အခန်း ၂၅

ပေါင်မုန့်ကို ငြင်းဆန်ကာ ဝိုင်သောက်ရန်အတွက် ဖိအားပေးခံရခြင်း

စုရှန်ဖေးသည်သာ ထိုကဲ့သို့ ဖြစ်နေသည်မဟုတ် သူ၏နောက်တွင်ရှိနေသည့် သူနှင့်အတူပါလာသော အတန်းဖော်နှစ်ယောက်သည်လည်း တူညီသော ခံစားမှုမျိုးအား ခံစားနေရသည်။

“ထန်ရှုက အမှန်တကယ်ကို အပြင်ထွက်ပြီး ခြေလှမ်းစတင်လိုက်တာပဲ။ သူ ထွက်တာနဲ့ ဂိမ်းခန်းမက ငွေကြေးအများကြီး နိုင်သွားတယ်။ ငါ ဒီဂိမ်းခန်းမကို လာတာ အကြိမ်ပေါင်းများစွာရှိပြီ။ ဒီလိုအများကြီး နိုင်တာ ဒီတစ်ခါပဲ တွေ့ဖူးသေးတယ်။”

“ဒီဟာကို အရူးရဲ့လာဘ်လို့ပဲ ခေါ်ရလေမလား။ ထန်ရှုရဲ့ဦးနှောက်သာ ပုံမှန်ဆိုရင် သူ အဲ့လောက် နိုင်ချင်မှ နိုင်မှာလေ။”

စုသွမ့်ရှင်းနှင့် တန်လီကွမ်းတို့သည် ထန်ရှုအား အားကျစွာ ကြည့်နေကြသည်။ ထိုအနိုင်ရရှိသူမှာ ထန်ရှုမဟုတ်ဘဲ သူတို့သာ ဖြစ်ချင်နေတော့သည်။

“ထန်ရှုကို ဘာအားကျစရာရှိလဲ။ သူ့အဆင့်တွေက တစ်နှစ်လုံး ဟိုးအောက်မှာချည်းပဲ။ သူ့မှတ်ဉာဏ်ပြသနာနဲ့ ဘယ်ကောလိပ်မှတောင် ဝင်နိုင်မှာ မဟုတ်တော့ သူ့အနာဂတ်က မလှပတော့ဘူး။ ဂိမ်းငွေကြေး၂သောင်းနဲ့ တစ်သက်လုံး စားလို့သောက်လို့ရမယ်လို့ မင်းတို့ ထင်နေတာလား။” စုရှန်ဖေးသည် သူငယ်ချင်း၂ယောက်အား ကြည့်လိုက်ပြီး ထန်ရှုအား မလိုမုန်းထားစွာဖြင့် ပြောလိုက်သည်။ သူပြောလိုက်သောအသံတွင် ထိုကဲ့သို့သဘောပါဝင်သွားခြင်းအား စုရှန်ဖေး သတိ မထားမိလိုက်ပါချေ။

ထန်ရှုသည် ထို၃ယောက်ရှိနေမှုနှင့် သူ့အကြောင်း ပြောနေသည်များအား သတိပြုမိသော်လည်း ၎င်းတို့အား ဂရုစိုက်ရန်အချိန်မရှိသောကြောင့် သူတို့၏စကားများအား စိတ်ထဲ ထည့်မထားချေ။

မိနစ်အနည်းငယ်ကြာသောအခါ ထန်ရှု၏မျက်လုံးများသည် ဂိမ်းခန်းမထဲရှိ အခြားစလော့စက်တစ်ခုအား မြင်သွားသည်။ ၎င်းစလော့စက်၏ဆုကြေးငွေ ရရှိမည့်စည်းမျဉ်းအား ချိန်ကြည့်သောအခါ အနည်းဆုံး  နောက်ထပ် ဂိမ်းငွေပြား၁၀၀ထပ်ထည့်ပြီးမှ ဆုကြေးထွက်လာလိမ့်မည်ဖြစ်သည်။ သို့သော် ထန်ရှုသည် သည်စက်၏ပေးနိုင်မယ့်ဆုကြေးအား အချိန်အတန်ကြာသည်အထိ တွက်ချက်လိုက်သည်။

“၁၀၀ ထည့်ရင် ၈၀၀၀ ရမယ်ဆိုတော့ ဒီဟာလည်း တွက်ခြေကိုက်မယ့် အလောင်းအစားပဲ။” ထန်ရှုသည် ခပ်တိုးတိုးရေရွတ်လိုက်ရင်း စလော့စက်၏တန်းစီနေသော လူတန်းနောက်တွင် အလျင်မလိုဘဲ စီလိုက်သည်။ ထန်ရှု ဂိမ်းခန်းမသို့ရောက်ကာစတွင် ဂိမ်းငွေကြေး၁၀၀သာ လဲလှယ်နိုင်ခဲ့သည်။ သူ အနိုင်ရရှိသော ဆုကြေးနှင့် လက်ဆောင်ရရှိသည်အား ပေါင်းလိုက်သောအခါ ထန်ရှုသည် အဆိုပါစလော့စက်အတွက် ၁၀၀ဂိမ်းငွေပြားအား ဂရုစိုက်ရန် မလိုတော့ချေ။

ထန်ရှု၏လှုပ်ရှားမှုသည် ဂိမ်းခန်းမနှင့် လူအများအား ဆွဲဆောင်နိုင်ခဲ့သောကြောင့် စုရှန်ဖေးတို့၃ယောက်အပါအဝင်  လူအများအပြားသည် ထန်ရှု စက်ထဲသို့ ဂိမ်းငွေပြားထည့်လိုက်သောအခါ ထန်ရှုအနား ဝိုင်းအုံလာခဲ့ကြသည်။ လူအများ ဝိုင်းအုံလာသော်လည်း ထန်ရှုသည် ထိုလူများအား ဂရုမစိုက်ချေ။ လူအများရှေ့တွင် စက်ထဲသို့ ငွေပြားအား ဖြည်းညှင်းစွာ ထည့်လိုက်ပြီး လည်သည်ခလုပ်အား ဖိလိုက်သည်။

ပထမတွင် လူအများသည် ထန်ရှုမှာ ၂ကြိမ်တိုင်တိုင် အနိုင်ရထားသောကြောင့် တတိယအကြိမ်တွင်လည်း သေချာပေါက် နိုင်ဦးမည်ဟု မျှော်လင့်ထားကြသည်။ သို့သော် ထန်ရှု အကြိမ်၂၀တိုင် ငွေပြားထည့်ပြီးသော်လည်း စက်သည် အသံမြည်ခြင်းမရှိဘဲ တုတ်တုတ်မျှပင် မလှုပ်သောကြောင့် တဖြည်းဖြည်း စိတ်ပျက်လာကြသည်။

“လောင်းကစားဘုရင် ဒီကိုရောက်နေတယ်လို့ ငါထင်ခဲ့တာ။ သူ့ရဲ့ကိုယ်ပိုင်ကံကောင်းမှုကို ကြိုးစားနေတာလို့ မထင်ထားခဲ့ဘူး။”

“ငါတို့ အတွေးများသွားတာပဲ။ စလော့စက်ဆိုတာ ကံပေါ်မူတည်နေတာလေ။ အနိုင်ရဖို့ ဘယ်လို ကျွမ်းကျင်မှုရှိရမှာလဲ။ အဲ့လိုသာဆိုရင် သူဋ္ဌေး မွဲပြီပေါ့။”

“လောင်းကစားဘုရင် ပြန်လည်မွေးဖွားလာသလိုမျိုး မခန့်မှန်းနိုင်ဘဲ ဟန်ဆောင်နေတာပဲ။ ချီးတဲ့မှပဲ ငါ့အချိန်တွေကို အမှန်တကယ် ဖြုန်းလိုက်မိတာပဲ။”

