အခန်း ၁၉

အကြွေးများ လာသိမ်းခြင်း

၁၀မိနစ်ကြာပြီးသောအခါ ထန်ရှုနှင့် စုလင်းယွမ်အား သူတို့နေအိမ်သေးသေးနုပ်နုပ်ထဲတွင် မြင်တွေ့ရမည်ဖြစ်သည်။ ထန်ရှုတို့တွင် ငွေကြေးအင်အားနည်းပါးသောကြောင့် ကြယ်တာရာမြို့တော်တွင် အိမ်ပိုင် မရှိသေးဘဲ လူနေထူထပ်သောရပ်ကွက်ငယ်လေးထဲရှိ ဈေးအချိုဆုံးအိမ်ခန်းအား ငှားနေရခြင်းဖြစ်သည်။

ထန်ရှုသည် မိခင်ဖြစ်သူအား အိပ်ရာငယ်လေးပေါ်တွင် ညင်သာစွာ ထားလိုက်ပြီး အခန်းထဲရှိ အိမ်မှုကိစ္စအချို့အား စတင်လုပ်ကိုင်လိုက်သည်။

အင်မော်တယ်ကမ္ဘာတွင် နှစ်ထောင်ပေါင်းများစွာ ကျင်လည်ခဲ့စဉ်က ထန်ရှုတွင် ဝေယျာဝစ္စလုပ်ပေးသည့်

အခြွေအရံများစွာရှိနေသောကြောင့် ဘဝအား သက်တောင့်သက်သာဖြတ်သန်းခဲ့ရသည်။ ထို့ကြောင့် အိမ်သန့်ရှင်းရေး လုပ်ကိုင်ရသောအခါ လုပ်နေကျမဟုတ်ကြောင်း သိသာထင်ရှားလေသည်။

မကြာမီမှာပင် ထန်ရှုသည် အိမ်မှုကိစ္စနှင့် အကျွမ်းတဝင်ရှိလာသောကြောင့် သူ၏မျက်နှာထက်တွင် အပြုံးတစ်ချက် ပေါ်ထွက်လာလေသည်။

အခန်းလေးသည် ၄၀စတုရန်းမီတာသာရှိပြီး အလွန်ကျဉ်းမြောင်းပေသည်။ ၎င်းအား အခန်း၄ခန်း ပိုင်းခြားထားပြီး ဧည့်ခန်းနှင့်ထမင်းစားခန်းမှာ တစ်ခန်းတည်းဖြစ်ကာ အလယ်တွင် စုတ်ပြဲနေသောဆိုဖာဖြင့် ခြားထားသည်။ ထို့နောက်တွင်တော့ မီးဖိုခန်း၊ အိပ်ခန်းနှင့် ရေချိုးခန်းတို့ရှိသည်။

ထန်ရှုသည် သန့်ရှင်းသောခေါင်းအုံးနှင့် ဆိုဖာအစွပ်အဟောင်းလေးအား ကြည့်လိုက်မိသည်။ ထိုအရာများသည် သူ့အား ရုတ်တရက် ဝမ်းနည်းသွားစေသည်။

အခန်းသည် ကျဉ်းလွန်းသောကြောင့် အိပ်ခန်းတစ်ခန်းတည်းသာ ပါရှိပြီး စုလင်းယွမ်သည် ထိုအိပ်ခန်းအား ထန်ရှုအတွက် ထားကာ သူမသည် ဆိုဖာပေါ်တွင်သာ အိပ်စက်လေ့ရှိသည်။ ထန်ရှုကျောင်းတက်နေစဉ်ကာလတွင်ပင် စုလင်းယွမ်သည် အိပ်ခန်းတွင်းသို့ ဝင်မအိပ်ဘဲ ဆိုဖာပေါ်တွင်သာ အိပ်စက်သည်။

စုလင်းယွမ်၏စကားအရ ထန်ရှုသည် ကြီးပြင်းလာပြီဖြစ်သောကြောင့် သူ့အတွက် ကိုယ်ပိုင်နေရာလေးရှိရမည်ဖြစ်သည်။

