Switch Mode

အခန်း (၁)

ခွန်လွန်တောင်တွင်မှတ်ပုံတင်ခြင်း

အခန်း (၁) ခွန်လွန်တောင်တွင်မှတ်ပုံတင်ခြင်း

“ဒီနေရာက နဝမတောင်ထွတ်ပါ…”

ကျန်းလန်ကို တောင်ထိပ်သို့ ဦးဆောင်ခေါ်လာသည့် သက်လတ်ပိုင်းလူရွယ်က ပြောလိုက်ခြင်းဖြစ်သည်။

လေများက တဟူးဟူးတိုက်ခတ်နေပြီး တောင်ထွတ်ကြီးက မြင့်မားလွန်းလှလေသည်။

နဝမတောင်ထွတ်ဆိုသည်က … ခွန်လွန်တောင်၏ အဓိကတောင်ထွတ်ကြီး (၉)ခုအနက်မှ (၁)ခု ဖြစ်၏။

“ဒီနေ့ကစပြီး… မင်း ဒီနေရာမှာ နေရမယ် ၊ မင်းက ခွန်လွန်တောင်ရဲ့ နဝမတောင်ထွတ်က တစ်ဦးတည်းသော တပည့်ပဲ… ၊ ဒီနေရာက ပတ်ဝန်းကျင်တော့ သိပ်မကောင်းဘူး ၊ ပြီးတော့ မင်း ကျင့်ကြံအောင်မြင်သွားလို့ ထွက်သွားချင်တယ်ဆိုရင်လည်း ကျုပ်ကို အသိပေးခဲ့နော် ၊ ဒါပေမဲ့ အချိန်တန်လို့ ကျုပ်မရှိတော့တဲ့တစ်နေ့ဆိုရင် မင်း… ဒီနေရာက ထွက်သွားချင်ရင်တောင် သွားလို့ မရတော့ဘူး…”

သက်လတ်ပိုင်းလူရွယ်၏ စကားကိုနားထောင်ရင်း ကျန်းလန် ခေါင်းအသာညိတ်ပြလိုက်သည်။

သူ့လို သာမန်လူတစ်ယောက်အနေဖြင့် ခွန်လွန်တောင်တွင် တပည့်အဖြစ် ပညာသင်ကြားရန် မလွယ်ကူလှပေ။ ယခုတော့ ကံကောင်းသဖြင့် ခွန်လွန်တောင်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့်… သူ့အနေဖြင့် လောလောဆယ်တွင် ထွက်ခွာသွားရန် ဆန္ဒမရှိသေးပေ။

ကျန်းလန် ဤလောကသို့ ကူးပြောင်းရောက်ရှိလာသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ခွန်လွန်တောင်က မည်မျှ စွမ်းအားကြီးမားကြောင်း သူ အမြဲတမ်း ကြားဖူးနေခဲ့သည်။

ဤလောကက ပျက်သုန်းနေသည့် တစပြင်လောကကြီး ဖြစ်သည်။

နတ်ဘုရားများနှင့် နတ်မိစ္ဆာများက နေရာတိုင်းတွင် ကျက်စားနေပြီး အင်မော်တယ်များက အုပ်စုဖွဲ့ ပြီးစုဝေး နေထိုင်ကြသည်။

သေသေချာချာသာ သတိထားနေထိုင်ခြင်းမျိုး  မရှိလျှင် ကျန်းလျန်ကဲ့သို့သော သာမန်လူများအတွက် အသက်ရှန်သန်ရ မလွယ်ကူလှပေ။

ထို့ကြောင့်… ခွန်လွန်တောင်တွင် တပည့်ခံခြင်းက သူ့အတွက် ပိုပြီး အန္တရယ်ကင်းသည်။

သို့သော်… မွေးရာပါ ပါရမီရှင်တစ်ယောက် မဟုတ်သော ကျန်းလန်အတွက် ခွန်လွန်တောင်သို့ ဝင်ရောက်နိုင်ရန်မှာ မလွယ်ကူလှပေ။

ယခုတော့… ခွန်လွန်တောင်၏ နဝမတောင်ထွတ်က သူ့ကို တပည့်အဖြစ် ရွေးခြယ်ခဲ့ပြီ ဖြစ်သည်။

နဝမတောင်ထွတ်က မည်သူမှ မသွားချင်သည့် နေရာတစ်ခု ဖြစ်လေသည်။

ထို့ကြောင့်… သူ ရောက်လာသည်နှင့် ခွန်လွန်တောင်မှ အခြားတပည့်များက သူ့ကို လှောင်ပြောင်ရယ်မောနေကြသည်ကို တွေ့မြင်ရသည်။

အချို့တပည့်များဆိုလျှင် ကျန်းလန် နဝမတောင်ထွတ်တွင် ဘယ်လောက်ကြာကြာနေနိုင်မည်လဲဆိုသည်ကိုပင် အလောင်းအစား လုပ်နေကြသေးသည်။

“နဝမတောင်ထွတ်ရဲ့ အနောက်ဘက်မှာ ဂူတစ်ခုရှိတယ်… ၊ အဲဒီဂူက မရဏလောကနဲ့ ဆက်သွယ်ထားတယ် ၊ မရဏလောကရဲ့အငွေ့အသက်တွေက စကြာဝဠာတစ်ခုလုံးက အရောင်အဝါတွေနဲ့ မတူညီဘူး… ၊ သာမန်လူတွေကို အနည်းအပါးတော့ ထိခိုက်နိုင်စွမ်း ရှိတယ် ၊ ကျင့်ကြံသူတွေအတွက်လည်း သိပ်ပြီး မသင့်တော်ဘူး ၊ ဒါကြောင့်… မင်း နဝမတောင်ထွတ်က တပည့်ဖြစ်လာရင်တော့ အဲဒီ အငွေ့အသက်တွေကြောင့် အနည်းနဲ့အများ ဒုက္ခခံစားရမှာပဲ ၊ ဒါပေမဲ့…  ဇွဲရှိရှိနဲ့ ကျင့်ကြံမယ်ဆိုရင်တော့ မင်းအတွက် အဆင်ပြေပါလိမ့်မယ် ၊ အင်း… တပည့်အတော်များများကတော့ ခံနိုင်ရည် မရှိခဲ့ကြဘူး ၊ ဒါကြောင့် ခုချိန်ထိ နဝမတောင်ထွတ်မှာ နေမယ့် တပည့်တစ်ယောက်မှ မရှိသေးတာပေါ့…”

သက်လတ်ပိုင်းလူရွယ်က ကျန်းလန်ကိုကြည့်ရင်း ပြောလိုက်သည်။

“နဝမတောင်ထွတ်ရဲ့ အရှင်သခင်ဖြစ်တဲ့ ကျုပ် မော့ကျန်းသုန့်က ဒီနေ့ကစပြီး မင်းရဲ့ ဆရာဖြစ်သွားပြီ… ၊ မင်းကို ပညာသင်ပေးဖို့ ကျုပ် အကောင်းဆုံး ကြိုးစားပါ့မယ် ၊ နဝမတောင်ထွတ်မှာ မင်းနေနိုင်မယ်လို့လည်း ကျုပ် မျှော်လင့်မိပါတယ်၊ နဝမတောင်ထွတ်ရဲ့ အဓိကတာဝန်ကတော့ ငရဲတံခါးကို စောင့်ကြည့်ဖို့ပါပဲ…”

မော့ကျန်းသုန့်၏ စကားကြောင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။

ခွန်လွန်တောင်တွင် ကောင်းကင်ဘုံနှင့်ဆက်သွယ်ထားသည့် ကောင်းကင်တံခါးရှိသည်ကို ကျန်းလန် သိရှိသော်လည်း မရဏလောကနှင့်ဆက်သွယ်ထားသည့် ငရဲတံခါးရှိနေသည်ကိုတော့ သိရှိခဲ့ခြင်း မရှိပေ။

မရဏလောကသို့သွားသည့် ငရဲတံခါးက နဝမတောင်ထွတ်တွင် တည်ရှိသည်ဆိုလျှင် ကောင်းကင်ဘုံသို့သွားသည့် ကောင်းကင်တံခါးက ပထမတောင်ထွတ်တွင် တည်ရှိလေမည်လား။

