Switch Mode

အပိုင်း (၁)

စာပေသမားလေးမန်ဟို

ကျိုးပြည်နယ်ကား နိုင်ငံငယ်တစ်ခုဖြစ်၏။ တောင်ဘက်ကောင်းကင်နယ်မြေအတွင်းမှ တခြားနိုင်ငံငယ်များသည် တန်နိုင်ငံအား အမှီသဟဲပြုကြရ၏။ အရှေ့ဘက်နယ်မြေများတွင် လူအများက ချန်အန်းမြို့တော်ကို အမှီပြုကြရသည်။ ဘုရင်က လူအများ၏ချစ်ခင်လေးစားမှုကို ရရှိသကဲ့သို့ ကျိုးပြည်တွင် စာပေသမားများသည်လည်း လူတန်းစားမျိုးစုံတို့၏တန်ဖိုးထားခြင်းကို ခံရချေသည်။

ယခုနှစ်ဧပရယ်လသည် မအေးလွန်း၊မပူလွန်း။ လေညင်းများက ကုန်းမြေကို ဖြတ်ကာ တန်နိုင်ငံကို လာရောက်ရိုက်ခတ်ကြသည်။ ဆည်းဆာချိန် ကောင်းကင်၏အောက်တွင် လေညင်းများသည် မြူများကို ဖုန်များကဲ့သို့ တွန်းထိုးတိုက်ခတ်ရင်း ကျိုးပြည်မှ တာ့ချင်းတောင်သို့ ရောက်လာလေ၏။ ထို့နောက် ထိုလေညင်းများက တောင်ထိပ်ပေါ်တွင် တစ်ကိုယ်တည်း ထိုင်နေသော လူငယ်တစ်ဦးထံသို့ ရိုက်ခတ်လာခဲ့ချေသည်။

သူကား သပ်ရပ်သော စာပေသမားဝတ်စုံကို ဝတ်ဆင်ထားပြီး ရေထည့်သည့် ဘူးသီးခြောက်တစ်လုံးအား ကိုင်ဆောင်ထားသော ပိန်ပိန်သွယ်သွယ် လူငယ်တစ်ဦးဖြစ်၏။ အသက်ကား (၁၆) သို့မဟုတ် (၁၇)နှစ်ခန့် ရှိမည် ထင်ရ၏။ သူ၏မျက်လုံးများက ကြယ်ပွင့်များလို တစ်ဖျတ်ဖျတ်လက်နေရာ ဉာဏ်ရည်ဉာဏ်သွေးကောင်းသူဖြစ်ကြောင်း သိနိုင်၏။ သို့သော်၊ သူ၏ထက်မြက်မှုများအား မျက်နှာ၏ထိုင်းမှိုင်းမှုက ဖုံးကွယ်ထားသည်။ သူကား စိတ်ဓာတ်ကျပုံရ၏။

“ထပ်ကျပြန်ပြီ” လူငယ်က သက်ပြင်းလေးတစ်ချက် ချသည်။ သူသည်ကား တောင်ခြေတွင်ရှိသော ယွင်ကျဲစီရင်စုထဲမှ သာမန်စာသင်သားတစ်ဦးဖြစ်ကာ သူ့နာမည်မှာ ‘မန်ဟို’ဖြစ်၏။ ‘မန်’စာလုံးသည် မျိုးရိုးနာမည်ဖြစ်ကာ ‘ဟို’၏အဓိပ္ပာယ်မှာ ကြီးမြတ်ခြင်း သို့မဟုတ် များပြားခြင်းဟူ၍ ဖြစ်သည်။ နှစ်များစွာကတည်းက ပျောက်ဆုံးသွားခဲ့သော သူ့မိဘများသည် သူ့အတွက် ဥစ္စာပစ္စည်းများစွာ မချန်ထားခဲ့ပေ။ ပညာသင်ခြင်းကား အဖိုးအခကြီးမားရာ သူသည် မွဲပြာကျလုနီးပါးပင်။

