လင်းဖန်သည် မုန်တိုင်းတောင်ကြားထဲသို့ ဆက်မသွားတော့ပဲ ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် မတ်စောက်သော တောင်နံရံပေါ်မှနေ၍ မုန်တိုင်းတောင်ကြားကို အပေါ်စီးမှ ကြည့်ရှုနေလေသည်။
မုန်တိုင်းတောင်ကြားကို ကြည့်လိုက်သောအခါ အဆုံးအစမဲ့ ချောက်ကြီးကို မျက်စိတစ်ဆုံး မြင်နေရ၏။ လူထောင်ပေါင်းများစွာ ထိုထဲတွင် လေ့ကျင့်နေကြသည်။ ထိုနေရာသည်ကား သိုင်းလေ့ကျင့်ခြင်းများနှင့် များစွာသော တိုက်ပွဲများ ပြည့်နှက်နေသော နေရာတစ်ခုဖြစ်၏။ ထိုအရာသည်ကား အစွမ်းထက ်သိုင်းပညာရှင်များ မွေးထုတ်ပေးရာ ယွမ်ဟိုင်ကျောင်း၏ အစဉ်အလာတစ်ခု ဖြစ်ပေသည်။ မုန်တိုင်းတောင်ကြားမှာ အစွမ်းထက်သူများသာလျှင် အောင်မြင်ကြပြီး အစွမ်းနည်းသူများကား အစွမ်းထက်သူများ ကြီးထွားရန်အတွက် မြေသြဇာသာဖြစ်၏။
လင်းဖန်သည် မုန်တိုင်းတောင်ကြား၏ အပြင်ဘက် ချောက်ကမ်းပါး ပတ်လည်ကို လျှောက်လာခဲ့လိုက်ရာ သူ၏သူငယ်ချင်းအချို့ လာနေတာ တွေ့မြင်လိုက်ရသည့် အတွက် အလွန် အံ့အားသင့်သွားသည်။ ဟန်မန်းနှင့် ကျင်းယွမ်ကို မြန်မြန်ဆန်ဆန်ကြီး ပြန်တွေ့လိုက်ရသည့် အတွက် သူ ပျော်သွား၏။
“လင်းဖန်…”
ကျင်းယွမ်က အော်ခေါ်လိုက်လေသည်။ လင်းဖန်ကို ပြန်တွေ့လိုက်ရသည့် အတွက် သူမ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာခဲ့ပေ။
“ကျင်းယွမ်… နောက်ဆုံးတစ်ကြိမ် ငါတို့ တွေ့ခဲ့တုန်းကထက် နင်က ပိုလှလာတယ်”
လင်းဖန်သည် ကျင်းယွမ်၏ ရှက်ကိုးရှက်ကန်း အပြုံးလေးကို ဖြည့်စွက် ပြောလိုက်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ထက်စာလျှင် ကျင်းယွမ်သည် အမှန်တကယ်ပင် ပို၍ လှပချောမောလာခဲ့၏။ ထိုအရာသည် ရုပ်သွင်နုပျိုဆေးကြောင့် ဖြစ်ကြောင်း လင်းဖန် သိသော်လည်း ထိုကဲ့သို့ မယုံနိုင်ဖွယ် အကျိုးသက်ရောက်မှု ရှိနေလိမ့်မည်ဟူ၍ သူမထင်ခဲ့ပေ။
ကျင်းယွမ်သည် လင်းဖန်၏စကားကို ကြားလိုက်ရသောအခါ မျက်နှာလေး နီရဲသွားပြီး ရုတ်ခြည်း မျက်နှာလွှဲလိုက်၏။ ထို့နောက် သူမသည် ချိုသာသော အသံလေးနှင့် ပြောလိုက်လေသည်။
“နင်က မြှောက်ပြောနေတာပါ…”
“ဟားဟား … လင်းဖန် မင်း လုပ်လိုက်တာနဲ့ ကျင်းယွမ်တော့ ရှက်နေတုန်းပဲ” ဟန်မန်းက ပြောလိုက်လေသည်။ ထို့နောက် သူက ရှေ့ဆက်၍ ပြောလိုက်၏။
“လင်းဖန်… ငါတို့အစက မင်းကိုရှာဖို့ လာခဲ့တာ။ ဒါပေမဲ့ မင်းကို ဒီလောက် မြန်မြန်ကြီး တွေ့ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူး”
“ငါ့ကိုရှာတယ်… ဘာလို့လဲ…”
လင်းဖန်က ပြန်မေးလိုက်သည်။
“လင်းဖန်… အဖိုးတန်ဆေးပြားတွေကို စားပြီးတဲ့နောက် ချီစုဆောင်းမှု အဆင့်ရှစ်ကို မင်း ရောက်နေခဲ့ပြီလား…”
ဟန်မန်းသည် လင်းဖန်ကို ကြည့်ကာ တွေးနေမိ၏။ ချီစုဆောင်းမှုအဆင့် ၇ နှင့်ပင် လင်းဖန်သည် ငရဲဝံပုလွေကို သတ်နိုင်ခဲ့၏။ အဆင့်ရှစ်သို့ ရောက်နေလျှင်ကား လင်းဖန်၏အစွမ်းမှာ အံ့အားသင့်စရာ ကောင်းလောက်အောင် အစွမ်းထက် နေမည်မှာ သေချာပေသည်။
“ဟုတ်တယ်… မကြားသေးမီကပဲ ငါအဆင့်ရှစ်ကို ရောက်ခဲ့တာ။ မင်းတို့ရော….”
လင်းဖန်သည် ပြုံးကာ ပြောလိုက်၏။
“ငါ့လို ဉာဏ်မကောင်းတဲ့ ကောင်ကသာ ချီစုဆောင်းမှုအဆင့်ရှစ်ကို ရောက်နိုင်ခဲ့မယ်ဆိုရင် မင်းလို မွန်းစတား စွမ်းရည်တွေ ရှိနေမှာပေါ့” ဟန်မန်းက ရယ်လိုက်ကာ ဆက်ပြောလိုက်သည်။
“ကျင်းယွမ်ကတော့ နောက်တစ်ဆင့်ကို ရောက်ဖို့ အချိန်ယူရဦးမယ်။ ချင်ယိကတော့ နောက်တစ်ဆင့်ကို မရောက်သေးပေမဲ့ သွေးကြောပိတ်ဆို့မှု အဆင့်ကိုတော့ ရောက်နေပြီ”
လင်းဖန် ခေါင်းညိတ် ပြလိုက်၏။ ဟန်မန်းသည် ဂရုမစိုက်သလို လုပ်နေသော်လည်း သူ၏ စိတ်စွမ်းအား ကျင့်စဉ်အဆင့်မှာ ချင်ယိနှင့် ကျင်းယွမ်တို့ထက် အနည်းငယ် ပိုသာလိမ့်မည်။ သူတို့သုံးယောက်ထဲတွင် ဟန်မန်းသာ ချီစုဆောင်းမှုအဆင့် ရှစ်သို့ ပထမဆုံး ရောက်ခဲ့လျှင် အံ့သြစရာ မဟုတ်ချေ။
“ဟန်မန်း… မင်းအခုထိ ငါ့ကို ရှာတဲ့အကြောင်း မပြောရသေးဘူး”
ဟန်မန်းသည် သူ၏ခေါင်းကို ကုတ်လိုက်ကာ အနည်းငယ် ရှက်ရွံ့နေသည့် အမူအရာဖြင့် လင်းဖန်ကို ပြောလိုက်သည်။
“လင်းဖန်… ငါလည်းပဲ ချီစုဆောင်းမှု အဆင့်ရှစ်ကို ရောက်နေပြီ။ မုန်တိုင်းတောင်ကြောင်းကို သွားပြီးတော့ ငါ့ရဲ့အရည်အချင်းကို စမ်းသပ်ချင်တယ်။ ဒါပေမဲ့ ရက်စက်တဲ့ သိုင်းပညာရှင်တွေနဲ့ တွေ့ရင် ဒဏ်ရာအနာတရ ပြင်းထန်စွာဖြစ်မယ်။ အဲဒါကြောင့် ငါနဲ့အတူလိုက်ခဲ့ဖို့ မင်းကို ပြောချင်တယ်။ တကယ်လို့ အစွမ်းထက်ပြီး ရက်စက် ကြမ်းကြုတ်တဲ့ ကျောင်းသားနဲ့ တွေ့ရင်တော့ မင်း ဝင်ပါပေးပေါ့။ ငါက တစ်ခါနှစ်ခါလောက်ပဲ တိုက်ဖူးသေးတာ…”
ဟန်မန်းက ရယ်မောလိုက်ကာ လင်းဖန်ကို အကူအညီ တောင်းလိုက်သည်။ လင်းဖန်သည် ဟန်မန်း၏ ဆိုလိုချက်ကို ချက်ချင်းပင် နားလည် သဘောပေါက်သွား၏။ ဟန်မန်းက သေမင်းနှုတ်ခမ်းဝသို့ ရောက်နေသော အခါမှသာလျှင် သူ ကူညီရန်ဖြစ်သည်။ သူ့အနေဖြင့်လည်း ထိုကဲ့သို့ သူငယ်ချင်း တစ်ယောက်၏ တောင်းဆိုချက်ကို ငြင်းပယ်လိမ့်မည် မဟုတ်ပေ။
“မင်းဘယ်အချိန် သွားမှာလဲ…”
“မနက်ဖြန်တော့ ထွက်ဖြစ်မယ်။ အရင်ဆုံးတော့ မျက်နှာဖုံးတွေ လုပ်ထားရလိမ့်မယ်”
ဟန်မန်းသည် လင်းဖန်က နှောင့်နှေး ကြန့်ကြာခြင်း မရှိဘဲ သူ၏အဖြေကို ပေးလိုက်တာ မြင်ခဲ့သည်။ သူ၏စိတ်ထဲမှာ လင်းဖန်ကို လေးစားနေ၏။ လင်းဖန်ကား တကယ့် သူငယ်ချင်းကောင်းပင်။ ဒီကောင်လေးသည် ထူးကဲသော အစွမ်းရှိသော်လည်း မာနမကြီးပေ။ သူနှင့် ဘယ်တော့မှ အငြင်းအခုံ မလုပ်ခဲ့ပေ။ သူတို့နှင့် အမြဲတမ်း သင့်မြတ်အောင်သာ နေသည်။ လေရူးတောင်မှာ ကြောက်မက်ဖွယ် ကောင်းသော တောရိုင်းကောင်များကို တစ်ယောက်တည်း သတ်ခဲ့သော်လည်း ရရှိလာသော အဖိုးတန် ပစ္စည်းများကို အညီအမျှ ခွဲဝေပေးခဲ့၏။
“ကိစ္စမရှိဘူး။ မင်းသွားမယ် ဆိုရင်သာ ငါ့ကို လာခေါ်လှည့်”
လင်းဖန်က ပြောလိုက်သည်။
သေမင်းတောင်ကြားသို့ ဝင်ကြသော လူအားလုံးသည် မျက်နှာဖုံးများကို တပ်ဆင်ရတာ အစက လင်းဖန် မသိခဲ့ချေ။ အကြောင်းပြချက်ကား များစွာသော ကျောင်းသားများသည် မုန်တိုင်းတောင်ကြားသို့ အခြားသူများနှင့် တိုက်ခိုက်ရန် ဝင်လေ့ရှိကြပေသည်။ ရှုံးနိမ့်သူသည် နာမည်ပျက်ကာ အနိုင်ရရှိသူကား ရန်ငြိုးထားခြင်း ခံရတတ်၏။ မျက်နှာဖုံးများကို တပ်ဆင်ထားခြင်းသည် ထိုကဲ့သို့သော ကိစ္စများကို ဖြေရှင်းရန် နည်းလမ်းတစ်ခုပင် ဖြစ်သည်။
“ငါလည်း လိုက်ချင်တယ်။ လင်းဖန် နင်ငါ့ဘေးနားမှာ တစ်ချိန်လုံးနေပေးပြီး ငါ့ကို ကာကွယ်ပေးပါနော်။ နင်သာ ငါ့အနားမှာရှိရင် လုံခြုံမှု ရှိမယ်ဆိုတာ ငါသိတယ်”
ကျင်းယွမ်သည် ဆွဲဆောင်မှုရှိသော ချစ်စဖွယ် အသံလေးနှင့် ပြောလိုက်လေသည်။ လင်းဖန် အံ့အားသင့်သွား၏။ ဟန်မန်းနှင့် လင်းဖန်တို့ နှစ်ယောက်စလုံး ကျင်းယွမ်ကို ပြူးကျယ်နေသော မျက်လုံးများနှင့် ကြည့်နေကြသည်။ ဒီကောင်မလေးက အမှန်တကယ်ပဲ ရှက်ရွံ့တတ်တဲ့ ကောင်မလေး တစ်ယောက်လား…
“နင်တို့ နှစ်ယောက်စလုံး ဘာလို့ အဲ့လိုကြီး ကြည့်နေရတာလဲ…”
ကျင်းယွမ်သည် သူတို့ နှစ်ယောက်ကို ကြည့်လိုက်ကာ ခြေဆောင့်လိုက်လေ၏။
“ဘာမှမဟုတ်ဘူး။ မစိုးရိမ်နဲ့….”
လင်းဖန်က ပြုံးကာ ဘာမှမဖြစ်သလို ပုံစံနှင့် ပြောလိုက်သည်။
လင်းဖန်နှင့် ဟန်မန်းတို့မှာ သူမ၏ ချစ်စဖွယ်ကောင်းသော ကောင်မလေး တစ်ယောက်ပုံစံနှင့် ကြောက်ရွံ့နေသလို ပြုမူပုံကို မြင်တွေ့နေရသည့် အတွက် ထူးဆန်းသလို ဖြစ်နေ၏။ ဟန်မန်းကား ကျင်းယွမ်က သူမြင်နေကျ ပုံစံအတိုင်း မဟုတ်တော့ပဲ ပြောင်းလဲနေတာကို ကြည့်ပြီး စိတ်ရှုပ်နေသည်။ ကျင်းယွမ်က လင်းဖန်အား သူမကို ကာကွယ်ပေးရန် ပြောလိုက်တာ ကြားရသောအခါ အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့၏။ သူမက ဘယ်လိုလုပ် ချက်ချင်းကြီး ကြောက်ရွံ့သွားရတာလဲ…
“ကောင်းပြီ နင်လည်းပဲ ငါတို့နဲ့အတူ လိုက်နိုင်တယ်။ ငါတို့အနေနဲ့ ကိုယ့်ဒုက္ခ ကိုယ်မရှာမိစေဖို့ ဆင်ခြင်ရမယ်”
လင်းဖန်က အခြေအနေကို သုံးသပ်ကာ သဘောတူလိုက်၏။ မုန်တိုင်းတောင်ကြားတွင် များစွာသော ပါရမီရှင် သိုင်းပညာရှင်များ ရှိရုံသာမက ရံဖန်ရံခါတွင် လက်ရွေးစင် ကျောင်းသားများကိုလည်း တွေ့ရတတ်သည်။ လက်ရွေးစင် ကျောင်းသားများသည် အလွန်ပင် မာနကြီးကာ လူတိုင်းကို အဖက်မလုပ်ကြပေ။ သူတို့ကို စိတ်မခေါ်ဘဲနှင့် သာမန် ကျောင်းသားများကို မတိုက်ခိုက်ကြပေ။ သို့ဖြစ်၍ မုန်တိုင်းတောင်ကြားသို့ လင်းဖန်နှင့် အတူသွားခြင်းသည် ဒုက္ခအများကြီး မရောက်နိုင်ချေ။ လက်ရွေးစင် ကျောင်းသားများကို ကျောင်းတော်မှ သွယ်ဝိုက်သော နည်းဖြင့် ထောက်ခံပေးထားသည့် အတွက် အခြား ကျောင်းသားများကို သတ်ဖြတ်နိုင်သည်။ သူတို့ ထင်သလိုပြုမူ နိုင်သည့်အစွမ်း ရှိ၏။
လင်းဖန်သည် ကံအကြောင်းမလှစွာ သူ့ကို အမဲလိုက်သလို လိုက်နေခဲ့သော အဆင့်ရှိ ကျောင်းသူတစ်ယောက်နှင့် ဟိတ်ဟန်များသော လက်ရွေးစင် ကျောင်းသား နှစ်ယောက်လုံးကို တွေ့ခဲ့ရသည်။ သူ၏ကံတရားကား အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှချေသည်။
သူတို့သည် မုန်တိုင်းတောင်ကြားသို့ သွားရန် အသေးစိတ် တိုင်ပင်ခဲ့ပြီးနောက် လူစုခွဲလိုက်လေသည်။ လင်းဖန်သည် သူ၏အခန်းသို့ ပြန်ကာ မအိပ်ပဲ စိတ်စွမ်းအား ကျင့်နေ၏။ အခြားသူများနှင့် ယှဉ်လျှင် သူ၏အစွမ်းနိမ့်နေတာ မြင်တွေ့ခဲ့ပြီးနောက် သူ့ကိုယ်သူ အင်အား အကြီးဆုံးသူ တစ်ယောက် ဖြစ်ရန် စိတ်ဆန္ဒများ တောက်လောင် နေခဲ့သည်။
မနက်ခင်း ရောက်သောအခါ….
ဟန်မန်းသည် လင်းဖန်ကို လာခေါ်ကာ ကျင်းယွမ်ကို တွေ့ရန် နှစ်ယောက်လုံး ထွက်ခွာလာခဲ့သည်။
ယွမ်ဟိုင်ကျောင်းသည် အလွန်ပင် ကြီးမား ကျယ်ပြန့်လှသည့် အတွက် သာမန် ကျောင်းသားများ၏ နေရာကို နေရာများစွာ ပိုင်းခြားထားသည်ဖြစ်ရာ မြို့လေးတစ်မြို့ပမာ ဖြစ်နေ၏။
လင်းဖန်နှင့် ဟန်မန်းတို့သည် ကျင်းယွမ်နှင့် ချိန်းဆိုထားရာ နေရာသို့ ရောက်ရှိသောအခါ ကျင်းယွမ်၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေကာ စိုးရိမ်ကြောင့်ကြလျက် ရှိနေကြောင်း မြင်တွေ့လိုက်၏။ လူငယ်လေး တစ်ယောက်က သူမ၏ရှေ့မှာ ရပ်နေကာ နတ်ဆိုးတစ်ကောင်၏ အကြည့်မျိုးဖြင့် သူမကို ကြည့်ကာ စကားပြောနေ၏။
“ကျင်းယွမ်… ဘာဖြစ်နေတာလဲ…”
လင်းဖန်က လျင်မြန်စွာ ပြေးလာကာ မေးလိုက်သည်။
“ထွက်သွားစမ်း အသုံးမကျတဲ့ကောင်… ကျင်းယွမ်နဲ့ငါ စကားပြောနေတာ မမြင်ဖူးလား… မင်းမှာ ငါ့ကို ဟန့်တားနိုင်တဲ့အစွမ်း ရှိတယ်လို့ ထင်နေတာလား…”
လူငယ်သည် သူ၏မျက်လုံးများကို ကျဉ်းမြောင်းလိုက်ကာ လင်းဖန်ကို ပြောလိုက်သည်။ သူသည် အရင်တည်းက လင်းဖန်ကို သိခဲ့ကာ မကြာခဏ အနိုင်ကျင့်လေ့ရှိ၏။
“လင်းဖန်… နောက်ဆုံးတော့ နင် ရောက်လာပြီပေါ…”
ကျင်းယွမ်က လူငယ်ကို လျစ်လျူရှု လိုက်ကာ လင်းဖန်ကို ပြုံး၍ ပြောလိုက်လေသည်။
“ငါတို့ သွားတော့မလား…”
လင်းဖန်သည် လူငယ်ကို တစ်ချက်ပင် မကြည့်ပဲ ပြက်ရယ်ပြုသလို ပြောလိုက်၏။ ဟန်မန်း၊ ကျင်းယွမ်နှင့် လင်းဖန်တို့သည် လူငယ်ကျောင်းသားကို တစ်ချက်ပင် ဂရုမစိုက်ပဲ ထွက်ခွာလာခဲ့၏။
“စောင့်ဦး… စောင့်ဦး… ဟန်မန်း၊ ကျင်းယွမ်”
လူငယ်က ပြေးလာကာ သူမကို ထွက်ခွာမသွားစေရန် သူမ၏ လက်ကလေးကို ဆုပ်ကိုင်ထားလိုက်၏။
“ထွက်သွားစမ်း… ငါတို့မင်းကို တစ်ခုခုလုပ်လိုက်မှာ မြင်ချင်နေတာလား… ငါတို့ကို ဟန့်တားဖို့ မင်းမှာ အစွမ်းရှိတယ်လို့ ထင်နေတာလား…”
လင်းဖန်သည် ကျင်းယွမ်ကို ဆုပ်ကိုင်ထားသော လူငယ်၏လက်ကို အားနှင့် ဆွဲဖယ်ပစ်လိုက်သည်။
ပြင်းထန်သော အားလှိုင်းများက လင်းဖန်၏ လက်ဖဝါးမှတစ်ဆင့် လူငယ်ထံသို့ ပစ်လွှင့်သွားလေသည်။ သာမန်မျှသာ လှုပ်ရှားလိုက်သော စွမ်းအားများသည် ချီစုဆောင်းမှုအဆင့် ၇ သာ ရှိသေးသော လူငယ်လေးကို မီတာများစွာ လွင့်စဉ်သွားစေကာ ပါးစပ်မှ သွေးများ ထွက်ကျလာစေပြီး ကြမ်းပြင်ပေါ်သို့ မှောက်ရက်လဲကျသွားသည်။ သူသည် လင်းဖန်ကို အလွန်အမင်း အံ့အားသင့်နေသော အမူအရာနှင့် ကြည့်နေ၏။
“ထွက်သွားစမ်း… အသုံးမကျတဲ့ကောင်…”
လင်းဖန်သည် မျက်နှာကြီးရှုံ့မဲ့နေကာ အံ့အားသင့်ပုံပေါ်နေသော လူငယ်ကို ကြည့်ကာ ပြောလိုက်၏။ လင်းဖန်တို့သည် ရပ်တန့်မနေတော့ပဲ ဆက်လက် လျှောက်လာခဲ့သည်။ အသုံးမကျသည့်ကောင် လင်းဖန်က ကြောက်မက်ဖွယ် စွမ်းအားတွေ ဘယ်တုန်းက ရှိနေတာလဲ…
“ဒီကျောင်းသားက မိုက်ကန်းလွန်းတယ်။ ကျင်းယွမ်၊ သူဘယ်သူလဲ…”
ဟန်မန်းက ကျင်းယွမ်ကို မေးလိုက်လေသည်။
အမေးခံလိုက်ရသောအခါ ကျင်းယွမ်၏ မျက်နှာလေးသည် စိတ်ဖိစီးသွားပုံ ပေါ်နေသည်။ သူမသည် လင်းဖန်နှင့် ဟန်မန်းကို ကြည့်ကာ ပြောလိုက်၏။
“လေရူးတောင်မှာ ကျင်းဖန်ရဲ့ခေါင်း မပါတော့တဲ့ ခန္ဓာကိုယ်ကြီးကို သူတွေ့ခဲ့တယ်လို့ ပြောတယ်။ ဓားသိုင်းတစ်မျိုးမျိုးကြောင့် ကျင်းဖန် သေခဲ့ရပုံပေါ်တယ်တဲ့။ အခု ကျင်းဖန်ရဲ့အစ်ကိုကြီး ကျင်းဟောက်က ကျင်းဖန်ကို သတ်တဲ့လူတွေ လိုက်ရှာနေတယ်။ သူက အဲဒီသတင်းပေးပြီး ငါ့ကို လာခြိမ်းခြောက်တာပဲ…”
ဟန်မန်းသည် မတွေးတောနိုင် ဖြစ်နေ၏။ ကျင်းယွမ်၏မျက်နှာမှာ အရောင်အမျိုးမျိုး ပြောင်းလဲနေတာ အံ့သြစရာ မဟုတ်တော့ပေ။
“သူလာချင်လည်း လာပစေပေါ့။ ကံကြမ္မာက အဆုံးအဖြတ် ပေးလိမ့်မယ်။ ဒီလိုပြဿနာ သေးသေးလေးအတွက် စိုးရိမ်မနေကြနဲ့…”
လင်းဖန်ကား အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် တည်ငြိမ်စွာ ပြောလိုက်၏။
“သူက ကျောင်းတော်မှာ ဆိုရင် လက်ရွေးစင်တစ်ယောက် မဟုတ်သေးဘူး။ ကျောင်းအတွင်းမှာ ဆိုရင် ငါတို့ကို တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ မုန်တိုင်း တောင်ကြားမှာသာ ငါတို့အနေနဲ့ မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်အောင် အနည်းငယ် ဂရုစိုက်ရမှာပဲ…”
ဟန်မန်းသည် လင်းဖန်၏စကားကို ခေါင်းညိတ်ထောက်ခံကာ ပြောလိုက်သည်။
မုန်တိုင်းတောင်ကြားကို ရောက်ရှိရန် သူတို့အတွက် မကြာခဲ့ပေ။ လင်းဖန်သည် သူ၏စွမ်းရည်ကို ထုတ်ဖော်လိုက်သောအခါ အချိန် အနည်းငယ်အကြာမှာပင် ရောက်ရှိသွားခဲ့၏။ လင်းဖန်သည် သူ၏ကိုယ်ပိုင်စွမ်းရည်ကို အမှန်တကယ် အံ့အားသင့်သွားခဲ့သည်။
မုန်တိုင်းတောင်ကြားတွင် မြေသားဖြင့် ပြုလုပ်ထားသော ရဲတိုက်ကြီးတစ်ခု ရှိ၏။ မြေသားရဲတိုက်သည် အလွန်ကြီးမား၏။ သာမန်လူပေါင်း ဒါဇင်ကျော်လောက်က မြေသားရဲတိုက်ရှိ အခန်းကျယ်ကြီးမှာ နေထိုင်ကြလေသည်။ ရဲတိုက်ကြီးက မြေသားနှင့် ပြုလုပ်ထားသော်လည်း အလွန်တရာ ခိုင်ခံ့လှမည်မှာ သံသယဖြစ်ဖွယ်ပင် မလိုချေ။ ပြင်းထန်သော မုန်တိုင်း တိုက်ခတ်လာလျှင်ပင် အန္တရာယ် တစ်စုံတစ်ရာဖြစ်နိုင်မည် မဟုတ်ပေ။ မုန်တိုင်းတောင်ကြားမှာ မြေသားရဲတိုက်သည် ကျောင်းသားများ နေထိုင်ရန်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်၏။ သို့သော် ဒီမြေသားရဲတိုက်ကား တစ်မူ ထူးခြားနေလေသည်။
ဟန်မန်းသည် မြေသားရဲတိုက်ကို ထိကြည့်လိုက်သည်။ မြေသားရဲတိုက်ကား ဖုန်တွေကပ်ငြိမနေပဲ မိုးရေတွေကို မြေသားမှ စုပ်ယူလိုက်သောအခါ စေးကပ်ကပ် ဖြစ်နေသည့် သဘောမျိုးလည်း မတွေ့ရှိရပေ။ ထိုကဲ့သို့ ရဲတိုက်ကို ဘယ်လိုစိတ်ကူး စိတ်သန်းတွေနှင့် ဆောက်လုပ်ခဲ့လေသလော။
ထိုအချိန်၌ အနက်ရောင် ဝတ်ရုံ လွှမ်းခြုံထားသော လူတစ်ယောက် မြေသားရဲတိုက်ထဲမှ ထွက်လာလေသည်။ ထိုလူသည်လည်း မျက်နှာဖုံးကို တပ်ထားပြီး လင်းဖန်တို့ကို အထူး သတိထားနေပုံရ၏။ ထိုလူသည် လင်းဖန်တို့ကို တစ်ချက်ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်စွာ ပြေးထွက်သွား၏။ ထိုလူ၏ အမြန်နှုန်းအား ကြည့်နေသော လူများအားလုံး အံ့အားသင့်သွားသည်။
လင်းဖန်တို့သည် ဘာဖြစ်သွားတယ် ဆိုတာကို ချက်ချင်း နားလည်သွားခဲ့၏။ သူတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်သည်။ မုန်တိုင်း တောင်ကြား အတွင်းမှာ ရှိနေသော လူများသည် အဆင့်မနိမ့်ကျပေ။ အနည်းဆုံး ချီစုဆောင်းမှုအဆင့် ၇ သို့မဟုတ် ၈ ရှိကြပေသည်။ အချို့ဆိုလျှင် ပိုမြင့်သော နောက်အဆင့်သို့ပင် ရောက်နေ၏။ မုန်တိုင်းတောင်ကြားတွင် များစွာသော သိုင်းစွမ်းရည်များနှင့် ကျောင်းသားပေါင်း ထောင်ကျော် ရှိလေသည်။ ထိုကဲ့သို့ အခြေအနေမှာ လူသုံးယောက်ကို ရုတ်တရက် တွေ့လိုက်ရလျှင် နောက်ဆုတ် မပြေးတဲ့သူ ဘယ်သူရှိမလဲ…
ထိုလူသုံးယောက်သည် တစ်ယောက်တည်းသမား သူ့ကို ရက်ရက်စက်စက် သတ်လိုက်လေမလား… ထိုကဲ့သို့ ကိစ္စမျိုးသည် မုန်တိုင်း တောင်ကြားမှာ ဖြစ်လေ့ဖြစ်ထ ရှိသော အရာပင် ဖြစ်သည်။
“ငါတို့ ခွဲသွားရမယ် ထင်တယ်။ ဒါမှမဟုတ်ရင် လူအများကြီးကို ခြောက်လှန့်နေသလို ဖြစ်လိမ့်မယ်…”
လင်းဖန်သည် ပြုံးလိုက်ကာ အဝေးသို့ ထွက်သွားလိုက်၏။ အရေးကြီးဆုံးသော အရာကား ဟန်မန်းအတွက် တိုက်ပွဲအတွေ့အကြုံ ရရှိရေးပင်ဖြစ်၏။ လင်းဖန်ကား နောက်မှာ နေရုံသာဖြစ်ပြီး မမျှော်မှန်းထားသော အန္တရာယ်များ ဖြစ်မလာအောင်သာ လုပ်ရန်ဖြစ်လေသည်။
***
Good