အခန်း ၂၄

ကံကောင်းခြင်းက လူအများကို မနာလိုဖြစ်စေတယ်။

ထန်ရှု၏ဘေးတွင် တစ်စုံတစ်ယောက်သည် ပေါ်လာပြီး ထိုသူမှာ စုရှန်ဖေးဖြစ်သည်။

တတိယနှစ်ကျောင်းစာများသည် ပိုမိုများပြားလာပြီး လစဉ်စာမေးပွဲ၏မေးခွန်းများမှာ ပိုမိုခက်ခဲလာသောကြောင့် ကြယ်တာရာကျောင်းသားများ၏ ယခုလအမှတ်များသည် ပျမ်းမျှအမှတ်များသာဖြစ်ပြီး ရည်မှန်းထားသည်နှင့် ကွာဝေးနေပေသည်။ စုရှန်ဖေး၏အမှတ်မှာလည်း ပျမ်းမျှအမှတ်သာ ရရှိသောကြောင့် မျက်ရည်ကျခဲ့ရသေးသည်။အများစု၏ရလဒ်များမှာ ပျမ်းမျှအမှတ်သာဖြစ်ကြောင်း သိရှိမှသာလျှင် စိတ်သက်သာရာရခဲ့သည်။

သို့သော် သူ၏ရမှတ်များအား ကြည့်ပြီး စုရှန်ဖေး စိတ်ဓာတ်ကျသွားသောကြောင့် စာသင်ကြားမှုပထမအချိန်ပြီးသည်အထိ စိတ်မပါလက်မပါ လေ့လာနေခဲ့သည်။ ပြီးနောက် သူ၏ခံစားချက်များ ပြေပျောက်စေခြင်းအလို့ငှာ အခြားကျောင်းသားနှစ်ယောက်အား ချက်ချင်းဆွဲခေါ်ကာ ဂိမ်းခန်းမသို့ ထွက်လာခဲ့သည်။ သို့သော် ဂိမ်းခန်းမ၌ သူနှင့်ရင်းနှီးနေသော မျက်နှာအား တွေ့ရလိမ့်မည်ဟု ထင်မထားချေ။ ထိုသူသည် ယခုကဲ့သို့ နေရာမျိုး၌ပေါ်လာရန် အလွန်မဖြစ်နိုင်သော လူစားမျိုးဖြစ်သည်။

ထန်ရှုသည် သူ၏အကြည့်များ မရုတ်သိမ်းမီ စုရှန်ဖေးအား တစ်ချက်သာကြည့်ခဲ့သည်။ သူ၏အရှေ့မှာ ကစားနေသူ၏အလှည့်ပြီးဆုံးပြီး ထန်ရှု၏အလှည့်ရောက်ရှိလာသောကြောင့်ဖြစ်သည်။ စုရှန်ဖေးကြောင့် သူ၏ငွေရှာမည့်စီမံကိန်း နှောင့်နှေးသွားမည်ကို ထန်ရှု မလိုလားပါချေ။

စလော့စက်များသည် မလှည့်မီ ကြိုတင်ပြင်ဆင်ထားသည်ဖြစ်ပြီး ဆုများသည် ကျပန်းထွက်ပေါ်လေသည်။ ထို့ကြောင့် အနိုင်ရရန် ခက်ခဲခြင်းဖြစ်သည်။ သို့သော်လည်း သေချာနှံ့စပ်စွာ ကြည့်ရှုကာ တွက်ချက်ထားမှုကြောင့် အနိုင်ရမည့်အကြိမ် တိုးလာရန် သို့မဟုတ် သေချာသောဆုတစ်ခုရရှိရန် နည်းလမ်းများအား ထန်ရှု ရှာဖွေတွေ့ရှိခဲ့သည်။

စလော့စက်သည် သတ်မှတ်ထားသောအကြိမ်ထိ အသုံးပြုပြီးသောအခါ ပုံမှန်သင်္ကေတအလှည့်ပြီးသွားပြီး ဆုသင်္ကေတအလှည့်ထွက်ပေါ်လေ့ရှိသည်။ ထန်ရှု၏ငွေကြေးအခြေအနေအရ ကစားရန် ငွေပြားများစွာ မထည့်နိုင်သော်လည်း သည်အရာသည် သူ့အား ဆုကြေးရမည့်အခွင့်အရေးမှ မတားဆီးနိုင်ခဲ့ပေ။

