Switch Mode

အပိုင်း ( ၁၂ )

လင်းဖန်၏ စိတ်ဝိညာဉ်

ရန်ကျုံးမြို့ လင်းမိသားစုစံအိမ် …

လင်းဟိုင်သည် အခန်းတစ်ခန်းထဲတွင် ထိုင်နေရင်းက နံရံမှာ ချိတ်ဆွဲထားသော ပန်းချီကား တစ်ချပ်ကို ကြည့်နေသည်။

ထိုပန်းချီကားသည် အလွန် လှပချောမောသော အမျိုးသမီးတစ်ယောက်၏ ပုံတူပန်းချီကားတစ်ချပ် ဖြစ်လေသည်။ သူမ၏မျက်လုံးများမှာ ငြိမ်သက်နေသော ပင်လယ်ပြင်လို အပြာရင့်ရောင် ယှက်သန်းနေ၏။ အံ့အားသင့်စရာ ကောင်းလောက်အောင်ပင် သူမ၏ပခုံးပတ်လည်ကို ထိတ်လန့်ဖွယ်ကောင်းသော တောရိုင်းကောင် တစ်ကောင်က ရစ်ပတ်ထား၏။ ထိုအကောင်သည် မြွေနှင့် ဆင်တူသလို ရှိသော်လည်း မြွေကား မဟုတ်ချေ။ သူမသည် ဦးခေါင်းကို မော့ထားပြီး အောက်ကို ကြည့်နေပုံမှာ ရှေးဟောင်းနတ်ဘုရားမ တစ်ပါးက သတ္တဝါတွေကို ကြည့်နေသလို ဖြစ်နေသည်။ သင်သာ ထိုပုံတူပန်းချီကားချပ်ကို အကြာကြီး စိုက်ကြည့်နေခဲ့လျှင် ပုံတူပန်းချီကားထဲက အမျိုးသမီး၏ မျက်လုံးများက သင်၏စိတ်ဝိညာဉ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ကြည့်လိုက်သလို ခံစားနေရပေမည်။

“မန်ဟယ်… နောက်ဆုံးတော့ လင်းဖန်လေးဟာ အရွယ်ရောက်လာခဲ့ပုံ ပေါ်တယ်။ ငါမင်းကို မြင်စေချင်လိုက်တာ… သားရဲ့ကိုယ်ထဲမှာ မင်းရဲ့စိတ်ဝိညာဉ်ကို အမွေ ဆက်ခံထားတယ် ဆိုတာ။ သားက အဲဒီ စိတ်ဝိညာဉ်က ဘာလဲဆိုတာ မသိပေမဲ့ အဲဒီစိတ်ဝိညာဉ် နိုးထလာတဲ့အခါ သူ့ရဲ့မိခင်က သူ့ကို ဘယ်လောက် တန်ဖိုးကြီးလိုက်တဲ့ အရာကို ပေးခဲ့တယ်ဆိုတာ သူမြင်ရလိမ့်မယ်…”

“အသုံးမကျတဲ့ မြွေဝိညာဉ်က တစ်နေ့မှာ ကမ္ဘာကြီးကို လှုပ်ခါလိမ့်မယ်။ ငါတို့ရဲ့သားဟာ ဘယ်တော့မှ အသုံးမကျတဲ့သူ မဟုတ်ဘူး။ သားရဲ့ကိုယ်တွင်းမှာ ဖုံးကွယ်နေတဲ့ ကြီးကျယ် မြင့်မြတ်မှုတွေ အမြဲတမ်း တည်ရှိနေတယ်…”

လင်းဟိုင်သည် ပုံတူပန်းချီကားချပ် ရှေ့မှာရပ်ပြီး သူ့ကိုယ်သူ တီးတိုး ရေရွတ်နေခဲ့သည်။ သူ၏ပုံစံမှာ ချစ်ခြင်းမေတ္တာ အပြည့်နှင့် ကြည့်နေပုံပေါ်ပြီး ထူးဆန်းစွာပင် ဝမ်းနည်းနေသည့်ပုံလည်း ပေါ်လွင်နေ၏။