ကျန်းလန်လည်း သေချာ မသိပေ။ သို့သော်… သက်လတ်ပိုင်းလူရွယ်က ရှင်းပြနေလေရာ ကျန်းလန်အနေဖြင့် ငရဲတံခါးကို လျစ်လျူမရှုရဲပါချေ။

ကျန်းလန် ချက်ချင်းပင် သက်လတ်ပိုင်းလူရွယ်ရှေ့တွင် ဒူးထောက်ချလိုက်ပြီး ဂါရ၀ (၃)ကြိမ်ပြုလိုက်သည်။

“တပည့်… ဆရာ့ကို ဂါရဝပြုပါတယ်…”

သူ့အနာဂတ်က မသေချာလှပေ။

သို့သော်… ခွန်လွန်တောင်တွင် နေထိုင်ရခြင်းက ပြင်ပလောကတွင်နေထိုင်ရခြင်းလောက် အန္တရယ်များတော့မည် မဟုတ်ပေ။

[ဒင် ! ]

ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် ကျန်းလန် အံ့သြမှင်တက်သွားသည်။

ထိုအသံက သူ၏ စိတ်အာရုံထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ သို့သော် … ထိုအသံက မည်သည့်အသံဖြစ်ကြောင်း သိလိုက်သည်နှင့် ကျန်းလန် အလွန်ပျော်ရွှင်သွားတော့သည်။

နောက်ဆုံးတော့ ထိုအရာက ရောက်လာခဲ့ပြီ ဖြစ်သည်။ ထိုအရာကို သူ နှစ်ပေါင်းများစွာ စောင့်မျှော်နေခဲ့ရခြင်း ဖြစ်သည်။

[ မူလ မှတ်ပုံတင်ခြင်းစနစ် စတင်ပါပြီ ]

[ ကမ္ဘာဦးကာလအစမှ… ပရမ်းပတာအစီအစဉ်မကျခြင်းက အဓိကစိုးမိုးထားခဲ့တယ်… ၊ အဲဒီ အစီအစဉ်မကျခြင်းတွေက မဟာတာအိုလမ်းကြောင်းတွေအဖြစ် လူ့လောကတစ်လျှောက် ပျံ့နှံ့သွားတယ်… ]

[စနစ်ပိုင်ရှင်ဟာ ယခုဆိုရင် မဟာတာအိုလမ်းကြောင်း အနီးပတ်ဝန်းကျင်ကို ရောက်ရှိနေပါတယ် ၊ ဒါကြောင့် မှတ်ပုံတင်လို့ ရပါပြီ ၊ မှတ်ပုံတင်ခြင်းက မဟာတာအိုလမ်းကြောင်းနဲ့ နီးလေ ကောင်းလေပါပဲ…]

[မဟာတာအိုလမ်းကြောင်း အနီးပတ်ဝန်းကျင်မှာ မှတ်ပုံတင်မယ်ဆိုရင် နေရာတစ်ခုမှာ တစ်ကြိမ်သာ မှတ်ပုံတင်ခွင့် ရှိပါမယ် ၊ ဒါပေမဲ့ မဟာတာအိုလမ်းကြောင်းပေါ်မှာ မှတ်ပုံတင်မယ်ဆိုရင်တော့ တစ်နေရာတည်းမှာပဲ ထပ်ခါထပ်ခါ မှတ်ပုံတင်ခွင့် ရှိပါတယ် ၊ မဟာတာအိုလမ်းကြောင်းပေါ်တွင် ပထမတစ်ကြိမ်ပြီးလျှင် ထပ်ခါထပ်ခါ မှတ်ပုံတင်ခြင်းမှ သင်ရရှိမည့် အရာများက ပထမတစ်ကြိမ်လောက် အရည်အသွေးမြင့်မားတော့မှာ မဟုတ်ပါဘူး…]

[မဟာတာအိုရင်းမြစ်နဲ့ နီးကပ်လာရင် သင့်ရဲ့ ရုပ်ခန္ဓာစွမ်းအားနဲ့ ကံကြမ္မာစွမ်းအား အလုံအလောက်ရှိဖို့ လိုပါတယ်… ၊ သင့်ရဲ့စွမ်းအားက သိပ်နည်းနေရင် မဟာတာအိုကပေးတဲ့ လက်ဆောင်ကို လက်ခံနိုင်မှာ မဟုတ်ပါဘူး…]

[ သင့်အနေနဲ့ တစ်နေ့တစ်ကြိမ် ထပ်မံမှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်…]

စနစ်မိတ်ဆက်စကားကို နားထောင်ပြီးနောက် ကျန်းလန် မှတ်ပုံတင်ခြင်းစနစ်အကြောင်း နားလည်သင့်သလောက် နားလည်သွားသည်။

“ဒါပေမဲ့… မဟာတာအိုလမ်းကြောင်းတွေက ဘယ်နေရာမှာလဲ…”

ကျန်းလန် တွေးလိုက်သည်။

မဟာတာအိုလမ်းကြောင်းများကို ကျန်းလန်အနေဖြင့် လုံး၀ မြင်တွေ့နိုင်ခြင်း မရှိပေ။ ထူခြားမှုတစ်ခုခုရှိသည့် နေရာများက မဟာတာအိုလမ်းကြောင်တည်ရှိသည့်နေရာ ဖြစ်ရန် နီးစပ်သည်။

မဟာတာအိုလမ်းကြောင်းပေါ်တွင်ဆိုလျှင် ကျန်းလန်အနေဖြင့် အမြဲတမ်း ထပ်ခါထပ်ခါ မှတ်ပုံတင်နိုင်မည်ဖြစ်သည်။

စနစ်တွင် မှတ်ပုံတင်ခြင်းကြောင့် မဟာတာအိုမှ ပေးသည့်လက်ဆောင်က အစပိုင်းတွင် သိပ်ပြီး မကောင်းနိုင်လျှင်တောင်မှ ကျန်းလန်အတွက် ကျင့်ကြံခြင်းရင်းမြစ်တစ်ခုဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်သည်။

“ခွန်လွန်တောင်က ထူးခြားတဲ့ နေရာတစ်ခုပဲ ၊ ဒီမှာ မဟာတာအိုလမ်းကြောင်းတွေ ရှိကိုရှိရမယ်…”

ကျန်းလန် ထိုသို့တွေးမိသည်နှင့် ဆုံးဖြတ်ချက် ခိုင်မာစွာ ချလိုက်သည်။

ထို့နာက် သူ… စိတ်ထဲက စကားပြောလိုက်၏။

“စနစ်… ကျုပ် ဒီနေရာမှာပဲ မှတ်ပုံတင်မယ်…”

သူ လက်ရှိ ရောက်ရှိနေသည့်နေရာက နဝမတောင်ထွတ်သို့ သွားရာ လမ်းပေါ်တွင် ဖြစ်လေရာ ခွန်လွန်တောင်၏ အစိတ်ပိုင်းတစ်ခု ဖြစ်လေသည်။

မတာတာအိုလမ်းကြောင်းပေါ်တွင် မဟုတ်လျှင်တောင်မှ မဟာတာအိုလမ်းကြောင်းနှင့် အလွန်နီးကပ်မည် ဖြစ်သည်။

အခြေအနေ မည်သို့ဖြစ်လာမည်ကတော့ ပြောရန် ခက်ခဲသည်။ သို့သော်… လောလောဆယ်တွင် ကျန်းလန်အနေဖြင့် မဟာတာအိုလမ်းကြောင်းပေါ်တွင်လည်း မှတ်ပုံမတင်ရဲသေးပေ။

သူ၏ ကျင့်ကြံခြင်းအဆင့်က သိပ်ပြီး မြင့်မားခြင်းမရှိသေးသောကြောင့် မဟာတာအိုက ပေးသည့်လက်ဆောင်ကို လက်ခံနိုင်စွမ်းမရှိဘဲ ကျရှုံးသွားမည်ကို ကျန်းလန် စိတ်ပူပန်မိသည်။

သိပ်မကြာမီ… စနစ်မှ ထွက်ပေါ်လာသည့် အသံကို ကျန်းလန် ကြားလိုက်ရသည်။

[ ဒင် ! ]

[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ်… ၊ မဟာတာအိုမှ လက်ဆောင်ရရှိခြင်းအတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ အခုဆိုရင် သင့်အနေနဲ့ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းလို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုကို လက်ခံရရှိပါပြီ… ]

[ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း : အရိုင်းအစိုင်းလောကတွင် အလျှင်မြန်ဆုံး ကျင့်စဉ်တစ်ခု… ၊ ကျင့်ကြံပြီးတာနဲ့ အရိုင်းအစိုင်းလောကတွင် သွားလိုရာနေရာကို သွားနိုင်လိမ့်မယ် ၊ အင်မော်တယ်တွေ ၊ နတ်မိစ္ဆာတွေ ၊ နတ်ဘုရားတွေ ၊ တစ္ဆေတွေ တစ်ကောင်မှ သင့်အနားကပ်ရဲမှာ မဟုတ်တော့ပါဘူး…]

စနစ်မှ စကားသံအဆုံးသတ်သွားသည်နှင့် ကျန်းလန်၏စိတ်အာရုံထဲတွင် စာအုပ်တစ်အုပ်ပေါ်လာလေသည်။

ထိုစာအုပ်နာမည်က “ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း” ဟူ၍ ဖြစ်၏။

သူမလိုချင်တော့သည့်တစ်ချိန်တွင် ထိုစာအုပ်ကို သူ၏ စိတ်အာရုံထဲမှ ဖယ်ရှားပစ်နိုင်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

သူက ကျင့်စဉ်ကို သူ့စိတ်အာရုံထဲ ထည့်သွင်းပြီးသည်နှင့် စာအုပ်ကို ဖယ်ရှားပစ်လိုက်နိုင်လေသည်။

“ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်း… တဲ့ ၊ တစ်ခါမှတောင် မကြားဖူးဘူး… ၊ ဒါပေမဲ့ စနစ်ကပြောတဲ့ ကျင့်စဉ်မိတ်ဆက်အရတော့ အတော်လေး အစွမ်းထက်တဲ့ပုံပဲ… ၊ ဒါပေမဲ့ ငါက သာမန်လူတစ်ယောက်အဆင့်ပဲ ရှိနေသေးတာဆိုတော့  ကျင့်ကြံလို့ရော ဖြစ်ပါ့မလား မသိဘူး…”

ထူးဆန်းသည့် ကျင့်စဉ်တစ်ခု ရရှိလိုက်သောကြောင့် ကျန်းလန် အလွန်ပျော်ရွှင်နေမိသည်။

မှတ်ပုံတင်ခြင်းစနစ်က အစစ်အမှန်ဖြစ်သည်ကိုလည်း နားလည်သဘောပေါက်သွားသည်။

သို့သော်… စနစ်မှ မဟာတာအိုလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးသံ ထပ်မံ ထွက်ပေါ်မလာမချင်း ကျန်းလန် ဤနေရာတွင် နောက်တစ်ခေါက် ထပ်မံ မှတ်ပုံတင်ခြင်း မပြုလုပ်ရဲပေ။

ထို့ပြင်… ရရှိထားသည့် ကျင့်စဉ်ကိုလည်း ချက်ချင်း မကျင့်ကြံရဲသေးပေ။

မတော်တဆ… ထူးထူးဆန်းဆန်း တစ်ခုခု ထဖြစ်ပါက ဆရာဖြစ်သူရှေ့တွင် ဖြေရှင်းရ ခက်နေပေလိမ့်မည်။ ထို့ပြင်… ယခုမှ စတွေ့ရသော သူ၏ဆရာမှာလည်း မည်သို့သော လူစားမျိုးဖြစ်ကြောင်း မသိရသေးပေ။

ကျန်းလန်အနေဖြင့်… သူစိမ်းများကို သတိထားဆက်ဆံသည်က အကောင်းဆုံး ဖြစ်သည်။

“ထပါ… ၊ ပြီးရင် ကျုပ်နောက် လိုက်ခဲ့…”

မော့ကျန်းသုန့်က ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

မော့ကျန်းသုန့်၏ ဘဝတွင် တပည့်များစွာ လက်ခံခဲ့ဖူးသည်။ သို့သော်… နဝမတောင်ထွတ်တွင် နေထိုင်နိုင်သည့်တပည့်ဆို၍ တစ်ယောက်မှ မရှိကြပေ။

ကျန်းလန်သည်လည်း ဘယ်လောက်ကြာကြာခံမည်လဲ သူ မသိပေ။

ကျန်းလန်ကတော့ မော့ကျန်းသုန့် ခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားလေသည်။

သူတို့ နဝမတောင်ထွတ်တစ်နေရာသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် တပည့်များနေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောက်အဦတစ်ခု ရှိနေလေသည်။

သို့သော်… လူသူတစ်ယောက်မှ မရှိဘဲ ကင်းရှင်းတိတ်ဆိတ်လျှက် ရှိ၏။

“ခုချိန်ကစပြီး… မင်း ဒီနေရာမှာ နေရမယ် ၊ ကျုပ်ကတော့ နဝမတောင်ထွတ် အစွန်းမှာ နေထိုင်တယ် ၊ မင်း မေးစရာရှိရင် ကျုပ်ကို ပွင့်ပွင့်လင်းလင်း လာမေးလို့ရတယ်…”

မော့ကျန်းသုန့်က ကျန်းလန်ကိုကြည့်ရင်း ဆက်ပြောလိုက်သည်။

“မနက်ဖန် နေ့လည်လောက်ကျ ကျုပ်ကိုလာတွေ့ပါ ၊ မင်းကို ငရဲတံခါးဆီ ခေါ်သွားမယ် ၊ ပြီးတော့… စိတ်စွမ်းအားကျင့်စဉ်တွေလည်း စတင်သင်ကြားပေးမယ်…”

ထို့နောက်… မော့ကျန်းသုန့် နေရာမှာပင် ပျောက်ကွယ်သွားသည်။

မည်သို့မည်ပုံ ပျောက်ကွယ်သွားမှန်းပင် ကျန်းလန် မသိလိုက်ပေ။

“ဒါ အင်မော်တယ်တွေရဲ့ တန်ခိုးစွမ်းအားပဲ ဖြစ်ရမယ်…”

ကျန်းလန်အနေဖြင့် အင်မော်တယ်များကို မနာလိုအားကျ မဖြစ်ဖူးဟုဆိုလျှင်တော့ လိမ်လည်ရာ ရောက်ပေမည်။

အရင်ကဆိုလျှင်… အင်မော်တယ်အဆင့်ရောက်ရန် အလှမ်းဝေးသည်ဟု ကျန်းလန် ခံစားရမည်ဖြစ်သည်။ သို့သော်… ယခုတော့ အခြေအနေက မတူညီတော့ပေ။

သိပ်မကြာမီ… သူသည်လည်း အခြားသူများ မနာလိုစရာကောင်းလောက်သည့်အဆင့်သို့ ရောက်ရှိလာတော့မည်ဟု ကျန်းလန် ယုံကြည်နေမိသည်။

ထို့နောက်… ကျန်းလန် အဆောက်အဦထဲသို့ လှမ်းဝင်လိုက်သည်။

အဆောက်အဦအလယ်မှ ကျယ်ပြန့်သည့် ခန်းမအလယ်သို့ လျှောက်သွားလိုက်ပြီး ညမိုးချုပ် အမှောင်ရောက်သည်အထိ ကျန်းလန် စောင့်ဆိုင်းနေလေသည်။

ညအမှောင်ချိန်ရောက်တော့မှ… ကျန်းလန် သူ့စိတ်အာရုံထဲမှ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျမ်းစာအုပ်ကို စတင် အာရုံစိုက်လိုက်သည်။

စာအုပ်အဖုံးမှ စာလုံးများကပင် တစ်လုံးမကျန်အောင် စွဲဆောင်နိုင်စွမ်း ရှိလွန်းလှသည်။ ထိုစာလုံးများထဲတွင် မိုးနှင့်မြေ၏ ထူးခြားဆန်းကျယ်မှုများ ပါဝင်နေသည့်အလားပင် ဖြစ်လေသည်။

ထို့နောက်… ကျန်းလန် အတွေးများကို ထိန်းချုပ်လိုက်ပြီး ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းစာအုပ်ကို စတင် ဖတ်ရှုလိုက်သည်။

စာမျက်နှာများ တစ်ရွက်ပြီးတစ်ရွက် ဖတ်ရှုနေရင်း အစပိုင်းတွင်… သိပ်မြန်မြန် မဖတ်နိုင်ပေ။ နောက်တော့ တဖြည်းဖြည်း ပိုမို လျှင်မြန်လာသည်။

များပြားလှစွာသော ကျင့်စဉ်စာလုံးများက ကျန်းလန်၏ စိတ်အာရုံထဲသို့ စတင်ပြီး စီးဆင်းဝင်ရောက်လာသည်။

ထို့နောက်… ကျန်းလန်၏ စိတ်အာရုံထဲတွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီတစ်သံ ထွက်ပေါ်လာသည်။ ကျန်းလန်၏ စိတ်အာရုံထဲမှ လောကတစ်ခု ပေါက်ကွဲထွက်သွားသည့်အလားပင် ဖြစ်သည်။

ထို့နောက် ချက်ချင်းပင်… အမည်မသိ လောကတစ်ခုသို့ ရောက်ရှိသွားသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။

သူ့ပတ်ဝန်းကျင်တွင် ကြယ်စင်ပင်လယ်ကြီးက လင်းလက်တောက်ပလျှက် ရှိသည်။

ကျယ်ပြောသည့်စကြာဝဠာကြီးထဲသို့ ကျန်းလန် ရောက်ရှိနေပြီး… လောကကြီးတစ်ခုလုံး သူ့ခြေဖဝါးအောက်သို့ ရောက်ရှိနေသည့်အလား ခံစားလိုက်ရသည်။

သူ သွားချင်သည့် မည်သည့်နေရာမဆို လျှောက်လှမ်းသွားလာနိုင်စွမ်း သူ့တွင် ရှိနေလေသည်။ သူသာ… ခြေလှမ်းကိုးလှမ်း လှမ်းလိုက်မည်ဆိုလျှင် ကမ္ဘာလောက အဆုံးထိ အရောက်သွားနိုင်မည် ဖြစ်သည်။

ထို့နောက်… ကျန်းလန် ရုတ်တရက် သတိပြန်ဝင်လာသည်။

သူ့ခန္ဓာကိုယ်ကို ပြန်ငုံ့ကြည့်လိုက်သည်။ ယခုကဲ့သို့ မြန်နှုန်းဖြင့်သာ  သွားလာနေလျှင် သာမန်ကျင့်ကြံသူတစ်ယောက်ပင် သူ့ကို မီအောင်လိုက်နိုင်မည် မဟုတ်ပေ။

“ငါ… စပြီးတောင် မကျင့်ကြံရသေးဘူး ဒီကျင့်စဉ်က အတော်လေး အစွမ်းထက်နေပြီ ၊ ငါသာ စပြီး ကျင့်ကြံလိုက်ရင် ဒီ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းကျင့်စဉ်က ဘယ်လောက်တောင် အစွမ်းထက်မလဲ မသိဘူး…”

“ဒီ ကျင့်စဉ်နဲ့သာဆိုရင်…  အောင်မြင်မှုမရသေးရင်တောင်မှ ပျက်သုန်းနေတဲ့တစပြင်လောကကြီးထဲကို သွားဖို့ စိတ်ပူစရာ မလိုတော့ဘူး…”

“ပြီးတော့… ပထမဆုံး မှတ်ပုံတင်တဲ့အချိန်မှာပဲ ဒီလို အစွမ်းထက်တဲ့ ကျင့်စဉ်မျိုး ငါရလိုက်တာ သိပ်ကံကောင်းတယ်… ၊ ဆက်ပြီးသာ မှတ်ပုံတင်မယ်ဆိုရင်…”

ကျန်းလန်၏စိတ်ထဲ အတွေးများစွာ ဖြတ်သန်းသွားလေသည်။ စနစ်တွင် နောက်တစ်ကြိမ် မှတ်ပုံတင်ရန်လည်း စိတ်အားထက်သန်နေမိသည်။

တစ်နေ့လျှင် တစ်ကြိမ်သာ မှတ်ပုံတင်ခွင့်ရှိလေရာ… နောက်တစ်နေ့သို့ ရောက်ရှိရန် ကျန်းလန် စောင့်ဆိုင်းနေမိသည်။

နောက်တစ်ကြိမ်မှတ်ပုံတင်လျှင်တော့ ပိုမိုကောင်းမွန်သည့် နေရာတစ်ခု ရှာဖွေပြီး မှတ်ပုံတင်မည်ဟု ကျန်းလန် ဆုံးဖြတ်ချက်ချလိုက်လေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset