အခန်း ၁၈

ပုန်းကွယ်နေသော ခေါင်းဆောင်စိတ်

ထန်ရှုသည် အမှန်တကယ်အားဖြင့် သည်လူမိုက်များအား လက်စတုံးချင်နေသည်။

သု့ိသော်လည်း သူ့လက်မောင်းထဲတွင် အိပ်ပျော်နေသော မိခင်ဖြစ်သူအား ကြည့်ပြီး ချီတုံချတုံ ဖြစ်ရသည်။ တစ်စုံတစ်ယောက်ကို သတ်ရသည်မှာ လွယ်ကူသော်လည်း နောက်ဆက်တွဲဖြေရှင်းရမည့်အဖြစ်သည် ကြီးမားသောပြသနာတစ်ခုဖြစ်သည်။

သူ့မိခင်သာ သည်နေရာတွင် မရှိခဲ့ပါကနောက်ဆက်တွဲ ပြသနာအတွက် မစိုးရိမ်ရသောကြောင့် သတ်ဖြတ်ရန်အတွက် ထန်ရှု တွေဝေနေမည်မဟုတ်ပေ။

သည်အတားအဆီးများ အတွေးထဲသို့ ဝင်ရောက်လာသောကြောင့် အင်မော်တယ်လောကမှာကဲ့သို့ ထန်ရှုသည် စည်းလွတ်ဝါးလွတ် မသတ်ရဲချေ။

လူမိုက်များ၏မည်သည့်စကားသည် ထန်ရှု၏စာနာစိတ်အား လှုပ်ခါသွားမည်နည်း။

သည်လူစားများသည် မုန်းဖို့ကောင်းသော်လည်း သူတို့သည် ဆိုင်ထဲရှိအရာများသာ ဖျက်ဆီးခဲ့ပြီး သူ၏မိခင်အား မရိုက်နှက်ခဲ့ကြသောကြောင့် သေခြင်းတရားနှင့်မထိုက်တန်သေးချေ။ ထိုသူများ၏စကားအရ ယခုအဖြစ်အပျက်၏နောက်ကွယ်တွင် ကြိုးကိုင်နေသော တစ်စုံတစ်ယောက် ရှိနေဟန်ရသည်။

“ထန်.. နေကာမျက်မှန်တပ်ထားတဲ့ လူလတ်ပိုင်းတစ်ယောက်က ငါတို့ကို ငွေပေးပြီး လုပ်ခိုင်းတာပါ။ ဘလက်သုံးပဲ သူနဲ့စကားပြောရတာဆိုတော့ သူ့ရဲ့သရုပ်အမှန်ကို ငါတို့ မသိရပါဘူး။

လူတစ်ယောက်က ပြောလိုက်သော အဆိုပါခေါင်းစဉ်သည် ထန်ရှုအား အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

“ငါ အဲ့ဒီလူကို သေချာမသိပေမယ့် ဘလက်သုံးနဲ့ သူ ပြောနေတဲ့စကားအရ အစ်ကိုထန်ကို တော်တော်မုန်းနေပုံပေါ်တယ်။ ဒီဆိုင်ကို ဖျက်ဆီးရတဲ့ရည်ရွယ်ချက်က ထန် ပေါ်လာအောင်လုပ်ဖို့နဲ့ သတ်ဖို့အတွက်ပဲ။ သူက ဈေးနှုန်းတစ်ခုကိုတောင် ကမ်းလှမ်းခဲ့တယ်။” အခြားလူမိုက်တစ်ယာက်က တုံ့ဆိုင်းခြင်းမရှိဘဲ ပြောပြလိုက်ပြီး သူ၏အသံမှာ ပို၍ ပို၍ နူးညံံ့လာခဲ့သည်။

“ဒင်ဇီ၊ ဘန်ရှို.. မင်းတို့ သေချင်တယ်ဆိုရင် အခုပြောလိုက်။ မင်းတို့ကို ငါ အမြန်လာသတ်မယ်လို့ ကတိပြုတယ်။” ဘလက်သုံး၏အသံသည် မမျှော်လင့်ဘဲ အိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ဘလက်သုံးသည် မည်သည့်အချိန်တွင် အကောင်းဆုံးနိုးထရမည်ဆိုသည်ကို သိဟန်မတူခဲ့ပါချေ။ သူသည် ပြောပြနေသောနှစ်ယောက်အား ခြိမ်းခြောက်သော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသောကြောင့် ဘန်ရှိုတစ်ယောက် ဆက်မပြောဝံ့ဘဲဖြစ်သွားသည်။

သည်တစ်ကြိမ် နှောင့်ယှက်လိုက်ခြင်းသည် ထန်ရှုအတွက် နားထောင်ရသည်မှာ ဆန့်တငင်ငင် ဖြစ်သွားစေသည်။ သိပ်မကြာမီ ဆံပင်အစိမ်းနှင့်လူသည် ကန်ထဲမှ ဆွဲထုတ်ခံရပြီး ဘလက်သုံးသည် ကန်ထဲ့သို့ ထပ်ထည့်ခြင်းအာ ခံလိုက်ရတော့သည်။

ယခုအချိန်တွင်မတော့ ဆံပင်အစိမ်းနှင့်လူသည် အသက်မရှိတော့သကဲ့သို့ မြေပေါ်တွင် လဲလျောင်းနေပြီး ပါးစပ်နှင့်နှာခေါင်းမှ အမြှုပ်များပင် ထွက်နေသည်။

“ဘန်ရှို.. ဆက်ပြောပါ။” ထန်ရှုသည် သူ၏လက်အား အဝတ်စဖြင့် သုတ်ရင်းပြောလိုက်သည်။

ဘန်ရှိုသည် စွန့်ပစ်ကန်ထဲအထည့်ခံလိုက်ရသော ဘလက်သုံးနှင့် ပါးစပ်မှ အမြုပ်တစီစီထွက်နေသော ဆံပင်အစိမ်းနှင့်လူအား တလှည့်စီကြည့်လိုက်ရင်း တံတွေးတစ်ချက်အား ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။

“ထန်…ထန်ရှု.. နေကာမျက်မှန်နဲ့လူ ပြောတာက မင်းရဲ့လက်ကို ဖြတ်ပေးရင် ယွမ်၁သိန်း၊ ခြေထောက်ကို ဖြတ်ပေးရင် ယွမ်၂သိန်း ထပ်ပေးမယ်လု့ိ ပြောတယ်။ အဲ့ဒါကြောင့် ဘလက်သုံး ကတိပေးခဲ့တယ်။” ဘန်ရှိုသည် ထိုစကားများအား ခက်ခက်ခဲခဲ ပြောလိုက်ရသည်။

ဘန်ရှို၏စကားအား ကြားရပြီးသည့်နောက်တွင် ထန်ရှု ကြက်သေသေသွားသည်။ သူ၏လက်တွေ ခြေတွေ ဖြတ်ချင်သည်အထိ သူ့အား မည်သူက မုန်းနေရပါသနည်း။

ဘန်ရှိုကို ကြည့်လိုက်သောအခါတွင်လည်း လိမ်ညာပြောနေခြင်းမဟုတ်ကြောင်း သိသာသည်။ ထို့နောက် ထန်ရှုသည် စွန့်ပစ်ကန်အား ကန်ချလိုက်သောအခါ ဘလက်သုံးအတွက် လတ်ဆတ်သောလေရှုရန် အခွင့်အရေး ရသွားသည်။

“ကျွန်တော့်ကို တိုက်ခိုက်ဖို့ ခင်ဗျားကို ဘယ်သူ ခိုင်းတာလဲ။” ထန်ရှုသည် ဘလက်သုံးအား ကန်ကျောက်လိုက်ရင်း မေးလိုက်သည်။

ဘလက်သုံးသည် လုံးလုံးသတိလစ်မနေသည့်ဟန်တော့ရှိသည်။ သူ၏မျက်လုံးများမှာ လှုပ်ရှားနေသော်လည်း ထန်ရှုအား မည်သို့မျှ မတုံ့ပြန်ချေ။

ထို့အတွက် ထန်ရှုသည် စိတ်မပူချေ။ မီးဖိုချောင်သို့ သူ လှမ်းကြည့်လိုက်သောအခါ ပေါင်းအိုးတစ်အိုးအား သူမြင်သောကြောင့် ပြုံးလျက် သယ်လာခဲ့သည်။ ထို့နောက် ရေနွေးပူများအား ဘလက်သုံးပေါ်သို့ လောင်းချလိုက်သည်။

ရေနွေးပူများ လောင်းချခံရသောကြောင့် ဘလက်သုံးသည် တွန့်လိမ်ကောက်ကွေးကာ နာကျင်စွာ ဟစ်အော်လိုက်သည်။

“ကျွန်တော့်ကို တိုက်ခိုက်ဖို့ ခင်ဗျားကို ဘယ်သူ ခိုင်းတာလဲ။” ဘလက်သုံး လုံး၀ သတိရလာသည်ကို တွေ့ရသောကြောင့် ထန်ရှုသည် ဆက်မေးလိုက်သည်။

ဘလက်သုံးသည် ထန်ရှုအား မုန်းတီးစွာ ကြည့်လိုက်သည်။ ဘလက်သုံးသည် ပျစ်ပျစ်နှစ်နှစ် ပြောဆိုလိုက်ချင်သည်။ သို့သော် သူ၏အတွေ့အကြုံအရ ထိုသို့လုပ်ပါက ဖြစ်ပေါ်လာမည့်ရလဒ်ကို သိနေသောကြောင့် သူ ပြောချင်သည့်စကားများအား မျိုချလိုက်သည်။

ဘလက်သုံးသည် မြေအောက်လောကတွင် ကျင်လည်ကျက်စားခဲ့သည်မှာ နှစ်၂၀ကျော်ရှိခဲ့ပြီး လူမျိုးစုံနှင့် ပတ်သက်လုပ်ကိုင်ခဲ့ဖူးသော်လည်း ထန်ရှုကဲ့သို့ သွေးအေးသော လူသားအား တစ်ခါမျှ မတွေ့ခဲ့ဖူးပါချေ။

ယခုဖြစ်ပျက်နေသောအကြောင်းအရာအတွက် သေချာမပြောနိုင်ပါက ထန်ရှုသည် သူ့အား သတ်လိမ့်မည်ဟု ဘလက်သုံးသိနေသည်။

အထက်တန်ေးကျာင်းသားလေးတစ်ယောက်၏ ဖိအားပေးမှုကို ခံနေရသောကြောင့် ဘလက်သုံးသည် စိတ်ဓာတ်အကြီးအကျယ် ကျနေသည်။

“တိတ်ဆိတ်နေတုန်းပဲလား။ ဘယ်တော့မှ စကားမပြောနဲ့တော့။” ဘလက်သုံးတွေးချိန်မရလောက်အောင်ပင် ရေနွေးပူများ ထပ်မံအလောင်းခံရလိုက်ပြန်သည်။

“ငါ ပြောပါမယ်..ငါ ပြောပါမယ်။” အေးစက်ပြီး ထီမထင်သော မျက်ဝန်းတို့နှင့် ထန်ရှုအား ဘလက်သုံးသည် ကြည့်လိုက်ပြီး လုံးဝကို နိုးထလာပြီဖြစ်သည်။ နာကျင်မှုများအား သည်းထန်စွာ ခံစားရင်း ခွင့်လွှတ်ပေးရန်အတွက် ငိုကြွေးနေပေသည်။

“နေကာမျက်မှန်နဲ့လူက ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစုရဲ့အရောင်းမန်နေဂျာ ရှုကွန်ပါ။ ကြည့်ရတာ မင်းက သူ့ရဲ့ဘော့စ်ကို ပြစ်မှားထားပြီးတော့ အရှက်ကွဲစေခဲ့တယ်နဲ့တူတယ်။ အဲ့ဒါကြောင့် မင်းကို ထိခိုက်စေချင်တာက ရှုကွန်ရဲ့ဘော့စ်ပဲ။” ဘလက်သုံးသည် သူ ဖြည်းဖြည်းပြောနေပါက ထန်ရှုသည် သူ့အား ထပ်မံနှိပ်စက်မည်ကို ကြောက်ရွံ့ပေသည်။ ထို့ကြောင့် သူသိထားသမျှသတင်းအကုန်အား ထန်ရှုအား ပြောပြလိုက်ခြင်းဖြစ်သည်။

“ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစု ဟုတ်လား”  ထန်ရှုစိတ်ထဲ သံသယအတွေးများရောက်လာသည်။ မည်သူဖြစ်သည်ဆိုသည်ကို သေချာခန့်မှန်းမိသွားချိန်တွင်တော့ ထန်ရှု ဒေါသအမျက်ချောင်းချောင်း ထွက်သွားရသည်။

ဦးလေးမိသားစု၏လူနေမှုအဆင့်အတန်းနှင့် ချမ်းသာကြွယ်ဝမှုတို့ကြောင့် ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစု၏ဘော့စ်မှာ မည်သူဖြစ်သည်ကို ထန်ရှု သိလိုက်ပြီဖြစ်သည်။

သွေးသားတော်စပ်မှုအရ ထန်ရှုသည် ဦးလေးဖြစ်သူမိသားစုအား အလွတ်ပေးခဲ့သော်လည်း ထိုသူများသည် သူနှင့်မိခင်ကြီးအား အသေသတ်ရန်ပင် ကြိုးစားအားထုတ်ခဲ့ကြသည်။

“စုရှန်းဝမ်… ဒီဟာအတွက် ခင်ဗျား ပြန်ပေးဆပ်ရမယ်။”

ထန်ရှုသည် ရှန်းဝမ်အိမ်ခြံမြေလုပ်ငန်းစုတည်ရှိရာနေရာအား ကြည့်ပြီး ရေရွတ်ပြောဆိုလိုက်သည်။ သူ၏စိတ်နှလုံးအတွင်းမှ သတ်ဖြတ်လိုစိတ်များ တရှိန်ရှိန်တက်လာသည်။ သည်ဟာသည် ပထမဆုံးအကြိမ်အဖြစ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်လိုခြင်းဖြစ်သည်။

ထန်ရှုသည် ဒေါသအရမ်းထွက်နေသောကြောင့် ဘလက်သုံးအား မေ့လျော့နေခဲ့သည်။ လူမိုက်များသည် ထန်ရှု သူတို့အား ကြည့်မနေသော်လည်း မလှုပ်ရဲကြချေ။

“ထန်.. ညီအစ်ကိုထန်.. ဒီဟာ ကျွန်တော်တို့ပိုင်ဆိုင်သမျှအကုန်ပါပဲ။ ဒီဟာနဲ့ မလောက်သေးဘူးဆိုရင်လည်း ကျွန်တော်တို့ ထပ်ပြီး လာပေးပါမယ်။” သူ၏မိခင် ဝမ်းနည်းမှုလည်း မဖြစ်စေရန်အတွက် ဦးလေးဖြစ်သူအား မည်ကဲ့သို့ ဆုံးမရမည်ကို ထန်ရှုတွေးနေစဉ်မှာပင် အသံဖျော့ဖျော့တစ်ခုအား သူ့နားထဲတွင် ကြားလိုက်ရသည်။

ဘန်ရှို၏အသံကို ကြားမှပင် သူ နောက်ထပ် ဘာဆက်ပြောမည်ကို စောင့်မျှော်နေကြသော လူအများရှိသေးကြောင်း ထန်ရှု သတိထားမိတော့သည်။

ဘန်ရှိုသည် ငွေအသင့်အတင့်၊ လက်ဝတ်ရတနာနှင့် ဘဏ်ကတ်တစ်ကတ်အား ကိုင်ဆောင်ထားသည်။

ငွေတန်ကြေးသည် ယွမ်၅သောင်းမှ ၆သောင်းအထိရှိသည်။ လက်ဝတ်ရတနာ၏တန်ဖိုးအား ထန်ရှုမသိသော်လည်း ရွှေရောင်ဘဏ်ကတ်သည် ထန်ရှုအား ဆွဲဆောင်နိုင်ခဲ့သည်။

“ဒီဟာနဲ့ လျော်ကြေးလုံလောက်ပြီလို့ မင်းတို့ထင်တာလား။” ထန်ရှုသည် ဘန်ရှိုကိုင်ဆောင်ထားသည်များအား ထိပင်မထိဘဲ စေ့စေ့ကြည့်ကာမေးလိုက်သည်။

ထန်ရှု ရုတ်တရက်မေးလိုက်သော စကားသည် ဘလက်သုံးအား တုန်လှုပ်သွားစေသည်။ ထိုအချိန်ခဏမှာပင် သူဘာလုပ်ခဲ့မိသည်ကို နောင်တရနေပြီဖြစ်သည်။

သူဖျက်ဆီးလိုက်သော စားသောက်ဆိုင်ငယ်လေးအား ကြည့်ပြီး သူ သယ်ဆောင်လာသောငွေပမာဏသည် လုံလောက်ခြင်းမရှိသည်ကို ဘလက်သုံး သိလိုက်သည်။

“သုံးရက်အတွင်း ဆိုင်အသစ်ကို ကျွန်တော်မြင်ချင်တယ်။ အဲ့လိုမှမဟုတ်ရင် အကျိုးဆက်ကို သိစေရမယ်။” ထန်ရှုသည် ဘလက်သုံးနှင့်အဖွဲ့အား အေးစက်စွာ ကြည့်ပြီးနောက် မိခင်နှင့်အတူ မီးဖိုချောင်မှ ထွက်ခွာသွားတော့သည်။ နောက်ဆုံးတွင် ဆိုင်ငယ်လေးအား ထားရစ်ကာ အိမ်သို့ ပြန်သွားကြပြီဖြစ်သည်။

မီးဖိုချောင်သည် ညစ်ပတ်နံစော်နေသည်။ ထိုအနံများအား မခံစားနိုင်တော့သောကြောင့် ထန်ရှုသည် သန့်ရှင်းရေးအနည်းငယ်လုပ်ချင်ခဲ့သည်။ သို့သော် ထိုအဖွဲ့ရှိနေသောကြောင့် ထားရစ်ခဲ့ခြင်းဖြစ်သည်။

ထန်ရှု ထွက်သွားသည်မှာအတန်ကြာသွားပြီးနောက် ဘလက်သုံးနှင့်အဖွဲ့သည် သက်သာရာရသွားတော့သည်။

“နတ်ဆိုး.. ထွက်ခွာသွားပြီလား။”

“သူသာ ရှိနေသေးရင် ကျိုးပဲ့နိုင်သေးတယ်။”

“နတ်ဆိုးက သိပ်ကြောက်စရာကောင်းတယ်။ ငါတော့ ထပ်မတွေ့ချင်တော့ဘူး။”

ထန်ရှု ထွက်သွားသည်မှာ သေချာသွားပြီဆိုတော့မှ ဘလက်သုံးနှင့်အဖွဲ့သည် ဝမ်းသာစိတ်နှင့် အော်ဟစ်လိုက်ပြီး စိတ်သက်သာရာရတော့သည်။ ညစ်ပေနေသောမြေကြီးအား လစ်လျူရှုကာ လူတိုင်းသည် အပြုံးကိုယ်စီနှင့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်တော့သည်။

“ဘန်ရှို.. မင်းခုနက တစ်ခုခု ပြောလိုက်တယ်။ ငါ့ကို သစ္စာဖောက်ချင်တာလား။” ဘလက်သုံးသည် စိတ်လှုပ်ရှားနေသော ဘန်ရှိုအား မေးလိုက်သည်။

သူ၏စိတ်ခံစားချက်အား ဖုံးကွယ်ရန်အလို့ငှာ ဘန်ရှိုသည် ခေါင်းကို ငုံ့လိုက်သည်။ အချိန်ခဏကြာပြီးသောအခါ သူ၏မျက်လုံးများ အရောင်တောက်လာပြီး ပြောလိုက်သည်။ “ဘလက်..ဒီဧရိယာကို မင်း ထိန်းချုပ်လာတာ နှစ်နှစ်ဆယ်မကတော့ဘူး။ အခုတော့ မင်း အနားယူဖို့ အချိန်ကျပြီ။”

