Chapter 1259

ရှုံးသွားပြီ

“ဝှစ် ဝှစ်”

ယဲ့ဖန်သည် ဝံပုလွေအုပ်ထဲသို့ ဝင်လာသော ကျားတစ်ကောင်သဖွယ် စစ်သည်တော်များ ကြားထဲသို့ ပြေးဝင် လာ၏။ လူသတ်ချင်သော အရှိန်အဝါက ပြင်းထန် ကြမ်းကြုတ် လွန်းလှသည်။ သူ တိုက်ခိုက်လိုက်သည့် အကြိမ်တိုင်း လူတစ်ယောက်၏ ဦးခေါင်းခွံ ကြေမွသွားရသည်။

ခြေတစ်လှမ်း၌ ဆယ်ယောက် သတ်နိုင်ခဲ့သည်။ သူ၏ တိုက်ခိုက်မှုက ကြောက်စရာ ကောင်းလှပြီး မည်သူမှ အသက် မရှင်နိုင်ပေ။

ကောင်းမွန်စွာ လေ့ကျင့်ပျိုးထောင်ထားပြီး ပိုက်ဆံသန်းပေါင်းများစွာ အကုန်အကျခံ၍ ပံ့ပိုးထားသော ခေတ်မီ လက်နက်များနှင့် စွမ်းအားမြင့် စစ်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားသည့် စစ်သည်တော် ငါးထောင်တို့သည် ယဲ့ဖန်၏ လက်ချည်းဗလာ တိုက်ခိုက်မှုကို မတားဆီးနိုင်ကြချေ။

လူငါးထောင်နှင့် တစ်ယောက် ဖြစ်သော်လည်း အသီးအသီး သတ်ဖြတ်ခံနေရ၏။ မြေကြီးပေါ်သို့ ပုံပျက်ပန်းပျက် ဖြစ်နေသည့် အလောင်းများ တစ်လောင်းပြီး တစ်လောင်း လဲကျလာပြီးနောက် ထိုနေရာ၌ သွေးများနှင့် ပြည့်နှက် ကာ အလောင်းများ တောင်သဖွယ် ပုံလာသည်။

“အဲ့လူက ယဲ့ဘုရင်လား၊ သူက တကယ်ကြီးကို အင်ပါယာ စစ်တပ်နဲ့ တိုက်ခိုက်နေတာပဲ၊ ဘာလို့လဲ”

“ဟုတ်တယ် သူက ပေါင်လုံအဖွဲ့အစည်းရဲ့ ဆရာ မဟုတ်ဘူးလား၊ ဘယ်လိုလုပ် အင်ပါယာ စစ်တပ်နဲ့ သူ တိုက်ခိုက် နေတာလဲ”

“သူက ထောင်သောင်းချီတဲ့ စစ်တပ်နဲ့ ရန်သူ ဖြစ်သွားတာလား”

ယဲ့ဖန် တစ်ကိုယ်တည်း စစ်သည်တော်များစွာတို့အား ကြည့်ပြီး အများပြည်သူများ အံ့ဩနေကြသည်။ ထို့အတူ ဤမြင်ကွင်းကြောင့် သွေးဆူးချွန် အဖွဲ့သားများ ကြောက်လန့်နေ၏။

ဤတပ်ဖွဲ့သည် စစ်တပ်၏ အထူးချွန်ဆုံး တပ်ဖွဲ့ဖြစ်သည်။ စစ်သည်တော် တစ်ယောက်ချင်းစီ၏ တစ်ကိုယ်တော် စွမ်းအားက ရန်သူတစ်ရာအား ယှဉ်တိုက်နိုင်စွမ်း ရှိသည်။ ထိုသို့သောလူများ တစ်ထောင်ခန့် စု၍ ဖွဲ့စည်းထားသော တပ်ဖွဲ့သည် ဘုရင်အဆင့်ကိုပင် အသာလေး သတ်ပစ်နိုင်လေသည်။ သို့သော် ယဲ့ဖန်က တစ်ယောက်တည်းနှင့် ထိုတပ်ဖွဲ့မှ လူငါးထောင်ကို သတ်ခဲ့သည်။

“မဖြစ်နိုင်ဘူး သူက ဘယ်လိုလုပ် ဒီလောက်အထိ သန်မာနေရတာလဲ”

သွေးဆူးချွန်အဖွဲ့သားများ ချောက်ချားနေကြသည်။ သူတို့အား ပါရမီရှင်များဟု အများက ခေါ်ဝေါ်ကြသော်လည်း ယနေ့ ယဲ့ဖန်နှင့် ယှဉ်လျင် သူတို့သည် ထိုသို့ ခေါ်ထိုက်ပါသေး၏လော။

နောက်ဆုံးသော အလောင်း မြေကြီးပေါ် ပြုတ်ကျသွားချိန်တွင် ယဲ့ဖန်သည် သွေးများ ပေကျံနေပြီး သွေးလူသား အဖြစ်သို့ ပြောင်းလဲနေ၏။ သွေးဆူးချွန် အဖွဲ့သားများအားလုံး ထိတ်လန့်သွားကြသည်။ ဤသို့သော မိစ္ဆာကောင်နှင့် သူတို့ကို တိုက်ခိုက်ခိုင်းခြင်းက ကိုယ့်သေတွင်း ကိုယ်တူးခိုင်းသည်နှင့် အတူတူပင် ဖြစ်နေ လေသည်။

“နောက်ဆုတ်”

ထိုစဉ် မင်းဆရာက မပြောင်းလဲသော အထက်စီးဆန်သည့် မျက်နှာထားဖြင့် ရှေ့တိုးလာပြီး ယဲ့ဖန်အား အေးစက်စွာ ကြည့်လိုက်သည်။ ထို့နောက် လက်ထဲမှ ဓားကိုမြှောက်ကာ ပြောလေသည်။

“တတိယ ဓားချက်နဲ့ မင်းဝိညာဉ်ကို တမလွန်သွားရအောင် လုပ်မယ်”

ယဲ့ဖန်၏ ရင်ထဲ၌ ပြောမပြတတ်လောက်သော ဒေါသများ ပေါက်ကွဲထွက်ပေါ်လာ၏။ တစ်ဖက်လူက သူ့အား သေးနုပ်သော ပုရွက်ဆိတ်တစ်ကောင်သဖွယ် သတ်မှတ်နေလေသည်။

“ငါ့ရှေ့မှာ ကြီးကျယ်သယောင် လာဟန်လုပ်နေတယ်၊ မင်း အခုထိ မာန်မကျသေးဘူးပဲ”

ယဲ့ဖန်သည်လည်း လက်ကိုအသာလှုပ်၍ ဓားတစ်လက်ကို ထုတ်လိုက်သည်။ ၎င်းဓားပုံစံသည် ငါးအူပုံ သဏ္ဌာန်ရှိကာ အလင်းရောင်အောက်၌ တောက်ပနေပြီး ကောင်းကင်အဆင့် လက်နက်တစ်ခု ဖြစ်နေ၏။

ယဲ့ဖန်က မင်းဆရာကို လှောင်ပြောင်ဟန်ဖြင့် ကြည့်လိုက်သည်။

“ခရမ်းရောင်ဝတ်ရုံ  ဓားဧကရာဇ် ဟုတ်လား၊ ငါ မင်းကို ဓားရေးနဲ့ပဲ အနိုင်ယူပြမယ်”

ထိုစကားလုံးများသည် အလွန် အထက်စီးဆန်လှပြီး အင်ပါယာ၏ နံပါတ်တစ် ဓားသမားကို ရန်စသော စကား ဖြစ်သောကြောင့် သေလမ်းရှာနေသလိုပင်။

“ဝုန်း”

မင်းဆရာ တန်း၍ တိုက်ခိုက်လာသည်။ ဓားသွားအား ဒေါသတကြီး ဝင့်၍ ခုတ်ပိုင်းလာပြီး ဓားစွမ်းအင်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာလေသည်။

“ရွှစ်”

ယဲ့ဖန်သည် ဓားအား အသာလွှဲယမ်းလိုက်သဖြင့် ဓားစွမ်းအင် ထွက်ပေါ်လာကာ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက်တွင်မူ မင်းဆရာ၏ အရာအားလုံးကို ဖျက်ဆီးနိုင်သည့် ဓားစွမ်းအင် ပျက်ပြယ် သွားလေသည်။

“တား … တားလိုက်တာလား”

ရုတ်ရုတ်သဲသဲ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ယဲ့ဖန် ထိုဓားချက်ကို တားဆီးနိုင်လိမ့်မည်ဟု လူတိုင်း ထင်မထားသဖြင့် ထိတ်လန့်နေကြသည်။

မင်းဆရာ မျက်မှောင်ကြုတ်သွားသည်။ သူ၏ ဓားရေးသည် အလွန် အဆင့်မြင့်လွန်းလှသဖြင့် အင်ပါယာထဲမှ မည်သူမျှ ပေါ့ပေါ့တန်တန် သဘောမထားရဲပါ။ သို့သော် ယဲ့ဖန် အလွန် သက်တောင့်သက်သာ ဖြစ်ဟန်ဖြင့် တားဆီးလိုက် သောကြောင့် သူသည်လည်း ထိတ်လန့်သွားရသည်။

“မင်းရဲ့ဓားရေးက တော်တော်လေး စုတ်ပြတ်တာပဲ”

ယဲ့ဖန် အထင်သေးသော မျက်နှာထားဖြင့် အေးစက်စက် မှတ်ချက် ပေးလိုက်သည်။ ထို့နောက် သူ့ကိုယ်ထဲမှ သွေးများက မုန်တိုင်းသဖွယ် ပွက်ပွက်ဆူလာပြီး နတ်ဘုရားတစ်ပါး အသက်ပြန်ရှင်လာသည်ဟုပင် ထင်မှတ် ရသည်။

“တကယ့်ဓားရေးက ဘာလဲဆိုတာကို မင်း သိအောင် ပြရတာပေါ့”

ယဲ့ဖန်သည် ဓားကိုကျစ်ကျစ်ပါအောင် ကိုင်၍ လွှဲယမ်းလိုက်သည်။ ထိုဓားချက်က မင်းဆရာ၏ ဓားချက်ထက်ပင် ပိုမို ပြင်းထန်လှပြီး ဓားစွမ်းအင်များ လူအများအား တုန်လှုပ်သွားစေသည်။

မင်းဆရာ မျက်နှာပြာနှမ်းသွားသည်။ ထိုဓားစွမ်းအင်က အရာအားလုံးကို တစ်စစီ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိမည်ဟု သူ ခံစားမိနေ၏။ ၎င်းစွမ်းအင်က ကောင်းကင်ဘုံကိုပင် ထိုးဖောက်နိုင်စွမ်း ရှိလေသည်။

မင်းဆရာ အလျင်အမြန် ဓားကိုမြှောက်ကာ ခန္ဓာကိုယ်တွင်းမှ ယန်စွမ်းအင်များကို လည်ပတ်စေပြီး သူ့ဘဝ၌ အားအပြင်းဆုံး ဓားကွက်ကို ထုတ်ဖော်လိုက်သည်။ သို့သော် တစ်ခဏအတွင်း ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ် လာသည်။

“အား … ငါ့လက်၊ ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ”

မင်းဆရာ အော်ဟစ်လိုက်မိပြီး တစ်ကိုယ်လုံး လွင့်ထွက်ကာ ပါးစပ်ထောင့်မှ သွေးများ စီးကျလာသလို လက်မောင်း တစ်ဖက်လည်း ပြတ်သွားလေသည်။ တစ်ချက်တည်းဖြင့် အပြတ်အသတ် ရှုံးနိမ့်သွားလေသည်။

တစ်လောကလုံးအား ဓားရေးဖြင့် လွှမ်းမိုးခဲ့သော ခရမ်းရောင်ဝတ်ရုံ ဓားဧကရာဇ်က ယနေ့ ယဲ့ဘုရင်ထံ၌ ဓားရေးဖြင့် ရှုံးနိမ့်သွားရသည်တဲ့လား။

အဖွဲ့သားများအားလုံး မှင်တက်သွားပြီး မျက်စိရှေ့မှ အဖြစ်အပျက်က တကယ့် အဖြစ်အပျက်ဟု လက်မခံ နိုင်သလို ဖြစ်နေကြသည်။

*ခရမ်းရောင်ဝတ်ရုံ ဓားဧကရာဇ်က ဓားရေးမှာ ပြိုင်ဘက်ကင်းတာကို ဘာလို့ ယဲ့ဖန်ဆီမှာ တစ်ချက်တည်းနဲ့ ရှုံးသွားရတာလဲ*

*အံ့ဩစရာကောင်းလိုက်တာ၊ အိပ်မက်လိုပဲ*

တစ်ခဏကြာသော် မင်းဆရာက နောက်လှည့်၍ ထွက်ပြေးလေသည်။

*ငါက သူ့ပြိုင်ဘက် မဟုတ်ဘူး*

*ဒီကောင်က ထူးဆန်းလွန်းတယ်၊ ငါ သူ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး*

*သူ့ကို သူတော်စင်သခင်အဆင့် ရောက်နေတဲ့လူကပဲ ယှဉ်နိုင်လောက်တယ်*

“မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား”

ယဲ့ဖန်က ကျယ်လောင်စွာ လှောင်ရယ်၍ အနောက်က လိုက်ဖမ်းလေသည်။ မင်းဆရာ ကျူးလွန်ခဲ့သော အပြစ်က အခါတစ်ထောင်မက သေရန်ပင် ထိုက်တန်လေသည်။

သူတို့နှစ်ယောက် နန်းတော်ဘက်သို့ ထွက်ပြေးနေသည်ကိုမြင်ပြီး အောက်ဘက်မှ လူများအားလုံး သေမတတ် ကြောက်လန့် သွားကြသည်။

“ဘာ … မင်းဆရာက ရှုံးသွားပြီးတော့ ပြန်လိုက်ဖမ်းခံနေရတာလား”

“ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ၊ မင်းဆရာက လွန်ခဲ့တဲ့နှစ်ငါးရာ ကတည်းက နာမည်ကြီးတဲ့လူကို၊ ဒီလိုလူမျိုးက ဘယ်သူက ရှုံးသွားအောင် လုပ်လိုက်တာလဲ”

“ယဲ့ဘုရင်၊ ဒီလူက ယဲ့ဘုရင်မလား၊ သူက မင်းဆရာကို ဓားရေးနဲ့ အနိုင်ယူလိုက်တာလား၊ အံ့ဩစရာပဲ”

“ဘယ်လို … မင်းဆရာကို အနိုင်ပိုင်းလိုက်တဲ့လူက တကယ်ပဲ ယဲ့ဘုရင်လား”

လူတိုင်း မှင်တက်သွားပြီး ဤမြင်ကွင်းအား မယုံနိုင်သလို ကြည့်နေကြသည်။ ဒဏ္ဍာရီသဖွယ် ကျော်ကြားတဲ့လူက ရှုံးနိမ့်သွားပြီး ထွက်ပြေးနေရသဖြင့် အရှက်ကွဲသည်ဟု ပြောရပေမည်။

“မင်းဆရာက ဘယ်လိုလုပ် ရှုံးရတာလဲ”

သွေးဆူးချွန်အဖွဲ့သားများ အသက်ပင် မရှူနိုင်တော့ဘဲ မယုံကြည်နိုင်သဖြင့် မျက်နှာထားများ ကြည့်ရဆိုး နေသည်။

သူတို့ရင်ထဲ၌ ပြိုင်ဘက်ကင်းသည်ဟု မှတ်ယူထားသော ပုဂ္ဂိုလ်က ယဲ့ဖန်ထံ၌ သူ အကျွမ်းကျင်ဆုံး ဓားရေးဖြင့် ရှုံးနိမ့်သွားရသည်တဲ့လား။

“ဒါတွေအားလုံးက နင့်အမှားကြောင့်ပဲ”

ရုတ်တရက် လူတိုင်းက ပိုင်ရွှယ်ကို သတ်ချင်သော မျက်လုံးများဖြင့် အေးစက်စက် စိုက်ကြည့်လာကြသည်။

“ဖာသည်မ‌လေး၊ နင့်လို အရိုင်းအစိုင်းက အမြင့်ကို တက်ပြီး လုပ်ချင်တာ လုပ်မယ်ပေါ့လေ၊ နင် အစောကြီး ကတည်းက သေသွားသင့်တာ”

“ခွေးမကနေ ခွေးမပဲ မွေးလာမှပေါ့၊ သူ့ကို မင်းသမီးတစ်ပါးလို သဘောထားတယ်ဆိုပြီး ဟုတ်လှပြီ မှတ်နေတာ၊ အခု ယဲ့ဖန်လည်း အဝေးရောက်နေပြီဆိုတော့ မင်းကို ဘယ်သူ ကယ်မလဲ ကြည့်ရသေးတာပေါ့”

“သူ့ကို နုတ်နုတ်စင်းပစ်ကွာ”

သွေးဆူးချွန် အဖွဲ့သားများက ရက်စက်ခက်ထန်သော မျက်လုံးများဖြင့် ပိုင်ရွှယ်ထံ ချဉ်းကပ်လာ၏။ ပိုင်ရွှယ် အလွန် စိုးရိမ်ကာ ငိုမိမတတ် ဖြစ်နေ၏။

“ခွေးကောင်တွေ နင်တို့က ကျင့်ဝတ်တွေကို လျစ်လျူရှုတယ်ပေါ့လေ၊ ငါက နင်တို့ရဲ့ မင်းသမီးနော်”

“သေလိုက်တော့”

တစ်ခဏအတွင်း ဓားပေါင်းများစွာက ပိုင်ရွှယ်ထံ ကျရောက်လာ၏။

“အင်း … ဒါဆိုလည်း မင်းတို့အားလုံး သေလိုက်တော့ပေါ့”

သွေးအရိပ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ဓားတစ်လက်ကို ဝှေ့ယမ်းလာသဖြင့် ထိုဓားသွားက သွေးဆူးချွန် အဖွဲ့သားများကို ခုတ်ပိုင်းလာလေသည်။

“အား …”

အော်သံတစ်ချို့နှင့်အတူ ရှေ့ဆုံးမှ ဘုရင်အဆင့် သုံးယောက်တို့ ခေါင်းပြတ်သွားကြသည်။ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ပိုင်ရွှယ်၏ အရှေ့၌ ရပ်နေပြီး စူးရဲသော မျက်လုံးများဖြင့် ကြည့်သေနည်.

“ဒီလူ … သူက ယဲ့ဖန်လက်အောက်ကပဲ”

တစ်စုံတစ်ယောက်က သတ်ဖြတ်ခြင်း နတ်ဆိုးသခင်ကို ချက်ချင်း မှတ်မိသွားပြီး မျက်နှာ သုန်မှုန်သွားသည်။

“ယဲ့ဖန်ရဲ့လူဖြစ်နေတော့ရော ဘာဖြစ်လဲ၊ ငါတို့ ယဲ့ဖန်ကို မသတ်နိုင်ပင်မယ့် သူ့ကို မသတ်နိုင်ဘူးလို့ ထင်နေတာလား”

လူတစ်ယောက်က အေးစက်စက် သရော်လာ၏။ သူတို့၏ စိတ်ထဲတွင် ယဲ့ဖန်၏ လက်အောက်ငယ်သား ဖြစ်နေပါစေ ယဲ့ဖန်ကဲ့သို့ ကြောက်စရာကောင်းသော မိစ္ဆာမျိုး ဖြစ်မနေနိုင်ဟု ယူဆထားကြသည်။

*ငါတို့ဘက်က လူများတာကို ဘယ်လိုလုပ် ရှုံးရမှာလဲ*

အစောပိုင်းက သူတို့ ပေါ့ပေါ့တန်တန် တွက်ဆခဲ့မိသဖြင့် ဘုရင်အဆင့် သုံးယောက် သေသွားရခြင်း ဖြစ်သည်။ ယခု သူတို့ အသင့်ပြင်၍ တိုက်ခိုက်တော့မည် ဖြစ်သဖြင့် တစ်ဖက်လူ သေဖွယ်ရာသာ ရှိလေသည်။

“ဘယ်သူလဲ ရပ်လိုက်စမ်း”

သို့သော် အနောက်ဘက်မှ အလန့်တကြား အော်ဟစ်သံ ထွက်ပေါ်လာပြီး သွေးများ လွင့်စဉ်လာသည်။ နောက်ထပ် လူသုံးယောက် ဝါးစားခံလိုက်ရသဖြင့် သွေးများ ပန်းထွက်လာခြင်း ဖြစ်လေသည်။

လူတိုင်း နောက်သို့ အလန့်တကြား လှည့်ကြည့်လိုက်သောအခါ လေထဲ၌ မည်းနက်နေသော အနက်ရောင် နဂါးတစ်ကောင် ရှိနေပြီး ဘုရင်အဆင့် တစ်ယောက်၏ ခန္ဓာကိုယ်ကို ဝါးစားရင်း သူတို့ကို ခက်ထန်စွာ ကြည့်နေ၏။

*နတ်ဆိုးနဂါး ဖုရှန်*

“ဒါ ယဲ့ဖန်ရဲ့ စီးတော်ယာဉ်ပဲ”

တစ်ယောက်က အလန့်တကြား အော်ဟစ် ပြောဆိုလာသည်။

“မင်းဖင်ကြီးကိုပဲ စီးတော်ယာဉ်လိုက်”

နတ်ဆိုးနဂါး ဖုရှန် ဒေါသထွက်လာလေသည်။ သူကဲ့သို့ မြင့်မြတ်သော နတ်ဆိုးနဂါးဧကရာဇ်သည် စီးတော်ယာဉ် ဟု အပြောခံလိုက်ရသဖြင့် သည်းမခံနိုင်လောက်အောင် ဒေါသထွက်လာ၏။ ပါးစပ်မှ အနက်ရောင် မီးတောက်များ ထွက်လာသဖြင့် ဘုရင်အဆင့် သိုင်းပညာရှင် ပြာကျသွားလေသည်။ လူတိုင်း ကြက်သီးမွေးညင်း ထလာကြသည်။

*နောက်သုံးယောက် သေသွားပြီလား*

*ယဲ့ဖန်တင် ကြောက်စရာကောင်းတာ မဟုတ်ဘဲ ဘာလို့ သူ့လူတွေပါ ကြမ်းတမ်းနေရတာလဲ*

နတ်ဆိုးနဂါး ဖုရှန်ကဲ့သို့ နဂါးမျိုးပင် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် ယှဉ်နိုင်နေသဖြင့် သူတို့ တွေးရခက် နေသည်။

*ဘာလို့ ငါတို့တွေ ယဲ့ဖန်ကို အထက်စီးနဲ့ ဆက်ဆံပြီး ရူးခဲ့ကြတာလဲ*

သူတို့အရှေ့မှ သတ်ဖြတ်ခြင်း နတ်ဆိုးသခင်က ကြောက်စရာကောင်းလောက်အောင် ပြုံးလာသည်။

“အခု မင်းတို့အရှေ့မှ ကျားတစ်ကောင်လို နတ်ဆိုးတစ်ကောင် ရှိနေသလို မင်းတို့အနောက်မှာ နတ်ဆိုးနဂါး တစ်ကောင် ရှိနေတယ်၊ အဲ့တော့ မင်းတို့ ဘာလုပ်ကြမလဲ”

*ထွက်ပြေးရမယ်*

ချက်ချင်းဆိုသလိုပင် သူတို့ အမြန်ဆုံးနှုန်းဖြင့် ထွက်ပြေးကြလေသည်။ လူခြောက်ယောက် ချက်ချင်း အသတ်ခံ လိုက်ရသည့် ကိစ္စ၌ မတော်တဆ တိုက်ဆိုင်မှုဆိုတာမျိုး မရှိနိုင်ပါ။

တစ်ဖက်က သူတို့အား ခွေးသတ်သလို သတ်နေ၏။ ယဲ့ဖန် အေးအေးဆေးဆေး ထွက်သွားခြင်းက အံ့ဩစရာ မရှိတော့ပေ။ အကြောင်းမှာမူ သူ့လူများက သူတို့ကို အသာလေး သတ်နိုင်မှန်း သိနေသောကြောင့်ပင်။

“ထွက်ပြေးတာလား၊ မင်းတို့ ပြေးနိုင်လို့လား”

သတ်ဖြတ်ခြင်း နတ်ဆိုးသခင်နှင့် နတ်ဆိုးနဂါး ဖုရှန်တို့က ပြိုင်တူ ရယ်မောလေသည်။

“သူတို့ကို အသေ သတ်လိုက်ရအောင်”

ထို့နောက် နှစ်ယောက်လုံး ပြိုင်တူ ဟစ်ကြွေးလိုက်သည်။

“အရူးတွေ၊ အရူးတစ်သိုက်ပဲ”

ပိုင်ရွှယ် ချောက်ချားနေ၏။ လက်ရှိတွင် ဤလူသုံးယောက်၏ နတ်ဆိုးဆန်သော သဘာဝကို သူမ မြင်တွေ့လိုက် ရသည်။

ထိုအချိန်တွင် မင်းဆရာ ခေါင်းမွေးထောင်နေ၏။ သူ အမြဲ အနိုင်ရခဲ့သော်လည်း ယနေ့တွင် သူ့အဖြစ်က ဇောက်ထိုးမိုးမျှော် ဖြစ်နေလေသည်။ ယဲ့ဖန်၏ အစွမ်းကို သူ အထင်သေးခဲ့မိသည်။

အောက်ဘက်မှ လူများစွာတို့၏ တအံ့တဩ ပြောဆိုနေသံများနှင့်အတူ ယဲ့ဖန်က ဓားချက် တစ်ချက်ပြီး တစ်ချက် ထုတ်ဖော်နေသဖြင့် မင်းဆရာ၏ ကိုယ်၌ ဒဏ်ရာများစွာ ဖြစ်ပေါ်နေ၏။ လက်ရှိတွင် သူ့ကျောပြင်တစ်ခုလုံး သွေးများ ရွှဲရွှဲစိုနေလေသည်။

*လက်စားချေတာ*

*လှောင်ပြောင်တာ*

*ဒီကောင်က ငါ ခုနတုန်းက လှည့်စားတိုက်ခိုက်ခဲ့တဲ့ တိုက်ကွက်အတွက် လက်စားချေတာပဲ၊ အဲ့ဒါကြောင့် တမင်တကာ လှောင်ပြောင်နေတာ*

“မင်း ထွက်မပြေးနိုင်ဘူး၊ မင်း နန်းတော်ထဲ ပြန်ပြေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”

ယဲ့ဖန်က လှောင်ရယ်၍ ဓားကိုဝင့်ကာ ခုတ်ပိုင်းလိုက်သည်။

“ရွှစ်”

ဓားစွမ်းအင်သည် မြားတစ်စင်းသဖွယ် လေဟုန်ခွင်း၍ ပျံသန်းလာလေသည်။ ဤဓားချက်က တောင်တန်းကိုပင် ပိုင်းဖြတ်နိုင် လောက်သည်။ မင်းဆရာ ကြက်သီးထသွားပြီး ဓားဖြင့် မနည်း ခုခံလိုက်ရသည်။

“ဒုန်း”

ကျယ်လောင်သော အသံနှင့်အတူ သူ့ဓားသည် အဝေးသို့ လွင့်ထွက်သွားပြီး နောက်လက်တစ်ဖက်ပါ ပြတ်သွားကာ သွေးများ ပန်းထွက်လာ၏။

“မင်းဆရာ ခင်ဗျား သေတော့မှာလားဗျာ”

အောက်ဘက်မှ လူတိုင်းက မယုံနိုင်ဟန်ဖြင့် အော်ပြောလာကြသည်။ ယဲ့ဖန်သည် လျှပ်စီးသဖွယ် လျင်မြန်စွာ လှုပ်ရှားနေပြီး ဓားရေးက ပြိုင်ဘက်ကင်းလှသည်။ ထို့ကြောင့် ယဲ့ဘုရင်၏ ထိတ်လန့်ဖွယ် အရူးကဲ့သို့ တိုက်ခိုက် ပုံကို လူအများ ထပ်မံ၍ မြင်တွေ့လိုက်ရပြန်သည်။

ယဲ့ဖန် မီတာတစ်ရာ အကွာအဝေးကို ဖျတ်ခနဲ ရွေ့လျား၍ မင်းဆရာထံသို့ တန်းရောက်သွားပြီး သူ့ရင်ဘတ်အား ဓားဖြင့် ထိုးစိုက်လိုက်သည်။

မင်းဆရာသည် တောင်ပံကျိုးနေသော ငှက်သဖွယ် လေထဲမှ ပြန်ပြုတ်ကျကာ အောက်ဘက်မှ မြို့ပေါ်သို့ အရှိန်ဖြင့် ကျသွားသည်။ လူတိုင်း တုန်လှုပ်ချောက်ချားသွားကြသည်။

“ခရမ်းရောင်ဝတ်ရုံ ဓားဧကရာဇ် ရှုံးသွားတာလား”


Comment

Leave a Reply


Options

not work with dark mode
Reset