အခန်း (၂၀၇)

သေဖို့စောင့်နေရမှာလား

အခန်း (၂၀၇) သေဖို့စောင့်နေရမှာလား

ကျန်းလန်က ငရဲတံခါးအခြေအနေနှင့်ပတ်သက်ပြီး သိပ်စိတ်မပူတော့ပေ။

လက်သည်တရားခံကိုရှာတွေ့သည်နှင့် ဖြစ်ကြောင်းကုန်စင် သိရှိရမည် ဖြစ်သည်။

ထို့ပြင် အရာအားလုံးက တစ်ဖက်လူမှ ရည်ရွယ်ချက်ရှိရှိ ထုတ်လွှတ်လိုက်သည့် မီးခိုးအလွှာပါးတစ်ခု ဖြစ်နိုင်သည်။ ပြင်ပတိုက်ခိုက်မှုများ မလိုအပ်ဘဲ ငရဲတံခါးကို ပစ်မှတ်ထားခြင်း ဖြစ်နိုင်သည်။

သူ ခေါင်းမော့ကြည့်လိုက်သည်။

ထိုစဉ် တစ်စုံတစ်ယောက်က ကျန်းလန် ပြုလုပ်ထားသည့် အစီအရင်မှ နာမ်ဝိညာဉ်ပုံရိပ်ယောက်နယ်မြေသို့ အာရုံခံကြည့်နေသည်ကို သိလိုက်ရသည်။

ထိုသူကြည့်နေသည်က နာမ်ဝိညာဉ်မရဏဂူကိုသာ ဖြစ်ပြီး ထိုဂူထဲတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည့် ကျန်းလန်၏ ပုံရိပ်ယောင်ကို တွေ့မြင်ရမည် ဖြစ်သည်။

ရန်သူက ထို နာမ်ဝိညာဉ်မရဏဂူကို အာရုံခံလိုက်သည်နှင့် အစီအရင်က ချက်ချင်းတုံ့ပြန်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင် ရန်သူများ၏ တည်နေရာကို ယေဘူယျ ခန့်မှန်းနိုင်မည် ဖြစ်၏။

ခဏကြာပြီးနောက်…

အပြင်ဘက်မှအသံများ တဖြည်းဖြည်း တိုးတိတ်ပျောက်ကွယ်သွားသည်။

ကျန်းလန် အခြေအနေကို အတိအကျ မသိရှိသော်လည်း ယခုက အပြင်ထွက်ရမည့်အချိန် မဟုတ်သေးပေ။ စိတ်ရှည်ရှည်ဖြင့် အနည်းငယ် ထပ်မံစောင့်ဆိုင်းရဦးမည် ဖြစ်သည်။

မကြာမီ နာမ်ဝိညာဉ်မရဏဂူမှ အစီအရင်များအသက်ဝင်လာပြီး တစ်ဖက်လူက နက္ခတ်ပညာဖြင့် ကြည့်ရှုနေသည်မှာ ငရဲတံခါးကိုမဟုတ်ဘဲ သူ့ကိုဖြစ်ကြောင်း သိလိုက်ရသည်။

“သူတို့ ငါ့ကိုပစ်မှတ်ထားနေတာပဲ…”

ကျန်းလန်က အစီအရင်၏ တုံ့ပြန်မှုကို အာရုံစိုက်လိုက်သည်။ သို့သော် ရန်သူ၏ တည်နေရာက ဝိုးတဝါးဖြစ်နေပြီး သိရှိနိုင်ခြင်း မရှိပေ။

ခဏမျှတုံ့ဆိုင်းနေပြီးနောက် နာမ်ဝိညာဉ်မရဏဂူအတွင်းမှ သူ၏ပုံရိပ်ယောင်နေရာသို့ ကျန်းလန်ကိုယ်တိုင်သွားရောက် နေရာယူလိုက်သည်။

မကြာမီ သစ်ရွက်အမြင်တန်ခိုးစွမ်းအားမှ တုံ့ပြန်မှု ဖြစ်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

လူတစ်ယောက်က နက္ခတ်ပညာဖြင့် သူ့ကို အာရုံခံကြည့်ရှုနေပြီး ထိုသူ မည်သူမှန်း မသိသည့်တိုင် တည်နေရာကို ကျန်းလန် ခန့်မှန်းလိုက်နိုင်သည်။

“ငါ အခု သွားလို့ရပြီ…”

ကျန်းလန်က နာမ်ဝိညာဉ်မရဏဂူမှ ထွက်ခွာပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။

