အခန်း (၂) တစ်ညအတွင်းကျင့်စဉ်လမ်းသို့ဝင်ရောက်ခြင်း
ကျန်းလန် အချိန်ကိုတွက်ချက်ကြည့်လိုက်သည်။
နောက်တစ်နေ့သို့ ရောက်ရန် သိပ်မလိုတော့ကြောင်း ရိပ်မိလိုက်သည်နှင့် စနစ်တွင် မှတ်ပုံတင်ရန်အတွက် နေရာရှာဖွေရန် စဉ်းစားလိုက်သည်။
… သူ… မည်သည့်နေရာတွင် မှတ်ပုံတင်ရပါမည်လဲ…။
နဝမတောင်ထွတ် အစွန်းတွင် ဆိုလျှင်ရော…။
နဝမတောင်ထွတ်က နေရာကောင်းတစ်ခု ဖြစ်ဟန်တူသည်။ သို့သော်… မှတ်ပုံတင်ရန် သင့်တော်သည့်နေရာမဟုတ်ဟု ကျန်းလန်ခံစားလိုက်ရသည်။
ငရဲတံခါးရှိနေသည့် တောင်ထွတ်ဖြစ်သောကြောင့် မှတ်ပုံတင်ခြင်း အောင်မြင်နိုင်မည် မဟုတ်ဟု ကျန်းလန် တွေးလိုက်သည်။
“ဟုတ်ပြီ… ခွန်လွန်တောင်တံခါးမှာ သွားပြီး မှတ်ပုံတင်ရမယ်…”
နဝမတောင်ထွတ်က ခွန်လွန်တောင်၏ အစိတ်အပိုင်းတစ်ခုဖြစ်လေသည်။
ခွန်လွန်တောင်တံခါးကတော့ ခွန်လွန်တောင်တစ်ခုလုံးသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်တစ်ခု ဖြစ်သည်။ ထိုနေရာက မည်သူမဆို ဝင် ထွက် သွားလာနိုင်ပြီး ထူးခြားသည့် နေရာတစ်ခုလည်း ဖြစ်သည်။
နဝမတောင်ထွတ်က မဟာတာအိုလမ်းကြောင်းနှင့် နီးကောင်းနီးနိုင်သည်။ သို့သော်… ခွန်လွန်တောင်တံခါးတွင်တော့ စနစ်မှ သူရရှိသည့်လက်ဆောင်က ပိုပြီးကောင်းမွန်နိုင်သည်။
ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျင့်စဉ်က အစွမ်းမထက်ပေဘူးလား…။
အစွမ်းထက်ပေ၏။ စကားမဆိုနိုင်လောက်အောင်ပင် အစွမ်းထက်လွန်းသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။
သို့သော်… လောလောဆယ်တွင် ကျင့်ကြံရန် မဖြစ်နိုင်သေးပေ။ အကြောင်းမှာ… ကျန်းလန်အနေဖြင့် အခြေခံကျင့်စဉ်များကို စတင် မကျင့်ကြံရသေးသောကြောင့် ဖြစ်သည်။
ထို့ကြောင့်… သူ့အနေဖြင့် အခြေခံကျင့်စဉ်တစ်ခု အရင်ဆုံး ကျင့်ကြံရန် လိုအပ်လေသည်။
ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ကျန်းလန် အခန်းထဲမှ ထွက်ခွာလာခဲ့သည်။
ညသန်းခေါင်ယံကျော်ပြီ ဖြစ်သောကြောင့် ကောင်းကင်က မှောင်မိုက်နေလေသည်။ လပြည့်ညဖြစ်သောကြောင့် မှိန်ပျပျ လရောင်ကတော့ လင်းလက်လျှင် ရှိလေ၏။
ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာသွားသည်နှင့်… နဝမတောင်ထွတ်အစွန်းတွင် ထိုင်နေသည့် မော့ကျန်းသုန့်က ကျန်းလန်၏ ကျောပြင်ကို စိုက်ကြည့်ရင်း အနည်းငယ် စိတ်ပျက်သွားမိသည်။
နဝမတောင်ထွတ်က အတော်လေး ထူးခြားသည့် နေရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်… ငရဲတံခါးတည်ရှိရာ နေရာဖြစ်ပြီး လူတစ်ယောက်၏ သဘောသဘာဝကို စမ်းသပ်စစ်ဆေးနိုင်သော နေရာလည်းဖြစ်သည်။
ခံနိုင်ရည်မရှိလျှင်… နေထိုင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း… မော့ကျန်းသုန့်က ကျန်းလန် ခံနိုင်ရည်ရှိရန်အတွက် မနက်ဖန်တွင် စိတ်စွမ်းအားကျင့်စဉ်များ အရင်ဆုံး သင်ပြပေးရန် ဆုံးဖြတ်ထားခြင်း ဖြစ်သည်။
ငရဲတံခါးအကြောင်း နားလည်အောင် စတင် သင်ပြမပေးခင် စိတ်စွမ်းအားကျင့်စဉ်များ အရင်သင်ယူရန် လိုအပ်သည်။
သို့သော်… ယခုတော့ ကျန်းလန်က ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
“နောက်ဆုံးတော့ သူလည်း ထွက်သွားပြီပဲ…”
မော့ကျန်းသုန့် သက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်လုံးများကို ပြန်လည်မှေးမှိတ်လိုက်သည်။
မော့ကျန်းသုန့်အနေဖြင့် နှစ်ပေါင်းများစွာအတွင်း တပည့်များစွာ လက်ခံခဲ့သော်လည်း တပည့်တစ်ယောက်မှ မမြဲခဲ့ပေ။ တပည့်တစ်ယောက်ပင်လျှင် သူ၏ ဂိုဏ်းဝင်ဖြစ်မလာခဲ့ပေ။
မည်သူမှ သူ့ထံတွင် (၁၀)နှစ်ကြာအောင် မနေနိုင်ခဲ့ကြပေ။
………..
ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။
အချိန်တန်ကြာသွားပြီးနောက် … အရုဏ်တက်ချိန်တွင် ခွန်လွန်တောင်တံခါးသို့ ရောက်ရှိလာခဲ့သည်။
သို့သော်… သူက တောင်တံခါးမှ ထွက်ခွာသွားခြင်းမပြုဘဲ တောင်တံခါးအနီးအနားတွင် မတ်တတ်ရပ်နေပြီး ခွန်လွန်တောင်တံခါးကို စိုက်ကြည့်နေလေသည်။
ထို့နာက် စိတ်ထဲက ရေရွတ်လိုက်သည်။
“စနစ်… ခွန်လွန်တောင်တံခါးမှာ မှတ်ပုံတင်မယ်…”
စနစ်အသံက ကျန်းလန်၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာသည်။
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ ဂုဏ်ပြုပါတယ် စနစ်ပိုင်ရှင်… မဟာတာအိုက လက်ဆောင်တစ်ခု ရရှိပါတယ် ၊ ယခု ရရှိတာကတော့ ကျင့်စဉ်တစ်ခုဖြစ်တဲ့ “ခွန်လွန်စိတ်ကျမ်း” ဖြစ်ပါတယ်… ]
