“ဝုန်း”
မမြင်နိုင်သော လေးလံပြင်းထန်သည့် ဖိအားတစ်ခု ကျရောက်လာ၏။
“မဟုတ်ဘူး”
စစ်သူကြီးတစ်ယောက် ငရဲသို့ တန်းကျသွားပြီး အော်ဟစ်သံများ ပျောက်ကွယ်သွားသည့်တိုင် ထိတ်လန့်ဖွယ် ကောင်းနေသေးသည်။
ထို့နောက် ဒုတိယတစ်ယောက်၊ တတိယတစ်ယောက်။ တစ်ခဏအတွင်း အမတ် ဆယ်ယောက်တိတိ ငရဲကျ သွားသည်။
သို့သော် ဤအဖြစ်ကို ကြည့်နေမိသည့် ပိုင်ရွှယ်သည် အငိုမရပ်တော့ချေ။ လူတိုင်းက သူမ ကြောက်လန့်၍ ငိုနေခြင်း ဖြစ်သည်ဟု ထင်နေကြသည်။ သို့သော် သူမ ငိုရသည့် အကြောင်းရင်းကိုသာ သူမတစ်ဦးတည်းသာ သိပေသည်။
စစ်သူကြီး ကျောက်ချွန်းယွမ်သည် သူမ နန်းတော်သို့ ဝင်ခဲ့စဉ်က သူမကို အသည်းအသန် တားဆီးခဲ့သူ ဖြစ်ပြီး သူမအား မျိုးနွယ်မသိသည့် အရိုင်းအစိုင်းမျိုးစေ့ဟု စော်ကားပြောဆိုပြီး တော်ဝင်မျိုးနွယ်၏ ဂုဏ်သိက္ခာ စွန်းထင်း လိမ့်မည်ဟု ပြောဆိုခဲ့သည်။
တပ်မှူးဟောင်း လီယွမ်ကျိုက်သည် တစ်ခါက သူမကို လုပ်ကြံရန် လူသတ်သမား စေလွှတ်ခဲ့ပြီး ထိုအချိန်က သူမ အခြေအနေ ဆိုးရွားသဖြင့် တစ်လမျှ ဆေးရုံတက်လိုက်ရသည်။
ဝန်ကြီး ချမ်ဝေ့တုန်သည် ဧကရာဇ်အား တော်ဝင်မျိုးနွယ်ကို အရုပ်ဆိုးစေသဖြင့် သူမကို သေဒဏ်ပေးရန် ထပ်ခါထပ်ခါ တောင်းဆိုခဲ့သည်။
လီတုန်သည် ပိုင်ရွှယ်လက်အောက်၌ ခစားရစဉ်က ပိုင်ရွှယ်၏ ညွှန်ကြားချက်များကို မကျေနပ်သဖြင့် ပိုင်ရွှယ်မိခင်၏ အုတ်ဂူကို တူးဖော်ပစ်ခဲ့လေသည်။
ငရဲကျသွားသည့် လူတိုင်း၏ အမည်ကို သူမ မှတ်မိပါသည်။ အကြောင်းမှာ သူမ နန်းရသည်နှင့် ထိုလူများအား ပြန်ပေးဆပ်ရအောင် စာရင်းရှင်းမည်ဟု ကြံစည်ထားသောကြောင့် ဖြစ်သည်။
သို့သော် ယခု သူမ လှုပ်ရှားစရာ မလိုဘဲ ယဲ့ဖန်က ရှင်းပစ်ပေးနေ၏။ ယဲ့ဖန်က အားလုံးကို သိနေသည်။ သူသည် အရာအားလုံးကို သေချာစုံစမ်းခဲ့ပြီး သူမအတွက် လူတိုင်းကို သတ်ပေးနေလေသည်။ သူ နောက်ပြောင်၍ ပြောခဲ့ခြင်း ဟုတ်ပုံမရတော့ပါ။
*အရူး*
*ကျွန်မအတွက်နဲ့ အင်ပါယာတစ်ခုလုံးနဲ့ ရန်သူ လုပ်မလို့လား၊ ဒါ တန်လို့လား*
“ယဲ့ဖန် မင်း …”
ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆူညံပွက်လောရိုက်လာသည်။ ဤညီလာခံခန်းမတွင်း၌ ဧကရာဇ်နှင့် အင်ပါယာ၏ မှူးမတ်များကို ရှေ့ထား၍ အရာရှိများကို သတ်နေသည်တဲ့လား။ ဤသည်မှာ ဧကရာဇ်ကို စော်ကားလိုက်ခြင်းပင်။
လူတိုင်း ယဲ့ဖန်ကို အရူးဟူသော စကားလုံးမှလွဲ၍ အခြားဘယ်စကားလုံးနှင့် ဖော်ပြရမလဲ မသိတော့ချေ။
*သူက ရူးတာထက်တောင် လွန်နေပြီ*
ရီဆု တုန်ယင်နေလေသည်။ ဤလူက သူ့ခမည်းတော်ထက် ဆယ်ဆမက ပိုကြောက်စရာကောင်းနေပြီး လူပင် ဟုတ်ဟန် မတူချေ။
ပိုင်ရွှယ်၏ အနောက်၌ မည်သို့သောသူ ရှိနေမလဲ သူ မသိခဲ့ပါ။ ဘယ်လိုလုပ် ဤသို့သော နတ်ဆိုးမျိုးက သူမ အနောက်၌ ရှိနေရသနည်း။
“ရဲတင်းတယ်”
ထိုစဉ် ပိုင်ကျန့်ချင်း မနေနိုင်တော့ဘဲ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ အစက သူ ယဲ့ဖန်ကို ဖြည်းဖြည်းချင်း သတ်ပစ်မည်ဟု တွေးထားခဲ့သော်လည်း ယဲ့ဖန်က သေရန် မစောင့်နိုင်သကဲ့သို့ ပြုမူလာ၏။
*ဒီကောင်*
*ငါ သူ့ကို မသတ်နိုင်ဘူးလို့ တကယ် ထင်နေတာလား*
လက်ရှိတွင် ပိုင်ကျန့်ချင်း၏ နဖူးကြောများ ထောင်နေပြီး မျက်လုံးများက ဒေါသမီး တောက်လောင်နေကြောင်း သိသာနေ၏။ သူ ယဲ့ဖန်ကို ဘာလုပ်တော့မလဲ သိသာနေလေပြီ။
*သတ်ပစ်ရမယ်*
*သူ့ကို အရှင်ထားလို့ မဖြစ်ဘူး*
*ယဲ့ဖန်ကို အသက်ရှင်လျက် ထွက်သွားခွင့် ပေးလို့ မရဘူး*
သို့သော် ယဲ့ဖန်က ပိုင်ကျန့်ချင်းအား တစ်ချက်ကြည့်လိုက်ပြီး အထင်သေးသလို လှောင်ရယ်ကာ မသိကျိုးကျွန် ပြုကာ ရီဆုထံ လျှောက်သွားသည်။ ထိုအခါ လူတိုင်း ကြက်သေ သေသွားကြတော့သည်။
*ဧကရာဇ်ကို လျစ်လျူရှုတာလား*
*ဒီလူ ဧကရာဇ်ရဲ့ အမိန့်ကို တကယ် မသိချင်ယောင်ဆောင်တာလား၊ သူ … သူ ရူးနေပြီလား*
*ရဲတင်းလိုက်တဲ့လူငယ်ပါလား*
*ဒီနန်းတော်ထဲက အင်ပါယာတစ်ခုလုံးရဲ့ အမြင့်ဆုံးလူကို ဥပေက္ခာပြုတယ်ပေါ့*
*ဒီကောင် အင်ပါယာတစ်ခုလုံးနဲ့ ရန်သူလုပ်ဖို့ ဆုံးဖြတ်ပြီးတာလား*
သူတို့ ယဲ့ဖန် ဘာလုပ်ချင်နေမှန်း၊ ဘာတွေးနေမှန်း နားမလည်တော့ပေ။ ဘယ်သူက သူ့ကို ဤသို့ တဇောက်ကန်း မောက်မာ၍ အထက်စီးဆန်တတ်အောင် သင်ထားသနည်း။
“မင်း … မင်း ဘာလုပ်တာလြ၊ ငါက နောက်တက်မယ့် နေဘုရင် ရီဆုနော်၊ မင်း ငါ့ကို သတ်ရင် ငါ့အဖေက မင်းကို ချမ်းသာပေးမှာ မဟုတ်ဘူး၊ ထွက်သွားစမ်း”
ရီဆု ကြောက်လန့်ကာ စိုးရိမ်တုန်လှုပ်၍ တစ်ကိုယ်လုံး တုန်ယင်ပြီး ငိုမတတ် ဖြစ်နေ၏။ မျက်စိရှေ့မှ နတ်ဆိုးသည် သူ့အား တကယ် သတ်ရဲလေသည်။ အင်ပါယာ၏ ဧကရာဇ်ကိုတောင်မှ ဂရုမစိုက်ဘဲ နေရဲလျင် အဘယ်ကြောင့် သူ့ကို မသတ်ဘဲ နေမည်နည်း။
သူ နောင်တရလာ၏။ သူ အဘယ်ကြောင့် ပိုင်ရွှယ်ကို အနိုင်ကျင့်မိသနည်း။ သူမနှင့် သူ ရန်ငြိုးလည်း မရှိခဲ့ပါ။ အကယ်၍ သူသာ ပိုင်ရွှယ်ကို အနိုင်မကျင့်ပါက သူမအနောက်မှ နတ်ဆိုးကလည်း လှုပ်ရှားလာမည် မဟုတ်ပေ။
သို့သော် ယဲ့ဖနက် သူ့အား ခံစားချက် ကင်းမဲ့စွာ ကြည့်လိုက်ပြီး အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
“မင်းသိထားဖို့က ဒီလောကမှာ ငါတစ်ယောက်တည်းကပဲ သူ့အပေါ် အနိုင်ကျင့်နိုင်တယ်၊ အခြားသူ တစ်ယောက် ယောက်သာ သူ့ကို လက်ချောင်းလေးနဲ့ ထိဖို့ ကြိုးစားလို့ကတော့ အဲ့လူအတွက် သေဒဏ်ပဲ”
အခြားသူများအားလုံး ထိတ်လန့်သွားကြလေသည်။
*ယဲ့ဖန်က ပိုင်ရွှယ်အတွက် ရှေ့ထွက်လာတာလား*
အစပိုင်း၌ သူတို့သည် ယဲ့ဖန် ရူးနေသည်ဟု ထင်ခဲ့ကြသည်။ သို့သော် တကယ်တမ်း၌ သူက ပိုင်ရွှယ်အတွက် တိုက်ခိုက်နေခြင်း ဖြစ်နေ၏။
*ဒီကောင်က ရူးနေရုံတင် မကဘဲ စိတ်ပါ သွက်သွက်ခါအောင် ဖောက်ပြန်နေတာကိုး*
ထီးနန်းကို ဆက်ခံနိုင်စွမ်း မရှိသည့် အမှိုက်တစ်စအတွက် ဧကရာဇ်နှင့် လေ့ယန်နိုင်ငံကို ရန်စ၍ စွန့်စားခဲ့သဖြင့် ဤလူသည် သေချာပေါက် စိတ်ဖောက်ပြန်နေလေပြီ။
ထို့နောက် လူတိုင်း၏ ကြောက်လန့်နေသော အကြည့်အောက်မှာပင် ယဲ့ဖန်က ရီဆု၏ လည်ပင်းကိုညှစ်ကာ လေပေါ်မြှောက်၍ ခက်ထန်စွာ ပြောလိုက်သည်။
“မျက်လုံးမှိတ်ထားလိုက်၊ ငါ မြန်မြန် လက်စသတ်ပေးမယ်”
*ဘာ*
*ဒီကောင်က ရီဆုကို တကယ် သတ်ဖို့ ကြံစည်နေတာလား၊ ဒီကောင်က ဧကရာဇ်ကို ရန်စရုံနဲ့တင် အားမရလို့ လေ့ယန် နိုင်ငံကိုပါ ရန်စတာလား*
*နိုင်ငံနှစ်နိုင်ငံကို တစ်ပြိုင်တည်း ရန်စတယ်၊ ဒီကောင် ဘာတွေတွေးနေတာလဲ*
“ရပ်လိုက်၊ အခုချက်ချင်း ရပ်လိုက်စမ်း၊ မရပ်လို့ကတော့ မင်း မြေမြှုပ်စရာတောင် မရှိဘဲ သေရလိမ့်မယ်လို့ ငါ ကျိန်ပြောရဲတယ်”
လေ့ယန်နိုင်ငံ၏ သံတမန်များသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် ပိုင်ကျန့်ချင်းအား စူးစူးရဲရဲ စိုက်ကြည့်လေသည်။
“ဧကရာဇ်၊ ဒါ ဘာအဓိပ္ပာယ်လဲ၊ ကျုပ်တို့ကို ရှင်းပြပါဦး”
ပိုင်ကျန့်ချင်းသည်လည်း အလွန် ဒေါသထွက်နေပြီး အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။
“ယဲ့ဖန် မင်း နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာလား၊ အရှင်မင်းသားကို ချက်ချင်း လွှတ်လို့ဖို့ ငါ မင်းကို အမိန့်ပေးတယ်”
ထို့နောက် သူက ပိုင်ရွှယ်ကို စူးစိုက်ကြည့်လာသည်။
“ခွေးမ အရှင်မင်းသားကို မြန်မြန် ဒူးထောက်ပြီး တောင်းပန်စမ်း”
လက်ရှိတွင် သူသည် ပိုင်ရွှယ်အား ဓားပေါင်းများစွာဖြင့် ခုတ်ထစ်ကာ သတ်ပစ်ချင်နေ၏။ ဤအရိုင်းအစိုင်း မျိုးစေ့ နန်းတော်ကို ဝင်လာသည့် အချိန်ကတည်းက သူ သတ်ပစ်ခဲ့သင့်သည်။ ထိုသို့သတ်ခဲ့လျင် ယခုကဲ့သို့ ပြဿနာများ ဖြစ်လာမည် မဟုတ်ပါ။
လက်ရှိတွင် သူသည် ချစ်ခင်ကြင်နာတတ်သော ဖခင်တစ်ယောက်နှင့် ဧကရာဇ်တစ်ပါး၏ ဇာတ်ရုပ်မျိုး ဟန်ဆောင်မနေတော့ဘဲ သူ၏ ပုံစံအစစ်အမှန်ကို ထုတ်ဖော်ကာ အော်ဟစ်နေသည်။
ရီဆု၏ ဒေါသ ပြေပျောက်သွားရန် ပိုင်ရွှယ်ကို ဒူးထောက်ခိုင်းမှ ရမည် မဆိုထားနှင့်၊ ပိုင်ရွှယ်ကို သတ်လိုက်မှ ဒေါသစိတ်ကို ရုတ်သိမ်းပေးမည်ဆိုလျင် သူ ဘာမှမပြောဘဲ လုပ်ပေးမည်သာ။ ပိုင်ရွှယ် မချိပြုံး ပြုံးလိုက်သည်။
*သားအဖနှစ်ယောက်ရဲ့ ဟန်ဆောင်နေတဲ့ ချစ်ခြင်းမေတ္တာက အဆုံးသတ်တော့မှာပါလား*
ဤသို့ဖြစ်နေသော်ငြားလည်း ပိုင်ရွှယ်သည် မုန်းတီးရွံရှာသော မျက်လုံးများဖြင့် ပုလ္လင်ပေါ်၌ ထိုင်နေသော အမျိုးသားကြီးကို အလွန် မရင်းနှီးသလို ခံစားနေရသည်။ ထိုသူက သူမ၏ ဖခင်တဲ့လား။ ထိုသူက သူမမိခင် ချစ်မိသွားသည့် အမျိုးသားတဲ့လား။
“မင်း နားလေးနေလား၊ ငါ မင်းကို ဒူးထောက်ခိုင်းနေတာတောင် နားမလည်ဘူးလား”
ပိုင်ကျန့်ချင်း၏ မျက်လုံးများက မီးဝင်းဝင်းတောက်နေပြီး သူ့ထံမှ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါ ထွက်ပေါ် လာကာ ပိုင်ရွှယ်အား နုတ်နုတ်စင်းချင်ဟန်ဖြင့် အေးစက်စွာ ကြည့်နေ၏။
*ယဲ့ဖန်က ငါ့ကို ဆန့်ကျင်သလို ဒီခွေးမလေးကလည်း ငါ့စကားကို နားမထောင်ဘဲ နေရဲတာလား*
ပိုင်ရွှယ် မချိတင်ကဲ ပြုံးလိုက်မိပြီး ပြာနှမ်းနေသော မျက်နှာဖြင့် ရီဆုရှေ့၌ ဖြည်းဖြည်းချင်း ဒူးထောက်ရန် ပြင်လေသည်။
ထိုအချိန်တွင် လေ့ယန်နိုင်ငံ၏ သံတမန်များသည်လည်း ဂရုမစိုက်သလို ကြည့်နေကြသည်။ ရီဆုသည်လည်း အလွန် ဂုဏ်ယူသွားပြီး ယဲ့ဖန်အား သရော်ဟန်ဖြင့် ကြည့်လိုက်သည်။
“သတ်လေ၊ မင်း ငါ့ကို သတ်တာနဲ့ အဲ့ဖာသည်မလည်း သေမှာပဲ၊ မင်း သူ့အတွက် ရပ်တည်ချင်တာမလား၊ အခု သူက မင်းအတွက်နဲ့ သေရမှာဆိုတော့ မင်း ဘာတတ်နိုင်သေးလဲ”
“ဖာသည်မ ဟုတ်လား”
ယဲ့ဖန်က ဖြူဖွေးသော သွားတန်းများပေါ်လာသည်အထိ ကြောက်စရာကောင်းအောင် ပြုံးလိုက်သည်။ သူ ပြုံးရယ် နေသော်လည်း ထိုအပြုံး၏ နောက်ကွယ်၌ အလွန် ကြောက်စရာကောင်းလှသည့် ဒေါသကို ချိုးနှိမ်ထား ရကြောင်း လူတိုင်း ခံစားမိနေသည်။ ထိုစကားလုံးက ယဲ့ဖန်အား ထိန်းချုပ်မရနိုင်အောင် ဒေါသထွက်သွားစေ၏။
“မင်း …”
ချက်ချင်းဆိုသလိုပင် ရီဆု၏ အမူအရာ အကြီးအကျယ် ပြောင်းလဲသွားလေသည်။ အကြောင်းမျာ ယဲ့ဖန်၏ ကျဉ်းမြောင်းသွားသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသောကြောင့်ပင်။
ထိုမျက်လုံးမှနေ၍ ငရဲကို မြင်နေရသလို ချောက်နက်ကိုလည်း မြင်နေရ၏။ ထိုမျက်လုးမှ အတောမသတ်နိုင်သော နှိပ်စက်ခြင်းများကိုလည်း မြင်နေရသည်။
“မင်း သေသင့်တယ်”
ယဲ့ဖန် ဒေါသတကြီး ကြုံးဝါး၍ ရီဆုအား လေထဲ လွှင့်ပစ်လိုက်ကာ လက်ဆန့်၍ သူ့ကို ပြန်ဖမ်းချုပ်လိုက်သည်။
“အား … အရူးကောင် မင်း ဘာလုပ်တာလဲ”
ရီဆု နာကျင်စွာ အော်ဟစ်၍ ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်လိုက်မိသည်။
*ဒီခွေးမသားက ဘာလုပ်ချင်နေတာလဲ*
*သူ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ*
ထိုစဉ် ယဲ့ဖန်က ရီဆု၏ ခန္ဓာကိုယ်အား နှစ်ပိုင်းဆွဲဖြဲလိုက်သဖြင့် သွေးများ ပန်းထွက်လာလေသည်။ ကိုယ်တွင်း ကလီစာများပါ အပြင်သို့ စဉ်ထွက်လာသဖြင့် ခန်းမတစ်ခုလုံး သွေးရောင်လွှမ်းကာ လေထုထဲ၌ သွေးနံ့များ တထောင်းထောင်း ထလာ၏။
ဤမြင်ကွင်းက ကြက်သီးထဖွယ် ကောင်းလှသည်။ ကြောက်တတ်သော အရာရှိများဆိုလျင် နေရာမှာတင် သတိလစ် သွားကြသည်။
*ဒီလူက တော်တော် ရက်စက်တာပဲ*
သို့သော် ဤမျှနှင့် မပြီးသွားသေးပေ။ ယဲ့ဖန်၏ မျက်လုံးတွင်းမှ ခရမ်းရောင် မီးတောက် ထွက်ပေါ်လာပြီး အလောင်းပေါ်သို့ မီးတောက် ကျသွားကာ နှစ်ပိုင်းပြတ်နေသော အလောင်းက ပြန်ဆက်သွားလေသည်။
“အား …”
စူးရှသော အော်သံတစ်သံက ခန်းမတွင်း၌ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။ ယင်းအသံမှာ ရီဆု၏အသံ ဖြစ်သည်။
လူတိုင်း တုန်လှုပ်ချောက်ချားသွားကြသည်။ လူတစ်ယောက်ကို သတ်ပြီး အသက်ပြန်သွင်းတယ်၊ ဒါ ဘာနည်း လမ်းလဲ”
ယဲ့ဖန်က သူ့လည်ပင်းကို လက်တစ်ဖက်ဖြင့် ညှစ်၍ အပြုံးကြီး ပြုံးလိုက်သည်။
“ပြီးသွားပြီလို့ မင်း ထင်နေလား၊ အဲ့လောက် မလွယ်ဘူး၊ မင်း ငရဲမှာ ဆက်ပြီး ခံစားနေရမှာ၊ ဘယ်လောက်ထိ ခံစားမှာလဲဆိုတော့ … နှစ်တစ်သောင်းတိတိ”
မြေဆီလွှာ တုန်ခါလာပြီးနောက် မထင်မှတ်ထားသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ယဲ့ဖန်၏ အနောက်၌ မိစ္ဆာအငွေ့အသက်များ ပြည့်နှက်နေသည့် ကြီးမားသော ငရဲတံခါးတစ်ခု ပေါ်လာပြီး အထဲမှ ချောက်ချားဖွယ် ကောင်းသော အော်သံ ထွက်ပေါ်နေသည်။
လူတိုင်း ကြောက်လန့်တကြား ဖြစ်နေစဉ်မှာပင် ယဲ့ဖန်က ရီဆုက ငရဲတံခါးထဲသို့ ပစ်ထည့်လိုက်သည်။
“မဟုတ်ဘူး၊ ငါ့ကို ထွက်ခွင့်ပေးပါ, ငါ့ကို လွှတ်ပေးပါ”
ရီဆု မျက်ရည်လည်ရွဲဖြစ်နေပြီး ငရဲတံခါးဝသို့ ပြန်ပြေးထွက်လာသည်။ သို့ရာတွင် သူ့အနောက်မှ များစွာသော သရဲတစ္ဆေ လက်သည်းများက သူ့ကိုယ်ပေါ် ရစ်ပတ် ဖက်တွယ်လာပြီး ငရဲသို့ ဆွဲချသွားလေသည်။
“ဒုန်း”
ငရဲတံခါး ပြန်ပိတ်သွားပြီး ပျောက်ကွယ်သွားတော့သည်။ လူတိုင်း ငြိမ်ကျသွားပြီး အသက်ပင် မရှူရဲတော့ချေ။
*ဒါ ဘာကြီးလဲ*
*သောက်ကျိုးနည်း ဘာကြီးလဲကွာ*
*လူတစ်ယောက်က ငရဲတစ်ခုလုံးကို သယ်လာနိုင်တာလား*
*ဒီကောင်က ဘာကြီးလဲ*
စစ်နတ်ဘုရားအိုကြီး တစ်ကိုယ်လုံး တုန်ယင်လာပြီး ကြောက်လန့်သော မျက်နှာအမူအရာမျိုး ဖြစ်လာသည်။ မျက်စိရှေ့၌ ဖြစ်ပျက်သွားသော အဖြစ်အပျက်က သူ့အား ကြောက်လန့်သွားစေသည်။
*ဒီလောကမှ ငရဲဆိုတာ တကယ် ရှိတာပဲ*
*ပြီးတော့ ဒီလူက … ငရဲကပါလား*
ထို့နောက် စစ်နတ်ဘုရားအိုကြီးသည် ပုလ္လင်ပေါ်မှ ဧကရာဇ်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းခါလိုက်မိသည်။
*သွားပြီ*
*ကျုံးကျိုး အင်ပါယာတော့ ဇာတ်သိမ်းပြီ*
*ဒီရူးမိုက်တဲ့လူတော့ အမှားကြီး လုပ်လိုက်မိပြီ၊ အဲ့ဒါကြောင့် အင်ပါယာတစ်ခုလုံး ပျက်စီးကိန်းထဲ တွန်းပို့ လိုက်သလို ဖြစ်သွားတော့မှာပဲ*
*ဘာလို့လဲဆိုတော့ သူက နတ်ဆိုးလိုလူကို ရန်စလိုက်မိလို့ပဲ*
ဒူးထောက်ရန် ပြင်နေသည့် ပိုင်ရွှယ်သည်လည်း ရုတ်တရက် တောင့်ခနဲ ဖြစ်သွားပြီး မျက်နှာ ဖြူဖပ်ဖြူရော်နှင့် ယဲ့ဖန်အား မယုံနိုင်သလို ကြည့်လိုက်မိသည်။
ယဲ့ဖန် ဘယ်လိုလုပ် သူမ မတရားခံရသည်ကို ကြည့်နေနိုင်ပါမည်နည်း။
*ဒူးထောက်ရမယ်တဲ့လား*
*ဘယ်တော့မှ မဖြစ်စေရဘူး*
ပိုင်ကျန့်ချင်း နားဝေတိမ်တောင် ဖြစ်သွားသလို လေ့ယန်နိုင်ငံ သံတမန်များလည်း ကြက်သေ သေသွားသည်။ လူတိုင်း ကြောက်လန့်ကာ ခေါင်းမွေးထောင်နေ၏။
ရီဆုကို သတ်ရုံနှ့် မလုံလောက်သေးဘဲ သူ့အား ငရဲ၌ ထာဝရ ခံစားရစေရန် ပစ်ထည့်လိုက်သော အပြုအမူက အလွန့်ကို လူသားမဆန်သော အပြုအမူပင်။
ဤသည်က သူတို့၏ မျက်စိရှေ့မှလူတွင် လူသားဆန်စိတ် မရှိကြောင်း ရည်ညွှန်းနေသည်။ လူတိုင်း သူတို့၏ အသိအမြင်များ ကပြောင်းကပြန် ဖြစ်သွားပြီး အချိန်အတော်ကြာသည်အထိ အသိစိတ် ပြန်မကပ်ကြချေ။
*ငရဲကို ဆောင်ကြဉ်းလာနိုင်သော လူတစ်ယောက်*
*ဒါက စိတ်ကူးယဉ် အိပ်မက်တစ်ခုလိုပဲ*
*ဒီလူက နတ်ဘုရားလား ဒါမှမဟုတ် နတ်ဆိုးလား*
ထိုအခိုက်တွင် ယဲ့ဖန်က တစ်ဖက်လှည့်၍ ပုလ္လင်ပေါ်မှ ပိုင်ကျန့်ချင်းကို စိုက်ကြည့်လေသည်။ သူ၏ စိုက်ကြည့်ခြင်းကို ခံရသဖြင့် ပိုင်ကျန့်ချန်းသည်လည်း ကျောချမ်းသလို ခံစားရကာ တုန်လှုပ်လာရသည်။
အင်ပါယာ တည်ထောင်စဉ်ကတည်းက တည်ရှိခဲ့သော လူအိုကြီးများပင် စိတ်မသက်မသာ ဖြစ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရှေ့မှ လူသည် အလွန် ကြောက်စရာကောင်းနေ သောကြောင့်ပင်။
ယဲ့ဖန်က ကျယ်လောင်စွာ ရယ်မော၍ တစ်ခွန်းချင်း ပြောလိုက်သည်။
“အခုချိန်ကစပြီး မင်း တစ်သက်လုံး ဒူးထောက်စရာ မလိုတော့ဘူး”