Switch Mode

အခန်း ၂၁

ဆင်ခြင်တုံတရား ပျောက်ဆုံးခြင်း

“ဖက်တီး.. သူတို့က မင်းကို မြင်တာနဲ့ ဘာလို့ ကြောက်နေကြတာလဲ။” ယွမ်ချူးလင်နှင့် သူငယ်ချင်းဖြစ်နေသည်မှာ ကြာပြီဖြစ်သော်လည်း သူ၏မိသားစုအကြောင်းအား ထန်ရှု တစ်ခါမှ မမေးခဲ့ပေ။ ထို့အတူ ယွမ်ချူးလင်သည်လည်း သူ၏မိသားစုအကြောင်းအား မည်သည့်အခါမျှ မပြောပြဖူးချေ။

ထန်ရှု သိသောတစ်ခုတည်းသောအကြောင်းအရာမှာ သူ၏မိဘများသည် မီလီယံရာပေါင်းများစွာ ပိုင်ဆိုင်သောသူများဖြစ်သည်ဆိုတာကိုပင်။ သူ့သူငယ်ချင်း၏ဘဝဇာတ်ကြောင်းသည် အလွန်လျှို့ဝှက်လှသည်။

ထန်ရှု၏မေးွန်းကြောင့် ယွမ်ချူးလင်၏လုံးဝန်းသောမျက်နှာသည် တစ်ချက်ရဲသွားပြီး မျက်ဝန်းအိမ်ထဲတွင် ပြောရခက်ခဲသော အရိပ်အယောင်ဖြစ်လာကာ ပြန်ဖြေလိုက်သည်။

“အစ်ကိုကြီး.. ပြသနာက ပြီးသွားပြီပဲ။ ညောင်ဥတူးဖို့ လိုသေးလို့လား။” ယွမ်ချူးလင်၏အဖြေစကားအား နားထောင်ပြီး ထန်ရှု စကားတစ်လုံးမျှမဆိုဘဲ သူ့အား စေ့စေ့ကြည့်လိုက်သည်။

“အစ်ကိုကြီး.. ကျွန်တော် ပြောရမှာ အားနာနေလို့။” ထန်ရှု၏မေးသလိုအကြည့်အား ယွမ်ချူးလင် ရင်မဆိုင်နိုင်တော့ဘဲ သူနှင့် ငွေချေးလုပ်ငန်းစု၏ပတ်သက်မှုအား စိတ်ပျက်ရှက်ရွံ့စွာဖြင့် အားလုံး ပြောပြလိုက်သည်။

လွန်ခဲ့သောငါးနှစ်ကျော်က တိုင်းပြည်၏စီးပွားရေးကျဆင်းခဲ့ပြီး တရားမဝင်လုပ်ငန်းများ ဦးမော့လာသောအချိန်၌ ယွမ်ချူးလင်၏ဦးလေးသည် ထိုလုပ်ငန်းစုအား ဝယ်ရန် အခွင့်အရေးရခဲ့ပြီး သူဋ္ဌေးဖြစ်လာခဲ့သည်။ သို့သော်လည်း ထိုအခွင့်အရေးအား ပျင်းရိပြီး တာဝန်ယူနိုင်စွမ်းမရှိသော ဦးလေးဖြစ်သူ ကျောင်တဲလင်သည် စွမ်းဆောင်နိုင်စွမ်းမရှိခဲ့ပေ။ လုပ်ငန်းစု၏ပိုင်ရှင်ဖြစ်သော်လည်း စီးပွားရေးအား မည်သို့လုပ်ဆောင်ရမည်ကို မသိသောကြောင့် လုပ်ငန်းစုအဟောင်းမှ ကျန်နေရစ်ခဲ့သော ဝန်ထမ်းက လုပ်ဆောင်ရသည်။ ရလဒ်အားဖြင့် အဖွဲ့အစည်းအတွင်းတွင် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ယွမ်ချူးလင်၏မိဘနှစ်ပါးသည် ထိုလုပ်ငန်းစုအား အကူအညီပေးခဲ့သော်လည်း ထိုအရှုပ်အရှင်းကို ရှင်းရန် အချိန်အကြာကြီး ပေးခဲ့ရသည်။ ထိုသို့လုပ်ပေးနေစဉ်အတွင်း ယွမ်ချူးလင်သည် မကြာခဏ အဝင်အထွက်ရှိကာ ဦးလေးဖြစ်သူမှာလည်း သူ့အား လွန်စွာချစ်ခင်သောကြောင့် သူနှင့်ကျောင်တဲလင်တို့၏ဆက်နွယ်မှုအား ငွေချေးလုပ်ငန်းစုမှ ဝန်ထမ်းတိုင်းသိရှိကြပြီး သူ့အား အမွေဆက်ခံမည့်သူအဖြစ် လေးစားကြခြင်းဖြစ်သည်။

ငွေချေးလုပ်ငန်းစု၏ပိုင်ရှင်အမှန်သည် ယွန်ချူးလင်၏မိဘနှစ်ပါး ဖြစ်သွားကြောင်း ကြားသိရပြီးနောက် ထန်ရှု၏စိတ်ထဲတွင် မသက်မသာခံစားလိုက်ရပြီး သွေးအန်လုနီးပါးပင် ဖြစ်ရကာ ဖော်ပြခြင်းငှာမစွမ်းသာသော ခါးသီးမှုများနှင့်သာ ယွမ်ချူးလင်အား ကြည့်မိသည်။ သူနှင့်မိခင်ဖြစ်သူ ၆လကြာသည့်တိုင် ပူပန်သောကများ ခံစားနေရအောင် ဖိအားပေးခဲ့သည့် သည်ငွေချေးလုပ်ငန်းစုအကြောင်းအား ပြန်တွေးကြည့်ရင်း သူ မှားနေခဲ့သည်ဟုသာ ခံစားနိုင်တော့သည်။

ထိုနည်းတူ စုလင်းယွမ်သည်လည်း ခံစားချက်မျိုးစုံရောထွေးနေပြီး အတန်ကြာမှ စိတ်ကိုထိန်းလိုက်ကာ ယွမ်ချူးလင်အား နွေးနွေးထွေးထွေး နှုတ်ဆက်ကာ ထိုင်ရန်ပြောပြီး လက်ဘက်ရည်နှင့်တည်ခင်းဧည့်ခံလိုက်သည်။ ထို့နောက် အိမ်သန့်ရှင်းရေးအား ကျွမ်းကျင်စွာဖြင့် ဆောင်ရွက်တော့သည်။

“အစ်ကိုကြီး.. ကျွန်တော် တကယ် စိတ်မကောင်းပါဘူး။ မိဘတွေ ကွာရှင်းပြီးကတည်းက အဲ့ဒီကိုလည်း ကျွန်တော် သိပ်မသွားဖြစ်ပါဘူး။ သူတို့ရဲ့အဓိကကျတဲ့စီးပွားရေးကို ကျွန်တော် အာရုံမစိုက်တာလည်း ပါတယ်။ နို့မို့ဆို ဒီလိုဖြစ်မှာ မဟုတ်ပါဘူး။”

ငွေချေးလုပ်ငန်းစု၏ အတွင်းရေးအခြေအနေအား ယွမ်ချူးလင် သတိပြုမိသောကြောင့် သူ၏စိတ်ထဲတွင် ရှက်စိတ်နှင့် အားနည်းစိတ်တို့ဖြင့် ပြည့်လို့နေသည်။

“သည်ဟာ မင်းလုပ်တာမှ မဟုတ်တာပဲ။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။” ယွမ်ချူးလင်၏ အားနာတောင်းပန်သောအမူအရာအား မြင်ရသောကြောင့် ထန်ရှု၏စိတ်နှလုံးသည် ပျော့ပြောင်းသွားပြီး ယွမ်ချူးလင်၏ပခုံးအား ပုတ်လျက် သူ စတင်မေးမြန်းခဲ့သော မေးခွန်းအား ပြန်ကောက်လိုက်သည်။

“ဆိုပါဦး.. ငါ့လိပ်စာလည်း မင်းကို ပေးမထားပဲနဲ့ ဘယ်လိုရှာတွေ့တာလဲ။”

“အစ်ကိုကြီး.. စားသောက်ဆိုင်ကရော ဘယ်လိုဖြစ်တာလဲ။ လူမိုက်အဖွဲ့က အကြောင်းပြချက်မရှိဘဲ တိုက်ခိုက်ကြတယ်။ ကျွန်တော် ဖြေရှင်းပေးဖို့ လိုမလား။” ယွမ်ချူးလင်သည် စိတ်လှုပ်ရှားသောအမူအရာဖြင့် စားသောက်ဆိုင်အကြောင်း ပြောင်းမေးလိုက်သည်။

“စားသောက်ဆိုင်ပြသနာက ရှင်းပြီးပါပြီ။ မင်း စဉ်းစားပေးတာ ကျေးဇူးပဲကွာ။ ဒါနဲ့ ငါတို့ လစဉ်လေ့လာရေးခရီးရဲ့ ဒုတိယနေ့မှာ မင်းအဖေနဲ့အမေ လာလိမ့်မယ်မလား။” စားသောက်ဆိုင်အကြောင်းကြားသည်နှင့် မိခင်ဖြစ်သူ၏အသက်မဲ့သွားသကဲ့သို့ဖြစ်သွားသောကြောင့် ထန်ှရှုသည် အကြောင်းအရာအား ပြောင်းလိုက်သည်။

“ကျွန်တော်… ကျွန်တော်ရဲ့စိတ်ကို မပြင်ဆင်ရသေးဘူး။ ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးတဲ့အထိ စောင့်ချင်သေးတယ်။ အဲ့ဒါပြီးမှပဲ ကျွန်တာ် စဉ်းစားတော့မယ်။” ပြောင်းလဲသွားသောအကြောင်းအရာသည် သူ၏မိဘနှစ်ပါးနှင့်သက်ဆိုင်နေသဖြင့် ယွမ်ချူးလင်၏စိတ်တို့ အုံ့မှိုင်းသွားရကာ မပျော်မရွှင် ဖြစ်သွားရသည်။

၁၀မိနစ်ကြာသောအခါ အခန်းတစ်ခုလုံး သပ်ရပ်သန့်ရှင်းသွားတော့သည်။ ထို့နောက် သူတို့သုံးယောက်သည် အကောင်းအတိုင်းကျန်ရှိနေသောစားစရာများအား မီးဖိုထဲသို့ သယ်ဆောင်ကာ ညစာစားတော့သည်။

ညစာစားပွဲတွင် ယွမ်ချူးလင်သည် ပန်းကန်တစ်ဝက်ကျော်သည်အထိ စားစရာများအား ထည့်ကာ အားပါးတရ စားသောက်နေသောကြောင့် ထန်ရှုတို့သားအမိသည် သူ့အား အံ့အားသင့်စွာ ကြည့်မိကြသည်။

ယွမ်ချူးလင်၏ ရယ်စရာဟာသများကြောင့် မူလက အေးစက် တိတ်ဆိတ် ဝမ်းနည်းနေသည့်ရိပ်မြုံလေးသည် ရယ်မောသံများဖြင့် သက်ဝင်လှုပ်ရှားလာသည်။

“အစ်ကိုကြီး.. ကျွန်တော် မှတ်မိပါသေးတယ် ဒီလမှာ အစ်ကိုကြီး ပထမရအောင် ပြန်ယူမယ်ဆိုပြီး မနေ့က ပြောခဲ့တာလေ။ အခု လပတ်စာမေးပွဲ ပြီးသွားပြီဆိုတော့ ပထမရဖို့ ရာခိုင်နှုန်း ဘယ်လောက်ရှိလဲ။”

ယွမ်ချူးလင်၏စိတ်လှုပ်ရှားစွာ မေးသောမေးခွန်းနှင့်အတူ စကားပြောနေသော အကြောင်းအရာသည် လပတ်စာမေးပွဲသို့ ရောက်သွားသည်။

“စိတ်မပူပါနဲ့။ မဖြစ်နိုင်တဲ့စကား ငါ ဘယ်တုန်းက ပြောတာတွေ့ဖူးလဲ။” ယွမ်ချူးလင်၏ဂရုတစိုက်အကြည့်အား ထန်ရှုသည် ခေါင်းကို ညိတ်လျက် ယုံကြည်ချက်ရှိစွာဖြင့် ပြောလိုက်သည်။

