အခန်း (၂၀၁)

မင်းထင်သလိုမဟုတ်ဘူး

အခန်း (၂၀၁) မင်းထင်သလိုမဟုတ်ဘူး

“ဟား…”

ရှောင်ယွိ ပါးစပ်ကိုဟလိုက်ပြီး သွားစွယ်များကို ဖြဲပြလိုက်သည်။

သူမက သစ်ပင်အမြစ်တွင် တွယ်ကပ်နေသည့် တီကောင်ကို ကြောက်ရွံ့သွားစေရန် ကြိုးစားနေခြင်း ဖြစ်၏။

“ဂိုဏ်းတူအစ်မ… နဂါးဟိန်းသံလုပ်မှရမှာနော်… ၊ အဲဒါမှ နဂါးအရှိန်အဝါနဲ့ အဲဒီအကောင်သေသွားမှာ…”

ကျန်းလန်၏ အသံထွက်ပေါ်လာသည်။

ကျန်းလန်က ရှောင်ယွိကို ကျောခိုင်းထားရင်းဖြင့် ဘာမှတ်မတတ်နိုင်ဟန်ဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

“ဂိုဏ်းတူမောင်လေး လုံး၀ ခိုးနားမထောင်ရဘူးနော်… ၊ အဲဒါဆို နဂါးဟိန်းသံလုပ်ဖို့ ကျွန်မ သဘောတူတယ်…”

ရှောင်ယွိက သူမကို ကျောခိုင်းထားသည့် ကျန်းလန်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းစူရင်း ပြောလိုက်သည်။

သူမက ကျန်းလန်ကို ခိုးနားမထောင်ရန်သာပြောပြီး နားများကို ပိတ်ထားရန် မပြောခဲ့ပေ။ ထို့ကြောင့် ကျန်းလန်ကလည်း နားများကို ပိတ်ဆို့ထားခြင်း မပြုလုပ်ဘဲ နားစွင့်နေခဲ့၏။

ထို့နောက် ရှောင်ယွိက လုန်ယွိပုံစံ ပြန်ပြောင်းရန် ဆုံးဖြတ်လိုက်သည်။

သို့ရာတွင် လုန်ယွိပုံစံ ပြန်မပြောင်းခင် သူ့ကို ကျောခိုင်းထားသည့် ကျန်းလန်ရှေ့သို့ ရှောင်ယွိက ဘေးမှပတ်ပြီး ပြေးသွားလိုက်သည်။

တီကောင်ကို မဖယ်ရှားဘဲ သူ့ထံပြေးလာသည့် ရှောင်ယွိကို တွေ့ရသည့်အခါ ကျန်းလန် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။

သူက အနည်းငယ် မှင်တက်သွားရင်း…

“တီကောင်ကို ဖယ်ပြီးပြီလား…”

ဟု မေးလိုက်၏။

ရှောင်ယွိ တီကောင်ကို ဖယ်ရှားလိုက်သည်ဆိုလျှင် သူလည်း နဂါးဟိန်းသံတစ်ချက်မှ မကြားလိုက်ရပါလား။

ဂိုဏ်းတူအစ်မက မန္တန်ပညာအသုံးပြုပြီး သူ၏နားများကို ပိတ်ဆို့လိုက်သည်လား။

ဤသည်လည်း မဖြစ်နိုင်ပေ။ ရှောင်ယွိ သူ့အပေါ် မန္တန်အသုံးပြုမည်ဆိုလျှင် ကျန်းလန်က သေချာပေါက် ရိပ်မိမည်ပဲ ဖြစ်၏။

ရှောင်ယွိက ကျန်းလန်ရှေ့ရောက်သည်နှင့် ချက်ချင်းပင် လုန်ယွိပုံစံ ပြန်လည်ပြောင်းလဲဖန်ဆင်းလိုက်သည်။ ကျန်းလန်မှာ မြင်ကွင်းကိုကြည့်ပြီး အံ့သြမှင်တက်သွားရသည်။

လုန်ယွိအဖြစ်အသွင်ပြောင်းသွားသည်နှင့် မိန်းကလေးတစ်ယောက် ရှိသင့်ရှိထိုက်သည်များကလည်း ပြောင်းလဲသွားပြီး မျက်နှာပုံပန်းသဏ္ဍန်လည်း အနည်းငယ် ပြောင်းလဲသွားသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းလန်ရှေ့မှ ရှောင်ယွိလေးသည် လုန်ယွိအဖြစ်ပြောင်းလဲသွားတော့၏။