ထိုသို့ စုလင်းယွမ်၏ ထန်ရှုအပေါ်ထားသော ချစ်ခြင်းမေတ္တာနှင့် ဂရုစိုက်မှုများကြောင့် ထန်ရှုသည် အင်မော်တယ်လောကတွင် နှစ်ထောင်ပေါင်းများစွာရှိသည့်တိုင်အောင် သံယောဇဉ်မပြတ်ဘဲ မိခင်ဖြစ်သူအား လွမ်းဆွတ်ခဲ့ရခြင်းဖြစ်သည်။

တစ်နာရီခွဲခန့်ကြာသောအခါ အခန်းလေးသည် သန့်ရှင်းသပ်ရပ်သွားပြီဖြစ်ပြီး မည်သည့်နေရာကြည့်ကြည့် ဖုန်ဟူ၍ မြူမှုန်တစ်မှုန်မျှပင် မရှိတော့သောကြောင့် အခန်းအသစ်လေးနှင့်ပင်တူနေချေသည်။

ယနေ့သည် နောက်ကျနေသည့်အပြင် မိခင်ဖြစ်သူ ဘာမျှမစားရသေးသည့်အဖြစ်ကို သိသော ထန်ရှုသည် မီးဖိုချောင်သို့ ခြေဖျားထောက်ကာ ဝင်သွားတော့သည်။

ထန်ရှု အိမ်သန့်ရှင်းရေး လုပ်နေသောအချိန်တွင် လူ့ဘဝဇာတ်လမ်းပမာအဖြစ်အပျက်တစ်ခုအား လင်းကျီယာစားသောက်ဆိုင်ငယ်လေးမှ ပြောပြနေသကဲ့သို့ရှိသည်။

လွန်ခဲ့သောတစ်နာရီက ယွမ်ချူးလင်သည် စာရွက်တစ်ရွက်အား ကိုင်ဆောင်လျက် ထန်ရှုရှိသော စာမေးပွဲခန်းသို့ ပျော်ရွှင်စွာ လာခဲ့သည်။ သူ၏အပျော်များအား ထန်ရှုနှင့်အတူ မျှဝေရန် ရောက်လာခဲ့သော်လည်း သူ မမျှော်လင့်ခဲ့သည်မှာ ထန်ရှုသည် ကျောင်းမှ ပြန်သွားနှင့်ပြီဖြစ်သည်။

ထန်ရှု မည်သည့်နေရာကို သွားသည်ကို သိသောကြောင့် ယွမ်ချူးလင်သည် လင်းကျီယာဆိုင်ငယ်လေးသို့ အသော့နှင်လာခဲ့သည်။ သူ တွေ့လိုက်ရသည့်မြင်ကွင်းသည် ထန်ရှုနှင့်စုလင်းယွမ်တို့၏ဘဝတစ်စိတ်တစ်ပိုင်းဟုဆိုနိုင်သော ဆိုင်ငယ်လေး ပျက်ဆီးနေသည့်မြင်ကွင်းဖြစ်ပြီး အံသြထိတ်လန့်သွားခဲ့ရသည်။

ယွမ်ချူးလင်သည် နောင်တရမှုများနှင့် ပူဆွေးသွားရပြီး သူ၏တစ်ကိုယ်ကောင်းဆန်မှုအတွက် သူ့ကိုယ်သူ အပြစ်တင်လိုက်မိသည်။ ထန်ရှုဘဝတိုးတက်ရန် အစွမ်းကုန် ကူညီမည်ဟု ဆုံးဖြတ်ချက်ချလိုက်သော်လည်း မည်သို့ကူညီရမည်ကို သူ မသိသေးချေ။

ယွမ်ချူးလင်သည် ရဲဌာနအား အကြောင်းကြားရန် ဟန်ပြင်လိုက်စဉ် မီးဖိုခန်းမှ ထါက်လပေါ်လာသော စကားသံများကို ကြားလိုက်ရသဖြင့် သွားရောက်စုံစမ်းလေတော့သည်။

မီးဖိုခန်းထဲ၌ ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူသည် ယွမ်ချူးလင် ရောက်လာသည်ကို သတိမပြုမိဘဲ ထန်ရှုနှင့် သူ၏မိခင်အား ကျိန်ဆဲလျက် မည်ကဲ့သို့ လက်စားချေမည်ဟူသော အစီအစဉ်အား အံကြိတ်လျက် ပြောဆိုနေသည်။

