အခန်း (၄) ဇာတ်ညွှန်းအတိုင်း မလိုက်တဲ့ ရန်ကျောက်ကဲ
အကြီးအကဲခွိုင်သည် သူ၏ကြင်နာ၍ နူးညံ့သိမ်မွေ့သော ဟန်ပန်ကို ထိမ်းသိမ်းလျက် ရီကျင်းထံသို့ ပြုံးရင်း ကြည့်နေ၏။ သူ့စကားများကြောင့် လူအုပ်တစ်ခုလုံး လှုပ်လှုပ်ရွရွဖြစ်သွားသည်ကို သတိမထားမိသည့်အလားပင်။
ရန်ကျောက်ကဲသည် အကြီးအကဲခွိုင်ကိုကြည့်လိုက်သည်။ ထို့နောက် ရီကျင်းအား ကြည့်လိုက်ပြန်၏။
ရုတ်တရက် ဤအခြေအနေတစ်ခုလုံးက ရယ်ဖွယ်ကောင်းနေသည်ကို သူ သတိထားမိသွားသည်။
ထိုမိုးကောင်ကင်က သတ်မှတ်ထားသည့် ဇာတ်လိုက်ဖြစ်မည့်သူသည် လက်ရှိသူ့အတွက် လုံးဝ ယှဉ်မပြိုင်နိုင်သည့် ပြိုင်ဘက်နှင့် ရင်ဆိုင်ရသောအခါ ဗြောင်ကျကျဖြစ်စေ မသိမသာဖြစ်စေ အချို့သော အင်အားစုများ၏အကူအညီပေးခြင်းကို ခံရလေသည်။ ထိုအင်အားစုများက မိုးကောင်းကင်၏သားတော်အား အချိန်များ၊ အခွင့်အရေးများ ပေးပြီး ထိုဇာတ်လိုက် ကြီးထွားရန်အတွက် အကာအကွယ်ပေးကြသည်။
‘သင့်ရန်သူရဲ့ ရန်သူက သင့်မိတ်ဆွေဖြစ်သည်’ ဆိုသည့် စကားအတိုင်း ထိုလူများသည် မောက်မာသော ဗီလိန် သခင်လေး၏ ဆန့်ကျင်ဖက်တွင် ရပ်တည်ကြသူများဖြစ်သည်။
ထိုမိုးကောင်ကင်၏သားတော် လုံးဝကြီးထွားပြီးသည်နှင့် သူ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်သည်ကို ထိုအင်အားစုများက ထိုင်ကြည့်နေရုံပင် ဖြစ်သည်။ ဇာတ်လိုက်၏မိတ်ဆွေများအနေဖြင့် သူတို့သည် အဆတစ်ရာ မကသော အကျိုးကျေးဇူးများ ပြန်လည် ရရှိတတ်ကြသည်။
ပုံမှန်အားဖြင့် ထိုလူများကို ဇာတ်လိုက်ဘက်က တရားမျှတမှုဘက်တော်သားများ (ဝါ) အမှန်တရားဘက်တော်သားများ ဟု ခေါ်သည် မဟုတ်ပါလော။
“သူက တကယ်ကို အကြိမ်ကြိမ် အစမ်းလေ့ကျင့်ထားတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ အငွေ့အသက်မျိုး ရှိတာပဲ၊ ဒါက ဇာတ်ညွှန်းနဲ့ အံဝင်ခွင်ကျပဲ”
ရန်ကျောက်ကဲက အကြီးအကဲခွိုင်နှင့် ရီကျင်းကို ခြေဆုံး ခေါင်းဆုံး ကြည့်လိုက်သည်။ သူသည် သူ၏လုပ်ရပ်အား မကွယ်ဝှက်နေသလို ယဉ်ကျေးနေခြင်းလည်း မရှိပေ။
အကြီးအကဲခွိုင်ကလည်း ဤသည်ကို သတိထားမိသည်။ သို့သော် ဒေါသထွက်ရမည့်အစား သူ ကြိတ်ဝမ်းသာနေသည်။
“ကောလဟာလတွေအတိုင်းပဲ….. မောက်မာပြီး သူတစ်ပါးကို အနိုင်ကျင့်တတ်တဲ့သူတွေဟာ နည်းနည်းလေးလောက်ကိုတောင် အထိမခံဘဲ ပြန်လက်စားချေတတ်ကြတယ်”
မုတ်ဆိတ်ဖြူအဖိုးကြီးသည် သူ့စိတ်ထဲက အတွေးများကို မျက်နှာတွင် မပေါ်စေဘဲ ပြုံးလိုက်သည်။
“ဒီလူတွေရှေ့မှာ မျက်နှာပျက်ပြီးတဲ့နောက်………၊ ဒီနေရာမှာ လူဆယ့်ခြောက်ယောက်ပဲရှိပေမယ့် သတင်းက လျင်လျင်မြန်မြန် ပျံ့သွားမှာပဲ တစ်ယောက်ကနေ ဆယ်ယောက်၊ ဆယ်ယောက်ကနေ အယောက်တစ်ရာ…..”