“ငါက နန်းတွင်းစာမေးပွဲကို သုံးနှစ်ဆက်တိုက် ကျရှုံးခဲ့ပြီ။ ပညာရှိတွေရေးထားတဲ့စာအုပ်တွေကိုလည်း လွင့်ပြစ်ချင်စိတ်ပေါက်အောင်ကို ကျက်မှတ်ခဲ့ပြီးပြီ။ ဒါက ငါ့အတွက် မသင့်တော်တဲ့လမ်းကြောင်းများလား” စိတ်ဓာတ်ကျသော မျက်လုံးများဖြင့် သူက ဘူးသီးခြောက်ကို ကြည့်သည်။

“အရာရှိဖြစ်ဖို့ ငါ့အိပ်မက်က ဝေးသထက် ဝေးလာခဲ့ပြီ။ တန်နိုင်ငံကို ရောက်ဖို့ကိုလည်း ငါမေ့လိုက်သင့်ပြီ။ ပညာသင်သားတစ်ယောက်အဖြစ်က ဘယ်လောက် အသုံးဝင်မှာလဲ” သူက ခါးသက်စွာ ရယ်မောလိုက်၏။ တောင်ထိပ်တွင် တိတ်ဆိတ်စွာ ထိုင်နေရင်း၊ လက်ထဲမှ ဘူးသီးခြောက်ကို ငေးရင်း သူကား စိတ်ဓာတ်ကျသည်ထက် ကျလာခဲ့၏။ အနာဂါတ်တွင် သူက ဘာလုပ်ရမည်နည်း။ ဘယ်ကို သွားရမည်နည်း။

သူ့အား အရာရှိကြီးတစ်ဦးဦးကမွေးစားခြင်း၊ မိန်းမလှကလေးတစ်ဉီးဉီးက သူ့အား စိတ်ဝင်စားကာ လက်ထပ်ခြင်းများရှိမည်လားဟုလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ကူးယဉ်ကြည့်သည်။ မဟုတ်လျှင် နောက်တစ်နှစ်တွင် နန်းတွင်းစာမေးပွဲကို ထပ်ဖြေရဦးမည်လော။

မေးခွန်းများအတွက်က အဖြေမရှိပေ။ သူကား ဆယ်ကျော်သက်တစ်ဦးသာဖြစ်ပြီး စိတ်ပျက်အားလျှော့ခြင်းက မမြင်ရသော ဘီလူးသားရဲတို့၏ပါးစပ်လို သူ့အား ဝါးမျိုနေခဲ့၏။ သူကား ထိုအကြောက်တရားကို အမှန်အကန် ခံစားနေရသည်။

“မြို့က ဆရာတွေတောင်မှ ငွေတစ်စ နှစ်စလောက်ပဲ ရှာနိုင်ကြတယ်။ ဒါက ဦးလေးဝမ်ရဲ့ဆိုင်လောက်တောင်မှ ဝင်ငွေမရှိဘူး။ အနည်းဆုံး ငါသာ သူ့ဆီက လက်သမားပညာကိုသင်နိုင်ရင် အခုလို ငတ်ပြတ်နေမှာ မဟုတ်ဘူး” သူ အတန်ကြာ တိတ်ဆိတ်သွားခဲ့၏။

“အိမ်မှာ စားစရာလည်း မရှိတော့ဘူး။ ပိုက်ဆံလည်း ကုန်ပြီ။ ငါက ဘဏ္ဍာစိုးကျိုးကိုလည်း ငွေစသုံးစ အကြွေးတင်နေသေးတယ်။ ငါ ဘာလုပ်ရမလဲ” သူက အပြာရောင်ကောင်းကင်အား ခေါင်းမော့လျှက် ကြည့်သည်။ ကောင်းကင်ကား ကြီးမားကျယ်ပြောလွန်းရာ အဆုံးအစကို မှန်းဆရခက်၏။ ဤသည်ကပင် သူ၏မှန်းဆမရသော အနာဂတ်နှင့် အလွန်တူနေပေသည်။

အတန်ကြာလျှင် မန်ဟိုက ခေါင်းယမ်းကာ အဝတ်အိတ်ထဲမှ စာရွက်တစ်ရွက်အား ထုတ်ယူလိုက်၏။ သူက စာကို ဂရုတစိုက် ဖတ်ကာ ဘူးသီးခြောက်ထဲ၌ ထည့်သည်။ ထို့နောက် ထရပ်ကာ ဘူးသီးခြောက်အား တောင်အောက်သို့ ပစ်ချလိုက်တော့သည်။

