အခန်း ၃၅

ပြီးပြည့်စုံသွားခြင်း

အရုဏ်မလာခင် အမှောင်ဆုံးအချိန်ဖြစ်သော မနက်၃နာရီဖြစ်ပြီး တောင်အနီးနားတစ်ဝိုက်တွင် နေထိုင်ကြသော လယ်သမားများသည်လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲဖြစ်သည်။

ဘုန်းးး….

မြေပြင်အား မိုးကြိုးရိုက်ခတ်လိုက်သကဲ့သို့ ကျယ်လောင်ဆူညံလှသော အသံတစ်သံအား တောင်ခြေအနီးနားတွင် ကြားလိုက်ရသောကြောင့် အိပ်ပျော်နေသော ရွာသူရွာသားများ နိုးကြကုန်သည်။ ထိုသူများသည် မပီဝိုးတဝါး ရေရွတ်လျက်  ဟိုဘက်လှည့်ကာ ပြန်အိပ်ပျော်သွားကြသည်။

အချို့ရွာသားများသည် ဂရုတစိုက်နားထောင်နားထောင်သော်လည်း ဇီးကွက်မြည်သံများမှအပ အခြားအသံများအား ထပ်မကြားရတော့သဖြင့် ပြန်လည်အိပ်ပျော်သွားတော့သည်။

ရုတ်တရက် တစ်စုံတစ်ယောက်သည် မြေပေါ်သို့ ပြုတ်ကျလာသော မြွေကြီးထိပ်တွင် အံ့အားသင့်စွာ ပေါ်လာခဲ့သည်။ သည်လူနှင့် မြွေကြီးသည် နံရံများနှင့် တောင်လေးထဲသို့ မရောက်ခင်က အံ့သြထိတ်လန့်ဖွယ်ကောင်းအောင် တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့မှာ ထန်ရှုနှင့် အနက်ရောင်စပါးအုံးပင် ဖြစ်သည်။

အနက်ရောင်စပါးအုံးကြီးမှာ သေနေခဲ့ပြီးဖြစ်ပြီး သူ၏ကိုယ်လုံးသည် တွန့်လိမ်ကောက်ကွေးနေသည်။ ထန်ရှုသည် ထိုခွေခေါက်နေသောကိုယ်လုံးကြီး၏အလည်တွင် မတ်တတ်ရပ်လျက် နာကျင်ကြောက်ရွံ့သော ခံစားမှုသည် သူ၏မျက်နှာထက်တွင် ရှည်ကြာစွာ ဖြစ်တည်လို့နေသည်။

အသက်လုတိုက်ပွဲ၏နောက်ဆုံးအခိုက်အတန့်အား ပြန်သွားမည်ဆိုပါက ထန်ရှုသည် အနက်ရောင်စပါးအုံးကြီးသည် သေအံ့ဆဲဆဲအခြေအနေကို ရောက်ရှိနေသည်ကို တွေ့ရသောကြောင့် တိုက်ခိုက်ရန် မကြိုးစားတော့ဘဲ ၎င်း၏ကိုယ်လုံးအား သူ့အတွက် ဒိုင်းအဖြစ် ပြုလုပ်ရန် နှောင့်နှေးမနေတော့ချေ။

အသက်ရှူချိန်အနည်းငယ်ကြာပြီးသော ထန်ရှုသည် ဋ္ဌာပနာထားသောအသားကဲ့သို့ သူ၏တစ်ကိုယ်လုံးအား သေချာစွာ အကာအကွယ်များဖြင့် ရစ်ပတ်လျက်ရှိသည်။ ထိုခဏတွင် အနက်ရောင်စပါးအုံးသည် ထန်ရှု၏ရည်ရွယ်ချက်အား ရိပ်မိသောကြောင့် ကျောက်ဆောင်အမာ၊ သန်မာသော ကိုယ်လုံးနှင့် ကြံ့ခိုင်သောခွန်အားကို အသုံးပြုကာ ထန်ရှုအား အသားစများဖြစ်အောင် ကြံရွယ်နေခဲ့သည်။