တစ်ခုသိထားရမည်မှာ ဂိမ်းခန်းမသို့ လာရောက်သောသူအများစုသည် အပျော်သက်သက်အတွက် လာရောက်ကြသည်ဖြစ်ပြီး ခံစားချက်များကို ဖြေဖျောက်ရန် (သို့မဟုတ်) ကံစမ်းရန်အတွက်ပင် မရည်ရွယ်ပေ။ ထိုနည်းတူ သင်္ကေတဇယားအား ဖတ်ရှုခြင်းနှင့် သင်္ကေတ ထွက်ပေါ်နှုန်းအား လေ့လာရန် ယောင်လို့တောင် စိတ်ကူးမရှိချေ။

ထန်ရှုသည်သာ ထိုအရာများအား ခေါင်းထဲစွဲနေရန်အတွက် တစ်နာရီကြာသည့်တိုင်အောင် လေ့လာထားခဲ့သည့်အပြင် စက်အရှေ့တွင် တန်းစီနေသောလူအရေအတွက်နှင့် ၎င်းတို့ထံတွင် ရှိနိုင်သည့်ငွေပမာဏကိုပါ လေ့လာတွက်ချက်၍

ထိုသင်္ကေတပေါ်မည့်အချိန်နှင့်ကိုက်ကာ တန်းစီရန် ရွေးချယ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထန်ရှုသည် သူ၏အရှေ့မှလူသည် ဂိမ်းငွေပြားအကုန် ကစားပြီးသည်ကို တွေ့သောအခါမှ သက်ပြင်းချနိုင်ရသည်။

ထန်ရှု၏တွက်ကိန်းသည် အနည်းငယ်လွဲချော်ခဲ့ပါက သင်္ကေတဆုကြေးငွေထွက်လာသည်ဆိုသော်ငြား သူနှင့်သက်ဆိုင်လိမ့်မည်မဟုတ်ချေ။ ထိုကစားရန်အတွက် ဂိမ်းငွေပြား၅ပြားသာ ထည့်ရန် လိုအပ်ပြီး အနိုင်ရရှိသွားမည်ဖြစ်သည်။

တစ်စုံတစ်ယောက် ကြားဖြတ်မည်ကိုစိုးသောကြောင့် သူ၏အရှေ့မှလူ ထွက်ခွာသွားသည်နှင့် ထန်ရှုသည် ဂိမ်းငွေပြားအား ထည့်ရန်တွေဝေမနေဘဲ သွင်းလိုက်ပြီး ချက်ချင်း လှည့်သည့်ခလုပ်အား ဖိချလိုက်သည်။ ထန်ရှု၏လှုပ်ရှားမှုကြောင့် စလော့စက်၏ဖန်သားမျက်နှာပြင်မှ သင်္ကေတ၃လိုင်းသည် လျင်မြန်စွာ လည်သွားပြီး အထူးသင်္ကေတ ထွက်ပေါ်လာလိမ့်မည်။ ထို့နောက် ဆုကြေးငွေသည် ပိုမို မြင့်မားလာလိမ့်မည်။

စက္ကန့်အနည်းငယ်ကြာသော် သင်္ကေတလမ်းကြောင်း လည်သည်မှာ ရပ်တန့်သွားသည်။ သို့သော် စက်သည် မည်သည့်အသံမျှ မမြည်ချေ။

“ဟား.ဟား.ဟား။ မင်းက ငပေါပဲ။ ဘာလို့ မြန်မြန် လုပ်ရတာတုန်း။ ကြည့်ရတာ တစ်ခါမှ စလော့စက် မကစားဖူးတဲ့ပုံပဲ။ စလော့စက်ကစားတယ်ဆိုတာ လှုပ်ရှားမှုအပေါ်မှာ မမူတည်ဘူး ကံပေါ်မှာပဲ မူတည်တာကွ။” ထန်ရှု ဂိမ်းစက်ထဲသို့ သူ၏ဂိမ်းငွေပြားများအား ဂရုမစိုက်စွာ ပစ်ထည့်ပြီး ကျရှုံးသည်ကိုမြင်ရသော စုရှန်ဖေးသည် ကျယ်လောင်စွာ မရယ်ဘဲ မနေနိုင်တော့ချေ။

ထန်ရှုသည် စုရှန်ဖေးအား လှည့်ပင်မကြည့်ဘဲ ဂိမ်းငွေပြားများအား ထည့်သွင်းကာ လှည့်သည့်ခလုပ်အား ဖိချလိုက်သည်။ စက္ကန့်အနည်းငယ်ကြာသော် သင်္ကေတလမ်းကြောင်း လည်သည်မှာ ရပ်တန့်သွားသည်။ သို့သော် စက်သည် မည်သည့်အသံမျှ မမြည်ချေ။

“ဟေ့လူ… ဒီစက်က ပျက်သွားတဲ့ပုံပေါ်တယ်။ ပိုက်ဆံတွေသာ သူ့အထဲ ဝင်သွားတယ် ဘာမှ မထွက်လာတော့ဘူး။ ငါ ကြည့်နေတာ နာရီဝက်လောက်ရှိပြီ။ ဘယ်သူမှ ပိုက်ဆံထွက်လာတာ မတွေ့သေးဘူး။ မင်း ပိုက်ဆံတွေ ဒီစက်ထဲ ထပ်မထည့်တာ ကောင်းမယ်။” ထန်ရှုသည် စက်ထဲသို့ နှစ်ကြိမ်တိုင် ထည့်သော်လည်း စက်မှ မည်သည့်တုံံ့ပြန်မှု မပြုသောကြောင့် လူအုပ်ထဲမှ တစ်ယောက်က သူ့အား ကျယ်လောင်စွာ သတိပေးလိုက်သည်။

ထန်ရှုသည် ထိုလူငယ်အား ကျေးဇူးတင်သောအကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့ဘောင်းဘီအိတ်ထဲမှ ဂိမ်းငွေပြားများ ထုတ်ကာ ထပ်ထည့်ရန် ပြင်လိုက်သည်။

“ထန်ရှု… မင်း ဦးနှောက်များ ပျက်သွားတာလား။ သူက ဒီစက်ပျက်နေတယ်ပြောတာတောင် ထပ်ထည့်ဖို့ ဟန်ပြင်နေသေးတယ်။ မင်းမှာ ပိုက်ဆံသုံးစရာ အခြားနေရာမရှိတော့လို့လား ဟမ်။” ထန်ရှု၏လှုပ်ရှားမှုအား ရှင်းရှင်းလင်းလင်းမြင်နေရသော စုရှန်ဖေးသည် မမြည်တွန်ဘဲ မနေနိုင်တော့ချေ။

ထန်ရှုသည် စုရှန်ဖေးအား လစ်လျူရှုထားပြီး စက်ထဲသို့ ဂိမ်းငွေပြားထည့်လိုက်သည်။ သည်တစ်ကြိမ်တွင်တော့ ထန်ရှုသည် ချက်ချင်း လည်သည်ခလုပ်အား မနှိပ်ဘဲ တိုးမြှင့်သည်ခလုပ်အားနှိပ်ကာ နောက်ထပ်ပိုက်ဆံ ထပ်ထည့်လိုက်သည်။ သည်ကဲ့သို့ နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပြီးနောက် ထန်ရှုသည် လည်သည်ခလုပ်အား ဖိလိုက်တော့သည်။

စလော့စက်တွင် စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်းမှာ ဆုငွေတိုးမြှင့်ခြင်း (ဂျက်ပေါ့)ပင်ဖြစ်သည်။ စလော့စက်တိုင်းတွင် ဂျက်ပေ့ါ မပါတတ်ချေ။ အင်္ဂလိပ်ဘာသာဖြင့် ကာစီနိုစက်များတွင် သင်ကစားမည်ဆိုပါက

တိုးမြှင့်ခြင်းဆုများပါဝင်သော ဖြစ်စဉ်စလော့အား သင်တွေ့ရလိမ့်မည်။ သို့သော် သင်နိုင်ချင်သည်ဆိုပါက အလောင်းအစားတစ်ခုစီအတွက် ငွေပြား၃ပြား လိုအပ်လိမ့်မည်။ ဆုကြေးငွေကန်ထဲမှ သတ်မှတ်ထားသော သင်္ကေတအား ထိမိသွားမည်ဆိုလျှင် စက်ထဲတွင် ရှိသမျှ ဂိမ်းငွေကြေးများ ထွက်လာလိမ့်မည်ဖြစ်သည်။

သည်အကြောင်းကြောင့် ထန်ရှုသည် အကြီးမားဆုံး လောင်းကစားမှုကို ရရှိရန် အသင့်လျော်ဆုံးအချိန်ဖြစ်သည့်အတွက် ဂိမ်းငွေပြား၂ပြားအား ထပ်ထည့်ခဲ့ခြင်းဖြစ်သည်။

“မင်းဦးနှောက် တကယ်ပျက်သွားပြီပဲ။ ဟိုဘက်သွားရအောင်။ ဒီအရုးကို ကြည့်နေရတာ ငါပဲ နှလုံးရောဂါ ရတော့မယ်။” ထန်ရှုသည် သူ့အား လစ်လျူရှုထားပြန်သောကြောင့် ဒေါသထွက်လာသော စုရှန်ဖေးသည် ပွစိပွစိရေရွတ်ရင်း လှည့်ထွက်လာခဲ့သည်။ သိပ်မကြာမီမှာပင် စုလင်းယွမ်၏ခန္ဓာကိုယ်သည် တစ်စုံတစ်ခုသောနည်းပညာဖြင့် ရိုက်ခတ်ခြင်းခံ၇သကဲ့သို့ ခံစားရသောကြောင့် သူ လှုပ်ရှားမှုမရှိတော့ဘဲ ရပ်တန့်သွားသည်။

စူးရှပြီး ကြည်လင်သောမြည်သံများကြားလာရသောကြောင့် စုရှန်ဖေး လှည့်ကြည့်မိလုနီးပါးဖြစ်သွားရသည်။ ဂိမ်းခန်းမသို့ မကြာခဏ လာရောက်သောကြောင့် ထိုမြည်သံများသည် ဆုအကြီးရသောအခါများတွင် မြည်သောအသံများဖြစ်သည်ကို သူ ရှင်းရှင်းလင်းလင်းသိသည်။

မထင်မှတ်ပါပဲ ထန်ရှု၏၂ကြိမ်တိုင်တိုင် ဂိမ်းငွေပြားထပ်ထည့်သောမြင်ကွင်းသည် စုရှန်ဖေး၏စိတ်ထဲတွင် မြင်ယောင်လာသည်။

“ဒါ ဂျက်ပေါ့ပဲ။ သူ တကယ်ကြီးကို ဂျက်ပေါ့ ရသွားတယ်ပေါ့။” အံ့သြသောအတွေးသည် သူစိတ်ထဲတွင် ပေါ်ပေါက်လာသောကြောင့် စုရှန်ဖေး စိတ်မထိန်းနိုင်ပဲ ကျယ်လောင်စွာ အော်ဟစ်လိုက်မိသည်။

စလော့စက်၏စူးရှသောမြည်သံသည် အချိန်အတော်ကြာသည့်တိုင်အောင် မြည်နေသောကြောင့် စုရှန်ဖေးသာမက စက်ဘေးနားတွင် ရပ်ကြည့်နေသော လူအုပ်ကိုလည်း အံ့သြတုန်လှုပ်သွားစေသည်။ ထိုစက်မှ ဖြစ်ပေါ်လာသည့်အသံသည် အနီးအနားရှိ ကစားနေသောသူများသာမက ဂိမ်းခန်းမ၏သူဋ္ဌေးကိုပါ ဆွဲဆောင်နိုင်ခဲ့သည်။

“ဘာ ဖြစ်တာလဲ။ ဘာတွေ ဖြစ်နေတာလဲ။ ငါ့စက်ကို ဘယ်သူ ချိုးလိုက်တာလဲ။” ပုပု၀၀နှင့် သက်လတ်ပိုင်း လူတစ်ယောက်သည် အော်ဟစ်ကာ စက်အနားရောက်ရှိလာသည်။ ကြမ်းပြင်ပေါ်တွင် ပုံနေသော ဂိမ်းငွေကြေးများအား တွေ့လိုက်သောအခါ သူ၏ပါးစပ်သည် အနည်းငယ် ကျယ်သွားခဲ့ပြီး ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အာ.. ဂုဏ်ယူပါတယ် ညီငယ်လေး။ ဒီစက်က ဆုကြေးငွေ မထွက်တာ တစ်လတောင် ကြာပြီဟ။ မင်းကတော့ တကယ် ကံကောင်းတဲ့ကောင်ပဲကွာ။ ခန့်မှန်းခြေ ၁သောင်းလောက် ရှိမယ်နဲ့တူတယ်ကွ။”

သူဋ္ဌေး၏ဖော်ရွေသောအပြုံးအား ကြည့်ပြီး သူသည် မည်သည့်အခံရခက်သည့်အမူအရာအား မဖော်ပြထားသောကြောင့် ထန်ရှုသည် မည်သို့အကြောင်းပြချက် ပေးရမည်မသိဖြစ်သွားရသည်။ စလော့စက်သည် ပြသနာဖြစ်နေသည်ဟု အကြောင်းပြပြီး ထန်ရှုအနိုင်ရထားသော ငွေကြေးများအား မပေးချင်လေသည်လား။

များမကြာမီ ထန်ရှုသည် တစ်စုံတစ်ရာကို နားလည်သဘောပေါက်သွားလေသည်။ ထန်ရှု ပြောသည်ကို သူဋ္ဌေးသည် ပြုံးကာ နားထောင်ပြီးနောက် ဂိမ်းခန်းမထဲရှိ လူတိုင်း ကြားရန် လှည့်ကာ အော်ပြောလိုက်သည်။

“လူတိုင်း.. ငါတို့ဂိမ်းခန်းမက စက်တွေက ၁၀၀% အိုကေတယ်ဆိုတာ မင်းတို့အားလုံး မြင်တယ်နော်။ နည်းနည်းလေး ရင်းတာနဲ့ အများကြီး ပြန်ရတယ်။ ဒီဟာက ငွေအများကြီး ရှာဖို့ ရိုးှရင်းတဲ့ နည်းလမ်းပဲ။ ဓားပြတိုက်တာကလွဲလို့ ဒီဟာလောက် ငွေအများကြီးရှာနိုင်တဲ့အလုပ်ကို မင်းတို့တွေ့မှာမဟုတ်ဘူး။”

ဂိမ်းခန်းမသူဋ္ဌေး၏စကားကြောင့် ထန်ရှုသည် စိတ်ထဲမှာ ကဲ့ရဲ့လိုက်မိသည်။ ထန်ရှု၏အမြင်အရ ဂိမ်းစက်များအား သူဋ္ဌေးသည် ဆုကြေးငွေအကြိမ်အရေအတွက် နည်းစေရန်နှင့် ထွက်လာသည့်ဆုကြေးပမာဏ နည်းစေရန် စီမံထိန်းချုပ်ထားဟန်ရ၏။ ထန်ရှု ကစားသောစက်အား ယနေ့တွင် လူများစွာ ကစားကြသောကြောင့် သူဋ္ဌေး၏ထိန်းချုပ်မှုထက် ကျော်လွန်သွားသဖြင့် ထန်ရှု တွက်ချက်ကစားသောအချိန်တွင် ယခုကဲ့သို့ များပြားလှသော ဆုကြေးငွေများ ထုတ်ပေးလိုက်ခြင်းဖြစ်ရာသည်။