ထန်ရှု၏စကားသံအဆုံးတွင် ခလွမ်ဟူသောအသံအား ကြားလိုက်ရသည်။ အသံကြားရာဘက် ကြည့်လိုက်စဉ်တွင် စုလင်းယွမ်၏လက်ထဲမှ ပန်းကန်လုံးသည် ရုတ်တရက် လွတ်ကျသွားခြင်းဖြစ်ပြီး သူမသည် ထန်ရှုအား တွေတွေကြီး စိုက်ကြည့်နေလေသည်။

“ရှုအာ… သား အခုပြောလိုက်တာ တကယ်ပဲလား။ ဒီလပတ်စာမေးပွဲမှာ သား ပထမရအောင် လုပ်နိုင်မယ်လား။” စုလင်းယွမ်သည် ကြမ်းပြင်ပေါ်ကျသွားသော ပန်းကန်လုံးအား ပြန်မကောက်နိုင်သေးဘဲ ထန်ရှု၏လက်မောင်းအား ဆုပ်ကိုင်လျက် စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

“အမေ… လပတ်စာမေးပွဲရလဒ်က နောက်၃ရက်နေရင် ထွက်တော့မှာ။ အဲ့ဒီကျရင် အမေ သိရလိမ့်မယ်နော်။”

ထန်ရှုသည် သူ့မိခင်၏ရင်ထဲကစိတ်ရင်းကို သိနေသောကြောင့် ပြောပြလိုက်သည်။ သူ့အမေသည် သူမ၏မျှော်လင့်ချက်အကုန်လုံးနီးပါးအား သူ့အပေါ်တွင် စုပုံထားကြောင်းကို ထန်ရှု နားလည်ပါသည်။ ကားအက်ဆီးဒင့်ဖြစ်ပြီးတစ်နှစ်ကျော်ချိန်တွင် သူမ၏မျှော်လင့်ချက်များ ယိုင်နဲ့လာခဲ့ရသည်။

ထိုနှစ်များတွင် သူ၏မိခင်သည် သူ့အား အစဉ်အမြဲ အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်ခဲ့ဲပြီး ပင်ပန်းနေသည့်အရိပ်အယောင်ပင် သူ့ရှေ့၌ မပြခဲ့ချေ။ သို့သော် ထန်ရှု၏အဆင့်များ လျင်မြန်စွာ ကျဆင်းလာမှုကြောင့် ထိုဖိအားသည် ထန်ရှုတင်သာမက သူ၏မိခင်ပေါ်တွင်ပါ သက်ရောက်ကြောင်း ထန်ရှု သိသည်။ ယခုမူ ရုတ်တရက် သူ၏အဆင့်များသာ ယခင်က အောင်မြင်မှုများအတိုင်း ဖြစ်မည်ဆိုသောကြောင့် သူ၏အမေ စိတ်လှုပ်ရှားသည်ဆိုသည်မှာ သဘာဝကျလှသည်။

“အရင်အဆင့်တွေကို တစ်လနဲ့အမီလိုက်နိုင်တယ်လို့ သားပြောလိုက်တာလား။” ထန်ရှု၏ယုံကြည်ချက်ရှိလှသောအဖြေကြောင့် စုလင်းယွမ် ပိုမို စိတ်လှုပ်ရှားလာသည်။

“ဒါပေါ့ မဖြစ်နိုင်စရာမှ မရှိတာ။ အမေကြည့်နေတာ ဘယ်သူ့သားလေးလဲ။” ထန်ရှုသည် ရယ်ကျဲကျဲမျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းတယ်။ ကောင်းတယ်။ သားရဲ့ကျန်းမာရေး ပုံမှန်ပြန်ဖြစ်သွားပြီလို့ သိရကတည်းက သားရဲ့ပညာရေးအဆင့်တွေလည်း ပြန်ကောင်းလာတော့မယ်လို့ အမေထင်နေတာ မှန်သွားပြီပေါ့။ သားရဲ့အဖေလည်း ကောင်းကင်ဘုံမှာ အေးချမ်းသွားမှာပါ။” ထိုစကားများကို စုလင်းယွမ် ပြောပြီး မျက်ရည်စီးကြောင်းနှစ်သွယ်သည် သူမ၏ပြုံးနေသော မျက်နှာထက်တွင် တလိမ့်လိမ့်ဖြင့် စီးကျလာလေသည်။

စုလင်းယွမ်နှင့်ထန်ရှုတို့၏ခံစားချက်များကို သူတို့၏မျက်ဝန်းများမှ သေချာနားလည်သွားသော ယွမ်ချူးလင်သည် စကားပြောချင်နေသော်လည်း ချီတုံချတုံဖြစ်နေပြီး စိုးရိမ်ပူပန်မှုများက သူ၏မျက်နှာထက်တွင် ပေါ်လွင်နေပေသည်။

ဒီလတွင် ယွမ်ချူးလင်သည် စာလေ့လာရာတွင် အပြည့်အ၀ အာရုံစိုက်ထားခဲ့သည်။ အဆင့်တိုးတက်အောင်လုပ်ရသည် ဘယ်လောက်ခက်ခဲသည်မှန်း သူ နားလည်သည်။

သူသည် စုလင်းယွမ်အား လပတ်စာမေးပွဲတွင်  တိုးတက်အောင် လုပ်ရသည်မှာခက်ခဲကြောင်းနှင့် အောက်ခြေအဆင့်မှ ထိပ်ဆုံးအဆင့်သို့ ရောက်အောင်လုပ်ရသည်မှာ ပိုပြီး ခက်ခဲကြောင်းအား ပြောပြချင်ခဲ့သည်။ သို့သော် စုလင်းယွမ်၏မျက်နှာထက်မှ အပျော်မျက်ရည်များအား ကြည့်ပြီး ပြောပြရဲသည့်စွမ်းအား သူ့မှာ မရှိတော့ပါချေ။

စုလင်းယွမ်၏ ထန်ရှုအပေါ်ထားသော ချစ်ခြင်းတရား၊ ထန်ရှုအတွက် ပျော်ရွှင်ပေးမှုနှင့် မိခင်တစ်ယောက်၏ ဂရုစိုက်ကြင်နာမှုတို့ကို တွေ့ရသော ယွမ်ချူးလင်သည် အားကျစိတ်ပင် ဖြစ်ပေါ်လာသည်။ ထိုအခြင်းအရာကပင် သူ၏မိခင် အိမ်ပေါ်မှဆင်းရန် ဆုံးဖြတ်ခဲ့သည့်အချိန်အား ပြန်သတိရစေပြီး ယွမ်ချူးလင်၏မျက်ဝန်းတွင် မျက်ရည်များဖြင့် စိုစွတ်စပြုလာသည်။

ကြယ်တာရာကျောင်းတော်သားများသည် ရခဲလှစွာသော ကျောင်းပိတ်ရက်၂အား ပျော်ရွှင်စွာ ကုန်ဆုံးနေသည့်အချိန်တွင် တတိယနှစ်ဆရာများသည် ကျောင်းသားများ၏အဖြေလွှာအား စစ်ဆေးခဲ့ပြီးဖြစ်သည်။

တတိယနှစ်ဆရာများအတွက် ထိုအရာသည် နာကျင်စရာနှင့် ပျော်ရွှင်စရာ ရသနှစ်မျိုးပေးသော ခံစားမှုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အားလပ်ရက် မိသားစုနှင်အတူ ရှိနေချိန်တွင် စာမေးပွဲဖြေထားသောအဖြေလွှာများအား စစ်ဆေးနေရသောကြောင့် နာကျင်နေရပြီး ကျောင်းသားများ၏တိုးတက်မှုကို မြင်ရသောအချိန်သည် သူတို့အတွက် ပျော်ရွှင်မှုဖြစ်သည်။

“ရန်ကျင်းရဲ့အမှတ်တွေက တကယ်ကောင်းတယ်။ သူ့ရဲ့စာပေနဲ့ဘာသာစကားအမှတ်က ၁၂၈ပွိုင့်၊ သင်္ချာက ၁၃၅ပွိုင့်၊ သိပ္ပံက ၂၄၂ပွိုင့်၊ အကယ်၍ အင်္ဂလိပ်စာမှာ ၁၂၀ပွိုင့်ထက် ပိုရခဲ့ရင် သူက မေဂျာတက္ကသိုလ်ကို ရွေးချယ်လို့ ရသွားမယ်။” ဟူကျူရှင်းသည် ကျေနပ်နေသော မျက်နှာဖြင့် အကောင်းဆုံးကျောင်းသားများ၏အမှတ်အား အခန်းထဲတွင် ဖတ်လို့နေသည်။

အမှန်တကယ်အားဖြင့် တတိယနှစ်ဆရာများအတွက် ကျောင်းသားများ၏အဖြေလွှာအား တစ်နေ့တည်းဖြင့် ပြီးအောင်စစ်ရန်ဆိုသည်မှာ မဖြစ်နိုင်လုနီးပါးအရာဖြစ်သည်။ သို့သော် သက်ဆိုင်ရာအတန်းများ၏ ကြီးကြပ်သူဆရာများမှာမူ အကောင်းဆုံးကျောင်းသားများ၏ရလဒ်အား ကြိုတင်သိချင်တတ်ကြသည်။

“ရန်ကျင်းရဲ့အင်္ဂလိပ်စာအမှတ်ထွက်ပြီ။ ၁၂၈ပွီုင့်ဆိုတော့ သူ့ရဲ့အမှတ်စုစုပေါင်းက ၆၃၃ပွိုင့်ရသွားပြီ။ ဂုဏ်ယူပါတယ်ဆရာဟူ။ ၂လလောက်ကို ကြိုးကြိုးစားစားထပ်လုပ်လိုက်ရင် ဖိုင်နယ်မှာ ကြိုးစားမှုရလဒ်တွေ ခံစားရမှာပါ။ ရန်ကျင်းက စင်ဟွာ တက ္ကသိုလ်ကို တက်လို့ရနိုင်မယ်” တန်းခွဲ-၅၏အင်္ဂလိပ်စာဆရာက ရန်ကျင်း၏အင်္ဂလိပ်စာအဖြေလွှာအား ဟူကျူှရင်းအား ပြောလိုက်သည်။

ရန်ကျင်းသည် ၆၃၃ပွိုင့်ရသည်ဟူသောစကားအား ကြားလိုက်ရသော ရုံးခန်းထဲရှိဆရာများသည် ဟူကျူရှင်းအား အားကျမနာလိုသောအကြည့်များဖြင့် မကြည့်ဘဲ မနေနိုင်ကြတော့ဘဲ ဟူကျူှရင်းအား ဂုဏ်ပြုစကား တစ်ယောက်ပြီးတစ်ယောက် လာပြောကြသည်။

“ဟေး..ငါတို့အတန်းက တန်လီကျွမ်းက ၆၁၀ပွိုင့်ပဲ ရတယ်။ ကြည့်ရတာ ဒုတိယပဲ ဖြစ်ပြန်ပြီနဲ့တူတယ်။”

“ဆရာရှောင်.. ငါတို့အတန်းရဲ့ဂျီးနီးယပ်စ်က ၅၉၈ပွိုင့်ပဲ ရတာမို့လို့ နင် ဆိုင်းထိုးဖို့ မလိုဘူးနော်။”

“ဒီတစ်ခေါက် လပတ်စာမေးပွဲက အရင်လထက် ပိုခက်ခဲတယ်။ ကောလိပ်ဝင်ခွင့်နီးလာလေ သူက ပိုခက်လာလေပဲ။ ၅၅၀အထက် ရတဲ့ကျောင်းသားတွေကတော့ သူတို့နှစ်သက်တဲ့ကျောင်းကို ရွေးနိုင်လောက်မှာပဲ။”

ဒီနေ့တစ်နေ့လုံး တတိယနှစ်ဆရာများသည် အမှတ်ခြစ်ပြီးသောအဖြေလွှာများ၏ထိပ်ဘက်ပိုင်းတွင် ယခင်လ၏အမှတ်အား ထားရန် စီစဉ်နေကြသည်။သို့မှသာ ယခုလအမှတ်နှင့် ယှဉ်တွဲသိနိုင်မည်ဖြစ်သည်။

အမှတ်၅၅၀နှင့်အထက် ရရှိသောကျောင်းသား၂၇ယောက်ရှိသည့်အနက် ၁၂ယောက်မှာ တန်းခွဲ-၅မှ ဖြစ်သည်။ ထိုအကြောင်းအရာသည် ဟူကျူရှင်း၏ကံကောင်းမှုအား အားကျရုံမှတပါးအခြားမရှိဘဲ အခြားဆရာများမှာ တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကား လာပြောကြလေသည်။

“လူတိုင်း ကျွန်တာ်နဲ့ ဆရာမဟန်ကြားက အလောင်းအစားကို မှတ်မိကြသေးတယ်မဟုတ်လား။”

များလှစွာသောဆရာများ၏ မြှောက်ပင့်သံများကြားတွင် နစ်မျောနေရင်း ဟူကျူရှင်းသည် ထိုစကားအား ဂုဏ်ယူဝင့်ကြွားသောအသံဖြင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဟူကျူရှင်း၏စကားသည် မမြင်ရသောလက်ကြီးမှ လူတိုင်း၏လည်ပင်းအား ဆုပ်ကိုင်ထားသကဲ့သို့ ရှိပြီး တစ်ရုံးလုံး တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ အောင်မြင်မှုဖြင့် ဝင့်ကြွားနေသော ဟူကျူရှင်း၏မျက်နှာအား မျက်ခုံးများတွန့်လျက် ကြည့်မိလိုက်ကြသည်။ ထို့နောက်မှာတော့

“အို.. ငါ့မိန်းမ ဖုန်းဆက်နေတာ ခဏခဏရှိနေပြီ။ ငါ အိမ်အမြန်ပြန်မှ ရတော့မယ်။”

“အာ.. ဒီနေ့က နောက်ကျပြန်ပြီကွာ။ ငါသာ အိမ်မပြန်ရင် ချစ်သူက ထပ်စိတ်ဆိုးလိမ့်မယ်။ နောက်မှ တွေ့ကြမယ်နော်။”

“ဒီနေ့ ကျောင်းသား၂၀ယောက်ပြီးသွားပြီ။ မနက်ဖြန်မှ ကျန်တာ ထပ်စစ်ကြတာပေါ့။ အကုန်လုံး နားသင့်နေပြီ။”

ဟူကျူရှင်း၏ အံ့အားသင့်ပြီး ကြောင်ကြည့်နေစဉ်တွင် လူအများဖြင့် ပြည့်နေခဲ့သောရုံးခန်းသည် မကြာမီမှာပင် သူနှင့်ဟန်ကျင်းဝူမှလွဲ၍ တစ်ယောက်မှ မရှိကြတော့ချေ။

“ဆရာဟူ… အခြားလူတွေလိုပဲ အိမ်ပြန်သွားချင်လား ဒါမှမဟုတ် ထန်ရှုရဲ့အမှတ်ကို ကိုယ်တိုင်အမှတ်ပေးပြီး ပြင်ဆင်တာတွေ လုပ်မလို့လား။”  ဟန်ကျင်းဝူသည် ဟူကျူရှင်းအား ကြည့်လိုက်ပြီး ခပ်ဖွဖွပြုံးကာ မချိုမချဉ် မျက်နှာဖြင့် ပြောလိုက်သည်။

“မင်း..မင်း..” ဟန်ကျင်းဝူ၏စကားကြောင့် ဟူကျူရှင်း အသက်မရှူနိုင်လောက်အောင် ဖြစ်သွားရပြီး ဟန်ကျင်းဝူအား မင်း..မင်း ဟူသာ ပြောကာ အခိ်ျန်တန်ကြညသည်အထိ လက်ညှိုးတထိုးထိုးနှင့်ဖြစ်နေသည်။ နောက်ဆုံးတွင်တော့ စကားကို ဆုံးအောင်ဆက်မပြောနိုင်တော့ဘဲ အသက်ပြင်းပြင်းရှူကာ တံခါးအား ဘန်းကနဲမြည်အောင် ဆွဲဖွင့်၍ ထွက်ခွာသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset