Switch Mode

Chapter 1255

ခင်ဗျားတို့အားလုံး သေလိုက်တော့

ပိုင်ရွှယ် မှင်တက်သွားပြီး ဘာမှမပြောနိုင်ချေ။ လက်ရှိတွင် သူမရှေ့၌ ပြုံးနေသော အမျိုးသားသည် အလွန် ကြည့်ကောင်း နေပြီး ဆောင်းရာသီ၌ နွေးထွေးသော နေရောင်ခြည်သဖွယ် လူအများ၏ ရင်ကို နွေးထွေးသွား စေသည်ဟု ထင်မှတ်မိနေ၏။

ဆူညံသံများ ပွက်ပွက်ညံလာပြီး လူတိုင်းသည် စိတ်ရောဂါသည်ကို ကြည့်သကဲ့သို့ တအံ့တဩ ကြည့်နေကြသည်။

*ဘုရင်အဆင့် လူတစ်စုရဲ့ ပူးပေါင်းတိုက်ခိုက်မှုနဲ့ ကြုံနေရတာတောင် သူက အဲ့လူတွေကို ကျောပေးရဲတယ်လား၊ ဒီလူ ရူးနေတာလား*

“သူ့ကိုသတ်၊ မြန်မြန် သူ့ကို နုတ်နုတ်စင်းပစ်လိုက်၊ သူ့ကို ပိုးဆိုးပက်စက် သေရအောင် လုပ်ပစ်”

ခပ်လှမ်းလှမ်းမှနေ၍ ရီဆုက အော်ဟစ် ပြောဆိုနေသည်။ သူ အလွန်အမင်း ဒေါသထွက်နေ၏။

*ဒီမျိုးမစစ်ကောင်ကများ ငါ့ကို ရိုက်ရဲတယ်ပေါ့လေ*

မည်သူမှ သူ့ကို မရိုက်ရဲခဲ့သလိုသူ၏ ဖခင်ဖြစ်သူပင် သူ့အား မရိုက်ခဲ့ပေ။ ထို့ကြောင့် သူ ယဲ့ဖန်ကို သေစေချင် နေလေသည်။

“မျိုးမစစ်ကောင် သေလိုက်တော့”

အရိုးဖြင့် ပြုလုပ်ထားသော လှံတံတစ်ချောင်းက ယဲ့ဖန်၏ ကျောပြင်သို့ ထိုးစိုက်လာသည်။ ဆူညံသံများ ထွက်ပေါ် လာသည်။

*ဒီကောင် လှံတံတစ်ချောင်းနဲ့တင် သေပြီလား*

“အဘိုးကြီး မင်း ရှာထားတဲ့ ဆရာက ထင်သလောက်လည်း မတော်ပါလား”

မင်းဆရာက အထင်သေးသော မျက်နှာပေးဖြင့် ပြုံးနေသည်။ သူတောင်မှ ယဲ့ဖန် သေလိမ့်မည်ဟု ထင်နေ၏။ စစ်နတ်ဘုရားအိုကြီးက ရယ်ရုံသာ ရယ်နေပြီး ပြန်မပြောလိုက်ချေ။

ယဲ့ဖန်၏ ခွန်အား အတိမ်အနက်ကို သူတောင်မှ မမြင်နိုင်သဖြင့် ယဲ့ဖန်က အလွယ်တကူ အသတ်ခံရပါမည်လော။ မှူးမတ်များ၏ မျက်နှာတွင် နှစ်ထောင်းအားရ ဖြစ်နေသော အပြုံးများ ပေါ်လွင်နေ၏။

*ဧကရာဇ်ကို အာခံရတဲ့ ဒီလိုအရူးကောင်က သေသင့်တာ ကြာပြီ*

ပုလ္လင်ပေါ်မှ ပိုင်ကျန့်ချင်းသည်လည်း တည်ကြည်သော အမူအရာ ဖြစ်နေပြီး သူ့မျက်နှာတွင် အေးစက်စက် အပြုံး တွဲခိုနေသည်။

“သူ့မှာ အစွမ်းတစ်ချို့ ရှိပင်မယ့်လည်း အရမ်း မောက်မာလွန်းတယ်၊ သူက နောင်တက်မယ့် ဘုရင်ကိုတောင်မှ အာခံရဲနေတာပဲ၊ အခု သူ သေရတော့မယ် ထင်တယ်”

“ဟဲဟဲ လေ့ယန်နိုင်ငံက လူတွေအားလုံးက ရဲရင့်ပြီး အတိုက်အခိုက် ကျွမ်းတယ်၊ ပြီးတော့ သူတို့နိုင်ငံက ဘုရင်အဆင့်တွေကလည်း တိုက်ပွဲတစ်ရာကျော်လောက် တိုက်ဖူးတဲ့လူတွေချည်းပဲ၊ ဒီကောင်က လေလုံးထွားပြ နေမှတော့ သူမှ မသေရင် ဘယ်သူ သေမှာလဲ”

“အရိုင်းအစိုင်းမျိုးစေ့ကို ကာကွယ်ပေးပြီး အထက်စီးဆန်နေကတည်းက ရူးနေတာပဲ၊ ဒါ သူ့အပြစ်နဲ့သူ ခံရတာ”

မှူးမတ်များ၏ ပါးစပ်မှ သရော်သံများ ထွက်ပေါ်နေပြီး ယဲ့ဖန်၏ ရူးမိုက်မှုနှင့် လွန်ကျူးသော လုပ်ရပ်တို့ကို လှောင်နေကြလေသည်။ သို့သော် ဆက်လက်၍ မြင်တွေ့လိုက်ရသည့် မြင်ကွင်းက သူတို့အားလုံးကို ပြိုင်တူ ပါးစပ်ပိတ် သွားစေ၏။

“ဂျွတ် ဂျွတ်”

ယဲ့ဖန်၏ ကျောပြင်သို့ ထိုးစိုက်လာသည့် လှံတံထံမှ အက်ကွဲသံ ထွက်ပေါ်လာပြီးနောက် ပျက်စီးသွားလေသည်။

“ဒါက …”

ဤအဖြစ်က စားသောက်ပွဲမှ လူတိုင်းကို ကြောက်လန့်ကာ တုန်ယင်သွားစေသည်။

*မာကြောတဲ့ လှံတံက ဘယ်လိုဖြစ်ပြီး ပျက်စီးသွားရတာလဲ*

*ပြီးတော့ ယဲ့ဖန်က ဘာဒဏ်ရာမှ မရဘူးလား*

*ဒီကောင့်ကိုယ်က ဘာနဲ့လုပ်ထားတာလဲ*

“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ မင်း ဘယ်လိုလုပ်လိုက်တာလဲ”

လေ့ယန်နိုင်ငံမှ ဘုရင်အဆင့် သိုင်းပညာရှင်သည် အသက်ရှူမှားသွားပြီး မျက်လုံးတွင် ကြောက်လန့်စိတ်များ ထင်ဟပ်လာသည်။ သူ၏ အရိုးလှံတံသည် သားရဲမိစ္ဆာ၏ အရိုးမှ သန့်စင်မွမ်းမံထားခြင်း ဖြစ်သည်။

“သိချင်လား”

ယဲ့ဖန်က နောက်သို့ငဲ့ကြည့်၍ ထူးဆန်းသော အပြုံးဖြင့် ပြုံးလိုက်သည်။ ထိုဘုရင်အဆင့် သိုင်းပညာရှင် ခေါင်းညိတ် လိုက်မိသည်။ မည်သို့သော အတွေ့အကြုံမျိုးကြောင့် ဤသို့ နတ်ဆိုးဆန်သော ခန္ဓာကိုယ်မျိုး ရလာသလဲ သူ သိချင်နေ၏။

“တမလွန်က မြစ်ဝါမြစ်ထဲမှာ နှစ်တစ်သောင်း စိမ်နေ၊ ငရဲမီးထဲမှာ နှစ်တစ်သောင်းလောက်နေလိုက်၊ ပြီးရင် ဝမ်းနည်းခြင်း ချောက်နက် ထဲက လေပြင်းတိုက်တာကို နှစ်တစ်သောင်းလောက် ခံလိုက်”

ယဲ့ဖန်၏ ခွန်အားကို လူတိုင်း မြင်တွေ့ရသော်လည်း သူ ဤသို့ဖြစ်လာရန် မည်သို့ ပေးဆပ်ခဲ့ရသလဲ မသိကြပေ။

*မြစ်ဝါမြစ်ထဲမှာ နှစ်တစ်သောင်းစိမ်နေပြီးတော့ ငရဲမီးထဲမှာ နှစ်တစ်သောင်းနေရမယ် ဟုတ်လား၊ လေပြင်းဒဏ် ကိုလည်း နှစ်တစ်သောင်း ခံရမယ်*

*ဒါဆိုရင် နှစ်ပေါင်း သုံးသောင်း ဖြစ်နေပြီ မဟုတ်ဘူးလား၊ ဒီကောင် အတည်ပြောနေတာလား*

*လူတစ်ယောက်က ဘယ်လိုလုပ် အဲ့လောက်ထိ အသက်ရှည်မှာလဲ၊ ဒီကောင် အရူးချီးပန်း လျှောက်ပြော နေတာလား*

ထိုအခါ လူတိုင်းက ယဲ့ဖန်အား အရူးကို ကြည့်သကဲ့သို့ ကြည့်လာသည်။

“မင်းကများ ငါ့ကို လာပြောင်ရဲတယ်ပေါ့လေ”

ထိုဘုရင်အဆင့် သိုင်းပညာရှင်သည် ဒေါသူပုန်ထသွားလေသည်။ ဤသို့သော စကားမျိုးက ကလေးငယ်များကို ချော့ရာ၌ သုံးသော စကားမျိုး ဖြစ်ပေသည်။

“မင်း မယုံဘူးလား”

ယဲ့ဖန်က ပြုံးလိုက်ပြီး ထိုဘုရင်အဆင့် သိုင်းပညာရှင်၏ နဖူးအား လက်ညှိုးထိုးလိုက်သည်။ ထိုအခါ ကြည်လင်သော အလင်းတန်းတစ်ခုက သူ၏ အတွေးထဲသို့ ဝင်ရောက်လာသည်။

“အား …”

သူ၏ အတွေးထဲ၌ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုက အဆုံးမသတ်နိုင်အောင် ပေါ်ထွက်နေသည်။ တောင်လို ပုံနေသော အလောင်းများနှင့် သွေးပင်လယ်ကို မြင်နေရပြီး မီးပင်လယ်ထဲမှ သရဲတစ္ဆေ ဝိညာဉ်များ ထွက်ပေါ်လာကာ ကြောက်စရာကောင်းသော မျက်နှာများနှင့် သူ့ထံ ပြေးလာနေသည်။

“အား … အနားကို မလာနဲ့ အဝေးကို သွားစမ်း”

မြင်ကွင်းက ပြောင်းလဲသွားလေသည်။

အေးစက်၍ မည်းနက်နေသော မြစ်တစ်စင်းပေါ်၌ နက်မှောင်နေသော မျက်လုံးများနှင့် ထူးဆန်းသော သတ္တဝါများ အဆက်မပြတ် ဖြတ်သန်းသွားလာနေ၏။

ထိုဘုရင်အဆင့် သိုင်းပညာရှင်သည် သူကိုယ်တိုင် ထိုနေရာသို့ ရောက်နေသည်ဟု ခံစားမိကာ နှုတ်ခမ်းများ ဖြူရော်၍ တစ်ကိုယ်လုံး တုန်ယင်လာလေသည်။

မြင်ကွင်းက တစ်ဖန် ပြောင်းလဲသွားပြန်သည်။ အဆုံးကို မမြင်ရသည့် ချောက်နက်တစ်ခုတွင်း၌ လေပြင်း တိုက်ခတ်နေပြီး ကြောက်စရာကောင်းသော ညည်းတွားသံများက နားစည်သို့ ပဲ့ထင်ထပ်၍ ရိုက်ခတ်လာပြီး သူ၏ စိတ်ဝိညာဉ်ကို ဆွဲစုတ်တော့မတတ် ခံစားလာရသည်။

“ရပ် ရပ်လိုက်ပါတော့”

ထိုသူ လဲကျသွားပြီး လိပ်ပြာလွင့်သွားသကဲ့သို့ တစ်ကိုယ်လုံး ခိုက်ခိုက်တုန်နေသည်။ လူတိုင်း မှင်တက် သွားကြသည်။ လေ့ယန် နိုင်ငံမှ လူများသည် ရဲရင့်၍ အတိုက်အခိုက် ကျွမ်းကျင်ကြပြီး သေရမည်ကို မကြောက် ကြချေ။

*သူ ဒီလိုပုံစံ ဖြစ်သွားရတဲ့အထိ ကြောက်သွားရအောင် ဘာမြင်သွားလို့လဲ*

ဤသည်မှာ ယဲ့ဖန် ကြုံတွေ့ခဲ့ရသည့် အရာများ ဖြစ်လေသည်။ မည်သည့်အရာမဆို အခြားသူများကို ရူးသွားအောင် လုပ်နိုင်လေသည်။ သူသည် ငရဲ၏ ကြောက်စရာ အကောင်းဆုံးနှင့် အကြမ်းတမ်းဆုံး နေရာများ၌ ကျင့်ကြံခဲ့သည်။ ထိုနေရာများသည် နတ်ဆိုးများပင် ခြေမချဝံ့သည့် တားမြစ်နေရာများ ဖြစ်သော်လည်း ယဲ့ဖန်က ထိုနေရာများ၌ နှစ်ထောင်သောင်းချီကာ ကျင့်ကြံခဲ့လေသည်။ ထိုသို့ဖြင့် စကြဝဠာ၏ နတ်ဆိုးဧကရာဇ်၊ ငရဲဘုံ၏ အရှင်သခင် မွေးဖွားလာခဲ့သည်။

“မကြောက်နဲ့၊ ငါ ဒါတွေအားလုံးကို အဆုံးသတ်ပေးမယ်”

ယဲ့ဖန်က သူ့ထံသို့ လှောင်ပြုံးဖြင့် လျှောက်သွားပြီး ဦးခေါင်းကို လက်တစ်ဖက်ဖြင့် ကိုင်၍ လက်ငါးချောင်းကို ဖျစ်ညှစ်လိုက်သည်။

“ဂျွတ်”

ထိုလူ၏ ဦးခေါင်း ကြေမွသွားပြီး သွေးများ ပန်းထွက်ကာ ဦးနှောက် အပိုင်းအစများ လွင့်စဉ်လာသည်။ သို့သော် ထိုသူက စိတ်အေးသွားသော အပြုံးမျိုး ပြုံးနေသဖြင့် ထူးဆန်းလွန်းလှသည်။

“မင်း … မင်း ဘာလုပ်လိုက်တာလဲ”

ကျန်ရှိနေသော လေ့ယန်နိုင်ငံ၏ ဘုရင်အဆင့် စစ်သည်တော်များ အလွန်အမင်း ချောက်ချားသွားကြသည်။

*ဒါ ဘာကြီးလဲ၊ ငါတို့ပဲ အမြင်မှားတာလား*

စစ်မြေပြင်၌ အစွမ်းပြနိုင်သည့် ဘုရင်အဆင့် သိုင်းပညာရှင်တစ်ယောက်က ပေါင်ခွကြား စိုရွဲသွားသည်အထိ ကြောက်လန့်သွားသည်က မယုံနိုင်စရာ ကောင်းလှသည်။

“ငရဲကို မြင်ဖူးတယ်ရှိအောင် ပြပေးလိုက်တာလေ”

ယဲ့ဖန်က တည်ငြိမ်စွာပြုံးလိုက်ပြီးနောက် အေးစက်စက် ပြောလိုက်သည်။

“ပြီးတော့ မင်းတို့လည်း ငရဲကျမှာ”

ရုတ်ချည်းဆိုသလိုပင် သတ်ဖြတ်လိုသော အငွေ့အသက်က မုန်တိုင်းသဖွယ် ပျံ့လွင့်လာသည်။ ထိုလေ့ယန်နိုင်ငံမှ စစ်သည်တော်များသည် ကြောက်လန့်သွားပြီး မြေဆွဲအားက ပိုပြင်းလာသလို ခံစားလိုက်ရသည်။  လူတိုင်း ထိုအရှိန်အဝါကို မခုခံနိုင်ဘဲ ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ရလေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရီဆုသည် ထိတ်လန့်ကာ မျက်နှာဖြူရော်သွားပြီး မယုံနိုင်သလို ကြည့်နေသည်။

*လေ့ယန်နိုင်ငံက စစ်သည်တော်အားလုံး ချက်ချင်း ဒူးထောက်လိုက်ရတာလား*

*ဒါ ဘာအဓိပ္ပာယ်လဲ*

ဆယ်ခြောက့်နှစ်တိတိ သူ ကြီးပြင်းခဲ့သော်လည်း ဖခင်ဖြစ်သူ နေဘုရင်ပင် သူ့အား ဤမျှ ကြောက်လန့်အောင် မလုပ်နိုင်ပါ။

*ဒီလူက လူလား သရဲလား*

ပုလ္လင်ပေါ်မှ ပိုင်ကျန့်ချင်းနှင့် မင်းဆရာတို့ ပြိုင်တူ မျက်မှောင်ကြုတ်သွားပြီး မျက်နှာ မည်းမှောင်သွားကြသည်။ သူတို့ ယဲ့ဖန်ထံမှ ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုကို မြင်နေရသည်။

*ဒီကောင်က အင်ပါယာရဲ့ အုတ်မြစ်ကို ကိုင်လှုပ်နိုင်စွမ်း ရှိလာနိုင်တယ်*

“ခွေးမသား ယဲ့ဖန်၊ မင်း ညီလာခံမှာ မန္တန်ရွတ်ရဲတယ်လား၊ မင်း သေချင်နေပြီလား”

“မင်းက မောက်မာတယ်၊ ဧကရာဇ်ကိုလည်း ထပ်ခါထပ်ခါ ထိပါးရန်စတယ်၊ ငါ မင်းကို ဒီနေ့ ဒီအတိုင်း မထားနိုင်ဘူး”

“မှန်တယ် သူ့ကိုသတ်၊ သူ့ကို ဖျက်ဆီးရမယ်”

“ယဲ့ဖန် ဒူးထောက်စမ်း”

မှူးမတ်များ ဒေါသူပုန်ထနေ၏။ ယဲ့ဖန်သည် ညီလာခံတွင်း၌ တိုက်ခိုက်ခြင်း ဖြစ်လေသည်။ အကယ်၍ သူ လွဲချော်ပြီး ဧကရာဇ်ကိုသာ ထိခိုက်အောက် လုပ်မိပါက သူ အပြင်းအထန် အပြစ်ပေးခံရပေမည်။

“ကျစေ”

သို့သော် ယဲ့ဖန်က သူတို့၏ ကြိမ်းမောင်းသံကို မကြားသယောင်ပြုကာ အေးအေးလူလူ ပြောလိုက်သည်။

“ဂျွတ် ဂျွတ်”

မြေဆီလွှာ အက်ကွဲလာပြီး ရုတ်တရက် အပေါက်ကြီးများ ဖြစ်ပေါ်လာသည်။ ထိုဘုရင်အဆင့်များ အော်ဟစ်ကာ မီးပင်လယ်ထဲသို့ ကျသွားကြသည်။

ထို့နောက် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။ မီးပင်လယ်ထဲမှ ကြောက်စရာကောင်းသော မျက်နှာ များနှင့် မိစ္ဆာများ ထွက်ပေါ်လာပြီး ထိုဘုရင်များကို သတ်ဖြတ်ကာ တစ်စစီ ဖြစ်အောင်လုပ်၍ အေးအေးလူလူ ဝါးစားလေသည်။

ရုတ်ချည်းဆိုသလိုပင် ခန်းမတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားသည်။ မည်သူမှ စော်ကားသော စကားမျိုး ထပ်မပြောဝံ့တော့ချေ။

သူတို့၏ မျက်နှာများ ပြာနှမ်းနေပြီး ဤမြင်ကွင်းက သူတို့ကို ကြက်သီး တဖြန်းဖြန်းထကာ ကြောက်လန့် သွားစေသည်။

*တကယ်ကြီး ငရဲကျသွားတာပဲ၊ ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*ဒါကြီးက မိစ္ဆာကျင့်စဉ်ပဲ၊ လုံးဝကို ကြောက်ဖို့ကောင်းတယ်*

ထို့နောက် ယဲ့ဖန်က မှူးမတ်များကို လှမ်းကြည့်၍ ကြောက်စရာကောင်းသော အသံဖြင့် ပြောလိုက်သည်။

“ခင်ဗျားတို့ ကျုပ်ကို ကြည့်တဲ့အကြည့်ကို သဘောမကျဘူး၊ ဒူးထောက်စမ်း”

အားလုံး အုတ်အော်သောင်းတင်း ဖြစ်သွားပြီး အထင်မှားသည်ဟုပင် ခံစားလိုက်ရသည်။

*ယဲ့ဖန်က ငါတို့ကို ညီလာခံခန်းမထဲမှာ ဒူးထောက်ခိုင်းတာလား၊ ညီလာခံခန်းမမှာ မှူးမတ်တွေက တစ်ယောက် တည်းကိုပဲ ဒူးထောက် အရိုအသေ ပေးတာကို သူ မသိဘူးလား၊ ဧကရာဇ်ကိုပဲ အရိုအသေ ပေးတာလေ*

*ယဲ့ဖန်က သူတို့ကို ဒူးထောက်ခိုင်းတယ်ဆိုတော့ လက်ရှိ ဧကရာဇ်က ဘာဖြစ်သွားမလဲ*

*ဒီကောင်က ရူးရုံတင်မကဘူး ကောင်းကင်ကိုပါ တုတ်နဲ့ ထိုးချင်နေတာ*

*သွပ်သွပ်ခါအောင် ရူးနေတဲ့အရူး*

စစ်နတ်ဘုရားအိုကြီး မချိပြုံး ပြုံးလိုက်မိသည်။ ထို့နောက် နဂါးတစ်ကောင်၌ အတိုင်းအတာရှိသည်ဟူသော စကားတစ်ခွန်းကို သူ အမှတ်ရသွားသည်။ ပိုင်ရွှယ်မှာ ယဲ့ဖန်၏ သည်းခံနိုင်သော အတိုင်းအတာ ဖြစ်လေသည်။

ယဲ့ဖန် တစ်ခဏအမျှ ငြိမ်နေလိမ့်မည်ဟု သူ ထင်ခဲ့သော်လည်း လေ့ယန်မင်းသား၏ ပိုင်ရွှယ်အပေါ် ထိပါး စော်ကားလိုက်ခြင်းက ဤနတ်ဆိုး၏ ဒေါသကို ဆွပေးလိုက်သလို ဖြစ်သွားလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။

ယခုမှ မရှင်းလျင် မပြီးနိုင်တော့ချေ။ ယနေ့အဖြစ်အပျက်က ညှိုနှိုင်း၍ မရနိုင်တော့ပေ။

“ယဲ့ဖန် ရုတ်တရက် ဧကရာဇ်ကို သတ်လာမှာ စိုးရတယ်၊ သတိဝီရိယနဲ့ နေကြ”

စစ်နတ်ဘုရားအိုကြီးက လုံခွေနှင့် အခြားသူများကို အလေးအနက် သတိပေးလာ၏။

“ဟင် သူ အဲ့လို လုပ်ရဲပါ့မလား”

လုံခွေနှင့် အခြားသူများ ချက်ချင်း အံ့ဩသွားကြသည်။ စစ်သည်တော်များ သန်းချီရှိနေသည့် ဤနန်းတော်၏ ညီလာခံခန်းမတွင်း၌ ဧကရာဇ်အား သူ တကယ် သတ်ရဲပါမည်လော။ စစ်နတ်ဘုရားအိုကြီးက လုံခွေကို အေးတိအေးစက် ပြန်ကြည့်လိုက်သည်။

“မင်း သူ့ကို စတွေ့ကတည်းက မရိပ်မိခဲ့ဘူးလား၊ ဒီလောကမှာ သူ မလုပ်ရဲတဲ့အရာ ရှိသလား”

“သူက ဘယ်သူလဲ၊ လက်ရဲဇက်ရဲ လူသတ်ရဲတဲ့ နတ်ဆိုး၊ အချုပ်အနှောင်တွေကို မကြိုက်တဲ့ စိတ္တဇသမား၊ မြို့တစ်ခုလုံးကို တစ်ယောက်တည်း ဝင်တိုက်ရဲတဲ့ ယဲ့ဘုရင်လေ”

လုံခွေ ထိတ်လန့်သွားပြီးမှ မတတ်သာသော အပြုံးမျိုး ပြုံးလိုက်မိသည်။

*နောက်ဆုံးတော့ သူ ဒီအဆင့်ကို ရောက်လာပြီလား*

*ဒါဆို ပေါင်လုံအဖွဲ့အစည်းက ယဲ့ဖန်နဲ့ ရင်ဆိုင်ရမှာပဲ*

သို့ရာတွင် လုံခွေနှင့် အခြားသူများသည် ထိုသို့မလုပ်ချင်သလို လုပ်လည်း မလုပ်ရဲကြပေ။ မှူးမတ်များ၏ မျက်နှာက အလွန် မည်းမှောင်နေပြီး အရှက်ခွဲသလို ခံစားနေရသည်။ ဧကရာဇ်ရှေ့တော်မှောက် ဖြစ်သော ညီလာခံခန်းမတွင်း၌ ယခုကဲ့သို့ တစ်ခါမှ မဖြစ်ဖူးပေ။

သူတို့သည် ဩဇာအာဏာ ကြီးသူများ ဖြစ်ပြီး ဧကရာဇ်တောင်မှ သူတို့ကို ဆန့်ကျင်ဘက် မပြောရဲသဖြင့် မည်သူက သူတို့ကို အတင့်ရဲကာ ဒူးထောက်ခိုင်းရဲသနည်း။

သို့သော် သူတို့ ဒေါသထွက်သော်လည်း ထုတ်မပြောရဲပေ။ အကြောင်းမှာ လေ့ယန်နိုင်ငံမှ စစ်သည်တော်များ၏ အဆုံးသတ်ကို သူတို့ ရှင်းလင်းစွာ မြင်လိုက်ရခဲ့ကြသောကြောင့်ပင်။

လူတစ်ယောက်က အင်ပါယာ၏ မှူးမတ်များကို စိန်ခေါ်၍ ဒူးထောက်ခိုင်းခြင်းက သူ့ကိုယ်သူ ဧကရာဇ်နှင့် နှိုင်းယှဉ် နေခြင်းနှင့် အတူတူပင်။ ထို့ထက်ဆိုးသော အဖြစ် မရှိတော့ပါ။

ဤသို့သောအဖြစ်မျိုးသည် အင်ပါယာ တည်ထောင်စဉ်ကတည်းက တစ်ခါမှ မဖြစ်ခဲ့ဖူးပေ။ အလွန်အမင်း ရဲတင်းလွန်းပေ၏။

“ဒူးမထောက်ဘူးလား”

ယဲ့ဖန်က အေးအေးဆေးဆေး မေးလိုက်ပြီးနောက် သူတို့ထံမှ အဖြေကို မစောင့်တော့ဘဲ သုန်မှုန်နေသော မျက်နှာထားဖြင့် ဆက်ပြောလိုက်သည်။

“ဒါဆိုလည်း ခင်ဗျားတို့အားလုံး သေလိုက်တော့”

Comment

Leave a Reply

Options

not work with dark mode
Reset