လင်းဖန် ပြောပြီးသွားသောအခါ ကွင်းပြင်ကြီး တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်…
လင်းယွမ်ကို လင်းဖန်ကစပြီး စိန်ခေါ်လိုက်တာလား…
လင်းဟိုင်ပင် ဆွံ့အသွားခဲ့သည်… သူ့သားရဲ့ အပြုအမူကြောင့် အံ့သြသွားခဲ့သည်… စင်မြင့်ထက်မှ ထွက်ခွာရန် ပြင်နေကြသော အကြီးအကဲများ သည်လည်း ပြန်ထိုင်လိုက်ကြသည်… သူတို့သည် လင်းဖန်ကို ကြီးစွာသော စိတ်ဝင်စားသည့် မျက်လုံးများနှင့် ကြည့်နေကြသည်…
ထိုအချိန်၌ လင်းဟောက်ရန် ရင်ထဲမှာ ဒေါသတွေ ထွက်သွားသည်… အမှိုက်ကောင်သည် သူ့ရဲ့သားကို စိန်ခေါ်လိမ့်မည်ဟူ၍ သူ မမျှော်လင့်ထားပေ… သူသည် အေးစက်စက်ပြုံးကာ ပြောလိုက်သည်…
“လင်းယွမ်၊ စိန်ခေါ်မှုကို လက်ခံတယ်…”
လင်းဟောက်ရန်သည် လင်းယွမ်ကို စူးရှစွာ ကြည့်လိုက်သည်…
လင်းယွမ်သည် လင်းဖန်ကို ကြည့်နေသည်… လင်းဖန်ရဲ့ စကားလုံးများသည် သူ့ကို ဆဲရေးလိုက်သလို ခံစားရသည်… မိသားစုအတွင်းမှာ သူ့ရဲ့စွမ်းရည်သည် သာမန်မျှသာဖြစ်သည်… လင်းဖန်၏ ရှေ့မှာသာလျှင် ခါးကော့ရင်မော့ပြီး နေလို့ရသည်… ထို့ကြောင့် လင်းဖန်ကို သူမြင်တဲ့အချိန်တိုင်း ပျစ်ပျစ်နှစ်နှစ်ဆဲသည်… ထိုကဲ့သို့ လုပ်ရတာကို သူပျော်နေခဲ့သည်… သို့သော် ယခု အမှိုက်ကောင် လင်းဖန်သည် သူ့ကို စိန်ခေါ်လာခဲ့ချေပြီ… လင်းယွမ်ရဲ့မျက်နှာသည် မည်းမှောင်နေသည်…
“ငါ့ရဲ့တိုက်ကွက် သုံးကွက်ကို မင်း ခုခံနိုင်ရင် ငါ ဆက်မတိုက်တော့ဘူး…”
လင်းယွမ်က စင်မြင့်ထက်သို့ လျှောက်လှမ်းလာရင်း ပြောလိုက်သည်… သူသည် လင်းဖန်ကို အကြမ်းတမ်းဆုံး တိုက်ကွက်သုံးကာ အမှိုက်က ဘယ်လိုဆိုတာ နားလည်သွားအောင် ပညာပြရန် စိတ်ကူးထားသည်….