ယနေ့တွင် သူတို့နှစ်ယောက်သည် ထန်ရှု၏ရိုက်နှက်ခြင်းအား ဆိုးဆိုးရွားရွား ခံလိုက်ရပြီး ကျန်သောလူများ၏သစ္စာဖောက်ခြင်းအား ခံလိုက်ရသောကြောင့် သူတို့၏စိတ်နှလုံးတွင် ကြီးစွာသော ရိုက်ခတ်မှုဖြစ်ကာ ထန်ရှုအား အသွေးအသားထဲမှပင် မုန်းတီးလှချေသည်။ ထို့ကြောင့် ထန်ရှုအား လက်စားချေလိုစိတ်တစ်ခုသာ ရှိတော့သည်။ ထိုသူနှစ်ယောက်သည် စုလင်းယွမ်အား မည်ကဲ့သို့ အနိုင်ကျင့်လိုက်မည်ဟု တိုင်ပင်နေဆဲမှာပင် ယွမ်ချူးလင်သည် ဒေါသထွက်နေသော မျက်နှာထားဖြင့် မီးဖိုခန်းထဲသို့ ဝင်လာသည်။

ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူတို့အား ယွမ်ချူးလင်သည် စေ့စေ့ကြည့်ကာ ကုလားထိုင်တစ်လုံးအား ဆုပ်ကိုင်လျက် ညှာတာမှုကင်းမဲ့စွာ စတင်ရိုက်နှက်လေတော့သည်။

ဘုန်း…ဘုန်း…ဘုန်း

ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူတို့၏ဒဏ်ရာများမှာ မကုသရသေးပြီး ယွမ်ချူးလင်သည် ထိုသူနှစ်ယောက်၏တိုက်ပွဲဝင်စွမ်းရည်နှင့် အတွေ့အကြုံအား မစဉ်းစားဘဲ တိုက်ခိုက်ခြင်းဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ယခုလက်ရှိအချိန်တွင် ဘလက်သုံး၏လက်များသည် ကျိုးနေပြီး ဆံပင်အစိမ်းနှင့်လူ၏နံရိုးအချို့မှာလည်း ကျိုးနေသောကြောင့် ဒုက္ခိတသဖွယ်ဖြစ်နေသဖြင့်သာ သာမန်လူတစ်ယောက်ကပင် ရိုက်နှက်နိုင်သော သနားစရာအခြေအနေပင် ဖြစ်နေသည်။

ယွမ်ချူးလင်သည် သူ မောပန်းလာသည်အထိ ၁၀မိနစ်ကြာအောင် ရိုက်ခဲ့ပြီး သနားစရာလူမိုက်နှစ်ယောက်မှာမူ သူမရပ်တန့်ခင်အချိန်ကပင် သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေခဲ့သည်။ သူတို့တစ်ကိုယ်လုံးတွင် သွေးများ၊ ပေါက်ပြဲနေသောဒဏ်ရာဒဏ်ချက်များနှင့်အပြည့် ဖြစ်နေခဲ့သည်။

“ငါ.. ငါ သူတို့ကို သတ်လိုက်မိပြီလား။” နောက်ဆုံးတွင် ယွမ်ချူးလင် အသိပြန်ဝင်လာပြီး သူလုပ်ခဲ့သည့်မြင်ကွင်းအား ကြည့်ကာ တုန်လှုပ်သွားလျက် သူ့မျက်နှာသည် သွေးဆုတ်ဖြူလျော်သွားတော့သည်။ ထို့နောက် ချက်ချင်းလှည့်ကာ ထိုနေရာမှ ဝေးအောင် ပြေးတော့သည်။

ယွမ်ချူးလင် ထွက်သွားပြီးမကြာမီ ဘန်ရှိုနှင့်လူများ ပြန်လည်ရောက်ရှိလာသည်။

ဘန်ရှိုသည် မီးဖိုချောင်မှ အရှေ့တံခါးဆီသို့ လျှောက်လှမ်းထားသော သွေးစွန်းနေသည့်ခြေရာများအား အမှတ်တမဲ့ လှမ်းတွေ့လိုက်သဖြင့် အမူအရာပြောင်းသွားကာ မီးဖိုခန်းဆီသို့ အပြေးဝင်သွားတော့သည်။