“ခဏနေရင်… ခိုးမကြည့်ရဘူးနော်…”

လုန်ယွိက ကျန်းလန်ကို အမိန့်ပေးသံဖြင့် ပြောလိုက်သည်။

ထို့နောက် လုန်ယွိက ကျန်းလန် နောက်ကျောဘက်သို့ ပြန်လည်ထွက်ခွာသွားလေတော့၏။

ကျန်းလန်လည်း စိတ်မထိန်းနိုင်ဘဲ သိချင်စိတ်ဖြင့် နောက်သို့လှည့်ကြည့်လိုက်သည်။ သူ လုန်ယွိကို ခိုးကြည့်လိုက်ခြင်း ဖြစ်သည်။

စောစောက ရှောင်ယွိလေး သူ့ရှေ့တွင် ရုတ်တရက် လုန်ယွိအဖြစ်ပြောင်းလဲသွားခြင်းက သူ့ကို အံ့သြမှင်တက်စေခဲ့သည်။

လုန်ယွိက ရှောင်ယွိအဖြစ် ကြီးရာမှ သေးသွားသည်ကို သူ သိပ်ပြီး မခံစားရပေ။ သို့ပေသိ သေးရာမှ ကြီးသွားသည်ကတော့ အနည်းငယ် အံ့သြစရာပင်။

သူ့စိတ်ထဲတွင် မည်သို့မှ ခံနိုင်ရည် မရှိခဲ့ပေ။

အခြားတစ်ယောက်ဆိုလျှင်တော့ အရေးစိုက်နေမည်မဟုတ်ဘဲ ကျင့်ကြံခြင်းအကြောင်းကိုသာ စဉ်းစားရင်း စိတ်ထိန်းနိုင်မည် ဖြစ်သည်။

သို့သော် လုန်ယွိကတော့ မတူကွဲပြား၏။

သူလှည့်ကြည့်လိုက်သည်နှင့် လုန်ယွိကလည်း သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ကျန်းလန် အံ့အားသင့်သွားရပြန်သည်။

ပိုပြီးထူးဆန်းသည်မှာ လုန်ယွိက ကျန်းလန်ကိုကြည့်ပြီး ပြုံးနေခြင်း ဖြစ်၏။ ထိုအပြုံးက ကျန်းလန်၏ နှလုံးသားကို ထိုးဖောက်နိုင်သည့် အပြုံးမျိုးပင်။

“………………”

ကျန်းလန် လှည့်ကြည့်လာသည်ကို တွေ့သည်နှင့် လုန်ယွိ၏မျက်နှာက ချက်ချင်းပြန်တည်သွားပြီး အေးစက်သည့်အသွင်သို့ ပြောင်းလဲသွားသည်။

“ဂိုဏ်းတူမောင်လေး… ဘာလို့ ခိုးကြည့်တာလဲ…”

သူမ၏အသံထဲတွင် ရှက်ရွံ့ခြင်းနှင့် ဒေါသအနည်းငယ်ပါဝင်နေသော်လည်း သတိထားမိရန် ခက်ခဲသည်။

ကျန်းလန် ချက်ချင်းပင် ပြန်လှည့်လိုက်ပြီး အတန်ကြာ စကားမပြောဘဲ ငြိမ်သက်နေမိသည်။

ပြီးမှ…

“တစ်ခါမှ မပြုံးဘူးတဲ့ ဂိုဏ်းတူအစ်မရဲ့အပြုံးလေးက အရမ်းလှလို့ ကိုယ်လည်း ခိုးကြည့်မိသွားတာပါ…”

ပတ်ဝန်းကျင်က ပြန်လည်တိတ်ဆိတ်သွားသည်။

ထို့နောက် တိတ်ဆိတ်မှုထဲမှ အသံတစ်သံထွက်ပေါ်လာ၏။

“အု..”