သူနေထိုင်ရာ ခြံဝန်းနားသို့ ရောက်သည့်အခါ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ ဝင်ပြီးလောင်းပေးလိုက်သေး၏။

နောက်တစ်နေ့နံနက်အထိ သူ တောင်ပေါ်သို့ ပြန်လာနိုင်မည် မဟုတ်သေးပေ။

နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများ၏ တိုက်ပွဲက နှစ်ပေါင်း (၁၀၀) ကျော် ကြာမြင့်ခဲ့သည်။

ယခု နတ်မိစ္ဆာများက ခွန်လွန်တောင်ကို နှစ်ရည်တိုက်ခိုက်ရန် ရည်ရွယ်ခြင်း မရှိပေ။ တစ်ရက် နှစ်ရက်ခန့် ပွက်လောရိုက်သွားအောင် ရန်စတိုက်ခိုက်လိုခြင်း ဖြစ်သည်။

အလုပ်များပြီးသွားသည်နှင့် ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။

ပြင်ပလောကသို့ထွက်ခွာပြီး အတွေ့အကြုံရှာဖွေရန် ဆရာဖြစ်သူက သူ့ကို အမြဲတမ်း ပြောဆိုလေ့ရှိသည်။ ယနေ့တော့ ဆရာ့စကား နားထောင်ရပေတော့မည်။

ကျန်းလန် ခွန်လွန်တောင်ပြင်ပသို့ ရောက်ရှိလာသည်။ ရန်သူများ၏တည်နေရာက ရေခဲပုဇဉ်းရင်ကွဲတောအုပ်ဘက်တွင် ဖြစ်၏။

ထိုအချိန် ခွန်လွန်တောင်မှတပည့်များ ယောက်ယက်ခတ် ပြးလွှားလှုပ်ရှားနေကြသည်ကို တွေ့လိုက်ရသောကြောင့် ကျန်းလန် ကောင်းကင်ထက်မော့ကြည့်လိုက်ရာ ထူးခြားသည့်အလင်းတန်း (၂)ခု တောက်နေကြောင်း တွေ့လိုက်ရသည်။

အလင်းရောင်က စူးရှတောက်ပလွန်းသောကြောင့် တစ်ချက်ကြည့်ရုံမျှဖြင့် ကျန်းလန် မျက်လုံးများ ကျိန်းစပ်သွားရသည်။ ထိုအရာက အလင်းစွမ်းအား ဖြစ်၏။

“ဒီလူ (၂)ယောက်က ဘာကျင့်စဉ်တွေ ကျင့်ကြံထားတာလဲ…”

အလင်းရောင်များက နေရောင်ကဲ့သို့ ထွန်းလင်းနေခြင်း ဖြစ်ပြီး ကျန်းလန်ကဲ့သို့ အစစ်အမှန်အင်မော်တယ်တစ်ပါးပင် ထိုအလင်းရောင်များဆီသို့ ချဉ်းကပ်နိုင်စွမ်း မရှိပေ။

ထိုခဏမှာပင် ပျက်သုဉ်းတစ်စပြင်လောကကြီးက အမှန်တကယ် အန္တရယ်များလှကြောင်း နားလည်လိုက်ရသည်။

သို့သော် ကျန်းလန်က ထိုအလင်းရောင်များတည်ရှိရာသို့ မသွားဘဲ အစီအရင်မှ တုံ့ပြန်ညွှန်ပြသည့်နေရာသို့သာ ထွက်ခွာလာခဲ့သည်။

ကျန်းလန် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ကောင်းကင်လွှမ်းသစ်ရွက်တန်ခိုးစွမ်းအားကလည်း သူ့ကို အလိုအလျှောက် ကာကွယ်ပေးထားသည်။

ယခုအချိန်တွင် နတ်မိစ္ဆာများဘက်မှ များစွာသောမှော်ဝင်ပစ္စည်းများကို အသုံးပြုမည် ဖြစ်သည်။ ကျန်းလန်အနေဖြင့် အခြေအနေများကို သွားရောက်ကြည့်ရှုရန် သေချာပေါက် လိုအပ်သည်။

အကယ်၍ သူကဲ့သို့ အစစ်အမှန်အင်မော်တယ်တစ်ပါးပင် ဖြေရှင်းနိုင်ခြင်းမရှိသည့် ပြဿနာမျိုးဖြစ်နေပါက သူ မဖြေရှင်းတော့ရန် ဆုံဖြတ်လိုက်သည်။

………

ခွန်လွန်တောင်နှင့် မဝေးသည့် တစ်နေရာတွင် တောင်းခါးပန်းတစ်ခု တည်ရှိသည်။

ထိုတောင်ခါးပန်းထက်တွင် ရှေးဟောင်းရေတွင်းကြီးတစ်ခု ရှိနေပြီး ဝူမူက ထိုရေတွင်းကြီးအပေါ်သို့ မန္တန်ပညာများအသုံးပြုကာ တံဆိပ်ခတ်လျှက် ရှိသည်။

ကျန်းလန်သာ အနားတွင်ရှိမည်ဆိုလျှင် ရှေးဟောင်းရေတွင်းကြီးမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကိုကြည့်ပြီး အံ့အားသင့်သွားမည် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းရေတွင်းကြီးမှ မရဏအငွေ့အသက်များ ထွက်ပေါ်နေသည် မဟုတ်ပါလား။

ထိုမရဏအငွေ့အသက်များက ငရဲတံခါးမှ ထွက်ပေါ်နေသည့် မရဏအငွေ့အသက်များနှင့် အတူတူပင် ဖြစ်သည်။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် မရဏအငွေ့အသက်များ ထွက်ပေါ်နေတတ်သည့် နေရာများ ၊ အရာဝတ္ထုများနှင့် သားရဲများ ရှိကြသည်။ သို့သော် အရမ်းအများကြီးမဟုတ်ဘဲ ရှားပါးကြသည်။

ထို့ပြင် ထိုသို့သောအရာများမှ ထွက်ပေါ်နေသည့် မရဏအငွေ့အသက်များက ငရဲတံခါးမှ မရဏအငွေ့အသက်များနှင့် လုံးဝမတူညီပေ။

သို့ရာတွင် ယခု ရှေးဟောင်းရေတွင်းကြီးမှ ထွက်ပေါ်နေသည့် မရဏအငွေ့အသက်များကတော့ ငရဲတံခါးမှ မရဏအငွေ့အသက်များနှင့် အတူတူပင် ဖြစ်၏။

ဝူမင်က မျက်မှောင်ကြုတ်လိုက်ရင်း…

“ကျုပ်မျှော်လင့်ထားတာထက် အတော်လေးကို နှေးကွေးနေတယ်… ၊ အချိန်မီမယ် မထင်ဘူး…”

ပြီးမှ သူက ဝူလျဲ့ကို လှမ်းကြည့်လိုက်ပြီး…

“ကျန်းလန်ရဲ့တည်နေရာကို မင်း ခြေရာခံနိုင်ပြီလား…”

ဝူလျဲ့က ဝူမင်၏ အမေးကို ချက်ချင်း ပြန်မဖြေပေ။

သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ တောက်ပလာပြီး အတန်ကြာမှ အလင်းရောင်များ ပြန်လည်ပျောက်ကွယ်သွားသည်။ သူက နက္ခတ်ပညာဖြင့် ကျန်းလန်ရှိသည့်နေရာကို အာရုံခံလိုက်ခြင်း ဖြစ်၏။

ဝူလျဲ့က…

“သူက မရဏဂူထဲမှာ ရှိနေတယ်… သူ့ကိုမျှားခေါ်ဖို့ကတော့ ခက်ခဲမှာပဲ…”

ဝူမူက…

“ကျန်းလန်ကို မျှားခေါ်ဖို့ လူတစ်ယောက် လွှတ်လိုက်မယ်… ၊ သူ ကျုပ်တို့နားရောက်လာတာနဲ့ ဖမ်းလိုက်မယ်…”

ဝူမူက ခဏမျှ တုံ့ဆိုင်းနေပြီးမှ စကားဆက်ပြောသည်။

“ဒီနေရာက ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရဦးမယ်… ၊ အဆင်မပြေရင်တော့ နဝမတောင်ထွတ်ကို ခိုးဝင်ရမှာပဲ… ၊ ဒါပေမဲ့ အခုလိုကိစ္စတွေဖြစ်နေတာကို နဝမတောင်ထွတ်က တောင်သခင် သေချာပေါက် အာရုံစိုက်မိမယ်ထင်တယ်…”

ဝူလျဲ့ ခေါင်းညိတ်ပြလိုက်သည်။

“ပြဿနာရှိလာရင် လွတ်အောင်ပြေးနိုင်ဖို့ ကျုပ် ပြင်ဆင်ထားလိုက်ပါ့မယ်…”

