အခန်း (၂၀၃)

ကျောက်စိမ်းရေကန်နတ်ဘုရားမမှာ ကလေးရသွားရင်

အခန်း (၂၀၃) ကျောက်စိမ်းရေကန်နတ်ဘုရားမမှာ ကလေးရသွားရင်

ရှောင်ယွိကို လိုက်ပို့ပေးပြီးသည့်နောက် ကျန်းလန် ခြံဝန်းဆီသို့ ပြန်လာခဲ့သည်။

ထို့နောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်၏။

သူ တစ်ယောက်တည်းကျင့်ကြံနေစဉ်တွင် ရက်အနည်းငယ်ကြာလျှင်တစ်ကြိမ် ရှောင်ယွိရောက်လာပြီး သားရဲဥလေးနှင့် ရေသဖန်းပင်လေး ညှိုးနွမ်းမသွားအောင် ဝိညာဉ်ဆေးရည်များ လောင်းပေးလေ့ရှိသည်။

ရှောင်ယွိက ယခင်ကကဲ့သို့ (၃)နှစ်မှတစ်ကြိမ် လာရောက်ခြင်း မဟုတ်တော့ဘဲ သူမ လာချင်သည့်အချိန်တိုင်း နဝမတောင်ထွတ်သို့ ရောက်လာလေ့ ရှိသည်။

ကျန်းလန်ကလည်း ရံဖန်ရံခါ ကျောက်စိမ်းရေကန်သို့ သွားရောက်လေ့ ရှိသည်။ သူသွားရောက်တိုင်း ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် လုန်ယွိ၏ လက်ဖဝါးများကို ထိကိုင်ရသည်ကတော့ ပြဿနာပင်။

ခဏအကြာတွင်တော့ ကျန်းလန် ပတ်ဝန်းကျင်မှ မြက်ပင်ပေါင်းပင်များကို ရှင်းလင်းလိုက်ပြီး ရှောင်ယွိပေးသည့်စာအုပ်ကို ဖတ်လိုက်သည်။

ထိုစာအုပ်ထဲတွင် နဂါးမျိုးနွယ်များ အသုံးပြုလေ့ရှိသည့် နည်းလမ်းများနှင့် တန်ခိုးစွမ်းအားများအကြောင်း ရေးထားသည်။

“ကြည့်ရတာ… နဂါးတွေ ရောက်လာကြတော့မယ်ထင်တယ်…”

ရှောင်ယွိက ငတုံးမဟုတ်ပေ။

နဂါးများက ကျန်းလန်အပေါ် မကျေနပ်ကြောင်းနှင့် ပြဿနာများအားလုံးကို ကျန်းလန်က ရင်ဆီးခံရမည်ဖြစ်ကြောင်း သူမ သေသေချာချာ သိရှိသည်။

ရှောင်ယွိက ဤကိစ္စကို တစ်ခါမှ ထုတ်ဖော်မပြောသော်လည်း အရေးမစိုက်သည့် အဓိပ္ပါယ် မဟုတ်ပေ။

ကျန်းလန် စာမျက်နှာများကို လှန်လှောကြည့်ရင်း နဂါးမျိုးနွယ်များ၏ လျှို့ဝှက်နည်းလမ်းတစ်ခုကို တွေ့ရှိသွားသည်။ ထိုနည်းလမ်းမှာ သွေးစွမ်းအားအနှစ်သာရကို လောင်ကျွမ်းစေပြီး တန်ခိုးစွမ်းအားကို မြှင့်တင်သည့် နည်းလမ်း ဖြစ်သည်။

“ကြည့်ရတာ… ဂိုဏ်းတူအစ်မ အရင်ကလည်း ဒီ လျှို့ဝှက်နည်းလမ်းကို အသုံးပြုဖူးတဲ့ပုံပဲ…”

တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေထဲတွင် ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ကျန်းလန် ပြန်စဉ်းစားနေမိသည်။

