Switch Mode

အခန်း (၂၁၀)

အစစ်အမှန်အင်မော်တယ်တစ်ပါးကို သတ်ဖြတ်ခြင်း

အခန်း (၂၁၀) အစစ်အမှန်အင်မော်တယ်တစ်ပါးကို သတ်ဖြတ်ခြင်း

ကျန်းလန်၏ပုံစံက ဝူမူနှင့် ဝူလျဲ့တို့ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။

ထို့ပြင် တစ်ဖက်လူ၏ တန်ခိုးစွမ်းအားက အံ့အားသင့်စရာ ကောင်းလှသည်။ သူက သာမန် အစစ်အမှန်အင်မော်တယ်တစ်ပါး မဟုတ်ပေ။

ထိုသူ ရောက်ရှိလာခြင်းက အလွန်ပြင်းထန်ပြီး အန္တရာယ်များကြောင့် သူတို့ သိရှိလိုက်ကြသည်။

ထိုအချိန်တွင် ဝူမူက ရှေးဟောင်းရေတွင်းကို ဆက်လက်ထိန်းချုပ်ထားသည်။

သူက စိတ်အာရုံပျံ့လွင့်၍ မဖြစ်လေရာ ကျန်းလန်နှင့် ဆက်သွယ်ပြောဆိုပြီး အာရုံလွှဲရန်မှတစ်ပါး အခြားရွေးခြယ်စရာ မရှိပေ။

“တာအိုရောင်းရင်း… မင်း ကျုပ်တို့ကိုတိုက်ခိုက်တာ အကြောင်းတော့ရှိရမယ် မဟုတ်လား ၊ အဲဒီအကြောင်းအရာကို ပြောပြနိုင်မလား ၊ ဒါဆို ကျုပ်တို့ နှစ်ဦးနှစ်ဖက် အကျိုးရှိတာမျိုး ဆွေးနွေးလို့ရပါတယ်… ၊ အဖြေရှာလို့မရတဲ့ ပြဿနာဆိုတာ မရှိပါဘူး… သေချာပေါက် နည်းလမ်းရှာလို့ရပါတယ်…”

ကျန်းလန် မျက်ခုံးများကို တွန့်ချိုးလိုက်သည်။

ရန်သူက ပတ်ဝန်းကျင်တစ်ခုလုံးတွင် အစီအရင်များစွာ ပြုလုပ်ထားဟန် ရှိသည်။

သို့ပေသိ ဤသည်က ဒုတိယ ဖြစ်သည်။

ပိုပြီး အရေးကြီးသည်မှာ ရှေးဟောင်းရေတွင်းကြီးတွင် အကာအကွယ်အရံအတားတစ်ခု ရှိနေခြင်း ဖြစ်၏။

ကျန်းလန် အမှန်တရားမျက်လုံးကို ထုတ်ဖော်ကြည့်လိုက်ပြီး တိုက်ခိုက်ရမည့် အသင့်တော်ဆုံး ချက်ကောင်းနေရာကို ရှာဖွေလိုက်သည်။

ကျန်းလန်က…

“ဘာလို့ အကြောင်းပြချက်ရှိရမှာလဲ…”

ရန်သူက ကျန်းလန်ကို အချိန်ဆွဲရန် ကြိုးစားနေခြင်း ဖြစ်ပြီး ကျန်းလန်သည်လည်း အချိန်လိုအပ်လေသည်။

ထိုရှေးဟောင်းရေတွင်းကြီးအကြောင်း အတိအကျ သူ မသိရှိသေးပေ။ သို့သော် ဤနေရာမှ နတ်မိစ္ဆာများအားလုံးကို သတ်ဖြတ်ပြီး ရေတွင်းကိုလည်း ဖျက်စီးပစ်ရမည် ဖြစ်သည်။

ဤကိစ္စက ငရဲတံခါးနှင့်သက်ဆိုင်နေလေရာ နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့် ဖြစ်သော ကျန်းလန်တွင် အပြည့်အဝတာဝန်ရှိလေ၏။

“ဟား ဟား ဟား…”

ဝူမူက ကျယ်လောင်စွာ ရယ်မောလိုက်၏။

“ဘာအကြောင်းမှ မရှိဘူးဆိုရင်လည်း ကျုပ်တို့ စကားစမြည်လေး ပြောလို့ရတယ်လေ… ၊ ဘယ်ကိစ္စမဆို ပြောလို့ရပါတယ်…”