”အခု သူ့စိတ်ထဲမှာ ဆူးကို စိုက်ထားလိုက်ပြီ၊ ဒီကလေး ဒီတိုင်း လက်ခံနိုင်မှာ မဟုတ်ဘူး၊ သူ ဒီနေရာမှာပဲ ပေါက်ကွဲပြီး ဂျူနီယာရီကျင်းကို နှိပ်ကွပ်ဖို့ ကြိုးစားမလား ဒါမှမဟုတ် နဂါးချုပ်လှောင်ခြင်းချောက်နက် ရောက်တဲ့အထိ တောင့်ခံထားမလား၊ ဘယ်လိုရလဒ်ထွက်ထွက် လက်ခံနိုင်စရာပဲ”
ရန်ကျောက်ကဲသည် အကြီးအကဲခွိုင်ကို ကြည့်သည်။ တဖန် ရီကျင်းအား ကြည့်လိုက်ပြန်သည်။ စိတ်ထဲမှာတော့ သူက လှောင်ပြောင်ရယ်မောလျက်ရှိသည်။
“ပထမ ငါက ရီကျင်းရဲ့ စွမ်းရည်ကို အထင်သေးတဲ့အကြောင်း ပြမယ်၊ နောက်တော့ ရီကျင်းက သူ့ရဲ့ အရှုံးမပေးတဲ့စိတ်ဓာတ်ကို ထုတ်ဖော်ပြမယ်၊ ငါပြောတာ သူ လက်မခံတဲ့အတွက် ငါ မျက်နှာပျက်ပြီး ဒေါသထွက်လာမယ်၊ နောက်ဆုံး ငါ့ရဲ့ နောက်လိုက်ငယ်သားတွေ ဂျူနီယာညီလေးတွေကို စေလွှတ်ပြီး သူ့ကို သင်ခန်းစာ ပေးခိုင်းမယ်၊ သူတို့သွားတွေအကုန် ကျွတ်ထွက်ကုန်တဲ့အထိ ဆိုးဆိုးရွားရွားကြီး အရိုက်ခံရမယ်၊ ဒီလိုအခြေအနေမျိုးမှာ သူက ငါ့ကို စပြီး မတိုက်ခိုက်သရွေ့ ငါကိုယ်တိုင် သွားပြီး စိန်ခေါ်ရင်တောင် ဂိုဏ်းသားအချင်းချင်း သိုင်းပညာဖလှယ်ရုံလောက်ပဲ ဖြစ်နိုင်မယ်”
သင့်ထက် အဆင့်နိမ့်သော ကျင့်ကြံမှုရှိသည့် လူက စတင် မစိန်ခေါ်သရွေ့ သင့်၏ကျင့်ကြံမှုတစ်ခုလုံးကိုသုံး၍ ဖိနှိပ်ခြင်းက အားနည်းသူကို အနိုင်ကျင့်သည်မည်၏။
ထိုသို့ဖြစ်လာသည်နှင့် ဇာတ်လိုက် အရောင်အဝါ ရှိသည့် ထိုမိုးကောင်းကင်၏သားတော်က မွေးရာပါအစွမ်းများကို အသုံးပြုကာ အဆင့်ကျော်၍ဖြစ်စေ ဂိုဏ်းမှ နံပါတ်တစ် ပါရမီရှင်သခင်လေး၏နောက်လိုက်ငယ်သား ပါရမီရှင်များကို ရိုက်နှက်ပြီး အဆင့်တူအတွင်း ပြိုင်ဘက်ကင်းလေသတည်း။
တစ်ယောက်ထဲ စေလွှတ်လျှင် အလုပ်မဖြစ်ပေ။ အုပ်စုလိုက် စေလွှတ်လျှင်ပင် အလုပ်ဖြစ်လောက်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အားဖြင့် သူတို့ကို များပြားသော အတွေ့အကြုံ ရမှတ်များအဖြစ်ပြောင်းလဲကာ ဇာတ်လိုက်ရီကျင်း၏ ကြီးထွားနှုန်းကို မြန်ဆန်စေလိမ့်မည်ဖြစ်သည်။
“သူ ဆက်တိုက်ခိုက်မယ်ဆို နေရာမှာတင် သူ အဆင့်တက်သွားမှာလား”
ဤသည်က အလွန် ဖြစ်နိုင်ချေရှိသော အရာဖြစ်သည်။
“အဲ့အချိန်မှာ ငါ့ နောက်လိုက်တွေ ကျိုးကန်းပြီး ပြန်လာမယ်၊ ငါ ဒေါသထွက်သွားမယ်၊ ငါက အားနည်းသူကို အနိုင်ကျင့်တာတို့ ဘာတို့ အပြောခံရမှာ ဂရုမစိုက်တော့ဘဲ ဒီ ရီကျင်းကို ကိုယ်တိုင်သင်ခန်းစာပေးဖို့ ကြိုးစားမယ်၊ လက်ရှိရီကျင်းက ငါ့ထက် အများကြီး အားနည်းတယ်၊ ဒါပေမယ့် သူ့ရဲ့ အရှုံးမပေးတဲ့ စိတ်ဓာတ်ခိုင်မာမှုက သူ့ထက် ကျင့်ကြံမှုအဆင့်အများကြီးမြင့်တဲ့ ငါ့ရဲ့ တိုက်ကွက်ပေါင်းများစွာကို တောင့်ခံနိုင်လိမ့်မယ်၊ သူ ဘယ်လောက် ထူးချွန်လဲဆိုတာ ပြတဲ့ ဇာတ်ကွက်အတိုင်းပေါ့”
“ဒါမှမဟုတ် သူက သူ့ရဲ့ လျို့ဝှက်မှော်ပစ္စည်းလေးကို သုံးပြီး ငါ နည်းနည်းရှုံးသွားအောင် နောက်ဆုတ်သွားအောင် လုပ်ရင်လည်း လုပ်လိမ့်မယ်”
“အဲ့မှာ ငါတကယ် ဒေါသထွက်လာ၊ အစွမ်းကုန်သုံးပြီး သူ့ကို သေလုမျောပါးဖြစ်အောင် တိုက်ခိုက်တော့မယ့်အခါကြ၊ ဒီအကြီးအကဲခွိုင် ဒါမှမဟုတ် အခြားဇာတ်ကောင်တစ်ခုက ဝင်တားပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်လိမ့်မယ်၊ အဲ့အခါက ငါက ဖန်တရာတေနေတဲ့ စကားတွေ ပြောမယ်
‘နိမ့်ကျတဲ့ ပိုးကောင်၊ ဒီနေ့တော့ ကံကောင်းသွားတယ်မှတ်’ ဒါမှမဟုတ် အဲ့လိုဟာမျိုး တစ်ခုခုပေါ့၊ ဒီလိုနဲ့ ဒီနေ့ရဲ့ တင်ဆက်မှုကြီးက ပြီးသွားမယ်မလား”
“ငါ ဒီပွဲကို နိုင်ရင်တောင် ဂုဏ်ယူစရာမရှိဘူး၊ လူအများက ငါ ခွန်အား အားကိုးပြီး အားနည်းတဲ့သူကို အနိုင်ကျင့်တယ်လို့ ထင်ကြလိမ့်မယ်၊ အဲ့အခါကျ သူတို့က ရီကျင်းကို ဝိုင်းပြီး ဂရုဏာသက်ကြမယ်မလား”
ရန်ကျောက်ကဲ၏ နှုတ်ခမ်းများ မဲ့ရွဲ့သွားသည်။
“ဒီဇာတ်ညွှန်း….. ငါ့ကို အရူးများ ထင်နေလား”
အကြီးအကဲခွိုင်က ရန်ကျောက်ကဲနှင့် ရီကျင်းအား အပြစ်ကင်းစွာ ပြုံးပြနေ၏။စစ်ခုန်ချင်းက ရန်ကျောက်ကဲကို သတိဖြင့် စောင့်ကြည့်နေသည်။ လူတိုင်းက ရန်ကျောက်ကဲကို စိုးရွံမှုများ၊ မျှော်လင့်နေမှုများ ရောယှက်နေသည့် အကြည့်များနှင့် ကြည့်နေကြသည်။ သူ မည်သို့ တုံ့ပြန်မည်ကို တွေးနေကြသည်။
“နဂါးချုပ်လှောင်ခြင်းချောက်နက်ကို မင်းတို့ထဲက အနည်းစု ရောက်ဖူးကြလိမ့်မယ်
ဒါပေမယ့် မင်းတို့အားလုံး အဲ့ချောက်နက်ရဲ့ ကြောက်စရာကောင်းပုံကို သိထားကြလိမ့်မယ် ထင်ပါတယ်” လူတိုင်း မျှော်လင့်နေစဥ် ရန်ကျောက်ကဲ စတင် စကားပြောလိုက်
သည်။
“မင်းတို့ရဲ့ လက်ရှိကျင့်ကြံမှုနဲ့ အနက်ထဲ သွားဖို့မပြောနဲ့ ချောက်အစပ်နားရောက်ရင်တောင် ကြီးမားတဲ့ အန္တရာယ်နဲ့ တွေ့ကြုံရလိမ့်မယ်၊ ငါက မင်းတို့နဲ့ အတူတူသွားမယ် ဆိုပေမယ့် ဒီခရီးရဲ့ အဓိက ရည်ရွယ်ချက်က မင်းတို့ကို လေ့ကျင့်ပေးဖို့ပဲ၊ ဒါ ရှု့ခင်းကြည့်ခရီးမဟုတ်ဘူး၊ ငါက အကိုကြီးကျင့်ဝတ်အတိုင်း ဆောင်ရွက်မယ်၊ မင်းတို့ကလည်း ခရီးလမ်းမှာ ကြံ့ကြံ့ခိုင်ခံနိုင်ဖို့ လိုတယ်”
ရန်ကျောက်ကဲ၏စကားများကို ကြား၍ အကြီးအကဲခွိုင် အနည်းငယ် ပြုံးလိုက်၏။ သူ့စိတ်ထဲတွင် တွေးနေသည်။ “ကြည့်ရတာ ရန်ကျောက်ကဲက နဂါးချုပ်လှောင်ခြင်းချောက်နက်ရောက်မှ လှုပ်ရှားမယ် ထင်တယ်”
ရီကျင်းနှင့် စစ်ခုန်ချင်းတို့ ရင်ထိတ်သွားသည်။
သို့သော် ထိုအချိန်တွင် ရန်ကျောက်ကဲက ရုတ်တရက် သူ့လေသံကို ပြောင်းလိုက်သည်။
“မင်းတို့နဲ့ ငါက အတူတူသွားကြမှာ၊ အဲ့တော့ အကိုကြီးတစ်ယောက်အနေနဲ့ ငါက မင်းတို့ကို ကြည့်ရှု့သင့်တာ အမှန်ပဲ၊ စကားပုံလိုပေါ့ကွာ အလုပ်ကောင်းကောင်းလုပ်ဖို့ ပစ္စည်းကောင်းကောင်းလိုတယ်”
ရန်ကျောက်ကဲ လက်ဖျောက်တီးလိုက်သည်။
“အားဟူ”
အရပ်ရှည်ပြီးထွားကြိုင်းသောလူတစ်ယောက် အပေါက်ဝမှ ဝင်လာသည်။ “အမိန့်ရှိပါ၊ မင်းသား”
ရန်ကျောက်ကဲက “ဒုတိယတန်းစားဝိဉာဉ်လက်နက် ဆယ့်ခြောက်ခု ယူလာခဲ့
ဓားနဲ့ ခုခံရေးအမျိုးအစားဝိဉာဉ်လက်နက်တွေကို အဓိက ရွေး”