တောင်ခြေတွင်ကား ဆောင်းရာသီတွင်ပင် အေးခဲလေ့မရှိဘဲ တန်နိုင်ငံအထိ စီးဆင်းနေသည်ဟု ပြောကြသည့် မြစ်ပြင်ကျယ်တစ်ခုရှိသည်။

မန်ဟိုသည် တောင်ထိပ်တွင်ရပ်လျှက် ဘူးသီးခြောက် ရေထဲ ပေါ်လောမြောကာ အဝေးသို့ ရောက်သွားသည်အထိ ကြည့်နေ၏။ ထိုအခိုက်တွင် သူသည် သူ၏မိခင်နှင့်ဖြတ်သန်းခဲ့ဖူးသော ငယ်စဉ်ဘဝ ပျော်ရွှင်မှုအပိုင်းအစအချို့အား သတိရမိသည်။ ထိုဘူးသီးခြောက်သည် သူ၏အိပ်မက်နှင့်ဘဝရည်မှန်းချက်များကို သယ်ဆောင်သွားခဲ့သည်။ တစ်နေ့ တစ်တစုံတစ်ယောက်က ထိုဘူးသီးခြောက်ကို ဖွင့်ကာ သူ၏မှတ်စုတိုအား ဖတ်ကောင်းဖတ်မိပေလိမ့်မည်။

“ငါဘာပဲလုပ်လုပ်၊ ပညာပဲသင်သင်၊ အလုပ်ပဲလုပ်လုပ် အသက်ရှင်ဖို့တော့လိုတယ်” ဤကပင် သူ၏စရိုက်လက္ခဏာ၊ အတွေးအခေါ်နှင့် စိတ်ဓာတ်ဖြစ်၏။ သည်ခံယူချက်ကြောင့်သာမဟုတ်လျှင် မိဘများ ထွက်သွားပြီးနောက်ပိုင်း ယနေ့ယခုအချိန်အထိ အသက်ရှင်နေမည်မဟုတ်ပေ။

သူက ကောင်းကင်ကို ကြည့်ရင်း မျက်လုံးထဲမှ ခေါင်းမာသော အငွေ့အသက်များ ပိုအားကောင်းလာခဲ့၏။ ထို့နောက် သူက တောင်အောက်ကို ဆင်းမည်ပြုသည်။

ထိုအခိုက်တွင် သူ့အနီးတွင်ရှိသော ကမ်းပါးထံမှ အသံတစ်ခုအား ကြားလိုက်ရသည်။ အသံကား လေနှင့်မြောလွင့်လာဟန်ရသည်။ ထိုအသံသည် မန်ဟို၏နားထဲကို ရောက်လာသောအခါ သတိထားမိရန် ခက်ခဲသည်အထိ တိုးညှင်းသွားသည်။

“ကယ်ကြပါ … ကယ်ကြပါ…”

မန်ဟိုကား ထိုအခိုက်တွင် တခဏမျှ အံ့အားသင့်သွားပြီးမှ သေသေချာချာ နားထောင်ကြည့်သည်။ သူက အာရုံစူးစိုက်၍ နားထောင်လျှင် အကူအညီတောင်းသည့်အသံမှာ ပိုမိုသိသာလာခဲ့၏။

“ကယ်ကြပါ”

မန်ဟိုက အသံလာရာအတိုင်း လျှောက်လာခဲ့ရာ တောင်ထိပ်၏အစွန်းသို့အထိ ရောက်လာခဲ့သည်။ သူက တောင်ထိပ်မှ ငုံ့ကြည့်လိုက်သောအခါ တောင်ခါးပန်းရှိ ကမူစွန်းတစ်ခု၌ လူတစ်ယောက်သည် ကိုယ်တစ်ဝက်မျှ အပြင်သို့ ထွက်လျှက် ကြောက်လန့်ပြာနှမ်းနေသော မျက်နှာဖြင့် အကူအညီတောင်းနေသည်ကို မြင်၏။

“မင်း … မင်းက မန်ဟိုမလား။ ကယ်ပါဦး … စာပေသမားမန်။ ငါ့ကို ကယ်ပါ” ထိုသူသည် ဆယ်ကျော်သက်တစ်ဦးဖြစ်၏။ ကူရာမဲ့အခြေအနေတစ်ခုတွင် သူက မန်ဟိုကို မြင်သည်နှင့် အကြီးအကျယ် အံ့အားသင့်ခြင်း၊ ဝမ်းသာခြင်းတို့ဖြင့် လှမ်းခေါ်သည်။

“ဝမ်ယိုချိုင်” မန်ဟိုက လူငယ်ကို ကြည့်ကာ မျက်လုံးပြူးသွားသည်။ သူကား မြို့မှ လက်သမားဆရာ ဦးလေးဝမ်၏သားဖြစ်သည်။

“ မင်း ဘယ်လိုဖြစ်တာလဲ”

မန်ဟိုက ကမူစွန်းကို ကြည့်သည်။ ထိုနေရာက အတော်နက်ရာ အောက်ကို ဆင်းရန် မဖြစ်နိုင်ပေ။ အနည်းငယ်မျှ ဂရုမထားမိလျှင် မြစ်ထဲသို့ ကျသွားနိုင်ချေသည်။

မြစ်ရေစီးကြမ်းသည်နှင့်ဆိုလျှင် သူ့အနေဖြင့် သေမည်က ပိုများ၏။

“ငါတစ်ယောက်တည်း မဟုတ်ဘူး။ အနီးအနားမြို့က လူတွေလည်းပါတယ်” ဝမ်ယိုချိုင်က အော်ဟစ်သည်။ “ငါတို့အားလုံး ဒီမှာ ပိတ်မိနေတယ်။ အစ်ကိုမန်… စကားပြောတာရပ်ပြီးတော့ ငါတို့ကို မြန်မြန်ကယ်ပါ” သူကား တောင်အက်ကွဲကြားမှ လက်လှမ်းပြနေသည်မှာ ကြာမြင့်နေပြီဖြစ်ဟန်ရ၏။ သူ့လက်များက လေထဲကို ဝှေ့ယမ်းနေကာ သူ့အဖော်များသာ မဆွဲထားလျှင် ကမ်းပါးအောက်သို့ ခြေချော်ကျသွားလောက်ပြီဖြစ်ပေမည်။ သူ့မျက်နှာက ကြောက်ရွံ့မှုကြောင့် ပြာနှမ်းနေသည်။

မန်ဟိုက အန္တရာယ်ကို သိလိုက်သည်။ သူ့အနေဖြင့် တောင်ခါးပန်းသို့ တစ်ယောက်တည်း ဆင်းရန် မဖြစ်နိုင်ပေ။ သူ့တွင် ကြိုးလည်း မပါ။ တစ်စုံတစ်ယောက်ကို သူက မည်သို့ ကယ်ဆယ်မည်နည်း။ သူက နောက်လှည့်ကြည့်လိုက်လျှင် တောင်ဘေးတွင် နွယ်ကြိုးများစွာ ရှိသည်ကို မြင်၏။

သူ့လို ပိန်ပါးအားနည်းသူအတွက် လုံလောက်သော နွယ်ကြိုးများအား ရရှိရန် (၂)နာရီခန့် အချိန်ယူရပေသည်။ မောပန်းမှုကြောင့် အသက်ပြင်းပြင်းရှုကာ သူသည် နွယ်ကြိုးများအား ကမ်းပါးသို့ ဆွဲယူလာသည်။ ထို့နောက် ဝမ်ယိုချိုင်၏နာမည်ကို ခေါ်လျက် နွယ်ကြိုးအား အောက်သို့ ကျပေး၏။

“မင်းတို့ အဲဒီကို ဘယ်လိုရောက်သွားလဲ အခုထိ မပြောရသေးဘူး” မန်ဟိုက နွယ်ကြိုးများကို ချပေးရင်း ပြောသည်။

“ပျံပြီးတော့…” ဝမ်ယိုချိုင်က ထိုစကားကို ပြောခြင်းမဟုတ်ပေ။ ပြောလိုက်သူကား သူ့ဘေးမှ ကူထိန်းပေးထားသော နောက်ထပ်လူငယ်တစ်ယောက် ဖြစ်သည်။ ထိုလူငယ်ကား ဉာဏ်ကောင်းကာ တက်ကြွသည့်ဟန်ရှိပြီး ကျယ်လောင်စွာ ပြောဆိုနိုင်သည်။

