Switch Mode

အပိုင်း (၂)

ဆက်တိုက်ဖြတ်ကျော်ခြင်း

“ဖန်လေး”

ခြံတံတိုင်းရှေ့မှာ ရပ်နေသော သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က ခေါ်လိုက်၏။ ထိုလူကြီးသည် ကြံ့ခိုင် တောင့်တင်းသော ကိုယ်လုံးကိုယ်ထည် ရှိကာ ရုပ်ရည်သွင်ပြင်မှာ လင်းဖန်နှင့် ဆင်သည်။

” အဖေ…”

ထိုလူကြီးကား လင်းဖန်၏ အဖေဖြစ်၏။ လင်းမျိုးနွယ်စု ခေါင်းဆောင်လည်း ဖြစ်သည်။ စိတ်ဝိညာဉ်နှစ်မျိုး ပေါင်းစပ်နေသောကြောင့် ယခု လင်းဖန်သည် အရင်တုန်းက လင်းဖန်၏ အတွေးတွေနှင့် ခံစားချက်များကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့်”အဖေ” ဟူ၍ ချစ်ခင်မြတ်နိုးစွာ ခေါ်လိုက်ခြင်းဖြစ်သည်။

“ဖန်လေး…. သက်သာလား…”

လင်းဟိုင်မျက်နှာမှာ စိုးရိမ်မှုတွေ အထင်းသား ပေါ်လွင်နေသည်။ ဒဏ်ရာတွေနှင့် သတိမေ့မြောနေသော လင်းဖန်ကို ယွမ်ဟိုင်ကျောင်းတော်မှ လင်းမျိုးနွယ်စုသို့ ပြန်ပို့ခံခဲ့ရ၏။ လင်းဟိုင် မျှော်လင့်ချက်တွေအားလုံး ပျက်သုဉ်းသွားခဲ့ရသည်။ ထို့ပြင် လင်းဖန်ဈာပနကိုပင် သူ စီစဉ်နေခဲ့၏။ သို့သော် ထိုအချိန်၌ သူ၏သား အသက်ပြန်ရှင်နေတာ မြင်လိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။ သူ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ…

“ဟုတ်ကဲ့၊ အဖေ… ကျွန်တော် အားလုံး ကောင်းသွားပါပြီ…”

လင်းဖန်က လင်းဟိုင်ပျော်နေတာကို ကြည့်ပြီး ပြုံးလျက် ပြောလိုက်၏။ လင်းဟိုင်၏ ကြင်နာသော အပြုအမူကြောင့် အလွန်နွေးထွေးသော ခံစားချက်လေးတစ်ခု သူခံစားလိုက်ရသည်။ အရင်ဘဝတုန်းက သူ့အဘိုး သေဆုံးသွားပြီးနောက် လူတွေ၏အေးစက်သော အပြုအမူတွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရသည်။ ထိုကဲ့သို့ နွေးထွေးသော ခံစားချက်မျိုး သူမခံစားခဲ့ရချေ။

“ကောင်းတယ်။ ကောင်းတယ်…”

လင်းဟိုင်က လင်းဖန်၏ ပခုံးနှစ်ဖက်ကို ချစ်မြတ်နိုးမှု အပြည့်ဖြင့် ပုတ်လိုက်သည်။ လင်းဟိုင်မျက်လုံးထဲတွင် အလင်းရောင်တစ်ချက် လက်သွား၏။ အမှုန့်တွေ ဖြစ်သွားသော ကျောက်တိုင်ကို သူတစ်ချက် ကြည့်လိုက်သည်။ သူ့အစ်ကို နှစ်ယောက်ကလည်း လင်းမိသားစု ခေါင်းဆောင်နေရာ အတွက် တွေ့ဆုံဆွေးနွေးရန် သူ့ကို စောင့်နေကြ၏။ ယခု လင်းဖန် ပြန်ကောင်းနေတာသာ သိလျှင် ဤအရှုပ်ထုပ်ကောင်တွေ စိတ်ပျက်သွားလိမ့်မည်။

ထိုကဲ့သို့ စဉ်းစားမိသော ခဏ၌ လင်းဟိုင် ခန္ဓာကိုယ်မှ အေးစက်စက် အငွေ့အသက်တွေ ထွက်လာ၏။ လင်းဖန်မှာ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွားသလို ခံစားလိုက်ရသည်။

