အခန်း ၃၂

ထက်မြက်ရိုးသားတဲ့ အမေ့ရဲ့သားလေး

တစ်ခဏကြာအောင် ပြောဆိုပြီးသည့်နောက် ဟန်ကျင်းဝူသည် ယွမ်ချူးလင်အပေါ် မှားပြီး အပြစ်တင်မိနေသည်ကို သတိရသွားပြီး အားတုံ့အားနာဟန်များ ဖြစ်ပေါ်လာသည်။ ယွမ်ချူးလင်၏အမှတ်သည် ထန်ရှုလောက် မကောင်းသော်လည်း သူသည်လည်း ၄၇၆မှတ်ဖြင့် ယခုလ လပတ်စာမေးပွဲအား အောင်မြင်ခဲ့သူဖြစ်သည်။ ပြီးခဲ့သည့် လပတ်စာမေးပွဲ ဘယ်လောက်ခက်သည်ကို သူမသိသည်။ တတိယနှစ်ကျောင်းသားများ အားလုံးထဲမှ အမှတ်၅၅၀ကျော်သည်မှာ ၂၇ယောက်သာ ရှိခဲ့သည်။ အမှတ်၄၇၆မှတ်ရထားသော ယွမ်ချူးလင်သည် ထိပ်ပိုင်းအဆင့်၃၀၀ထဲတွင် ပါဝင်ပြီး ထိုအဆင့်၃၀၀ထဲတွင် ဝင်သော တန်းခွဲ-၁၀၏ကျောင်းသား၅ယောက်အနက်မှ တစ်ယောက်ဖြစ်သည်။

“ယွမ်ချူးလင်… ထန်ရှုက မနေ့ညက အဆောင်မှာမနေခဲ့ဘူး။ ဒီနေ့ကျတော့လည်း ခွင့်တင်သွားတယ်။ သူ အလျင်စလိုထွက်သွားရတဲ့အကြောင်းရင်း သိလား။” ဟန်ကျင်းဝူ မေးလိုက်သည်။

“ကျွန်တော်… ကျွန်တော်…အာ… ကျွန်တော် မသိပါဘူး။” ယွမ်ချူးလင်သည် နေ့ကျောင်းသားတစ်ယောက်ဖြစ်သောကြောင့် ညဘက် ထန်ရှု အဆောင်ကနေ ထွက်သွားရသည့်အကြောင်းအား မည်ကဲ့သို့ သူ သိပါမည်နည်း။ သို့သော် ထန်ရှုတို့၏ စားသောက်ဆိုင်လေး ဖျက်ဆီးခံရသည့်အကြောင်းအား သတိရမိသွားသောအခါ ထိတ်လန့်သွားသောအရိပ်အယောင်တစ်ခု သူ့မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားသည်။

“နင် လိမ်နေတာ။ အကြောင်းရင်းကို နင် သေချာသိရမယ်။ ဆရာမကို မြန်မြန်ပြောပြစမ်းပါ။ ထန်ရှုမှာ ဘာပြသနာတွေ ဖြစ်နေလဲ။” ယွမ်ချူးလင်၏မျက်ဝန်းအရိပ်အယောင်အား ဖမ်းမိလိုက်သဖြင့် ဟန်ကျင်းဝူသည် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“ယွမ်ချူးလင်… ထန်ရှုမှာ အမှန်တကယ် ပြသနာရှိနေရင် ငါတို့ကို ပြောရမယ်လေ။ ထန်ရှုကို အရင်လို မမျှော်လင့်တဲ့ မတော်တဆမှု ထပ်မဖြစ်စေချင်ဘူးမဟုတ်လား။” ဟန်ကျင်းဝူနှင့် ယွမ်ချူးလင်တို့၏စကားပြောနေသည်ကို ကြားနေရသော ချန်းယန်နန်သည်လည်း စိတ်ပူပန်သွားခဲ့ရပြီး ပြောလိုက်သည်။

ဟန်ကျင်းဝူနှင့် ချန်းယန်နန်တို့၏ စိတ်ပူပန်နေကြပုံကို မြင်ရသော ယွမ်ချူးလင်သည် တုန်လှုပ်သွားပြီး သူ၏အတွေးအာရုံထဲတွင် ထန်ရှုတို့၏ဆိုင်ငယ်လေး ဖျက်ဆီးခံထားရသော ပုံရိပ်များဝင်လာတော့သည်။ တစ်ခဏမျှ ချီတုံချတုံဖြစ်နေပြီးနောက် ထိုအကြောင်းအား ယွမ်ချူးလင် ပြောပြလိုက်သည်။