လုန်ယွိက သစ်ပင်အမြစ်ဆီသို့ ဟိန်းဟောက်နေခြင်း ဖြစ်သည်။

သို့သော် ဤသည်က နဂါးဟိန်းသံ မဟုတ်ပေ။ တီကောင်အော်သံ ဖြစ်ရပေမည်။

ခိုးကြည့်၍လည်းမဖြစ်လေရာ ကျန်းလန် ကူရာကယ်ရာမဲ့သလို ဖြစ်နေစဉ်မှာပင် ပတ်ဝန်းကျင်တွင် တန်ခိုးစွမ်းအားများ ရုတ်တရက်မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။

“ဂါး… ဂရား…”

ယခုမှ နဂါးဟိန်းသံ ထွက်ပေါ်လာခြင်း ဖြစ်၏။

နဂါးဟိန်းသံကြီးက လောကတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

လုန်ယွိ နဂါးပုံစံ ပြောင်းလဲသွားပြီ ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။ ထို့ပြင် နဂါးကအလွန်တရာ စွမ်းအားကြီးမားကြောင်းကိုလည်း ခံစားလိုက်မိသည်။

လုန်ယွိသာ ကျန်းလန်နှင့် ကျင့်ကြံခြင်းအဆင့်တူမည်ဆိုလျှင် လက်သီးချက် (၃)ချက်ခန့်ထိုးမှသာ သတ်ဖြတ်ပစ်နိုင်မည် ဖြစ်၏။

ထို့ပြင် လုန်ယွိက တန်ခိုးစွမ်းအားမြှင့်တင်သည့် လျှို့ဝှက်နည်းလမ်းများကို အသုံးပြုမည်ဆိုပါက လက်သီးချက် (၃)ချက်နှင့်ပင် ရင်ဆိုင်ရခက်ခဲပေလိမ့်မည်။

နဂါးမျိုးနွယ်များက သာမန်မဟုတ်သည်ကတော့ သေချာလှသည်။

သို့သော် ကျန်းလန်က အင်မော်တယ်ဖြစ်သည့်အတွက် အားသာချက်ရှိသည်ဟု ဆိုရမည်။ အန္တရယ်ကိုးသွယ်စွမ်းအားက သူ၏တန်ခိုးစွမ်းအားများကို ထိပ်ဆုံးရောက်အောင် မြှင့်တင်ပေးထားသည်။

ထို့ကြောင့် အရင်ကတည်းကပင် ကျင့်ကြံခြင်းအဆင့်တူသူများကြားတွင် ကျန်းလန်က နှာတစ်ဖျားသာစမြဲ ဖြစ်သည်။

ယခင် နွားရိုင်းကိုးကောင်တန်ခိုးစွမ်းအား အသုံးပြုစဉ်က သူ့ထက် ကျင့်ကြံခြင့်အဆင့်မြင့်သူများကိုပင် သတ်ဖြတ်နိုင်မည်ဟု ခံစားခဲ့ရသည်။ ယခု အန္တရယ်ကိုးသွယ်စွမ်းအားအသုံးပြုရာတွင်လည်း သို့နှယ်အတူတူပင် ဖြစ်၏။

“ပြီးပြီ…”

လုန်ယွိ၏အသံ ထွက်ပေါ်လာသည်။

သူမအသံတွင် ကျန်းလန်ကို လှည့်ကြည့်စေချင်သည့် အရိပ်အယောင်များပါဝင်နေသည်။ ကျန်းလန် သူ့အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ခဏအတွင်း မိုးနတ်ဧကရီတစ်ပါးပမာ လှပချောမောလွန်းသည့် လုန်ယွိကို ကျန်းလန် ငေးကနဲ ဖြစ်သွားရသည်။

ဆံနွယ်များက ခါးထိအောင်ရှည်လျားပြီး ချောမွေ့သောအသားအရည် ၊ နွဲ့နှောင်းသောကိုယ်ဟန်တို့ဖြင့် ကျက်သရေရှိစွာဖြင့် မတ်တတ်ရပ်လျှက် ရှိလေသည်။

ကျန်းလန်လှည့်ကြည့်လာသည်နှင့် လုန်ယွိက ချက်ချင်းပင် ရှောင်ယွိပုံစံအဖြစ် သေးငယ်ကျုံ့ဝင်သွားပြန်သည်။

“ရပြီ… ဂိုဏ်းတူမောင်လေး… ဆက်လုပ်…”