“သူတို့ အားလုံးကတော့ ထင်ကြမယ် … ငါ့ရဲ့မှတ်ဉာဏ်တွေ အားလုံး ဆုံးရှုံးသွားပြီလို့။ ဒါပေမဲ့ ငါ့ရဲ့ဘဝတစ်လျှောက်လုံး မင်းကို မမေ့နိုင်ခဲ့ဘူး။ လင်းဖန်ရဲ့ စိတ်ဝိညာဉ် နိုးထလာတဲ့အခါ သားကို အကုန်လုံး ပြောပြမယ်။ မကြာမီ ငါတို့ရဲ့သားဟာ အင်ပါယာကို လာလိမ့်မယ်။ ပြီးတော့ သူ့ရဲ့ရည်မှန်းချက် ပန်းတိုင်ကို အရောက် သွားလိမ့်မယ်…”

လင်းဟိုင်၏ မျက်လုံးများမှာ ခိုင်မာပြတ်သားသော ပုံရိပ်များ ထင်ဟပ်နေ၏။ လင်းဖန်က သူ၏စိတ်ဝိညာဉ်ကို နိုးထနိုင်ပါ့မလားလို့ သံသယရှိနေသည်။ သူ၏သားက ပုံမှန်မဟုတ်ပေ။ ယခုပင် သူ၏ကိုယ်တွင်းမှာ ပုန်းကွယ်နေခဲ့သော ကြီးကျယ်မြင့်မြတ်မှုတွေ ထွက်ပေါ်နေပေပြီ။ လင်းဟိုင်က လင်းဖန်သည် သူ၏စိတ်ဝိညာဉ်ကို တိုတောင်းသော အချိန်ကာလအတွင်းမှာ နိုးထနိုင်လိမ့်မည် ဟူ၍ ယုံကြည်နေတော့သည်။

***

လင်းဖန်မှာ သူ၏မိဘတွေ ဖုံးကွယ်ထားခဲ့သော လျှို့ဝှက်ချက်ကို မသိခဲ့ပေ။ သူ့အမေနှင့် ပတ်သက်သမျှ ဘာမျှမသိပေ။ ထို့ပြင် လင်းဟိုင်က သူ၏မြွေဝိညာဉ် အကြောင်းကို တစ်လုံးမျှ ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။

လင်းဟန်၏ စိတ်စွမ်းအား ကျင့်ခြင်းကို ချိုးဖျက် လိုက်ရသည့်အတွက် လင်းဖန်၏စိတ်ထဲတွင် ပေါ့ပါးနေသည်။ နောက်ဆုံးမှာတော့ သူ လက်စားချေနိုင်ခဲ့ပေပြီ။

မုန်တိုင်း တောင်ကြား အတွင်းမှာ အတွေ့အကြုံ သစ်တွေရယူရင်း သိုင်းလေ့ကျင့်နိုင်သည့် အတွက် လင်းဖန်သည် ရုတ်ခြည်း ထွက်ခွာမသွားခဲ့ပေ။ မုန်တိုင်းတောင်ကြားသို့ ရောက်လာသော လူများ၏ အဓိက ရည်ရွယ်ချက်မှာ တိုက်ခိုက်ရင်း ပိုမိုသန်မာလာအောင် လုပ်ရန်ပင်ဖြစ်၏။ သင်က တခြားသူများကို စ၍ စိန်မခေါ်လျှင်ပင် အခြားသူများက သင့်ကို လာစိတ်ခေါ်လိမ့်မည်။

“မင်းကိုး….”

သာမန်နှင့်မတူသည့် အသံတစ်သံကို သူ ကြားလိုက်ရလေသည်။ လင်းဖန်သည် ပတ်ပတ်လည် လှည့်ကြည့်လိုက်ပြီး အသံကြားရာကို ရှာဖွေလိုက်သောအခါ အလွန် လှပချောမောသော ကောင်မလေး တစ်ယောက်၏ ခန္ဓာကိုယ်ကို တွေ့မြင်လိုက်လေသည်။ ထိုကောင်မလေး၏ အမို့အမောက် ကောက်ကြောင်း အလှတရားများကို သူ၏မှတ်ဉာဏ်ထဲတွင် ရင်းနှီးနေသလို ဖြစ်နေသည်။ သူမ၏မျက်နှာလေးကို မမြင်ရသော်လည်း သူမ၏ခန္ဓာကိုယ် တည်ဆောက်ပုံက အလွန်ပင် စွဲမက်ဖွယ် ကောင်းနေ၏။