ထိုစဉ်က လုန်ယွိနှင့် ရန်သူများ တိုက်ခိုက်ခဲ့သည့်တိုက်ပွဲကို ကျန်းလန် အစအဆုံး မမြင်တွေ့ခဲ့ရပေ။ သို့သော် သူမ၏မျက်နှာနှင့်လည်ပင်းထက်မှ ဒဏ်ရာကြီးကိုတော့ ကျန်းလန် မျက်ဝန်းထဲ ထင်ထင်ရှားရှားပင် မှတ်မိနေသေးသည်။

ထိုဒဏ်ရာက သွေးစွမ်းအားအနှစ်သာရကို အသုံးပြုပြီး ရန်သူကိုတိုက်ခိုက်ခဲ့သည့်အတွက် ရရှိခဲ့သည့်ဒဏ်ရာ ဖြစ်ဟန်တူသည်။

အချိန်အတန်ကြာ ဖတ်ရှုပြီးနောက် ကျန်းလန် စာအုပ်ကို ပိတ်လိုက်သည်။ နဂါးမျိုးနွယ်များအကြောင်း အကြမ်းဖျင်း နားလည်သွားပြီ ဖြစ်သည်။

နဂါးမျိုးနွယ်များက ပင်ကိုယ်ကပင် အင်အားကြီးမားသူများ ဖြစ်ကြ၏။ ကမ္ဘာပေါ်တွင် ဒြပ်စင်စွမ်းအား များစွာရှိလေရာ နဂါးမျိုးနွယ်များက ထိုစွမ်းအားများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်ကြသည်။

မိုးကြိုးလျှပ်စီးများကို ထိန်းချုပ်ခြင်းဆိုသည်က နဂါးများအတွက် ထမင်းစားရေသောက်ကိစ္စပင်။

ထို့ပြင် နဂါးမျိုးနွယ်များ၏ ရုပ်ခန္ဓာကလည်း အခြားသက်ရှိများထက် သန်မာသည်။ ဒဏ်ရာရရှိလျှင် ပြန်လည်ကောင်းမွန်နိုင်စွမ်းကလည်း အံ့ဘနန်းမြင့်မားသည်။

နဂါးမျိုးနွယ်တိုင်းတွင် ကြီးမားသည့်စွမ်းအားများကို ပိုင်ဆိုင်ကြပြီး များစွာသောမန္တန်များကို ခံနိုင်ရည် ရှိကြသည်။ သူတို့က တန်ခိုးစွမ်းအား အလွန်အမင်းကြီးမားကြသည်။

“သူတို့က တကယ်ပဲ စွမ်းအားကြီးမားတာပဲ… ၊ သာမန်မန္တန်တွေက သူတို့ကို မထိခိုက်စေနိုင်ဘူး… ၊ ဒါပေမဲ့…”

နဂါးမျိုးနွယ်မှ ရန်သူတစ်ယောက်နှင့် တိုက်ခိုက်ရမည်ဆိုပါက ကျန်းလန်က နွားရိုင်းကိုးကောင်စွမ်းအားကိုသာ အသုံးပြုမည် ဖြစ်သည်။

ရန်သူမဟုတ်လျှင်တော့ နဂါးသုတ်သင်ဓားသိုင်းကို အသုံးပြုတိုက်ခိုက်မည် ဖြစ်သည်။

ခြုံပြောရလျှင် နဂါးများက သူ့ထက်သာလွန်ခြင်း မရှိပေ။

သို့သော် အများအမြင်တွင် ဖော်ပြထားသည့် ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် ကျန်းလန်အတွက် နဂါးမျိုးနွယ်များကိုရင်ဆိုင်ရန် အမှန်တကယ်ပင် ခက်ခဲသည်။

ကျန်းလန် အများကြီးစဉ်းစားမနေတော့ဘဲ လက်ရှိကျင့်ကြံခြင်းအဆင့်ကို ပြီးပြည့်စုံအောင် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

လက်ရှိကျင့်ကြံခြင်းအဆင့် အခြေအနေကို ကျန်းလန်က တတ်နိုင်သမျှ အကောင်းဆုံး ဖြစ်ချင်သည်။ သို့မှသာ မျှော်လင့်မထားသည့်အခြေအနေများနှင့် ရင်ဆိုင်ရပါက အဆင်ပြေမည် ဖြစ်၏။

နဂါးမျိုးနွယ်များ လာရောက်ကြတော့မည် ဖြစ်သလို ငရဲတံခါးမှ မရဏအငွေ့အသက်များသည်လည်း ပေါက်ကွဲ ထွက်တော့မည် ဖြစ်သည်။

အန္တရယ်က အချိန်မရွေး ဖြစ်လာနိုင်သည်။

လက်ရှိတွင် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်အင်မော်တယ် ဖြစ်သည်။ သူ့အနေဖြင့် နောက်တစ်ဆင့်တက်ရန် အချိန်အကြာကြီး စောင့်ရဦးမည် ဖြစ်၏။

နောက်တစ်ဆင့်တက်ရန်မှာ ကျင့်ကြံခြင်းသာမက မိုးနဲ့မြေကို နားလည်ရန်ပါ လိုအပ်သည်။

မိုးနဲ့မြေကို ထိုးထွင်းသိမြင်နိုင်စွမ်း ပြီးပြည့်စုံခြင်းနှင့် ကျင့်ကြံခြင်း ပြီးပြည့်စုံခြင်း အောင်မြင်မှသာ မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်နှင့် မိုးကောင်းကင်အင်မော်တယ်ကြား မတူညီမှုမှာ တာအိုကို နားလည်ခြင်းပင် ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်တွင် ကိုယ်ပိုင်တာအိုလမ်းစဉ် မရှိသေးပေ။ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို သိရှိသွားချိန်တွင် မိုးကောင်းကင်အင်မော်တယ် ဖြစ်လာမည် ဖြစ်သည်။

မိုးနဲ့မြေ၏ နိယာမတရားများကို နားလည်ရန်မှာ အချိန်နှင့်တိုင်းတာ၍ မရပေ။ အစစ်အမှန်အင်မော်တယ်ဘဝဖြင့်ပင် အချိန်ကြာမြင့်စွာ ကျင့်ကြံရန် လိုအပ်သည်။

အစစ်အမှန်အင်မော်တယ်မှ မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ အမြန်ဆုံး အဆင့်တက်ကြသူများပင်လျှင် နှစ်ပေါင်း (၁၀၀၀)ခန့် ကြာမြင့်နိုင်သည်။

သို့သော် တကယ်တမ်းတွင် နှစ်ပေါင်း (၁၀၀၀)ဖြင့် မိုးကောင်းကင်အင်မော်တယ်ဖြစ်လာသူ ရှားပါးလွန်းသည်။

သူလည်း မည်မျှအချိန်လိုအပ်မည်ဖြစ်ကြောင်း ကျန်းလန် မသိရှိပေ။

ယခုမှ အစစ်အမှန်အင်မော်တယ် ဖြစ်စရှိသေးရာ ထိုအကြောင်းအရာများကို သိပ်နားမလည်သေးပေ။

သူ့အနေဖြင့် လက်ရှိကျင့်ကြံခြင်းအဆင့်ကို အားဖြည့်ရန်လိုအပ်ပြီး တန်ခိုးစွမ်းအားအသုံးပြုရာတွင် ရင်းနှီးကျွမ်းဝင်စေရန် ကျင့်ကြံရဦးမည် ဖြစ်သည်။

ထို့ပြင် အချိန်ရပါက ဆရာဖြစ်သူထံ သွားရောက်လည်ပတ်ပြီး ဆရာ့ကျင့်ကြံခြင်းအဆင့် မည်မျှရှိကြောင်း ကြည့်ရှုရန်လည်း ဆုံးဖြတ်ထားသည်။

ဆရာဖြစ်သူကတော့ သူ့ကို မူလဝိညာဉ်အဆင့် အောင်မြင်ပြီးသူအဖြစ်သာ သိရှိမည် ဖြစ်သည်။

နောက်ပိုင်းနှစ်များတွင် ကျင့်ကြံခြင်းအစစ်အမှန်အဆင့်က ထပ်မံမမြင့်တက်နိုင်တော့မည် မဟုတ်သော်လည်း ဆယ်စုနှစ်အနည်းငယ်ကြာလျှင် ဆရာပေးထားသည့် ရတနာဝတ်ရည်သေရည်ကို သောက်ရမည် ဖြစ်သည်။

သို့မှသာသူ မရှိမှုအာကာသအဆင့် တက်ရောက်မည်ကို ဆရာဖြစ်သူ ယုံကြည်မည် ဖြစ်၏။

ထိုသေရည်က အင်မော်တယ်ဖြစ်သည့် သူ့အပေါ် သက်ရောက်မှုရှိတော့မည် မဟုတ်ပေ။ သို့သော် ဟန်ဆောင်ရမည် ဖြစ်သည်။

နောက်ထပ်နှစ်ပေါင်း (၁၀၀) လောက် သစ်ပင်စိုက်နေရဦးမည်လား။

ကျန်းလန် ခေါင်းခါရမ်းလိုက်သည်။

ထို့နောက် မရဏဂူသို့ ပြန်ကာ ကျင့်ကြံခြင်းဆက်လက်ပြုလုပ်လိုက်သည်။ သားရဲဥလေးနှင့် ရေသဖန်းပင်လေးကိုတော့ မရဏဂူအတွင်းသို့ ယူဆောင်မလာတော့ပေ။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်တော့မည် ဖြစ်လေရာ ထိုအရာလေးများ ဒဏ်ခံနိုင်မည် မဟုတ်ပေ။ နောက်တစ်ချက်မှာ ရှောင်ယွိက ထိုအရာလေးများကို စောင့်ရှောက်ပေးရသည်ကို သဘောကျသောကြောင့် ဖြစ်သည်။

………………

နေထွက်လာလိုက် နေဝင်လာလိုက်ဖြင့် ရာသီအလီလီ ပြောင်းလဲသွားသည်။

နွေဦးရာသီက လေပြေအလားရောက်ရှိလာပြီး ဆောင်းရာသီက နှင်းများအလား အရည်ပျော်သွားသည်။

ထိုသို့ဖြင့် တစ်နေ့ပြီးတစ်နေ့ ၊ တစ်နှစ်ပြီးတစ်နှစ် အချိန်များကုန်ဆုံးသွားပြန်လေသည်။

တောက်ပလင်းလက်နေသည့် နေရောင်ခြည်က ကမ္ဘာမြေပြင်ထက် ဖြာကျလာသည့်အခါ ညအမှောင်က တဖြည်းဖြည်း ပြိုကျသွားသည်။

(၃)နှစ်ဆိုသည့်အချိန်က လေပြေအလား လွင့်မျောသွားပြီး ဥတုရာသီများက သဲလွန်စမကျန် လွင့်စင်သွားသည်။ သဲလွန်စဆို၍ သူတို့ ဤနေရာတွင် နေထိုင်ခဲ့သည်ဆိုသည့် အချက်သာ ကျန်ရစ်ခဲ့သည်။

နေရောင်ခြည်က ထွန်းလင်းတောက်ပနေပြီး လေပူများတိုက်ခတ်မှုကြောင်း ခွန်လွန်တောင်မှ သစ်ပင်များမှာ ယိမ်းထိုးလှုပ်ခတ်လျှက် ရှိသည်။

နွေရာသီသို့ ရောက်ခဲ့ပြီ ဖြစ်သည်။

“ဒီနှစ်နွေကတော့ အတော်ပူတာပဲဟေ့…”

ပထမတောင်ထွတ်မှ ကျင်းထင်က ကောင်းကင်ကိုမော့ကြည့်ပြီး ရေရွတ်လိုက်၏။

သူသည်လည်း တစ်ယောက်တည်းကျင့်ကြံခြင်း ပြီးဆုံး၍ အပြင်ထွက်လာခြင်း ဖြစ်သည်။ ယခုဆိုလျှင် ကျင်းထင်က မရှိမှုအာကာသ ၊ ကနဦးအဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

သူ နှစ်ပေါင်း (၃၀၀) တိုင်တိုင် ကျင့်ကြံခဲ့ရသည်။

ကျင်းထင်က ကျင့်ကြံခြင်းအဆင့်တက်ရာတွင် အလျှင်မြန်ဆုံး မဟုတ်သော်လည်း လျှင်မြန်သည့်အထဲတွင်တော့ ပါဝင်သည်။

တစ်ယောက်တည်းကျင့်ကြံပြီးနောက် ကျင့်ကြံရာတွင် ထောက်ပံ့ပေးနိုင်သည့် ရင်းမြစ်ပစ္စည်းများနှင့် မှော်ဝင်ပစ္စည်းများ ရှာဖွေစုဆောင်းရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူလှည့်ထွက်လိုက်စဉ်မှာင် ကောင်းကင်ထက်မှ ကျယ်လောင်သည့်အသံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

“ဂရား…”

နဂါးဟိန်းသံကြီးက မိုးနဲ့မြေကို တုန်လှုပ်သွားစေသည်။

ကျင်းထင်လှည့်ကြည့်လိုက်သည့်အခါ ခွန်လွန်တောင်ရှိရာသို့ ဆင်းသက်လာသည့် နဂါးများကို တွေ့မြင်လိုက်ကြရသည်။

“နဂါးမျိုးနွယ်တွေ ရောက်လာကြတာလား… ၊ ကြည့်ရတာ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေးတော့ ဒုက္ခရောက်တော့မယ် ထင်တယ်… ၊ ဘာတွေဖြစ်ကြမလဲ မသိဘူး…”

ကျင်းထင် တွေးလိုက်သည်။

သူက ပထမတောင်ထွတ်မှ တပည့်ရင်းတစ်ယောက် ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့် နည်းပါးသေးသည့်အတွက် ကိစ္စအတော်များများကို သိခွင့်မရသေးပေ။

သို့ရာတွင် နဂါးမျိုးနွယ်များရောက်ရှိလာခြင်းမှာ ကျန်းလန်နှင့်ပတ်သက်နေကြောင်း တွေးတတ်ခေါ်တတ်သူ မည်သူမဆို သိရှိမည် ဖြစ်သည်။

ကျန်းလန်နှင့်မပတ်သက်လျှင် ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ပတ်သက်ပေလိမ့်မည်။

ကျင်းထင်မှ မဟုတ်ပေ။ ခွန်လွန်တောင်မှ အခြားတပည့်များသည်လည်း နဂါးမျိုးနွယ်များ ရောက်ရှိလာကြသည်ကို တွေ့မြင်လိုက်ရသည်။

တပည့်တစ်ယောက်က…

“သူတို့ရောက်လာကြပြီ… ၊ နတ်မိစ္ဆာတွေကို နှိမ်နင်းပြီးပြီးချင်း ရောက်လာကြတာထင်တယ်… ၊ ထင်တာထက်တောင် စောနေသေးတယ်…”

နောက်ထပ်တပည့်တစ်ယောက်က…

“လျှောက်ပြီးခန့်မှန်းမနေနဲ့… ၊ နဂါးတွေရောက်လာမှတော့ ဘာလို့ရောက်လာတာလဲဆိုတာ စဉ်းစားရမယ်…”

“ဘာအကြောင်းဖြစ်နိုင်မလဲ… ၊ အတိအကျတော့ ကျုပ်လည်း မသိဘူး…”

“မကြာခင် သိရမှာပေါ့ကွာ…”

ခွန်လွန်တောင်မှတပည့်များ ဆွေးနွေးခန်းဖွင့်နေကြချိန်တွင် ခွန်လွန်တောင် အဓိကခန်းမဆောင်တွင်လည်း တောင်သခင်များ အစည်းအဝေးပြုလုပ်လျှက် ရှိ၏။

“ဂိုဏ်းတူအစ်ကို… ငရဲတံခါး အခြေအနေ ဘယ်လိုရှိလဲ…”

ထောင့်တစ်ထောင့်တွင်ကပ်နေသည့် မော့ကျန်းသုန့်ကို မြောင်ယွဲ့က လှမ်းကြည့်ပြီး မေးမြန်းလိုက်ခြင်း ဖြစ်၏။

အခြားတောင်သခင်များကလည်း မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ကြသည်။

ယခုတစ်ကြိမ်အစည်းအဝေးတွင် ဖုန်းယီရှောက် လာရောက်ခြင်း မရှိပေ။ သူက ပထမတောင်ထွတ်၏ တောင်သခင်အနေဖြင့် နဂါးမျိုးနွယ်များကို သွားရောက်ကြိုဆိုနေ၏။

မော့ကျန်းသုန့်က…

“ငရဲတံခါးက မရဏအငွေ့အသက်တွေ စတင်ပေါက်ကွဲထွက်နေပြီ…”

ထိုစကားကို အားလုံး မျှော်လင့်ထားပြီးသား ဖြစ်သောကြောင့် မည်သူမှ မအံ့သြကြပေ။

နဂါမျိုးနွယ်များက ဤအချိန်ကို အခွင့်ကောင်းယူပြီး ရည်ရွယ်ချက်ရှိရှိ ရောက်လာကြသည်လား မပြောတတ်ပေ။ နတ်မိစ္ဆာများက နဂါးများဆီသို့ တမင်တကာ သတင်းဖြန့်လိုက်ခြင်းလည်း ဖြစ်နိုင်သည်။

နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများ၏တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်သည်။

ကျိုးကျုန်းထျန်းက…

“နတ်မိစ္ဆာတွေက အမှောင်ထဲက လှုပ်ရှားမှာပဲ… ၊ နဂါးမျိုးနွယ်တွေက နတ်မိစ္ဆာတွေကို အတော်လေး အထင်ကြီးနေကြတယ်ထင်တယ်…”

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

“သူတို့က နတ်မိစ္ဆာတွေကို အထင်ကြီးတာက အရေးမကြီးဘူး… ၊ အရေးကြီးတာက ကျွန်မတို့ဘက်က အားသာချက်ကို အသုံးချနိုင်ဖို့ပဲ… ၊ တစ်ခါတစ်လေ အသေးငယ်ဆုံးအားသာချက်လေးကလည်း အကန့်အသတ်မရှိ ကျယ်ပြန့်သွားနိုင်တယ်လေ…”

ကျူးချင်က…

“ကျွန်မတို့ စောင့်ကြည့်တာပေါ့… ၊ သူတို့မလှုပ်ရှားခင် အချိန်လည်းရှိသေးတာပဲလေ…”

ထိုစဉ် လျိုကျင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

“အနီးပတ်ဝန်းကျင်မှာတော့ နတ်မိစ္ဆာတွေရဲ့သဲလွန်စ မတွေ့ရဘူး… ၊ ကြည့်ရတာ ခပ်ဝေးဝေးမှာ ရှိနေပုံရတယ်… ၊ ဒါတောင် အင်အားသိပ်မများဘူး… နည်းနည်းပဲ ရှိလောက်တယ်…”

နတ်မိစ္ဆာများ ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေကြပေမည်။

ပုံမှန်ဆိုလျှင် ခွန်လွန်တောင်ကလည်း သူတို့၏ တိုက်ခိုက်မှို ကြောက်ရွံ့မည် မဟုတ်ပေ။ သို့သော် သူတို့ ပစ်မှတ်ထားသည်က ငရဲတံခါး ဖြစ်နေသည့်အတွက် အနည်းငယ် ပြဿနာ ရှိနေခဲ့သည်။

ကျူးချင်က…

“နတ်မိစ္ဆာတွေက တခြားသူတွေဆီက အကူအညီယူထားတာမျိုး ဖြစ်နိုင်မလား…”

လျိုကျင်းက ခေါင်းညိတ်လိုက်ရင်း…

“ဖြစ်နိုင်တယ်…”

ကြည့်ရသည်မှာ ပိုပြီးသတိရှိနေရန် လိုအပ်ပြီ ဖြစ်သည်။

မြောင်ယွဲ့က…

“ဒီအချိန်ကျမှ နဂါးမျိုးနွယ်တွေကလည်း အသဲအသန် လာနေကြတယ်… ၊ ကြည့်ရတာ ကျွန်မတို့ကို အကြီးကြီး ကိုက်စားချင်နေကြတယ်ထင်တယ်…”

သူမအသံက ရယ်သံစွက်လျှက် ရှိသည်။

မြောင်ယွဲ့က မျက်နှာကိုပုဝါဖြင့် ဖုံးအုပ်ထားသည့်တိုင် လှပလွန်းသည့် မြောင်ယွဲ့၏ မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေမည်ကို အားလုံး သိရှိလိုက်ကြသည်။

ထို့နောက် မြောင်ယွဲ့က ထပ်ပြောလိုက်၏။

“အဲဒီ နတ်မိစ္ဆာတွေကို အဆိပ်ခတ်လိုက်ကြတာပေါ့… ၊ ဘယ်သူလုပ်ပေးမလဲ… လုပ်ပေးမယ့်သူရှိရင် ခွန်လွန်တောင်မှာ တစ်သက်လုံး တင်ကျွေးထားမယ်…”

ဒုတိယတောင်ထွတ်၏ တောင်သခင်လျိုကျင်းက…

“စတုတ္ထတောင်ထွတ်ကို သွားမှပဲ… ၊ ကြားတာတော့ အဲဒီမှာ နတ်မိစ္ဆာတွေကို တိုက်ခိုက်ဖို့ အဆိပ်တစ်မျိုး သုတေသနလုပ်နေတယ်ဆိုလားပဲ… ၊ စမ်းကြည့်တာပေါ့…”

လျိုကျင်းက ထပ်ပြောသည်။

“ဒါပေမဲ့ အဆိပ်ခတ်တာက ခဏလောက်ပဲ ပြဿနာကို အဆင်ပြေသွားစေမှာ… ၊ ပြဿနာရဲ့ ရင်းမြစ်ကို မမြစ်ဖြတ်နိုင်မှာ မဟုတ်ဘူး… ၊ အင်းလေ… နဂါးမျိုးနွယ်တွေနဲ့ ပတ်သက်ပြီး ကျောက်စိမ်းရေကန်နတ်ဘုရားမကတော့ ဘယ်လိုသဘောထားမလဲ မသိနိုင်ဘူး…”

ကျူးချင်က စိတ်ပူပန်သွားဟန်ဖြင့်…

“ရှောင်ယွိကတော့ ကျွန်မ ဘာပြောပြော လက်ခံမယ့်သူပါ… ၊ အဖြစ်အပျက်တွေက စိတ်မကောင်းစရာတွေဆိုပေမယ့် ကျွန်မစကားဆိုရင် သူက နားထောင်ပါတယ်… ၊ ဒါပေမဲ့ သူက ကလေးပဲ ရှိသေးတာလေ… ၊ စိတ်ဖိစီးမှုတွေ အရမ်းများလာရင် သူ ပျက်စီးသွားလိမ့်မယ်… ၊ အထူးသဖြင့် ကျွန်မတို့ နဂါးမျိုးနွယ်တွေနဲ့ တိုက်ခိုက်ကြမယ်ဆိုရင်ပေါ့…”

နဂါးမျိုးနွယ်များဆိုသည်ကလည်း ဒီအတိုင်းနေလျှင် ကောင်းပါလျှက် ပြဿနာကို မီးထွန်းရှာကြသူများ ဖြစ်သည်။

ခွန်လွန်တောင်ဘက်ကလည်း အလျှော့ပေးမည်မဟုတ်ရာ ပဋိပက္ခများကတော့ ရှောင်ရှားမရနိုင်ပေ။

ထိုစဉ် ကျိုးကျုန်းထျန်းက ရုတ်တရက် ဝင်ပြောလိုက်သည်။

“ရှောင်ယွိနဲ့ ကျန်းလန်တို့မှာ ကလေးရသွားမယ်ဆိုရင် နဂါးမျိုးနွယ်တွေ ပါးစပ်ပိတ်သွားမှာ မဟုတ်ဘူးလား…”

တောင်သခင်အားလုံးပါးစပ်ပိတ်သွားပြီး အကြည့်များက ကျိုးကျုန်းထျန်းဆီသို့ ကျရောက်လာကြလေတော့၏။


Comment

Leave a Reply


Options

not work with dark mode
Reset