သေးငယ်သွားသည့် ရှောင်ယွိလေး၏အသံက ကြည်လင်သာယာစွာ ထွက်ပေါ်လာသည်။

သူမ ပြောသည့် စကားသံလေးကလည်း အနည်းငယ် ရယ်ချင်စိတ်ပေါက်နေဟန်ရှိသည်။

အချိန်အတန်ကြာ အတူတူဖြတ်သန်းခဲ့ကြပြီးသည့်နောက် သူ၏ဂိုဏ်းတူအစ်မက အမှန်တကယ်ပင် ချောမောလှပလွန်းသည်ကို ကျန်းလန် မငြင်းနိုင်ခဲ့ပေ။

သူမ၏အလှတရားက အခြားသူများနှင့်မတူ တစ်မူထူးခြားသည့် အလှတရားမျိုး ဖြစ်တော့၏။

………………

ည…

ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။

ကျောက်စိမ်းရေကန်မှ မြေလွှာအချို့ကို ယူလာခဲ့ပြီး မြေဆီလွှာတွင် ဖြစ်ပေါ်နေသည့် ပြဿနာများကို သေသေချာချာ လေ့လာကြည့်သည်။

အံ့သြရသည်မှာ ထိုမြေဆီလွှာမျိုးတွင် မည်သည့်ပန်းပင်မှ စိုက်ပျိုးရန် မလွယ်ကူကြောင်း သိလိုက်ရခြင်းပင်။ မြေဆီလွှာက ထူးခြားပြီး ကျောက်စိမ်းရေကန်မှ တန်ခိုးစွမ်းအားများ ပါဝင်နေ၏။

ထူးခြားသည့် ဝိညာဉ်ဆေးပင်မျိုးမဟုတ်ဘဲ သာမန်ပန်းပင် ၊ သစ်ပင်များ ရှင်သန်နိုင်မည် မဟုတ်ပေ။

ကျောက်စိမ်းရေကန်တွင် ပေါက်ရောက်နေသည့် သစ်ပင်များကတော့ ပတ်ဝန်းကျင်နှင့် နေသားတကျဖြစ်နေသည်ဟု ဆိုနိုင်သည်။ သို့သော် ထိုအပင်များက အခြားနေရာတွင် ပေါက်ရောက်နိုင်ရန် မလွယ်ကူပေ။

နောက်ပိုင်းတွင်တော့ ကျန်းလန် ကျောက်စိမ်းရေကန်သို့ မကြာခဏသွားရောက်ပြီး တောင်ကမ်းပါးစွန်းတွင် ပေါက်ရောက်နေသည့်သစ်ပင်နှင့် မြေဆီလွှာကို လေ့လာခဲ့သည်။

တောင်ကမ်းပါးမှ သစ်ပင်ကတော့ မည်သည့်အရာမှ မှားယွင်းနေခြင်း မရှိပေ။

ယနေ့လည်း ကျန်းလန် ကျောက်စိမ်းရေကန်မှ ပြန်လာခဲ့ပြီးနောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးလိုက်သည်။

ထိုအရာလေးများ၏အခြေအနေက ပုံမှန်အတိုင်းပင်ဖြစ်ပြီး တိုးတက်ခြင်းလည်းမရှိသလို ဆုတ်ယုတ်ခြင်းလည်း မရှိပေ။ ထိုအတိုင်းပင် နှစ်ပေါင်း (၂၀၀) ကျော် မပြောင်းမလဲ တည်ရှိနေခဲ့သည်။

ရှေ့လျှောက် ပြောင်းလဲမှုတစ်ခုတစ်လေ ဖြစ်လာမည်လား ဆိုသည်ကို မည်သူမှ မသိနိုင်ပေ။ ကျန်းလန်ကတော့ ပြောင်းလဲမှုကို မမျှော်လင့်ပေ။

သူ့အချစ်တော်လေးများက ဤအတိုင်းပင် အတော်လေး စိတ်ဝင်စားစရာကောင်းနေပြီ ဖြစ်သည်။ ယခုအတိုင်းက ဘာမှ ထွေထွေထူးထူး လုပ်ပေးနေစရာမလိုသဖြင့် အချိန်ကုန်လည်း သက်သာသည်။

ကျန်းလန်က ကျင့်ကြံရင်းဖြင့်ပင် နာမ်ဝိညာဉ်ရောင်ပြန်ပညာကိုလည်း လေ့လာနေခဲ့သည်။

နှစ်ပေါင်း (၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် နာမ်ဝိညာဉ်အိမ်တစ်လုံး တည်ဆောက်နိုင်ခြင်း မရှိသေးပေ။ ထိုပညာက သူ မျှော်လင့်ထားသည်ထက်ပိုပြီး နက်နဲသည်။ လွယ်မယောင်နှင့်ခက်သည်ဟု ဆိုရမည်ပင်။

ထိုကျမ်းစာအုပ်ကို တစ်ခေါက်ဖတ်လေတိုင်း နက်နဲသည့်အရာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အပြည့်အ၀ နားလည်နိုင်ခြင်း မရှိသေးပေ။

ယခင်က လွယ်ကူသည်ထင်မှတ်ခဲ့သော်လည်း ယခုတော့ အလွန်အမင်း ခက်ခဲလျှက် ရှိသည်။

ထိုပညာ၏ အဆင့်အတန်းမြင့်မားမှုကို “ပညာရှိကျမ်းစာ” တစ်ခုသာလျှင် ယှဉ်နိုင်စွမ်း ရှိသည်။

ယခုအချိန်ထိ ပညာရှိကျမ်းစာကို ကျန်းလန် ဖတ်မကြည့်ရဲသေးပေ။ တန်ခိုးစွမ်းအားမြင့်မားလာလေ ပညာရှိကျမ်းစာက ကြောက်စရာကောင်းသည်ကို သိရှိလာရလေ ဖြစ်သည်။

ပညာရှိကျမ်းစာ အဘယ်မျှကြောက်စရာကောင်းပါသနည်းဟူမူ မိုးနဲ့မြေကိုဖန်ဆင်းခြင်းတာအိုကျမ်းစာထက်ပင် သာလွန်မြင့်မားသည်ဟု ဆိုနိုင်သည်။

“နတ်လူသားမျိုးနွယ်တွေ ကောင်းကင်ဧကရာဇ်ကျမ်းစာကို တန်ဖိုးထားတာ မအံ့သြတော့ပါဘူး…”

ကျန်းလန် တွေးလိုက်၏။

ကောင်းကင်ဧကရာဇ်ကျမ်းစာနှင့် ပညာရှိကျမ်းစာက ခံစားချက်ကင်းမဲ့စေရန် ကျင့်ကြံရခြင်း တူညီသည်။

ကောင်းကင်ဧကရာဇ်ကျမ်းစာကို ပိုင်ဆိုင်ထားခြင်းက အရာအားလုံးကို ပိုင်ဆိုင်ရခြင်းနှင့် ညီမျှ၏။ သို့သော် ပညာရှိကျမ်းစာက ပိုမိုသာလွန်သည့်အချက်မှာ ထိုကျမ်းစာကို ပိုင်ဆိုင်ထားခြင်းက အရာအားလုံး ဆုံးရှုံးသွားခြင်းနှင့်ညီမျှသည်။

သို့ရာတွင် အရာအားလုံးဆုံးရှုံးသွားသည့်အခါ တစ်လောကလုံးကို အပိုင်ရမည် မဟုတ်ပါလား။

ကျန်းလန် ခေါင်းကို လေးပင်စွာ ခါရမ်းလိုက်သည်။ နောက်ပိုင်းမည်သို့ဖြစ်မည် မပြောတတ်သော်လည်း လောလောဆယ်တွင်တော့ ပညာရှိကျမ်းစာက သူ ထိတွေ့နိုင်သည့်အရာ မဟုတ်သေးပေ။

လက်ရှိတွင်တော့ ကျင့်ကြံခြင်းက အရေးကြီးသည်။

နောက်ထပ်နှစ်ပေါင်း (၃၀)ဆိုလျှင် ငရဲတံခါးမှ မရဏအငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်လာတော့မည် ဖြစ်၏။ သူ့အနေဖြင့် ယခုထက်ပိုပြီး တန်ခိုးစွမ်းအားမြင့်မားနေရန် လိုအပ်သည်။

ထို့ကြောင့် အစီအရင်ပြုပြင်ခြင်းများကို ရပ်တန့်ထားပြီး အခြားလုပ်စရာရှိသည်များကိုဆိုင်ငံ့ထားကာ ကျင့်ကြံခြင်းကို အာရုံစိုက်ရန် ဆုံးဖြတ်ထားသည်။

အရေးကြီးဆုံးမှာ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်ရန် ဖြစ်၏။ အဆင့်တက်ရန်ကလည်း လက်တစ်ကမ်းအလိုသာ ရှိတော့သည်။

နှစ်ပေါင်း (၂၄၀)တိုင်တိုင် ကျင့်ကြံခဲ့ပြီးနောက် အများအမြင်တွင် ကျန်းလန်က မူလဝိညာဉ် ၊ အလယ်ဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

တောင်သခင်များနှင့် အကြီးအကဲများသာ သိမြင်နိုင်သည့် ကျင့်ကြံခြင်းအဆင့်မှာတော့ မူလဝိညာဉ် ၊ နောက်ဆုံးအဆင့် ဖြစ်ပြီး ထပ်ဆင့်ဖုံးကွယ်ထားသည့် ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် ၊ အလယ်ဆင့် ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကတော့ လူသားအင်မော်တယ် အောင်မြင်ပြီးသည့်အဆင့် ဖြစ်တော့၏။

……………

ကျန်းလန်တစ်ယောက်တည်း ကျင့်ကြံလျှက် ရှိသည်။

နေ့လည်နေ့ခင်းတွင် ပြဒါးဆေးအချို့ကို စားသုံးပြီး အင်မော်တယ်စွမ်းအားများကို စုသည်းသည်။ ညဘက်တွင်တော့ ရုပ်ခန္ဓာကို အတိုင်းအတာတစ်ခုအထိ သန်မာလာစေရန် တတ်နိုင်သမျှ ကျင့်ကြံသည်။

ထိုသို့ဖြင့်…

အမတသွေးပြဒါးဆေးလုံးကို သောက်သုံးပြီး အစစ်အမှန်အင်မော်တယ်အဆင့်သို့တက်ရောက်ရန် လုံလောက်သည့် အနေအထားသို့ ရောက်ရှိလာသည်။

သို့သော် လောလောဆယ် ထိုဆေးလုံးကို သောက်သုံးလိုက်ပါက အပြည့်အ၀ အန္တရယ်မကင်းနိုင်သေးပေ။

ကျန်းလန်က ကျင့်ကြံခြင်းအဆင့်တက်ခြင်းကို အတိမ်းစောင့်မခံနိုင်ပေ။ အချိန်မကျသေးဘဲ အဆင့်တက်မိပါက ရုပ်ခန္ဓာကို အန္တရယ်ဖြစ်စေနိုင်သည်။

ထို့ပြင် အဆင့်တက်ခြင်းကျရှုံးခဲ့ပါက အစအဆုံးပြန်လည်တည်ဆောက်ရန် နှစ်ပေါင်း (၁၀၀)ခန့် ထပ်မံကျင့်ကြံရမည် ဖြစ်သည်။

(၁၀)နှစ်ခန့်စောပြီး ကျင့်ကြံခြင်းအဆင့်တက်လိုသည့်အတွက် နှစ်ပေါင်း (၁၀၀) စတေးခံရမည်ကတော့ မတန်လှပေ။

နဝမတောင်ထွတ်တွင်နေထိုင်သရွေ့ သူ့တွင် အချိန်များစွာရှိနေလေရာ ရုပ်ခန္ဓာ ပိုမိုသန်မာလာစေရန် နောက်ထပ် (၁၀)နှစ်ခန့် ထပ်မံကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။

သို့ပေသိ သူ့အနေဖြင် အချိန်ဖြုန်းတီးရန်တော့ မဖြစ်နိုင်ပေ။ အချိန်က လူကိုမစောင့်ဟု ဆိုရိုးရှိသည် မဟုတ်ပါလား။

…………

အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားသည်။

ခွန်လွန်တောင်တွင် သတင်းအချို့စတင်ပျံ့နှံ့လာပြီး တပည့်များသည်လည်း ပုံမှန်အတိုင်းပင် ကောလာဟလသတင်းများကို ပြောဆိုလျှက် ရှိကြသည်။

“မင်းကြားပြီးပြီလား… ၊ နဂါးမျိုးနွယ်တွေ ကျုပ်တို့ ခွန်လွန်တောင်ကို လာကြမယ်တဲ့…”

“ဟိုးအရှင်ကတည်းက ပြဿနာတွေက ရှင်းပြီးသွားပြီ မဟုတ်ဘူးလား… ၊ အခု သူတို့က ဘာအတွက်လာကြမှာလဲ…”