ကောင်မလေးသည် သူမ၏ဖြစ်တည်မှုကို ဖုံးကွယ်ရန် မျက်နှာဖုံး တပ်ထားသည့် အတွက် လင်းဖန် သံသယရှိနေသည်။ ယွမ်ဟိုင်ကျောင်း အတွင်းမှာ သူသိသောလူ အများကြီးမရှိချေ။ ဟန်မန်း၊ ချင်ယိနှင့် ကျင်းယွမ်တို့ကိုသာ သိသည်။ ဒီကောင်မလေးသည် သိသာထင်ရှားစွာပင် သူတို့ထဲမှ ဖြစ်ဟန်မတူပေ။ အရင်တုန်းက လင်းဖန်သိခဲ့သော လူတစ်ယောက်ယောက် များလား… လင်းဖန် စိတ်တွေ ရှုပ်ထွေးသွား၏။

“နောက်ဆုံးတစ်ကြိမ် ငါတို့တွေ့တုန်းက ငါတောင် မလိုက်နိုင်တဲ့ အမြန်နှုန်းနဲ့ နင်ထွက်ပြေး သွားခဲ့တယ်လေ။ အခုလို စိတ်ကြိုက် ထွက်ပြေးလို့ ရတဲ့နေရာမှာ နင့်ရဲ့ ကိုယ်ဖော့စွမ်းရည်ကို စမ်းသပ်ရဲလား…”

သူ၏ရှေ့မှ ကောင်မလေးက အေးစက်စက် ရယ်မောကာ ပြောလိုက်၏။ ကောင်မလေးသည် သူမ၏မြားကျည်တောက်ထဲမှ မြားတစ်ချောင်းကို ဆွဲထုတ်လိုက်ကာ သူမ၏ကျောတွင် ချိတ်ဆွဲထားသော လေးကို ယူကာ ဆုပ်ကိုင်ထားလိုက်သည်။ ဘာကြောင့် သူမကို ရင်းရင်းနှီးနှီး ဖြစ်နေရသလဲဆိုတာ လင်းဖန် ရုတ်ခြည်း နားလည်သွားသည်။ အရာအားလုံးကို သူ သတိရသွားခဲ့၏။ သူမ၏နာမည်သည် လျန်ဖေး… ရောင်ခြည်တောင်က ရေပူစမ်းမှာ တွေ့ခဲ့သော ကောင်မလေး…. လင်းဖန်အနေဖြင့် သူမ၏ နာမည်ကို သေသေချာချာ မှတ်မိနေရသည်မှာ သူမ၏လူသတ်ငွေ့များ ပြည့်နေသော မြားက သူ့ကို သေစေမလို ဖြစ်စေခဲ့သောကြောင့်ပင်။

လျန်ဖေးသည် လင်းဖန်၏ ခန္ဓာကိုယ်ထဲတွင် မမြင်နိုင်သော စွမ်းအားများရှိတာ သိနေခဲ့သည့်အတွက် သူမ၏ စိတ်ဝိညာဉ်ကို လျင်မြန်စွာ ထုတ်ဖော်လိုက်ကာ လင်းဖန်ကို လွတ်မြောက်ဖို့ အခွင့်အရေးမပေးရန် ပြင်ဆင်လိုက်၏။ လင်းဖန်သည် သူမ၏စိတ်ဝိညာဉ်က သူ့ကို ဦးတည်နေပြီး ပစ်မှတ်ကို ချိန်ရွယ်နေကြောင်း ခံစားမိနေသည်။

“မြားဆိုတာ အဝေးကနေ တိုက်ခိုက်တဲ့ သူတွေအတွက် အကောင်းဆုံး လက်နက်တစ်ခုပဲ။ အနီးကပ် တိုက်ပွဲတွေမှာတော့ အသုံးမဝင်ဘူး။ ငါတို့ နှစ်ယောက်ကြားမှာ ရှိနေတဲ့ အကွာအဝေးကိုသာ နီးကပ်အောင် လုပ်နိုင်ခဲ့ရင် သူမရဲ့လက်နက်ကို အသုံးပြုဖို့ ခက်ခဲသွားနိုင်တယ်…” လင်းဖန် တွေးလိုက်၏။ ထို့နောက် သူသည် နှောင့်နှေးကြန့်ကြာခြင်း မရှိစေပဲ လျန်ဖေးထံသို့ အလွန် လျင်မြန်လှသော အမြန်နှုန်းဖြင့် သွားလိုက်လေသည်။

“နင်က ငါ့ကို အနီးကပ် တိုက်ခိုက်ချင်တာလား…”

လျန်ဖေးက ရယ်လိုက်ကာ ထေ့ငေါ့ ပြောဆိုလိုက်၏။ သူမသည် မြားကို ဆွဲလိုက်ကာ လေးကြိုးမှ ပစ်လွှတ်လိုက်လေ၏။ မြားတွင် လေးခွင်းသံကြီးနှင့်အတူ ပြင်းထန်သော အားလှိုင်များပါ တွဲဖက် ပါဝင်နေ၏။ လေးကြိုးကား တုန်ခါနေတုန်းပင်။

“ချွမ်း….”

လင်းဖန်သည် သူ၏နောက်ကျောတွင် လွယ်ထားသော ဓားအိမ်ထဲမှ ဓားကို ဆွဲထုတ်လိုက်သည်။

ရေလှိုင်းကိုးသွယ်သိုင်း… မိုးကြိုးဓားသိုင်း….

ရေလှိုင်းကိုးသွယ်သိုင်းသည် လင်းဖန်၏ ဘယ်ဘက်လက်မှ ထွက်ပေါ်လာကာ မြား လွင့်ထွက်လာရာ လမ်းကြောင်းအတိုင်း ပစ်လွှတ်လိုက်လေသည်။ မြား၏ စွမ်းအားများသည် အားလှိုင်းများနှင့် ထိတွေ့လိုက်သောအခါ အားနည်းသွားသည်။ ထို့နောက် ရေလှိုင်းကိုးသွယ်သိုင်းနှင့် မိုးကြိုးဓားသိုင်းတို့၏ ပေါင်းစပ်စွမ်းအင်များက မြားကို နှစ်ပိုင်းပြတ်သွားစေကာ မြေပြင်ပေါ်သို့ ကျသွားသည်။

“ငွေတောင်ပံသိုင်း…”

သူ၏ခန္ဓာကိုယ်သည် တစ်စက္ကန့်ပင် ရပ်တန့်မနေခဲ့ပဲ ရေလှိုင်းကိုးသွယ်သိုင်းဖြင့် သူ၏ပတ်လည်က အင်အားထုကြီးကို ဖျက်ဆီးပစ်လိုက်ကာ ငွေတောင်ပံသိုင်းနှင့် ရွေ့လျားလိုက်သည်။ ငွေတောင်ပံ ကိုယ်ဖော့သိုင်းကို ကြိမ်ဖန်များစွာ သူလေ့ကျင့်ခဲ့ပြီးပြီ ဖြစ်သည့်အတွက် အလွန်ပင် ပေါ့ပါးမြန်ဆန်နေသည်။

လျန်ဖေးသည် လှပချောမောရုံသာမက တိုက်ပွဲဝင် အတွေ့အကြုံလည်း ရှိသော သူဖြစ်၏။ ယွမ်ဟိုင်ကျောင်းတွင် သူမ၏အဆင့်ရပ်တည်မှုမှာ အဆင့် ၈ ဖြစ်သည်။

လင်းဖန်သည် သူမကို အနီးကပ် တိုက်ခိုက်ချင်နေမှန်း ရိပ်မိသည့်အတွက် နောက်သို့ ခုန်ဆုတ်လိုက်ကာ ရုတ်ခြည်းပင် မြားတစ်ချောင်း ပစ်လွှတ်လိုက်လေသည်။ သူမကားလေးနှင့် တိုက်ခိုက်ရာ၌ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေချေပြီ။ ထို့ပြင် ထူးချွန် ပြောင်မြောက်သော ရွေ့လျားကွက်များကို ကောင်းကောင်း သင်ကြားခဲ့သည်မှာ ထင်ရှားသည်။ လင်းဖန်က မြားကို နှစ်ပိုင်း ဖြစ်သွားအောင် ချိုးဖျက်ပြီးသောအခါ သူမ၏လက်တွေက ကြောက်မက်ဖွယ် စွမ်းအားများနှင့် လေးကို ချိန်ရွယ်ထားပြီးသား ဖြစ်နေသည်။ သို့သော် ယခုအချိန်၌ကား မြားသုံးချောင်း ပစ်လွှတ်လိုက်ခြင်း ဖြစ်သည်။