“မင်း..” ထန်ရှု မရှိချိန်တွင် ဘန်ရှိုသည် သူ့အား စိန်ခေါ်လိမ့်မည်ဟု ဘလက်သုံး မမျှော်လင့်ခဲ့ပေ။ သူသည် ကြက်သေသေသွားပြီး ဘန်ရှိုအား ဆူပူရန်ပြင်လိုက်သည်။ ထိုစဉ်မှာပင် လေထုဖိအားသည် ပုံမမှန်ဖြစ်နေကြောင်း သူ သတိထားမိလိုက်သည်။

ဆံပင်အစိမ်းနှင့်လူမှလွဲ၍ ကျန်လူများသည် ဘန်ရှိုအနားတွင် ရပ်နေပြီး တော်လှန်လိုသောအကြည့်များဖြင့် ကြည့်နေကြသည်။

“အစ်ကိုဘလက်.. ကျွန်တော်တို့ကို အစားအစာပေးပြီး ခိုနားစရာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အဲ့ဒီအတွက်လည်း အများကြီး အလုပ်လုပ်ပေးခဲ့ပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ အစ်ကို့နောက်ကို ဆက်မလိုက်ချင်တော့ဘူး။ အစ်ကိုက ရက်စက်တယ်၊ တစ်ကိုယ်ကောင်းဆန်တယ်၊ အောက်ခြေကို ပြန်မကြည့်ဘူး၊” ဘန်ရှို တစ်လုံးချင်း ပြောလိုက်သည်။

“ကျွန်တော်တို့ မြေအောက်လောကမှာ ကျင်လည်တယ်ဆိုရင်တောင် စည်းမျဉ်းတွေ လိုက်နာဖို့လိုသေးတယ်။ အစ်ကိုက လုံးဝမလိုက်နာဘူး။ ဒါ ကျွန်တော်တို့ လိုချင်တဲ့အရာမဟုတ်ဘူး။” ဘန်ရှိုသည် ငွေအားလုံး၊ လက်ဝတ်ရတနာနှင့် ဘဏ်ကတ်တို့အား သူ၏အိတ်ထဲသို့ ထည့်လိုက်ပြီး ပြောလိုက်သည်။ “အခုကစပြီး ဒီကမ်းနားလမ်းဧရိယာမှာ ထပ်မမြင်ချင်တော့ဘူး။ ကိုယ့်ဘာသာ ရှာဖွေပါ။”

ထိုသို့ ပြောပြီး ဘန်ရှိုသည် စားသောက်ဆိုင်ထဲမှ ထွက်ခွာသွားတော့သည်။

“ဘလက် ငါတို့ကို အပြစ်မတင်နဲ့။ မင်းရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဓာတ်နဲ့ မမျှတတာကိုပဲ အပြစ်တင်ပါ။”

“ဘလက်…ခေါင်းဆောင်နေရာကို ပြန်မယူတာ ပိုကောင်းလိမ့်မယ်။ ဒီ၂နှစ်အတွင်း မင်းက အပျော်အပါးတွေနဲ့သာအချိန်ကုန်ခဲ့တော့ ဘန်ရှိုက လူတိုင်းရဲ့အသိအမှတ်ပြုမှုကို ရပြီးနေပြီ။”

ထန်ရှု၏တိုက်ခိုက်မှုသည် ဘလက်သုံးအား ရုပ်ပိုင်းဆိုင်ရာသာ နာကျင်စေခဲ့ပြီး ယခုအဖြစ်အပျက်မှာမူ ဘလက်သုံးအား စိတ်ပိုင်းဆိုင်ရာအတွက် ကြီးစွာသော ထိခိုက်နာကျင်မှုဖြစ်ခဲ့သည်။

ထိုသူများ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားချိန်တွင် မည်သို့လုပ်ရမည်မှန်း မသိသော ဆံပင်အစိမ်းနှင့်လူသာ ကျန်ရစ်ခဲ့ပြီး ဘလက်သုံးသည်ကား အသိလွတ်သွားသည့်နှယ့် မီးဖိုချောင်ထဲတွင် မလှုပ်မယှက်ထိုင်နေလေတော့သည်။


Comment

Leave a Reply


Options

not work with dark mode
Reset