အခန်း ၁၄

အေးစက်စက် ကံကြမ္မာ လှည့်ကွက်နှင့် အပြစ်တင်လှောင်ပြောင်မှု

အခြေခံဘာသာစကားစာမေးပွဲ ဖြေပြီးသွားသဖြင့် ထန်ရှုတစ်ယောက် စိတ်သက်သာရာရသွားဟန်ဖြင့် လေအေးတစ်ချက် မှုတ်ထုတ်လိုက်သည်။ စံနှုန်းပြည့်အဖြေပုံစံမဟုတ်သော်လည်း ထန်ရှုသည် ပွိုင့်၁၄၀ထက်မက ရရှိမည်ဟု ယုံကြည်ထားသည်။

နေ့လည်စာ စားပြီးသောအခါ ထန်ရှုသည် ကျောင်းသားအဆောင်သို့ အနားယူရန်အတွက် ပြန်မသွားတော့ဘဲ ကျောင်း၏မျက်နှာချင်းဆိုင်ရှိ ပြည်နယ်စာကြည့်တိုက်သို့ လာခဲ့သည်။

လွန်ခဲ့သောနှစ်ပတ်လောက်ကတည်းက ထန်ရှုသည် ကျောင်းစာအုပ်များထဲရှိဗဟုသုတများနှင့် တင်းတိမ်မနေဘဲ ကျောင်းစာကြည့်တိုက်သို့သွားကာ တစ်နေ့လုံး ဖတ်ရှုနေခဲ့သည်။

နောက်တွင် ထန်ရှုသည် ကျောင်းစာကြည့်တိုက်ကတ်ဖြင့် ပြည်နယ်စာကြည့်တိုက်သို့ ဝင်ရောက်နိုင်သည်ကို သိရှိခဲ့ပြီး ထိုစာကြည့်တိုက်သည် ကျောင်းစာကြည့်တိုက်ကဲ့သို့ စာကြည့်တိုက်ရာပေါင်းများစွာ စုစည်းထားသည့်နှယ်ဖြစ်သည်ကိုလည်း သိရှိခဲ့သည်။

ထန်ရှုသည် ပြည်နယ်စာကြည့်တိုက်သို့ သွားရောက်ခြင်းသည် သူ၏အတွေးအခေါ်များ တိုးတက်စေရန်အတွက်သာမက အနာဂတ်လမ်းညွှန်မှုအတွက်ပါ သေချာစေရန်အတွက် သွားခြင်းဖြစ်သည်။

နေ့လည်သင်္ချာစာမေးပွဲတွင် ထန်ရှုသည် အချိန်တစ်နာရီခွဲခန့်သာ ပေးခဲ့ရပြီး စာရွက်အပ်ကာ ထွက်သွားတော့သည်။

ထန်ရှု၏အပြုအမူသည် အာမေဋိတ်သံများကို ဖြစ်ပွားစေသည်။ အထက်တန်းကျောင်းသားများအတွက် သင်ယူမှုဖိအား တိုးလာသည်နှင့်အမျ စာမေးပွဲခက်ခဲမှုသည်လည်း မြင့်တက်လာခဲ့သည်။

ထန်ရှုသည် တစ်နာရီခွဲဖြင့်် ပြီးအောင်ဖြေဆိုကာ စာရွက်အပ်ခဲ့သည်ကို ကြည့်ပြီး ကျောင်းသားများသည် ထန်ရှုတစ်ယောက် မေးခွန်းခက်ခဲသဖြင့် ယခုလို ထားခဲ့ခြင်းဖြစ်မည်ဟု တွေးထင်နေကြသည်။

“စာမေးပွဲမေးခွန်း ခက်ခဲရင်တောင် ထန်ရှု ဒီလို စာရွက်မအပ်သင့်ဘူး။ အဲ့လိုဆို ဆရာမဟန် ရှုံးတော့မှာပဲ။”

“အိုး.. ဆရာမဟန်တော့ ဒီတစ်ကြိမ် လုံးဝရှုံးမှာ အသေအချာပဲ။ လစာကို သူမ ဂရုမစိုက်ဘူးဆိုရင်တောင်မှ ဟူကျူရှင်းရဲ့ အောင်နိုင်သူအပြုံးကို တွေးမိပြီး ငါတော့ စိတ်မသက်သာဘူး။”

ကြီးကြပ်သူနှစ်ယောက်သည် ထန်ရှုထွက်ခွာသွားသည်ကို ကြည့်ပြီး ခပ်တိုးတိုးမပြောဘဲ မနေနိုင်ကြချေ။