ဘန်ရှို၏နောက်မှ ဒင်ဇီနှင့်အခြားလူများပါ အပြေးလိုက်လာခဲ့ကြသည်။

ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူတို့ သွေးအိုင်နေသောကြမ်းပြင်တွင် မလှုပ်မယှက်ဖြစ်နေသည်ကို ကြည့်ပြီး ထိုသူများသည် ထိတ်လန့်သွားကြပြီး မျက်နှာမျာ ဖြူဖျော့သွားကြသည်။

“သူတို့ အသက်ရှူနေသေးတယ်။ လူနာတင်ကား မြန်မြန်ခေါ်ပါဟ။” ဘန်ရှိုသည် အသံနက်ကြီးဖြင့် အော်လိုက်သည်။ ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူ၏အခြေအနေအား ဂရုတစိုက် စစ်ဆေးပြီးသည့်နောက်မှာတော့ သူ စိတ်သက်သာရာရသွားသည်။

ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူ အသက်ရှင်နေသေးသည့်အကြောင်းကို သိရသော အခြားသူများသည်လည်း စိတ်သက်သာရာရသွားပြီး လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သို့သော်လည်း ယခုလို မြင်ကွင်းအား မြင်တွေ့ရသည့်အတွက် သူတို့အနေဖြင့် စိတ်မကောင်းဖြစ်မိသည်မှာအမှန်ပင်။ သူတို့သာ ဘန်ရှိုနှင့် ဒင်ဇီ၏နောက်သို့ မလိုက်ခဲ့ပဲ ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူတို့နှင့်သာကျန်နေခဲ့ပါလျှင် သူတို့လည်း တူညီသောအခြေအနေဖြစ်နေလိမ့်မှာပင်။

“ဘန်ရှို… ဘယ်သူကများ သူတို့ကို ဒီလိုမျိုး ရိုက်သွားတာပါလိမ့်။ သေလုနီးနီးအထိပဲ။” ဒင်ဇီသည် သွေးအိုင်ထဲတွင် သေလုနီးပါးဖြစ်နေသော ဘလက်သုံးနှင့် ဆံပင်အစိမ်းနှင့်လူအား ကြည့်ကာ အကြောက်တရားနှင့် ပြောလိုက်သည်။ သူတို့သာ ပြန်မလာခဲ့ပါလျှင် ထိုသူနှစ်ယောက်မှာ သေချာပေါက် သေဆုံးရလိမ့်မည်ဖြစ်သည်။

ဒင်ဇီ၏စကားအား ကြားရသော ဘန်ရှိုသည် သူ၏စိတ်ထဲတွင် ထန်ရှုပုံရိပ်ပေါ်လာသော်လည်း ခေါင်းကိုသာ ယမ်းလိုက်မိသည်။ သူ၏စိတ်ထဲတွင် တွေးထင်နေသည်အား ထုတ်ဖော်မပြောရဲပါချေ။

ဘန်ရှို မည်သည့်စကားမျှ မဆိုသော်လည်း ဒင်ဇီအပါအဝင် ကျန်လူများ၏စိတ်ထဲတွင် နားလည်လိုက်ကြသည်။

စားသောက်ဆိုင်အပြင်ဘက်တွင် ယွမ်ချူးလင်သည် အဝေးသို့ပြေးသွားခဲ့သော်လည်း ပြန်လှည့်လာခဲ့သည်။ ဆိုင်ထဲတွင် လှုပ်ရှားနေသော လူများအား တွေ့လိုက်သောကြောင့် ဆိုင်ထဲသို့ ပြန်မဝင်ရဲတော့ဘဲ အပြင်တွင် ပုန်း၍ ချောင်းကြည့်နေရင်းမှ သူ ရိုက်နှက်ခဲ့သောလူများ မသေသေးကြောင်း သိလိုရသဖြင့် သက်ပြင်းချနိုင်သွားခဲ့ရသည်။

ကမ်းနားလမ်းဟောင်း လူနေထူထပ်သောနေရာ…

တစ်နာရီနီးပါးခန့် အချိန်ယူပြီးနောက် ထန်ရှုသည် စားပွဲအပြည့် ထမင်းဟင်းများ ခင်းကျင်းပြီး ကျေနပ်သောအပြုံးတစ်ချက် ပြုံးလိုက်သည်။ ထိုသို့ ချက်ပြုတ်နိုင်ရန် ထန်ရှုသည် ဈေးသို့ နှစ်ကြိမ်တိုင်တိုင် သွားခဲ့ရသည်။

ပထမအကြိမ်သည် စားသောက်ဖွယ်ရာများ ရောင်းသောဈေးဖြစ်ပြီး အခြေခံကျသောဟင်းသီးဟင်းရွက်များကို ဝယ်လာခဲ့သည်။ သို့သော် မိခင်၏အခြေအနေအား ထပ်မံအကဲခတ်လိုက်သောအခါ မိခင်ကြီးတွင် ငုတ်လျှိုးနေသောရောဂါများရှိနေသည်ကို တွေ့ရှိရသဖြင့် အနီရောင်ဂျင်ဆင်းနှင့် အခြားဆေးဘက်ဝင် သစ်ဥသစ်ဖုများအား ထပ်ဝယ်လာခဲ့ကာ ချက်ပြုတ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူသည် စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများ၏အရသာအခြေအနေအား မြည်းစမ်းကြည့်ပြီးနောက် မိခင်အား နှိုးရန် အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။

“ရှုအာ.. အမေတို့ စားသောက်ဆိုင်ထဲမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အိပ်ရာထဲ ရောက်နေရတာလဲ။”

စုခင်းယွမ်သည် မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူမ မည်သည့်နေရာကို ရောက်ရှိနေသည်ကို သိလိုက်ရသောကြောင့် စိတ်ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

“အမေ…ဒီအဖြစ်အပျက်ကြောင့် အမေ ပင်ပန်းထိတ်လန့်ခဲ့ရတယ်။ အခုတော့ ကျော်ဖြတ်နိုင်သွားပါပြီအမေ။” ထန်ရှုသည် မိခင်ဖြစ်သူအား အပြုံးဖြင့် ရှင်းပြလိုက်သည်။

“စားသောက်ဆိုင် ပြသနာကို ကျွန်တော် ရှင်းပြီးသွားပြီအမေ။ ဘလက်သုံးတို့အဖွဲ့နဲ့ ကျွန်တော် ညှိခဲ့တယ်။ ကျွန်တော်တို့ကို နောက်ထပ် ထပ်မနှောင့်ယှက်ဖို့ရယ်၊ ဆိုင်လေးပြန်ဆောက်တဲ့နေရာမှာရယ် ကူညီပေးဖို့ သူတို့ ကတိပေးကြတယ်။” စုလင်းယွမ် စိုးရိမ်နေသောအရာအားလုံးကို ထန်ရှု ခပ်သွက်သွက်လေးရှင်းပြလိုက်သည်။

ထန်ရှု၏စကားများ နားထောင်ပြီး စုလင်းယွမ် အမူအရာပျက်သွားကာ ထန်ရှု၏အဝတ်အစားများအား အမြန်မလျက် ခန္ဓာကိုယ်အား စစ်ဆေးလိုက်သည်။ မည်သည့်ထိခိုက်ဒဏ်ရာမှမရှိကြောင်း သေချာသွားပြီးနောက် စုလင်းယွမ်သည် အံ့သြမှုဖြင့် တိုးညှင်းစွာ ပြောလိုက်သည်။

“ဘလက်သုံးတို့အဖွဲ့က မြေအောက်လောကကလေ။ သူတို့က အမေတို့ကို ဒီလိုလွယ်လွယ်နဲ့ လွှတ်ပေးတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။”

“အမေ… သူတို့က ကျွန်တော်တို့ကို ဘာအဆက်အသွယ်မရှိဘူးလို့ ထင်ကြတာပေါ့။ ဘယ်ရမလဲ ကျွန်တော်က ရဲအရာရှိ ချန်ရှုမေနဲ့ ဟူဝမ်ရှုတို့ရဲ့ ကတ်တွေ ထုတ်ပြလိုက်တော့ သူတို့တွေ ကြောင်ကို တွေ့တဲ့ကြွက်တွေလိုပဲ ကြောက်သွားကြတယ်လေ။ ကျွန်တော်က ရဲတွေကို ပြန်တိုင်မှာစိုးလို့ အဲ့လို ကတိပေးသွားတာ။ ပိုက်ဆံအများကြီးနဲ့ ရတနာတွေလည်း ပေးသွားသေးတယ်။”

မိခင်ဖြစ်သူ ယုံကြည်စေရန်အတွက် ထန်ရှုသည် ယုံနိုင်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်အား အမြန်ဖန်တီးကာ ပြောလိုက်သောကြောင့် စုလင်းယွမ်တစ်ယောက် ယုံကြည်သွားတော့သည်။

“ရှုအာ… သား အကောင်းဆုံး လုပ်နိုင်ခဲ့တာပဲ။ အဆင်ပြေတဲ့တစ်ရက် ချန်အရာရှိနဲ့ ဟူအရာရှိတို့ဆီ အမေ အလည်သွားလိုက်ဦးမယ်။ အမေတို့တွေ ရဲအရာရှိတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးရှိနေမှ လူမိုက်တွေက အမေတို့ကို အနိုင်မကျင့်ရမှာ။ သားက အမေ့ထက် ပိုတော်သွားပြီ။” စုလင်းယွမ်သည် နူးညံ့စွာ ပြောလိုက်ပြီး ထန်ရှု၏ခေါင်းအား ချစ်မြတ်နိုးစွာဖြင့် အသာထိလိုက်သည်။

“အမေ… ဒီဟာကို နောက်မှ ပြောကြတာပေါ့။ ကျွန်တော်တို့ အစားအစာတွေ မအေးခင် စားလိုက်ရအောင်။”

စကားဆက်ပြောချင်သေးသည့်မိခင်ဖြစ်သူ၏အမူအရာအား သိလိုက်သော ထန်ရှုသည် မိခင်အား အိပ်ခန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။ စုလင်းယွမ်သည် ထန်ရှုပြောလိုက်သည်ကို နားမလည်လိုက်သောကြောင့် ဇဝေဇဝါဖြစ်သွားရသည်။ ထို့ကြောင့် မီးဖိုချောင်ထဲသို့ ချက်ပြုတ်ရန် ဝင်သွားတော့သည်။ စားပွဲအပြည့် ခင်းကျင်းထားသော အစားအစာများကို မြင်လိုက်ရသောအခါ စုလင်းယွမ်သည် မအော်ဘဲ မနေနိုင်တော့ချေ။

“အိုး… ဘာလို့ ဒီလောက်စားစရာတွေ များနေရတာလဲ။ ချက်ပြီးသားတွေ ဝယ်လာတာလား ရှုအာရေ။”

“အမေ… ဒါတွေ ကျွန်တော် ၁နာရီကြာအောင် ချက်လိုက်ရ တယ်။ အမေကြိုက်တဲ့ စားစရာတွေချည်းပဲ။ မြည်းကြည့်ပါဦး အမေ။”

ထန်ရှုသည် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး မိခင်ဖြစ်သူအား ထိုင်ရန်နေရာပေးလိုက်သည်။ ထို့နောက် ပန်းကန်လုံးနှင့်အပြည့် စားစရာများထည့်ကာ တရိုတသေ လှမ်းပေးလိုက်သည်။

ထန်ရှုသည် စားစရာလေးမျိုးနှင့် ဆေးတစ်မျိုးအား ပြင်ဆင်ချက်ပြုတ်ခဲ့သည်။ ထိုအရာများမှာ ကန်စွန်းဥကြက်သား၊ ငါးပေါင်း၊ အစေ့အဆန်ကြော်၊ စွပ်ပြုတ်ဟင်းရည်နှင့် မိခင်ဖြစ်သူ၏ကျန်းမာရေးအား အထောက်အကူပြုစေသည့် ဆေးရည်တို့ဖြစ်သည်။

မွှေးကြိုင်လှသောရနံ့တို့၏ဆွဲဆောင်မှုကြောင့် စုလင်းယွမ်၏လက်ချောင်းလေးများ လှုပ်ရှားလာပြီး စတင်စားလေတော့သည်။

“အမေ.. ဖြည်းဖြည်းစားပါ။ သီးနေလိမ့်မယ်။ စားစရာတွေ မလောက်ခဲ့ရင် ကျွန်တော် ထပ်ပြီး ချက်ပေးမှာပါ။”

မိခင်ဖြစ်သူ စားစရာများကို အားရပါးရစားနေသည်ကိုကြည့်ပြီး ထန်ရှု၏စိတ်ထဲတွင် ဖော်မပြနိုင်သော ဝမ်းသာကြည်နူးမှုများအား ခံစားရသည်။ ထိုခံစားမှုသည် ကျင့်ကြံမှုအဆင့်အား ချိုးဖြတ်နိုင်စဉ်ကဖြစ်ပေါ်သော ဝမ်းသာမှုထက် သူ့အား အများကြီး စိတ်လှုပ်ရှားစေခဲ့သည်။

“ရှုအာ.. အမေစားတာဘဲ ရပ်ကြည့်မနေနဲ့။ သားပါ အတူလာစားလေ။” ခဏကြာအောင် စားပြီးနောက် စုလင်းယွမ်သည် ထန်ရှုအား သတိရသွားသဖြင့် ပြောလိုက်သည်။ သားဖြစ်သူသည် သူမစားသောက်နေသည်အား ဝမ်းသာအားရဖြင့် ကြည့်နေပြီး ထန်ရှုအား အတူစားဖို့ ခေါ်ရန် မေ့လျော့သွားသဖြင့် စုလင်းယွမ်သည် သူမကိုယ်သူမ အပြစ်တင်လိုက်မိသည်။

“ဟုတ်ကဲ့။ အတူစားရအောင်။” စုလင်းယွမ်တစ်ယောက် ထန်ရှုအား မေ့လျော့သွားသည်ကို မြင်ရသည်မှာ သည်ဟာသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ထန်ရှုသည် ပြုံးလိုက်ပြီး စတင်စားသောက်လေတော့သည်။

သားအမိနှစ်ယောက် ပျော်ရွှင်စွာဖြင့် ပူနွေးသောညစာအား စားသောက်နေစဉ်တွင် အပြင်ဘက်ဆီမှ ကျယ်လောင်သောအသံသည် ရုတ်တရက် ထွက်ပေါ်လာပြီး အိမ်ငယ်လေးသည် ပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။

ဘန်း..ဘန်း..

အနောက်တိုင်းဝတ်စုံအပြည့်ဝတ်ဆင်ထားသော သန်မာထွားကြိုင်းသည့်ယောကျ်ားသုံးယောက်သည် အိမ်ထဲသို့ လေမုန်တိုင်းတိုက်သည့်နှယ် ခြေသံပြင်းပြင်းဖြင့် ဝင်ရောက်လာခဲ့သည်။

စုလင်းယွမ်နှင့်ထန်ရှုတို့ ပျော်ရွှင်စွာ စားသောက်နေသည်ကိုကြည့်ပြီး ဆံပင်တိုတိုနှင့်လူသည် ကောက်ကျစ်စွာ ပြုံးလိုက်ကာ ထမင်းစားပွဲအား ကန်ထည့်လိုက်သည်။

ကျယ်လောင်သော မြည်သံနှင့်အတူ သစ်သားထမင်းစားပွဲလေးသည် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားခဲ့ပြီး စားပွဲပေါ်ရှိ စားသောက်ဖွယ်ရာများသည် ကြမ်းပြင်ပေါ်သို့ အကုန်မှောက်ကျကုန်သည်။

“မင်းတို့က စားဖို့တော့ ပိုက်ဆံရှိတယ်။ ငါတို့အကြွေးကျ မဆပ်ဘူးပေါ့လေ။ ငါတို့ကို $ရူးများ ထင်နေတာလား။” စားပွဲအား ကန်လိုက်သော ဆံပင်တိုတိုနှင့်လူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး စုလင်းယွမ်အား ရိုက်ရန် လက်အား မြှောက်လိုက်သည်။


Comment

  1. Kyaw Hein says:

    👍👍👍

Leave a Reply


Options

not work with dark mode
Reset