“နတ်မိစ္ဆာတွေနဲ့ နဂါးတွေရဲ့တိုက်ပွဲ ပြီးသွားပြီလေ… ၊ ဒီတော့ နဂါးတွေက ခွန်လွန်တောင်ကို အင်အားသုံးပြီး ဖိနှိပ်တော့မယ် ထင်တယ်…”

“အင်း… အဲဒါတော့မသိဘူး… ၊ ဒါပေမဲ့ ကျုပ်ကြားတာက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ပတ်သက်ပြီးလာကြမှာလို့ ပြောတယ်… ၊ ဒီလောက်နှစ်တွေကြာမှကွာ… နဂါးမျိုးနွယ်တွေက တမင်သက်သက် အခက်တွေ့အောင်လာလုပ်နေကြတယ်…”

“သူတို့ တိုက်ခိုက်ကြမှာလား မသိဘူးကွာ…”

“နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုတော့ တကယ်သနားစရာပဲ… ၊ ဒီတစ်ခေါက်လည်း သေချာပေါက် ဝေဖန်ပြစ်တင်တာတွေ ခံရဦးမယ်…”

“ကြားတာတော့ နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုက ဘယ်လောက်တောင်ကြောက်တတ်လဲဆိုရင် တောင်ပေါ်ကတောင် ဆင်းမလာဘူးတဲ့…”

စကားပြောနေကြသည့် တပည့်များထဲတွင် ကျိုးစူးနှင့် လုချန်လည်း ရှိနေလေသည်။

လုချန်က ကျိုးစူးကို လှမ်းကြည့်လိုက်ရင်း…

“နဂါးမျိုးနွယ်တွေ ရောက်လာမယ့်သတင်းသာကြားရင် နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုတော့ ကြောက်လွန်းလို့ အိပ်ပျော်ပါတော့မလားတောင် မသိဘူးနော်… ၊ ဒီလောက်နှစ်တွေကြာတာတောင် ကျွန်မ သူ့ကို တစ်ခါမှ မတွေ့ဖူးဘူး… ၊ ကြည့်ရတာ ကျင့်ကြံခြင်းအဆင့်က နိမ့်လွန်းလို့ တောင်အောက်ဆင်းပြီး မျက်နှာမပြရဲတာ ဖြစ်ရမယ်…”

“ပေါက်ကရတွေ လျှောက်ပြောမနေနဲ့…”

ကျိုးစူးက ခပ်တိုးတိုးလေသံဖြင့် လုချန်ကို အပြစ်တင်လိုက်သည်။

“နဝမတောင်ထွတ်က ဂိုဏ်းတူအစ်ကိုကြီးက မင်းထင်သလိုမဟုတ်ဘူး… ၊ သူတို့ပြောနေတဲ့စကားတွေနဲ့ တခြားစီပဲ…”

ယခင်က အကြောင်းမသိဘဲ နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီးကို အထင်လွဲခဲ့ပြီးနောက် ကျိုးစူး အရာရာကို နားလည်သွားခဲ့ရသည်။

ပဉ္စမတောင်ထွတ် ၊ မှော်ရုံနယ်မြေမှ ပြန်ခဲ့ပြီးသည့်နောက် ဂိုဏ်းတူအစ်ကိုကြီးကျန်းလန်က တန်ခိုးစွမ်းအားလည်း မြင့်မားသလို တာဝန်ယူတတ်သည့်စိတ်ထားလည်းရှိသူဖြစ်ကြောင်း သိခဲ့ရသည်။

ကျန်းလန်က အပြုံးအရယ်နည်းပါးသောကြောင့် ပေါင်းသင်းဆက်ဆံရခက်သည့်တိုင် သူတို့ကို အများကြီး ကူညီပေးခဲ့သူ ဖြစ်သည်။

ထိုအချိန်က သူတို့ကသာ အမြင်ကျဉ်းမြောင်းသည့်စိတ်ထားဖြင့် လူကြီးလူကောင်းတစ်ယောက်၏စိတ်နေစိတ်ထားကို ဝေဖန်ပြစ်တင်မိခဲ့ကြခြင်း ဖြစ်လေ၏။


Comment

Leave a Reply


Options

not work with dark mode
Reset