စာမေးပွဲ၏ပထမနေ့ ပြီးဆုံးသွားပြီးနောက် တတိယနှစ်ကျောင်းသားများသည် စာမေးပွဲအကြောင်း ဆွေးနွေးနေကြသည်။ ထိုအထဲတွင် ထန်ရှု မပါဝင်ချေ။ ထိုအစား သူသည် မှတ်ဉာဏ်ထဲတွင်ရှိသော လေ့ကျင့်မှုသင်ခန်းစာများကို မှတ်မိစေရန် ကြိုးစားပြုလုပ်နေသည်။

နောက်ဆုံးလေ့ကျင့်မှုနှင့်နည်းလမ်းများလည်း မအောင်မြင်သည့်နောက် ထန်ရှု စိတ်ညစ်သွားသော်လည် း နည်းလမ်းတစ်ခုတော့ကျန်ရှိသေးသည်။

“ငါ စကြာဝဠာကျင့်စဉ်ကိုပဲ ကျင့်ရမလား။ ရှားပါးလှတဲ့ဆေးပင်၊ ဆေးလုံးတွေကို ငါ ဘယ်မှာ သွားရှာရမလဲ။”

“အစ်ကိုကြီး..ဒီနေ့ စာမေးပွဲအခြေအနေ အိုကေတယ်။ မနက်ဖြန်လည်း အဲ့လိုပဲအိုကေရင် ကောင်းလိမ့်မယ်။” ယွမ်ချူးလင်သည် ထန်ရှု၏လက်မောင်းအား ပုတ်လျက် စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“လုပ်လိုက်စမ်းပါ။ နှစ်လတောင်ကျန်သေးတာပဲ။ မင်း သေချာပေါက် အမှတ်ကောင်းကောင်းရလိမ့်မယ်လို့ ငါယုံကြည်ထားတယ်။” ထန်ရှုသည် ယွမ်ချူးလင်အား ကြည့်ကာ ပြောလိုက်သည်။

“အာ.. ကျွန်တော့်ကိုယ်ကျွန်တော် အဲလောက်ဖြေနိုင်မယ်တောင် မထင်ထားမိဘူး။ ဒါ အစ်ကိုကြီး သင်ပေးတဲ့ကျေးဇူးကြောင့်ပါ။ ဒါနဲ့ အစ်ကိုကြီးရဲ့ ဒီနေ့စာမေးပွဲအခြေအနေ ဘယ်လိုရှိလဲ။” ယွမ်ချူးလင် ပြုံးလိုက်ပြီးနောက် ထန်ရှုအား မေးလိုက်သည်။

“အဲ့ဒါ အဆင်ပြေလိမ့်မယ်လို့ ငါထင်ပါတယ်။” တစ်ခဏမျှ ချီတုံချတုံဖြစ်သွားပြီးနောက် ထန်ရှု ခပ်တိုးတိုးဖြေလိုက်သည်။

“ထန်ရှု..မင်း ပေါက်ကရပြောပြန်ပြီလား။ ရက်အနည်းငယ်ကြာရင် သိရတော့မှာကို မင်း မကြောက်ဘူးလား။”

“အခြေခံဘာသာစကားစစ်တဲ့စာမေးပွဲမှာ တစ်နာရီလောက် မင်းငိုခဲ့တယ်။ သင်္ချာဖြေတော့လည်း အစောကြီး ထွက်သွားတယ်။ ဒါလား အဆင်ပြေတာ။”

“မေဂျာအတန်းကသူတွေက အကုန်လုံးက တော်ကြတယ်။ သူတို့က အမှတ်ကောင်းရရုံတင်မဟုတ်ဘဲ ဉာဏ်ပညာလည်း ကြီးကြသေးတယ်။”

ထန်ရှုစကားကြားပြီးနောက် လှောင်ပြောင်သံများကိုကြားလိုက်ရသည်။

သူ၏အရှေ့တွင်ထိုင်နေသော ချန်းယန်နန်ပင်လျှင် ထန်ရှုအား စိတ်ပျက်နေသောအကြည့်တို့ဖြင့် ကြည့်လို့နေသည်။

စာမေးပွဲခန်းတွင် မနက်ပိုင်းနှင့်နေ့လည်ပိုင်းနှစ်ချိန်လုံး၌ ထန်ရှု၏လွှမ်းမိုးမှုကြီးမားခဲ့သည်။ ထိုအဖြစ်အပျက်ကြောင့် ထန်ရှုအား မုန်းနေသောသူများမှာ ပိုမုန်းလာကြပြီး မျှော်လင့်ချက်ထားသောလူများမှာ စိတ်ပျက်ခဲ့ရသည်။