သူ့စကားဆုံးသွားချိန်တွင် ကျယ်လောင်သည့်အသံကြီးတစ်သံ ကောင်းကင်ထက်မှ ထွက်ပေါ်လာသည်။

“ဘုန်း…”

သူတို့နှင့် မနီးမဝေးတွင် ကောင်းကင်ထက်မှ ကျလာသည့် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။

“ဘန်း…”

ထိုသူ၏ ခန္ဓာကိုယ်မှ လျှပ်စီးမိုးကြိုးတန်ခိုးစွမ်းအားများ ထွက်ပေါ်နေ၏။

ရုတ်တရက်ဖြစ်သောကြောင့် ဝူမူနှင့် ဝူလျဲ့တို့ ထိတ်လန့်သွားကြပြီး နောက်သို့ဆုတ်လိုက်မိကြသည်။

ပြုတ်ကျလာသူက လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသည့် နဂါးတစ်ကောင်ဖြစ်ကြောင်း သိလိုက်ရမှ သူတို့ အနည်းငယ် စိတ်သက်သာရာရသွားကြသည်။

“အ… နာလိုက်တာ…”

လုန်မန်က မတ်တတ်ရပ်ရင်း ခါးကိုလက်တစ်ဖက်ဖြင့်နှိပ်ကာ ပြောလိုက်သည်။

ဟုတ်ပေ၏။ ကောင်းကင်ထက်မှ ပြုတ်ကျလာသူမှာ နဂါးမင်းသားလုန်မန်ပင် ဖြစ်၏။

နောက်ဆို ဘယ်တော့မှ လုန်ရဲ့နှင့်အတူ သေရည်မသောက်တော့ဟု သူ ဆုံးဖြတ်ချက်ချလိုက်မိသည်။

လုန်ရဲ့က သေရည်ဆိုင်တွင် ပြဿနာရှာပြီးနောက် ဖီရှိုးကောင်နှင့် တိုက်ခိုက်ကြ၏။ ထိုတိုက်ပွဲတွင် သူပါ ကြားညပ်ကာ ဒုက္ခလှလှတွေ့ရခြင်း ဖြစ်သည်။

လုန်ရဲ့နှင့် ဖီရှိုးကောင်တို့ အပြင်းအထန် တိုက်ခိုက်ကြလေရာ သူလည်း ဘာမှန်းမသိ ယောင်လည်လည်ဖြင့် ကောင်းကင်ထက်လှည့်ပတ်နေမိရင်း ထိုသူ (၂)ယောက်၏ အဝေးသို့ ရောက်ရှိလာခဲ့သည်။

သူက လူသားအင်မော်တယ်တစ်ယောက်မျှ ဖြစ်လေရာ လုန်ရဲ့ကို ကူညီပြီး ဖီရှိုးကောင်ကို တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။

ဒါ ဘယ်နေရာပါလိမ့်။

လုန်မန် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ ရှေးဟောင်းရေတွင်းကြီးတစ်ခုနှင့် နံဘေးတွင် ရပ်နေကြသည့် အစစ်အမှန်အင်မော်တယ် (၂)ပါးကို တွေ့လိုက်ရသည်။

ထိုသူများက နတ်မိစ္ဆာများ ဖြစ်ကြ၏။

“နတ်မိစ္ဆာတွေပဲ…”

လုန်မန် ထိတ်လန့်စွာ ထခုန်လိုက်ပြီး ချက်ချင်းပင် နောက်သို့ ခြေ (၂)လှမ်းခန့် ဆုတ်လိုက်သည်။ သူက တန်ခိုးစွမ်းအားများကို ချက်ချင်းလှည့်ပတ်လိုက်ပြီး သူ့ကိုယ်သူကာကွယ်ရန် အသင့်ပြင်ထားလိုက်သည်။

ထိုနတ်မိစ္ဆာများ ခွန်လွန်တောင်ကို တိုက်ခိုက်နေကြခြင်း ဖြစ်ကြောင်းကိုလည်း ရိပ်မိလိုက်၏။

ဝူမူက လုန်မန်ကိုကြည့်ကာ ပြုံးလိုက်ရင်း…

“ဘယ်သူများလဲလို့ … နဂါးမျိုးနွယ်က အဋ္ဌမမင်းသားလေးကိုး…”

ဝူမူ၏ မျက်နှာကပြုံးနေသော်လည်း ထိုအပြုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများကို တွေ့မြင်နေရသည်။

“ဟဲဟဲ… ကျုပ်က မတော်တဆ ပြုတ်ကျလာတာပါ… ၊ ဘာမှ မတွေ့လိုက်ပါဘူး… သွားတော့မယ်နော်..”

ပြောပြီးသည်နှင့် လုန်မန် ချက်ချင်းထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။

သို့သော် ဝူမူက သူ့ကို သွားခွင့်မပေးဘဲ တားဆီးလိုက်၏။

“ရောက်လာမှတော့ ဘာလို့ အမြန်ပြန်နေမလဲ… ၊ ကျုပ်တို့က မင်းကို ဒုက္ခမပေးပါဘူး… ၊ အေးအေးဆေးဆေး အနားယူပြီးမှ ပြန်ပေါ့ကွာ…”

လုန်မန် သူတို့ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် ရှေးဟောင်းရေတွင်းကြီးကို တစ်ချက်လှမ်းကြည့်လိုက်၏။ ထိုရေတွင်းကြီးက ခွန်လွန်တောင်ကို အန္တရယ်ပြုနေသည်မှာ ထင်ရှားသည်။

“အဟဲ…”

လုန်မန် ရယ်ကျဲကျဲလုပ်လိုက်ပြီး ချက်ချင်းပင် နဂါးခန္ဓာကိုယ်တစ်ဝက်အသွင်ပြောင်းကာ ထွက်ပြေးရန် ဟန်ပြင်လိုက်သည်။

“ငတုံးတွေပဲ သူတို့စကားနားထောင်မှာပေါ့… ၊ မတော်လို့ ငါသာ သူတို့နဲ့ ပူးပေါင်းနေတယ်လို့ ခွန်လွန်တောင်က ထင်သွားရင် ခမည်းတော်တောင် ငါ့ကို ကယ်နိုင်မယ် မထင်ဘူး…”

နဂါးများနှင့် နတ်မိစ္ဆာများ အပြန်အလှန်နားလည်မှု ယူခဲ့ကြသော်လည်း ဘယ်သောအခါမှ ပူးပေါင်းမည် မဟုတ်ပေ။ အထူးသဖြင့် ခွန်လွန်တောင်သို့ ရောက်ရှိနေချိန်တွင် မည်သည့်နည်းနှင့်မှ အထင်မှားမခံနိုင်ပေ။

ခွန်လွန်တောင်ဆိုသည်က အနိုင်ကျင့်ရန် လွယ်ကူသည့်နေရာတစ်ခု မဟုတ်ပေ။

သူတို့က နဂါးများကို ကြောက်ရွံ့ခြင်း မရှိသလို နတ်မိစ္ဆာများနှင့်လည်း နားလည်မှုယူကြမည့်သူများ မဟုတ်ပေ။ ခွန်လွန်တောင်က ရန်ပြုလာသူများကို သည်းမခံတတ်သည့် နေရာတစ်ခု ဖြစ်သည်။

သူသာ ခွန်လွန်တောင်ကို အန္တရယ်ပြုရန် နတ်မိစ္ဆာများနှင့် ပူးပေါင်းသည်ဟု အထင်ခံရပါက ရှင်းပြချိန်မရလိုက်ဘဲ အသက်ပျောက်သွားမည်ဖြစ်၏။

ရှေးယခင်က ခွန်လွန်တောင်က ထိုသို့မဟုတ်ကြောင်း လုန်မန် ကြားဖူးသည်။

လက်ရှိ ခွန်လွန်တောင်ဂိုဏ်းချုပ်နှင့် တောင်သခင် (၉)ပါး ခွန်လွန်တောင်ကို သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း အရာအားလုံး ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် ယခုအချိန် ထွက်မပြေးပါက ခွန်လွန်တောင်မှလူများ ရောက်လာပြီး သူ့ကိုတွေ့သွားမည်ဆိုလျှင် ရှင်းပြရန်ပင် အခွင့်အရေးရမည် မဟုတ်ပေ။

ဝူလျဲ့က လုန်မန်ကို တစ်ချက်ကြည့်လိုက်ပြီး…

“မင်း ခွန်လွန်တောင်ကို သွားပြီး သတိပေးမလို့လား…”

ဝူမူက ဝင်ပြောလိုက်သည်။

“သူ ဒီနေရာကထွက်သွားလည်း ဘာမှမဖြစ်ဘူး ၊ ဒီတစ်ကြိမ် ငရဲတံခါးကို နှိုးဆွတာ မအောင်မြင်ဘူးဆိုရင် ကျုပ်တို့ အသက်ရှင်လျက် ပြန်ခွင့်ရမှာ မဟုတ်ဘူး… ၊ နဂါးမင်းသားကို လွှတ်ပေးလိုက်လည်း နဂါးမျိုးနွယ်တွေက သူ့ပြဿနာနဲ့သူမို့ ဘာအရှုတ်အထွေးမှ ဖြစ်လာမှာ မဟုတ်ဘူး…”

ခဏနားပြီးမှ ဝူမက ဆက်ပြောသည်။

“ပြီးတော့ နဂါးမင်းသားကို ဖမ်းဖို့ထက် ကျုပ်တို့အကြံအစည်တွေ အကောင်အထည်ဖော်နိုင်ဖို့က အဓိကပဲ… ၊ အရန်အစီအစဉ်အတိုင်း ကျန်းလန်ကို ဖမ်းမိမှ ဖြစ်မယ်… ၊ နဂါးမင်းသားကို သတ်ဖို့က ကျုပ်တို့အစီအစဉ်ထဲ မပါသေးဘူး…”

ထို့နောက် လုန်မန်ထွက်ပြေးသွားသည်ကို သူတို့ (၂)ယောက် အရေးမစိုက်ကြတော့ပေ။

လုန်မန် အလျှင်အမြန်ပင် ထွက်ပြေးလာခဲ့သည်။ သို့သော်သူ့စိတ်ထဲတွင် အေးစက်မှုတစ်ခုကို ခံစားလိုက်ရသည်။

နတ်မိစ္ဆာများက သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးမည်မဟုတ်ကြောင်း သူ သိထားပြီးသားပင်။

“ဝုန်း…”

သူ့ပတ်ပတ်လည်တွင် နတ်မိစ္ဆာများ ထွက်ပေါ်လာကြသည်။

သူတို့အားလုံးက လူသားအင်မော်တယ်အဆင့် အောင်မြင်ပြီးသူများနှင့် လူသားအင်မော်တယ် နောက်ဆုံးအဆင့်များ ဖြစ်ကြ၏။

လုန်မန်က ထိုသူများကို အရေးမစိုက်ဘဲ ဆက်ပြေးနေ၏။ ထိုသူများက အစစ်အမှန်အင်မော်တယ်များ မဟုတ်သရွေ့ သူ့လောက်လျှင်မြန်နိုင်ကြမည် မဟုတ်ပေ။

သို့သော်…

“ဘန်း…”

သူ မမြင်ရသည့်တံတိုင်းတစ်ခုကို ဝင်တိုက်မိသွားသည်။

မမြင်ရသည့်တံတိုင်း။

“ဒီ မမြင်ရတဲ့တံတိုင်းကြီးက ဘယ်လို ရှိနေတာလဲ… ၊ ငါ ကောင်းကင်ပေါ်က ပြုတ်ကျပြီး ခါးကျိုးတော့မလိုဖြစ်တာ မအံ့သြတော့ပါဘူး… ငါ ဒါကြီးကို တည့်တည့်ဝင်တိုးမိတာ ဖြစ်ရမယ်…”

လုန်မန်၏ မျက်နှာတစ်ခုလုံး သုန်သုန်မှုံမှုံ ဖြစ်နေ၏။

ဒီလိုအဖြစ်များ ကြုံတွေ့ရမည်ကိုသာသိလျှင် အစကတည်းက လုန်ရဲ့နှင့် ဖီရှိုးကောင်နောက်သို့ လိုက်သွားမိမည် ဖြစ်သည်။

ယခုတော့…။

လူသားအင်မော်တယ် (၅)ပါးက လုန်မန်ကို ဝိုင်းထားလိုက်ကြသည်။

“တိုက်ကြ… အသေရရ အရှင်ရရ ဒီကောင့်ကို ဖမ်း…”

ရန်သူ (၅)ယောက်။

လုန်မန်၏ ရင်ထဲ အေးစက်သွားသည်။

သို့သော် သူ အရှုံးပေးရန် ရည်ရွယ်ချက် မရှိပေ။

ချက်ချင်းပင် သူ၏ ပုဆိန်သွားလှံရှည်ကို ဆွဲထုတ်ကာ စတင်တိုက်ခိုက်လိုက်လေတော့၏။


Comment

Leave a Reply


Options

not work with dark mode
Reset