ကြားနေရသောအသံများ၊ မှတ်ချက်ချသံများကြောင့် ထန်ရှု ပါးစပ် အနည်းငယ်ပြဲသွားပြီး စနောက်သည့်အပြုံးသည် သူ၏မျက်နှာထက်တွင် ပေါ်လာသည်။ သည်ဟာသည် အမှန်တကယ် သူ လိုချင်ခဲ့သောရလဒ်ဖြစ်သည်။ ဝိုင်းအုံကြည့်ရှုနေသူများထဲတွင် အမှန်တကယ် စောင့်ကြည့်သူများသာမက ဂိမ်းခန်းမ၏ဝန်ထမ်းများပါ ရောနှောနေသည်ကို ထန်ရှု သိသည်။ ထိုသူများသည် သိသာထင်ရှားစွာပင် ဂျက်ပေါ့အား ထန်ရှုအနေဖြင့် ဘယ်လိုလုပ်ဆိုသည်ကို စောင့်ကြည့်နေချင်ကြသည်။ ထန်ရှု ထပ်ကာထပ်ကာ ဂိမ်းငွေပြားများ ရှုံးနေခြင်းကြောင့် မည်သူမျှ ထန်ရှု၏ဂျက်ပေါ့အနိုင်ရရှိခြင်းအား သံသယဝင်ကြတော့မည်မဟုတ်ချေ။

သို့သော် သည်အချက်သည် ထန်ရှုအား သတိပေးလိုက်သကဲ့သို့ဖြစ်သွားသည်။ ဂိမ်းခန်းမသူဋ္ဌေးသည် အပေါ်ယံသာ ကြင်နာဟန်ပြသော်လည်း အတွင်းစိတ်ကမူ အလွန်ကပ်စေးနည်းကာ စိတ်ဓာတ်နိမ့်ပါးသူဖြစ်သည်။ ဂိမ်းခန်းမ၏နောက်ခံမှာ မရိုးရှင်းသည့်ဟန်ရှိသည်။

ထန်ရှုသည် ၁၁၃ခုမြောက် ဂိမ်းငွေပြားအား စက်ထဲသို့ထည့်လိုက်သည်။ နောက်ဆုံးတွင်တော့ နှစ်သိမ့်ဖွယ်ပျော်ရွှင်မှုနှင့်အတူ မြောက်မြားလှစွာသော ဂိမ်းငွေပြားများ ထွက်ပေါ်လာပါတော့သည်။

“ဘယ်လိုပါလိမ့်။ သူ နောက်တစ်ခါ ဂျက်ပေါ့ ထပ်နိုင်သွားတာလား”

“ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ကောင်လဲကွာ။”

“ကတုံးနဲ့လူ နိုင်တာပါ ထည့်ရေလိုက်မယ်ဆိုရင် ဒီနေ့ သူနိုင်တာ ၃ကြိမ်ရှိပြီဟေ့။ သူ့ကံကောင်းမှုက ရူးလောက်စရာပဲဟ။”

ထန်ရှု ဂျက်ပေါ့ထိသွားပြီးနောက် ယခင်က စိတ်ပျက်သွားသော လူအုပ်ကြီးသည် ပြန်လည်ဝိုင်းအုံလာကြပြီးလျှင် သူ့အား ဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ပထမအကြိမ် အနိုင်ရသည်အား ကံကောင်းမှုဟု ဆိုပါက ထန်ရှု အကူအညီကြောင့် ကတုံးပြောင်လူငယ် အနိုင်ရရှိမှုသည် တိုက်ဆိုင်မှုဟု ဆိုရပေမည်။ သို့သော် တတိယအကြိမ် အနိုင်ရရှိမှုသည် ကံကောင်းမှုဟု မပြောနိုင်သကဲ့သို့ တိုက်ဆိုင်မှုဟုလည်း မဆိုနိုင်တော့ချေ။

“အစ်ကိုကြီး..မင်းက ငါ့ရဲ့အစ်ကိုကြီးပဲ။ ဒီစလော့စက်တွေကို ကစားတဲ့နည်း ကျွန်တော့်ကို သင်ပေးလို့ရမလား။”

ထန်ရှု ငွေပြားများကို သိမ်းနေစဉ်တွင် ကတုံးပြောင်နှင့်လူသည် လူအုပ်ထဲမှ ရုတ်တရက် ထွက်လာပြီး ထန်ရှု၏လက်မောင်းအား ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာ တောင်းဆိုလိုက်သည်။ ထန်ရှုသည် သည်စက်တွင် တန်းစီနေခဲ့စဉ်က ထိုသူသည် သူ၏ဂိမ်းငွေဒါဇင်များစွာကို အချိန်ကြာမြင့်စွာ သုံးစွဲနေခဲ့သည်။ ရုတ်တရက် ထိုသူသည် ထန်ရှု ထပ်မံ အနိုင်ရရှိသည်ကို တွေ့လိုက်သည်။ ထိုသူသည် ထန်ရှုအား နတ်ဘုရားကဲ့သို့ စတင်ထင်မြင်လာပြီး ထန်ရှုအား တွေဝေခြင်းမရှိဘဲ နှောင့်ယှက်မိခြင်းဖြစ်သည်။ ထိုလူ၏ရဲတင်းပြီး ရင်းနှီးစွာ ပြုလိုက်သော အပြုအမူကြောင့် ထန်ရှု မျက်မှောင်ကြုတ်လိုက်မိပြီး သူ့အား ကူညီခဲ့မိသည်ကို နောင်တရချင်မိသွားသည်။ သို့သော်လည်း ထန်ရှုသည် ထိုသူ၏ ရိုးသားပြီး စိတ်အားထက်သန်သော စိတ်အား သဘောကျမိသောကြာင့် သူ့အား ခက်ခဲအောင် မလုပ်တော့ဘဲ ရယ်ရယ်မောမောဖြင့် ပြန်နောက်လိုက်သည်။

“အာ… လောင်းကစားရာမှာ မင်း ရှုံးတယ်ဆိုတာ ဆံပင်မရှိလို့နေမှာ။ ဆံပင်အရှည်ထားလိုက်ရင် မင်းလည်း နိုင်မှာပါကွ။” စကားအဆုံးတွင် ထိုသူပြန်ပြောမည့်စကားအား မစောင့်တော့ဘဲ ထန်ရှု ထွက်လာလိုက်တော့သည်။ ထန်ရှု၏နောက်တွင် ကတုံးပြောင်နှင့်လူငယ်သည် သူ၏ချောမွတ်ကာ ပြောင်နေသော ကတုံးအား ဖြည်းညှင်းစွာ ပွတ်လျက် ထန်ရှု၏စကားများအား လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

“ငါ ဂိမ်းငွေပြား ၃သောင်း နိုင်နေပြီ။ ဆက်ကစားသင့်လား။ ထွက်သွားရတော့မလား။” အနိုင်ရရှိသည့် ၈ထောင်အား တကယ့်ငွေကြေးဖြင့် ထပ်မံလဲလှယ်ပြီးသည့်နောက် ထန်ရှု စဉ်းစားနေစဉ် ဂိမ်းခန်းမသူဌေးသည် စိုးရိမ်ပူပန်သော မျက်နှာဖြင့် သူ့ထံသို့ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

“ညီလေး.. ဒါ ငါ့ရဲ့ မဖြစ်စလောက် သိတတ်မှုလေးပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ။” ထန်ရှု ဆုံးဖြတ်ချက် မချရသေးမီ ဂိမ်းခန်းမသူဋ္ဌေး လီကန်းလောင်သည် ငွေစာအိတ်တစ်အိတ်အား ထုတ်ယူကာ ထန်ရှုအား ပေးလိုက်သည်။ ထန်ရှု တခဏမျှ ကြောင်သွားပြီးနောက် ထိုသူဋ္ဌေး၏အတွေးအား ရိပ်မိလိုက်သည်။

“ခင်ဗျား ကျွန်တော့်ကို စော်ကားနေတာလား။ ခင်ဗျားကိုခင်ဗျား စော်ကားနေတာလား။”

လက်ထဲရှိ ငွေများအား ဝှေ့ယမ်းလျက် ထန်ရှု စိတ်ပျက်စွာ ပြောလိုက်သည်။ သူဋ္ဌေးလက်ထဲရှိစာအိတ်သည် ပါးလှပ်နေသည်ကို မြင်လိုက်ရသောကြောင့် ငွေယွမ်၂ထောင်ထက် ပိုမရှိကြောင်း ထန်ရှုသည်  လွယ်ကူစွာ ခန့်မှန်းနိုင်သည်။ ထန်ရှုသာ ဆက်ကစားမည်ဆိုပါက သူ အနိုင်ရနိုင်သော ငွေပမာဏမှာ ဂိမ်းငွေပြား ၁သိန်းမှသည် ၂သိန်းခန့် ရှိပေမည်။ သို့သော် ဂိမ်းခန်းမသူဋ္ဌေးမှ သူ့အား ယွမ်၂ထောင်သာပေးပြီး ကန်ထုတ်ချင်နေသောကြောင့် ထန်ရှုသည် သူ၏ဆုံးဖြတ်ချက်အား မစွန့်လွှတ်နိုင်တော့ဘဲ ဒေါသထွက်လာစေသည်။

“မကောင်းဆိုးဝါးလေး.. ငါတို့သူဋ္ဌေးပိုက်ဆံကို ယူပြီး ထွက်သွားတာကောင်းလိမ့်မယ်။ အဲ့လိုမှ မဟုတ်ရင် မင်းနိုင်ထားတဲ့ ပိုက်ဆံတွေပါ ထားခဲ့ရမယ့်အပြင် မင်းပါ နေခဲ့ရလိမ့်မယ်။” ထန်ရှုစကား ဆုံးသည်နှင့် အထက်စီးနင်းနိုင်လှသော အသံတစ်သံအား သူ ကြားလိုက်ရသည်။ အသံလာရာသို့ ထန်ရှု လှည့်ကာ ကြည့်လိုက်သောအခါ တက်တူးနှင့် လူရွယ်တစ်ယောက်သည် သူ့အား ကျားသည် သူ၏သားကောင်အား ကြည့်နေသကဲ့သို့ အကြည့်ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ပန့်ကေထောင်ထားသော လူရွယ်များစွာကိုလည်း သူ၏အနောက်တွင် မြင်လိုက်ရသည်။ ထိုသူများသည် ထန်ရှုအား အလယ်မှာ ထားကာ စက်ဝိုင်းပုံစံ ဝိုင်းလိုက်ကြသည်။

“သူဋ္ဌေး.. ဒါ မင်းရဲ့ဖောက်သည်တွေကို ဆက်ဆံတဲ့ ပုံစံလား။” ဂုဏ်ဆာနေသော သူဋ္ဌေး၏မျက်နှာအား ကြည့်ကာ ထန်ရှုသည် ခပ်ပြတ်ပြတ်အသံဖြင့် မေးလိုက်သည်။

“ဘာလဲ။ မင်းမှာ စောဒကတက်စရာရှိလား။” လီကန်းလောင်သည် လှောင်ပြောင်လိုက်သည်။

“ငါက ပထမတော့ ရပ်တော့မယ်လို့ စဉ်းစားနေခဲ့တာ။ သူဋ္ဌေး ပြောပုံအရတော့ ဆက်ကစားတာပဲ ကောင်းမယ်နဲ့တူတယ်။” သူ့အား စားတော့မည့်ပုံစံဖြင့် ကြည်ေ့နသော သူဋ္ဌေးအား အမြင်ကတ်သောကြောင့် ထန်ရှုသည် ချာကနဲလှည့်ကာ ဂိမ်းခန်းမအလယ်သို့ လျှောက်သွားလိုက်သည်။ ပန့်ကေနှင့်လူအချို့သည် ဂိမ်းခန်းမ၏ဝင်ပေါက်အား ပိတ်ဆို့ထားကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးတွင် ထန်ရှုအား ဆက်ကစားလိမ့်မည်ဟု ထိုသူများ မမျှော်လင့်ထားကြချေ။ ထို့ကြောင့် ထိုသူများ ယောင်နနဖြင့် ကျန်နေရစ်ခဲ့သည်။

ထန်ရှုသည် လီကန်းလုံ၊ တက်တူးထိုးထားသော လူရွယ်နှင့် အခြားသူများအား ကျော်လွန်သွားသည့်တိုင်အောင် မယုံနိုင်သောအကြည့်တို့ဖြင့် ကျန်နေရစ်ခဲ့သည်။

“ဒီကောင်လေး နောက်ခံက ဘာပါလိမ့်။ တကယ့်ချီးထုပ်ပဲ။ လမ်းပေါ်မှာ ဒီလိုစရိုက်မျိုး ငါ တစ်ခါမှ မတွေ့ဖူးပါဘူး။” ထန်ရှု၏ အပြုအမူနှင့် အပြောအဆိုများအား ပြန်စဉ်းစားကြည့်မိပြီး လီကန်းလုံ၏စိတ်ထဲတွင် မရိုးရှင်းသော ခံစားချက်သည် ရုတ်တရက် ပေါ်ထွက်လာသည်။

“ဘော့စ်… မြို့နယ်လုံခြုံရေးကောင်စီက အရာရှိဝမ်ဟောင်နဲ့ ဆရာ သွေးသောက်ညီအစ်ကိုတွေ ဖွဲ့ပြီးကတည်းက သူရဲကောင်းလမ်းဧရိယာက ကျွန်တော်တို့အပိုင်နယ်မြေ ပါဗျ။ ဒီကြွက်ပေါက်လေးကို ဆရာကြောက်နေတယ်လို့တော့ မပြောနဲ့နော်။” သူဋ္ဌေး၏တီးတိုးသံကို ကြားလိုက်ရသော တက်တူးနှင့်လူရွယ်သည် မထီတထီဖြင့် ပြောလိုက်သည်။

“ငါ သူ့ကို ကြောက်နေတယ်လို့ ဘယ်သူပြောတာလဲ။ ဒီကောင်လေးရဲ့နောက်ကြောင်းကို စိတ်ဝင်စားရုံပါကွ။ ငါတို့ သူ့ကို ဝိုင်းထားတာတောင် သူက စကားပြောနိုင် ရယ်မောနိုင်သေးလို့ ငါတို့ဧရိယာမှာ ဒါမျိုး တစ်ခါမှ မတွေ့ဖူးတော့ ဒီကောင်က သိသာနေတယ်။ မင်း ဘာလို့ ငါ့ကို ကြည့်နေတာလဲ။ ဒီကောင့်ကို တခြားအခွင့်အရေးတွေ မရစေဘဲ ဆွဲထုတ်ဖို့ လုပ်ချေ။”

လီကန်းလုံသည် တက်တူးနှင့်လူအား စိုက်ကြည့်လိုက်ပြီး ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် ကတုံးပြောင်နှင့်လူငယ်သည် ထန်ရှုစကားများအား စဉ်းစားပြီးနောက် သူ့နောက်သို့ လိုက်လာခဲ့ရာ ထန်ရှုနှင့် ဂိမ်းခန်းမသူဋ္ဌေးကြားမှ ပြသနာအား မြင်တွေ့လိုက်ရလေသည်။ ထို့ပြင် သူဋ္ဌေးနှင့် သူ၏လုံခြုံရေးအစောင့်များ၏စကားသံများကိုပါ ကြားလိုက်ရသောကြောင့် ပျော်ရွှင်သောအပြုံးသည် ထိုလူငယ်၏မျက်နှာထက်တွင် ပေါ်ထွက်လာလေသည်။

“လီကန်းလုံ… ငါ့အစ်ကိုကြီးကို ဆုံးမမယ်လို့ ငါကြားလိုက်သလားလို့။” လုံခြုံရေးအစောင့်များထွက်သွားသည်အထိ မစောင့်တော့ဘဲ ကတုံးပြောင်နှင့် လူငယ်သည် ကောင်တာဆီသို့ သွားကာ ပြုံးလျက် ထည်ဝါသောအသံဖြင့် ပြောလိုက်သည်။

“မင်း..မင်း..သခင်လေးလုံ။ ကျွန်တော့်ရဲ့ဆိုင်ငယ်လေးကို အလည်လာတာ ဂုဏ်ယူပါတယ်။” တစ်စုံတစ်ယောက်မှ သူ့အား အော်ပြောလိုက်သောအသံအား ကြားလိုက်ရသဖြင့် လီကန်းလောင်သည် ထိုသူအား ဂရုတစိုက် အကဲခတ်ကြည့်လိုက်မိသည်။ တခဏအကြာတွင် သူ၏မျက်လုံးများသည် အံ့သြမှုဖြင့် ပြူးကျယ်သွားပြီး စိတ်လှုပ်ရှားသော အမူအရာ ဖြစ်ပေါ်လာသည်။ အဆိုပါလူငယ်၏နောက်ခံမှာ အမှန်တကယ် ကြီးမားသောကြောင့် သူ၏စကားအနည်းငယ်မျှနှင့်ပင် လီကန်းလုံ၏ ဂိမ်းခန်းမ အဆုံးသတ်သွားနိုင်သည်။

သို့သော်လည်း သူ၏အရှေ့မှ လူငယ်သည် သိုသိုသိပ်သိပ်သာနေသောကြောင့် လူအနည်းငယ်သာ သူ၏သရုပ်အမှန်ကို သိလေသည်။ လီကန်းလုံတောင်မှ ကံကောင်းထောက်မသဖြင့် ထိုလူငယ်အား အကြိမ်အနည်းငယ် တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူ့အား ဆက်လက်အကဲမခတ်ရဲတော့ပါချေ။ သို့သော် ထိုသူသည် သူ့အား အပြုံးနှင့်နှုတ်ဆက်နေသောကြောင့် ထိုသူအမှန်တကယ်လုပ်လိုသည်အား စဉ်းစားမရပါချေ။

“သခင်လေးလုံ။ တစ်ခုခု မှားနေပုံရတယ်။ ကျွန်တော့်ကို ဓားအချောင်၁၀၀ငှားတာတောင်မှ သခင်လေးရဲ့အစ်ကိုကြီးကို မဆုံးမရဲပါဘူး။” လုံကျန့်လင်း၏မှတ်ချက်အား ပြန်လည်ကြားယောင်လျက် လီကန်းလုံ အလျင်အမြန် တောင်းပန်လိုက်သည်။

လီကန်းလုံ၏စကား မဆုံးသေးခင်မှာပင် လုံကျန့်လင်းသည် သူ၏လက်အားမြှောက်ကာ လီကန်းလုံ၏မျက်နှာအား ရိုက်ပစ်လိုက်သည်။

“ငါ အမှန်တကယ် မကြိုက်တာ မင်းတို့လို လူမျိုးတွေပဲ။ ကိုယ်ပဲ အနိုင်လိုချင်တယ် သူများတွေကို အနိုင်မပေးချင်တဲ့ လူစားတွေ။ တခြားသူတွေသာ ဂိမ်းခန်းမတွေ ဖွင့်ပြီး မင်းလို လုပ်နေမယ်ဆိုရင် လူတွေက အဝင်ပဲရှိပြီး အထွက်မရှိဘဲ ဖြစ်ကုန်တော့မှာပေါ့။ ငါတို့ကို ငတုံးတွေများ ထင်နေလား။”

လုံကျန့်လင်း၏လက်ဝါးရိုက်ချက်သည် လီကန်းလုံအား ကြောင်တောင်တောင် ဖြစ်သွားစေသည်။ အမြဲတစေ ပြုံးနေသည့်ထိုလူငယ်သည် ထိုကဲ့သို့ ပြုမူတတ်သောသူ ဖြစ်လိမ့်မယ်ဟု သူ တွေးမထင်ထားမိခဲ့ချေ။

“လီကန်းလုံ.. နားထောင်စမ်း။ ငါ့ရှေ့က ဂိမ်းငွေပြားတွေ လဲသွားတဲ့သူက ငါ့အစ်ကိုကြီးပဲ။ သူ ဘယ်လောက်ပဲ ဘယ်လိုပဲ ကစားကစား မင်း ညစ်ပတ်မယ်ကြံရင် မင်းနဲ့ငါ ကစားဖို့ ဝန်မလေးဘူး။”

လီကန်းလုံ၏ ဇဝေဇဝါဖြစ်နေသောအကြည့်အောက်တွင် လုံကျန့်လင်းသည် ထိုစကားများ ပြောလျက် လျင်မြန်စွာ ထွက်ခွာသွားတော့သည်။ သူ၏စကားအဆုံးတွင် လီကန်းလုံသည် မိုးကြိုးဖြင့် အသတ်ခံရသူကဲ့သို့ ခံစားလိုက်ရပြီး ကျန်သော တက်တူးနှင့်လူရွယ်အဖွဲ့မှာလည်း ထိတ်လန့်မှုများဖြင့် ကျန်ရစ်ခဲ့ကြသည်။


Comment

Leave a Reply


Options

not work with dark mode
Reset