အနက်ရောင်စပါးအုံး ထိုသို့လုပ်တော့မည့်ဆဲဆဲတွင် သူ၏ကိုယ်လုံးသည် မြေပြင်နှင့်ရိုက်ခတ်ကာ ကြေမွသွားသည်။ အနက်ရောင်စပါးအုံး၏အသက်မှာ ချိန်ခွင်လျှာပေါ်တွင် ရှိနေပြီးသားဖြစ်နေသဖြင့် ကြီးမားသော ရိုက်ခတ်မှုဒဏ်ခံရသောအခါ ချက်ချင်းသေဆုံးသွားခဲ့ပြီး ထန်ရှုအား နာကျင်အောင် ထပ်မံမလုပ်နိုင်တော့ဘဲ သူ၏ကိုယ်လုံးသည် စုတ်ပြတ်သတ်သွားခဲ့ရခြင်းဖြစ်သည်။

မြွေကြီးပေါ်တွင် ကြောင်တောင်တောင်ဖြစ်နေသော ထန်ရှုသည် သတိပြန်ဝင်လာပြီးလျှင် မြေပြင်မှ တုန်တုန်ရီရီ တွားသွားထွက်လာခဲ့သည်။

ဆိုးဆိုးရွားရွားရွား ကြေမွနေသော အနက်ရောင်စပါးအုံးကြီးတစ်ခုလုံးအား သူ၏သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိသည်။ အလွန်ကံကောင်းလှသည်ဟု ထန်ရှု ခံစားနေရသည်။ သူ့ကိုယ်သူကာကွယ်သည့် စိတ်ကူး အလုပ်မဖြစ်ခဲ့ပါက သူသည်လည်း အနက်ရောင်စပါးအုံးနှင့်အတူ အသားစများအဖြစ်သို့ ဘဝပြောင်းသွားပေလိမ့်မည်။ ထန်ရှုသည် အနက်ရောင်စပါးအုံး၏ကိုယ်လုံးအား အသုံးပြုကာ သေရေးရှင်ရေး အခြေအနေအား ကျော်ဖြတ်နိုင်ခဲ့သော်လည်း ပြုတ်ကျထားသည့် ပြင်းထန်လှသော အရှိန်ကြောင့် သူ၏ခေါင်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

အားထုတ်မှုအများအပြားစိုက်ထုတ်ပြီးနောက် ထန်ရှုသည် ထူထူထောင်ထောင် ဖြစ်လာပြီး သုံးမြှောင့်ဓားမြှောင်အား ထုတ်ကာ အနက်ရောင်စပါးအုံး၏အရေခွံအနည်းငယ်အား ဖြတ်တောက်လိုက်သည်။

“ဒီအရေခွံက ဆေးဖော်စပ်ဖို့အတွက်သာမကဘဲ အဝတ်၃စုံစာအတွက်ပါ လုံလောက်တယ်။ တစ်စုံက အမေ့အတွက်၊ တစ်စုံက ငါ့အတွက်၊ တစ်စုံက ဖက်တီးအတွက်။” ထန်ရှုသည် အခက်အခဲများနှင့်အတူ ရရှိလာသော အနက်ရောင်စပါးအုံး၏အရေခွံအား သေချာစွာ စူးစိုက်ကြည့်လိုက်ပြီး တွက်ချက်လိုက်သည်။

“ အနက်ရောင်စပါးအုံးရဲ့အတွင်းအစိတ်အပိုင်းတွေက ဆေးဖော်စပ်ဖို့ အဓိကကျတဲ့အရာတွေပဲ။ ဒါပေမယ့် ဒီဟာတွေက အရမ်းကြီးလွန်းတော့ ငါ့အတွက် အဲ့လောက်အများကြီး မလိုဘူး။ တချို့ကို ဆေးဖော်ဖို့အတွက် သုံးမယ်၊ တစ်ချို့ကို အမေ့ကျန်းမာရေးအတွက် သုံးမယ်၊ ကျန်တာကိုတော့ ရောင်းစားလိုက်မယ်။”

“အနက်ရောင်စပါးအုံးရဲ့အကြောတွေ ကြွက်သားတွေကိုတော့ ဆေးဖော်ဖို့နဲ့ ကိရိယာတွေ တည်ဆောက်ဖို့အတွက် သုံးရမယ်။”

“ဒါပေမယ့် အနက်ရောင်စပါးအုံးရဲ့အသား.. ဒီဟာက အရမ်းကြီးပေမယ့် အဆိပ်ရှိနေတော့ သာမန်လူတွေ စားလို့မရနိုင်ဘူး။ ကြည့်ရတာ ငါတစ်ယောက်ပဲ စားရတော့မယ်နဲ့တူတယ်။”

အနက်ရောင်စပါးအုံးကြီးမှ အစိတ်အပိုင်းများအား ၃နာရီကြာအောင် ထန်ရှုသည် ခွဲခြမ်းစိတ်ဖြာကာ ပုံလိုက်သည်။ သူ မတ်တတ်ရပ် ခါးဆန့်လိုက်သည့်အခါတွင်တော့ အံ့သြရသဖြင့် ကြက်သေ သေသွားရသည်။

အနက်ရောင်စပါးအုံးသည် နှစ်မည်မျှကြာအောင် လေ့ကျင့်ခဲ့သည်ကို ထန်ရှုမသိသော်လည်း အလျားသည် ၂၀မီတာခန့် ရှည်လျားပြီး ထိုကိုယ်လုံးမှ သူ ခွဲခြမ်းစိတ်ဖြာကာ ယူထားသော အပုံပင်လျှင် သူ၏အရပ်နီးပါးခန့်မြင့်ပေသည်။

“သိုလှောင်လက်စွပ်မရှိတာ နာတာပဲကွာ။” ထန်ရှုသည် မချိပြုံး ပြုံးလိုက်ပြီး ဘေးဘီဝဲယာ ကြည့်လိုက်သည်။

တွေးထင်သည့်အတိုင်း သည်ကျောက်ဆောင်ထူထပ်သောနေရာသို့ ဒီအချိန်ကြီး မည်သူမျှ မလာသည်ကို တွေ့ရသဖြင့် တောင်ထိပ်ပေါ်သို့ တွယ်တက်လာခဲ့သည်။ အသားမကင်မီအချိန်က ထန်ရှုသည် ဟန်းဖုန်း၊ ပိုက်ဆံအိတ်နှင့် အခြားအရာများအား သူ၏ကျောင်းလွယ်အိတ်ထဲတွင် ထည့်လျက် ကျန်နေခဲ့သည်။

နာရီဝက်ကြာသောအခါ ထန်ရှုသည် တောင်ထိပ်ပေါ်သို့ အောင်မြင်စွာ ရောက်ရှိသွားပြီး သူ၏ကျောင်းလွယ်အိတ်အား ရှုပ်ပွနေသည့်အပုံထဲတွင် တွေ့လိုက်ရသည်။ အဖိုးတန်ရှားပါးသောဆေးပင်များနှင့် အခြားအရေးကြီးသောအရာများသည် သူနှင့် မြွေကြီးတိုက်ပွဲကြားတွင် ပျက်စီးနေခဲ့ပြီဖြစ်သည်။

ထန်ရှုသည် သူ မနေ့ကနေ့လည်ခင်းမှ ဝယ်ယူထားသော ဟန်းဖုန်းသည် လွယ်အိတ်အတွင်းတွင် မပျက်စီးဘဲရှိနေသည်ကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထိုဖုန်းလေးသည် မထင်မှတ်ဘဲ ခိုင်မာနေပြီး အရောင်ပင်လက်နေသေးသည်။

ဟန်းဖုန်းသာ ပျက်စီးခဲ့ပါလျှင် ထန်ရှုသည် ထိုအနက်ရောင်စပါးအုံး၏အစိတ်အပိုင်းများအား သူကိုယ်တိုင် မြို့တော်သို့ သယ်ဆောင်လာရမည်ဆိုပါက လူများစွာ အံ့သြတုန်လှုပ်သွားကြပေမည်။

“ဘန်ရှို… ရေမစိမ့်တဲ့ ကုန်တင်ကားတစ်စီးရှာပြီး ကျွန်တော့်ဆီကို လွှတ်ပေးပါ။ ပြီးတော့

အအေးခန်းသေတ္တာတစ်လုံး ရှာလာပေးဖို့ ဒင်ဇီကို ပြောပေးဦး။” ထန်ရှုသည် ဘန်ရှိုဆီ ဖုန်းခေါ်လိုက်ပြီး လိုအပ်သည်များကို မှာကြားလိုက်သည်။

ဘန်ရှိုနှင့်ဒင်ဇီသည် ဟေးစန်းနှင့် တောက်လျှောက်တွဲလာသည့် လူမိုက်များဖြစ်ပြီး လွန်ခဲ့သောရက်များဆီက လင်ကျားစားသောက်ဆိုင်လေးအား အကြီးအကျယ် ဖရိုဖရဲပျက်စီးအောင် ဖျက်ဆီးကြသူများဖြစ်သည်။ ထန်ရှုမှ သူတို့အား ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ပြီးသည့်နောက် သူတို့နှစ်ယောက်သည် ထန်ရှုနောက်လိုက်အဖြစ် မျက်စိစုံမှိတ်ကာ လုပ်လိုက်ကြပြီး ကျိုးနွံစွာ နာခံတတ်သူများဖြစ်လာကြသည်။

ထန်ရှုသည် ဟေးစန်းနှင့်အဖွဲ့အား စားသောက်ဆိုင်လေးတွင်  ဆုံးမခဲ့စဉ်က လွယ်လွယ်ကူကူ အလွတ်မပေးခဲ့ဘဲ သူတို့သည် ဆိုင်လေးအား ပြန်လည်ပြုပြင်ပေးရမည်ဆိုသောကတိအား ဖောက်ဖျက်ပြီး မရှောင်ပြေးနိုင်စေရန်အတွက် ထိုသူများ၏ ခန္ဓာကိုယ်ပေါ်တွင် တားမြစ်မန္တာန် သုံးထားခဲ့သည်။

ဟေးစန်းနှင့်အဖွဲ့သည် ဆိုင်ငယ်လေးမှ ထွက်ခွာသွားချိန်တွင် သူတို့သည် ထန်ရှု၏စကားအား အမှန်တကယ်ပင် လစ်လျူရှူမိခဲ့ကြသည်။

ထန်ရှု၏လွတ်မြောက်ခွင့်အား ရပြီးနောက် သူတို့သည် ထန်ရှုနှင့်ဝေးရာဆီသို့ သွားကာ ဇာတ်မြှုပ်နေချင်ခဲ့ကြသည်။ ပိုဝေးလေ ပိုကောင်းလေဟု သဘောပိုက်ထားသည့်သဘောပင်ဖြစ်သည်။ ထန်ရှုသည် သူတို့၏အတွင်းစိတ်ရိုင်းတွင် နတ်ဆိုးသဖွယ် ဖြစ်ခဲ့သည်။ သူသည် ရိုင်းစိုင်းသည်။ အေးစက်သည်။ ရက်စက်သည်။ ခက်ထန်ကြမ်းတမ်းသည်။ သူတို့ခုခံရန်ပင် မတတ်နိုင်သော သန်မာသည့်ခွန်အားရှိသူဖြစ်သည်။

ဟေးစန်းနှင့်အဖွဲ့သည် သူတို့ ဝေးနိုင်သမျှ ဝေးဝေးပြေးကာ နေရာတစ်နေရာရှာပြီး ပုန်းအောင်းနေမည်ဟု စိတ်ကူးခဲ့ကြသည်။ ထန်ရှုသည် သူတို့အား ရှာမတွေ့နိုင်ဘဲ အချိန်တွေကြာပါက လင်ကျားစားသောက်ဆိုင်လေးအား ဖျက်ဆီးခဲ့မိသောလုပ်ရပ်သည် အဆင်ပြေသွားလိမ့်မယ်ဟုထင်ခဲ့ကြသည်။

ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်း ဆီသို့ သွားပါက ထန်ရှု လိုက်လာနိုင်သောကြောင့် အလုပ်အတွက် ကျန်သည့်ငွေကြေးပင် သွားမတောင်းရဲခဲ့ကြပေ။

အချိန်တွေကြာလာသည်နှင့်အမျှ ထန်ရှုသည် ဆိုင်ပေါက်ဝတွင် ဟိုဟိုဒီဒီ လမ်းလျှောက်ကာ သူတို့သည် အကူအညီမဲ့နေလေသည်ဟု တွေးထင်လာလိမ့်မည်။ ဟေးစန်းတို့အဖွဲ့သည် သူတို့၏ဆုံးဖြတ်ချက် မှန်သည်ဟုတွေးထင်ကာ ပျော်ရွှင်ခဲ့ကြသည်။