ထန်ရှု၏ဆိုင်ငယ်လေး ဖျက်ဆီးခံလိုက်ရသည့်အကြောင်း ရုတ်တရက်ကြားလိုက်ရသော ဟန်ကျင်းဝူနှင့် ချန်းယန်နန်သည် အကြီးအကျယ် တုန်လှုုပ်သွားခဲ့ရကာ ယွမ်ချူးလင်အား အခန်းအပြင်ဘက်သို့ ဆွဲခေါ်လိုက်ပြီး သူတို့အား ထန်ရှု၏ဆိုင်သို့ ခေါ်ဆောင်သွားရန် ပြောတော့သည်။

နာရီဝက်ကြာသောအခါ ဟန်ကျင်းဝူ၏ကားလေးအား စားသောက်ဆိုင်လေး၏အရှေ့ဝင်ပေါက်တွင် ရပ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ သို့သော် သူမသည် လူစည်ကားနေသောစားသောက်ဆိုင်အား ကြည့်ပြီး ဇဝေဇဝါ ဖြစ်နေသည်။

“ယွမ်ချူးလင်.. ငါတို့ကို နင် နေရာမှားပြီး ခေါ်လာတာတော့ မဟုတ်ပါဘူးနော်။” ချန်းယန်နန်သည်လည်း တစ်စုံတစ်ခု မှားနေသည်ဟု ခံစားနေရပြီး သံသယဖြင့် မေးခွန်းထုတ်လိုက်သည်။

“ဟာ.. မှန်ပါတယ်ဟ။ ငါ ပြီးခဲ့တဲ့၂ရက်က ဒီနေရာကို ရောက်ခဲ့တာ။ ထမင်းစားတဲ့နေရာတစ်ခုလုံး ကျိုးပဲ့နေပြီး သွေးတွေနဲ့ ရှိနေတာ။ ငါတောင်မှ လူနှစ်ယောက်ကို ရိုက်ခဲ့လိုက်သေးတယ်။” ယွမ်ချူးလင်သည်လည်း အံ့သြလျက်ရှိသည်။

ယခုအခြေအနေသည် သူ့စိတ်ကူးထဲရှိအခြေအနေနှင့် ကွဲပြားနေသည်။ တစ်ဆိုင်လုံး ဖျက်ဆီးခံထားရသောအခြေအနေသည် ရက်အနည်းငယ်နှင့် ပြန်ဖွင့်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် ယခုတွင်မူ ဆိုင်၏စီးပွားရေးသည် ပုံမှန်အတိုင်း ပြန်လည်ပတ်နေပြီး လူအများနှင့်စည်ကားလျက်ရှိသည်။

နံရံ၃ခုနဲ့ မျက်နှာကျက်မှာ အလှဆင်ထားတဲ့ သစ်သားတွေရဲ့ကုန်ကျစရိတ်က အနည်းဆုံး ယွမ်၂သိန်းရှိလိမ့်မယ်။ ၁၀၀စတုရန်းစင်တီမီတာ ကြမ်းခင်းကို မာခရိုပိုလို ကျောက်ပြားတွေနဲ့ခင်းတာက အနည်းဆုံး ယွမ်တစ်သိန်း ရှိတယ်။ သစ်သားစားပွဲနဲ့ကုလားထိုင်၁စုံ၃၀က ခန့်မှန်းခြေတန်ဖိုးက ယွမ်၂သိန်းရှိပြီး အစပျော့တွေနဲ့ အခြားဟာတွေရဲ့တန်ဖိုးက အနည်းဆုံး ယွမ်၅သိန်းကနေ ၆သိန်းအထိ ရှိတယ်။”

“စီးပွားရေးက ကောင်းတဲ့ပုံပဲ။ အထဲက စားပွဲ၁၈လုံးက ပြည့်နေပြီး အပြင်မှာလည်း အနည်းဆုံး ၆လုံးစီထားသေးတယ်။စားပွဲတစ်ခုစီရဲ့အမြတ်က ယွမ်၅၀ပဲရှိရင်တောင်မှ ဒီစားသောက်ဆိုင်ရဲ့အမြတ်က တစ်နေ့ အနည်းဆုံးယွမ်၂သောင်းရှိတယ်”

စားဆသာက်ဆိုင်လေး မည်ကဲ့သို့ ရုတ်တရက်ပြောင်းလဲသွားသည်ကို ယွမ်ချူးလင် အံ့အားသင့်နေစဉ်မှာပင် ဟန်ကျင်းဝူ၏စကားသံအား သူ ကြားလိုက်ရသည်။

“ယွမ်ချူးလင်… မင်းရဲ့အလိမ်အညာတွေက လွန်လွန်းတယ်လို့ မင်းမထင်ဘူးလား  ဟင်။ ဒီစားသောက်ဆိုင်လေးက အမှန်တကယ် ထန်ရှုတို့မိသားစု ပိုင်တာဆိုရင် ကျောင်းလခပေးဖို့ အခက်အခဲတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေ သူ့မှာ ဘယ်ရှိလိမ့်မလဲ။” သူ၏အတန်းပိုင်ဆရာမသည် ဘာကြောင့် စားသောက်ဆိုင်လေး၏အတွင်းအပြင် ပြင်ဆင်မှုနှင့် အမြတ်ငွေအား တွက်ချက်နေပါလိမ့်ဟု ယွမ်ချူးလင် အဖြေရှာမရဖြစ်နေစဉ်မှာပင် ဟန်ကျင်းဝူ၏အသံသည် အေးစက်သွားပြီး သူ့အား ဆူပူသည့်အသံဖြစ်သွားခဲ့လေပြီ။

“ဒီ…ဒီ…ဒီဟာ ဘယ်လိုဖြစ်သွားလဲတော့ ကျွန်တော်လည်း မသိဘူး။ ဒါပေမယ့် ကျွန်တော် ပြောခဲ့တာတွေက အမှန်တွေချည်းပါ။”  ယွမ်ချူးလင် အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေပြီး မည်သို့ပြောရမည်ကို သူ မသိတော့ချေ။

“ဆင်းတော့။ ကျောင်းကို ကိုယ့်ဘာသာ ပြန်တော့။ ညနေအတန်းကို နင် နောက်ကျနေရင် ကိုယ့်ကိုကိုယ် ဝေဖန်တဲ့ အကြောင်းတစ်ထောင် ရေးရမယ်။” ဟန်ကျင်းဝူသည် ယွမ်ချူးလင်ရှင်းပြသည်အား နားမထောင်တော့ဘဲ သူ့အား အေးစက်စက်လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ကျွန်တော်..ကျွန်တော်.. ဘာတွေဖြစ်သွားလဲဆိုတာ အထဲကိုဝင်ကြည့်ပြီး ပိုင်ရှင်ကို ရှာလိုက်မယ်။” ဟန်ကျင်းဝူ ဒေါသထွက်လာသည်ကို ပထမဆုံးအကြိမ်အဖြစ် ယွမ်ချူးလင် မြင်ဖူးခြင်းဖြစ်သည်။ စူးရှပြီးအေးစက်သောအကြည့်အောက်တွင် ယွမ်ချူးလင်တစ်ယောက် ကားထဲမှ တုန်လှုပ်စွာ ထွက်လာခဲ့ပြီး သူ၏နှုတ်မှလည်း တုန်လှုပ်စွာ ပြောနေမိသည်။

ယွမ်ချူးလင်၏စကားများ မဆုံးသေးခင် ဟန်ကျင်းဝူသည် ဂတ်စ်အဝိုင်းပြားလေးအား ဖိလိုက်သည်တွင် သူမ၏ဗွီဒဗလျူတော်ရက်ကားလေးသည် လျင်မြန်စွာ ရွေ့လျားသွားပြီး ကားလမ်းပေါ်သို့ ရောက်သွားခဲ့သည်။ ထိုသို့ ကျောက်ကွယ်သွားတော့မှ ယွမ်ချူးလင်သည် သူ၏ပိုက်ဆံအိတ်နှင့် ဟန်းဖုန်းမှာ ကျောင်းစားပွဲပေါ်တွင် ကျန်ခဲ့ကြောင်း သတိရသွားပြီး  ယခုအချိန်တွင် သူ့တွင် ခြူးတစ်ပြားမျှ မပါလာပါချေ။

“ငါ ဒီကနေ ကျောင်းကို လမ်းလျှောက်ပြန်ရင် အနည်းဆုံး တစ်နာရီ ကြာမှာ။ အဲ့ဒါဆို သေချာပေါက် ညနေအတန်းကို နောက်ကျတော့မှာပဲ။ အား..ငါတော့ အကြောင်းတစ်ထောင်ရေးရတော့မယ်နဲ့တူတယ်။” ယွမ်ချူးလင်သည် စားသောက်ဆိုင်လေးနှင့် ကျောင်းထဲရှိအကွာအဝေးအား တွက်ချက်လိုက်ပြီး သူ၏မျက်နှာသည် ဖရဲသီးကဲ့သို့ ခါးသက်နီရဲသွားတော့သည်။

“အို..အလင်း.. သားလား။ အန်တီက လူမှားပြီးမြင်နေတယ်ထင်နေတာ။ အပြင်မှာ ဘာရပ်လုပ်နေတာလဲ။ လာ ဒီမှာထိုင်။” ယွမ်ချူးလင်သည် စားသောက်ဆိုင်ထဲတွင် ဘာတွေပြောင်းလဲသွားသည်ကို အံ့သြတကြီး ကြည့်နေရင်း ရင်းနှီးနေသောအသံအား ကြားလိုက်ရသည်။

ယွမ်ချူးလင်သည် သူ့အား ပြောလိုက်သူအား မော့ကြည့်လိုက်ရာ ထန်ရှု၏မိခင်အား စုလင်းယွမ်အား တွေ့လိုက်ရသည်။ စိတ်လှုပ်ရှားမှုသည် သူ၏မျက်နှာတွင် ထင်ဟပ်နေပြီး နောက်ဆုံးတော့ ကျောင်းကို ပြန်သွားရန်အတွက် လမ်းစရိတ်ပြသနာအား  ဖြေရှင်းနိုင်ခဲ့ပြီမဟုတ်ပေလား။

“အန်တီ.. စားသောက်ဆိုင် ရွှေ့သွားတာလား။” ယွမ်ချူးလင်သည် စုချူးလင်အား ကြည့်လိုက်သည်တွင် သူမသည် မနေ့က အဝတ်အစားအတိုင်း မပြောင်းလဲဘဲရှိနေသည်ကို တွေ့ရသဖြင့် ဂရုစိုက်သောအမူအရာဖြင့် မေးလိုက်သည်။

“အာ..မဟုတ်ဘူး။ အရင်ဆိုင်ပါပဲ။ အသစ်ပြင်ပြင်နေတုန်းပဲရှိပါသေးတယ်။ ရာသီပွဲတော်အခင်းအကျင်း အနည်းငယ် လုပ်ပြီးတော့ စီးပွားရေးကလည်း ရုတ်တရက် ကောင်းလာတယ်လေ။” စားသောက်ဆိုင်လေးအကြောင်း ယွမ်ချူးလင် မေးလိုက်သောကြောင့် ပျော်ရွှင်သောအပြုံးတစ်ခု စုလင်းယွမ်၏မျက်နှာထက်တွင် ပေါ်လာခဲ့သည်။

စုလင်းယွမ်၏အဖြေစကားအား ကြားရသော ယွမ်ချူးလင်သည် ဝေခွဲမရဖြစ်သွားခဲ့သည်။ ပြန်လည်ပြုပြင်ရန်အတွက်ငွေကြေးအား မည်သည့်နေရာကရသနည်းဟု မေးချင်ခဲ့သော်လည်း သူသည် စုလင်းယွမ်နှင့် အလွန် ရင်းနှီးနေသူမဟုတ်သောကြောင့် မေးရန်ခက်ခဲနေခဲ့သည်။

“အန်တီ… ထန်ရှု ပြီးခဲ့တဲ့လပတ်စာမေးပွဲမှာ အမှတ်၇၁၂မှတ်ရတယ်။ ဒုတိယရတဲ့သူနဲ့ယှဉ်လိုက်ရင် ထန်ရှုက ၇၉မှတ် ပိုများတယ်။ သူ့ရဲ့အောင်မြင်မှုကို စိတ်ပူစရာမလိုတော့ဘူး။” ခဏမျှ တိတ်ဆိတ်သွားပြီး ယွမ်ချူးလင်သည် စုလင်းယွမ်သည် ထန်ရှုတည်ရှိသောနေရာများသိလေမလားဟုစုံစမ်းရန် သူ၏စကားအား ထန်ရှု၏အောင်မြင်မှုဆီသို့ လမ်းကြောင်းပြောင်းလိုက်သည်။

ပထမတွင် သူသည် ထန်ရှု၏သတင်းအား တိုက်ရိုက်မေးလိုခဲ့သော်လည်း ထန်ရှုခွင့်ယူထားသည်ကို စုလင်းယွမ်မသိပါက စိတ်ပူနေမည်ကို စိုးရိမ်မိသောကြောင့် သွယ်ဝိုက်ကာ မေးမြန်းလိုက်သည်။

“ရှုအာ… တကယ် ပထမရခဲ့တာလား။ အာ တကယ်ကောင်းတာပဲ။ သူ အန်တီ့ကို မလိမ်ဘူးဆိုတာ အန်တီသိတယ်။” စုလင်းယွမ်သည် ထန်ရှု ပထမရသည့်အကြောင်းအား ကြားရသည့်အခါ အလွန်ဝမ်းသာပျော်ရွှင်သွားသော်လည်း စိတ်လှုပ်ရှားမှု မဖြစ်သောကြောင့် သူ၏စိတ်ကူးပုံရိပ်မှာ ရပ်တန့်သွားခဲ့ရသည်။ သို့သော် စုလင်းယွမ်သည် လပတ်စာမေးပွဲအောင်စာရင်းမထွက်မီကပင် ထန်ရှု ပထမရမည်ကို ယုံကြည်ထားကြောင်းအား ပြန်သတိရလိုက်သောကြောင့် ယွမ်ချူးလင်သည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့ရပြန်သည်။ သို့သော်လည်း စုလင်းယွမ်၏အဖြေစကားကြောင့် ထန်ရှုအဖြစ်အပျက်အား သူမ မသိသေးကြောင်း ယွမ်ချူးလင် သေချာ ကောက်ချက်ချနိုင်ခဲ့သည်။ အတန်ကြာသည့်တိုင်အောင် စုလင်းယွမ်နှင့် စကားစမြည်ပြောပြီးနောက် ယွမ်ချူးလင်သည် လမ်းစရိတ်တောင်းကာ ကျောင်းသို့ ပြန်လာခဲ့သည်။

ကျောင်းသို့ ပြန်ရောက်သောအခါ ကတုံးနှင့်လူငယ်တစ်ယောက်သည် ထန်ရှု၏ထိုင်ခုံတွင် ထိုင်နေသည်ကို တွေ့ရသောကြောင့် သူ အံ့အားသင့်ခဲ့ရပြီး ထိုကတုံးအားလည်း ရင်းနှီးနေသည်ဟု သူခံစားနေရသည်။

“လုံကျန့်လင်း… ငါ့ကျောင်းကို ဘယ်လို ရောက်လာတာလဲ။” ကတုံးအား တခဏမျှ အကဲခတ်ပြီးသောအခါ ယွမ်ချူးလင်သည် အံ့သြသောအမူအရာဖြင့်  တရင်းတနှီး နှုတ်ဆက်လိုက်သည်။

“ဟာ.. ဖက်တီး.. မင်း ခုထိ မသေသေးဘူးလား။ ထိုဟာ ဖြစ်ပြီး မင်း ကိုယ့်ကိုကိုယ် သတ်သေသွားတယ်လို့ ငါထင်နေခဲ့တာ။” လုံကျန့်လင်းသည်လည်း ယွမ်ချူးလင်အား အကဲခတ်ပြီးနောက် ရင်းရင်းနှီးနှီး ပြန်နှုတ်ဆက်လိုက်သည်။

လုံကျန့်လင်း၏စကားသံအား ကြားပြီး ယွမ်ချူးလင်တစ်ယောက် ရှုံ့မဲ့သွားကာ ခွန်းတုံ့ပြန်လိုက်သည်။

“မင်းအဘကြီး သေပါလားကွ။ မင်းထက်အရင် ငါ သေလို့ ဘယ်ဖြစ်မလဲ။”

ကြယ်တာရာမြို့သည် ကြီးသည်လည်းမဟုတ် ငယ်သည်လည်းမဆိုသာသော မြို့တော်ဖြစ်သည်။ ရွှမ်ကျင်းပြည်နယ်တွင် လုံမိသားစုသည် အစားအသောက်လုပ်ငန်းနှင့် ၁၀ဘီလီယံထက်မနည်း ပိုင်ဆိုင်ထားသည်တွင် ယွမ်မိသားစုသည် အိမ်ခြံမြေလုပ်ငန်းဖြင့် တောက်ပနေခဲ့ပြီး ပိုင်ဆိုင်မှုသည် လုံမိသားစုထက် ၁%အောက်သာ လျော့နည်းပေသည်။ မိသားစုနောက်ခံနှင့် ပိုင်ဆိုင်မှုများကို နှိုင်းယှဉ်မည်ဆိုပါက လုံမိသားစုနှင့် ယွမ်မိသားစုသည်  ကွာဟချက် သိပ်မရှိပေ။ သို့သော်လည်း ကောင်းကင်ဘုံမှ တွေ့စေလိုသည့်ကံသည် အဖြစ်အပျက်များစွာ ဖန်တီးခဲ့လေသည်။ ယွမ်ချူးလင်နှင့်လုံကျန့်ရှင်းတို့၏ သူငယ်ချင်းအဖြစ်သည် မိသားစုကြောင့် မဟုတ်ဘဲ တိုက်ဆိုင်မှုတစ်ခုကြောင့် ကျောင်းအတူတက်ခဲ့ရပြီး အတန်းဖော်များ ဖြစ်ခဲ့ကြသည်။

သူတို့နှစ်ယောက်၏အတန်းဖော်ဘဝသည် တစ်နှစ်ခန့်သာရှိခဲ့သော်လည်း ၂ယောက်ကြားရှိ ခင်မင်မှုသည် နက်ရှိုင်းခဲ့ပြီး မိသားစုစီးပွားရေးကြားတွင်ပါ ရင်းနှီးလာခဲ့သည်။ ယွမ်ချူးလင်၏မိဘများ ကွာရှင်းကြသောအခါ ယွမ်ချူးလင်သည် သူ့ကိုယ်သူ ဘောင်ခတ်လိုက်ပြီး လူမှုရေးဝေဖန်မှုများမှ ကွယ်ပျောက်ခဲ့သည်။ သူတို့၂ယောက်၏ရင်းနှီးမှုအားလည်း ဖြတ်တောက်ခဲ့သည်။

သို့သော် သူတို့၂ယောက်၏သူငယ်ချင်းအဖြစ်သည် အချိန်တွေကြာသွားသော်လည်း ရှင်းရှင်းလင်းလင်း ပြတ်တောက်သွားခဲ့ဟန်မတူချေ။ တစ်ယောက်နှင့်တစ်ယောက် မတွေ့သည်မှာ ၂နှစ်ကြာပြီဖြစ်သော်လည်း စိမ်းကားမနေဘဲ ပိုမို ရင်းနှီးနွေးထွေးလာဟန်ရှိသည်။

“ငါ ထန်ရှုကို လာရှာတာကွ။ သူ ဘယ်မှာလဲဆိုတာ မင်းသိလား။” အတန်ကြာသည့်တိုင်အောင် ယွမ်ချူးလင်နှင့် စကားပြောပြီးနောက် လုံကျန့်လင်းသည် မေးလိုက်သည်။

“မင်း အစ်ကိုကြီးကို လာရှာတာလား။ ဘာလို့ သူ့ကို ရှာနေတာလဲ။” လုံကျန့်လင်းသည် ထန်ရှုအား လာရှာသည်ဟု ကြားလိုက်ရသောအခါ ယွမ်ချူးလင်သည် အံ့အားသင့်သွားရသည်။ သူ၏အသိအမြင်အရဆိုပါက ထိုလူ၂ယောက်သည် တူညီသော ကမ္ဘာတွင် ရောစပ်မရသကဲ့သို့ပင်ဖြစ်သည်။

“ထန်ရှုက မင်းရဲ့အစ်ကိုကြီး ဟုတ်လား။” လုံကျန့်လင်း၏အာရုံထဲတွင် ထန်ရှုအား အစ်ကိုကြီးဟုပင်မက ဆရာအဖြစ်ပင် ခေါ်ပြီး တောင်းဆိုခဲ့ရသည်ကို ပြန်လည်သတိရလာပြီး ရင်ထဲ အနည်းငယ် နာကျင်သွားသကဲ့သို့ပင် ခံစားလိုက်ရသည်။

“ဒါပေါ့ကွ။ သူက ငါ့ထက် ဦးနှောက်ကောင်းတယ်။ သူ့အဆင့်တွေက ငါ့ထက် ကောင်းတယ်။ သူက ငါ့ထက်ရုပ်ချောတယ်။ သူက ရိုးသားပြီး သစ္စာရှိသလို သူ သံယောဇဉ်ရှိတဲ့သူတွေကို ဂရုစိုက်နားလည်ပေးတယ်ကွ။ ဒီလိုလူမျိုးမှ အစ်ကိုကြီးမခေါ်ရင် ငါဘယ်သူကို သွားခေါ်ရမှာတုန်း။” လုံကျန့်လင်းသည် ထန်ရှုအား မည်သည့်အကြောင်းကြောင့် ရှာမှန်း သူမသိသော်လည်း ထန်ရှုသည် ယွမ်ချူးလင်၏အစ်ကိုကြီးဖြစ်ထိုက်သည်ဟုမထင်ကြောင်း လုံကျန့်လင်း ခံစားနေရသည်ကို သိသဖြင့် ယွမ်ချူးလင်သည် စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြတော့သည်။

“ဟေး… မင်း ခုထိ ငါ့အစ်ကိုကြီးကို ဘာလို့ရှာနေတယ်ဆိုတာကို မပြောသေးဘူးနော်။” လုံကျန့်လင်းသည် သူစကားပြောပြီးသည်အထိ ငေးငိုင်နေသည်ကို တွေ့ရသဖြင့် ယွမ်ချူးလင်သည် မအောင့်နိုင်ဘဲ မေးလိုက်သည်။

“ငါ ထန်ရှုကို ရှာရတဲ့အကြောင်းက သူ့အကူအညီလိုလို့ပဲ။ တောင်တွေကာရံထားတဲ့ရွာလေးစီမံကိန်းအကြောင်း မင်းကြားပြီးပြီလား။ ငါတို့မိသားစုက အစားအသောက်လုပ်ငန်းကို ခရီးသွားလုပ်ငန်းအဖြစ် အသွင်ပြောင်းဖို့ လုပ်နေတာ။ အဲ့ဒီရွာလေးကို ရည်မှန်းထားတယ်ပေါ့ကွာ။ ဒါပေမယ့် အဲ့ဒါကို အခြားမိသားစုတွေကလည်း မျက်စိကျနေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ နောက်တော့ လောင်းကစားတစ်ခုမှာ အနိုင်ရတဲ့သူကို ပေးဖို့ ဆုံးဖြတ်လိုက်ကြတယ်ကွ။” လုံကျန့်လင်းသည် မည်သည့်အရာမှ သိုဝှက်မထားဘဲ ယွမ်ချူးလင်အား အကုန်ရှင်းပြလိုက်သည်။

“နေပါဦး။ ငါ တစ်ခု သဘောမပေါက်လို့။ မင်းက အစ်ကိုကြီးကို လောင်းကစားမှာ ကူညီစေချင်တာလား။ ပြသနာက သူက ထက်မြက်ရိုးသားတဲ့ အမေ့ရဲ့သားလေးနော်။ လောင်းကစားရုံကို တစ်ခါမှ မဝင်ဖူးသလို လောင်းကစားနည်းတွေတောင် သူသိမှာမဟုတ်လောက်ဘူး။” လုံကျန့်လင်း၏ရှင်းပြသည်ကို ကြားလိုက်ရသော ယွမ်ချူးလင်သည် မျက်လုံးများ ဝိုင်းသည်အထိ အံ့သြသွားရကာ သူ၏တည်ငြိမ်အေးဆေးမှုပင်  ပျောက်ပျက်သွားရသည်။


Comment

Leave a Reply


Options

not work with dark mode
Reset