“နှုတ်ဆက်ပါတယ် လျန်ဖေး…”

လင်းဖန်က ပြောလိုက်ကာ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးထွက်သွားလေသည်။ ထို့နောက် လင်းဖန်သည် သူ၏ပြေးလမ်းကြောင်းကို ပြောင်းလိုက်ကာ သစ်တောထဲသို့ ပြေးဝင်လာကာ သစ်ပင်ပေါ်သို့ ခုန်တက်လိုက်၏။ လျန်ဖေး၏ ကိုယ်ဖော့သိုင်းပညာမှာ အလွန် အစွမ်းထက်လေသည်။ လင်းဖန်၏ ကိုယ်ဖော့သိုင်းအောက် ဆံခြည်မျှင် တစ်ထောက်စာမျှသာ နိမ့်လေသည်။ သစ်ပင်လေးတွေနေရာသို့ လင်းဖန် နီးကပ်လာခဲ့တာတောင်မှ ထိုအချိန်လေးသည်ပင် လျန်ဖေးအတွက် မြားတွေကို ပစ်လွှတ်ရန် လုံလောက်ပေသည်။ သူမသည် တစ်ကြိမ်ပစ်လွှတ်တိုင်း မြားသုံးချောင်း ပစ်လွှတ်နေ၏။ သူမ၏လေးမှ မြားသုံးချောင်း ပစ်လွှတ်လိုက်သောအခါ ရုတ်တရက် လင်းဖန်မှာ သူ၏အသက်ကို ခြိမ်းခြောက်လာသလို ခံစားလိုက်ရလေသည်။

ဘာကြောင့်လဲဟူ၍ ကြည့်လိုက်သောအခါ မြားသုံးချောင်း ပစ်လွှင့်လာတာကို လင်းဖန် မြင်လိုက်ရသည့်အတွက် လျင်မြန်စွာပင် သူ၏မူလအသီအစဉ်ကို ဖျက်သိမ်းကာ မြင်ကွင်းမှ လွတ်မြောက်ရန် ဆုံးဖြတ်လိုက်လေသည်။ ယခုအချိန်တွင် အကောင်းဆုံး နည်းလမ်းကား လျန်ဖေး၏ တိုက်ခိုက်မှု စက်ကွင်းမှ လွတ်မြောက်ရန်ပင် ဖြစ်သည်။ သူမ၏ မြားပစ်စွမ်းရည်သည် မြေပြင်ကျယ်တွင် မထင်ရှားသော်လည်း သစ်ပင်များ စုရုံးပေါက်ရောက်နေသော နေရာ၌ ပစ်မှတ်ကို ထိရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သူမ၏အဝေးမှ တိုက်ခိုက်ခြင်း စွမ်းရည်သည် အိပ်မက်ဆိုးတစ်ခုပမာ ဖြစ်စေနိုင်၏။ အရင်တုန်းက သူသည် ချီစုဆောင်းမှု အဆင့်ကိုး ကျောင်းသားများကို တိုက်ခိုက်ရတာ အလွန် လွယ်ကူမည်ဟု ထင်ထားခဲ့သည်။ ထိုအတွေးများသည် ရုတ်တရက်ပင် ပျောက်ကွယ် သွားတော့သည်။ သို့သော် လင်းဖန် စိတ်ဓာတ်မကျပေ။ လျန်ဖေးကိုသာ သစ်တောထဲသို့ ဝင်ရောက်အောင် လုပ်နိုင်ခဲ့လျှင် သူပင်နိုင်လိမ့်မည်။

“ဟမ့်…”

သူ့နောက်မှာ ရှိနေသော လျန်ဖေးက လှောင်ရယ် ရယ်လိုက်၏။ သူမသည် ပြင်းထန်သော စွမ်းအားတွေ ထုတ်လိုက်ကာ လေးကြိုးကို ပိုပို ဝေးကွာသည်အထိ ဆွဲတင်လိုက်လေသည်။ ပြင်းထန်သော ကြောက်မက်ဖွယ် ခံစားချက်တစ်ခု သူ၏ကိုယ်မှာ ပျံ့နှံ့လာလေသည်။ လျန်ဖေးက မြားတွေကို ပစ်လွှတ်တော့မည် ဖြစ်သည့်အတွက် သူ၏ခန္ဓာကိုယ်က အန္တရာယ်ကို သတိပေးနေခြင်း ဖြစ်ကြောင်း သူ နားလည်လိုက်သည်။ လင်းဖန်သည် သူ၏ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သစ်ပင်အစုအဝေးတွေထံသို့ ရောက်ရှိရန် သူ့အတွက် အသက်နှစ်ခါရှူသည့် အချိန်လောက်သာ ကျန်ရှိတော့၏။ ထိုနေရာသို့ ရောက်သွားလျှင် သူ ဘေးကင်းလိမ့်မည်။

“နင် ဘယ်နေရာကို သွားနေတာလဲ…”

လျန်ဖေးက အနည်းငယ် ကြောက်ရွံ့သံလေးနှင့် မေးလိုက်၏။

ရုတ်တရက် လင်းဖန်၏ အမြင်အာရုံထဲသို့ ဓားတစ်ချောင်း ပြေးဝင်လာလေသည်။ ဒုက္ခအကြီးအကျယ် ရောက်ပြီဖြစ်ကြောင်း သူအာရုံရလိုက်၏။ သူ၏စွမ်းအားအကုန် ရှေ့သို့ ပြေးသွားကာ ရုတ်တရက် ရပ်တန့်လိုက်ပြီး နောက်သို့ ခုန်ဆုတ်လိုက်လေသည်။

” ဘုန်း….”

ပတ်ပတ်လည်၌ မြေကြီးကွဲထွက်သွားကာ မြေသားများ လွင့်စင်သွားလေသည်။ လင်းဖန်၏ရှေ့မှာ ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာပြီး မြေပြင်ပေါ်မှာ အလွန်နက်ရှိုင်းသော ဓားရာကြီး ဖြစ်ပေါ်လာလေသည်။ လင်းဖန်သာ သစ်တောထဲသို့ ဆက်လက် ပြေးဝင်သွားခဲ့လျှင် နောက်ဆုတ်ရန် တစ်စက္ကန့်မျှ နောက်ကျနေခဲ့လျှင်ပင် ထိုဓားချက်က လင်းဖန်၏အသက်ကို နုတ်ယူလိုက်ရုံသာမက အပိုင်းပိုင်း ပြတ်သွားစေမည်။

သစ်တောထဲမှ အဖြူရောင် ဝတ်ဆင်ထားပြီး ဓားရှည်တစ်ချောင်းကို လွယ်ထားသော လူတစ်ယောက် ထွက်လာတာကို မြင်လိုက်ရသောအခါ လင်းဖန်၏အမူအရာ ပြောင်းလဲသွား၏။ မြေပြင်ပေါ်မှ ဓားချက်သည် ထိုလူ၏ ဓားမှ ဖြစ်ပေမည်။

“လျန်ဖေး…. ဒီကလေကချေကောင်က မင်းကို ဘယ်လို အပြစ်ပြုမိလို့လဲ… ဒီကလေကချေကောင်ကို သတ်ဖို့ မင်းကို အကူအညီပေးရမလား…”

သစ်တောထဲမှ ထွက်လာသော ကျောင်းသားက လင်းဖန်ကို အထင်သေးသလို ကြည့်နေကာ သူ့ကိုယ်သူတော့ အလွန်အမင်း အဆင့်မြင့်နေသူ တစ်ယောက်လို ထင်နေပုံပေါ်၏။ သူ၏မျက်လုံးထဲတွင်ကား လျန်ဖေးသာ သတ်ဖို့ ခေါင်းညိတ် အချက်ပေးလိုက်လျှင် လင်းဖန်သည် သူစိတ်ကြိုက် သတ်လို့ရနိုင်သည့် ပုရွက်ဆိတ်တစ်ကောင်ပမာ ဖြစ်နေသည်။ ကျောင်းတော်သည် ကျောင်းသား အချင်းချင်း တိုက်ရိုက် သတ်ဖြတ်ခြင်းကို ကန့်ကွက်ထားတာတောင်မှ သူ့ကို အပြစ်ပေးရန် မဖြစ်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် သူ့ကို ထိလို့ မရလောက်အောင် ထိုကလေကချေကောင်ထက် အဆင့်မြင့်နေသောကြောင့်ပင်။