ယခုပင်လျှင် အတန်းဖော်များ၏လှောင်ပြောင်မှုကို ထန်ရှုခံနေရသောကြောင့် ယွမ်ချူးလင်သည် ချန်းယန်နန်အား အားကိုးသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။ ချန်းယန်နန်၏ကာကွယ်ပေးမှုအောက်တွင် ထန်ရှုနှင့်ယွမ်ချူးလင်တို့သည် ပတ်ဝန်းကျင်အသစ်တွင် အဆင်ပြေခဲ့ပြီး တန်းခွဲ-၁၀မှ အတန်းဖော်များပင် ထန်ရှုနှင့်ယွမ်ချူးလင်တို့ကို သူမ၏ဂရုစိုက်မှုကြောင့် မနာလိုပင်ဖြစ်ခဲ့ကြသည်။

ယခင်အချိန်ကဆိုလျှင် တစ်စုံတစ်ယောက်မှ ထိုသို့စနောက်နေပါက ချန်းယန်နန်မှ မပြုလုပ်ရန် တားမြစ်ခဲ့သည်။ ယခုတွင်မူ ယွမ်ချူးလင်၏အကြည့်အား မသိချင်ယောင်ဆောင်လျက် သူမ၏သင်ခန်းစာများကို ဆက်လက်ရေးနေသည်။

“အဟ.. မင်းတို့နှစ်ယောက်က အလွန်ဆိုးတဲ့အမှတ်တွေ ရထားတောင် ကိုယ့်ကိုကိုယ် ညံ့မှန်းမသိသေးဘူးပေါ့။”

“မင်းတို့ ယောကျာ်းမဟုတ်ဘူးလား။ အမြဲတမ်း မိန်းမတစ်ယောက်နောက်မှာ ပုန်းအောင်းနေရတာ မရှက်ဘူးလား။”

အတန်းဖော်များသည် ချန်းယန်နန် ကာကွယ်ပေးနေသောကြောင့် ထန်ရှုနှင့်ယွမ်ချူးလင်အား ကောင်းကောင်းမွန်မွန် ဆက်ဆံနေခြင်းဖြစ်သည်။ ယခုမူ ချန်းယန်နန်၏သဘောထားပြောင်းလဲသွားကြောင်း သိသွားသဖြင့် ထန်ရှုတို့နှစ်ယောက်အား မထီမဲ့မြင် ဆက်ဆံလာပြီး စကားများမှာလည်း ကြမ်းတမ်းလာကြသည်။

ထိုစကားများအား ကြားသည်တွင် ယွမ်ချူးလင်၏အသက်ရှူနှုန်း မြန်သည်ထက်မြန်လာပြီး မျက်နှာနီရဲလာသည်။ ဒေါသဖြင့် မတ်တတ်ထရပ်မည်ပြုစဉ်တွင် သတိပေးလိုက်သကဲ့သို့ ထန်ရှုထံမှ ခပ်ဖွဖွ ချောင်းဆိုးသံကို သူ ကြားလိုက်ရသည်။

“ငါတို့ရဲ့လပတ်အမှတ် ကောင်းကောင်းဆိုးဆိုး မင်းတို့နဲ့ ဘာဆိုင်လဲ။ မင်းတို့အမှတ်တွေသာ ကောင်းနေရင် ဒီအခန်းထဲမှာ ရှိနေစရာအကြောင်းတောင် မရှိဘူး ဟုတ်တယ်မဟုတ်လား။” ရန်လိုနေသော အတန်းဖော်များအား ကြည့်ပြီး ထန်ရှု ခပ်ဖွဖွ ပြောလိုက်သည်။

ထန်ရှု၏ ရိုးရိုးရှင်းရှင်း ပြောလိုက်သောစကားများသည် အတန်းအား ပိုမိုဆူပွက်လာစေရန် ထင်းစထည့်လိုက်သကဲ့သို့ရှိသည်။

“ထန်ရှု… မင်းအမှတ်က အချိန်တိုင်းနီးပါး သုညပဲ။ ဒီစာမေးပွဲမှာ အမှတ်တက်အောင် မင်းဘယ်လိုလုပ်မှာလဲ။

ငါသာ မင်းနေရာမှာဆိုရင် အခြားသူတွေ အဆင်ပြေအောင် စာမေးပွဲ မဖြေတော့ဘူး။”

“ထန်ရှု… ဆရာမဟန်က မင်းကို တန်းခွဲ-၁၀မှာ ထားရတာ ဖိစီးမှုတအားများတယ်။ ဆရာမဟန်သာမရှိရင် မင်း ကျောင်းထွက်ရတာ ကြာပြီ။ ဆရာမဟန်ကို ဘာလို့နားလည်မပေးတာလဲ”

ထန်ရှုသည် သူ၏စကားများကြောင့် လူအများ ဝိုင်းဝန်းပြောဆိုစရာဖြစ်သွားလိမ့်မည်ဟု မထင်ထားချေ။ သို့သော်လည်း အထက်ပါစကားများအား ကြားရသောအခါ ထန်ရှုသည် ဒေါသထွက်ရမည့်အစား သူ၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်ထွက်လာသည်။

ထိုသူများသည် သူ့အား အလွန်မုန်းသောကြောင့်မဟုတ်ဘဲ ဟန်ကျင်းဝူအား နားလည်ပေးကြခြင်း၊ ဂရုစိုက်ကြခြင်းတို့ကြောင့် ထိုသို့ပြောသည်ကို ထန်ရှု နားလည်သည်။

“သီချင်းစာအုပ်ထဲကလိုပေါ့ “ ငါ့ကို သဘောၤသီး ပေးရင် မင်းကို မက်မွန်သီး ပြန်ပေးမယ်။”

ထန်ရှုသည် ပြောနေရင်း မတ်တတ်ရပ်ကာ အခန်းထဲမှ ထွက်သွားတော့သည်။

သူ ထွက်သွားပြီးနောက် အခန်းတစ်ခုလုံး ခြောက်ခြားလောက်အောင် တိတ်ဆိတ်နေခဲ့တော့သည်။

အတန်ကြာပြီးနောက် လူတိုင်းက ထန်ရှုပြောခဲ့သည့်စကားအား ပြန်လည်ရှင်းလင်းအောင်လုပ်နေကြသည်။

“သူ ဘာပြောသွားတာလဲ။ လပတ်စာမေးပွဲမှာ ပထမဆုရအောင် လုပ်မယ်လို့ သူပြောခဲ့တာလား။”

“အဲ့ဒါ ဖြစ်နိုင်ပ့ါမလား။ နောက်ဆုံးနေရာကသူက ပထမနေရာယူမယ်ဆိုတော့ သူ စိတ်ကူးယဉ်နေတာများလား။”

တစ်ခန်းလုံး ကျွတ်ကျွတ်ညံအောင် ပြောဆိုနေသည့်အချိန်တွင် လူနှစ်ယောက်သာ မပြောဘဲရှိနေသည်။ ယွမ်ချူးလင်၏မျက်နှာတွင် စူးစမ်းလိုသည့်အမူအရာရှိနေသော်လည်း သူသည် စိတ်လှုပ်ရှားနေသည်။

ပြောဆိုနေကြသော လူအုပ်ကြီးကို ကြည့်ပြီး ယွမ်ချူးလင်သည် အခန်းထဲတွင်ရှိပါက တစ်ယောက်ယောက်ကို ရိုက်မိတော့မည်စိုးသောကြောင့် သူ၏ပစ္စည်းများကို သိမ်းပြီး ထွက်သွားတော့သည်။

“ငါ ကြားတာတော့ ကားအက်ဆီးဒင့် ဖြစ်ပြီး သူက ဆိုးဆိုးဝါးဝါး ထိခိုက်သွားတာပါ။ သင်ခန်းစာအသစ်တွေလည်း မမှတ်မိဘူး။ သိပြီးသားတွေလည်း မေ့ပျောက်တာမြန်တယ်။ တန်းခွဲ-၁၀ကို လာတော့ သူ့ရဲ့ သိနားလည်မှုတွေက လုံးဝကွယ်ပျောက်လုနီးပါးဖြစ်နေပြီကို။ တစ်လအတွင်း သူ ပထမ ရနိုင်ပါ့မလား။” ချန်းယန်နန် တီးတိုးရေရွတ်မိသည်။

လပတ်စာမေးပွဲ၏ဒုတိယနေ့ကို ဆက်လက်ကျင်းပနေသည်ဖြစ်သည်။

စာမေးပွဲခန်းအတွင်းတွင် ထန်ရှုသည် အခြေခံဘာသာစကားမေးခွန်းကြောင့် အေးဆေးဖြစ်နေဆဲဖြစ်သည်။ စာပိုဒ်ကိုကြည့်ကာ ဖြေရသောမေးခွန်းတွင် အခြားကျောင်းသားများသည် စာရွက်နှင့်ခေါင်း မခွာနိုင်သေးဘဲရှိနေစဉ်တွင် ထန်ရှုသည် မတ်တတ်ရပ်ကာ ထူးမခြားနားစွာဖြင့် ထွက်လာခဲ့ပြန်သည်။

နေ့လည်ဘက် နားထောင်စွမ်းရည်ပါဝင်သော အင်္ဂလိပ်စာမေးခွန်းတွင် တစ်နာရီခွဲခန့်သာ အချိန်ယူခဲ့ရပြီး စာရွက်အပ်ခဲ့သည်။ ထိုအချိန်တွင် အခြားကျောင်းသားများသည် မေးခွန်းများကို လက်စသတ်နိုင်ရန် ကြိုးစားနေကြဆဲဖြစ်သည်။

ကြယ်တာရာကျောင်းသည် သင်ကြားမှု ပိတ်ထားပြီး ပုံမှန်အားဖြင့် သူတို့တွင် ကျောင်းပိတ်ရက်မရှိပေ။ လကုန်တိုင်း ၂ရက် ၃ရက် အိမ်သို့ပြန်ခွင့်ရှိသည်။ ၎င်းကို လစဉ်ခွင့်ဟု ခေါ်သည်။

လပတ်စာမေးပွဲပြီးတိုင်း ကျောင်းသားများသည် ရက်အနည်းငယ်ခန့် နားခွင့်ရှိသည်။

လပတ်စာမေးပွဲပြီးသည့်နောက်တွင် တခြားကျောင်းသားများကဲ့သို့ စာကြိုးစားခြင်း၊ စာကြည့်တိုက်သို့သွားကာ စာအုပ်များရှာဖွေလေ့လာခြင်း မပြုလုပ်တော့ဘဲ ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်လာသည်။ သူ၏မိခင်သည် အရသာရှိလှသောစားသောက်ဖွယ်ရာများနှင့် သူ့အားစောင့်ကြိုနေမည်ကို သူ သိနေသည်။

ထန်ရှုသည် ကျောင်းသို့ မတက်ရောက်ခင်က ကျေးလက်တွင် နေထိုင်ခဲ့သူဖြစ်သည်။ ဝင်ခွင့်စာမေးပွဲတွင် ပထမဆုရပြီး ကြယ်တာရာကျောင်းသို့တက်ရောက်ခြင်းသည် ပထမဆုံးအကြိမ် မြို့ပေါ်သို့လာရောက်ခြင်းပင်ဖြစ်သည်။

ထန်ရှုအား ပြုစုစောင့်ရှောက်ရန် စုလင်းယွမ်သည် မြို့ထဲတွင် ထန်ရှုနှင့်အတူ လိုက်နေသည်။

ကျေးလက်သူဖြစ်သောကြောင့် စုလင်းယွမ်သည် လယ်ယာအလုပ်တွင် ကျွမ်းကျင်သော်လည်း မြို့ပေါ်အလုပ်များ လုပ်ကိုင်ရန်အတွက်မူ အခက်အခဲများစွာဖြစ်ရသည်။ ထို့ကြောင့် ကြယ်တာရာမြို့တော်တွင် နေထိုင်သော ၃နှစ်လုံး စုလင်းယွမ်နှင့် ထန်ရှုတို့မှာ ဒုက္ခကြီးစွာရောက်ရသည်။

ကံကောင်းထောက်မစွာဖြင့် စုလင်းယွမ်သည် ထိုအလုပ်များကို ကြိုးစားလုပ်ကိုင်နိုင်ခဲ့သည်။ သို့သော်လည်း စုလင်းယွမ်သည် သူများမလုပ်ချင်သည့်ညစ်ပတ်သောအလုပ်များကို လုပ်ခွင့်ရခဲ့သည်ကများသည်။ စုလင်းယွမ်တစ်ယောက် စိတ်မပျက်ခဲ့ဘဲ သားဇောဖြင့် ကြိုးစားလုပ်ကိုင်ခဲ့ရာ အချိန်များစွာကြာလွန်သော် ငွေကြေးအနည်းငယ်စုမိလာပြီး နောက်ထပ်ယွမ်တစ်သောင်း ချေးငှားကာ နေရာလေးတစ်ခု ငှားလာနိုင်ခဲ့သဖြင့် သားအမိဘဝလေး အေးချမ်းခဲ့ရသည်။


Comment

Leave a Reply


Options

not work with dark mode
Reset