အခန်း ၂၃

အရှက်မဲ့တာ မဟုတ်ဘူး ရက်စက်တာ

စာသင်ခန်းတံခါးဝတွင် ရုတ်တရက်ပေါ်လာသူမှာ ဟန်ကျင်းဝူဖြစ်သည်။ ဟန်ကျင်းဝူသည် တန်းခွဲ-၁၀အား တာဝန်ယူလာသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သောကြောင့် ကျောင်းသားအားလုံးသည် သူမအား ချစ်ခင်လေးစားကြသည်။

“ထန်ရှု… ဆရာမ မင်းကို ဘာကြောင့် ခေါ်လဲဆိုတာသိသလား။” အပြင်ဘက်ကော်ရစ်ဒါတွင် တိတ်ဆိတ်စွာ ခဏတာ နေပြီးနောက် ဟန်ကျင်းဝူမှ နူးညံံ့သောအသံဖြင့် မေးလိုက်သည်။

“ကျွန်တော်ထင်တာ မမှားဘူးဆိုရင် အဲ့ဒါ လပတ်စာမေးပွဲနဲ့သက်ဆိုင်နေတယ်မဟုတ်လား။” သာမန်လူများထက် အလွန်တရာမြန်ဆန်လှသော ဦးနှောက်၏တွက်ချက်မှုအရ ဟန်ကျင်းဝူမှ သူ့အား ကျယ်လောင်စွာခေါ်လိုက်စဉ်မှာပင် ထန်ရှုသည် မည်သည့်အရာနှင့်သက်ဆိုင်နေမည်ကို သိရှိနေပြီးသားဖြစ်သည်။

ထန်ရှု၏အဖြေအား ကြားလိုက်သော ဟန်ကျင်းဝူသည် ထပ်မံတိတ်ဆိတ်သွားပြီး သူမ၏ဝိုင်းစက်လှပသောမျက်ဝန်းအစုံဖြင့် ထန်ရှုအား သေချာစွာ စူးစူးစိုက်စိုက်ကြည့်မိသည်။

အစပိုင်းတွင် ထန်ရှုသည် ဟန်ကျင်းဝူအား တပ်မက်သောမျက်ဝန်းတို့ဖြင့် ပြန်လည်ကြည့်မိသေးသည်။ အချိန်ကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် ထန်ရှုသည် အရှုံးပေးလိုက်ရသည်။

ဟန်ကျင်းဝူ၏အမူအရာမှာ တစ်ခုခုအားရည်ရွယ်ခြင်းနှင့်ဒေါသထွက်ခြင်းအလျဉ်းမရှိဘဲ ဖြူစင်လွန်းလှသောကြောင့် ထန်ရှုသည် သူမ၏ဖြူစင်မှုအား ပြစ်မှားခြင်းငှာ မဝံ့ရဲတော့ပါချေ။

“ဆရာမဟန်… ကျွန်တော်ရဲ့ သင်္ချာနဲ့အင်္ဂလိပ်စာအဖြေလွှာတွေက ဆရာမ သိမ်းထားတာလား။ လပတ်ရလဒ်ကို ကြည့်ပြီး ကျွန်တော်က စာမေးပွဲမှာ လိမ်ညာခဲ့တယ်လို့ ထင်ပြီး အတန်းဖော်တွေရှေ့မှာ အရှက်မကွဲအောင်လို့ ခေါ်ထုတ်ခဲ့တာလား။” ဟန်ကျင်းဝူ တစ်လုံးမျှမဆိုသော်လည်း ထန်ှရုသည် ဟန်ကျင်းဝူ၏မျက်လုံးမှစကားများအား ဖတ်ပြီး ပြောလိုက်သည်။