[ ခွန်လွန်စိတ်ကျမ်း : ခွန်လွန်တောင်ရဲ့ ထိပ်တန်းကျင့်စဉ်ဖြစ်ပြီး မရဏလောကနဲ့ ဆက်နွယ်နေသလို ကောင်းကင်ဘုံနဲ့လည်း ဆက်နွယ်နေတယ် ၊ ထိုကျင့်စဉ်က အသက်ဓာတ်စွမ်းအားတွေကို စုပ်ယူပြီး ကျင့်ကြံရမှာ ဖြစ်တယ် ၊ အဲဒီနောက်မှာ အသက်ဓာတ်စွမ်းအားများဟာ ကြောက်မက်ဖွယ်ရာ မိုးကောင်းကင်တန်ခိုးစွမ်းအားများအဖြစ် ပြောင်းလဲသွားမှာ ဖြစ်တယ်…]
ထို့နောက်… ကျန်းလန်၏ စိတ်အာရုံထဲတွင် ခွန်လွန်စိတ်ကျမ်း ပေါ်လာလေသည်။
ကျန်းလန် သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာသည့် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းများကို ဖုံးဖိထားလိက်သည်။ ခွန်လွန်စိတ်ကျမ်းဆိုသည်က ခွန်လွန်တောင်၏ အခြေခံကျင့်စဉ်များထဲမှ တစ်ခု ဖြစ်သည်။
ထိုသို့သော ကျင့်စဉ်မျိုးကို သူကတော့ လွယ်လွယ်နှင့် ရရှိခဲ့ပြီ ဖြစ်သည်။
သို့သော်… မဟာတာအိုလမ်းကြောင်းနှင့်ပတ်သက်သည့် သတိပေးချက်ကတော့ ထွက်ပေါ်လာခြင်း မရှိသေးပေ။ ထို့ကြောင့်… ခွန်လွန်တောင်တံခါးတွင် သူ့အနေဖြင့် ထပ်ခါထပ်ခါ မှတ်ပုံတင်ရန်မှာ မဖြစ်နိုင်ပေ။
သို့သော်… ခွန်လွန်တောင်တွင် မဟာတာအိုလမ်းကြောင်း တည်ရှိမည့်နေရာ များစွာ ရှိနိုင်လေသည်။
ထို့ကြောင့် … ကျန်းလန် သိပ်အများကြီး မစဉ်းစားတော့ဘဲ နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
တောင်ပေါ်အပြန်လမ်းတွင် ခွန်လွန်တောင်မှ အခြားတပည့် (၂)ယောက်နှင့် အမှတ်မထင် တွေ့ဆုံရလေသည်။ ထိုတပည့် (၂)ယောက်၏ မျက်နှာတွင် လျှပ်စီးပုံသဏ္ဍန်အမှတ်အသားများ ပါရှိသည်။
တစ်ယောက်က ဘယ်ဘက်မျက်လုံးအောက်တွင် လျှပ်စီးပုံသဏ္ဍန်သင်္ကေတပါရှိပြီး နောက်တစ်ယောက်ကတော့ ညာဘက်မျက်လုံးအောက်တွင် ပါရှိခြင်း ဖြစ်သည်။
ထို တပည့် (၂)ယောက် မည်သူမည်ဝါဖြစ်သည်ကို ကျန်းလန် မသိရှိပေ။
ထို့ကြောင့် ကျန်းလန်ကလည်း သူတို့ (၂)ယောက်ကို အရေးစိုက်မနေပေ။ သို့သော်… ကျန်းလန် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးချိန်တွင် သူ့အနောက်ဘက်ဆီမှ စကားသံများ ထွက်ပေါ်လာသည်။
“အဲဒါ နဝမတောင်ထွတ်ကိုရောက်လာတဲ့ တပည့်အသစ်မဟုတ်လား ၊ တခြားတောင်ထွတ်တွေကို သွားဖို့များ ကြံနေတာလား မသိဘူး…”
“ရှားတယ်ဟေ့… ၊ ဒီကောင် တစ်ရက်တောင် မခံပါလား…”
“ဒါက ပုံမှန်ပဲလေ ၊ အရင်တုန်းကလည်း နဝမတောင်ထွတ်မှာ တစ်ရက်တောင်နေနိုင်တဲ့သူ ဘယ်သူရှိလို့လဲ ၊ ပြီးတော့… နဝမ တောင်ထွတ်ကို ရောက်သွားတဲ့တပည့်တွေကလည်း သိပ်ပြီး အရည်အချင်း မရှိကြပါဘူးကွာ ၊ နဝမတောင်ထွတ်က ထွက်သွားတဲ့သူတွေကို အခြားတောင်ထွတ်တွေက လက်ခံထားလည်း နောက်ဆုံးတော့ ပြဿနာတက်ကြတာပဲလေ ၊ သူတို့ကိုက အသုံးမကျတာ ၊ အခြားတောင်ထွတ်ကလူတွေလည်း သူတို့ကို မထိန်းနိုင်ကြဘူး…”
“ဒါပေမဲ့… သူ့ကိုကြည့်ရတာ နဝမတောင်ထွတ်ကို ပြန်သွားမယ့်ပုံပဲ ၊ ထွက်သွားတဲ့ပုံတော့ မဟုတ်ဘူး…”
“ဟားဟား… ဒါတွေက အရေးမကြီးပါဘူးကွာ… ၊ သူ့အရည်အချင်းနဲ့ဆိုရင် သူလည်း သိပ်ကြာမယ့်ပုံမပေါ်ဘူး ၊ စောင့်ကြည့်ရုံပေါ့…”
“ကျင့်ကြံခြင်းအားကောင်းတဲ့သူတွေတောင် နဝမတောင်ထွတ်မှာ မနေနိုင်ကြတာကွာ… ၊ သူ့လို ဘာမဟုတ်တဲ့ကောင်က ပြောနေစရာတောင် မလိုပါဘူး ၊ နဝမတောင်ထွတ်က လူသားတစ်ယောက်ကို အင်မော်တယ်ဖြစ်မလာနိုင်အောင် တားဆီးထားတဲ့ နေရာပဲလေ ၊ ဒီလောက် နှစ်တွေအကြာကြီးမှာ… အဲဒီမှာ တပည့်တစ်ယောက်မှ မရှိဘဲ အင်မော်တယ်ကြီးတစ်ယောက်ပဲ နောက်ဆုံး ကျန်နေတာလေ…”
ကျန်းလန်က သူတို့စကားသံများကို နားထောင်နေသော်လည်း စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။
သူတို့ပြောသလိုပင် သူက “ဘာမှမဟုတ်သည့်ကောင်” ဖြစ်သည်။
ယခုလက်ရှိတွင်… သူ့အဆင့်က နိမ့်ကျနေနိုင်သည်။ သို့သော်… အနာဂတ်တွင်တော့ ထိုသူများ အနိုင်မယူနိုင်လောက်အောင် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
ကျန်းလန် စနစ်တွင် မှတ်ပုံတင်နေသရွေ့… နောက်ပိုင်းတွင် ဤသူများ သူ့ကို မော့ပင် ကြည့်ရဲကြတော့မည် မဟုတ်ပေ။
နဝမတောင်ထွတ်မှာ သူက အကြာကြီး မနေနိုင်ဘူးတဲ့လား…။ ဟာသပဲ…။
သူက နဝမတောင်ထွတ်တွင် အမြဲတမ်း နေထိုင်မည့်သူ ဖြစ်သည်။
ကျန်းလန် နဝမတောင်ထွတ်ကို သဘောကျရသည့်အချက်မှာ လူသူနည်းပါးသောကြောင့် ဖြစ်သည်။ လူသူနည်းပါးလေ အန္တရယ်ကင်းလေ မဟုတ်ပါလား။
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်ရောက်လာခဲ့လေသည်။
ကျန်းလန် ပြန်လာသည်ကို တွေ့သည်နှင့် မော့ကျန်းသုန့် ကျင့်ကြံနေခြင်းကို ရပ်တန့်ပြီး ရုတ်တရက် ပြုံးလိုက်သည်။
“မင်း… ပြန်လာဖို့ ဆုံးဖြတ်ချက်ချလိုက်တာ သိပ်ကောင်းတယ် ၊ တစ်နေ့မှာ မင်းအပေါ် မျှော်လင့်ချက်အများကြိး ထားနိုင်လိမ့်မယ်လို့ ကျုပ် ယုံကြည်နေမိတယ်…”
ထို့နောက်… မော့ကျန်းသုန့်က မျက်လုံးကို ပြန်မှိတ်လိုက်ပြီး ဆက်လက်ကျင့်ကြံနေလေတော့သည်။
နဝမတောင်ထွတ်တွင် ထူးခြားသည့်အလုပ် သိပ်မရှိပေ။ အဓိကလုပ်ဆောင်ရသည့် တာဝန်က ငရဲတံခါးကို အနီးကပ် စောင့်ကြည့်ရခြင်းသာ ဖြစ်လေသည်။
သို့သော်… ဤအလုပ်က ခွန်လွန်တောင် တစ်ခုလုံးတွင် အခက်ခဲဆုံး အလုပ်ဖြစ်သည်။
သူနေထိုင်သည့် အဆောက်အဦသို့ ပြန်ရောက်သည်နှင့် ကျန်းလန် ချက်ချင်းပင် ခွန်လွန်စိတ်ကျမ်းကို စတင်လေ့လာလိုက်သည်။
ခွန်လွန်စိတ်ကျမ်းကို စတင်လေ့လာစဉ်မှာပင် ထူးခြားမှုတစ်ခုကို ကျန်းလန် တွေ့ရှိလိုက်ရသည်။
ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်ကို အခြားသူများ အမှန်အတိုင်း မသိမြင်စေရန် ဖုံးကွယ်ထားနိုင်သည့် စွမ်းအားလုံးကြီးတစ်ခု ခွန်လွန်စိတ်ကျမ်းမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုစွမ်းအားလုံးကြီးက သူ့အပေါ် အန္တရယ်မရှိကြောင်း သေချာတော့မှ ကျန်းလန် ခွန်လွန်စိတ်ကျမ်းကို စတင် ကျင့်ကြံလိုက်သည်။
ခွန်လွန်စိတ်ကျမ်းက သူ့ခန္ဓာကိုယ်ထဲ တဖြည်းဖြည်း ဝင်ရောက်လာသည်။
ထိုအခါ… မျက်လုံးများမှိတ်ထားသည့်တိုင် များစွာသောအသက်ဓာတ်စွမ်းအားများ သူ့ထံသို့ ဝင်ရောက်လာသည်ကို စိတ်အာရုံထဲတွင် တွေ့မြင်နေရသည်။
အသက်ဓာတ်စွမ်းအားများက ကျန်းလန်၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားပြီး သူ၏ စိတ်အာရုံနှင့် ရုပ်ခန္ဓာပေါ်တွင် များစွာ အလုပ်လုပ်နေသည်။
သူ၏ ခန္ဓာကိုယ်ပြင်ပတွင်တော့ မြူခိုးများရစ်သိုင်းနေသည့်အလား ထင်မှတ်ရလေသည်။
သိပ်မကြာမီ… သူ့ခန္ဓာကိုယ်တစ်ခုလုံး ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝလာသလို ခံစားလိုက်ရသည်။
ချီစွမ်းအားများကလည်း သူ့ခန္ဓာကိုယ်ထဲ စီးဆင်းဝင်ရောက်လာပြီး သွေးကြာများထဲအထိ ပျံ့နှံ့သွားသည်။ ထို့နောက် သွေးကြောများထဲမှ ချီစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ ချိတ်ဆက်သွားပြီး အင်မော်တယ်တစ်ပါးကဲ့သို့ အမြင်များ ပွင့်လင်းသွားသည်။
ကျန်းလန်က သူ၏ အဓိကသွေးကြော (၈)နေရာကို အာရုံစူးစိုက်လိုက်သည့်အခါ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုခဏမှာပင်… အခန်းတစ်ခုထဲမှ ထွက်ခွာပြီး ကွင်းပြင်တစ်ခုဆီသို့ ရောက်ရှိသွားသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။
လောကကြီးက ပိုပြီး ကျယ်ပြောလာသလို ခံစားလိုက်ရလေသည်။
ထို့ပြင်… သူ့ခန္ဓာကိုယ် ထောင့်တစ်နေရာမကျန် ကျန်းလန် ထိုးထွင်းတွေ့မြင်နေရသည်။
ထို့နောက်တွင်တော့… အရာအားလုံးက ပုံမှန်အတိုင် းပြန်ဖြစ်သွားလေသည်။
ကျန်းလန် မျက်လုံးများကို အသာဖွင့်ကြည့်လိုက်သည်။
သူ့ကိုယ်သူမယုံကြည်နိုင် ဖြစ်နေမိသည်။
“ငါ ကျင့်စဉ်လမ်းထဲကို ဝင်ရောက်သွားပြီလား…”
အင်မော်တယ်ကျင့်စဉ်များ ကျင့်ကြံရာတွင် ပထမဆုံးအခက်အခဲမှာ ကျင့်စဉ်လမ်းသို့ စတင်ဝင်ရောက်ခြင်း ဖြစ်လေသည်။
သာမန်အရည်အချင်းရှိသည့် တပည့်များအနေဖြင့် ကျင့်စဉ်လမ်းသို့ စတင်ဝင်ရောက်ရန် ရက်ပေါင်း (၁၀၀) တိတိ အချိန်ယူ ပြင်ဆင်ကြရသည်။
ပါရမီရှင်တပည့်များဆိုလျှင်တော့ အနည်းဆုံး အချိန် (၁)လ လိုအပ်သည်။
ယခု ကျန်းလန်ကတော့ ဘာမှ မလုပ်လိုက်ရဘဲ ခွန်လွန်စိတ်ကျမ်းကို ကျင့်ကြံလိုက်ရုံဖြင့် တစ်ညအတွင်း ကျင့်စဉ်လမ်းသို့ စတင်ဝင်ရောက်သွားပြီ ဖြစ်သည်။
ဤသတင်းသာ ပျံ့နှံ့သွားပါက အားလုံး အံ့သြတုန်လှုပ်သွားကြပေလိမ့်မည်။
ဤသည်က ခွန်လွန်တောင်၏ ထိပ်တန်း စိတ်စွမ်းအားကျင့်စဉ်တစ်ခုဖြစ်သည့် ခွန်လွန်စိတ်ကျမ်း၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။
ကျန်းလန်သာ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးသို့ ရောက်ရှိသွားပါက… သူ၏ တန်ခိုးစွမ်းအားများကို ကောင်းကင်ဘုံခြေကိုးလှမ်းကျင့်စဉ်နှင့် တွဲဖက်လိုက်လျှင် အရိုင်းအစိုင်းလောကတွင် မသွားနိုင်သည့်နေရာ ရှိတော့မည် မဟုတ်ပေ။
မရဏလောသို့ပင် ကျန်းလန် သွားကောင်းသွားနိုင်ပေလိမ့်မည်။
သို့သော်… မရဏလောကအထိ သွားလာရန်မှာတော့ အင်မော်တယ်တစ်ပါးဖြစ်လာသည်အထိ စောင့်ဆိုင်းရမည် ဖြစ်လေသည်။ မဟုတ်လျှင်တော့ ကျန်းလန်အတွက် အဆင်ပြေနိုင်မည် မဟုတ်ပေ။
သာမန်လူသားတစ်ယောက် ကျင့်စဉ်လမ်းသို့ ဝင်ရောက်ပြီး စတင်ကျင့်ကြံတော့မည်ဆိုလျှင် “ချီစွမ်းအားသန့်စင်ခြင်းအဆင့်” ကို အရင်ဆုံး ကျင့်ကြံရမည် ဖြစ်သည်။
ထို့နောက် “အခြေခံတည်ဆောက်ခြင်းအဆင့်” ကို ဆက်လက်ကျင့်ကြံပြီး ကျင့်ကြံခြင်းအခြေခံကို တည်ဆောက်ရမည် ဖြစ်သည်။
“အခြေခံတည်ဆောက်ခြင်းအဆင့်” အောင်မြင်လျှင် “ရွှေပြဒါးအမြုတေအဆင့်” သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
“ရွှေပြဒါးအမြုတေအဆင့်” ပြီးလျှင် ဝိညာဉ်ပြောင်းလဲသန့်စင်စေရန် ကျင့်ကြံရမည်ဖြစ်သည်။
ဝိညာဉ်ပြောင်းလဲသန့်စင်ခြင်း အောင်မြင်သွားပြီး မူလဝိညာဉ်ဖြစ်တည်လာလျှင်တော့ စမ်းသပ်ခံရခြင်းကို ကျော်ဖြတ်ပြီး အင်မော်တယ်တစ်ပါး ဖြစ်လာပေလိမ့်မည်။
ယခု ခွန်လွန်စိတ်ကျမ်းကို ကျင့်ကြံပြီးသည်နှင့် ကျန်းလန် ချက်ချင်းပင် ချီစွမ်းအားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။
ချီစွမ်းအား စတင်သန့်စင်နိုင်ပြီဆိုကတည်းက သာမန်လူတစ်ယောက်ဟု မဆိုနိုင်တော့ပေ။ ကျင့်စဉ်လမ်းကို စတင်ဝင်ရောက်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေပြီ။
ကျန်းလန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မြူခိုးငွေ့များ ဝန်းရံနေပြီး ကျန်းလန်က မြူခိုးငွေ့များကို အာရုံစူးစိုက်လိုက်သည်။
ထိုမြူခိုးငွေ့များက သူ ကျင့်ကြံနေသည်ကို အခြားသူများမသိရှိစေရန် ဖုံးကွယ်ပေးထားခြင်းဖြစ်ကြောင်း ကျန်းလန်နားလည်လိုက်သည်။
ထိုမြူခိုးငွေ့များက ကျန်းလန်၏ လျှို့ဝှက်ချက်များကို ကောင်းကင်ဘုံကပင် သိရှိခြင်း မရှိစေရန် တားဆီးထားပေးနေလေသည်။
“ဒီလိုဖြစ်တာ ငါနဲ့ တကယ်သင့်တော်တာပဲ…”
ဟု ကျန်းလန် တွေးလိုက်သည်။
ထို့နောက်… ထူးခြားမှု တစ်စုံတစ်ရာ ဖြစ်ပျက်ခြင်းမရှိဘဲ တစ်ညတာအချိန် ကုန်ဆုံးသွားလေသည်။
နောက်တစ်နေ့… နေ့လည်ခင်းတွင်တော့ ဆရာဖြစ်သူကို တွေ့ဆုံရန် ကျန်းလန် နဝမတောင်ထွတ် အစွန်းသို့ ထွက်လာခဲ့သည်။
မော့ကျန်းသုန့်က နဝမတောင်ထွတ်အစွန်းရှိ ချောက်ကမ်းပါးထက်တွင် တင်ပျဉ်ခွေထိုင်နေလေသည်။
ကျန်းလန်က မော့ကျန်းသုန့်ကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…
“ဆရာ… တပည့် ဆရာ့ကို လာတွေ့ပါတယ်…”
မျက်လုံးများမှိတ်ကာ ကျင့်ကြံနေသည့် မော့ကျန်းသုန့်က ကျန်းလန်၏အသံကြောင့် မျက်လုံးများဖွင့်ကြည့်လိုက်သည်။
သူက ကျန်းလန်ကိုတွေ့လိုက်ရသည့်အခါ ဝမ်းသာသွားဟန်ဖြင့်…
“ကဲ… ဘယ်လိုလဲ… နဝမတောင်ထွတ်မှာ နေမယ်လို့ ဆုံးဖြတ်ပြီးသွားပြီမဟုတ်လား…”
မေးခွန်းထုတ်ပြီးသည်နှင့် မော့ကျန်းသုန့်က ဆက်ပြောလိုက်သည်။
“တကယ်တော့ နဝမတောင်ထွတ်မှာ ပထမဆုံး တစ်ညနေပြီးတာနဲ့ တပည့်အတော်များများက ကိုယ်တွင်းမိစ္ဆာနဲ့ ရင်ဆိုင်ရလေ့ရှိတယ်… ၊ ဒါပေမဲ့ မင်းကတော့ အဲဒါကို ခံနိုင်ရည်ရှိခဲ့ဟန်ပဲ… ၊ သိပ်ကောင်းတယ်… သိပ်ကောင်းတယ်…”
ကိုယ်တွင်းမိစ္ဆာ… တဲ့…။
မော့ကျန်းသုန့်စကားကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။ မနေ့ညကတော့ ကျန်းလန် ထူးခြားမှုများကို လုံး၀ မခံစားခဲ့ရပေ။
ခွန်လွန်စိတ်ကျမ်းကို ကျင့်ကြံနေခဲ့သည့်အတွက် ဖြစ်မည်ဟု ကျန်းလန် ချက်ချင်း သဘောပေါက်သွားသည်။
ခွန်လွန်စိတ်ကျမ်းက အသက်ဓာတ်စွမ်းအားများကို စုပ်ယူပြီး ကျင့်ကြံရသည့် ကျင့်စဉ်တစ်ခု ဖြစ်သည်။ အသက်ဓာတ်စွမ်းအားများကို မြင့်မြတ်သည့် မိုးကောင်းကင်စွမ်းအားများအဖြစ် အသွင်ပြောင်းပေးနိုင်စွမ်း ရှိသည်။
ထို့ကြောင့်… မကောင်းမိစ္ဆာများလည်းအနားမကပ်နိုင်သလို ကိုယ်တွင်းမိစ္ဆာကိုလည်း ပယ်သတ်နိုင်ခြင်း ဖြစ်ဟန်တူသည်။
ထိုခဏမှာပင်… နဝမတောင်ထွတ်တွင် အမြဲတမ်းနေထိုင်သွားရန် ကျန်းလန် ဆုံးဖြတ်ချက်ချလိုက်သည်။ နဝမတောင်ထွတ်၏ မရဏအငွေ့အသက်များက သူ့ကို လုံး၀ ထိခိုက်စေခြင်း မရှိသောကြောင့် ထိုသို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်၏။
“ဟုတ်ကဲ့ပါ ဆရာ ၊ တပည့် နဝမတောင်ထွတ်မှာ အမြဲနေဖို့ ဆုံးဖြတ်ထားပါတယ် ၊ ဆရာကလည်း တပည့်ရဲ့ ဆရာ အမြဲတမ်း ဖြစ်နေမှာပါ…”
ကျန်းလန်က ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ပြောလိုက်လေသည်။
ထူးခြားဖြစ်စဉ်တစ်စုံတစ်ခု ပေါ်ပေါက်လာခြင်း မရှိသရွေ့ ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာသွားမည် မဟုတ်ပေ။ ဤနေရာက လူတိုင်း ခိုလှုံချင်ကြသည့် ခွန်လွန်တောင် ဖြစ်နေသည် မဟုတ်ပါလား။
ကျန်းလန်အနေဖြင့် တန်ခိုးစွမ်းအား အမြင့်မားဆုံး ကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် ခွန်လွန်တောင်နှင့် ဆရာဖြစ်သူအပေါ် မှီခိုအားထားရမည် ဖြစ်သည်။
မော့ကျန်းသုန့်က အတန်ကြာတိတ်ဆိတ်နေပြီးမှ အေးဆေးသည့်လေသံဖြင့်…
“လာ… ကျုပ် မင်းကို ငရဲတံခါးရှိတဲ့နေရာကို လိုက်ပြမယ် ၊ ပြီးရင် စိတ်စွမ်းအားကျင့်စဉ်တွေ စပြီး သင်ပြပေးမယ်…”
မော့ကျန်းသုန့်က အေးဆေးတည်ငြိမ်စွာ စကားပြောနေသည့်တိုင် တပည့်တစ်ယောက် ရရှိခြင်းအတွက် မဖုံးနိုင်မဖိနိုင်ပျော်ရွှင်နေသည်မှာ ထင်ရှားလေသည်။
ကြည့်ရသည်မှာ… ဤတပည့်ကတော့ နဝမတောင်တွင် အမှန်တကယ် နေထိုင်မည့်သူဖြစ်ဟန် ရှိလေသည်။
Good