“ကျောင်းတော်၏ လက်ရွေးစင် ကျောင်းသားထဲက တစ်ယောက်…”

လင်းဖန်သည် ထိုလူ၏အင်္ကျီမှ တံဆိပ်ကို မြင်လိုက်၏။ လင်းဖန်မှာ အလွန်အမင်း ကြောက်ရွံ့သွားမှုကြောင့် သူ့ကိုယ်သူ အေးခဲသွားသလို ခံစားလိုက်ရသည်။ လျန်ဖေးသာ သူ့ကို တိုက်ခိုက်ရန် ပြောလိုက်လျှင် ထိုလူသည် သူ့ကို တိုက်ခိုက်လိမ့်မည်။ လင်းဖန်အနေဖြင့် အစွမ်းကုန် ထွက်ပြေးလျှင် ထွက်ပြေး သို့မဟုတ် ရုတ်တရက် လျင်မြန်စွာ တိုက်ခိုက်ရလိမ့်မည်။

” ရွှီဟောက် ငါ့ကိစ္စကို ဝင်မစွက်ဖက်နဲ့…”

လျန်ဖေးသည် သူမ၏လက်ထဲမှ မြားကို မပစ်တော့ပဲ ပြောလိုက်လေသည်။ ထိုသို့ပြုမူလိုက်ခြင်းသည် လင်းဖန်ကို သနား၍ ခွင့်လွှတ်လိုက်ခြင်း မဟုတ်ပေ။ ရွှီဟောက်သည် သူမကို စိတ်ဝင်စားနေ၍ သူမက လုံးဝ ပြန်မကြိုက်နိုင်သည့်အတွက် ဖြစ်လေသည်။ ရွှီဟောက်ကို အကူအညီ မတောင်းခဲ့ခြင်းသည် သူမအနေဖြင့် ရွှီဟောက်နှင့် ဘာတစ်ခုမျှ မပတ်သက်ချင် သောကြောင့်ပင်။ လင်းဖန်ကို သတ်ခိုင်းလိုက်လျှင် ရွှီဟောက်သည် သူမအပေါ်၌ အကြွေးတင် သွားပေမည်။

လျန်ဖေးသည် သူမ၏စိတ်ဝိညာဉ်ကို ပြန်လည် စုစည်းလိုက်ကာ လေးကို သူမ၏ ကျောပေါ်၌ ပြန်လည် ချိတ်ဆွဲထားလိုက်လေသည်။ ထို့နောက် လင်းဖန်ကို ပြောလိုက်လေသည်။

“ဒီတစ်ကြိမ်မှာတော့ မင်း ကံကောင်းသွားတယ်။ နောက်တစ်ကြိမ်ဆိုရင် အကောင်းဆုံးကတော့ ငါ့လက်က လွတ်အောင် ထွက်မပြေးနဲ့။ ဒါမှမဟုတ်ရင် ဒီနေ့လောက် ကံကောင်းမှာ မဟုတ်ဘူး…”

သူမသည် စကားပြောပြီးသွားသောအခါ နောက်လှည့်ကာ ထွက်သွားလေသည်။

“လျန်ဖေး… ဘာကြောင့် ငါနဲ့တွေ့တိုင်း ရုတ်တရက် ထွက်သွားနေရတာလဲ…”

ရွှီဟောက်သည် သူ၏ခေါင်းကို ခါလိုက်ရင်းက ရုတ်တရက် ထွက်ခွာ သွားတော့သည်။ လင်းဖန်ကို တစ်ချက်ပင် လှည့်ကြည့်မသွားခဲ့ပေ။

“ဘုန်း…”

လင်းဖန်၏ရှေ့မှာ နောက်တစ်ကြိမ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ ကြီးမားနက်ရှိုင်းသော ဓားရာကြီးတစ်ခု ပြေပြင်မှာ ပေါ်ထွက်လာလေသည်။

“ကလေကချေကောင်… မင်း ကံကောင်းသွားတယ် မှတ်ပါ။ နောက်တစ်ကြိမ် လျန်ဖေးကို ရန်စတာ ငါမြင်ခဲ့ရင် မင်းကို ရိုက်ချိုးပစ်မယ်…”

ရွှီဟောက်၏အသံသည် အနည်းငယ်ဝေးသော နေရာမှ လွင့်ပျံလာလေသည်။

လင်းဖန်ကား နေရာမှ အနည်းငယ်မျှမရွေ့ပဲ မတ်တတ်ရပ်နေခဲ့သည်။ သူ၏ရှေ့မှ ဓားချက်ကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီး ဖြစ်ပေါ်ခဲ့သော်လည်း ကြောက်ရွံ့တုန်လှုပ်မှု ဖြစ်မနေပေ။

လျန်ဖေးက လင်းဖန်သည် သူမ သိုင်းလေ့ကျင့်ရာ နေရာဖြစ်သော ရေပူစမ်းနေရာသို့ပင် လာဝံ့သည့်အတွက် လင်းဖန်ကို အလွန်အမင်း အစွမ်းထက်သည် သည်ဟူ၍ တွေးထင်ထားခဲ့၏။ ထို့အတွက်ကြောင့် လင်းဖန်ကို သတ်ချင်နေခဲ့သည်။ ရွှီဟောက်သည်ကား ကျောင်းတော်၏ လက်ရွေးစင် ကျောင်းသား တစ်ယောက်ဖြစ်ကာ အလွန် အစွမ်းထက်သည်။ လင်းဖန်က သူ့ကို အပြစ်တစ်စုံတစ်ရာ မလုပ်ခဲ့သော်လည်း သတ်ဖြတ်ချင်နေခဲ့၏။ လင်းဖန်သည် ဒီကမ္ဘာကို ရောက်တာ ခဏလေးပင် ရှိသေးသော်လည်း ဒီကမ္ဘာ၏ နိယာမကို နားလည်သွားခဲ့သည်။ ထိုအရာသည်ကား အင်အားကြီးသူသည်သာ လေးစားခံရတတ်ပြီး စိတ်ကြိုက် ပြုမူနိုင်သည် ဆိုခြင်းပင်။

“ရွှီဟောက်… လင်းချီစုဆောင်းမှု အဆင့်ကို ရောက်တဲ့အခါ ဒီကလေကချေကောင်ကို မင်း ရင်ဆိုင်ရလိမ့်မယ်။ အဲဒီအခါကျရင် အဲဒီ ကလေကချေကောင်ကပဲ မင်းလက်ထဲက ဓားနဲ့မင်းရဲ့နှလုံးသားကို အစိတ်စိတ်အမြွှာမြွှာ လုပ်ပစ်လိမ့်မယ်…”

လင်းဖန်သည် ဓားကိုင်ထားသော အလွန် အကျည်းတန်သော မျက်နှာဖုံးများကို တပ်ဆင်ထားသည့်လူတွေကို မြင်နေရ၏။ ထိုလူများ၏လက်ထဲမှ ဓားရောင်များသည် တဖျတ်ဖျတ် လင်းလက်နေသည်ဟူ၍ သူထင်နေမိသည်။ ထို့နောက် သူသည် ထိုနေရာမှ ထွက်ခွာလာခဲ့လေသည်။ တစ်နေ့နေ့မှာ သူ၏သိုင်းပညာကို ကြိုးစားလေ့ကျင့်မှုနှင့် မွေးရာပါ စွမ်းရည်တွေက လက်စားချေရန် လုံလောက်သော စွမ်းအင်ရရှိမည်ဟူ၍ သူယုံကြည်နေသည်။ ထို့ပြင် သူ၏ စိတ်ထဲတွင် ထိုနေ့သည်လည်း များမကြာမီ ရောက်ရှိလာတော့မည် ဟူ၍….

***

Comment

Leave a Reply

Options

not work with dark mode
Reset