ခဏအကြာတွင် လက်နှစ်ဖက်လုံးအပြည့် ပွေ့လာရသည့် ပစ္စည်းများနှင့် အားဟူ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ထိုအရာများကို လူတိုင်း၏ရှေ့မှောက်တွင် ချထားလိုက်သည်။
ခန်းမတစ်ခုလုံး ပြိုးပြိုးပျက်ပျက်အရောင်များကြောင့် လူငယ်တပည့်များသည် သူတို့၏ မျက်လုံးများပင် မဖွင့်နိုင်ကြချေ။ ထို့ပြင် ထိုလက်နက်များမှ ဖြာထွက်နေသော စွမ်းအင်လှိုင်းများကြောင့် သူတို့၏ သွေးနှင့် ချီတို့ မငြိမ်မသက်ဖြစ်နေသည်။
“ဝိဉာဉ်လက်နက်တွေ…. အကုန်လုံးဝိဉာဉ်လက်နက်တွေချည်းပဲ”
လူတစ်ယောက်ချင်းစီက သူတို့၏ အံ့အားသင့်မှုကို ဖော်ပြနေကြသည်။
“စီနီယာအကိုကြီးရန်၊ ဒီဝိဉာဉ်လက်နက်တွေက…..”
ရန်ကျောက်ကဲက “ဒီလက်နက်တွေက ငါ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေချည်းပဲ၊ ဂိုဏ်းက မဟုတ်ဘူး၊ ငါ ဒါတွေအကုန်လုံးကို မင်းတို့ကို ပေးဖို့ ဆုံးဖြတ်ပြီးပြီ၊ စုစုပေါင်း ဝိဉာဉ်လက်နက် ဆယ့်ခြောက်ခု ရှိတယ်၊ မင်းတို့ တစ်ယောက်ချင်းစီအတွက်ပဲ၊ ဝါစဉ်အလိုက် တစ်ယောက်ချင်းစီ ကိုယ်ကြိုက်တာကိုယ် ယူကြ”
ခန်းမတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။ တံတွေးမျိုချသံကဲ့သို့ ခပ်တိုးတိုး အသံများသာ ကြားရ၏။
အဆင့်နိမ့်ကျင့်ကြံမှုရှိသော ဤတပည့်အသစ်များအတွက်တော့ ထိုဝိဉာဉ်လက်နက်များက ရှားပါးရတနာများဖြစ်ကြသည်။ ဂိုဏ်း၏ လူငယ်သိုင်းပြိုင်ပွဲအတွင်း ထိပ်ဆုံးသုံးနေရာရရန် ပြင်းပြင်းထန်ထန် ယှဉ်ပြိုင်ခဲ့ပြီးမှ ရီကျင်းနှင့် အခြားလူနှစ်ယောက်တို့ ဝိဉာဉ်လက်နက်များကို ဆုအဖြစ် ရခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူတို့သည် တစ်ယောက်လျှင် တစ်ခုစီသာ ရခဲ့၏။
မည်မျှပင် သူတို့အားထုတ်ခဲ့ရသနည်း။ ထိုဝိဉာဉ်လက်နက်များရစဉ်အခါက သူတို့ မည်သည်အထိ ဂုဏ်ယူဝင့်ကြွားခဲ့ကြသနည်း။
သို့သော် ယခုတော့ လူတိုင်းက ဝိဉာဉ်လက်နက်တစ်ခုစီ ရနေသည်။
ရီကျင်းနှင့် အခြားသူနှစ်ဦးက ဝိဉာဉ်လက်နက်တစ်ခုစီကို ပိုုင်ဆိုင်ပြီးဖြစ်သော်လည်း ဤကဲ့သို့ တန်ဖိုးကြီးရတနာတစ်ခုအား နောက်ထပ် ရလာနိုင်မည့်အခွင့်အရေးကို မည်သူက ငြင်းပယ်နိုင်မည်နည်း။
လူငယ်ကျင့်ကြံသူများ၏အိမ်မက်ထဲမှာပင် တောင့်တကြသည့် ဝိဉာဉ်လက်နက်များကို သတ္တုအပိုင်းအစများကဲ့သို့ မျက်တောင်မခတ်တမ်း အလွယ်တကူ ထုတ်ပေးလိုက်သည့် ရန်ကျောက်ကဲအား အံ့ဩတကြီးဖြစ်မိကြရုံသာဖြစ်သည်။
ထို့အပြင် ရန်ကျောက်ကဲသည် ထိုဝိဉာဉ်လက်နက်များကို ဂိုဏ်း၏ဘဏ္ဍာတိုက်မှ ရယူရန် သူ၏အဆင့်အတန်းကို အသုံးမပြုခဲ့ပေ။ ထိုအစား၊ ထိုအရာများသည် သူ့၏ ကိုယ်ပိုင်’ပိုင်ဆိုင်မှုထဲမှ ဖြစ်သည်။
ထိုအခိုက်တွင် ရန်ကျောက်ကဲအပေါ် လူတိုင်း၏သဘောထားက အရင်ကထက်စာလျှင် ရုတ်တရက် ပြောင်းလဲသွားသည်။ သူတို့သည် ရန်ကျောက်ကဲအား ယခင်ကထက် လေးစားလာကြပြီး ပိုမိုအလေးထားလာကြသည်။
သို့သော် ရီကျင်း၏လက်သီးများ တင်းတင်းကျပ်ကျပ်ဆုပ်ထားသည်။ သူ့မျက်လုံးထဲမှ ဒေါသအရိပ်အယောင်များကို မဖုံးကွယ်နိုင်ပါ။
သူသည် ရန်ကျောက်ကဲက သူ့အား အရှက်ခွဲနေသည်ဟု ခံစားရသည်။ ရန်ကျောက်ကဲသည် သူ့ကြွယ်ဝမှုကို သူ့ရှေ့၌ တမင်သက်သက် ကြွားဝါနေသည်ဟု ထင်နေ၏။
စစ်ခုန်ချင်းက ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး စိတ်မချမ်းမြေ့စွာဖြင့် ခေါင်းအနည်းငယ် ယမ်းလိုက်၏။
အကြီးအကဲခွိုင် အစက အံ့ဩသွားသည်။ သို့သော် ခဏကြာပြီးနောက် စိတ်ထဲတွင် ရယ်မောလိုက်၏။
“ဒါ ဘာလဲဟ၊ ကြွယ်ဝမှုကို သုံးပြီး လူတိုင်းကို သူ့ဘက်ပါဖို့ စည်းရုံးတယ်၊ အခြားသူတွေကို လာဘ်ထိုးပြီး ရီချင်းကို အထီးကျန်အောင် လုပ်တယ်၊ တချိန်တည်းမှာပဲ သူဘယ်လောက်ချမ်းသာလဲဆိုတာ ကြွားဝါရင်းနဲ့”
“ဝန်ခံရမှာပဲ… ဒါ အရမ်ကောင်းတဲ့အကွက်ပဲ၊ ရလဒ်ကလည်း မဆိုးပါဘူး၊ သူ ခုနက မျက်နှာပျက်သွားတာကို ပြန်ဆယ်လိုက်နိုင်တယ် ပြောရမှာပဲ”
“ဒါပေမယ့် ဒီလို လုပ်ရပ်မျိုးက ဟား… ဟား… ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ ကောင်တွေရဲ့ လုပ်ရပ်မျိုး မဟုတ်လား”
“ဒီကလေးက သတိထားရမယ့်လူ မဟုတ်ဘူး၊ အနာဂတ်မှာ သူ့အဖေကို သေချာပေါက် ဒုက္ခပေးလိမ့်မယ်”
အကြီးအကဲခွိုင်က ခေါင်းတယမ်းယမ်းနှင့် ပြုံးနေ၏။ ထို့နောက် ချပ်ဝတ်တစ်ခုကို ကောက်ယူကြည့်ရှု့ပြီး ရီကျင်းနှင့် အခြားလူများအား ပြောလိုက်၏။
“နဂါးချုပ်လှောင်ခြင်;ချောက်နက်က တကယ် အန္တရာယ်များတယ်၊ ဒါကို မင်းတို့စီနီယာအကိုကြီးရန်ရဲ့ စေတနာလို့သာ သဘောထားလိုက်”
လူတိုင်း၏မျှော်လင့်နေသော အကြည့်များအောက်တွင် ရန်ကျောက်ကဲသည် ဖြည်းဖြည်းမှန်မှန်နှင့် အမူအရာမပြောင်းလဲဘဲ စကားဆက်ပြောလိုက်သည်။
“အဲ့လက်နက်တွေက ငါ မင်းတို့ကို လက်ဆောင် အနေနဲ့ ပေးတာပဲ၊ ပြန်ပေးဖို့ မလိုဘူး၊ အဲ့တာက မင်းတို့အပိုင် ဖြစ်သွားပြီ၊ ဒါပေမယ့် အဲ့ဒီ့ဝိဉာဉ်လက်နက်တွေရဲ့ စွမ်းဆောင်ရည်တွေကို ငါ့ဆီ ပြန်လည်တင်ပြပေးဖို့ ငါ တောင်းဆိုချင်တယ်”
“မင်းတို့ဘာမင်းတို့ အဲ့လက်နက်တွေကို မွမ်းမံတာပဲဖြစ်ဖြစ်၊ သန့်စင်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် အသုံးပြုတာပဲဖြစ်ဖြစ် သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို သေသေချာချာ မှတ်သားထားပေးပါ၊ အဲ့လိုမှ ဘယ်ဟာညံ့လဲ ဘယ်ဟာကောင်းလဲဆိုတာ ခွဲခြားနိုင်ပြီး နောက်တစ်သုတ်ကို သန့်စင်တဲ့အခါ လိုအပ်သလို ချိန်ညှိ့နိုင်မယ်”
တပည့်အားလုံး ချက်ချင်း သဘောတူလိုက်ကြသည်။ ထို့နောက် တစ်စုံတစ်ခုက ထူးဆန်းနေသည်ကို သူတို့ တွေးမိသွားကြသည်။ တခဏမျှကြာပြီးနောက် လူတိုင်း၏အာရုံများက ရန်ကျောက်ကဲထံသို့သာ ကျရောက်နေကြသည်။ သရဲကို မြင်ရသည့်အလား သူတို့၏မျက်နှာများက မယုံနိုင်ဖြစ်နေကြသည်။
အကြီးအကဲခွိုင် အကြီးအကျယ် တုန်ရီသွားပြီး သူ့လက်ထဲက ဝိဉာဉ်လက်နက်ပင် လွတ်ကျလုမတတ် ဖြစ်သွားသည်။
“မင်း ခုနက ဘာပြောလိုက်တာလဲ”
Kkkkk
🔥