Chapter 42

မင်းထက် သာတယ်

“မဟာဆရာသခင်ရဲ့ ခင်ဗျား ပြဿနာ တက်နေတာလား၊ ခင်ဗျား ကျုပ် အကူအညီလိုလား”

လင်းရှန်းဟဲက အပြုံးပန်းဆင်ထားသော မျက်နှာနှင့် မေးလာသည်။ ရဲ့လင်းချန်က လုမိသားစု သားအဖကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“အင်း … နည်းနည်းတော့ ပြဿနာတက်နေတယ်”

“မဟာဆရာသခင်ရဲ့ ကျုပ်တို့ တောင်းပန်ပါတယ်၊ ကျေးဇူးပြုပြီး ခုနက ကျုပ်တို့ ခင်ဗျားအပေါ် ရိုင်းပျခဲ့တာကို ခွင့်လွှတ်ပေးပါ”

လုထျန်းရှုံး ကြောက်လန့်ကာ တုန်လှုပ်နေသည်။ ဒုန်းခနဲ အသံနှင့်အတူ သူ ကြမ်းပြင်ပေါ် ဒူးထောက်ချ၍ ရဲ့လင်းချန်အား အနူးအညွတ် တောင်းပန်လေသည်။

လူမြင်ကွင်း၌ ဒူးထောက်ခြင်းက အရှက်ကွဲခြင်းပင်။ အထူးသဖြင့် လုထျန်းရှုံးကဲ့သို့ ရာထူးအာဏာရှိသူအတွက် ပိုဆိုးလေသည်။ သို့သော် လုထျန်းရှုံးသည် သူ ဒူးထောက်ရမည် ဖြစ်ကြောင်း သိနေသည်။ ထို့အပြင် သူ စိတ်ရင်းအတိုင်း တောင်းပန်ရပေမည်။

လုဟောင်ကလည်း သူ့နည်းတူ လုပ်လာသည်။ သူသည် မျက်ရည်များဖြင့် ဒူးထောက်ကာ တောင်းပန်လေ၏။

“မဟာဆရာသခင်ရဲ့ ကျုပ် မသိတတ်ခဲ့လို့ ခင်ဗျားအကြောင်း မသိခဲ့တာပါ၊ ကျေးဇူးပြုပြီး ကျုပ်ကို တစ်ခါလောက် ခွင့်လွှတ်ပေးပါ”

ရဲ့လင်းချန် သူတို့နှစ်ယောက်ကို မခိုးမခန့် ကြည့်လိုက်သည်။ လုထျန်းရှုံး၌ ယခုအခြေအနေသို့ တက်လှမ်းနိုင်သည့် အတွက် အရည်အချင်း တစ်ချို့ ရှိကြောင်း သူ ဝန်ခံရပေမည်။ လိုအပ်လျင် မည်သို့ ပြုမူရမလဲ ကောင်းကောင်း သိသူ ဖြစ်သည်။

အခြားသူများမှာမူ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေကာ ပါးစပ်ဟနေကာ ပြန်ပိတ်ရန်ပင် မေ့နေ၏။ အလှည့်အပြောင်း ဖြစ်သွားသော အခြေအနေက သူတို့ လိုက်မှီနိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေသည်။

လုမိသားစု သားအဖက ကြမ်းပြင်၌ ခွေးသဖွယ် ဒူးထောက်၍ တောင်းပန်နေကြသည်။ ဤအခြေအနေက သူတို့ တစ်ခါမှ တွေးမထားမိသည့် အရာ ဖြစ်သည်။

ဒါရိုက်တာလီက ရဲ့လင်းချန်ကို စိုက်ကြည့်ရင်း စိတ်ထဲ၌ ရင်တုန်နေသည်။ သူ ကောင်းကင်ဘုံကို ကျေးဇူးတင် နေမိသည်။

“သူ့နောက်မှ ဒီလို အင်အားကြီး မိသားစု ရှိနေတာပဲ၊ ငါ သူ့ကို ကောင်းကောင်း ဆက်ဆံခဲ့မိတာ ကံကောင်း သွားတယ်”

ဤအဖြစ်အပျက်ကြောင့် ရှောင်ဖေးဖေး အံ့ဩနေပြီး မျက်လုံးလေး ပြူးကာ ပါးစပ်ကို လက်ဖြင့် တအံ့တဩ အုပ်ထားမိသည်။

“သခင်လေးလု ကျုပ် မှတ်မိသလောက်ဆို ခင်ဗျား ဝိုင်တွေ ရောခဲ့သလားလို့”

ရဲ့လင်းချန်က လုဟောင်ထံ အကြည့်လွှဲလိုက်သည်။

“မဟာဆရာသခင်ရဲ့ ခင်ဗျား ကျုပ်ကို ရှောင်လုလို့ ခေါ်နိုင်ပါတယ်”

လုဟောင်က ရောင်ကိုင်းနေသော သူ့မျက်နှာအား ဖျစ်ညှစ်ကာ ပြုံးပြရန် ကြိုးစား၍ ဖြေလိုက်သည်။

“သွားသောက်လိုက်”

လုဟောင်က ချက်ချင်း ထ၍ စားပွဲပေါ်မှ ဝိုင်ခွက်ကို တလေးတစား အမူအရာနှင့် ကောက်ကိုင်လိုက်ပြီး နည်းနည်းလေးမှ မနှောင့်နှေးရဲပေ။

ရဲ့လင်းချန်က လုဟောင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

“ဒီဝိုင်က … ဘယ်သူ့အတွက်လဲ”

လုဟောင် ချွေးပြန်လာပြီး ဝိုင်ခွက်ကို ကိုင်ထားသော သူ့လက်များ တုန်ယင်လာသည်။

“ဒါ ကျွန်တော့်အတွက်ပါ၊ ဒီလိုမျိုးကို ကျွန်တော် ကြိုက်လို့လေ”

“သောက်ပြပါဦး”

“ဟုတ်ကဲ့ မဟာဆရာသခင်ရဲ့ ဝိုင်အတွက် ကျေးဇူးတင်ပါတယ်”

ထိုသို့ပြောပြီး လုဟောင်က ချက်ချင်း ခေါင်းမော့၍ တစ်ခွက်လုံးကို တစ်ကျိုက်တည်း သောက်ပစ်လေသည်။ အယ်လ်ကိုဟော၏ ပြင်းရှလှသော အရသာက သူ့လည်ချောင်းအား ထိုးခွင်းသကဲ့သို့ စီးဝင်းလာသဖြင့် သူ နာကျင် လာသည်။

သို့သော် သူ မရပ်ရဲသလို ပါးစပ်မှ တစ်စက်ကလေးမှ မဖိတ်စင်ရဲပါ။ တစ်ခွက်လုံး သောက်ပြီးသွားသောအခါ သူ့မျက်နှာ တစ်ခုလုံး နီမြန်းလာ၏။

“မဟာဆရာသခင်ရဲ့ ကျွန်တော် ဒီလိုမျိုး ထပ်မလုပ်တော့ပါဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ကျေးဇူးပြုပြီး …”

လုဟောင် ဆက်လက်၍ အနူးအညွတ် တောင်းပန်ပြီး ကြမ်းပြင်နှင့် နဖူးကို နာနာဆောင့်လေသည်။ ဆောင့်မိသည့် အသံကပင် နာကြောင်း ခံစားမိနိုင်သည်။

လုမိသားစု၏ ရှင်သန်မှုက ရဲ့လင်းချန်၏ စကားပေါ်တွင် မူတည်နေကြောင်း သူ သိနေသည်။ သူတို့ မရိုးသားသော လက္ခဏာများ ပြလာပါက လုမိသားစု ဇာတ်သိမ်းပေလိမ့်မည်။

“မင်းတို့ အဲ့မှာ ရူးကြောင်ကြောင်နဲ့ ဘာရပ်လုပ်နေတာလဲ၊ မင်းတို့ဓားတွေက မဟာဆရာသခင်ရဲ့ကို ကြောက်အောင် လုပ်နေတာ၊ မင်းတို့အားလုံး ဒူးထောက်ကြလေ”

လုထျန်းရှုံးက သူ ခေါ်လာသည့် လူအယောက်နှစ်ဆယ်ကို အော်ဟစ်လေသည်။ ထိုအခိုက်တွင် ထိုလူနှစ်ဆယ်က ပြိုင်တူ ဒူးထောက်လာပြီး သံပြိုင် အော်ပြောလာ၏။

“မဟာဆရာသခင်ရဲ့ ခွင့်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းပန်ပါတယ်”

ဤမြင်ကွင်းက အံ့ဩစရာ ကောင်းလှပြီး လူများစွာအား တိတ်ဆိတ်သွားစေသည်။

“ငါတို့ ဒီမှာ ကင်မရာ မရှိတာ ဆိုးတာပဲ၊ ရုပ်ရှင်ထဲမှာတောင် ဒီလို အံ့ဩစရာကောင်းတဲ့ ပုံစံကို ဖန်တီးနိုင်မှာ မဟုတ်ဘူး”

ဒါရိုက်တာလီက စိတ်ပျက်သလို သက်ပြင်းချလေသည်။

“အခုတော့ ဒီလောက်ပါပဲ၊ မင်း ရှောင်ဖေးဖေးကို ထပ်အရှက်ခွဲမယ်ဆိုရင်တော့ မင်းအသက်နဲ့ ပေးဆပ်ရလိမ့်မယ်”

ရဲ့လင်းချန်က လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ကျွန်တော် ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး၊ မဟာဆရာသခင်ရဲ့ စိတ်ချထားပါ၊ အခုကစပြီး ရှောင်ဖေးဖေးက ကျွန်တော့် အန်တီအဖြစ် သက်မှတ်ပါ့မယ်”

လုဟောင်က စိတ်အေးသလို သက်ပြင်းချလိုက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ကမ္ဘာပေါ်မှ လူတိုင်း၏ သတ္တိအားလုံးကို စုကာ သူ့ကို ပေးလာလျင်တောင်မှ ဤသို့ ထပ်လုပ်ရဲမည် မဟုတ်ပါ။

“ဪ ဟုတ်သား ပြဿနာရှာတဲ့ ဝူမိသားစုကို ငါ သဘောမကျဘူး၊ မင်း သူတို့ကို ဖြေရှင်းနိုင်မယ်လို့ ငါ မျှော်လင့်ပါတယ်”

ရဲ့လင်းချန်က သူ့ကို သတိပေး၍ နောက်လှည့်ကာ ထွက်သွားလေသည်။

“စိတ်ချပါ မဟာဆရာသခင်ရဲ့ ကျွန်တော် ဝူဖုန်းကို သေချာ ဖြေရှင်းလိုက်ပါ့မယ်၊ ဝူမိသားစု ပြဿနာက အေးအေးဆေးဆေး ပြီးသွားပါလိမ့်မယ်”

လုထျန်းရှုံးသည် ဝူဖုန်းကို သေချာစိုက်ကြည့်ပြီး ချက်ချင်း အာမခံလိုက်သည်။ ဤကိစ္စ၏ အကြီးမားဆုံး အစိတ်အပိုင်းမှာ ဝူဖုန်းကြောင့် စတင်ခြင်း ဖြစ်လေသည်။

ရဲ့လင်းချန်က ဝူဖုန်းကို လွှတ်ပေးခဲ့လျင်တောင်မှ သူ ဘယ်တော့မှ လွှတ်ပေးမည် မဟုတ်ပါ။ ဝူဖုန်း၏ မျက်နှာ ပြာနှမ်းသွားပြီး မျှော်လင့်ချက်မဲ့စွာ ကြမ်းပြင်ပေါ် လဲကျသွားသည်။

ရဲ့လင်းချန်က အသိအမှတ် ပြုသလို ခေါင်းညိတ်လိုက်ပြီးနောက် လင်းရှန်းဟဲနှင့်အတူ ထွက်သွားသည်။ တစ်ဖက်တွင်မူ လင်းအောင်က လုထျန်းရှုံးနှင့် သူ့သားထံ လျှောက်သွားလေသည်။ ထို့နောက် ထီမထင်သော လေသံဖြင့် မေးလိုက်သည်။

“လုထျန်းရှုံး ခင်ဗျားသားရဲ့ မျက်နှာက ဘာဖြစ်တာလဲ”

“ကျုပ် သူ့ကို ရိုက်ထားတာပါ၊ ဒီအသုံးမကျတဲ့ကောင်က အမြဲ ပြဿနာပဲ ရှာနေတာ၊ သေချာ ဆုံးမပေးဖို့ လိုနေတာ၊ ဒါ ကျုပ်တာဝန်လေ”

လုထျန်းရှုံး ခပ်သွက်သွက် ပြန်ဖြေလေသည်။

“တစ်ယောက်ယောက် ဒီလောက်အထိ အရိုက်ခံရတာကို ကျုပ် ပထမဆုံး မြင်ဖူးတာပဲ၊ ခင်ဗျား ကျုပ်ကို နည်းပေးလမ်းပြ လုပ်ပေးပါဦး”

လင်းအောင် အေးစက်စွာ ပြောလိုက်သည်။ ရဲ့လင်းချန် ဤကိစ္စကို လျှော်ပေးလိုက်သော်လည်း သူ မလုပ်ပေးနိုင်ပါ။ ဤလုမိသားစု သားအဖကြောင့် အဘိုးလင်းကို ကုသပေးရန် ရဲ့လင်းချန် နောက်ကျရခြင်း ဖြစ်သည်။ ဤသည်က သေလမ်းရှာသည်နှင့် မထူးခြားနားပင်။

အဘိုးလင်း၌ တစ်ခုခုသာ ဖြစ်ခဲ့ပါက လုမိသားစု တစ်ခုလုံးကို ဖျက်ဆီးပြီးလျင်တောင်မှ ကျေနပ်နိုင်မည် မဟုတ်ပါ။ သူတို့ကို အသက်ရှင်ခွင့် ပေးထားသည်က အလွန် ရက်ရောသော အပြုအမူပင်။

“ဟုတ်ကဲ့ ဟုတ်ကဲ့”

လုထျန်းရှုံး ဆက်တိုက် ခေါင်းညိတ်လိုက်ပြီးနောက် တုံ့နှေးမနေဘဲ လုဟောင်ကို စရိုက်လေတော့သည်။

“ဖြောင်း ဖြောင်း ဖြောင်း”

သူ ရိုက်ချက်များ၌ အားမလျှော့ထားရဲပါ။ လုဟောင်၏ မျက်နှာက နောက်ထပ် အဆသုံးဆယ် ပိုရောင်လာ၏။

“နောက်တစ်ခါကျရင် မျက်လုံးကို သေချာဖွင့်ထား၊ မဟာဆရာသခင်ရဲ့က လင်းမိသားစုရဲ့ အထူး ဧည့်သည်တော်ပဲ၊ သူက မင်းထက် သာတယ်”

လင်းအောင်က ထိုသတင်းစကား ချန်ထားပြီးနောက် ထွက်သွားလိုက်သည်။

ကျင်းချန်ဟိုတယ် အပြင်ဘက်၌ ကားသုံးစီး ရှိသည်။ တစ်စီးချင်းစီက ပုံစံ မတူပေ။ သူတို့သည် ကားပါကင်၌ ရပ်ထားခြင်း မဟုတ်ဘဲ ဟိုတယ်ရှေ့ အပြင်ဘက်၌ ရပ်ထားခြင်း ဖြစ်သည်။

ဟိုတယ်ပိုင်ရှင်က ဘာမှမပြောရဲဘဲ ကိုယ်တိုင် ကားသုံးစီးဘေး၌ ရပ်၍ စောင့်ကြပ်နေသည်။ ကားသုံးစီးလုံးသည် အဆင့်မြင့် ပြိုင်ကားများ မဟုတ်ပါ။ သို့သော် သူတို့၏ လိုင်စင်ပြားများက ဝူစာလုံးနှင့် စပြီး အကြမ်းခံ ဂျစ်ကားများ ဖြစ်သည်။

“ဒီကားက … ကြောက်စရာကောင်းတယ်”

ရဲ့လင်းချန်က ဂျစ်ကားကို ကြည့်ပြီး ပြောလိုက်သည်။ ဤကားအမျိုးအစားက လမ်းပေါ်၌ အာဏာရှင် ဆန်လေသည်။ အခြားကားများနှင့် ယှဉ်လျင် ဤကားများက တင့်ကားလိုပင်။ Lamborghini တောင်မှ ဤကားများကို မယှဉ်နိုင်ပေ။

“ကျွန်တော် ဒီကားကို တမင် ပြန်ဆင်ထားတာလေ၊ အရှိန်၊ အကြမ်းခံ စွမ်းရည်နဲ့ တာရှည်ခံနိုင်စွမ်းက အကောင်းဆုံးပဲ၊ ကျွန်တော် စမ်းကြည့်ပြီးပြီ၊ သာမန်အိမ်ရဲ့ နံရံနဲ့ ဝင်ဆောင့်မိရင်တောင် ခြစ်ရာ မထင်ဘူး”

လင်းအောင်က ဂုဏ်ယူစွာ ပြောလေသည်။

“မဟာဆရာသခင်ရဲ့ ခင်ဗျား စမ်းစီးကြည့်ချင်လား”

“ဒါပေါ့”

ရဲ့လင်းချန် ခေါင်းညိတ်၍ ကားပေါ် ခုန်တက်လိုက်သည်။ ကားက မြင့်သည်။ ထိုင်နေချိန်တွင် ကားသေးများကို ငုံ့ကြည့်ရသဖြင့် ဘဝင်ခိုက်စရာ ကောင်းလှသည်။ ထို့အပြင် အတွင်းပိုင်းက ကျယ်ဝန်းကာ ငါးပိသိပ် ငါးချဉ်သိပ် သလို ဖြစ်မနေပါ။

“သေချာထိုင်နော်”

လင်းအောင်က သူ့ကားကို ကြွားရုံသာမက သူ့ကားမောင်းစွမ်းရည်ကိုပါ ပြသလေသည်။ သူ တစ်လမ်းလုံး အရှိန်တင် မောင်းသဖြင့် ဘေးနှစ်ဖက်မှ မြင်ကွင်းများအား မှုန်ဝါးဝါးသာ တွေ့ရလေသည်။ လမ်းပေါ်မှ ကားများ အားလုံး ဘေးကပ်ပေးကာ ဤကားရှေ့၌ ပိတ်မနေရဲချေ။

“မိုက်တယ် ကောင်းလိုက်တဲ့ကား”

ရဲ့လင်းချန် အံ့ဩသွားသည်။ လင်းအောင်က အမြန်မောင်းသည့်အပြင် ဖြတ်လမ်းအတွက် အတွင်းလမ်းများကိုပင် ရွေးကာ မောင်းလေသည်။

သို့သော် လမ်းကြမ်း၌ မောင်းနေသော်လည်း ကားတွင်း၌ တည်ငြိမ်နေသည်။ ဤကားဖြင့် တောင်တက်လျင် တောင်မှ မြေပြန့်၌ မောင်းသလို ခံစားရပေလိမ့်မည်။

ကားထဲ၌ ထိုင်နေခြင်းက သူ့အား လုံခြုံသလို ခံစားရစေသည်။ ဤကား၏ ခံနိုင်စွမ်းက ထိပ်တန်းပင်။ ကျည်ဆံပင် ခံနိုင်လောက်သည်။

“ဪ ဟုတ်သားပဲ မဟာဆရာသခင်ရဲ့ ခင်ဗျားက တိုက်ခိုက်ရေး သိပ်ကောင်းတာဆိုတော့ စစ်သည်တော်ဌာနကို ဝင်ဖို့ စဉ်းစားဖူးလား”

လင်းအောင်က ရုတ်တရက် စိတ်အားထက်သန်သော မျက်လုံးများဖြင့် ရဲ့လင်းချန်ကို ကြည့်လာသည်။


Comment

Leave a Reply


Options

not work with dark mode
Reset