“အဖေက စိတ်စွမ်းအင်အဆင့် ရောက်နေတဲ့ တိုက်ခိုက်ရေး ပညာရှင်တစ်ယောက်ပဲ။ သူ့ကိုယ်က ထွက်လာတဲ့ အငွေ့အသက်တွေနဲ့တင် အဆင့်နိမ့်တဲ့ လူတွေဆို အေးခဲသွားနိုင်တယ်…”

လင်းဖန် ရင်ထဲ တွေးနေမိ၏။ သိုင်းပညာရှင်တွေ၏ လမ်းကြောင်းမှာ ပထမအဆင့်က ချီစုဆောင်းမှု ဖြစ်သည်။ ချီစုဆောင်းမှုအဆင့် ရောက်နေသော လူတစ်ယောက်သည် ကောင်းကင်နှင့် မြေကြီး စွမ်းအင်တွေကို ဖြည်းဖြည်းချင်း စုပ်ယူကာ စိတ်ဝိညာဉ်ကို လေ့ကျင့်ပေးရသည်။ ထို့နောက် စိတ်စွမ်းအား အဆင့်သို့ ရောက်ရှိသွား၏။ စိတ်စွမ်းအားအဆင့်သို့ ရောက်သောအခါ သိုင်းပညာ သဘောတရားများကို လေ့လာနိုင်သည်။ သိုင်းပညာ သဘောတရားများကို ကျွမ်းကျင် သွားသောအခါ လူတစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်နိုင်၏။ လင်းဟိုင်ကား စိတ်စွမ်းအားအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင်။

“ဖန်လေး၊ ဘယ်သူက မင်းကို ဒီလိုဖြစ်အောင် လုပ်လိုက်တာလဲ…” လင်းဟိုင်ရဲ့မျက်နှာ မည်းမှောင်နေသည်။ လင်းဖန်ကို ပြန်ပို့လိုက်သောအခါက သေလုမြောပါးဖြစ်နေ၏။ ရန်သူက လင်းဖန်ကို သေစေချင်သည်မှာ ထင်ရှားသည်။

“အဖေ၊ ကျေးဇူးပြုပြီး ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ဖြေရှင်းပါရစေ…”

လင်းဖန် ပြောမပြခဲ့ပေ။ သူ့ဦးလေးသုံး၏သား လင်းဟန်က သူ့ကို အနာတရဖြစ်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။ လင်းမိသားစုတွင် သူ့ဦးလေးသုံးနဲ့ ဦးလေးအကြီးဆုံးတို့က အတူတူ ပူးပေါင်းကာ မိသားစုခေါင်းဆောင် နေရာကို ရရန် ကြံစည်နေကြ၏။ သူတို့ အရှိန်အဝါနှင့် အင်အားက လင်းဟိုင် အောက်မလျော့ပေ။ ထို့ပြင် လင်းဟန်၏ သဘာဝစွမ်းအင်သည် အလွန်ကောင်း၏။ ယွမ်ဟိုင်ကျောင်းတော်တွင် ထူးချွန်သော ကျောင်းသားတစ်ယောက် အဖြစ် ထင်ရှားသည်။ ထို့ကြောင့် လင်းဟန်အနေဖြင့် နာမည်ထင်ရှားခြင်း မရှိသော လင်းဖန်ကို အနာတရဖြစ်အောင် အညှာအတာ ကင်းမဲ့စွာ ပြုမူရဲခြင်း ဖြစ်၏။

လင်းဟန် ဒီအကြွေးကို ပြန်ဆပ်ရစေမယ်… မင်းလုပ်ခဲ့တဲ့ ကိစ္စအတွက် နောင်တရစေရမယ်…

လင်းဟိုင် သူ့သားကို ကြည့်ပြီး အံ့သြနေသည်။ လင်းဖန်၏ ပုံစံတွေ ပြောင်းလဲနေတာကို သူ မြင်တွေ့လိုက်ရသည်။ လင်းဖန်၏ မျက်လုံးတွေထဲတွင် စိတ်ဓာတ်ခိုင်မာ ပြတ်သားမှုတွေ တွေ့နေရသည်။ ယခင်တုန်းကဆိုလျှင် သူ့ကို ကြည့်ရသည်မှာ စိတ်ပျက် အားပျော့နေသူ တစ်ယောက်နှင့်သာ တူသည်။

ထိခိုက်ဒဏ်ရာ ရပြီးနောက် လင်းဖန် ပြောင်းလဲသွားပုံ ပေါ်သည်။ လင်းဟိုင် ရင်ထဲမှာ ကျေနပ်အားရ နေမိ၏။ ထို့နောက် ခေါင်းကို ညိတ်ပြကာ ပြောလိုက်သည်။

“မနက်ဖြန် မိသားစုတွေ့ဆုံပွဲကို အတူတူ သွားကြတာပေါ့သား… မနက်ဖြန် အဖေ့နေရာကို လုယူဖို့ ဘယ်လိုကြိုးစား မလဲဆိုတာ သား တွေ့မြင်ရလိမ့်မယ်”

ညအချိန်၊ လင်းမိသားစု ခရမ်းရောင်ဝါးတော…

လင်းဖန် မြေပြင်တွင် တရားထိုင်နေခဲ့သည်။ သူ့နောက်မှာ အနက်ရောင် အရိပ်တစ်ခု ဖြာထွက်နေသည်။ အနက်ရောင်အရိပ်သည် အမှောင်ထုနှင့် ခွဲမရအောင် ရောနှောနေသည်။ ထိုအနက်ရောင် အရိပ်ကား အမှောင်ဝိညာဉ်ပင် ဖြစ်သည်။

လင်းဖန် လေ့ကျင့်နေစဉ် အမှောင်ဝိညာဉ်ကို အသုံးပြုလိုက်သောအခါ သူလေ့ကျင့်သော အမြန်နှုန်းက ၅ ဆလောက် ပိုမြန်လာတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် ပင်ပန်း နွယ်နယ်မှုတွေကို သူ လျစ်လျူရှုလိုက်သည်။ သူ့ကိုယ်သူ တွန်းအားပေးကာ အမှောင်ဝိညာဉ်ကို သုံး၍ အပြင်းအထန် လေ့ကျင့်လိုက်၏။ ဘုရားသခင်က သူ့ကို ဒုတိယအခွင့်အရေး ပေးခဲ့ချေပြီ။ သူ့အနေဖြင့် ကောင်းကောင်းမွန်မွန် နေထိုင် အသက်ရှင်ဖို့ ကြိုးစားရပေမည်။ ဤကမ္ဘာမှာ အင်အားကြီးသူတွေကိုသာ လူတွေက ရိုသေ လေးစားကြ၏။ သူတို့စိတ်ကြိုက် လုပ်ခွင့်ရကြ၏။

လင်းဖန်၏ကိုယ်ကို အဖြူရောင် အလင်းတန်းလေးက ရစ်ပတ်လာနေသည်။ ထိုအဖြူရောင် အလင်တန်းလေးသည် ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားတွေကို စုစည်းလိုက်သော အခါမှသာလျှင် ထွက်ပေါ်လာတတ်၏။

တဖြည်းဖြည်းနှင့် လင်းဖန်၏ခန္ဓာကိုယ် ပတ်လည်တွင် ကောင်းကင်နှင့် မြေကြီးမှ စွမ်းအားများ လွှမ်းခြုံလာခဲ့၏။ ထိုအချိန်၌ လင်းဖန်သည် စိတ်စွမ်းအား လေ့ကျင့်ခြင်း၌ သာလျှင် စိတ်ဝင်စား နေလေသည်။

ယခု လင်းဖန်၏ပုံစံမှာ အသက်ကို ပုံမှန်အတိုင်း ရှူနေကာ တည်ငြိမ်အေးချမ်းသောပုံ ပေါ်နေသည်။ ကောင်းကင်မြေ စွမ်းအားတွေက သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းလာနေကာ သွေးတွေနှင့် ပေါင်းစပ်သွားခဲ့ချေပြီ။ သူ၏အရိုးတွေနှင့် ကိုယ်တွင်း အစိတ်အပိုင်းတွေ ပိုသန်မာလာသည်။

အချိန်တစ်ခု ကြာပြီးနောက် ဝင်းလက်နေသော အလင်းရောင်များနှင့် လင်းဖန်၏ခန္ဓာကိုယ်က တွင်းနက်ကြီးကဲ့သို့ ဖြစ်နေသည်။ ထိုနေရာမှ ကောင်းကင်မြေ စွမ်းအားတွေကို စုပ်ယူနေသည်။

မျက်လုံးကို ဖွင့်လိုက်သောအခါ အလင်းရောင်လေးတစ်ခု ဖျက်ခနဲ မျက်ဝန်းထဲတွင် ပေါ်လာ၏။ လင်းဖန် မတ်တတ်ရပ်လိုက်သည်။ သူ့မျက်နှာထက်တွင် အပြုံးစလေးတစ်ခု ပေါ်လာ၏။

သူ တစ်ညတည်းနှင့် နောက်တစ်ဆင့်ကို ရောက်ရှိသွားချေပြီ။ ယခုအချိန်၌ သူသည် ချီစုဆောင်းမှုအဆင့် ၆ သို့ ရောက်ရှိနေ၏။

သို့သော် လင်းဖန် ကျေနပ်အားရခြင်း မရှိပေ။ သူ၏ အရင်တုန်းက မှတ်ဉာဏ်တွေထဲမှာ ချီစုဆောင်းမှုအဆင့် ၉ က သိုင်းပညာရှင် တစ်ယောက်၏ အစပင်ဖြစ်သည်။ စစ်မှန်သော သိုင်းပညာရှင်တွေက ကောင်းကင်မှာ ပျံနိုင်၏။ အမြင့်ဆုံး ကောင်းကင်ဘုံကို ကျော်လွန်ကာ သွားလာနိုင်သည်။

မည်မျှ လွတ်လပ်မှုရှိပြီး ပျော်စရာ ကောင်းလိုက်မည့် ဘဝလဲ… အရင်ဘဝမှာ နတ်ဘုရားတွေကို သူမြင်ဖူးခဲ့သည်…

ခဏကြာ သူတွေးတော နေပြီးနောက် လင်းဖန် သူ၏လက်သီးကို လှုပ်ခါလိုက်၏။ ရွှီခနဲ မြည်သံလေးတစ်ခု ထွက်ပေါ်လာသည်။ စွမ်းအင်လှိုင်းလေးတစ်ခု ဖြစ်ပေါ်လာကာ အနီးအနားမှာ ရှိနေသော ဝါးပင်တွေ ပေါက်ကွဲ ထွက်သွား၏။

ချီစုဆောင်းမှုအဆင့်ကို ၉ ဆင့် ပိုင်းခြားထားသည်။ တစ်ဆင့်တိုးသွားတိုင်း သူ့ရဲ့ခွန်အားက တစ်ထောင် ဂျင် ပိုတိုးလာ၏။ ယခု သူ ချီစုဆောင်းမှုအဆင့် ၆ သို့ ရောက်သောအခါ ၆၀၀၀ ဂျင်ကို ပိုင်ဆိုင်လာခဲ့သည်။ သူလေ့ကျင့်ထားသော”ရေလှိုင်းကိုးသွယ်” သိုင်းရဲ့ ရေလှိုင်းခြောက်သွယ် အဆင့်ကို ချီစုဆောင်းမှုအဆင့်၆ ထိ အသုံးပြုလိုက်လျှင် ၆၅၀၀ ဂျင် အားတစ်ခု ထွက်ပေါ်လာပေမည်။ သို့သော် သူ့လက်ရှိ အဆင့်ကို လင်းဖန် အားမရသေးပေ။ သူသာ ရေလှိုင်းခုနစ်သွယ် အဆင့်ထိ လေ့ကျင့်နိုင်ခဲ့လျှင် ကြောက်မက်ဖွယ် ကောင်းသော နောက်ထပ် အားလှိုင်းတစ်ခုကို သူ ဖန်တီးနိုင်ပေလိမ့်မည်။ သို့သော် သူ့အနေဖြင့် ၇၀၀၀ ဂျင် စွမ်းအားထုတ်ရန် ချီစုဆောင်းမှုအဆင့် ၇ သို့ ရောက်ရှိရမည် ဖြစ်၏။

ပြင်းထန်သော ၆၀၀၀ ဂျင်စွမ်းအား အောက်မှာပင် ဝါးပင်တွေ ကျိုးပျက် ထွက်ကုန်သည်။ နေရာတစ်ခုလုံး ပင်လယ်ရေလှိုင်း တိုက်စားသွားသလို ဖြစ်နေ၏။ သူ့လက်သီးချက်သံတွေ သာလျှင် ပဲ့တင်သံအဖြစ် ကျန်ရှိနေတော့သည်။

သို့သော် ထိုအချိန်၌ ဝါးပင်တစ်ပင်သည် လဲကျနေရာမှ ပြန်မတ်လာ၏။ ထိုအခြင်းအရာကို လင်းဖန် မြင်လိုက်သောအခါ သူ့လက်သီးချက်ရဲ့ အရှိန်နှုန်း လျော့သွားသောကြောင့် ဖြစ်မည်ဟု တွေးလိုက်မိသည်။

“ရေလှိုင်းကိုးသွယ် သိုင်းပညာက ပင်လယ်ရေလှိုင်းတွေပေါ်မှာ အခြေခံပြီး တီထွင်ထားတာ။ ရေလှိုင်းတွေက တစ်ခုထက်တစ်ခု ပိုပြီး အားပြင်းလာတဲ့သဘော ဖြစ်မယ်။ ဘယ်လိုပင် အားပြင်းလာသည် ဖြစ်စေ နူးညံ့တဲ့အားတစ်ခုလည်း ပါလိမ့်မယ်။ နူးညံ့တာနဲ့ ပြင်းထန်တာ ပေါင်းစပ်သွားတဲ့အခါမှာ ရေလှိုင်းတွေက နှိုင်းဆမရအောင် အားကောင်းလာလိမ့်မယ်…”

လင်းဖန် သဘောပေါက် နားလည်သွားခဲ့သည်။ လင်းဖန်ရဲ့ လက်သီးချက်တွေက အားပြင်းတာတွေချည်း တစ်သမတ်တည်း မသွားတော့ချေ။ နူးညံ့မှုနဲ့ ပေါင်းစပ် သွားခဲ့ချေပြီ။

” ဟိုင်း… ယား…”

လင်းဖန် အားယူပြီး လက်သီးချက် ထုတ်လိုက်၏။

ပေါက်ကွဲသံတွေ ထွက်ပေါ်လာသည်…

ခြောက်ချက်…. ခုနစ်ချက်…. ရှစ်ချက်

ဝါးပင်တွေသည် ချီစွမ်းအားလှိုင်းများနှင့် ထိမိလိုက်သောအခါ အမှုန့်တွေ ဖြစ်သွား၏။

“ရှစ်လှိုင်း… ပြင်းထန်လိုက်တာ…”

လင်းဖန် သူ့လက်သီးချက်တွေကို ရုပ်သိမ်းလိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်၏။ ယခု သူ့ရှေ့ရှိနေရာမှာ ပြောင်တလင်းခါသွားသည်။ ရေလှိုင်းကိုးသွယ် သိုင်းပညာကို သူ သဘောပေါက် နားလည်သွားခဲ့ကာ ရေလှိုင်းရှစ်သွယ်အဆင့်သို့ အဆင့်နှစ်ခုကျော်ပြီး ရောက်ရှိသွားခဲ့ချေပြီ။ သိုင်းပညာတွေသည် နောက်ပိုင်းရောက်လေလေ ခက်လေလေပင်… ချီစုဆောင်းမှုအဆင့် ၅ သို့ ရောက်ရှိနေသူ တစ်ယောက်သည် ရေလှိုင်းငါးသွယ် အဆင့်ကို နားလည်နိုင်ပေသည်။ ရေလှိုင်းရှစ်သွယ် အဆင့်ကို နားလည်ရန်မှာကား မလွယ်ကူပေ။ လင်းဖန်မှာ ထိုခက်ခဲသော အရာကိုပင် လုပ်နိုင်ခဲ့လေပြီ။

“ငါအခု ၇၅၀၀ ဂျင်စွမ်းအား ရောက်သွားပြီ။ နူးညံ့မှုနဲ့ မာကျောမှုကို အတူတကွ ပေါင်းစည်းလိုက်တဲ့အခါ ရေလှိုင်းကိုးသွယ် သိုင်းပညာက ပြီးပြည့်စုံသွားပုံ ပေါ်တယ်…”

လင်းဖန် ရင်ထဲမှာ ကျေနပ်နေ၏။ သူအခု ၇၅၀၀ ဂျင်စွမ်းအားကို ရရှိနေကာ ချီစုဆောင်းမှုအဆင့် ၇ သို့ ရောက်ရှိနေသူ တစ်ယောက်ကို မှုစရာမလိုတော့ပေ။

ယခင်တုန်းက လင်းဖန်သည် လူအများ၏ အနှိမ်ချခံ အရှုတ်ချခံ ဖြစ်ခဲ့ရသည်။ သာမန် ချီစုဆောင်းမှုအဆင့် ၅ သို့ ရောက်ရှိနေသူကိုပင် မနိုင်ခဲ့ပေ။ သို့သော် ယခု လင်းဖန်မှာမူကား ဤ ကမ္ဘာသို့ ရောက်ရှိတာ တစ်ရက်ပင် ရှိသေးသည်။ ချီစုဆောင်းမှုအဆင့် ၆သို့ ရောက်ရှိသွားခဲ့ချေပြီ။

***

Comment

Leave a Reply

Options

not work with dark mode
Reset