“အဓိပ္ပာယ်မရှိတာ။ မင်းတို့ ပျံနိုင်တယ် ဟုတ်လား” မန်ဟိုက လှောင်ပြောင်ပြောဆိုကာ နွယ်ကြိုးကို အပေါ်သို့ အနည်းငယ် ပြန်ဆွဲတင်လိုက်သည်။ “မင်းတို့ ပျံနိုင်ရင် ဘာလို့ အပေါ်ကို ဒီအတိုင်း ပျံပြီး မတက်လာတာလဲ”

“သူပြောတာကို နားမထောင်နဲ့” ဝမ်ယိုချိုင်က မန်ဟို ကြိုးများအား ပြန်ဆွဲတင်သွားသည်ကို မြင်သောအခါ စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။ “ငါတို့ကို ပျံတတ်တဲ့မိန်းမတစ်ယောက်က ဖမ်းခဲ့တာ။ ငါတို့ကို ဂိုဏ်းတစ်ခုသို့ အစေခံလုပ်ဖို့ ခေါ်သွားမလို့တဲ့”

“အဓိပ္ပာယ်မရှိတာ” မန်ဟိုက မယုံကြည်ဟန်ဖြင့် အော်သည်။

ဒဏ္ဍာရီထဲက အင်မော်တယ်တွေပဲ ဒီလို လုပ်နိုင်တယ်… ဒါကို ဘယ်သူ ယုံမှာလဲ …

သူဖတ်ဖူးသော စာအုပ်များတွင် အင်မော်တယ်များဖြင့် တွေ့ကာ ချမ်းသာသွားသူအချို့၏ပုံပြင်များရှိ၏။ သို့သော် ထိုအရာများအားလုံးမှာ အလိမ်အညာသာဖြစ်သည်။

ကြိုးက ကမူသို့ ရောက်လျှင် ဝမ်က လှမ်း၍ ဖမ်းသည်။ ထိုအခိုက်တွင် မန်ဟိုသည် သူ့နောက်မှ အအေးလှိုင်းတစ်ခုကို ခံစားလိုက်ရကာ ပတ်ဝန်းကျင်သည်လည်း ဆောင်းဥတုသို့ ပြန်ရောက်သွားသလို အေးစက်လာတော့သည်။ သူက တစ်ချက် တုန်သွားကာ နောက်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်ပြီးမှ အော်ဟစ်ကာ လေထဲသို့ ခြေချမိပြီး ကမ်းပါးမှ ကျ၏။

သူက ဖြူရော့ရော့မျက်နှာအသားအရေရှိကာ ငွေရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် ထိုနေရာတွင် ရပ်ကာ သူ့အား စိုက်ကြည့်နေသည်ကို မြင်၏။ သူမ၏အသက်ကို ခန့်မှန်းရန် မဖြစ်နိုင်ပေ။ သူမကား အလွန်အမင်း လှပကာ အေးစက်သော အငွေ့အသက်များ စိမ့်ထွက်နေ၏။

“တစ်ခါတစ်ရံ မင်းက တချို့အရာတွေနဲ့ တွေ့ကြုံခဲ့ရင် ဒါကို ကံကြမ္မာလို့ခေါ်တယ်”

အသံက သူ့နားထဲကို ဝင်လာလျှင် အရိုးကွဲမတတ် အေးစိမ့်မှုကို ခံစားရ၏။ သည်အမျိုးသမီးကား ထူးဆန်းသော စွမ်းအားတစ်မျိုးမျိုးကိုပိုင်ဆိုင်ဟန်ရကာ မန်ဟိုက သူမ၏မျက်လုံးကို ကြည့်မိလျှင် ထိုမျက်လုံးသည် အရာအားလုံးကို ထိုးထွင်းသိမြင်နိုင်ကာ သူမထံတွင် အနည်းငယ်မျှပင် လိမ်ညာရန်မဖြစ်နိုင်ဟူသည့် ခံစားချက်မျိုးအား ရသည်။

သူမ၏စကားလုံးများက လေထဲတွင် မြောလွင့်နေဆဲဖြစ်ပြီး သူမက လက်မောင်းအိုးအား လှုပ်ခတ်လိုက်လျှင် လေပြင်းတစ်ချက်သည် မန်ဟိုအား ဆွဲငင်ကာ သူမနှင့်အတူ ကမ်းပါးပေါ်သို့ ကျသည်။

သူတို့က ကမ်းပါးစွန်းသို့ ရောက်သောအခါ အမျိုးသမီးက သူ့အား လက်ဝေ့ယမ်းလျှက် ဝမ်တို့ ရှိနေသည့် ပက်ကြားအက်ထဲသို့ လေပြင်းတစ်ချက်ဖြင့် တွန်းပို့လိုက်သည်။ ထိုနေရာတွင် ဝမ်နှင့် တခြားနှစ်ယောက်တို့ ရှိနေသည်။

အမျိုးသမီးကား ထိုနေရာတွင် ဘာစကားမှ မဆိုပဲ ရပ်နေသည်။ သူမက ခေါင်းကို မော့ကာ နွယ်ကြိုးများအား ကြည့်၏။

မန်ဟိုကား စိုးရိမ်ထိတ်လန့်လွန်းရာ တုန်ယင်နေသည်။ သူက ထရပ်ကာ ပတ်ဝန်းကျင်ကို ကြည့်၏။ ပက်ကြားအက်ကား သိပ်မကြီးပေ။ လူအချို့အတွင်း၌ ရှိလျှင် နေရာလပ်ပင် မကျန်တော့။

သူ့မျက်လုံးများက ဝမ်နှင့် တခြားလူငယ်နှစ်ဦးထံသို့ ရောက်သွား၏။ တစ်ယောက်ကား ဉာဏ်ကောင်းသောလူငယ်ဖြစ်ကာ နောက်တစ်ယောက်ကား သန့်ရှင်းသပ်ယပ်ပြီး ဝတုတ်သောလူငယ်ဖြစ်၏။ သူတို့နှစ်ယောက်လုံးသည်လည်း အချိန်မရွေး ငိုကြွေးတော့မည့် မျက်နှာဖြင့် ကြောက်လန့်ခြင်းကြီးစွာ ရပ်နေကြသည်။

“ငါ လူတစ်ယောက် လိုနေသးတယ်” အမျိုးသမီးက ပြောသည်။ သူမက မန်ဟိုအစား နွယ်ကြိုးများအား ကြည့်ကာ ပြောသည်။ “မင်းကိုပဲ ထည့်လိုက်တော့မယ်”

“ခင်ဗျား ဘယ်သူလဲ” မန်ဟိုက ကြောက်လန့်မှုကို ထိန်းချုပ်ကာ မေးသည်။ သူကား ပညာတတ်ဖြစ်ပြီး စိတ်ဓာတ်မာသည်။ ကြောက်လန့်သော်လည်း သူကား ထိုအကြောက်တရားကို ကောင်းကောင်းထိန်းချုပ်နိုင်သည်။

အမျိုးသမီးက ဘာမှ မပြောပေ။ သူမက လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်လျှင် အစိမ်းရောင်လေများ ဖြစ်ပေါ်လာပြီး လူငယ်များအားလုံးကို ပင့်မကာ ကောင်းကင်သို့ တက်သွားသည်။ သူတို့ ထိုနေရာမှ တမုဟုတ်ချင်း ပျောက်သွားကာ တာ့ချင်းတောင်သာ ကျန်ရစ်ခဲ့တော့၏။ တာ့ချင်းတောင်ကား ထိုနေရာတွင်ပင် အမှောင်ထုနှင့်အတူ စတင်ပျော်ဝင်တော့မည့်အလား မားမားမတ်မတ်၊ ထီးထီးတည်း ရှိနေတော့သည်။

မန်ဟို၏မျက်နှာ သွေးဆုတ်သွားသည်။ အစိမ်းရောင်လေထုအတွင်း၌ ရောက်နေသော သူသည် ကောင်းကင်ကို ဖြတ်ကာ ပျံသန်းနေကြောင်း သတိထားမိသည်။ သူ၏ခေါင်းထဲတွင် စာလုံးတစ်လုံးပေါ်လာ၏။

“အင်မော်တယ်တွေ” သူက တခဏမျှ အသက်ကို အောင့်မိကာ မျက်လုံးကို မှိတ်လျှက် ရေရွတ်သည်။

သူက မျက်လုံးကို ဖွင့်လိုက်သောအခါ သူတို့သည် အစိမ်းရောင်ကျောက်တုံးများဖြင့် ခင်းထားသော တောင်ကလပ်တစ်ခုပေါ်တွင် ဖြစ်ကြောင်း သိလိုက်ရသည်။ ပတ်ဝန်းကျင်တွင်လည်း များစွာသော တောင်ကုန်းများ ရှိသည်။ တိမ်များနှင့်မြူများ ရွေ့လျားနေခြင်းက သည်နေရာမှာ လူသားတို့ကမ္ဘာမဟုတ်ကြောင်း သူအတတ်ပြောနိုင်၏။ အနီးတဝိုက်မှ လှပသော တောင်ကုန်းများသည် အလွန်ထူးဆန်းသည်။

ဝမ်နှင့် တခြားလူငယ်များ သတိရလာသောအခါ သူတို့သည်လည်း ကြောက်လန့်လျှက် တုန်ယင်နေကြသည်။ သူတို့က အမျိုးသမီး၏နောက်ကျောကို ကြည့်နေကြ၏။

သူမ၏ရှေ့တွင်ကား ကျင့်ကြံသူနှစ်ဦး ရှိနေသည်။ သူတို့မှာ အသက်(၂၀)ခန့်ရှိဟန်ရ၏။ သူတို့၏မျက်လုံးများထဲတွင် လေးစားကြောက်လန့်ဟန်များ ရှိနေသည်။

“အရမ်းကောင်းတယ် အစ်မရှု” လူငယ်တစ်ယောက်က မြှောက်စားသော လေသံဖြင့် ပြောသည် “အစ်မရှုက ပါရမီပါတဲ့ ကောင်လေး(၄)ယောက်ကို ခေါ်လာတာပဲ”

“သူတို့ကို အစေခံတန်းလျားသို့ ခေါ်သွားလိုက်” သူမက အေးစက်စွာ ပြောကာ မန်ဟိုတို့အား ကြည့်ပင်မကြည့်တော့ဘဲ သက်တန့်အဖြစ် ပြောင်းလဲကာ အဝေးတောင်တန်းများဆီသို့ ပျံသန်းပျောက်ကွယ်သွားတော့သည်။

ထိုအချိန်တွင် မန်ဟိုကား သတိပြန်လည်လာ၏။ သူက အမျိုးသမီး ပျောက်ကွယ်သွားရာအရပ်သို့ ကြည့်ကာ သူ့သွေးများ ဆူပွက်လာသည်။

အစေခံခဲ့လား… ငါက အင်မော်တယ်တွေအတွက် အလုပ်လုပ်ပေးရတာဆိုတော့ ကြေးကောင်းကောင်းရမှာပဲ…

သည်လူများက သူ့အား သတ်လိုခြင်းမဟုတ်ကြောင်းသိလျှင် မန်ဟိုက ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။

“အစ်မရှုက စဦးချီဖွဲ့စည်းခြင်းအဆင့်(၇)ကို ရောက်နေပြီပဲ” နောက်ထပ်လူငယ်တစ်ယောက်က ပြောသည်။ “ဂိုဏ်းနတ်ဆရာက အစ်မရှုကို လေဆွဲကြိုးကို ပေးထားတယ်ဆိုမှတော့ သူမဟာ ချီအခြေတည်ခြင်းအဆင့်သို့ မရောက်သေးပေမဲ့ လေထဲပျံနိုင်ပြီလို့ ဆိုလိုတာပဲ” ပြောရင်းဆိုရင်း သူက မန်ဟိုတို့အား မောက်မာစွာ ကြည့်၏။

“မင်းနဲ့မင်း …” သူက ဝမ်နှင့် ဉာဏ်ကောင်းသော လူငယ်ကို ကြည့်ကာ ပြောသည် “တောင်ဘက်အစေခံတန်းလျားကို ငါနဲ့အတူလိုက်ခဲ့”

“ဒါ ဘယ်နေရာလဲ” ဝမ်က ထိုလူငယ်အား ကြောက်လန့်တကြား မေးသည်။

“မှီခိုရာဂိုဏ်း”

Comment

Leave a Reply

Options

not work with dark mode
Reset