ကျန်းလန်က အေးဆေးစွာဖြင့်…

“ဘာမဆို… ဟုတ်လား…”

ဝူမူက ကျန်းလန်ကို ယုံကြည်မှုအပြည့်ဖြင့်ကြည့်လိုက်ပြီး…

“ဟုတ်တယ်… ဘာမဆို ညှိနှိုင်းလို့ရတယ်…”

ခဏမျှရပ်တန့်လိုက်ပြီးနောက် ဝူမူက ဆက်ပြောသည်။

“ကျုပ်တို့ရဲ့ အသက်တွေပါ ပေးမယ်ကွာ… ၊ မင်း အချိန်ခဏလောက်စောင့်မယ်ဆိုရင် မင်း ကျုပ်တို့ကို သတ်ပစ်ချင်လည်းရတယ်… ၊ ပြီးတော့ ဒီထက်အများကြီး မင်းလိုချင်တာတွေကိုလည်း ပေးဦးမယ်… ၊ မင်း စိတ်ကြိုက် ပွင့်ပွင့်လင်းလင်း ပြောလို့ရတယ်… တာအိုရောင်းရင်း…”

ဝူမူ၏ စကားကြောင့် ကျန်းလန် အတော်လေး အံ့အားသင့်သွားသည်။

သို့သော်…

ယုံရမည်တဲ့လား။

ဤသည်က အချိန်ဆွဲခြင်း တစ်ခုသာ ဖြစ်သည်။ ကိစ္စပြီးသွားသည်နှင့် တစ်ဖက်လူက သူ့စကားများကို ပြန်လည်ရုပ်သိမ်းမည်ပင်။

သူ့အနေဖြင့် အကြောင်းပြချက်ပေးရန် လိုအပ်ပါသလား။ လုံး၀ လိုအပ်မည် မဟုတ်ပေ။

ဤလူ (၂)ယောက်ကို သူ သတ်ပစ်ချင်သည်ဆိုလျှင် အကြောင်းပြချက်ပေးစရာမလိုပေ။ သတ်ချင်၍ သတ်ခြင်း ဖြစ်၏။

မှော်ဝင်ပစ္စည်းဖြစ်သော ရှေးဟောင်းရေတွင်းကြီး၏ ဖွဲ့စည်းပုံကို အကြမ်းဖျင်းနားလည်သွားသည့်အခါ ကျန်းလန် စတင်လှုပ်ရှားလိုက်သည်။

ယခုအချိန်လှုပ်ရှားခြင်းက အန္တရယ်ရှိနိုင်သော်လည်း သူ ထပ်မစောင့်နိုင်တော့ပေ။

ထိုရေတွင်းထဲမှ မရဏအငွေ့အသက်များက ပို၍ပို၍ သိပ်သည်းလာပြီး ပေါက်ကွဲထွက်တော့မည် ဖြစ်သည်။ သူ ထပ်စောင့်နေလျှင် အလွန်နောက်ကျသွားပေတော့မည်။

“ကံမကောင်းတာပဲ…”

ကျန်းလန် နေရာတွင်ပင် ပျောက်ကွယ်သွားပြီး ချက်ချင်းပင် တားဆီးထားသည့် အစီအရင်များရှေ့သို့ ရောက်ရှိလာသည်။

လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်နှင့် မည်သည့်အစီအရင်မှ သူ့ခြေလှမ်းများကို မတားဆီးနိုင်ပေ။

“ဘုန်း…”

အစီအရင်များ ပြိုကွဲပျက်စီးသွားသည်။

သူ့အသံက ထွက်ပေါ်လာ၏။

“ဘာပဲဖြစ်ဖြစ် မင်းတို့ကောင်တွေအကုန်လုံးကို အခု သတ်ပစ်ချင်နေပြီ…”

အစီအရင်များ ပျက်စီးသွားသည်နှင့် ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ရေတွင်းကြီးရှိရာ စည်းဘောင်အတွင်းသို့ ကျန်းလန် ရောက်ရှိလာသည်။

ရှေးဟောင်းရေတွင်းကြီးက ညှို့ဓာတ်ပြင်းသည့် ထူးခြားမှုတစ်ခုကို ပိုင်ဆိုင်ထားလေသည်။ ချိုးဖျက်ရန်လည်း မလွယ်ကူလှပေ။

ကျန်းလန်၏ အန္တရယ်ကိုးသွယ်စွမ်းအားကို အသုံးပြုမည်ဆိုလျှင်တော့ လက်သီးတစ်ချက်ဖြင့် အက်ကြောင်းများ ထင်သွားစေနိုင်ပြီး လက်သီးနှစ်ချက်ဆိုလျှင် ချိုးဖျက်ရန် လုံလောက်သည်။

သို့သော် အမှန်တကယ်အန္တရယ်ရှိသူက ရေတွင်းနံဘေးမှ သက်လတ်ပိုင်းလူရွယ် ဖြစ်၏။

ထိုသူက အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ကျင့်ကြံသူ ဖြစ်သည်။ အခြားတစ်ယောက်ကတော့ အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့် ဖြစ်၏။

ကျင့်ကြံခဲ့သည့် နှစ်ပေါင်းများစွာအတွင်း သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သူများကို သတ်ဖြတ်ခဲ့ဖူးခြင်း မရှိသေးပေ။ ထို့ပြင် တစ်ဖက်လူတွင် မည်သို့သောဝှက်ဖဲများရှိမည်ကို မသိရှိနိုင်ပေ။

အနည်းငယ် သတိလက်လွတ်ဖြစ်ရုံမျှဖြင့် အန္တရယ်တွင်းထဲ ကျရောက်သွားစေနိုင်သည်။ သို့သော် ယခုတော့ သူ့တွင် အခြားရွေးခြယ်စရာ မရှိပေ။

သူ ယခုအချိန် မလှုပ်ရှားပါက ရှေးဟောင်းရေတွင်းကြီးက ပြဿနာရှိလာနိုင်သည်။ ထို့ပြင် အစစ်အမှန်အင်မော်တယ် (၂)ပါးကို သတ်ဖြတ်ရန်က အချိန်မည်မျှကြာမည်ကို မခန့်မှန်းနိုင်ပေ။

ယခုအချိန်မှ မနိုင်မှန်းသိ၍ ထွက်ပြေးမည်ဆိုလျှင်လည်း သဲလွန်စများ ကျန်ခဲ့တော့မည် ဖြစ်လေရာ စွန့်စားပြီး ထိုသူများကို အပြတ်ရှင်းလိုက်သည်က ပိုကောင်းမည် ဖြစ်သည်။

ဝူမူက ဝူလျဲ့ကို ကြည့်လိုက်ရင်း…

“သူ့ကို ထိန်းထားလိုက်… ၊ ကျုပ် ဒီမှာ ပြီးခါနီးနေပြီ…”

ဝူမူ၏မျက်နှာထက်မှ အပြုံးရိပ်ပျောက်ကွယ်သွားပြီး မျက်နှာတစ်ခုလုံး မဲမှောင်နေ၏။

သူက ဝူလျဲ့ကို သတိပေးလိုက်သည်။

“သူ့ကို လျှော့မတွက်နဲ့… အရမ်းစွမ်းအားမြင့်မားလွန်းတယ်…”

ဝူလျဲ့က ခေါင်းကို အသာညိတ်လိုက်ပြီး စတင်လှုပ်ရှားလိုက်သည်။

စကြာတစ်စင်းပမာ လည်ပတ်နေသည့်မှော်ဝင်ပစ္စည်းတစ်ခု ဝူလျဲ့လက်ထဲတွင် ထွက်ပေါ်လာပြီး ကျန်းလန်ထံသို့ ပစ်လွှတ်လိုက်သည်။

ထို့နောက် သူက မှော်ဝင်ပစ္စည်းနောက်မှ ပျံသန်းလိုက်ပါသွား၏။

ကျန်းလန်ကလည်း တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သူ့ကိုတိုက်ခိုက်လာသူက အစစ်အမှန်အင်မော်တယ် ၊ ကနဦးအဆင့်ဖြစ်ကြောင်း ကျန်းလန် သိလိုက်သည်။ ထိုသူကို မြန်နိုင်သမျှမြန်မြန် ရှင်းပစ်ရပေမည်။

ကျန်းလန်က ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အလျှင်မြန်ဆုံးအရှိန်ဖြင့် ထုတ်ဖော်အသုံးပြုလိုက်သည်။

ချက်ချင်းပင် သူ ဝူလျဲ့ဘေးသို့ ရောက်ရှိသွားပြီး အားအပြင်းဆုံးလက်သီးတစ်ချက်ဖြင့် ထိုးနှက်ချလိုက်သည်။

နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအား အစွန်းဆုံအထိ မြင့်တက်သွားပြီး အန္တရယ်ကိုးသွယ်စွမ်းအား စတင်ထွက်ပေါ်လာသည်။

ကြီးမားလှသည့် စွမ်းအားကြီးက သေမင်းဆင်းသက်လာသည့်အလား ထင်မှတ်ရ၏။

ဝူလျဲ့ မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်သည်။

ရန်သူ၏လှုပ်ရှားမှုက လျှင်မြန်လွန်းလှသည်။ သူက ရန်သူကို အထင်မသေးဝံ့ဘဲ သေသေချာချာ သတိထားနေသည့်တိုင် အချိန်မီ ရှောင်တိမ်းနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် သူ ရန်သူကို အချိန်ဆွဲထားရမည် ဖြစ်သည်။

ဘေးကျပ်နံကျပ်ရင်ဆိုင်ရစဉ်တွင် စကြာပမာလည်ပတ်နေသည့် မှော်ဝင်ပစ္စည်းက မြွေစိမ်းတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။

မြွေစိမ်းက ဝူလျဲ့၏ရှေ့တွင် ဒိုင်းတစ်ခုပမာ ရစ်ပတ်ပိတ်ဆို့ထားသည်။

“ဘုန်း…”

စွမ်းအား (၂)ခု ရိုက်ခတ်မိသွားပြီး မြွေက ချက်ချင်းပင် အမှုန့်ဖြစ်သွားသည်။

မြွေစိမ်းကိုထိုးနှက်လိုက်သည့် လက်သီးချက်က ဝူလျဲ့ထံသို့ ဆက်လက် ဝင်ရောက်လာ၏။ ရန်သူနှင့် အားချင်းမမျှကြောင်း သဘောပေါက်လိုက်သည်နှင့် ဝူလျဲ့ ချက်ချင်းနောက်သို့ ခုန်ဆုတ်လိုက်သည်။

သို့သော် ကျန်းလန်၏ လက်သီးချက်က ဝူလျဲ့၏ညာဘက်လက်ကို ထိမှန်သွားပြီး သွေးမှုံများ ဖြာထွက်လာသည်။

“ဘန်း…”

ဝူလျဲ့က သူ့လက်ကို အလေးမထားဘဲ ထွက်ပြေးသွားတော့သည်။

ကျန်းလန် သူ့နောက်သို့ လိုက်သွားရန်ဟန်ပြင်လိုက်စဉ်မှာပင် ကျန်းလန်ရှေ့တွင် လက်ပြတ်ကြီးတစ်ချောင်းသာ ကျန်ရစ်ခဲ့ပြီး ဝူလျဲ့ ပျောက်ကွယ်သွားသည်။

“မြေကြောကျုံ့နတ်တန်ခိုးစွမ်းအား…”

ကျန်းလန် မျက်နှာတစ်ခုလုံး မဲမှောင်သွားသည်။

တစ်ချိန်က မြေကြောကျုံ့နတ်တန်ခိုးစွမ်းအားကို အသုံးပြုခဲ့သည့် နတ်မိစ္ဆာတပ်မှူးကို ကျန်းလန် ပြန်လည် အမှတ်ရလိုက်သည်။

ထိုအချိန်က ၎င်းနတ်မိစ္ဆာတပ်မှူးမှာ လူသားအင်မော်တယ်အဆင့်သာ ရှိသေးသည်။ ယခုတော့ အစစ်အမှန်အင်မော်တယ် ဖြစ်လာခဲ့ပြီ။

လူတိုင်းသည်လည်း ရပ်တန့်နေကြခြင်းမရှိဘဲ တစ်နေ့တခြား ကျင့်ကြံခြင်းအဆင့်များမြင့်မားလာကြသည်ပင်။

ထို့နောက် ကျန်းလန် ဝူလျဲ့နောက်သို့ ဆက်မလိုက်တော့ဘဲ ရှေးဟောင်းရေတွင်းကြီးရှိရာသို့ ဦးတည်သွားလိုက်သည်။ ဤကိစ္စကို အရင်ဖြတ်ရပေမည်။

သို့သော် ကျန်းလန် ဝူမူအနားသို့ တိုးကပ်သွားသည်နှင့် ဝူလျဲ့က သူ့နံဘေးတွင်ပေါ်လာပြီး ထပ်မံတိုက်ခိုက်လိုက်သည်။

ကျန်းလန် ရွေးခြယ်စရာမရှိဘဲ ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ သူ ရပ်လိုက်သည်နှင့် ဝူလျဲ့က မြေကြောကျုံ့နတ်တန်ခိုးစွမ်းအားကို အသုံးပြုကာ ထွက်ပြေးသွားပြန်၏။

“ကြည့်ရတာ ဒီတစ်ယောက်ကို အရင်ရှင်းမှ ဖြစ်တော့မယ်…”

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်ပြီး ဝူလျဲ့နောက်သို့ လိုက်သွားတော့၏။

“ဘုန်း…”

ကျန်းလန် လက်သီးဖြင့် ထိုးချလိုက်သည်။ သို့သော် ဝူလျဲ့က လွတ်မြောက်သွားပြန်သည်။

ဝူလျဲ့ သူ့နံဘေး ပြန်ပေါ်လာချိန် ကျန်းလန်က နောက်ထပ်လက်သီးတစ်ချက်ဖြင့် ထိုးနှက်လိုက်ပြန်သည်။

“ဘုန်း…”

တစ်ဖက်လူက ထပ်မံပျောက်ကွယ်သွားပြန်သည်။

ကျန်းလန် ခေါင်းတစ်ချက်ညိတ်လိုက်ပြီး နောက်မှ လိုက်သွားပြန်၏။

“ဘုန်း…”

သူတို့ပုံရိပ်များက ပျောက်သွားလိုက် ပေါ်လာလိုက် ဖြစ်နေကြသည်။

ကျန်းလန်၏ စွမ်းအားများက အဆက်မပြတ်ထွက်ပေါ်လျှက်ရှိပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင် ရှိသမျှသော သစ်ပင်များ ၊ ကျောက်ဆောင်များ ၊ မြေကြီးများ ပြိုကျပျက်စီးလျှက် ရှိတော့၏။

အချိန်အနည်းငယ်ကြာပြီးနောက်…

ကျန်းလန် လေထဲတွင် ရပ်တန့်နေလေရင်း ဝူလျဲ့ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။

ဝူလျဲ့ကတော့ ရှေးဟောင်းရေတွင်းပျက်ကြီးနံဘေးတွင် မတ်တတ်ရပ်နေ၏။

ဝူလျဲ့က ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…

“မင်းက မြန်ပေမယ့် ကျုပ်ကို မဖမ်းမိနိုင်ပါဘူး…”

သူ့ကိုကြည့်ရသည်မှာ အနည်းငယ်စိတ်သက်သာရာ ရနေဟန်ရှိသော်လည်း ရင်ထဲတွင်တော့ စိုးထိတ်ကြောက်ရွံ့နေဟန်ရှိသည်။

ရန်သူက အလွန်လျှင်မြန်သည်။ လူသားတစ်ယောက်တွင် မရှိသင့်သည့် လျှင်မြန်မှုမျိုး ဖြစ်၏။ တစ်ဖက်လူက သူကဲ့သို့ပင် ထူးခြားသည့် နတ်တန်ခိုးစွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားခြင်း ဖြစ်ပေလိမ့်မည်။

အနီးပတ်ဝန်းကျင်တွင် လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများသာ ပြုလုပ်မထားလျှင် သူသည်လည်း လက်သီးတစ်ချက်ဖြင့် အသက်ပျောက်မည့်ကိန်းပင် ဖြစ်သည်။

ဤစွမ်းအားက မည်သို့သောစွမ်းအားမျိုးလဲ။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

ကျန်းလန်က…

“မင်းနောက်ကို ထပ်လိုက်စရာ မလိုတော့ဘူး…”

သူ့အသံက တည်ငြိမ်နေပြီး အေးဆေးလွန်းလှသည်။

ဝူလျဲ့က မျက်မှောင်ကြုတ်ရင်း တိုးလျသည့်လေသံဖြင့်…

“ဟမ်… လူသား… မင်းက အရှုံးပေးလိုက်ပြီလား…”

“မဟုတ်ဘူး… ဘာလို့လဲဆိုတော့…”

စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ကျန်းလန် လှုပ်ရှားမှု ပြုလိုက်သည်။

သူက ဝူလျဲ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး ဝူလျဲ့၏ဦးခေါင်းကို လက်ဖြင့် ဆုပ်ကိုင်ထားလိုက်၏။

“ဘာလို့လဲဆိုတော့ မင်း သေတော့မှာမို့လို့ပဲ…”

သူ၏အသံက သေမင်းခေါ်သံအလား ထင်မှတ်ရသည်။

ဝူလျဲ့က ကျန်းလန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

သူလွတ်မြောက်ချင်မိသော်လည်း လှုပ်ရှား၍ မရတော့ပေ။ လှုပ်ရှားရန် ကြိုးစားလိုက်တိုင်း လျှပ်စီးကြောင်းတစ်ခုက သူ့ကို ပိတ်ဆို့ထားသည်။

သူ့ခန္ဓာကိုယ် ချုပ်နှောင်ခံထားရပြီ ဖြစ်သည်။

မရေတွက်နိုင်သော လျှပ်စီးကြောင်းများ သူ့ပတ်ဝန်းကျင်တွင် ကြီးမားသည့်ပိုက်ကွန်ကြီးပမာ ထွက်ပေါ်လာသည်။ ဝူလျဲ့မှာ ပိုက်ကွန်ထဲတွင်ဖမ်းမိသည့် သားကောင်အလား ဖြစ်၏။

ဤသည်က ကျန်းလန် အတ္တကြေးမုံနှင့် တိုက်ခိုက်ရေးလေ့ကျင့်စဉ် အမြဲတမ်း ကြုံတွေ့ခဲ့ရသည့် အခြေအနေတစ်ခုပင်။

သူ ဤနည်းလမ်းဖြင့် မည်သို့တိုက်ခိုက်ရမည်ကို သိရှိသော်လည်း တစ်ခါမှ မတိုက်ခိုက်ဖူးခဲ့ပေ။ ထိုသို့တိုက်ခိုက်ရေးနည်းလမ်းများကို အသုံးပြုရန် မလိုအပ်ဟု ယူဆခဲ့မိသည်။

သို့ပေသိ အရန်အစီအစဉ်များကို ပိုမိုပြင်ဆင်ထားခြင်းက အမှန်တကယ်ပင် အန္တရယ်ကင်းပြီး စိတ်ချရစေသည်။

“ဒါဘာလဲ…”

ဤသို့သော ပညာမျိုးကို ယခင်က ဝူလျဲ့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

သူက ကျန်းလန်ကို ကြောက်ရွံ့တုန်လှုပ်သည့်မျက်ဝန်းများဖြင့် ကြည့်လိုက်ရင်း…

“မင်းဘယ်သူလဲ…”

ကျန်းလန်က…

“မင်းပဲ ကျုပ်ရှိတဲ့နေရာကို နက္ခတ်ပညာနဲ့ ကြည့်ခဲ့သေးတယ်မဟုတ်လား… ၊ အခု ကျုပ်ကိုယ်တိုင် မင်းရှေ့ရောက်နေတော့မှ မသိသလိုနဲ့ မေးနေရသလား…”

ဝူလျဲ့က မယုံကြည်နိုင်စွာဖြင့်…

“မင်းလား…”

ထိုအချိန်မှာပင် ကျန်းလန်က သူ့ကို သတ်ဖြတ်ပစ်တော့မည်ဖြစ်ကြောင်း သိရှိလိုက်သည်။

“မလုပ်နဲ့… ကျုပ်ကို မသတ်ပါနဲ့…”

“ဘန်း…”

သွေးမှုံများ နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။

ဝူလျဲ့၏ ခန္ဓာကိုယ်တစ်ဝက်က ကျန်းလန်၏ လက်သီးချက်အောက်တွင် အမှုန့်ဖြစ်သွား၏။

ထို့နောက် ကျန်ရှိသည့် ခန္ဓာကိုယ်တစ်ဝက်က မြေပြင်ထက် ပြုတ်ကျသွားသည်။ ကျန်းလန်က လက်ကျန်ခန္ဓာကိုယ်တစ်ဝက်ကို အပိုင်းပိုင်းဖြစ်သွားစေရန် အရှိန်အဟုန်ဖြင် ထပ်မံထိုးနှက်လိုက်လေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset