ သူ၏ခြေလှမ်းတိုင်းမှာ မြေပြင်ကို တုန်ခါသွားစေပြီး စွမ်အားမြင့် တိုက်ပွဲဝင်မြင်း တစ်ကောင်က တိုက်ပွဲသို့ ကဆုန်စိုင်း ပြေးနေပုံမျိုးနှင့် တူနေ၏။

“ကမ္ဘာမြေကနေ မင်းစုပ်ယူထားတဲ့ စွမ်းအင်တွေကို အင်အားအဖြစ် အသုံးချလိုက်”

အနည်းငယ်ဝေးသော နေရာမှ ကြည့်နေသော လင်းဖန်က အော်ပြောလိုက်၏။ ဟန်မန်းသည် သူ၏စိတ်ဝိညာဉ်ကို ထိုကဲ့သို့ တစ်မူထူးခြားသော နည်းလမ်းဖြင့် နားလည် သွားလိမ့်မည်ဟူ ထင်မထားခဲ့ပေ။ သူ၏မြေဝိညာဉ်နှင့် သူ့ခြေအောက်မှ မြေစွမ်းအားများကို ပေါင်းစည်းလိုက်ခြင်းက သူ၏ စွမ်းအားကို အလွန်အမင်း တိုးပွားလာစေ၏။

“ဘုန်း….”

သူတို့၏ လက်သီးချက်တွေ တိုက်မိသွားသည်။ ဟန်မန်းနှင့် သူ၏ပြိုင်ဘက်မှ ထွက်ပေါ်လာသော အားလှိုင်းများကြောင့် ဖုန်မှုန်များ အရပ်မျက်နှာအနှံ့ လွင့်ပျံနေ၏။ ဘာဖြစ်သွားသည် ဆိုတာကိုပင် တွေ့မြင်နိုင်ရန် ခက်ခဲနေ၏။ ဖုန်လုံးကြီးများ လွင့်ပြယ်သွားသောအခါ ဟန်မန်းကား မြေပြင်ပေါ်မှာ တရားထိုင်နေသည်။

“မင်းက တခြား ကျောင်းသားတစ်ယောက်က ပြောပြလိုက်တာကို မမျှော်လင့်ဘဲ နားလည်သွားခဲ့တယ်။ အရမ်းကောင်းတယ်”

သူ၏ပြိုင်ဘက်သည် ပြုံးပြီးပြောလိုက်ကာ မြေပြင်ပေါ်မှ ထလိုက်၏။ သူသည်လည်း သူ၏နှုတ်ခမ်း ထောင့်စွန်းမှာ သွေးတွေထွက်နေခဲ့သည်။ ဟန်မန်း၏ နောက်ဆုံး တိုက်ကွက်သည် ထိုမျှလောက် စွမ်းအား ကြီးမားလိမ့်မည်ဟူ၍ သူ မမျှော်လင့်ထားခဲ့ပေ။ သူအနည်းငယ် ဒဏ်ရာ ရသွားသော်လည်း ထိုဒဏ်ရာလောက်သည် သူ့အတွက် မပြောပလောက်ပေ။ တိုက်ခိုက်မှုမှတစ်ဆင့် အမြင်ကျယ်သွားသည့် အတွက်သာ ကျေးဇူးတင်နေ၏။

သူသည် ဟန်မန်းနှင့် နောက်ထပ် အချိန်မဖြုန်းတော့ပဲ ရုတ်တရက် ထွက်ခွာသွားလေသည်။

“အံ့သြစရာ ကောင်းလိုက်တဲ့ကောင်”

လင်းဖန်သည် ဟန်မန်းထံသို့ လာရင်း ပြောလိုက်၏။ ဟန်မန်း၏တိုက်ခိုက်မှုနှင့် ပတ်သက်၍ သူ၏စိတ်ထဲတွင် လေးစားနေသည်။

“သူက ထူးချွန်တဲ့ ကျောင်းသား တစ်ယောက်ပဲ”

ဟန်မန်းသည် သူ၏စိတ်ဝိညာဉ်ကို ပိုမိုနားလည် သဘောပေါက်သွားကာ သူ၏ စိတ်စွမ်းအင် ကျင့်ကြံခြင်း၌ ပိုမို အမြင်ကျယ်သွားကြောင်း လင်းဖန်နှင့် ကျင်းယွမ်တို့ သိလိုက်၏။ သူတို့သည် သူ့ကို မနှောင့်ယှက် ချင်သည့်အတွက် သူ၏ဘေးမှနေ၍ သူပြီးဆုံးသည်အထိ စောင့်နေသည်။

ထိုတိုက်ခိုက်မှုသည် ဟန်မန်းကို ဉာဏ်အလင်း ပွင့်သွားစေခဲ့သည်။ နတ်ဘုရားစွမ်းအင် ဉာဏ်အလင်း ပွင့်ခြင်းကား ရှားပါး၏။ ဟန်မန်းသည် သူ၏ထိုးထွင်းဉာဏ်ဖြင့် တစ်ကြိမ် နားလည်ပြီးနောက် သူ၏စွမ်းအင်များ တိုးတက်လာသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ လင်းဖန်နှင့် ကျင်းယွမ်တို့သည် ဟန်မန်းကို လေးစားနေကြ၏။ ဟန်မန်းသည် မုန်တိုင်းတောင်ကြားသို့ ဝင်လာကာ သူ၏ပထမဆုံးတိုက်ပွဲမှာပင် အလင်းရောင်တစ်ချက် လက်သွားကာ ဉာဏ်အလင်း ပွင့်သွားခဲ့၏။

အချိန်ခဏမျှ ကြာသောအခါ ရုတ်တရက် ချက်ချင်းပင် ဟန်မန်း၏ ခန္ဓာကိုယ်မှ ပြင်းထန်သော ချီစွမ်းအားများ ထွက်ပေါ်လာသည့်အတွက် လင်းဖန်နှင့် ကျင်းယွမ်တို့ နှစ်ယောက်လုံး အံ့သြမှင်တက် သွားကြ၏။

“စွမ်းအားက အရမ်းကို နက်ရှိုင်း အားပြင်းပြီးတော့ တစ်မူထူးခြားတယ်။ အပြင်းအထန် ဖိနှိပ်လာတဲ့ ခံစားချက်တွေကို ရရှိစေတယ်။ ဒါက အမှန်တကယ်ပဲ စွမ်းအင်ဉာဏ်အလင်း ပွင့်သွားခြင်းပဲဖြစ်မယ်”

လင်းဖန် တွေးတောနေ၏။

သိုင်းပညာရှင်များ၏ လမ်းကြောင်းသည် ကျယ်ပြန့်၏။ လင်းဖန်ကား သိုင်းပညာ လေ့ကျင့်သည့် လမ်းကြောင်းပေါ်သို့ စတင် လျှောက်လှမ်းခါစပဲ ရှိသေး၏။ စွမ်းအားကြီးသော သိုင်းပညာရှင်များသည် သူတို့၏ စွမ်းအင်ဖြင့် တောင်တွေကို ဖြိုချနိုင်သည်။ မြို့တွေကို ဖျက်ဆီးပစ်နိုင်၏။

အင်မော်တယ်အဆင့်သို့ ရောက်ရှိနေသော စိတ်စွမ်းအားကျင့်သူများကား မြေကိုလျှိုး၍ ကောင်းကင်သို့ပင် ပျံနိုင်ကြ၏။ ထိုကဲ့သို့ သိုင်းပညာရှင်များသည် နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်နိုင်ကာ အလင်းထက်ပင် လျင်မြန်စွာ သွားနိုင်ကြ၏။ သူ့အရွယ် လူတစ်ယောက်ကသာ ထိုကဲ့သို့ အံ့သြဖွယ်စွမ်းအားများ ပိုင်ဆိုင်နေလျှင် လင်းဖန်အနေဖြင့် မနာလိုဝန်တိုမှုတွေ ဖြစ်လာနိုင်သည်။

လင်းဖန်ကား အတွေးတွေထဲမှာ နစ်မျောနေစဉ် အတန်ငယ်ဝေးသော နေရာမှ တစ်စုံတစ်ယောက်သည် သူတို့ရှိရာသို့ အံ့အားသင့်ဖွယ် အမြန်နှုန်းနှင့် ပြေးလာနေ၏။ ထိုလူသည် စိတ်စွမ်းအင် လေ့ကျင့်ရာ၌ အဆင့်မြင့်ရုံသာ ရှိသေးသော ဟန်မန်းကို မြင်သောအခါ ပြက်ရယ်ပြုလိုက်သည်။

“ထစမ်း”

နားကွဲမတတ် ကျယ်လောင်သော အသံကြီးသည် လေထုကို တုန်ခါသွားကာ လင်းဖန်နှင့် အခြားသူများကို အံ့အားသင့်သွားစေ၏။

“ယား”

ဟန်မန်းသည် အော်ဟစ်လိုက်၏။ သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးများထွက်လာကာ အသက်ကို ဖြည်းညင်းစွာ ရှူနေရ၏။

သူ၏မျက်လုံးများသည် နီရဲနေပြီး အတန်ငယ်ဝေးသော နေရာတစ်ခုမှာ ရပ်နေသော အနက်ရောင်ဝတ်ရုံနှင့် လူကို ငေးကြည့်နေသည်။ သူ၏စွမ်းအား အသစ်အကြောင်းကို နားလည်ဖို့ ကြိုးစားနေစဉ်မှာပင် အသံတစ်ခုက လာရောက်နှောင့်ယှက်လိုက်၏။ ထိုအသံသည် သူ၏ အကာအကွယ်မဲ့နေသော ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရုံသာမက သူ၏ပါးစပ်မှ သွေးတွေအများကြီး ထွက်လာ၏။

“စော်ကားလိုက်တာ”

လင်းဖန်၏မျက်လုံးများမှ လူသတ်ချင်သည့် အငွေ့အသက်များ ပြည့်လာ၏။ သူသည် အနက်ရောင် ဝတ်ရုံဝတ်ထားသူကို ကြည့်လိုက်သည်။ ထိုလူသည် ဟန်မန်း၏ ခန္ဓာကိုယ်ကို ထိခိုက်စေရုံသာမက ဟန်မန်း၏ စွမ်းအင်ဉာဏ်အလင်း ပွင့်လာမှုကိုပင် နှောင့်ယှက် တားဆီးခဲ့၏။

ဟန်မန်းသည် အနက်ရောင်ဝတ်ရုံ ဝတ်ထားသော လူထံသို့ လျှောက်သွားလိုက်ကာ ဒေါသထွက်စွာ မေးလိုက်၏။

“ဘာလို့ ငါ့ကို နှောင့်ယှက်တာလဲ…”

“ဘာမှမဟုတ်ဘူး။ ငါပျော်လို့ လုပ်တာ”

ထိုလူသည် မျက်နှာဖုံးကို တပ်မထားချေ။ သူ၏မျက်နှာထက်တွင်ကား သရော်ပြုံးလေး ယှက်သန်းနေ၏။ သူတို့အားလုံး ထိုကျောင်းသားကို မမြင်ဖူးခဲ့ပေ။

“မင်းက ဒါကို ပျော်လို့လုပ်တယ်ပေါ့”

ဟန်မန်းသည် ရှေ့သို့ထွက်လာကာ အလွန်အမင်း ဒေါသထွက်စွာ ပြောလိုက်၏။ ဉာဏ်အလင်းပွင့်သော အချိန်ခဏလေးသည် ရှားပါးသော အခိုက်အတန့် တစ်ခုဆိုတာ ဟန်မန်း နားလည်၏။ သို့သော် ထိုလူသည် သူ့သဘောဆန္ဒအလျောက် ဟန်မန်း၏ အရေးကြီးသော အခိုက်အတန့်လေးကို ဖျက်ဆီးပစ်လိုက်ရုံသာမက သူ၏ခန္ဓာကိုယ်ကိုပင် ထိခိုက်ဒဏ်ရာရအောင် ပြုလုပ်ခဲ့၏။

“ဟီး ဟီး… မင်းက တိုက်ခိုက်ချင်နေတာလား… ဒါပေမဲ့ ဒီနေရာကတော့ တိုက်လို့ မကောင်းဘူး။ မင်း လက်စားချေချင်တယ် ဆိုရင် သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာကို သွားမလား…”

လူငယ်သည် ဟန်မန်းကို အထင်သေး မုန်းတီးနေသည့်ပုံနှင့် ပြောလိုက်၏။

“ကောင်းပြီလေ”

ဟန်မန်းသည် သူ၏ ဒေါသကို ထိန်းချုပ်ကာ နှောင့်နှေးကြန့်ကြာခြင်း မရှိပဲ ပြောလိုက်၏။

“ငါမင်းကို စောင့်နေမယ်”

လူငယ်သည် ပြေလိုက်ကာ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲနေရာသို့ ထွက်ခွာသွား၏။

“ဟန်မန်း၊ မင်းရဲ့ လက်ရှိခွန်အားနှင့် အဲဒီကောင်ကို ယှဉ်ပြိုင်ဖို့ဆိုတာ မလွယ်ကူဘူး။ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်ကို သွားတာက အရမ်း အန္တရာယ်များတယ်”

လင်းဖန်က ဟန်မန်းကို သတိပေးစကား ဆိုလိုက်၏။

“ငါ အဲဒီကောင်ရဲ့ အင်အားကို ကြည့်လိုက်တာနဲ့ ခန့်မှန်းမိတယ်။ ငါ့လိုပဲ ချီစုဆောင်းမှု အဆင့်ရှစ်ပဲ ရှိသေးတယ်”

ဟန်မန်း၏ ပြန်ပြောလိုက်သော စကားကို ကြားလိုက်ရသည့်အခါ လင်းဖန် အံ့အားသင့်သွား၏။ ဟန်မန်းက တခြားလူတွေ၏ စိတ်စွမ်းအား အဆင့်ကို အာရုံခံနိုင်တာလား…

“ဘာလို့လဲ ဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ မင်းနဲ့ ကျင်းယွမ်တို့ရဲ့ စိတ်စွမ်းအား အဆင့်ကိုလည်း အာရုံရနေတယ်။ အဲဒါက ဉာဏ်အလင်းပွင့်မှုကနေ ငါရရှိခဲ့တဲ့ စွမ်းအင်တွေထဲက တစ်မျိုးဖြစ်မယ်။ ငါသာ နှောင့်ယှက်မခံရရင် အဲဒီအကြောင်းကို ကောင်းကောင်း ရှင်းပြနိုင်လောက်တယ်”

ဟန်မန်း၏ရှင်းပြချက်က လင်းဖန်ကို မယုံမကြည် ဖြစ်နေ၏။ ဟန်မန်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲ ကွင်းပြင်သို့ လျှောက်သွားလေသည်။

“သွားစို့”

လင်းဖန်ကား အမှန်တကယ်ပင် မယုံမကြည် ဖြစ်နေသည်။ လင်းဖန်နှင့် ကျင်းယွမ်တို့မှာ အခြားသူများဆိုလျှင် ယုံကြည်မှု ရှိမည်မဟုတ်ပဲ သူတို့သူငယ်ချင်း၏ စကားလုံးများ ဖြစ်သောကြောင့်သာ ယုံကြည်လိုက်ကြကာ ဟန်မန်းနောက်မှ လိုက်လာခဲ့၏။ ဟန်မန်းပြောသည့် အတိုင်းသာ မှန်ခဲ့လျှင် သူ၏ပြိုင်ဘက်သည် ချီစုဆောင်းမှု အဆင့်ရှစ်ပင် ရှိသေးမည်။ သူတို့နှစ်ယောက် တိုက်ခိုက်သောအခါ ဟန်မန်းကား ဒဏ်ရာ ကြီးကြီးမားမား မရရှိသင့်ပေ။

သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲ ကွင်းပြင်သည် ချောက်ကြီးထဲက မုန်တိုင်းတောင်ကြား၏ အလယ်မှာ တည်ရှိ၏။ စိန်ခေါ်ပွဲကွင်းပြင်ကို ကာရံထားသော ကျောက်သားထုကြီး အပေါ်မှာ ပွဲကြည့်ရန် ထိုင်ခုံ ဆယ်လုံးချထား၏။

ပွဲကြည့်စင်ပေါ်မှ သိုင်းပညာရှင်များ၏ စိတ်အာရုံကို သေခြင်းရှင်ခြင်း စိန်ခေါ်ပွဲကွင်းပြင်သို့ ဝင်ရောက်လာသူ နှစ်ဦးက ဆွဲဆောင်သွား၏။ လျှပ်တစ်ပြက်အတွင်းမှာ လူအများကြီးသည် ယှဉ်ပြိုင် တိုက်ခိုက်မှုကို ကြည့်ရှုရန် ပြေးလာကြ၏။

မုန်တိုင်းတောင်ကြားသို့ ဝင်လာသောလူမှာ များပြားသော်လည်း စိန်ခေါ်ပွဲကွင်းပြင်သို့ ဝင်လာသူ အလွန်နည်း၏။ ထိုအရာအားလုံးသည် စိန်ခေါ်ပွဲကွင်းပြင်က သင်၏အသက်ကို အန္တရာယ် ပေးနိုင်သောကြောင့် ဖြစ်၏။ တစ်စုံတစ်ယောက်ကို ရင်ထဲအသည်းထဲမှ မုန်းတီးခြင်းမရှိလျှင် သင့်အနေဖြင့် အန္တရာယ်များလှသည့် စိန်ခေါ်ပွဲကွင်းပြင်သို့ ဘာကြောင့် လာလိမ့်မလဲ… စိန်ခေါ်ပွဲသို့ ဝင်လာသူ အများစုမှာ အဆင့်တူသူ အချင်းချင်း တိုက်ခိုက်တာ ကြည့်ရှု ရခြင်းကို ပို၍ စိတ်ဝင်စားကြသည်။

သို့ဖြစ်၍ ဟန်မန်းနှင့် သူ၏ပြိုင်ဘက်တို့ ကွင်းထဲသို့ ဝင်လာသောအခါ ကြည့်ရှုသူ များပြားလာ၏။ မုန်တိုင်းတောင်ကြား အတွင်းမှာ သွေးမြေကျ တိုက်ပွဲများကို ကြည့်ရှုသူအချို့ ရှိရာ ယခုတိုက်ခိုက်မည့် သတင်းသည် ကျောင်းသားများကြား အလွန် လျင်မြန်စွာ ပျံ့နှံ့ရောက်ရှိသွားတာ ဖြစ်မည်။

“ငါတို့နှစ်ယောက်လုံး စိန်ခေါ်ပွဲ ကွင်းပြင်မှာ မကျေပွဲနွှဲဖို့ ရောက်လာခဲ့တာပဲ။ ဒါပေမဲ့ ငါ့ရဲ့ရည်မှန်းချက်က မကျေပွဲနွှဲဖို့ မဟုတ်ဘူး။ မင်းရဲ့ကံကြမ္မာကို သတ်မှတ်ပေးဖို့ပဲ”

လူငယ်သည် ဟန်မန်းကို ကြက်သီးထလောက်ဖွယ် အပြုံးနှင့် ကြည့်ကာ ပြောလိုက်၏။

“ဟန်မန်း၊ မင်းရဲ့အသက်ကို ယူဆောင်သွားမယ့်လူရဲ့ နာမည်ကိုလည်း မှတ်ထားဦး။ ကျင်းဟွေ့တဲ့”

စိန်ခေါ်ပွဲ၏အပြင်ဘက် သဲပုံပေါ်မှာ ရပ်နေသော လင်းဖန်မှာ သူ၏ အရိုးတွေသို့တိုင် အေးစိမ့်လာသလို ခံစားလိုက်ရ၏။ ကျင်းဟွေ့ ပြောစကားကို သူကြားလိုက်ရသောအခါ တစ်စုံတစ်ခု လွဲမှားနေသလို ခံသားလိုက်ရသည်။ ဒီကောင်က ဘယ်လိုလုပ် မျက်နှာဖုံးတပ်ထားတဲ့ ဟန်မန်းရဲ့ နာမည်ကို သိနေရတာလဲ…

“မင်းက ငါ့ကို သိတယ်ပေါ့”

ဟန်မန်းက ဒေါသ အမျက်ခြောင်းခြောင်း ထွက်ကာ ပြောလိုက်၏။

“ဟီး ဟီး”

ကျင်းဟွေ့၏ မျက်နှာထက်မှာ ရက်စက်ယုတ်မာမည့် အရိပ်အယောင်များ ပေါ်လာ၏။ ရုတ်ခြည်းပင် သူ၏ခန္ဓာကိုယ် ပတ်လည်တွင် မီးတောက်စွမ်းအားများနှင့် တွဲဖက်၍ လောင်ကျွမ်းနိုင်သည့် စွမ်းအင်များ စတင် ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် သူ၏နောက်ကျောတွင် ပုံရိပ်ယောင် မီးတောက်တစ်ခု ပေါ်လာ၏။ ထိုအရာသည်ကား မီးဝိညာဉ်ပင် ဖြစ်သည်။

“အမှန်တကယ်ပဲ သူက ချီစုဆောင်းမှုအဆင့် ရှစ်ကို ရောက်နေတဲ့ လူတစ်ယောက်ပဲ”

စိန်ခေါ်ပွဲကွင်းပြင်မှ ထွက်ပေါ်လာသော စွမ်းအင်များကို လင်းဖန် ခံစားမိနေ၏။

ဟန်မန်း၏မြေဝိညာဉ်မှာလည်း တစ်ချိန်တည်းမှာပင် ထွက်ပေါ်လာသည်။ သူသာ ရှေ့သို့ ပြေးသွားလိုက်၏။ လျင်မြန်စွာ သူမပြေးခဲ့တာတောင်မှ သူ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်လိုက်သော စွမ်းအင်များသည် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းမှာ ငလျင် အသေးစားများ ဖြစ်ပေါ်နေ၏။

“မီးတောက်များ ပေါက်ကွဲလာခြင်း”

မီးတောက်တွေနှင့်အတူ ပြင်းထန်သော အားလှိုင်းများက ဟန်မန်းထံသို့ ပစ်လွှင့်လာ၏။ ဟန်မန်းသည် မီးတောက်အားလှိုင်းများကို တောင်ကြီးပမာ နေရာမှ တစ်လက်မပင် မရွေ့ပဲ ခုခံနေတာ ကျင်းဟွေ့ မြင်လိုက်ရသောအခါ အော်ပြောလိုက်သည်။

“ငါအဲဒီတောင်ကြီးကို ဖြိုချပစ်မယ်။ ဟား… ဟား…”

ဟန်မန်းနှင့် ကျင်းဟွေ့တို့၏ လက်သီးချက်များသည် အချင်းချင်း တိုက်မိသွားသည်။ နှစ်ယောက်စလုံးသည် ထိုနေရာမှပင် မရွေ့ပဲ ရပ်နေကြသည်။ တစ်ယောက်ကို တစ်ယောက် အနိုင်ရရန် မကြိုးစားကြပေ။

ကျင်းဟွေ့သည် အံ့အားသင့်သွားကာ ရယ်နေရာမှ ရပ်တန့်သွား၏။ ဟန်မန်းသည် ထိုကဲ့သို့ အားကြီးလိမ့်မည်ဟူ၍ သူ မမျှော်လင့်ထားခဲ့ပေ။ ယုတ်မာကောက်ကျစ်လိုသော အရိပ်အယောင်တစ်ခု သူ၏မျက်နှာထက်မှာ ပေါ်လာကာ ဟန်မန်းကို သူ၏ ဘယ်ဘက်လက်သီးနှင့် ထိုးလိုက်၏။ သို့သော် ဟန်မန်းကား သူ၏လက်ဝါးနှင့် လွယ်ကူစွာ ခုခံလိုက်သည်။ ရုတ်ခြည်းပင် ကျင်းဟွေ့၏ ဘယ်ဘက်လက်မှ သဲမှုန့်များသည် ဟန်မန်း၏ မျက်လုံးထဲသို့ တိုးဝင်သွား၏။ ကျင်းဟွေ့သည် သူ့ထက် သိုင်းစွမ်းရည် ပိုမြင့်သော သိုင်းသမားများကို သဲမှုန့်များပက်ကာ တိုက်ခိုက်တတ်၏။

“သေစမ်းကွာ”

ကျင်းဟွေ့သည် ဟန်မန်း၏ ဝမ်းဗိုက်ကို လက်သီးနှင့် ထိုးလိုက်၏။

“အရူးကောင်… အရှက်မရှိလိုက်တဲ့ကောင်”

လင်းဖန်သည် ဆဲရေးလိုက်၏။ ထို့နောက် သေခြင်းရှင်ခြင်း စိန်ခေါ်ခြင်း ကွင်းပြင်သို့ အနက်ရောင် ပုံရိပ်တစ်ခု လာနေတာ မြင်လိုက်သည်။

“သေခြင်းရှင်ခြင်း စိန်ခေါ်တဲ့ကွင်းပြင်မှာ လူတွေက တစ်ခါတစ်ရံ သူတို့ရဲ့အသက်ကို ဆုံးရှုံးသွားရတယ်။ မစိုးရိပ်ပါနဲ့ မကြာခင်မှာပဲ နင့်အလှည့် ရောက်တော့မယ် ကျင်းယွမ်”

ထိုအရိပ်သည် အေးစက်စက်အသံနှင့် ပြောလိုက်၏။ ကျင်းယွမ်ကား ထိုလူ၏မျက်နှာကို မြင်လိုက်ရသောအခါ ကြောက်ရွံ့ တုန်လှုပ်သွားသည်။

“ကျင်းဟောက်”

သူမသည် ကျယ်လောင်စွာ အော်လိုက်၏။ ကျင်းဟောက်၏နောက်မှာ တခြား ကျောင်းသားတစ်ယောက်ကို တွေ့မြင်လိုက်၏။ ထိုလူငယ်သည်ကား လင်းဖန်၏လက်ချက်နှင့် ဒဏ်ရာရသွားသောလူပင် ဖြစ်သည်။ ယခုအခါမှာတော့ အရာအားလုံးကို ရှင်းလင်းစွာ သိလိုက်လေပြီ။ ထိုအရာသည်ကား ထောင်ချောက်တစ်ခု၏ အစပျိုးမှုပင် ဖြစ်လေသလား။

***

Comment

Leave a Reply

Options

not work with dark mode
Reset