နောက်တစ်နေ့ မနက်အစောကြီးတွင် လင်းမိသားစုဝင် အားလုံး နိုးကြား တက်ကြွနေကြ၏။ မကြာမီ မိသားစု အစည်းအဝေး ကျင်းပတော့မည် ဖြစ်သောကြောင့်ပင်။ ထို့နောက် လင်းမိသားစုစံအိမ် အလယ်ရှိ မြေကွက်လပ်ဆီသို့ လူတိုင်း သွားနေကြ၏။
“မင်း ကြားပြီးပြီလား… အခု အစည်းအဝေးကို ဦးလေးသုံးနဲ့ ဦးလေးအကြီးဆုံးတို့ လာမှာတဲ့ကွ…။ မိသားစု ခေါင်းဆောင်နေရာ အတွက် သူတို့ ရည်ရွယ်ထားကြပုံရတယ်”
“ဟီးဟီး… ခေါင်းဆောင်က သန်မာပေမဲ့ သူ့ရဲ့သားကတော့ အမှိုက်လိုကောင်ပါကွာ…။ အခုဆိုရင် သူရခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေသွားပြီထင်တယ်…။ ယွမ်ဟိုင်ကျောင်းက လူတွေက ပုဂ္ဂိုလ်ရေးအရ သူ့ရဲ့သားကို ပြန်ပို့လိုက်တာက လင်းမိသားစုကို အရှက်ရစေတယ်။ ဒါ့အပြင် ဦးလေး အကြီးဆုံးကလည်း ခေါင်းဆောင်နေရာနဲ့ ပတ်သက်ပြီး အမြဲတမ်း မကျေမနပ် ဖြစ်နေတာ။ ဒီအခွင့်အရေးကို သူ အသုံးချပြီး ခေါင်းဆောင်နေရာကို လုယူလိမ့်မယ် ထင်တယ်…။ ဘယ်သူသိမှာလဲ… မိသားစုခေါင်းဆောင် နေရာက မကြာခင်မှာပဲ ပြောင်းလဲသွားတော့မယ် ဆိုတာ…”
မြေကွက်လပ်သို့ သွားနေသော ခရီးတစ်လျှောက်လုံး လင်းမိသားစုမှ လူတိုင်းက တီးတိုး ပြောနေကြသည်။ ဒီနေ့ မိသားစု အစည်းအဝေးပွဲက သာမန် မဟုတ်ဘူးဆိုတာ လူတိုင်း သိရှိနေကြ၏။
လင်းဖန်နဲ့ လင်းဟိုင်ကလည်း မြေကွက်လပ်သို့ ဦးတည် သွားနေသည်။ လင်းဖန် ကောင်းကောင်းမွန်မွန် ရှိနေတာ မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများတွင် အရောင်မျိုးစုံ ဖြတ်သန်းသွားသည်။ ဒီအသုံးမကျတဲ့ကောင်က ဘာကြောင့် မသေသေးတာလဲလို့ တချို့က တွေးနေကြ၏။ သို့သော် လင်းဟိုင်၏ရှေ့မှာမူကား သူတို့စိတ်ထဲမှ စကားလုံးများကို မပြောရဲကြပေ။
“ဒီအသုံးမကျတဲ့ကောင်က ကံအရမ်းကောင်းတာပဲ…။ အသက်ရှင်နေတုန်းပဲကိုး…”
စူးစူးဝါးဝါး အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ လူတွေက အသံထွက်ပေါ်လာရာသို့ စောင်းငဲ့ကြည့်လိုက် ကြသောအခါ သာမန်မဟုတ်သော အငွေ့အသက်တွေ ထွက်နေသော လူတစ်ယောက် သူတို့ထံသို့ လျှောက်လာတာကို တွေ့လိုက်ရလေသည်။
ထိုစကား ပြောလိုက်သော သူသည် လူငယ်လေး တစ်ယောက်သာ ဖြစ်၏။ သူကား လင်းမိသားစု၏ ဦးလေးသုံးဖြစ်သော လင်းဟောက်ရန်၏ သားပင်။ လင်းယွမ်နှင့်လင်းဖန်တို့ နှစ်ယောက်စလုံးသည် အသက်ဆယ့်ငါးနှစ်သာ ရှိသေးသည်။ သို့သော် လင်းယွမ်ကား ချီစုဆောင်းမှု အဆင့် ၆ သို့ ရောက်ရှိနေ၏။
“အဲဒါ လင်းယွမ်ပဲ…။ သူအဲဒီလိုပြောရဲတာ အံသြစရာ မရှိဘူး…”
လူတိုင်းက ဦးလေးသုံး လင်းဟောက်ရန်နှင့် ဦးလေးအကြီးဆုံး လင်းဖသောက် တို့အတူတူ လျှောက်လာတာ မြင်လိုက်ရသောအခါ သူတို့နှစ်ယောက်စလုံးထံမှ အေးစက်စက် အငွေ့အသက်တွေ ထွက်နေသလို ခံစားလိုက်ကြရ၏။
“အဲဒီစကား ပြန်ပြောလိုက်စမ်း…”
လင်းဟိုင်၏ မျက်လုံးတွေထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားကာ လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။ လင်းယွမ်မျက်နှာမှာ ရုတ်ခြည်း ကြောက်ရွံ့မှုတွေ ဖြစ်ပေါ်လာ၏။ လင်းဟိုင်ကို သူ မကြည့်ဝံတော့ပေ။
“ညီနှစ်က မိသားစုခေါင်းဆောင် ဖြစ်ပြီး ပိုပို ရက်စက်တတ်နေတယ်…။ ဟင်း… မိသားစုခေါင်းဆောင် တစ်ယောက်က ကလေးတစ်ယောက်ကို အနိုင်ကျင့်နေရတယ်လို့…” လင်းဖသောက်က ပြက်ရက်ပြုသလိုနဲ့ အေးစက်စက် ပြောလိုက်သည်။
“ဟား လင်းယွမ်က မလိမ္မာတော့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဆုံးမရမယ့်တာဝန် ရှိတယ်…။ ဘာမသင့်တော်တာ ရှိလို့လဲ…” လင်းဟိုင်က လင်းဖသောက်ရဲ့စကားကို လျစ်လျူရှု ပြောဆိုလိုက်၏။
“အစ်ကိုနှစ်က အရမ်းကို ပြစ်ဒဏ် သတ်မှတ်နေတယ်… ဒါပေမဲ့ မိသားစုခေါင်းဆောင ်တစ်ယောက်အနေနဲ့ ဒီလိုမျိုး ဘယ်လောက်ကြာကြာ လုပ်နိုင်မှာလဲ ငါကြည့်ချင်တယ်…”
လင်းဟောက်ရန်က စူးစူးဝါးဝါး ပြောဆိုလိုက်သည်။ ထို့နောက် ဆက်၍ ပြောလိုက်လေ၏။
“မင်းရဲ့သား အသုံးမကျတဲ့ကောင်က ယွမ်ဟိုင်ကျောင်းကနေတောင် အထုတ်ခံရလို့ အိမ်ကို ပြန်သယ်လာရတယ်…။ သူက လင်းမိသားစုရဲ့မျက်နှာကို အရှက်ရအောင် လုပ်တာပဲ…။ လူတွေက အဲဒီအကြောင်းကို ဘယ်လိုလုပ် အတင်းအဖျင်း မပြောပဲ နေနိုင်မှာလဲ…”
“ငါက ဘယ်လောက်ကြာကြာ အပြစ်ဒဏ် ပေးနေနိုင်မှာလဲ… ဟုတ်လား… လင်းဟောက်ရန်၊ မင်းက မကြာခင် ငါ့ရဲ့မိသားစု ခေါင်းဆောင်နေရာကို ဆုံးရှုံးတော့မယ်လို့ ပြောဖို့ ကြိုးစားနေတာလား… ဒီနေရာကို မင်းရမယ်လို့ ထင်နေလား… အရည်အချင်းကော ပြည့်မီရဲ့လား…”
လင်းဟိုင်က တိုင်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သူ့ကိုယ်မှ အေးစက်စက် အငွေ့အသက်တွေ ထွက်လာနေ၏။ လင်းယွမ်မှာ သူ့တစ်ကိုယ်လုံး ရေခဲလို အေးစက်မှုတွေ ခံစားလာနေရသည့် အတွက် လင်းဟောက်ရန်နောက် ပြေးသွားပြီး ပုန်းကွယ်နေလိုက်ရသည်။
“ငါ အရည်အချင်း ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အကြီးအကဲတွေကသာ အဆုံးအဖြတ်စကား ပြောနိုင်တယ်…။ ဒါပေမဲ့ လင်းဟိုင် မင်းကတော့ …”
လင်းဟောက်ရန်၏ မျက်နှာမှာ မည်းမှောင်နေသည်။ လင်းဟိုင် ဒီလောက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
“ဟုတ်တယ်… ငါဝန်ခံတယ်… ဒါပေမဲ့ ငါလင်းဟိုင်က မိသားစုခေါင်းဆောင် အဖြစ် ရှိနေတုန်းပဲ…။ ဒါ့အပြင် မင်းရဲ့သားက ငါ့ရဲ့သားကို ငါ့ရှေ့မှာတောင် စကားလုံးတွေနဲ့ ဆဲရေးနေတဲ့အတွက် ဘယ်လို အပြစ်ပေးမှုမျိုးက သူနဲ့ထိုက်တန်လဲ…”
လင်းဟိုင်ကား နောက်မဆုတ်ခဲ့ပေ။ သူ့ကိုယ်မှ အေးစက်စက် အငွေ့အသက်တွေသာ ပိုပြီး သိပ်သည်းလာနေသည်၏။ ပတ်ဝန်းကျင်အပူချိန်မှာ တဖြည်းဖြည်း လျော့နည်းလာကာ ရေခဲတွေအဖြစ် အသွင်ပြောင်းစ ပြုလာနေသည်။
“ခေါင်းဆောင်က မိသားစုခေါင်းဆောင် ဖြစ်နေတာ သံသယဖြစ်စရာ မလိုဘူး…။ သူ့ရဲ့အရှိန်အဝါကိုက လေးစားစရာ ကောင်းနေတယ်…။ ဦးလေးသုံးရဲ့ တိုက်ခိုက်မှုကို သူတစ်ကွက်တည်းနဲ့တင် ခုခံနိုင်လိမ့်မယ် ထင်တယ်”
လူအုပ်ကြီးက လင်းဟိုင်ကို ကြည့်ကာ သူတို့၏ရင်ထဲတွင် ရိုသေမှုတွေ လေးစားမှု အရိပ်အယောင်တွေ ဖြစ်ပေါ်နေသည်။ ဒီနေ့မှာ လင်းဟိုင်အနေနှင့် ဦးလေးသုံးနဲ့ ဦးလေး အကြီးဆုံးတို့၏ တိုက်ခိုက်မှုကို ခံရလိမ့်မယ်လို့ သူတို့ တွေးထင်ထားခဲ့ပြီး ဖြစ်သည်။
“လင်းဟိုင် ငါမင်းကို ကြောက်နေတယ်လို့များ ထင်နေတာလား…” လင်းဟောက်ရန်က တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။ အားပြင်းသော အပူလှိုင်းတွေ ထွက်ပေါ်လာကာ လင်းဟိုင်ထံသို့ ပြေးဝင်သွားလေသည်။
“အဖေက ရေခဲဝိညာဉ်ကို ပိုင်ဆိုင်ထားတာ။ အဲဒါကြောင့် ရေခဲလွှာ တိုက်ခိုက်ရေး နည်းစနစ်ကို သူ အဓိကထားပြီး လေ့ကျင့်ထားတာပဲ။ ဒါပေမဲ့ လင်းဟောက်ရန်က မီးဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့အတွက် မီးတိုက်ခိုက်ရေး နည်းစနစ်ကို အဓိကထား လေ့ကျင့်ထားတယ်။ ရေဆိုတာ မီးကို တားဆီးနိုင်တယ်။ လင်းဟောက်ရန် ဘယ်လောက်ပဲ တိုက်ခိုက်သည်ဖြစ်စေ ငါ့အဖေကို အနိုင်ရမှာတော့ မဟုတ်ဘူး …”
တိုက်ပွဲဘေးမှာ ရပ်နေတဲ့ လင်းဖန်က လင်းဖသောက်ကို ကြည့်လိုက်သောအခါ သူ့ကို လှောင်ပြောင်သရော်နေတဲ့ အရိပ်အယောင်တွေ ထွက်ပေါ်နေတာ မြင်နေရ၏။ ထို့နောက် လင်းဖသောက်က တိုက်ပွဲကိုကြည့်၍ ပြောလိုက်သည်။
“ညီနှစ် မိသားစု အစည်းအဝေးက စတော့မှာ… အကြီးအကဲတွေတောင် မင်းကို စောင့်နေရတဲ့အဖြစ်မျိုး လုပ်နေတာလား…”
လင်းမိသားစုမှာ မိသားစု အကြီးအကဲတွေက ခေါင်းဆောင်၏ အထက်မှာရှိသည်။ သူတို့အနေဖြင့် ခေါင်းဆောင်သစ် တင်မြှောက်ခွင့်ပင် ရှိသည်။ ထို့ကြောင့် လင်းဖသောက်က မိသားစု အကြီးအကဲတွေ၏အရှိန်အဝါကို အသုံးပြုပြီး လင်းဟိုင်ကို နောက်ဆုတ်စေလိုက်ခြင်း ဖြစ်သည်။
“ထျစ်…”
လင်းဟိုင်က စက်ဆုပ်ရွံရှာဖွယ် အကြည့်နဲ့ လင်းဟောက်ရန်ကို ကြည့်လိုက်ကာ သူ၏ချီစွမ်းအင်တွေကို ရုပ်သိမ်းလိုက်သည်။ ထို့နောက် ဘာစကားမျှ မဆိုဘဲ လင်းဖန်နှင့်အတူ မိသားစု အစည်းအဝေး ကျင်းပရာ မြေကွက်လပ်သို့ ထွက်ခွာသွား၏။
လင်းဟောက်ရန်ကား လင်းဟိုင်၏ စပ်ဆုပ်ရွံရှာဖွယ် အကြည့်ကို သတိထားမိသည်။ သူ့မျက်ဝန်းထဲတွင် အေးစက်စက် အရိပ်အယောင်တစ်ခု ဖြတ်သန်း သွားလေသည်။
ဒီတစ်ကြိမ်မှာတော့ မင်းရဲ့သား အသုံးမကျတဲ့ကောင် အသက်ရှင်တာ ကံကောင်းသေးတယ်… ဒါပေမဲ့ နောက်တစ်ကြိမ်မှာတော့ မင်းရဲ့သားကြောင့် မင်း ကံကောင်းနိုင်ပါဦးမလား…
လင်းဟောက်ရန်၏ အကြီးဆုံးသား လင်းဟန်နန်သည် ယွမ်ဟိုင်ကျောင်း အပြင်စည်း တပည့်များထဲတွင် ထူးချွန်သောသူ တစ်ယောက်ဖြစ်သည်။ သို့ဖြစ်၍ လင်းဟန်နန် အတွက် အတွင်းစည်း တပည့်ဖြစ်ရန်မှာ မခက်ခဲပေ။ လင်းဟန်နန်သာ အတွင်းစည်းတပည့် ဖြစ်သွားလျှင် သူလည်း သူ့သား လင်းဟန်နန်ကြောင့် ဂုဏ်တက်လာလိမ့်မည်။ ထိုအချိန်၌ မိသားစုမှာရှိသော သူ၏အဆင့်ကလည်း အလိုအလျောက် မြင့်တက်သွားပေလိမ့်မည်။ မိသားစုခေါင်းဆောင်ပင် ဖြစ်လာနိုင်၏။
ထို့ပြင် လင်းဖသောက်၏ သမီးက ပင်ကိုစွမ်းရည် ပိုကောင်း၏။ သူမသည် ဟောက်ယွဲ့ကျောင်း၏ အတွင်းစည်းတပည့်ပင် ဖြစ်နေပေပြီ။ သူမ၏အနာဂတ်မှာ အကန့်အသတ်မရှိ တောက်ပလာပေမည်။ ညီအစ်ကို သုံးယောက်ထဲတွင် လင်းဟိုင်သာလျှင် ပင်ကိုစွမ်းရည် ညံ့ဖျင်းသော သားတစ်ယောက် ရှိသည်။ အသုံးမကျတဲ့ကောင် ဟူ၍ပင် လူတိုင်းက ပြက်ရယ်ပြုကြ၏။ ယခု အကြီးအကဲတွေပင် လင်းဟိုင်ထက် သူတို့နှစ်ယောက်ကို ပိုပြီး အလေးပေးလာသည်။
မြေကွက်လပ်တွင် လင်းမိသားစုအဖွဲ့ဝင် လေးငါးရာခန့် စုဝေးနေကြ၏။ မြေကွက်လပ်အလယ်ရှိ ကျောက်စိမ်းရောင် စင်မြင့်ထက်တွင် မိသားစုအကြီးအကဲတွေက နေရာယူထားလေသည်။
“အကြီးအကဲများ ခင်ဗျား… လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယွမ်ဟိုင်ကျောင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့လူတွေ ကျွန်တော်တို့ လင်းမိသားစုကို လာခဲ့ပါတယ်…။ သို့သော် သေလုမြောပါးဖြစ်နေတဲ့ အသုံးမကျတဲ့ကောင်ကို ပြန်လာပို့တာပါ ခင်ဗျာ။ ဒီကိစ္စဟာ ကျွန်တော်တို့ လင်းမိသားစုအတွက် အရှက်ရစရာ ကောင်းပါတယ်…။ သို့ဖြစ်၍ လင်းဖန်ကို လင်းမိသားစုမှ ထုတ်သင့်တယ် ထင်ပါတယ်…။ သူ့မှာ လင်းမိသားစုကို ဂုဏ်တက်အောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း မရှိပါဘူးခင်ဗျာ…”
လင်းဟောက်ရန်က မတ်တတ်ရပ်ကာ မိသားစု အကြီးအကဲတွေကို ရိုသေလေးစားတဲ့ အမူအရာနဲ့ ပြောလိုက်လေသည်။
“မင်းက အဓိက မဟုတ်တာကို ပြောနေတာပဲ… ဒါပေမဲ့ မိသားစု ခေါင်းဆောင်အနေနဲ့ ငါ ပြောစရာရှိတယ်… မင်းပြောပြီးရင် ကိုယ့်နေရာကိုယ် ပြန်ထိုင်နေပါ…”
လင်းဟိုင်အနေဖြင့် လင်းဟောက်ရန်၏ ရည်ရွယ်ချက်ကို သိသည်။ လင်းဟောက်ရန်က သူ၏သားကို မိသားစုမှ အထုတ်ခံရတာ မြင်ချင်နေသည်။ ထို့ပြင် မိသားစုခေါင်းဆောင် နေရာကိုလည်း လုယူချင်နေမှန်း သူသိလေသည်။
“ညီနှစ်၊ မင်းက မိသားစု ခေါင်းဆောင် တစ်ယောက် ဖြစ်ပေမဲ့ ညီသုံးက မိသားစုအဖွဲ့ဝင် တစ်ယောက်အနေနဲ့ မိသားစုရှေ့ရေးကို တွေးတောခြင်းသာ ဖြစ်တယ်။ မင်းရဲ့သား အသုံးမကျတဲ့ကောင်က မိသားစုကို အမှန်တကယ် အရှက်ရစေတယ်။ သူ့ကို မိသားစုမှ ထုတ်သင့်တယ်…” လင်းဖသောက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိဖြင့် လင်းဟိုင်ကို စကားလုံးများဖြင့် တိုက်ခိုက်လိုက်၏။
“ငါ့ရဲ့သားကို ငါကိုယ်တိုင်ပဲ အပြစ်ပေးမယ်။ မျိုးနွယ်စု အကြီးအကဲတွေနဲ့ မင်းက ဘယ်လိုများ ဆက်စပ်နေလို့လဲ… လင်းဖသောက်၊ မင်းငါ့နေရာကို မျက်စိကျနေတာ သိပါတယ်…။ ဟုတ်တယ်မလား… ဒီနေ့မှာတော့ မင်းနဲ့ငါ တိုက်ခိုက်ရလိမ့်မယ်။ မင်းနိုင်ရင် ငါ့သားနဲ့အတူ မိသားစုကနေ ထွက်ခွာသွားမယ်။ မင်းရှုံးရင်တော့ မင်း လေဖောနေတာတွေ ရပ်ပေးရမယ်…”
လင်းဟိုင်က ထိုင်နေရာမှ ထလိုက်ကာ စင်မြင့်အလယ်သို့ လျှောက်သွားလိုက်၏။ ပြင်းထန်သော ချီစွမ်းအားတွေက လင်းဖသောက်ထံသို့ ဦးတည်နေသည်။ အခြေအနေတွေက လင်းဟိုင်အနေဖြင့် မတိုက်ခိုက်ချင်ဖူး ဆိုလျှင်ပင် တိုက်ခိုက်အောင် ဖန်တီးလာလိမ့်မည်။
လင်းဖန်က ပြောင်းလဲနေသော သူ့အဖေ၏ပုံစံကို ကြည့်နေ၏။ မိမိကို ရန်စနေသော သူတွေအတွက် ကြောက်လန့်သွားစေရန် မိမိ၏ခွန်အားကို ပြသရပေမည်။ တန်ခိုးအာဏာ ကြီးမားသူတွေကိုသာ လူတိုင်းက လေးစားကြသည်။ တန်ခိုးအာဏာ ကြီးမားသူများ၏ စကားသာ အမှန်ဖြစ်၏။ လင်းဟိုင်အနေဖြင့် သူ၏ခွန်အားကို ပြသကာ လူတိုင်း၏ ပါးစပ်ပေါက်တွေကို ပိတ်ချင်နေသည်။
“မင်းအနေနဲ့ ငါ့ရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်မှာပဲ ငါက ကြောက်တာ…”
လင်းဖသောက်က သွားကြားထဲက လေထွက်တဲ့ အသံနဲ့ ပြောလိုက်လေသည်။ လင်းဖသောက်သည် လင်းဟိုင်၏ မင်း လေဖောနေတာတွေ ရပ်ပေးရမယ် ဆိုသော စကားကြောင့် ဒေါသတွေ အလိပ်လိုက် ထွက်လာခဲ့၏။ စင်မြင့်ထက်သို့ လျှောက်သွားလိုက်ကာ လင်းဟိုင်နှင့် မျက်နှာချင်းဆိုင်တွင် ရပ်လိုက်သည်။
မိသားစု အကြီးအကဲတွေ အားလုံး ငြိမ်သက်နေကြ၏။ အမှန်တကယ်တော့ ယခုဖြစ်ပွားနေသော အခြေအနေကြာင့် သူတို့အားလုံး ပျော်နေကြသည်။ လင်းဟိုင်သာ လင်းဖသောက်ကို မနိုင်ခဲ့ဖူးဆိုလျှင် ဒီနေ့ပင် သူ့သားနှင့်အတူ လင်းမိသားစုမှ ထွက်ခွာသွားရပေမည်။ လင်းမိသားစု ခေါင်းဆောင် ရာထူးမှလည်း အလိုအလျောက် ထုတ်ပယ်ပြီးသား ဖြစ်သွားပေမည်။
“မင်းမှာ ဘာအစွမ်းအစရှိလို့ ဒီလောက် မောက်မာနေရလဲဆိုတာ ငါကြည့်ချင်တယ်…”
သူ့ကို လျစ်လျူရှုသလို လုပ်နေသော လင်းဟိုင်ကို ကြည့်ကာ လင်းဖသောက်က ပြောလိုက်၏။ အေးစက်စက် အငွေ့အသက်တွေ စင်မြင့်ပတ်ပတ်လည်မှာ လွှမ်းခြုံလာနေသည်။ စင်အောက်မှ လူတိုင်းက အေးစက်စက် အငွေ့အသက်တွေ သူတို့ရဲ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာနေတာကို ခံစားမိနေ၏။
ထိုအရာသည် လင်းဟိုင်၏ ရေခဲဝိညာဉ် အစွမ်းကြောင့်ပင်။ တစ်ကြိမ် အသုံးပြုလိုက်တိုင်း ရေခဲတွေက ပတ်ဝန်းကျင်ကို လွှမ်းခြုံလာ၏။
“ကြီးမားသော ရေခဲအကာအကွယ်…”
လင်းဖသောက် သူ့ရဲ့ ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်ချင်နေသည်။ သို့သော် စင်မြင့်အလယ်မှာ ရှိနေသော လင်းဟိုင်ထံမှ အသံတစ်ခု ကြားလိုက်ရ၏။ ချပ်ခနဲမြည်သံနှင့်အတူ အေးစက်စက် အငွေ့အသက်တွေက စင်မြင့်ကို ဖုံးလွှမ်းလာပြီး ဘေးပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတာ တွေ့လိုက်ရသည်။ စင်မြင့်တစ်ခုလုံး ရေခဲလွှာထုကြီး ဖြစ်သွား၏။ လင်းဖသောက် ကိုယ်တိုင်ပင် ရေခဲတွေဖုံးလွှမ်းခြင်း ခံရကာ ရေခဲလူသားပမာ ဖြစ်သွားတော့သည်။
“ဘုန်း…” ပြင်းထန်သော ပေါက်ကွဲသံနှင့်အတူ ရေခဲလွှာ ကွဲထွက်သွားသည်။ ရေခဲလွှာထုထဲမှ လင်းဖသောက် ပျံထွက်လာသည်။ သူ၏ပါးစပ်မှ သွေးတွေထွက်နေကာ မြေပြင်ပေါ်သို့ လဲကျသွား၏။
အကြီးအကဲတွေအားလုံး သူတို့၏မျက်စိရှေ့မှ အဖြစ်အပျက်ကို မယုံကြည်နိုင်ဟန်ဖြင့် အံ့သြစိတ်ကြောင့် ရုတ်တရက် မတ်တတ်ရပ်လိုက် မိကြသည်။ လင်းဖသောက်ကား တစ်ချက်တည်းနဲ့ပင် ရှုံးသွားခဲ့လေပြီ။
“အထွတ်အထိပ်အဆင့် ရေခဲအကာအကွယ်ပဲ။ လင်းဟိုင်က ရေခဲအကာအကွယ် တိုက်ခိုက်ရေး ပညာမှာ ရှစ်ဆင့်ထ ိရောက်သွားပြီကိုး…။ သူ ဒီလောက် အစွမ်းကြီးနေတာ အံ့သြစရာတော့ မရှိဘူး…”
မျိုးနွယ်စုစောင့် အကြီးအကဲ၏ မျက်လုံးတွေမှာ အရောင်တစ်ချက် လက်သွားသည်။ လင်းဟိုင်သည် ရေခဲဝိညာဉ်ကို ပိုင်ဆိုင်ထားပြီး အားပြင်းသော ရေခဲအကာအကွယ် တိုက်ခိုက်ရေးပညာကို လေ့ကျင့်ထား၏။ သူသည် လင်းဖသောက်ကို ရုတ်ခြည်း အေးခဲသွားစေသည်။ သူ၏လျင်မြန်နှုန်းမှာ အသက်တစ်ဝက် ရှူချိန်လောက်သာ ကြာပေသည်။
လင်းမိသားစုမှ လူများအားလုံး မှင်တက်သွားကြ၏။ လင်းဟိုင်အနေဖြင့် အပေါ်စီးမှ မောက်မာစွာ ဆက်ဆံတာ ဒါက ပထမဆုံးအကြိမ် ဖြစ်သည်။ လင်းဖသောက်ထက်ပင် ပို၍ မောက်မာနေ၏။
လင်းဖသောက် သွေးတစ်ပွက် အန်လိုက်ပြန်သည်။ လင်းဟိုင်ကို အခဲမကျေသော အကြည့်ဖြင့် ကြည့်နေလေ၏။ သို့သော်လည်း လင်းဟိုင် ဂရုမစိုက်ပေ။ လင်းဖန်၏ ဒဏ်ရာတွေက သူ့အစ်ကို နှစ်ယောက်ကြောင့် ဆိုတာ သူ ခန့်မှန်းမိသည်။ သူတို့က သူ့ရဲ့သားကို သတ်ချင်နေတဲ့ အတွက်ကြောင့် လင်းဟိုင်အနေဖြင့် ညီအစ်ကို အဖြစ်ကို ထောက်ထားနေစရာ မလိုပေ။
“အကြီးအကဲများ ခင်ဗျား… ကျေးဇူးပြု၍ မိသားစု အစည်းအဝေးကို ဆက်လက် ကျင်းပပေးပါခင်ဗျာ…”
လင်းဟိုင်က အကြီးအကဲများကို အရိုအသေပေးကာ ပြောလိုက်၏။ ထို့နောက် ဘာမှမဖြစ်ခဲ့သလို ပုံစံမျိုးဖြင့် သူ့နေရာသို့ သွားထိုင် လိုက်တော့သည်။
“ဟီးဟီး… လင်းဟိုင် မျိုးနွယ်စုရဲ့ခေါင်းဆောင်…။ မင်းရဲ့ တိုက်ခိုက်ရေးပညာက တိုးတက်လာပါတယ်။ မင်းဟာ လင်းမိသားစုဝင် အားလုံး အတွက်တော့ စံပြပါပဲ။ လင်းမိသားစုမှ လူတွေအားလုံး မင်းကို အတုယူပြီး ပိုကြိုးစားတော့မယ်ဆိုတာ ငါယုံကြည်တယ်။ ဒီနေ့ အစည်းအဝေးပွဲရဲ့ ရည်ရွယ်ချက်က ပြီးသွားပြီ။ ကဲ အားလုံးပြန်လို့ရပြီ…”
မျိုးနွယ်စုစောင့် အကြီးအကဲက အနည်းငယ်ပြုံးလျက် ပြောလိုက်လေသည်။ ယခုအချိန်မှာ မိသားစု အစည်းအဝေးအား ဆက်လက် ကျင်းပလျှင်လည်း အဓိပ္ပာယ်မရှိတော့ပေ…။
“အကြီးအကဲ ခင်ဗျာ၊ မိသားစုအစည်းအဝေး ပြီးသွားပြီ ဆိုရင်တော့ ကျွန်တော် အရင်ဆုံး ပြန်တော့မယ်…”
လင်းဟိုင်က မျိုးနွယ်စုစောင့် အကြီးအကဲကို အရိုအသေ ပေးလိုက်သည်။ ထို့နောက် လင်းဖန်နှင့် အတူပြန်ရန် မတ်တတ် ရပ်လိုက်သည်။
“လင်းဟိုင် မင်း ဒီအသုံးမကျတဲ့ကောင်ကို ဘယ်လောက်ကြာကြာ ကာကွယ်ပေးနိုင်မလဲ ငါကြည့်နေမယ်…”
ရည်ရွယ်ချက် မပြည့်သွားသည့်အတွက် လင်းဟောက်ရန်က အေးစက်စက် ပြောလိုက်၏။
“ဟုတ်တယ်… အဲ့ကောင် အမှိုက်… လင်းမိသားစုကို အိုးမဲသုတ်တဲ့ကောင်…” လင်းယွမ်က သံယောင်လိုက် ပြောလိုက်ပြန်၏။ သို့သော် လင်းဟိုင်၏အကြည့်ကို သူမြင်လိုက်ရသောအခါ ပါးစပ်ကို ကပျာကယာ ပိတ်လိုက်သည်။
“ဖန်လေး… သွားကြစို့…”
လင်းဟိုင်အနေဖြင့် သူတို့နဲ့ ထပ်ပြီး ငြင်းခုံရန် ဆန္ဒမရှိပေ။ သို့သော် လင်းဖန်မှာ နေရာမှမရွေ့ခဲ့ပေ။ အားလုံးကို သူ တစ်ချက် ကြည့်လိုက်ပြီး လင်းယွမ်ဆီသို့ လျှောက်သွားလိုက်သည်။ ထိုမြင်ကွင်းက လင်းမိသားစုမှ လူများကို စိတ်ရှုပ်ထွေး သွားစေပုံရ၏။ လင်းဖန် ဘာလုပ်မလဲဆိုတာ သူတို့ သိချင်နေကြသည်။
လင်းဟိုင်က သူ၏သားကို အံ့သြတကြီး ကြည့်လိုက်လေ၏။ လင်းဖန်က လင်းယွမ်၏ရှေ့ကို လျှောက်သွားတာ သူမြင်လိုက်ရသည်။ ထို့နောက် လင်းဖန်က ပြောလိုက်လေသည်။
“လင်းယွမ်၊ မင်းရဲ့ ပေါကြောင်ကြောင် စကားလုံးတွေကို ရပ်လိုက်ပါ။ တစ်နေ့နေ့မှာ မင်းက ငါ့ထက် ညံ့တယ်ဆိုတာ သိလာလိမ့်မယ်။ အဲဒီအခါကျရင် မင်းအနေနဲ့ မင်း အပြုအမူတွေအတွက် ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လိမ့်မလဲ…”
“မင်းက စိတ်ကူးယဉ်နေတာပဲ…။ မင်းလိုမျိုး အမှိုက်က ငါ့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ…”
လင်းယွမ်က ပြက်ရယ်ပြုလိုက်၏။ လင်းယွမ်အနေဖြင့် အမှိုက်ကောင် လင်းဖန်မှ ထိုကဲ့သို့ စကားလုံးများ ပြောလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။
လင်းဖန်၏ မျက်လုံးများတွင် အရောင်များ တဖျတ်ဖျတ် လက်လာသည်။ မခိုးမခန့် ရယ်မောလိုက်ပြီး လင်းယွမ်ကို ဂရုမစိုက်သလို ပြောလိုက်လေ၏။
“လင်းယွမ်၊ ငါလင်းဖန် မင်းကို စိန်ခေါ်တယ်….”
***