သူဋ္ဌေး၏မရှင်းလင်းသော မက်လုံးအောက်တွင် ဂိမ်းခန်းမသည် ရုတ်ခြည်းပင် ဆူညံလာရသည်။

အပျော်သဘော လာရောက်ကြည့်ရှုသောလူများပင် ကောင်တာဆီသို့ ပြေးကာ ဂိမ်းငွေကြေးများ ဝယ်ယူကြသကဲ့သို့ စမ်းသပ်ကစားရန် ရည်ရွယ်ကာ ဂိမ်းငွေပြားအချို့ကို ဝယ်ယူထားသာသူများသည်လည်း ၎င်းတို့၏ဝယ်ယူမှုပမာဏအား တွေဝေမှုမရှိဘဲ တိုးမြှင့်ကာ ဝယ်ယူကြသည်။ ဝါရင့်ကစားသမားများသည်လည်း ငွေစက္ကူအချို့ကို ဝှေ့ယမ်းလျက် ကောင်တာဆီသို့ ပြေးကြသည်။

မကြာမီ ဂိမ်းခန်းမသူဋ္ဌေး၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် တည်ရှိလာပေသည်။

“ ချီးတဲ့မှပဲ.. ဂိမ်းငွေပြား ၁သောင်း၈ထောင်တည်းရယ်။ ဒီသူဋ္ဌေး တကယ် ကပ်စေးကုတ်တာပဲ။”

သူ့လက်ထဲတွင် ရှိသော ဂိမ်းငွေပြားအရေအတွက်အား မှန်းဆလိုက်ပြီးနောက် ထန်ရှု တစ်ချက် ဆဲလိုက်မိသည်။ ထို့နောက် တကယ့်ငွေကြေးဖြင့် လဲလှယ်ရန် ကောင်တာဆီသို့ သွားခဲ့သည်။ သို့သော်လည်း ထန်ရှုသည် အကုန်မလဲလှယ်ခဲ့ဘဲ ဂိမ်းငွေကြေး၁၀၀အား ဆက်လက် ကစားရန် ချန်ထားသည်။

“ဟေ့လူ… ခင်ဗျားမှာ ဂိမ်းငွေပြား မရှိတော့ရင် ကျွန်တော့်ဆီက နည်းနည်းယူလေ။ နောက်ပြီး ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို သတိပေးခဲ့တာ ကျေးဇူးပါဗျ။” စလော့စက်တစ်ခုအား  အမှတ်မထင် ဖြတ်သန်းသွားစဉ် လူတစ်ယောက်သည် လေးလံသော သက်ပြင်းများချလျက် စလော့စက်မှ ထွက်ခွာရန်ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ဂိမ်းငွေကြေး၂၀ပြား လှမ်းပေးလိုက်ကာ ပြောလိုက်ခြင်းဖြစ်သည်။ ထိုသူမှာ သူ့အား ပိုက်ဆံထပ်မထည့်ရန် လူအုပ်ထဲမှ သတိလှမ်းပေးခဲ့သော သူဖြစ်သည်။

“ဟ..အာ.. ကျေးဇူးပဲ။ ငါ နိုင်ရင် မင်းကို တစ်ဝက်ခွဲပေးမယ်။” ထိုကတုံးပြောင်လူငယ်သည် မမျှော်လင့်ထားပဲ ရရှိသောကြောင့် အံအားသင့်ကာ ပျော်ရွှင်သွားရသည်။ ထန်ရှုအား မှတ်မိသွားသောအခါ မရှက်တော့ဘဲ ဂိမ်းငွေပြားအား လှမ်းယူလိုက်ပြီး စိတ်ဓာတ်အပြည့်ဖြင့် တစ်ဖန်ကစားရန် လှည့်ထွက်သွားသည်။

ထိုကတုံးပြောင်လူငယ်သည် သိသိသာသာပင် ဂိမ်းကစားခြင်း၌ စွဲလန်းသူပင်ဖြစ်သည်။ သူသည် ကစားခြင်းတစ်ခုစီ၌ပင် အများကြီးလောင်းခဲ့သည်။ ဂိမ်းငွေပြား၆ပြားသာကျန်တော့သည့်အချိန်တွင် စက်ထဲသို့ ထန်ရှုအတိုင်း ထည့်လိုက်သည်။ သည်တစ်ကြိမ်သာ ရှုံးခဲ့မည်ဆိုပါက သူ၏ပိုက်ဆံများအားလုံးသည် ဂိမ်းခန်းမသူဋ္ဌေးဆီ ရောက်ကုန်လေပြီဟု နာကျင်စွာ တွေးနေစဉ်မှာပင် စူးရှကြည်လင်သောမြည်သံသည် ရုတ်တရက်ထွက်ပေါ်လာပြီး ဂိမ်းငွေပြားများ မကြာမီ ထွက်လာသည်။

“ဒီ..ဒီဟာ.. ဟား.ဟား.ဟား။ ငါ လုပ်နိုင်ခဲ့ပြီကွ။” ဂိမ်းငွေပြားများ ကြမ်းပြင်တွင် ပုံနေသည်အား ကြည့်ပြီး ကတုံးနှင့်လူငယ်သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကာ သိမ်းယူတော့သည်။ သည်တစ်ကြိမ် သူ အနိုင်ရရှိသော ငွေကြေးမှာ ထန်ရှုလောက်မများဘဲ ၄ထောင်ခန့်သာ ရှိသည်။ သူ ဆုံးရှုံးသွားသည့်ငွေကြေးအား မကာမိသော်လည်း စိတ်လှုပ်ရှားစေခဲ့လေသည်။ ဂိမ်းခန်းမမှ ငွေအား အနိုင်ရယူနိုင်သောကြောင့် ပျော်ရွှင်ကာ သူ၏ဒေါသနှင့် စိတ်ပျက်မှုများ ပျောက်ပြယ်သွားရသည်။

“သူငယ်ချင်း.. ဒီဟာ မင်းအတွက်ပါ။ ငါတု့ိ နောက်ကျ ကစားကြသေးတာပေါ့။” ကတုံးပြောင်နှင့်လူငယ်သည် ဂိမ်းငွေပြားအချို့အား သိမ်းယူလိုက်ပြီး ကျန်သောငွေပြားများအား ထန်ရှုလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထန်ရှုသည် ငြင်းလိုခဲ့သော်လည်း ထိုလူငယ်မှာ လျှပ်စီးတန်းသဖွယ် လျင်မြန်စွာ ထွက်ခွာသွားသည်ဖြစ်ပြီး သူ၏အရိပ်အယောင်မျှပင် မမြင်ရတော့ချေ။ ထို့ကြောင့် လိုချင်စိတ်မရှိပါဘဲ လက်ခံလိုက်ရပြီး ထိုငွေကြေးများအား ယူဆောင်ကာ တကယ့်ငွေကြေးဖြင့် လဲလှယ်ရန် ကောင်တာဆီသို့ သွားခဲ့သည်။ ထန်ရှု၏နောက်တွင် ရှိသော စုရှန်ဖေးသည် မနာလိုစွာဖြင့် ရှိနေခဲ့သည်။

ပုံမှန်အားဖြင့် စုရှန်ဖေးသည် သည်ဂိမ်းခန်းမတွင် လာရောက်ကစားလေ့ရှိပြီး သူ၏မုန့်ဖိုးအများစုအား သည်ခန်းမတွင်သာ လာရောက်ကုန်ဆုံးစေသည်။ တစ်ခါတရံသာ အနိုင်ရဖူး၍ ရှုံးသည်သာ များလေသည်။

သို့သော် မိနစ်အနည်းငယ်အတွင်းတွင် ထန်ရှုသည် ဂိမ်းငွေကြေး ၂သောင်းနီးပါး အနိုင်ရခဲ့ပြီး လက်ဆောင်အဖြစ် ဂိမ်းငွေကြေးထောင်စုအား ရရှိသည်ကို မြင်ရသောအခါ စုရှန်ဖေးသည် မနာလိုမှုများ ဖြစ်ရတော့သည်။


Comment

  1. Kyaw Hein says:

    👍👍👍

Leave a Reply


Options

not work with dark mode
Reset