“မင်းသာ ငါ့ရဲ့လက်သီး တစ်ချက်ကို ခံနိုင်ရင် ငါ့ရဲ့တိုက်ခိုက်မှု အတွက် စဉ်းစားပေးမယ်…”
လင်းဖန်က ခေါင်းကို ယမ်းလိုက်ကာ မထူးခြားသလို ပြောလိုက်သည်… လင်းယွမ်၏ မျက်နှာသည် ဂရုမစိုက်သလို ပြောလိုက်သာ ထိုစကားလုံးများကြောင့် ပို၍ မည်းမှောင်သွားသည်…
ကြည့်နေသော လူများသည်လည်း ဆွံ့အသွားခဲ့ကြသည်… လင်းဖန်ကို ကြည့်ကာ ပြောစရာစကား ရှာမရတော့ပေ… ဒီကလေးက ရူးမိုက်လွန်းသည်… ထို့ပြင် အလွန် ကြွားဝါလွန်းသည်…
“အမှိုက်ကောင် ပြောခဲ့တဲ့ စကားလုံးတွေက ဘယ်လောက်ပဲ လှနေပါစေ အမှိုက်က အမှိုက်ပဲဖြစ်နေမှာပဲ… မင်းလိုအမှိုက်က စကားလုံးတွေနဲ့ ကြွားဝါဖို့ပဲ လုပ်တတ်တယ်…”
လင်းယွမ်က ပြက်ရယ်ပြုလိုက်သည်…
လင်းဖန် ရယ်မော လိုက်သည်…
သူက စကားလုံး လှလှလေးတွေသုံးပြီး ပြောလိုက်တာတဲ့လား…
သူသည် စကားလုံး အနည်းငယ်သာ ပြောခဲ့ခြင်းဖြစ်ပေသည်…
“ငါ့ရဲ့လက်သီးချက်ကို ခုခံပါ…”
လင်းဖန်က ပြောလိုက်သည်… အချည်းနှီးစကား ပြောခြင်းဖြင့် အချိန်တွေ ကုန်ဆုံးသွားတာကို လင်းဖန် မကြိုက်ပေ… ပြောပြီးသွားသောအခါ သူရဲ့ခန္ဓာကိုယ်ကို ရှေ့တစ်လှမ်း တက်လိုက်သည်… ထို့နောက် လက်သီးကို ဝှေ့ယမ်းကာ လင်းယွမ်ကို ထိုးလိုက်လေသည်…
“တစ်ချက်တည်းလား…”
လင်းယွမ်၏ မျက်လုံးများတွင် ရက်စက်လိုသော အရိပ်အယောင် ဖြတ်သန်းသွားသည်… သူသည် လင်းဖန်၏ လက်သီးချက်ကို မရှောင်တိမ်းဘဲ သူ့လက်သီးဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်… သူသည် လင်းဖန်ကို သူတို့နှစ်ယောက်ရဲ့ သိုင်းပညာအဆင့် အလွန် ကွာခြားကြောင်း သိစေချင်ခဲ့သည်…
လေထုကြီး တုန်ခါသွားသည်… လင်းဖန်၏ လက်သီးချက်မှ ပြင်းထန်သော အားလှိုင်းတွေ ထွက်ပေါ်လာကာ တဖျတ်ဖျတ် မြည်သံတွေ ထွက်ပေါ်နေသည်… သို့သော်လည်း လူများမှာ လင်းယွမ်ထံသို့ ပြင်းထန်သော အားလှိုင်းတွေ ဝင်ရောက် သွားတာကိုသာ မြင်လိုက်ရသည်…
ရေလှိုင်းကိုးသွယ် သိုင်းကျင့်စဉ်…
လင်းယွမ်သည် အလွန် ပြင်းထန်သော အားလှိုင်းကို ရုတ်တရက် ခံစားလိုက်ရသည်… သို့သော် နောက်ဆုတ်လိုက်ရန် အတွက်ကား နောက်ကျသွားသည်… လက်သီးနှစ်ခုစလုံး ပြင်းထန်စွာ တိုက်မိသွားသည်… လင်းယွမ်သည် သူ့၏ လက်သီးချက်တွေမှ တစ်ဆင့် ပြင်းထန်သော အားလှိုင်းတွေ ဖြတ်သန်းသွားတာ ခံစားလိုက်ရသည်… သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး အားလှိုင်းတွေက ဖိနှိပ်ထားသည်… အားလှိုင်းများသည် တစ်ခုထက် တစ်ခုပိုပြီး သန်မာလာကာ အဆုံးမရှိတော့ပေ…
