Switch Mode

အခန်း ၂၂

ငါသည်သာ နံပါတ်တစ် ဖြစ်လိမ့်မယ်

နောက်ဆုံး၂ရက်သည် သံသယဖြစ်ဖွယ်မရှိ ထန်ရှုအတွက် အပျော်ရွှင်ဆုံးရက်များ ဖြစ်ခဲ့သည်။ သင်ခန်းစာများအား ကောင်းမွန်စွာ လေ့ကျင့်သည့်နည်းတူ ကျင့်ကြံခြင်းအားလည်း ပြည့်စုံစွာ ကျင့်ကြံနိုင်ခဲ့သည်။ သူ၏မိခင်နှင့်အတူ ပျော်ရွှင်စွာ နေထိုင်ရင်း အချိန်များ ကုန်ဆုံးစေခဲ့သည်။ အင်မော်တယ်လောကတွင် နှစ်ထောင်ပေါင်းများစွာ နေထိုင်ပြီးနောက် အမေကို ချစ်သောသားတစ်ယောက်ပီပီ တစ်နေ့တွင် မိခင်ဖြစ်သူနှင့် ပျော်ရွှင်စွာ နေထိုင်နိုင်ရမည်ဟူသော မျှော်လင့်ချက်သည် ထန်ရှုထံတွင် အချိန်ကာလကြာမြင့်စွာ ရှိနေခဲ့ပြီးဖြစ်သည်။ ယခုမူ သူ၏စိတ်ဆန္ဒပြည့်ဝခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် စက္ကန့်တိုင်းအား မိခင်ကြီးနှင့်အတူသာ ပျော်ရွှင်စွာ နေထိုင်ကုန်ဆုံးစေခဲ့ပြီး အချိန်တိုင်း မိခင်အား မျက်စိအောက်မှ အပျောက်မခံနိုင်ဘဲ ရှိလေသည်။

“အမေ့သားလေး… ဘာလို့ အမေ့မျက်နှာကို တစိမ့်စိမ့်ကြည့်နေရတာတုန်း။ အမေ့မျက်နှာမှာ ပန်းတွေပွင့်နေလို့လား။” သားဖြစ်သူ၏ ချစ်ခင်မြတ်နိုးသော အကြည့်အား သတိထားမိသော စုလင်းယွမ်သည် ရင်ထဲတွင် ကျေနပ်နှစ်သိမ့်လျက် ထန်ရှုအား ချစ်စနိုးနှင့် ဆူပူလိုက်သည်။

“အမေ့မျက်နှာက ပန်းတွေအားလုံးထက် ပိုလှတယ်။” ထန်ရှုသည် စဉ်းစားခြင်းပင် အလျဉ်းမရှိဘဲ ပြောလိုက်သည်။

“ငချွဲလေး.. ဧကန္တတော့ ကျောင်းမှာ ရည်းစားရှိနေပြီနဲ့တူတယ်။” သားဖြစ်သူ၏ မြှောက်ပင့်စကားကြောင့် စုလင်းယွမ်၏ရင်ထဲ၌ ကြည်နူးခဲ့ရပြီး ပြုံးစစဖြင့် ပြောလိုက်သည်။

“ကျွန်တော်လည်း ရည်းစားထားချင်တာပေါ့အမေရာ။ ဒါပေမယ့် ကံမကောင်းချင်တော့ အမေ့သားကို ဘယ်ကောင်မလေးမှ စိတ်မဝင်စားဘူးဗျာ။” ထန်ရှုသည် နှုတ်ခမ်းအား တွန့်ကာ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားများကို ပြောပြီးနောက် ထန်ရှု၏စိတ်ထဲတွင် ဟန်ကျင်းဝူ၏ပုံရိပ်လေးသည် မရည်ရွယ်ဘဲ ပေါ်ပေါက်လာပြီး သူမနှင့်နီးကပ်စွာ ရှိခဲ့သောမြင်ကွင်းအားလည်း ပြန်မြင်ယောင်လာသည်။

“သူတို့ သားကို မမြင်နိုင်ခဲ့တဲ့အတွက် တစ်နေ့ နောင်တရကြလိမ့်မယ်။” သားဖြစ်သူ၏ပြုံးနေသော မျက်နှာအား ကြည့်ပြီး စုလင်းယွမ်သို့ပါ အပျော်ကူးစက်လာကာ ထန်ရှု၏ခေါင်းအား မနာကျင်အောင် ခပ်ဖွဖွခေါက်လိုက်ပြီး သူ့အား ဖက်ထားလိုက်လေသည်။

ပျော်စရာအချိန်လေးသည်  တိုတောင်းလှပေသည်။ မကြာမီမှာပင် လစဉ်အားလပ်ရက်၂ရက်သည် ကုန်ဆုံးသွားခဲ့သည်။

ထန်ရှုအနေဖြင့် ကျောင်းသို့ မပြန်ချင်သေးပါသော်လည်း မိခင်၏တိုက်တွန်းမှုကြောင့် သူ ပြန်သွားရလေသည်။

“လပတ်စာမေးပွဲရလဒ်တွေ အကုန်ထွက်လာပြီလို့ မင်းကြားပြီးပြီလား။ ငါတို့အတန်းထဲက တစ်ချို့ကျောင်းသားတွေ ထိပ်ဆုံးအယောက်၂၀မှာ ပါတယ်ဆိုပဲ။”

“ငါလည်း ကြားတယ်။ ချန်းယန်နန်ကို အားကစားနဲ့ ပြင်ပလှုပ်ရှားမှုတွေမှာပဲ ထူးချွန်တယ်ထင်ထားတာ။ သူမက စာမှာပါ ထူးချွန်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။ ငါတော့ သူ့ကို ကြွေနေပြီကွာ။”

“အရင်လစာမေးပွဲမှာ ချန်းယန်နန်က ၄၀၀မှတ်ပဲ ရထားတာလေ။ ဘယ်လိုလုပ်ပြီး သူမက အမှတ်၁၀၀တောင် တိုးသွားရတာလဲ။”

စာသင်ခန်းထဲသို့ ထန်ရှု လျှောက်ပြီးဝင်လာခဲ့ချိန်တွင်တော့ လပတ်စာမေးပွဲ၏ရလဒ်များအား ကျောင်းသားများ ပြောဆိုနေကြသည်ကို ကြားလိုက်ရသည်။

ထန်ရှုသည် ထိုစကားဝိုင်းများတွင် ပါဝင်ပြောဆိုခြင်းမရှိဘဲ ငွေရှာနိုင်မည့်နည်းလမ်းများကိုသာ တွေးတောနေသည်။ စားသောက်ဆိုင် ဖျက်ဆီးခံရသည်မှစ၍ ထာဝရကြီးပွားရေး ငွေချေးလုပ်ငန်း၏လုပ်ရပ်အဆုံး သည်ကမ္ဘာကြီးတွင်လည်း ခွန်အားကြီးခြင်း၏အရေးကြီးပုံကို သူ ပိုမို သတိပြုမိလာပြီဖြစ်သည်။

သူ ပြန်ရောက်လာကာစလိုပင် ခွန်အားနည်းနေပါက သူတို့သားအမိနှစ်ယောက်သည် လူတကာ၏အနိုင်ကျင့်မှုကို ခံစားနေရပေမည်။ ထိုရလဒ်များသည် တွေးကြည့်ရုံနှင့်ပင် ခြောက်ခြားစရာကောင်းလှသည်။

ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်၏လိုအပ်ချက်များသည် သူနှင့်ကိုက်ညီနေခဲ့ခြင်းသည် သူ့အတွက် အမှန်တကယ် ကံကောင်းမှုဖြစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ကမ္ဘာကို ကိုင်လှုပ်နိုင်မည့် ပြောင်းလဲမျိုးနှင့် တွေ့ကြုံခဲ့ရ၍သာ သန်မာသည့်ခွန်အားရရှိခဲ့ပြီး ထိုအချိန်က ဖြစ်ရပ်အားလုံးအား ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်အား လေ့ကျင့်ခြင်းသည် လွန်ကဲပြီး မခံမရပ်နိုင်သောနာကျင်ခံစားမှုအား ပေးစွမ်းသောကြောင့် ထန်ရှုသည် ယခုလတွင် အဆိုပါကျင့်စဉ်အား မကျင့်ရဲသေးဘဲ ကောင်းကင်စကြာဝဠာပညာရပ်ကျင့်စဉ်အား အစားထိုးလေ့ကျင့်နိုင်မည့်ကျင့်စဉ်ပညာရပ်များအား ကြိုးစားရှာဖွေနေခြင်းဖြစ်သည်။

သို့သော်လည်း တစ်လသာ ကုန်ဆုံးသွားခဲ့သည်။ ထန်ရှု၏မှတ်ဉာဏ်ထဲတွင် ရှိနေသော အင်မော်တယ်လောက၏ ကျင့်ကြံမှုကျင့်စဉ်နှင့် ပညာရပ်များသည် ကောင်းကင်ဘုံနှင့်မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအားအရင်းအမြစ်များစွာ လိုအပ်သောကြောင့် ဒီကမ္ဘာတွင် ကျင့်ကြံရန် မသင့်တော်ပါချေ။

ထို့ကြောင့် သူကိုယ်တိုင်နှင့် သူ့မိသားစုအား ကာကွယ်ရန်အတွက် ခွန်အားပြည့်ဝချင်သော ထန်ရှုအတွက် ကောင်းကင်စကြာဝဠာပညာရပ်မှတစ်ပါး ရွေးချယ်စရာကျင့်စဉ်မရှိသည်ကို နားလည်ခဲ့ရသည်။

သို့သော် သိရှိပြီးသည့်အတိုင်း ကောင်းကင်စကြာဝဠာပညာရပ်အား လေ့ကျင့်မည်ဆိုပါက ထိုကျင့်စဉ်၏နာကျင်မှုအား ခံနိုင်ရည်ရှိရန်အတွက် သူ၏ခန္ဓာကိုယ်အား အထောက်အပံ့ပေးရန် ဆေးဝါးများမှီဝဲရန် လိုအပ်သည်။ ထိုလိုအပ်သော ဆေးဝါးများအား ဖော်စပ်ရန်အတွက် အဖိုးများစွာ ထိုက်တန်သော ဆေးပင်ဝါးပင်များ လိုအပ်သည်ဖြစ်သောကြောင့် ငွေပမာဏများစွာ လိုအပ်နေပြီဖြစ်သည်။

“ငါ အဆောင်ရေးဆွဲပြီး ရောင်းရင် လူတွေက ဝယ်ကြမလား။”

“ဒီမှာ အခြားကျင့်ကြံသူတွေ ရှိမရှိ ငါမသိဘူး။ အကယ်လို့ ရှိခဲ့ရင် ကျင့်ကြံမှုတိုးတက်စေမယ့်အရာတွေကို သူတို့ကို ရောင်းလို့ရရင်လည်း မဆိုးဘူး။”

“ဒါမှမဟုတ် ဆေးဖော်ပြီး ရောင်းရမလား။”

ငွေရှာရန်အတွက် ထန်ရှု တစ်ညလုံး စဉ်းစားနေခဲ့သည်။ အင်မော်တယ်လောကတွင် အသုံးပြုသော ငွေရှာနည်းများသည် သည်ကမ္ဘာတွင် အသုံးပြုရန်မသင့်တော်ပါချေ။

“အစ်ကိုကြီး.. အခုစာမေးပွဲမှာ ကျွန်တော်တို့ ကျခဲ့ရင်တောင်မှ နောက်၂လကျန်ပါသေးတယ်။ ကျွန်တော်တို့ အပြင်းအထန် ကြိုးစားလိုက်ရင် ဝင်ခွင့်စာမေးပွဲအောင်ပြီး တက္ကသိုလ်ကို တက်နိုင်မှာပါ။ စိတ်မပူပါနဲ့။” လေ့လာသင်ယူမှု၏ညနေခင်းတွင် မျက်မှောင်ကြီးကုတ်လိုက်၊ သက်ပြင်းများချလိုက်၊ အသက်ပြင်းပြင်းရှူလိုက်ဖြင့် အလုပ်ရှုပ်နေသော ထန်ရှုအား မြင်တွေ့နေရသည့် ယွမ်ချူးလင်သည် လပတ်စာမေးပွဲ၏ဖိအားအောက် ထန်ရှုရောက်နေသည်ဟု ထင်မှတ်ကာ နှစ်သိမ့်စကားဆိုလိုက်သည်။

“ဖက်တီး.. ငွေရှာဖို့အတွက် အကောင်းဆုံးနည်းလမ်းကို မင်းသိလား။”

ယွမ်ချူးလင်၏အသံအားကြားလိုက်ရသော ထန်ရှု၏မျက်လုံးများသည် အရောင်လက်သွားပြီး သူ၏လက်မောင်းအား ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူ၏နိမ့်ပါးလှသော ယခုဘဝအခြေအနေကြောင့်လည်းကောင်း၊ အင်မော်တယ်လောကမှ ပြန်ရောက်လာသည်မှာ မကြာသေးသောကြောင့်လည်းကောင်း သူ့တွင် ငွေရှာရန်အတွက် စီးပွားရေးအမြင်မရှိသည်ကို ထန်ရှု နားလည်သည်။ သို့သော် ယွမ်ချူးလင်မှာမူ သူနှင့်မတူဘဲ သူ၏မိဘနှစ်ပါးသည် အောင်မြင်သော စီးပွားရေးလုပ်ငန်းရှင်များဖြစ်သည်။ စီးပွားရေးလောကတွင် မွေးဖွားကြီးပြင်းလာသော ယွမ်ချူးလင်သည် သူ့ထက်စာလျှင် စီးပွားရေးအမြင်နှင့်စွမ်းရည် ပိုမိုကောင်းမွန်မှာအမှန်ပင်။

“အစ်ကိုကြီး.. ပိုက်ဆံ ဘယ်လောက်လိုလို့လဲ။ ကျွန်တော် ချေးပါမယ်။” စိတ်လှုပ်ရှားနေသော ထန်ရှု၏အမူအရာအား ကြည့်ပြီး ယွမ်ချူးလင်သည် ခေတ ္တကြောင်အသွားကာ တက်ကြွသောလေသံဖြင့် ချက်ချင်း တုံ့ပြန်လိုက်သည်။

“ပိုက်ဆံမချေးချင်ဘူး။ငါက ပိုက်ဆံရှာချင်တာ။ ငါ့ကို ပြောပြစမ်းပါ။ ဒီကမ္ဘာမှာ ဘယ်လုပ်ငန်းက အကျိုးအမြတ်အများဆုံးရတာလဲ။ ဒါမှမဟုတ် ဘယ်နည်းလမ်းက အမြန်ဆုံး ငွေရှာနည်းလဲ” သူ၏စကားအား ယွမ်ချူးလင် နားလည်မှုလွဲသွားမှန်း သိသောကြောင့် ထန်ရှုသည် ခေါင်းကိုယမ်းကာ ဆက်ပြောလိုက်ခြင်း ဖြစ်သည်။

“အမြန်ဆုံးနည်းကတော့ ဓားပြတိုက်တာပဲ။ ဘဏ်တစ်ခုခု ဒါမှမဟုတ် ရတနာဆိုင်တစ်ဆိုင်ဆိုင်ကို ဓားပြတိုက်လိုက်။ အဲ့ဒါဆို ဘာစီးပွားရေးမှ မလိုတော့ဘူး။ ဘာမှလည်း မဆောက်ရတော့ဘူး။ အစ်ကိုကြီး ပြသနာအတွက် လုံလောက်လိမ့်မယ်။” ယွမ်ချူးလင်သည် စဉ်းစားခြင်းမရှိဘဲ အားပါးတရ ပြောပြလိုက်သည်။

ယွမ်ချူးလင်၏မှတ်ချက်အား ကြားလိုက်ရသော ထန်ရှုသည် သူ့အား စိတ်ဆိုးချင်သောအကြည့်ဖြင့် ကြည့်ကာ သူ၏ပခုံးအား ခပ်ပြင်းပြင်းရိုက်လျက် သုန်မှုန်စွာ ပြောလိုက်သည်။ “ငါ ဒီမှာ တကယ် အရေးတကြီး ဖြစ်နေလို့ကွာ။ မင်းရဲ့အကြံကို အရေးတကြီး လိုအပ်နေတာနော်။”

“ဓားပြမတိုက်ချင်ဘူးဆိုရင် ထီထိုးလေ။ ညတွင်းချင် ဘီလီယံနာ ဖြစ်သွားမှာ။ ဒါပေမယ့် အဲ့ဒါ အစ်ကိုကြီး ကံကောင်းဦးမှ။”

“ဒါမှမဟုတ်ရင် စတော့ရှယ်ယာ ကစားပါလား။ စစချင်းမှာတော့ အရင်းအနှီးတစ်ခု လိုအပ်တယ်။ နောက်ပြီး အဲ့ဒါကို စောင့်ကြည့်လေ့လာဖို့ လုံလောက်တဲ့ အချိန်နဲ့ စွမ်းအင် လိုအပ်တယ်။ အဲ့ဒါတော့ အစ်ကိုကြီးနဲ့ ကိုက်မယ်မထင်ဘူး။”

“ထန်ရှု… မင်း ငွေရှာချင်ရင် ငါ့ကို ပြောနိုင်တယ်။ အာ.. ငွေရှာရတဲ့နည်းလမ်းအများကြီးကို ငါ သိတယ်လို့ ဆိုနိုင်မလားပဲ။ အခု မင်းအတွက် ငွေရှာဖို့အလွယ်ဆုံးနည်းလမ်းက ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်သီးတစ်ယောက်ဖြစ်ဖို့ပဲ။ မင်းသာ ငါတို့ပြည်နယ်မှာ အဲ့လိုဖြစ်ခဲ့ရင် ဆုကြေးတွေ၊ ထောက်ပံံ့ကြေးတွေ၊ ကြေညာကြေးတွေ သေချာပေါက် ရလိမ့်မယ်။ သာမန်လူတွေ သူတို့ဘဝမှာ တစ်ခါမှ မရဖူးတဲ့ငွေကြေးတွေပေါ့။” ထန်ရှုသည် ယွမ်ချူးလင်နှင့် ပျော်ရွှင်စွာ စကားပြောနေစဉ်တွင် ညောင်နာနာအသံတစ်သံသည် သူတို့၏စကားဝိုင်းအား ကြားဖြတ်ကာ ဖျက်ဆီးလိုက်လေသည်။

ထန်ရှုသည် ထိုအသံပိုင်ရှင်အား ရှာဖွေလိုက်ရာ နှောင့်ယှက်သည့်အသံပိုင်ရှင်မှာ စုရှန်ဖေးဖြစ်သည်ကို တွေ့လိုက်ရသောကြောင့် မျက်မှောင်ကြုတ်ကာ သူ့အား ရိုက်နှက်ရန် စဉ်းစားမိသည်။ သို့သော် စုရှန်ဖေး၏စကားများသည် သူ၏စိတ်ဝင်စားမှုအား ရိုက်ခတ်ကာ နှိုးဆွလိုက်သည်။ ထို့ကြောင့် သူ၏ဒေါသအား ဖိနှိပ်လိုက်ကာ ယွမ်ချူးလင်အား မေးလိုက်သည်။

“ဖက်တီး.. သူ ပြောသလို ပြည်နယ်ရဲ့ ထိပ်ဆုံးအမှတ်ရသူက ငွေအများကြီးရတယ်ဆိုတာ ဟုတ်လား။”

“အစ်ကိုကြီး.. ပြည်နယ်မှာ ကောလိပ်ဝင်ခွင့်အတွက် အမှတ်အများဆုံးရတဲ့သူက တကယ်ပဲ ငွေအများကြီး ရတယ်ဆိုတာဟုတ်တယ်။ ၁၃နှစ်ရှိပြီ။ ကျွန်တော်တို့ ကြယ်တာရာအထက်တန်းကျောင်းက ကောလိပ်ဝင်ခွင့်မှာ ပြည်နယ်အမှတ်အများဆုံးရတဲ့ ကျောင်းသားမပေါ်ထွက်ခဲ့တာ။ ကျွန်တော်ထင်တယ် ကျောင်းကတောင် ဆုကြေးငွေက ယွမ်၁၀သိန်းရှိတယ်။”

ထန်ရှု၏ စူးစမ်းလိုသောအကြည့်နှင့်စိတ်ဝင်စားနေသောအမူအရာအား သတိထားမိသောကြောင့် ယွမ်ချူးလင်သည် ခေါင်းကို ညိတ်လျက် ရှင်းပြလိုက်သည်။

“ဟား ဟား ဟား… ငါရယ်ရလွန်းလို့ သေတောင်သေတော့မယ်။ သူက တကယ်ကြီး ပြည်နယ်မှာ အမှတ်အများဆုံးရတဲ့သူ ဖြစ်ချင်နေတယ်ပေါ့။”

“ကြည့်ရတာ ထန်ရှုရဲ့စိတ်က ပြသနာရှိနေတယ်ဆိုတဲ့ ကောလဟလတွေက တကယ်မှန်နေပုံပဲ။”

“ဒီလစာမေးပွဲမှာ ပထမရ ရမယ်လို့ သူပြောတယ်။ ဟော အခုလဲ ပြည်နယ်အဆင့်မှာ အမှတ်အများဆုံး ရမယ်လို့ ပြောပြန်ပြီ။ ရက်အနည်းငယ်ကြာရင် စကြာဝဠာမှာ သူအတော်ဆုံးလို့ ပြောနိုင်တယ်။”

ထန်ရှု၏စိတ်လှုပ်ရှားနေသော အမူအရာအား ကြည့်ပြီး စုရှန်ဖေးသည် တန်းခွဲ-၁၀မှ အခြားကျောင်းသားများအား ဦးဆောင်ကာ လှောင်ပြောင်ရယ်မောလိုက်သည်။

အခြားတစ်ဖက်တွင် ယွမ်ချူးလင်သည် ရှက်စိတ်ကြောင့် မျက်နှာနီရဲသွားပြီး ထန်ရှု၏အရှေ့ခုံတွင် ထိုင်နေသော ချန်းယန်နန်သည်လည်း သူမ၏မျက်ခုံးလှလှလေးများပင် တွန့်လိုက်မိသည်။

ကာယကံရှင်ထန်ရှုသာလျှင် ပေါ့ပေါ့ပါးပါးဟန်ဖြင့် သူ၏နေရာတွင် ထိုင်မြဲထိုင်နေသည်။ သူ၏ဘေးပတ်လည်မှ လှောင်ပြောင်ရယ်မောနေသော အတန်းဖော်များအား တည်ငြိမ်အေးဆေးစွာဖြင့် သိမ်းကျုံးကြည့်လိုက်သည်။ သူ၏မျက်ဝန်းနက်နက်တွင် မည်သည့်အရိပ်အယောင်မျှ ဖြတ်သန်းမသွားပါချေ။

“ထန်ရှု.. သချာၤနဲ့အင်္ဂလိပ်စာ ဖြေထားတာအတွက် အမှတ်တွေ ထွက်နေပြီ။ ဒီတစ်ခါရော မင်း ဘဲဥကွဲရဲ့လား။”

စုရှန်ဖေးသည် ရယ်ဟဟဖြင့် မေးလိုက်သည်။

“ဘာ.. သချာၤနဲ့အင်္ဂလိပ်စာ ဖြေထားတာအတွက် အမှတ်တွေ ထွက်နေပြီဟုတ်လား။ ငါ ဘာလို့ မသိရသေးတာလဲ။”

ထန်ရှုသည် မသိနားမလည်သော မျက်လုံးများဖြင့် ဘေးပတ်လည်ကို ကြည့်လိုက်သောအခါ အဖြေလွှာစာရွက်များသည် လူတိုင်း၏စားပွဲပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရသည်။ ထန်ရှုသည် ငွေရှာရန်အတွက်သာ စဉ်းစားနေသောကြောင့် ထိုအဖြေလွှာစာရွက်များ ကြိုတင်ရောက်ရှိနေသည်ကို သတိမထားမိခြင်းဖြစ်သည်။

သူ၏စားပွဲ၊ ကြမ်းပြင်တွင် ဟိုဟိုဒီဒီ ရှာဖွေသော်လည်း မတွေ့သောကြောင့် ယွမ်ချူးလင်အား

“ဖက်တီး..ငါ့ အဖြေလွှာစာရွက်တွေ မင်း တွေ့မိသေးလား။” ဟု လှမ်းမေးလိုက်သည်။

“အစ်ကိုကြီး..ကျွန်တော်လည်း မမြင်မိဘူး။ အစ်ကိုကြီး ရနှင့်ပြီးပြီလို့ထင်နေတာ။” ယွမ်ချူးလင်သည် ခြင်တစ်ကောင်၏အော်မြည်သံကဲ့သို့ တိုးတိတ်စွာ ပြန်ဖြေလိုက်သည်။ အဖြေလွှာစာရွက်တွေကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် သူ၏ရလဒ်အား အာရုံစိုက်နေသောကြောင့် ထန်ရှု၏အဖြေလွှာ ရှိ၊မရှိအား သူ သတိမထားမိလိုက်ချေ။ ထန်ရှု ရထားနှင့်ပြီဟု ထင်သောကြောင့် ယွမ်ချူးလင်သည် ဇဝေဇဝါနှင့် ပဟေဠိဖြစ်နေသည်။

“ဟား ဟား ဟား… ငါရယ်ရလွန်းလို့ သေတောင်သေတော့မယ်။ စာမေးပွဲမတိုင်ခင်က ပထမရမယ်လို့ပြောခဲ့သူက အဖြေလွှာစာရွက်တောင် မပြရဲတော့ဘူးလား။ ငါ ထင်ထားသလို ဘဲဥတောင် မကွဲဘူးမဟုတ်လား။”  ထန်ရှုနှင့် ယွမ်ချူးလင်၏အမူအရာများအား ကြည့်ပြီး ဟန်ဆောင်နေသည်ဟု ကျောင်းသားများ ထင်ထားသွားကြသည်။ စုရှန့်ဖေးသည် မရယ်ဘဲမနေနိုင်တော့ချေ။

“စာမေးပွဲခန်းမှာ တစ်နာရီခွဲတည်းနဲ့ အဖြေလွှာစာရွက်တွေအပ်ပြီး ထွက်တယ်။ ဂျီးနီးယပ်စ်တစ်ယောက်လို တစ်ကျောင်းလုံးနီးပါး ငါတို့အတန်းကို အာရုံစိုက်ခံရအောင်လုပ်တယ်။ ဒါကို ဘယ်လိုခေါ်ရမလဲတောင် ငါ တကယ့်ကို မသိတော့ဘူး။”

“မင်းကိုမင်း အရူးလုပ်နေတာပဲ။ အခု မင်း ငပေါလို လုပ်နေပြန်ပြီ။ တန်းခွဲ-၅မှာ အရှက်ကွဲရတာအားမရလို့ ငါတို့တန်းခွဲ-၁၀ထိပါ လာပြီး အရှက်ကွဲခံတာပေါ့လေ။ မင်း တကယ် မျက်နှာထူတဲ့အကောင်ပဲ။”

စုရှန်ဖေး၏ဦးဆောင်မှုအောက်တွင် တန်းခွဲ-၁၀မှ အခြားကျောင်းသားများပါ ပါလာကြပြီး ထန်ရှုအား လက်ညှိုးငေါက်ငေါက်ထိုးလျက် သူတို့စွမ်းနိုင်သမျှ ကဲ့ရဲ့လှောင်ပြောင်ပြောဆိုကြသည်။

“ထန်ရှု.. ထွက်လာခဲ့ဦး။” ယွမ်ချူးလင်သည် ရှည်ကြာစွာ သည်းညည်းမခံနိုင်တော့သောကြောင့် ရဲရင့်စွာ ရှေ့ထွက်မည်ပြုလိုက်စဉ် ချိုသာစူးရှသောအသံလေးသည် အခန်းတံခါးဝမှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ လွှမ်းမိုးနိုင်သောအသံလေးအား ရင်းရင်းနှီးနှီး ကြားလိုက်ရသဖြင့် ဆူညံနေသော စာသင်ခန်းသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ကျောင်းသားများသည် မိမိနေရာဆီသို့ လျင်မြန်စွာ ပြေးထိုင်ကြကာ စာရွက်နှင့်ဘောပင်များ ထုတ်လျက် တစ်စုံတစ်ခုအား တွက်ချက်နေဟန်ဆောင်နေကြသည်။

Comment

Leave a Reply

Options

not work with dark mode
Reset