သို့သော် ဟေးစန်းနှင့်အဖွဲ့သည် ထန်ရှုအား လျှော့တွက်ခဲ့မိဟန်ရသည်။ သူတို့လမ်းခွဲပြီးနောက် သူတို့တစ်ဖွဲ့လုံး ပြင်းထန်သောနာကျင်မှုအား တစ်ချိန်တည်းတွင် ခံစားခဲ့ကြရသည်။ သူတို့သည် ဆေးရုံများသို့ ဆေးကုသရန်အတွက် ပြသစ်ဆေးခံခဲ့သော်လည်း မည်သည့်ရောဂါမျှ ရှာမတွေ့ခဲ့ချေ။ ထို့ကြောင့် ထိုနာကျင်မှုများအား မည်သို့မျှ မရပ်တန့်နိုင်ခဲ့ပေ။ တစ်ယောက်အခြေအနေ တစ်ယောက်မေးကြည့်ပြီး နောက်ဆုံး ထိုနာကျင်မှုသည် ထန်ရှုဆီမှ လာသည်ဟု ကောက်ချက်ချနိုင်ခဲ့သည်။ ထို့ကြောင့် ထန်ရှုသာ ပြန်လည်ပျောက်ကင်းအောင် ပြုလုပ်ပေးနိုင်လိမ့်မည်။

ထို၇ယောက်အဖွဲ့သည် နာကျင်မှုအား မည်သို့မျှ သည်းမခံနိုင်သည့်အဆုံး လင်ကျားစားသောက်ဆိုင်လေးရှေ့သို့ သွားရောက်ရုံသာရှိတော့သည်။ ယေဘုယျအားဖြင့် ထန်ရှုသည် လင်ကျားစားသောက်ဆိုင်တွင် ညသန်းခေါင်တွင် သူတို့အား ထိုင်စောင့်နေရန်ဆိုသည်မှာ မဖြစ်နိုင်သောအရာပင် ဖြစ်ချေသည်။ ထို့ကြောင့် နောက်တစ်နေ့မနက် ထန်ရှု လင်ကျားစားသောက်ဆိုင်လေးသို့ ရောက်လာသည့်အချိန်အထိ တစ်ညလုံး နာကျင်မှုဒဏ်အား ခံစားရင်း သူတို့ စောင့်ဆိုင်းခဲ့ကြသည်။ ထိုအချိန်က ဟေးစန်းနှင့်အဖွဲ့အား ကြည့်ရသည်မှာ မိဘများအလာကို စောင့်မျှော်နေသောသားများကဲ့သို့ ဖြစ်နေရပြီး နာကျင်မှုဒဏ်အား သက်သာစေခြင်းအလို့ငှာ ထန်ရှုအား အမှားများအား ဝန်ခံလျက် နောင်တအား ရင်ဝယ်ပိုက်ကာ ဦးညွှတ်တောင်းပန်ရင်း သူတို့၏စိတ်ရင်းများအား ပြသခဲ့ကြသည်။

ထန်ရှုသည် အားရပါးရပြုံးကာ ရယ်မောလိုက်သည်။ သူသည် ဟေးစန်းတို့အဖွဲ့အား ခက်ခဲအောင် ထပ်မလုပ်တော့ဘဲ နာကျင်မှုမှ သက်သာအောင် ကူညီပေးခဲ့ပြီး ဆိုင်အား ပြန်လည်ကောင်းမွန်အောင် ပြင်ဆင်ပေးရန်အတွက် မှာကြားခဲ့ကာ လျင်မြန်စွာ ထွက်သွားတော့သည်။ ဟေးစန်းနှင့် သူ၏အဖွဲ့သည် လင်ကျားဆိုင်လေးရှေ့တွင် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ကျန်နေခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ သူတို့ ထန်ရှု၏စကားများအား လစ်လျူမရှုရုံသာမက လိမ်ညာလှည့်ဖြားရန်အတွက်ပါ မကြိုးစားကြတော့ဘဲ နာကျင်မှုပျောက်ကင်းသွားသည်နှင့် ထန်ရှု စိတ်ကျေနပ်စေရန်အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လင်ကျားဆိုင်ကလေးအား အစွမ်းကုန် ပြန်လည်ပြင်ဆင်ပေးကြတော့သည်။

သို့နှင့် ၂ရက်အတွင်း ဟေးစန်းတို့အဖွဲ့သည် လင်ကျားဆိုင်ကလေးအား ပြန်လည်ပြင်ဆင်ပြီးစီးခဲ့သည်။ ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစုမှ ရရှိသောငွေကြေးများသာမက သူတို့စုဆောင်းထားသောငွေကြေးများပါ ပြောင်သလင်းခါသွားသည်အထိ သုံးစွဲပေးခဲ့ခြင်းပင် ဖြစ်သည်။

ထန်ရှုအတွက် ထိုအကျိုးကျေးဇူးသည် ခန္ဓာကိုယ်ပေါ်တွင် တားမြစ်မန္တာန်ဖြင့် ပြုလုပ်ထားခြင်းမှရရှိလာသော နာကျင်မှု၏အကျိုးကျေးဇူးပင်ဖြစ်သည်။ ထိုနာကျင်မှုသည် ဟေးစန်းတို့အား သူတို့ ခန္ဓာကိုယ်အား နာကျင်မှုပေးရုံသာမက စိတ်ဝိညာဉ်ကိုပါ နာကျင်စေသဖြင့် ထိုနာကျင်မှုဒဏ်အား ဟေးစန်းတို့ နောက်တစ်ခေါက် ထပ်မခံစားကြချင်တော့သောကြောင့်ဖြစ်သည်။

ထန်ရှုသည် ထိုသူများ၏လုပ်ကိုင်မှုစွမ်းရည်နှင့် အရည်အသွေးအား အလွန်သဘောကျခဲ့သဖြင့် ဘန်ရှိုနှင့် ဒင်ဇီတို့အား ခန္ဓာကိုယ်ပေါ်တွင် တားမြစ်မန္တာန်ဖြင့် ပြုလုပ်ထားခြင်းအား ဖယ်ပေးရုံသာမက ကိုယ်ပေါ်ရှိ ဒဏ်ရာများကိုပါ တိုက်ရိုက် ကုသပေးခဲ့သည်။ သို့သော် ဟေးစန်း (အသားမဲ လူလတ်ပိုင်း) နှင့် လုမောင် (ဆံပင်အစိမ်းနှင့်လူ)တို့အား  နာကျင်မှုအတွက်သာ ပြန်လည်ပြုလုပ်ပေးခဲ့ပြီး ယခင်ဒဏ်ရာဟောင်းအား ကုသမပေးခဲ့ချေ။ သူတို့အတွက်မူ အသက်ရှင်ခွင့်ရနေသည်ပင် ကံကောင်းလှပေသည်ဟုသာ ထန်ရှု ပြောခဲ့သည်။ ထို့ကြောင့် သူ ကုသပေးရန် မမျှော်လင့်နိုင်တော့ပေ။

သို့သော် စကားပုံတစ်ခုပင် ရှိသေးသည်မဟုတ်ပေလော။ “ပြောင်းလဲမှုတစ်ခုသည် မိတ်ဆွေသူငယ်ချင်းအဖြစ်ဆီသို့ ဦးတည်ပေသည်။”။ ထိုဆိုရိုးအတိုင်းပင် ထိုတိုက်ပွဲပြီးခဲ့သည့်အချိန်တွင် ကြောက်ရွံ့မှုနှင့် လေးစားမှုတို့သည် ထန်ရှုအပေါ်တွင် နက်နက်ရှိုင်းရှိုင်း ဖြစ်နေခဲ့ကာ ဟေးစန်းနှင့် လုမောင်တို့သည် ထန်ရှုအား နောက်ထပ်ပြစ်မှားမိမည်ကိုပင် ကြောက်ရွံ့နေခဲ့သည်။ သို့သော် ဘန်ရှို၊ ဒင်ဇီနှင့် အခြားသူများကမူ ထန်ရှုအား နတ်ဘုရား၏သားတစ်ပါးသဖွယ် ထင်မှတ်ကာ ကြည်ညိုလေးစားကြသည်။ သူတို့သည် ကျေးဇူးတင်ရှိခြင်းနှင့် မနာလိုခြင်းကြားထဲမှ ကွဲပြားခြားနားချက်အား သိကြသည်။ ထို့ကြောင့် သူတို့သည် ထန်ရှုအား မကြောက်တော့ရုံသာမက အရှက်မဲ့စွာ မျက်နှာပြောင်တိုက်လျက် ထန်ရှု၏နောက်လိုက်များအဖြစ် နေကြတော့သည်။ သူတို့သည် ထန်ရှု၏သိုင်းပညာများအား သင်ယူနိုင်ရန်အတွက် မျှော်လင့်ထားကြသည်။

ထန်ရှုသည် ထိုသူများအား တမင်သက်သက် ရှောင်ခွာနေသည်မဟုတ်ဘဲ သင်ရန်အပျင်းကြီးနေခြင်းသာဖြစ်သည်။ လောကကြီးသည် ဘန်ရှိုနှင့်ဒင်ဇီတို့ကဲ့သို့ လူများအား ထိုနိမ့်ကျသောပုံစံဖြင့် အမြဲရှိနေစေလိမ့်မည်မဟုတ်သည်ကို ထန်ရှုသည် နားလည်သည်။ လူများသည် ထိုကဲ့သို့  နှိမ့်ချကာ မပြည့်မစုံသူများအား သဘောကျကြသည်။ သို့သော် ထိုသူများသည် အရေးကြီးသောအခြေအနေတစ်ခုအား ချိုးဖြတ်နိုင်သည်နှင့် သူတို့၏ခွန်အားသည် ထိုလူများ၏ကြီးမားသောပုံရိပ်များထက် ပိုမိုကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်။

သူ၏ခွန်အား လုံလောက်မဖြစ်သေးသောအချိန်တွင် ဘန်ရှိုတို့၏ခွန်အားများအား သူ၏လိုအပ်ချက်များအတွက် ထန်ရှု အသုံးပြုရန် တွေဝေနေလိမ့်မည်မဟုတ်ပေ။

ဘန်ရှို ဆောင်ရွက်သည်မှာ အလွန်မြန်သည်။ မနက်၆နာရီအချိန်တွင် သူသည် မြန်ဆန်စွာ ဆောင်ရွက်ပြီး ကုန်တင်ကားအကြီးတစ်စီးအား မောင်းနှင်လာသဖြင့် နာရီဝက်အကြာတွင် နံရံများနှင့် ရွာကလေးတောင်ခြေရှိ ချိန်းဆိုထားသောနေရာသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် အခြား၃ယောက်သည်လည်း ရောက်ရှိလာပြီဖြစ်သည်။

“ဘော့စ်… ဒင်ဇီ သင့်တော်တဲ့ ကုန်သိုလှောင်ရုံရှာနေဆဲမို့ မရောက်လာသေးဘူး။ ဒီအကြောင်း သိတဲ့လူနည်းရင် ပိုကောင်းတယ်ဆိုလို့ ငါ လူ၃ယောက်ပဲ ခေါ်လာခဲ့တယ်။ ဘာလုပ်ရမလဲဆိုတာ ငါတို့ကို ပြောပြပါ။” ဘန်ရှိုသည် ထန်ရှုအား မြင်လိုက်သောအခါ အပြေးအလွှားရောက်လာလျက် စိတ်လှုပ်ရှားစွာ အစီရင်ခံလိုက်သည်။

ဘန်ရှိုနှင့်အဖွဲ့သည် ထန်ရှုနောက်လိုက်အဖြစ် ရှိနေခဲ့သည်မှာ ရက်အနည်းငယ်ကြာပြီဖြစ်သော်လည်း ထန်ရှုသည် သူတို့အား အေးစက်စက်သာ ဆက်ဆံနေသေးသည်။ သည်တစ်ကြိမ်တွင်တော့ ထန်ရှုသည် သူတို့အား အကူအညီတောင်းလာပေသည်။ ထိုဟာကို ကြည့်ခြင်းအားဖြင့် ထန်ရှုသည် သူတို့အား မနှစ်သက်သည်မှာ ပျောက်ကွယ်သွားပြီဟု ဆိုလိုနိုင်သဖြင့် ဘန်ရှုတို့အဖွဲ့သည် အလွန်အမင်း ပျော်ရွှင်နေကြသည်။


Comment

  1. Anonymous says:

    ဆက်မတင်တော့တာလား

Leave a Reply


Options

not work with dark mode
Reset