“ဖုန်း…”
ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ လင်းယွမ်၏ ခန္ဓာကိုယ် လွင့်ထွက်သွားသည်… လူတိုင်း အံ့အားသင့် သွားကြသည်… ထိုမြင်ကွင်းသည် စောစောက ယှဉ်ပြိုင် တိုက်ခိုက်ခဲ့သော လင်းဟိုင်နှင့် လင်းဖသောက်တို့၏ တိုက်ခိုက်မှုနှင့် ဆင်နေသည်… လင်းယွမ်သည် ဘာမျှခုခံနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ လက်သီး တစ်ချက်တည်းဖြင့် လွင့်စဉ် သွားခဲ့လေသည်…
လင်းဟောက်ရန်သည် အံ့အားတသင့်ဖြင့် မတ်တတ် ရပ်လိုက်မိသည်… မြေပြင်မှာ လဲနေသော လင်းယွမ်ကို ကြည့်ကာ သူ ဆွံ့အသွားသည်…
“ဘယ်လိုလုပ်… ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
လင်းယွမ်၏ အဖြစ်အပျက်က လင်းဟောက်ရန်ကို တုန်လှုပ်သွားစေသည်… သူ့အနေဖြင့် ခါးသီးသော အမှန်တရားကို လက်ခံနိုင်ရန် ခက်ခဲနေသည်…
လူများသည် လင်းယွမ်၏ စကားလုံးတွေကို ကြားတုန်းက လင်းဖန် ပြန်ပြောခဲ့တာကို မှတ်မိနေသည်…
“လင်းယွမ်၊ မင်းရဲ့ ပေါကြောင်ကြောင် စကားလုံးတွေကို ရပ်လိုက်ပါ… တစ်နေ့နေ့မှာ မင်းက ငါ့ထက် ညံ့တယ်ဆိုတာ မင်း သိလာလိမ့်မယ်… အဲဒီအခါကျရင် မင်းအနေနဲ့ မင်းအပြုအမူတွေ အတွက် ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လိမ့်မလဲ…”
လက်ရှိမြင်ကွင်းသည် လူငယ်လေး တစ်ယောက်က သူ့ရဲ့ စကားလုံးတွေနှင့်အညီ သက်သေ ပြလိုက်ခြင်းမှာ သံသယ ဖြစ်စရာပင် မလိုပေ…
“ဒါက လင်းမိသားစုရဲ့ အမှိုက်ကောင် သခင်လေးတဲ့လား…” လင်းဖန်ကို ကြည့်ကာ လူတိုင်း တွေးနေကြသည်… လင်းယွမ်ကို လွင့်ထွက်သွားအောင် တိုက်ခိုက်လိုက်သော လင်းဖန်၏ လက်သီးချက်တွင် အနည်းဆုံး ၆၀၀၀ ဂျင် စွမ်းအားရှိကြောင်း လူတိုင်း သိကြသည်…
“ငါက အမှိုက်လို့ မင်းပြောခဲ့တယ်… အခု မင်းက ငါ့လက်သီး တစ်ချက်ကိုတောင် မခံနိုင်ပါလား… ဘယ်နေရာကို လွင့်ထွက် သွားရတာလဲ…”
လင်းဖန်က ရွဲ့ပြောလိုက်သည်… လင်းယွမ်ကို ကြည့်နေသော သူ့ရဲ့မျက်လုံးများတွင် ရက်စက်လိုသော အရိပ်အယောင်များ ထွက်ပေါ်နေသည်…
“ပြီးတော့ ခင်ဗျား… ခင်ဗျားက လူကြီးတစ်ယောက်ပါ… ဒါပေမဲ့ မင်းက အမှိုက်လို့ တစ်ချိန်လုံး ပြောနေခဲ့တယ်… အခု ခင်ဗျားရဲ့သားက ကျွန်တော့်လက်သီးချက် တစ်ချက်တည်းနဲ့ လဲကျသွားပြီ… ကျွန်တော့်ကို အမှိုက်လို့ တစ်ချိန်လုံး ပြောနေခဲ့သလိုမျိုး ခင်ဗျားရဲ့သားကိုလည်း မပြောတော့ဖူးလား…”
လင်းဖန်သည် ခေါင်းကို မော့လိုက်ကာ လင်းဟောက်ရန်ကို ကြည့်ပြီး ပြောလိုက်သည်…
“မင်းက ချီစုဆောင်းမှုအဆင့် ၆ ပဲရှိသေးတယ်… ဒီလောက်အားလေးပဲ ထုတ်နိုင်တာကို စိတ်ကြီးဝင်ပြ နေရသလား…”
လင်းဟောက်ရန်၏ မျက်နှာသည် အရုပ်ဆိုးသွားကာ လင်းဖန်ကို အပြစ်တင်သလို ပြောလိုက်သည်…
“ကျွန်တော်က စိတ်ကြီးဝင်နေတာ မဟုတ်ဘူး … ခင်ဗျားနဲ့ ခင်ဗျားရဲ့သားတို့ ကျွန်တော့်ကို လုပ်ခဲ့တဲ့ အပြုအမူတွေအတိုင်း ကျွန်တော်က ပြန်လုပ်လိုက်ခြင်းသာ ဖြစ်တယ်…”
လင်းဖန်အနေဖြင့် ဆက်စကားပြောလိုစိတ် မရှိတော့ပေ… သို့ဖြစ်၍ ထွက်ခွာရန် ပြင်လိုက်ပြီး ပြောလိုက်သည်…
“ခင်ဗျားက အခြားသူတွေကို အရှက်ရစေခဲ့ရင် အခြားသူတွေကလည်း ခင်ဗျားကို အရှက်ရအောင် လုပ်လိမ့်မယ်…”
“ခင်ဗျားက အခြားသူတွေကို အရှက်ရစေခဲ့ရင် အခြားသူတွေကလည်း ခင်ဗျားကို အရှက်ရအောင် လုပ်လိမ့်မယ်…”
လင်းဟိုင် တိုးတိုးလေး ရေရွတ်မိလိုက်သည်… ပြုံးယောင်သန်းနေသော သူ့မျက်လုံးများသည် ဝမ်းသာစိတ်ကြောင့် ဝင်းလက်နေသည်… သူ့ရဲ့သားသည် အမှန်တကယ် ပြောင်းလဲသွားခဲ့ချေပြီ… ထိုကဲ့သို့ အတွေးအခေါ်ဆန်သော စကားလုံးတွေကိုပင် ပြောခဲ့လေပြီ…
လင်းဖန်သည် သူ့အခန်းကို ပြန်လာကာ သိုင်းလေ့ကျင့်နေပြန်သည်… သူသည် ချီစုဆောင်းမှုအဆင့် ၅ ကို ကျော်ဖြတ်ပြီးသော်လည်း သူ့ကို ထိုးကြိတ် ကန်ကျောက်ကာ ကျောင်းတံခါးဝမှာ လွှင့်ပစ်ခဲ့သော လင်းဟန်ကိုမူ မယှဉ်နိုင်သေးပေ… သူ့အနေဖြင့် လက်ရှိတွင် ချီစုဆောင်းမှုအဆင့် ၆ သာ ရှိသေးသည်…
ထို့ပြင် လင်းဖသောက်၏ ကလေးများသည်လည်း လင်းယွမ်နှင့်ယှဉ်လျှင် အဆပေါင်းများစွာ သာသည်… အထူးသဖြင့် လင်းဖသောက်၏သမီး လင်းချန်သည် ချီစုဆောင်းမှုအဆင့် ၉ သို့ပင် ရောက်ရှိနေချေပြီ…
နောက်သုံးလ ကြာသည့်အခါ နှစ်ပတ်လည် မိသားစုတွေ့ဆုံပွဲကို ကျင်းပလိမ့်မည်… ထိုအချိန်တွင် လင်းမိသားစုမှ လူတိုင်း ပြန်လာကြပေမည်… ကျောင်းတော်တွေမှာ သိုင်းပညာ သင်နေကြသော သူများပင် ပြန်လာကြမည်… သူ့ရဲ့သိုင်းကျင့်စဉ်ကိုသာ လျင်လျင်မြန်မြန်ဖြင့် တိုးတက်အောင် မလုပ်နိုင်ခဲ့လျှင် နှစ်ပတ်လည် မိသားစုတွေ့ဆုံပွဲမှာ နောက်တစ်ကြိမ် သူအရှက်ရပေမည်…
သိုင်းပညာဟူသည် အဆုံးမရှိပေ… သိုင်းပညာရှင်တစ်ယောက် သိုင်းလေ့ကျင့်နေသည့်အခါ အချိန်တွေကုန်တာ မြန်သည်… ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို စုပ်ယူနိုင်သော သိုင်းပညာရှင် တစ်ယောက်သည် ဆယ်ရက်ခန့် မစားမသောက်ပဲ နေရခြင်းသည် ပြဿနာမဟုတ်ပေ… ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များသည်သာ အသန့်စင်ဆုံးဆိုတာ သံသယဖြစ်ဖွယ် မရှိပေ…
ဆယ်ရက် ကုန်ဆုံးသွားသည်… နောက်ဆုံးမှာ လင်းဖန်သည် သူ့အခန်းထဲမှ ထွက်လာခဲ့ချေပြီ… သူ သက်ပြင်းရှည်ကြီး တစ်ခုချလိုက်လေသည်… ဆယ်ရက်အတွင်းမှာ ချီစုဆောင်းမှုအဆင့် ၆ ၏ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့ချေပြီ… သိပ်မကြာခင် အတွင်းမှာ ချီစုဆောင်းမှုအဆင့် ၇ သို့ သူ ရောက်လိမ့်မည်…
ထို့နောက် လင်းဖန်သည် သူ့ရဲ့အဖေ အခန်းသို့ လျှောက်လာသည်…
“ဖန်လေး အိမ်မှာ လေ့ကျင့်ရတာ အဆင်မပြေဖူးလား… ဘာလို့ကျောင်းကို ပြန်သွားချင်နေရတာလဲ…”
လင်းဖန်က ကျောင်းတော်သို့ ပြန်သွားချင်ကြောင်း ပြောလာသောအခါ လင်းဟိုင် အရမ်း စိတ်ပူသွားခဲ့သည်… လင်းဟိုင်အနေဖြင့် ကျောင်းတော်မှ သေလုမြောပါးဖြစ်ကာ ပြန်ရောက်လာသော လင်းဖန်ကို တွေးမိကာ စိတ်မချနိုင်ပေ …
“အဖေ တချို့အရာတွေက ပုံသေ သတ်မှတ်လို့မရဘူး … အိမ်ထဲမှာ ပုန်းအောင်းနေပြီး သိုင်းပညာ လေ့ကျင့်နေခြင်းက အဖေ့အနေနဲ့ ကျွန်တော့်ကို အမြဲတမ်း ကာကွယ်ပေးနေရသလို ဖြစ်နေလိမ့်မယ်… အစွမ်းထက်တဲ့ သိုင်းပညာရှင် တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ကျွန်တော် စွမ်းဆောင်နိုင်တော့မလဲ…”
လင်းဖန်၏ မျက်လုံးများသည် ဆုံးဖြတ်ချက်ချပြီးဟန် အထင်းသား ပေါ်လွင်နေသည်… ထို့ပြင် ကျောင်းတော်သည် လင်းမိသားစုနှင့် ယှဉ်လျှင် အစစအရာရာ သာလွန်သည်… အစွမ်းထက်သော သိုင်းကျင့်စဉ်များအပြင် ပြင်းထန်သော ပြိုင်ဆိုင်မှုတွေလည်း ကျောင်းတော်မှာ ရှိသည်… သို့ဖြစ်၍ ကျောင်းတော်မှာ ရှိနေခြင်းကား အစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက် အဖြစ်သို့ လျင်မြန်စွာ ရောက်ရှိနိုင်ပေသည်…
လင်းယွမ်ရဲ့ မျက်လုံးတွေထဲမှာ အလျှော့မပေးသည့် ပုံစံတွေ လင်းဟိုင် တွေ့မြင်နေရသည့် အတွက် သူ့ရင်ထဲမှာ သက်ပြင်းလေး မသိမသာ ချမိသည်… သူ့ရဲ့သားသည် အမှန်တကယ်ပင် ကြီးထွားလာခဲ့ချေပြီ… အိမ်မှာနေကာ သူ့ရဲ့အရိပ်အောက်မှာ လေ့ကျင့်ခိုင်းခြင်းသည် သူရဲဘောကြောင်သော လုပ်ရပ်သာဖြစ်သည်… ထိုနည်းလမ်း အတိုင်းသာဆိုလျှင် အစွမ်းထက် သိုင်းပညာရှင် တစ်ယောက် ဖြစ်မလာနိုင်ပေ… သူ့ဘက်က ကြည့်လျှင်လည်း မိဘတွေ၏ သားအပေါ် ချစ်မြတ်နိုးမှုအတိုင်း လင်းဖန်ကို ကျောင်းတော်သို့ မလွှတ်ချင်ပေ…
“ကျောင်းတော်ကို သွားဖို့ မင်းဘက်က စိတ်အား ထက်သန် နေမှတော့လည်း အဖေ မတားတော့ပါဘူး … ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဘေးကင်းအောင်တော့ နေ…”
လင်းဟိုင်က ခေါင်းညိတ်လျက် ပြောလိုက်သည်…
“ဟုတ်ကဲ့၊ မစိုးရိမ်နဲ့ အဖေ… ကျွန်တော် သိုင်းပညာကို ပြင်းပြင်းထန်ထန် လေ့ကျင့်မယ်… သူတို့အားလုံး ကျွန်တော့်ခြေဖဝါးအောက် ရောက်လာစေရမယ်…”
လင်းဖန်ရဲ့ စကားလုံးတိုင်းသည် ယုံကြည်ချက်တွေနှင့် ပြည့်နှက်နေသည်… သူသည် အမှောင်ဝိညာဉ် အကူအညီဖြင့် သိုင်းပညာ လေ့ကျင့်ရာမှာ ပုံမှန်လူတွေထက် မြန်သည်… သူ၏ နားလည်နိုင်စွမ်း သည်လည်း တိုးတက်လာခဲ့ချေပြီ… သို့ဖြစ်၍”ပါရမီရှင်” လို့ ခေါ်နေကြသော လူတွေနဲ့ ယှဉ်နိုင်သည်ဟု လင်းဖန်စိတ်ထဲတွင် ခိုင်ခိုင်မာမာ ယုံကြည်သည်…
ရန်ကျုံးမြို့ပြင်….
လင်းဖန်သည် ပစ္စည်းတွေ အများကြီး မယူခဲ့ပေ… မြင်းတစ်ကောင်၊ ရိက္ခာခြောက်အိတ်နှင့် ငွေစ အချို့ကိုသာ သူယူခဲ့သည်…
“အဖေ… ကျွန်တော် သွားပြီ…”
လင်းဖန်က သူ၏ အဖေကို နှုတ်ဆက်စကား ပြောလိုက်သည်…
“အေး သား… ကောင်းကောင်း ဂရုစိုက်…”
လင်းဟိုင်က ခေါင်းညိတ် ပြလိုက်သည်…
ထို့နောက် လင်းဖန်သည် မြင်းကို စီးကာ နှင်းတွေကို ကျော်ဖြတ်ပြီး ရန်ကျုံးမြို့မှ ထွက်ခွာ လာခဲ့တော့သည်…
အဆုံးအစမဲ့ ကွင်းပြင်ကြီးမှာ လင်းဖန် မြင်းစီးနေသည်… ကောင်းကင်နှင့် မြေကြီး ကြားမှာ မြင်းကို ကဆုန်စိုင်း စီးရခြင်းကြောင့် သူ့ရဲ့နှလုံးသားထဲမှာ ပီတိဖြစ်မှုတွေ ရဲသွေးရဲမာန်တွေ တက်ကြွလာခဲ့သည်…
အရင်ဘဝတုန်းက လင်းဖန်သည် သိုင်းပညာ ပြသပွဲများကို သူကြိုက်သည်… သူရဲကောင်း တစ်ယောက်သည် ဓားတစ်လက်ကိုလွယ် သီချင်းလေး ညည်းရင်းဖြင့် ကမ္ဘာအနှံ့ လွတ်လွတ်လပ်လပ် သွားလာနေတာကို သူကြိုက်ခဲ့သည်… ယခုဘဝမှာ သူ့အနေဖြင့် မြင်းတစ်ကောင်ကို စီးကာ ကမ္ဘာအနှံ့ လွတ်လွတ်လပ်လပ် သွားရမယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ…
အရက်တစ်ဘူး … အသည်းကွဲသီချင်း တစ်ပုဒ်နဲ့ ကြမ်းတမ်းသော ဘဝတစ်ခု…
သူရဲကောင်း တစ်ယောက်က ဓားတစ်လက်ကို လွယ်ကာ ကမ္ဘာအနှံ့ ခရီးသွားမယ်… မြေကြီးကို သွေးထွက်စေမယ်… ကောင်းကင်ကို အစိမ်းရောင်ခြယ်မယ်…
ယခုဘဝမှာ သူသည် သာမန်မဟုတ်ပေ… ခန့်ညားထည်ဝါစွာနေရန် ကံကြမ္မာက သတ်မှတ်ထားခဲ့ချေပြီ….
***