“နင်.. နင် တကယ်ပဲ မလိမ်ခဲ့ဘူးလား။” ထန်ရှု၏စကားအား နားထောင်ပြီးနောက် ဟန်ကျင်းဝူ၏ကိုယ်လုံးလေးသည် သိမ့်ကနဲ တစ်ချက်လှုပ်သွားပြီး သူမ၏မျက်ဝန်းထဲတွင် စိတ်ပျက်သောအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

“ဆရာမ… စာမေးပွဲ မဖြေခင်က ကျွန်တော်ပြောခဲ့တဲ့စကားတွေ မှတ်မိသေးလား။” ထန်ရှုသည် ဟန်ကျင်းဝူအား မဖြေဘဲ မဆိုင်သောမေးခွန်းတစ်ခုအား မေးလိုက်သည်။

ဟန်ကျင်းဝူ၏ဖြူဖွေးဝင်းစက်နေသော မျက်နှာလှလှလေးသည် ထန်ရှု၏စကားများကြောင့် နှင်းဆီရောင်သန်းသွားသည်။ စာမေးပွဲမတိုင်မီတစ်ရက်က စကားများအား သူမ ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထန်ရှု သူမအား နမ်းရှုံ့ခဲ့ခြင်းသာမက ရည်ရွယ်ချက်ရှိရှိနှင့် သူမအား ဆွဲဆောင်ခဲ့သောစကားများပါအပါ ဘာကိုမှ သူမ မမေ့သေးပါ။ ထို့ကြောင့် ဘဝတစ်လျှောက်လုံးအတွက် သူမသည် ထန်ရှုအား ကာကွယ်ခြင်းနှင့်ဂရုစိုက်ခြင်းတို့ကို ပေးမည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

“ဆရာမဟန်.. စာမေးပွဲမတိုင်ခင်က ဟူကျူရှင်းနောင်တရသွားအောင် ဒီလစာမေးပွဲကို အပြင်းအထန် ကြိုးစားမယ်လို့ ပြောခဲ့တယ်လေ။ ဆရာမ အဲ့ဒါကို မမေ့သင့်ပါဘူး။” ဟန်ကျင်းဝူ၏ ဝင်းလက်လှပနေသော မျက်နှာလေးပေါ်တွင် စိတ်ရှုပ်ထွေးနေသေ ာအမူအရာတို့ကို မြင်တွေ့နေရသောကြောင့် ဟန်ကျင်းဝူ မည်သည့်အရာကို တွေးနေသည်ကို သိလိုက်သော ထန်ရှုသည် ပြုံးမိသွားရပြီး သူမအား သတိပေးလိုက်သည်။

“နင် ပြောခဲ့တဲ့စကားတွေကို နင်လည်း မှတ်မိနေလား။ဘာဖြစ်လို့ စာမေးပွဲဖြေခန်းမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့တာလဲ။ ဘာသာစကားနဲ့စာပေ စာမေးပွဲခန်းမှာ မျက်ရည်တွေကျပြီး ကျောက်ရုပ်ကြီးလို တွေတွေကြီးလုပ်ပြီးတော့လေ။ ပြီးတော့ အဖြေလွှာတွေကို တစ်နာရီခွဲအထိပဲဖြေပြီး စာရွက်အပ်ပြီး စာမေးပွဲခန်းက ထွက်တာရောလေ။ နင် ငါ့ကို စိတ်ပျက်အောင် လုပ်ချင်နေတာလား။” ထန်ရှု၏စကားအား ကြားရသော ဟန်ကျင်းဝူသည် တည်ငြိမ်မနေနိုင်တော့ဘဲ ပြောမိရာ တဖြည်းဖြည်းနှင့် အသံများပင် ကျယ်လာရလေသည်။

ထိုစကားများအား ကြားရသော ထန်ရှုသည် ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီး စိတ်ကသိကအောင့်ဖြစ်နေဟန်ဖြင့် သူ၏နှာခေါင်းအား ပွတ်နေမိသည်။

“ဘယ်လို လုပ်တယ်ဆိုတာက အရေးမကြီးဘူး။ ရလဒ်က အရေးကြီးဖို့ပဲလိုတယ်လေ။ ရလဒ်တွေ ကောင်းနေရင် အရာရာ အဆင်ပြေပြီပေါ့ ဟုတ်တယ်မလား။” ထန်ရှုသည် စာသင်ခန်းဘက်သို့ မျက်နှာမူလိုက်ပြီး နူးညံံ့သောလေသံဖြင့် ပြန်ပြောလိုက်သည်။

“ရလဒ်တွေက အရမ်းကောင်းလွန်းနေတယ်။ အာ.. ထန်ရှု နင်က ဉာဏ်ကြီးလွန်းတဲ့ နတ်ဆိုးလေးပဲ။ နင့်အမှတ်တွေက မယုံနိုင်စရာကောင်းလွန်းနေတယ်။ စာပေနဲ့ဘာသာစကားမှာ ၁၄၀မှတ်၊ အင်္ဂလိပ်စာနှင့် သင်္ချာမှာ ၁၅၀မှတ်စီ၊ အသုံးချသိပ္ပံမှာ ၂၇၂မှတ်နဲ့ စုစုပေါင်းရမှတ်က ၇၁၂မှတ်လေ။ နင့်အမှတ်က လတိုင်း ထိပ်ဆုံးကနေတဲ့ ၆၃၃မှတ်ရတဲ့ ရန်ကျင်းထက်တောင် ၇၉မှတ်များနေသေးတယ်။”

“ဒီဟာက ကျွန်တော်က သူ့ထက်ပိုတော်တယ်ဆိုတာ ပြနေတာပဲလေ။ အာ.. ဆရာမဟန် ကျွန်တော့်အတွက် မပျော်သင့်ဘူးလား။ ဘာလို့ စိတ်ဆိုးတဲ့အကြည့်နဲ့ ကြည့်နေတာလဲ။” ထန်ရှု ဇဝေဇဝါဖြစ်စွာဖြင့် ပြန်မေးလိုက်သည်။

“ငါ အရမ်းပျော် တအားတောင် ပျော်တာ။ ဒါပေမယ့် ဟိုအစုတ်ပလုတ် ဟူကျူရှင်းက နင်က စာမေးပွဲမှာ ခိုးချတယ်ဆိုပြီး ပြောနေတာ။ ငါ စာမေးပွဲခန်းမှာ တပ်ထားတဲ့ CCTV ပါ ကြည့်ပြီးသွားတာတောင်မှ သူက လိမ်နေတယ်ပြောနေသေးတာ။ သူတင်မကဘူး တတိယနှစ်ဆရာတွေအားလုံး နင် ဒီလိုရလဒ်ထွက်တာကို မယုံကြဘူးလေ။” ပြသနာအရင်းအမြစ်အား ထန်ရှုနားမလည်သေးသည်ကို ရှင်းပြရင်း ဟန်ကျင်းဝူအသံမှာ ဒေါသသံထွက်လာသည်။

“ဆရာမ.. စိတ်လျှော့..စိတ်လျှော့ပါ။” ဟန်ကျင်းဝူ၏တဖြည်းဖြည်း ကျယ်လောင်လာသောအသံကြောင့် စာသင်ခန်းထဲမှ အချို့ကျောင်းသားများမှာ ကွက်ကြည့်ကွက်ကြည့် ဖြစ်လာသောကြောင့် ထန်ရှု လျင်မြန်စွာ သတ်ပေးလိုက်ရသည်။

“နင်ပဲ စိတ်ငြိမ်ငြိမ်ထားရမှာ။ အခု ဟန်ကျင်းဝူက ငါက မရှုံးချင်လို့ နင့်ကို မေးခွန်းတွေ ကြိုပေးထားပါတယ်ဆိုပြီး စွပ်စွဲနေတယ်လေ။ ငါ့ကို ပြောပါဦး။ ဒါက ဘယ်လိုဖြစ်ရတာလဲလို့။”

ဟန်ကျင်းဝူမှာ ထန်ရှုအား စိတ်ဆိုးမာန်ဆိုးဖြစ်နေသော်လည်း သူမ၏ပုံပန်းသွင်ပြင်မှာ လှပပြီး ချစ်စရာကောင်းလှစွာဖြင့် ဆွဲဆောင်မှုရှိနေဆဲပင် ဖြစ်သည်။

ဟန်ကျင်းဝူသည် သည်အချိန်တွင် သူမကိုယ်သူမ မည်သူဖြစ်သည်ဆိုသည်ကို မေ့လျော့နေခဲ့သည်။ ထန်ရှုအရှေ့တွင် သူမသည် ဆရာမတစ်ယောက်ဟု မခံစားရဘဲ သူငယ်ချင်းတစ်ယောက်သဖွယ်ပင်ဖြစ်နေဟန်ုရသည်။

“ဘာ… ဟူကျူရှင်း သူဘယ်လောက်တောင် အရှက်ကင်းမဲ့လိုက်လဲ။” ထန်ရှုသည် သူ၏ရလဒ်က ထိုကဲ့သို့ ကြီးမားစွာ သက်ရောက်မှုရှိလိမ့်မယ်ဟု တွေးမထင်ထားမိချေ။

အစပိုင်းတွင် ထန်ရှုသည် သူ၏စွမ်းအားအား ဖုံးကွယ်ထားပြီး သူ၏အမှတ်များအား သဘာဝကျစွာဖြင့် တဖြည်းဖြည်းချင်း တိုးတက်စေရန် ပြုလုပ်ဖို့ ရည်ရွယ်ထားခဲ့သည်။ သို့မှသာ လူအများ အလွယ်တကူ ယုံကြည်နိုင်ပေမည်။

သို့သော် ဟူကျူရှင်း၏မျက်နှာ၊ သူ၏ရင်ထဲမှ ဒေါသ၊ ရန်ကျင်းနှင့် စုရှန်ဖေးတို့၏ လှောင်ပြောင်နှိမ့်ချမှု၊ စော်ကားကဲ့ရဲ့တို့မှုကြောင့် ထန်ရှုသည် သူ၏ယခင်ရည်ရွယ်ချက်အား ရုတ်တရက် ပြောင်းလဲခဲ့ခြင်းဖြစ်ပေသည်။ တဖြည်းဖြည်းချင်းနှင့်ပင် သူသည် ပျမ်းမျှအမှတ်ရလာစေကာမူ သူ့အား သူများဆီမှ ကူးယူသည်၊ ခိုးချသည်ဟု သံသယအဝင်ခံနေရမည်သာဖြစ်သည်။ ထို့ပြင် ယေဘုယျအားဖြင့် သူတို့၏ရမှတ်များမှာ ပျမ်းမျှအမှတ်သာ ရနေသောကြောင့် လူတိုင်းသည် သူ့အား တစ်စုံတစ်ယောက်ဆီမှ ကူးယူခြင်း၊ စာခိုးချခြင်းများ ပြုလုပ်ခဲ့သည်ဟု သံသယဝင်မည်သာဖြစ်သည်။ ထို့ကြောင့် သူ့အား သံသယမဝင်နိုင်စေရန်အတွက် ထန်ရှုသည် အမြင့်ဆုံးအမှတ်များ ရအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သူသာ အမှတ်အများဆုံးဖြစ်ခဲ့ပါက မည်သူ့ထံမှ ခိုးချသည်ဟု ပြောနိုင်ပါမည်နည်း။

ဟန်ကျင်းဝူ ရှင်းပြသည်ကို နားထောင်ပြီးနောက် ထန်ရှု နားလည်လာခဲ့သည်။ မြင့်မြတ်သော စိတ်ထားကောင်းသော လူများအတွက် သင်သည် နောက်ကျောမှ သူ့အား သေနတ်ပစ်လိုက်စေကာမူ သေနတ်ကျည်ဆံသည် မတော်တဆထွက်သွားသည်ဟုသာ ထင်ကြပေလိမ့်မည်။ သို့သော် အရှက်ကင်းမဲ့သောသူများအတွက်မူ သင် မည်မျှပင် ပိုကောင်းအောင် လုပ်စေကာမူ ရှာကြံ အပြစ်တင်ကြမည်သာဖြစ်သည်။

“ထန်ရှု… နင်နဲ့ဆရာမသာ နင့်ရဲ့အမှတ်တွေက မှန်ကန်တယ်ဆိုတာ သက်သေပြနိုင်ရင် ဟူကျူရှင်း နင့်ကို တောင်းပန်လာဖို့ နင့်ရဲ့နာမည်ကောင်း ပြန်ဖြစ်စေဖို့ နည်းလမ်း ဆရာမဆီမှာ ရှိတယ်။” ထန်ရှု၏စိတ်လှုပ်ရှားနေသောအမူအရာအား ကြည့်ပြီး ဟန်ကျင်းဝူ၏မျက်ဝန်းထဲတွင် အမျိုးအမည်မဖော်ပြနိုင်သော ခံစားချက်တို့ ဖြတ်ပြေးလျက် မမျှော်လင့်စွာဖြင့် ထန်ရှု၏စကားများအား ယုံကြည်မိသည်။

ဟန်ကျင်းဝူသည် အဆိုပါစကားများအား အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ထန်ရှု၏စကားများအား သူမ ယုံကြည်သော်ငြား ထန်ရှုအား သူမ စမ်းသပ်ချင်သေးသည်။ အကယ်၍ ထန်ရှုသာ သူ ပြောသည့်အတိုင်း ပထမအဆင့်ဖြင့် အောင်မြင်ခဲ့သည်ဖြစ်သော် ယခုစမ်းသပ်ချက်အား ဖြေရှင်းနိုင်မည်ဖြစ်သည်။

“ဆရာမဟန်.. အက်ဆီးဒင့် ဖြစ်ပြီးတဲ့နောက် အကြောင်းအရာတွေ ဆရာမကို ပြောပြချင်ပါတယ်။ ကျွန်တော့်ရဲ့ဦးနှောက်မှာ ပြသနာဖြစ်ခဲ့ပေမယ့်လည်း ကျွန်တော့်ရဲ့စွမ်းရည်တွေက အမှန်တကယ် ကျသွားတာမဟုတ်ပါဘူး။ ဒီစာမေးပွဲတွေ ဖြေရတာ ပင်ပန်းလာလို့ အဆင့်တွေ ဆိုးသွားတာပါ။ ကျွန်တော် ပြောတာ ယုံရဲ့လား။” အောက်ခြေအဆင့်မှ ရုတ်တရက်ကြီး ထိပ်ဆုံးအဆင့်သို့ ခုန်ပျံရောက်ရှိသွားခြင်းကို မည်သူမျှ ယုံကြည်နိုင်မည်မဟုတ်မှန်း ထန်ရှု ရိပ်မိသောကြောင့် မုသားအနည်းငယ်စွက်ကာ ပြောလိုက်သည်။ ထိုစကားများအား ထန်ရှုသည် အင်္ဂလိပ်ဘာသာဖြင့်ပင် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

ထန်ရှုသည် သူမ၏အင်္ဂလိပ်စကားအား အပြည့်အဝနားလည်ရုံသာမက အမေရိကန်-အင်္ဂလိပ်စကားအား အသုံးပြု၍ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သူမအား ပြန်ဖြေလိုက်သည်ကို ကြည့်ပြီး ဟန်ကျင်းဝူ၏မျက်လုံးများ အရောင်လင်းလက်သွားသည်။

“ထန်ရှု… နင် တကယ်ပဲ ဆရာမကို နောက်နေတာ မဟုတ်ပါဘူးနော်။” တခဏတာမျှ ပြောစရာစကားများ ပျောက်ဆုံးသွားပြီးနောက် ဟန်ကျင်းဝူသည် ပျော်ရွှင်မှုအား ဖုံးဖိမရနိုင်တော့ဘဲ ထန်ရှု၏စကားများအား ပြန်လည်တုံ့ပြန်လိုက်သည်။

“ဆရာမဟန်… ကျွန်တော်သာ ညာမယ်ဆိုရင် တစ်ကြိမ်ပဲ လိမ်ညာလို့ရမှာပေါ့။ နောက်တစ်ကြိမ် ဘယ်လိုရပါ့မလဲ။ ကျွန်တော် လိမ်နေတာလား အမှန်ပြောနေတာလားဆိုတာ နောက်၂လ လပတ်စာမေးပွဲမှာ ဆရာမ သိသွားမှာပဲလေ။” မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်လျက် ထန်ရှုသည် အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းတယ်။ သိပ်ကောင်းတယ်။ ဟူကျူရှင်း နောင်တရနေမယ့်ပုံကို ဆရာမ မြင်ယောင်နေပြီ။ မနက်ဖြန်တောင် သူ သွေးအန်ချင်အန်နေလိမ့်မှာ။” ထန်ရှုနှုတ်ဖျားမှ ထွက်ပေါ်လာသော ကောင်းမွန်သောစကားများကြောင့် ဟန်ကျင်းဝူ ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး သင်္ချာနှင့် အင်္ဂလိပ်စာ အဖြေလွှာများအား ထန်ရှုဆီသို့ ပြန်ပေးလိုက်သည်။ အဖြေလွှာစာရွက်များအား လှမ်းယူလိုက်ပြီး ထန်ရှုသည် စာသင်ခန်းဘက်သို့ အေးဆေးစွာ ပြန်သွားခဲ့ပြီး ဟန်ကျင်းဝူသည် စိတ်သက်တောင့်သက်သာရှိသော ခံစားချက်ဖြင့် ကျန်နေရစ်ခဲ့သည်။

ထန်ရှု စာသင်ခန်းသို့ ရောက်ခါနီးဆဲဆဲတွင် ကျောင်းဆင်းခေါင်းလောင်းထိုးသောကြောင့် တိတ်ဆိတ်ငြိမ်သက်နေသော ကျောင်းတော်ကြီးသည် ရေကန်ထဲသို့ ခဲလုံးများ ပစ်ချလိုက်သကဲ့သို့ ပွက်လောရိုက်နေတော့သည်။ ထန်ရှုလည်း သူ၏စားပွဲအား သိမ်းဆည်းပြီး တိတ်ဆိတ်စွာ ကျောင်းမှပြန်လာခဲ့သည်။

ယွမ်ချူးလင်သည် သူ့အား ငွေရှာသည့်နည်းလမ်းများစွာ ပြောပြခဲ့ပြီး သူကိုယ်တိုင်မှ တည်ငြိမ်လိမ့်မည့်ပုံ မပေါ်သော်လည်း ထန်ရှုသည် သူ၏စကားများအား အမှန်တကယ် စဉ်းစားခဲ့သည်။ သည်တစ်ကြိမ်တွင်တော့ ဓားပြတိုက်ခြင်း၊ ထီထိုးခြင်းနှင့် စတော့ရှယ်ယာကစားခြင်းတို့အား မတွေးတောခဲ့ပေ။ တစ်နာရီခွဲကြာသောအခါ ထန်ရှုအား ကျန်းမာရေးနှင့် ကြီးပွားရေးကလပ်ဟူသော ဂိမ်းခန်းမတွင် မြင်တွေ့ရမည်ဖြစ်သည်။

သည်ဂိမ်းခန်းမတည်ရှိနေသည်အား ထန်ရှုသည် ယခင်ကတည်းက သိရှိနေခဲ့ပြီး အကြိမ်ပေါင်းများစွာ ဖြတ်သန်းသွားဖူးသော်လည်း တစ်ခါမျှ မဝင်ကြည့်ခဲ့ချေ။ ဂိမ်းကို အရူးအမူးစွဲလမ်းသော ကျောင်းသားများသည် သူတို့၏မုန့်ဖိုးများအား ဤနေရာ၌ လာရောက်သုံးဖြုန်းကြပြီး အမြဲပျော်ရွှင်စွာ ထွက်လာကြသည်ကို သူသိသည်။

ထန်ရှု ဂိမ်းခန်းမသို့ ဝင်ရုံရှိသေးသည် သူ၏နှာခေါုင်းအား အုပ်လိုက်မိသည်။ သူ၏ဖြောင့်တန်းပြီး ကြည့်ကောင်းသော မျက်ခုံးတို့သည်ပင် မြင့်တက်သွားရသည်။ ဂိမ်းခန်းမထဲတွင် အော်ဟစ်သံ ဆဲဆိုသံများဖြင့် ဆူညံနေင်္ပြး ဆေးလိပ်မီးခိုးငွေ့တို့ဖြင့် ပြည့်လို့နေသည်။ အပြင်ဘက်ကမ္ဘာနှင့် တခြားစီပင်ဖြစ်သည်။ သူ ရောက်လာရသည့်ရည်ရွယ်ချက်အား သတိရလျက်နှင့်ပင် ထန်ရှု ပြန်ထွက်ချင်စိတ် ဖြစ်ပေါ်လာသည်။

ဂိမ်းခန်းမသည် ၄၀၀စတုရန်းစင်တီမီတာခန့် ကျယ်ဝန်းပြီး အမျိုးမျိုးအဖုံဖုံသော စလော့စက်ဂိမ်းများစွာ ရှိပြီး စက်အကြီးအသေး ၆တန်းရှိသဖြင့် စုစုပေါင်းစက်အလုံး၁၀၀ ရှိသည်။ စက်တိုင်းနီးပါးတွင် လူအချို့ရှိပြီး အချို့စက်များတွင် လူတစ်ဒါဇင်ခန့်ပင် ရှိနေသောကြောင့် ဂိမ်းခန်းမသည် အမှန်တကယ်အားဖြင့် လူတစ်ထောင်ကျော်ရှိသည်။ အဆိုပါ လူတစ်ထောင်ကျော်ထဲတွင် လူထက်ဝက်မနည်းသည် ကောငျးဝတ်စုံများ ဝတ်ဆင်ထားပြီး အများစုသည် အနီးဝန်းကျင်မှ ကျောင်းသားများဖြစ်ကြသည်။

“ပတ်ဝန်းကျင်အခြေအနေအရ ဂိမ်းစက်တွေက ကျောင်းသားတွေကို လိမ်ညာနိုင်တဲ့ ဖျားယောင်းနိုင်တဲ့စက်တွေပဲ။ ပထမတော့ သူတို့တွေက ဂိမ်းကစားရုံသက်သက်ပဲလို့တွေးထင်ကြမှာပဲ။ နောက်ပိုင်းကျရင် မကစားရ မနေနိုင်ဖြစ်လာပြီး ကျောင်းသင်ခန်းစာ လေ့လာရာမှာ အနှောင့်အယှက်လာဖြစ်လိမ့်မယ်။ ဂိမ်းခန်းမကလည်း မြို့လယ်ကောင်မှာ ဖွင့်ထားတာဆိုတော့ ဒါကြီးက အတော်လွှမ်းမိုးနိုင်မှာပဲ။” ဂိမ်းခန်းမ၏ ရူးလောက်စရာ သက်ဝင်လှုပ်ရှားနေမှုကို ကြည့်ပြီး ထန်ရှုသည် ဂိမ်းခန်းမအပေါ် စက်ဆုပ်သွားသည်။

ထန်ရှုသည် ချက်ချင်း မကစားသေးဘဲ စလော့စက်၏အလုပ်လုပ်ပုံအား တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ဂိမ်းခန်းမထဲတွင် လူပေါင်းများစွာ ရှိသောကြောင့် ထန်ရှု၏အပြုအမူအား မည်သူမျှ သတိမထားမိချေ။ တစ်နာရီကြာသွားသောအခါ ထန်ရှုသည် စားပွဲထိုးအသစ်ဆီသို့ သွားလိုက်ပြီး ကစားရန်အတွက် ၁၀ပြား လဲလိုက်လေသည်။ ထို့နောက် စလော့စက်ကစားရန် တန်းစီနေသော လူတန်းထဲတွင် ဝင်စီလိုက်သည်။

အခြေခံစလော့စက်သည် များစွာရိုးရှင်းသည်။ ကစားမည့်သူသည် စက်ထဲသို့ ငွေပြားထည့်ပြီး လက်ကိုင်အား ဆွဲချရမည်ဖြစ်သည်။ အလယ်ရှိ စက်ထဲမှ သင်္ကေတများနှင့် ကိုက်ညီသွားပါက ထိုကစားသူသည် ဆုကြေးရမည်ဖြစ်ပြီး ငွေပမာဏသည် သင်္ကေတများနှင့် ချိတ်ဆက်နေသည်။ တစ်ခါတရံတွင် မကိုက်ညီဘဲ အထူးသင်္ကေတ ထွက်ပေါ်လာသည်လည်းရှိပြီး ဆုကြေးရရှိသည်။ တစ်ခါတရံတွင် စက်သည် ယူနီဗာဆယ်သင်္ကေတအား ဖန်တီးပြီး အစားထိုးကာ အခြားသင်္ကေတများနှင့် ကိုက်ညီသွားပါက ၎င်းအတွက် ရသောဆုကြေးသည် ပုံမှန်ဆုကြေးထက် ပိုများသည်။

သို့သော် စလော့စက်များနှင့် ငွေရှာခြင်းသည် ခက်ခဲသည်ကို ထန်ရှု တစ်နာရီ စောင့်ကြည့်ချိန်တွင် တွေ့ရှိခဲ့သည်။ လူအများစုမှာ သင်္ကေတ မကိုက်ညီသည်ကများသည်။ အနည်းငယ်နိုင်သော လူအချို့ပင်လျှင် မကြာမီ ပြန်ရှုံးသွားကြသည်။

သူ့ဦးနှောက်၏တွက်ချက်နိုင်မှုစွမ်းအားသည် သာမန်လူများထက် အဆမတန်မြန်ဆန်နေသောကြောင့် စလော့စက်၏ပြန်ကျသောနှုန်းအား ထန်ရှုသည် တွက်ချက်ထားပြီးဖြစ်ပြီး စလော့စက်တိုင်း၏စည်းမျဉ်းများအားလည်း သူ၏စိတ်ထဲတွင် စွဲနေပြီဖြစ်သည်။

“ထန်ရှု… အမှန်တကယ်ကို မင်းလား။ ငါက လူမှားနေတယ်မှတ်နေတာ။ ကျောင်းလခပေးစရာမရှိတဲ့ကောင်က ဂိမ်းကစားဖို့တော့ ပိုက်ဆံရှိတယ်ပေါ့လေ။ အံ့သြစရာပါလားကွ။” ထန်ရှုအလှည့်သို့အရောက်တွင် တစ်စုံတစ်ယောက်၏အသံဆိုးအား ထန်ရှု၏နားအနားတွင် ကြားလိုက်ရသဖြင့် ထန်ရှုသည် ထိုသူအား လှည့်ကြည့်လိုက်သည်။


Comment

Leave a Reply


Options

not work with dark mode
Reset