အခန်း (၂၀၀) ကျောက်စိမ်းရေကန်သို့နောက်တစ်ခေါက်
တောင်အစွန်းသို့ ရောက်ရှိသည်နှင့် ကျောက်စိမ်းရေကန်က သူ့ကို လက်မခံကြောင်း ကျန်းလန် ခံစားလိုက်ရသည်။
ထို့ကြောင့် ကျန်းလန်မှာ ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထိပ်သို့ ခြေမချနိုင်ရှိရသည်။
အမှန်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမ တစ်ပါးတည်းသာ ကျောက်စိမ်းရေကန်ရှိရာတောင်ထိပ်သို့ ဝင်ရောက်ခွင့်ရှိသည်။
ကျန်းလန်က ခေါင်းအနည်းငယ်ငုံ့လိုက်ရင်း…
“ဂိုဏ်းတူအစ်မ…”
ဟု နှုတ်ဆက်စကားဆိုလိုက်၏။
လုန်ယွိက နူးညံ့သိမ်မွေ့သည့်လေသံလေးဖြင့်…
“တောင်ပေါ်ကို လာလို့မရဘူးလား… ဂိုဏ်းတူမောင်လေး…”
ကျောက်စိမ်းရေကန်က ကျန်းလန် ဝင်ရောက်နိုင်ခြင်းမရှိရန် ငြင်းဆန်နေသည်ကို လုန်ယွိ အာရုံခံလိုက်မိသည်။
သူမ ကျောက်စိမ်းရေကန်နတ်ဘုရားမ ဖြစ်လာပြီးကတည်းက မည်သူမှ ကျောက်စိမ်းရေကန်သို့ ခြေချခဲ့ခြင်း မရှိပေ။
လင်စီးယာသည်ပင် တောင်အစွန်းတွင် ဓားစီးပြီးပျံသန်းရင်း သူမနှင့် စကားပြောဆိုခဲ့ကြခြင်း ဖြစ်၏။ သို့သော် ကျောက်စိမ်းရေကန်က မိန်းကလေးများထက် ယောကျ်ားလေးများကို ပိုမို ငြင်းဆန်လေ့ရှိသည်။
ယခင်ကဆိုလျှင် မည်သူမှ အကြောင်းမရှိဘဲ ကျောက်စိမ်းရေကန်သို့ လာရောက်ခြင်း မရှိကြပေ။
ကျောက်စိမ်းရေကန်နတ်ဘုရားမ ထွက်ပေါ်မလာခင်ကဆိုလျှင် ကျောက်စိမ်းရေကန်ဖွင့်ပွဲ ကျင်းပသည့်အချိန်မှလွဲပြီး မည်သူမှ ကျောက်စိမ်းရေကန်ရှိရာတောင်ထိပ်သို့ ခြေချခြင်း မရှိကြပေ။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ်… ဝင်လာလို့ မရဘူး ဂိုဏ်းတူအစ်မ…”
ကျန်းလန်က ခဏနားပြီး ဆက်ပြောလိုက်သည်။
“အလယ်မှာ ဖြတ်ကျော်လို့မရတဲ့ ချောက်နက်ကြီးတစ်ခု ခြားထားသလို ခံစားရတယ်… ၊ အဲဒါက အစီအရင်လည်း မဟုတ်တော့ ဘယ်လိုချိုးဖျက်ရမှန်း မသိဘူး…”
ကျောက်စိမ်းရေကန်က လုန်ယွိမှလွဲပြီး အခြားသူများကို လက်မခံကြောင်း ရှင်းလင်းစွာ သိရှိနိုင်သည်။ လုန်ယွိကတော့ ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သည် မဟုတ်ပါလား။
ကျန်းလန်က လူသားအင်မော်တယ်အဆင့် အောင်မြင်ထားသည့်တိုင် လုန်ယွိအနားသို့ ချဉ်းကပ်ရန် မဖြစ်နိုင်ခဲ့ပေ။ ကာဆီးထားသည့် မမြင်ရသော ချောက်နက်ကြီးကို ဖြတ်ကျော်ရန် မည်မျှတန်ခိုးစွမ်းအားမြင့်မားရမည်လဲ မသိနိုင်ပေ။
ဤသည်က သဘာဝအရံအတားတစ်ခု ဖြစ်လေရာ အင်မော်တယ်များပင် ဖြတ်ကျော်နိုင်လိမ့်မည် မထင်ပေ။
နှစ်ပေါင်း (၃၀) ကြာခဲ့ပြီးနောက် ကျန်းလန်သည်လည်း လူသားအင်မော်တယ်အဆင့် အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်တက်သည်ကလည်း သူမျှော်လင့်ထားသည်ထက်ပင် လျှင်မြန်နေခဲ့သည်။
သူက လူသားအင်မော်တယ် အောင်မြင်သည့်အဆင့်တွင် ရှိရမည့် ကျင့်စဉ်များနှင့် မန္တန်များကိုလည်း ကျွမ်းကျင်မှုရှိစေရန် ပေါင်းစပ်ကျင့်ကြံပြီးပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်တွင် အသုံးပြုရန် မလိုအပ်တော့သည် မှော်ဝင်ပစ္စည်းအချို့ကိုလည်း စွန့်ပစ်ခဲ့ရသည်။
မှော်ဝင်ပစ္စည်းများက ပြဿနာမရှိသော်လည်း မန္တန်ပညာကိုတော့ ကျန်းလန် လျစ်လျူမရှုရဲပေ။ တစ်နေ့နေ့တွင် အသုံးဝင်လာနိုင်သောကြောင့် ဖြစ်၏။
မကြာမီအချိန်တွင် အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရန် ကျန်းလန် ရည်ရွယ်ထားသည်။
လူသားအင်မော်တယ်အဆင့်ဆိုသည်က ကျင့်စဉ်လမ်းတွင် အလှည့်အပြောင်းတစ်ခုမျှသာ ဖြစ်သည်။ အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မှသာ တကယ့်အင်မော်တယ် ဖြစ်လာပေမည်။
ကျန်းလန်က လူသားအင်မော်တယ်အဆင့်ကို အေးဆေးစွာ ဖြတ်သန်းနိုင်ခဲ့ပြီး ဖြည်းဖြည်းမှန်မှန်ဖြင့်ပင် ဆက်လက် ကျင့်ကြံခဲ့သည်။
သူ အဆင့်တက်သည်က အနည်းငယ် လျှင်မြန်သော်လည်း တိုးတက်မှုက တည်ငြိမ်သည်။ ထို့ကြောင့် သူ့အနေဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး အခြေခံအုတ်မြစ်မတည်ငြိမ်စရာအကြောင်းမရှိပေ။
ခွန်လွန်တောင်တစ်ခွင် သွားလာလှည့်ပတ်ပြီး စုံစမ်းခဲ့သည့်သတင်းများအရ နဂါးမျိုးနွယ်များနှင့် နတ်မိစ္ဆာများ၏ တိုက်ပွဲက အဆုံးသတ်တော့မည် ဖြစ်၏။
နဂါးမျိုးနွယ်များ မကြာမီ ခွန်လွန်တောင်သို့ ရောက်ရှိလာကြပေတော့မည်။ ထိုအချိန်တွင် သူသည်လည်း အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်နေပါရန် မျှော်လင့်မိသည်။
ကျန်းလန် ထိုအကြောင်းများကို မစဉ်းစားတော့ပေ။
လောလောဆယ်စိတ်ပူရသည်က ကျောက်စိမ်းရေကန်ပတ်ဝန်းကျင်တွင် ပန်းပင်များ မည်သို့စိုက်ပျိုးရပါမည်နည်း ဆိုသည့်အချက် ဖြစ်သည်။
ကျောက်စိမ်းရေကန်ပတ်ဝန်းကျင်တွင် ကျောက်တုံးငယ်များ ကျောက်တုံးကြီးများဖြင့် ပြည့်နက်လျှက်ရှိပြီး မြက်ပင်များနှင့် တောရိုင်းပန်းများက ကျောက်တုံးများကြား ကျိုးတိုးကျဲတဲ ပေါက်ရောက်လျှက် ရှိ၏။
တောင်ကမ်းပါးအစွန်းတွင်တော့ ညှိုးခြောက်နေသည့် သစ်ပင်တစ်ပင် ရှိနေသည်။ သို့သော် ထိုသစ်ပင်ကို သူ စစ်ဆေးကြည့်၍ မရနိုင်သေးပေ။
ကျောက်စိမ်းရေကန်အတွင်းသို့ မဝင်ရောက်နိုင်ဘဲ မြေဆီလွှာနှင့်ေ မြအနေအထားကို မည်သို့ စစ်ဆေးနိုင်ပါမည်နည်း။
မြေအနေအထား မည်သို့စစ်ဆေးကြည့်ရမည်ကို လုန်ယွိကို သူ သင်ပြပေးသင့်သလား။ ဤအချက်က ဖြစ်နိုင်ချေရှိသည်ဟု ဆိုရမည်။
လုန်ယွိကတော့ မည်သို့တွေးမည်လဲ မပြောတတ်သည့်တိုင် သူမကို သင်ပြပေးရမည်ဆိုလျှင် နဝမတောင်ထတ်တွင် သင်ပြပေးရခြင်းကသာ အဆင်ပြေပေလိမ့်မည်။
ကျန်လန်အတွေးနက်နေစဉ်မှာပင် လုန်ယွိက သူမလက်တစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။
“ဂိုဏ်းတူမောင်လေး… ကျွန်မရဲ့လက်ဖဝါးကို ရှင့်လက်ဖဝါးနဲ့ ထိလိုက်…”
လုန်ယွိ၏ ကြည်လင်သည့်အသံလေး ထွက်ပေါ်လာသည်။
ကျောက်စိမ်းရေကန်က လျှို့ဝှက်ဆန်းကျယ်သည့် နေရာတစ်ခု ဖြစ်လေရာ လုန်ယွိ ဘာလုပ်ချင်သည်ကို ကျန်းလန် မသိရှိပေ။
ကျောက်စိမ်းရေကန်နတ်ဘုရားမဖြစ်သည့် လုန်ယွိကတော့ ထူးခြားသည့်အခွင့်အရေးများကို ပိုင်ဆိုင်ထားသူ ဖြစ်၏။
တွေးရင်းဖြင့် ကျန်းလန် ရုတ်တရက် သိချင်သွားသည်မှာ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို ကိုင်ထားလျှင်ရော ရေကန်ရှိရာတောင်ထိပ်သို့ ဝင်ရောက်ခွင့်ရမည်လားဆိုသည့် အချက်ပင်။
သို့သော် ထိုအတွေးကို ချက်ချင်းဖယ်ရှားပစ်လိုက်သည်။
လက်တွေ့လုပ်ကြည့်လျှင် သိနိုင်မည် ဖြစ်သော်လည်း ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကား မည်သည့်နေရာက ရရှိသည်ဆိုသည့်အချက်က ဖြေရှင်းရ ခက်ပေလိမ့်မည်။
ဤသည်က ကိုယ့်ဒုက္ခကိုယ်ရှာသလို ဖြစ်နေလေရာ စမ်းသပ်ကြည့်ရန် လက်လျှော့လိုက်ပြီး လုန်ယွိ၏စကားကိုသာ နားထောင်ရန် ဆုံးဖြတ်လိုက်၏။
ကျန်းလန်က လုန်ယွိ၏ လက်ဖဝါးကို သူ့လက်ဖြင့် အသာထိတွေ့လိုက်ပြီး လက်ချောင်းလေးများ ထိယှက်သွားကြသည်။
“ဂိုဏ်းတူမောင်လေးရဲ့လက်က ကျွန်မလက်ထက်ပိုကြီးတာပဲ…”
လုန်ယွိက တည်ငြိမ်စွာပင် စကားဆိုသည်။
သူမစကားသံတွင် ခံစားချက်ကို ရှာဖွေရန် ခက်ခဲလွန်းသည်။ ခံစားချက် မပါဝင်ခြင်းမဟုတ်သော်လည်း နည်းပါးခြင်း ဖြစ်၏။
ကျန်းလန်နှင့် လုန်ယွိ လက်ချင်းထိလိုက်ကြသည်နှင့် အလင်းရောင်တစ်ခု ထွက်ပေါ်လာလေသည်။ ထိုအလင်းရောင်မှာ သူတို့၏ လက်ကောက်ဝတ်များဆီတွင်ချည်နှောင်ထားသည့် လက်ထပ်စာချုပ်မှ ပဲ့တင်ထပ်သည့် အလင်းရောင် ဖြစ်သည်။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
ထို့နောက် လုန်ယွိ၏ ခန္ဓာကိုယ်မှ မှိန်ပျပျအလင်းရောင်လေး ထွက်ပေါ်လာပြီး ထိုအလင်းရောင်က ကျန်းလန်၏ ခန္ဓာကိုယ်ထက်သို့ ဖြာကျလာသည်။
အလင်းရောင်က ကျန်းလန်၏ ခန္ဓာကိုယ်ကို အပြည့်အ၀ ဖုံးလွှမ်းသွားသည့်အခါ လုန်ယွိ လက်ကိုပြန်လည် ရုတ်သိမ်းလိုက်သည်။
“အခုရော… ကျောက်စိမ်းရေကန်က ငြင်းပယ်တာကို ခံစားရသေးလား…”
လုန်ယွိက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကျောက်စိမ်းရေကန်အတွင်း ကျန်းလန် ဝင်ရောက်နိုင်ခြင်း ရှိ မရှိ ကို စောင့်ကြည့်နေ၏။
ကျန်းလန်က…
“နည်းနည်းတော့ ခံစားရသေးတယ်… ၊ ဒါပေမဲ့ ပြဿနာ မရှိလောက်တော့ဘူးထင်တယ်…”
လုန်ယွိ၏မေးခွန်းကို ဖြေပြီးသည်နှင့် ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
နောက်ဆုံးတော့ သူ ကျောက်စိမ်းရေကန်ရှိရာ တောင်ထိပ်သို့ အန္တရယ်ကင်းစွာဖြင့် ခြေချနိုင်ခဲ့ပြီ ဖြစ်သည်။ လုန်ယွိမှာလည်း ယခုမှပင် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းသဲ့သဲ့ချလိုက်မိ၏။
ကျန်းလန်က လုန်ယွိ၏ အပြုအမူကို အကဲခတ်လိုက်ရင်း…
“ဂိုဏ်းတူအစ်မ… အရင်တုန်းက ဒီလိုမျိုး တစ်ခါမှ မလုပ်ဖူးဘူးလား…”
လုန်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်ရင်း…
“ဂိုဏ်းတူမောင်လေးက ဘယ်တုန်းက ကျောက်စိမ်းရေကန်ကိုလာဖူးလို့ ကျွန်မက ဒီလိုအလုပ်မျိုး လုပ်ရမှလဲ…”
ထို့နောက် သူမက ဆက်ပြောလိုက်သည်။
“ပြီးတော့ အရင်ကလည်း စေ့စပ်ထားတဲ့သူ တစ်ယောက်မှ ရှိတာမဟုတ်ဘူးလေ…”
လုန်ယွိက စေ့စပ်ထားသူဟု ပြောတော့မှ သူ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ခွင့်ရခြင်းမှာ လုန်ယွိနှင့် စေ့စပ်ထားခြင်းကြောင့်ဖြစ်ကြောင်း နားလည်လိုက်ရသည်။
သူတို့ (၂)ယောက်က စုလျားရစ်ပတ်ထားကြသူများ ဖြစ်သည်။
လုန်ယွိကလည်း သူမနှင့် စေ့စပ်ထားသူဖြစ်သောကြောင့်သာ ကျောက်စိမ်းရေကန်အတွင်းသို့ ဝင်ခွင့်ပြုခြင်း ဖြစ်သည်။ သာမန်သူစိမ်းတစ်ယောက်ဆိုလျှင် သူ့ကို ဝင်ခွင့်ပြုမည် မဟုတ်ပေ။
ကျန်းလန်က…
“ဒါဖြင့်… အဲဒီသစ်ပင်ကို ကိုယ် တစ်ချက်လောက် သွားကြည့်မယ်နော်…”
ကျန်းလန် ထိုသစ်ပင်ကို အတော်လေး စိတ်ဝင်စားနေမိသည်။
သစ်ပင်က ကြီးထွားခြင်းလည်းမရှိဘဲ ထိုအတိုင်းပင် တောင်ကမ်းပါးစွန်းတွင် ပေါက်ရောက်နေသည်။ ထို့ပြင် ကျောက်စိမ်းရေကန်တွင် ပေါက်ရောက်နေသည့်သစ်ပင်က ရိုးရှင်းခြင်း မရှိနိုင်ပေ။
သို့သော် လုန်ယွိက ကျန်းလန်ကို တားဆီးလိုက်၏။
“ခဏလေး…”
သူမက ချက်ချင်းပင် စကားဆက်ပြောသည်။
“ဂိုဏ်းတူမောင်လေး… ကျွန်မကို တစ်ချက်လောက် ကြည့်ပါဦး…”
ကျန်းလန် သံသယအနည်းငယ်ဖြင့် လုန်ယွိကို လှမ်းကြည့်လိုက်သည်။
ထိုစဉ်မှာပင် လုန်ယွိ၏ခန္ဓာကိုယ်က အနည်းငယ်သေးပြီး ကျုံ့ဝင်သွားကာ ရှောင်ယွိအဖြစ် ပုံစံပြောင်းလဲသွားသည်။
ရှေင်ယွိက ပြုံးလိုက်ရင်း…
“ရပြီ… ဂိုဏ်းတူမောင်လေး… ဆက်သွားတော့…”
ရှောင်ယွိ၏ အပြုအမူက ကျန်းလန်ကို နားလည်ရခက်ခဲစေသည်။
သို့သော် ရှောင်ယွိက ဆက်ပြီး ရှင်းပြ၏။
“တော်ကြာ ဂိုဏ်းတူမောင်လေးက လုန်ယွိနဲ့ ရှောင်ယွိကို (၂)ယောက်လို့ ထင်နေမှာစိုးလို့လေ… ၊ အဲဒါကြောင့် ဂိုဏ်းတူမောင်လေးရဲ့မျက်စိရှေ့မှာ ပုံစံပြောင်းပြတာ…”
ရှောင်ယွိ ခဏမျှ အသံတိတ်သွားပြီးမှ…
“တော်ကြာ ရှင်က ကျွန်မကို ကြောင်တောင်တောင်လို့လည်း တွေးနေဦးမယ်…”
ပြောရင်းဖြင့် သူမက ကျန်းလန်နံဘေးသို့ လမ်းလျှောက်လာရင်း ပြောလိုက်သည်။
“………………”
ကျန်းလန် ဘာပြောရမှန်းမသိဖြစ်သွားသည်။
ရှောင်ယွိက ကျန်းလန်နှင့် ဘေးချင်းယှဉ်လမ်းလျှောက်လာရင်း…
“ဒါပေမဲ့… ကျွန်မက လုန်ယွိပုံစံနဲ့ဆိုရင် ဂိုဏ်းတူမောင်လေးက ကျွန်မကို ရှောင်ယွိလို့ ခေါ်မှမခေါ်တာ… ၊ ဟုတ်တယ်မလား…”
ကျန်းလန်ကလည်း သူ့ကိုယ်သူ ချက်ချင်း ကာကွယ်ပြောဆိုလိုက်သည်။
“ဒါပေမဲ့ လုန်ယွိပုံစံနဲ့ဆိုရင် မင်းက ကိုယ့်ကို ပြုံးတောင်ပြတာ မဟုတ်ဘူးလေ…”
ကျန်းလန်စကားကြောင့် ရှောင်ယွိ အတွေးနက်သွား၏။
“အင်း… ဒါလည်းဟုတ်တယ်…”
လုန်ယွိပုံစံဖြင့် ရှောင်ယွိကဲ့သို့ အမူအရာပြောင်းလဲနေထိုင်ရန် သူမလည်း အသားမကျသေးပေ။
“ဒါပေမဲ့ အဆင်ပြေတယ်ဆိုရင် ကျွန်မရဲ့ ပုံစံအမှန်ကိုလည်း ဂိုဏ်းတူမောင်လေးက ရှောင်ယွိလို့ပဲ ခေါ်ပါလားဟင်…”
ရှောင်ယွိက ညှိနှိုင်းသည့်လေသံဖြင့် ပြောလိုက်၏။
ခက်ခဲသည့်အလုပ်မဟုတ်လေရာ ကျန်းလန်က ခေါင်းညိတ်သဘောတူလိုက်သည်။ ခက်ခဲမည်ဆိုလျှင် ရှောင်ယွိဘက်ကသာ ခက်ခဲပေလိမ့်မည်။
ကျန်းလန် သစ်ပင်ရှေ့သို့ ရောက်ရှိလာသည်။ ဤသစ်ပင်၏ အခြေအနေကို သူ သိချင်မိသည်။
သို့ပေသိ သစ်ပင်ကို စစ်ဆေးမကြည့်မီ စနစ်တွင် မှတ်ပုံတင်ရဦးမည် ဖြစ်သည်။
[ ဒင် ! ]
[မှတ်ပုံတင်ခြင်းအောင်မြင်ပါတယ်… ၊ မဟာတာအိုမှ ပေးအပ်သည့်လက်ဆောင်ကို ရရှိတဲ့အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ ယခု ရရှိတဲ့ ဆေးလုံးကတော့ ‘အင်မော်တယ်အမြုတေဆေးလုံး’ ဖြစ်ပါတယ်…]
[အင်မော်တယ်အမြုတေဆေးလုံး : ဤဆေးလုံးတွင် သန့်စင်သည့်စွမ်းအားများပါဝင်ပြီး နဂိုအတိုင်း ပြန်လည်ကောင်းမွန်စေရန် အင်မော်တယ်စွမ်းအားများကိုစုပ်ယူနိုင်စွမ်း ရှိပါတယ်… ၊ လူတစ်ယောက် ကျင့်ကြံခြင်းအဆင့် တက်ရောက်ရန်အတွက် တန်ခိုးစွမ်းအားများအားလုံးကို သင့်ရဲ့သွေးကြောများတစ်လျှောက် စီးဆင်းစေနိုင်စွမ်း ရှိတယ်…]
ဤသည်က သာမန်စနစ်မိတ်ဆက်စကားနှင့် သာမန်ဆေးလုံးတစ်လုံးမျှသာ ဖြစ်သည်။
ကျောက်စိမ်းရေကန်တွင် စနစ်မှတ်ပုံတင်ခြင်းက မရဏဂူတွင် စနစ်မှတ်ပုံတင်ခြင်းနှင့် သိပ်ပြီးမခြားနားပေ။ အစပိုင်းတစ်ချက်သာ အကောင်းဆုံးအရာကို ရရှိပြီး နောက်ပိုင်းတွင် ပုံမှန်ပစ္စည်းများကိုသာ ရရှိလေ့ ရှိသည်။
သို့သော် ကျန်းလန် စိတ်ပျက်သွားခြင်း မရှိပေ။ သူက ထိုသို့သောအဖြစ်အပျက်များနှင့် အသားကျနေပြီ ဖြစ်၏။
ဤသို့သောဆေးလုံးမျိုးက လွန်ခဲ့သည့် နှစ်ပေါင်း (၃၀) လောက်ကတည်းက သူ မကြာခဏရလေ့ရှိသည်။ သို့သော် သူ၏ ကျင့်ကြံခြင်းအတွက် အကျိုးရှိသည့်ဆေးလုံးဖြစ်လေရာ လုံလောက်ပြီဟု ဆိုရမည်။
ကျန်းလန် သစ်ပင်ကို တစ်ချက်ကြည့်လိုက်ပြီး မက်မွန်သီးပင်တစ်ပင် ဖြစ်ရမည်ဟု ခန့်မှန်းလိုက်သည်။
ထို့နောက် သစ်ပင်နံဘေးတွင် ထိုင်ချလိုက်ပြီး သစ်ပင်အမြစ် ကောင်းမွန်သေးခြင်း ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။
မြေကြီးကို မ ပြီး သစ်ပင်အမြစ်ကိုကြည့်လိုက်သည့်အခါ အမြစ်မှ မှိန်ဖျော့ဖျော့အလင်းရောင်လေး ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအလင်းရောင်က အပ်တစ်ချောင်းပမာ အမြစ်အတွင်းသို့ ထိုးစိုက်ဝင်ရောက်နေ၏။
ကျန်းလန် အနည်းငယ်အံ့အားသင့်သွားသည်။ သို့သော် ခန့်မှန်းမှုများ ပြုလုပ်မနေတော့ဘဲ အမှန်တရားမျက်လုံးဖြင့် ကြည့်ရှုလိုက်သည်။
ထိုအခါ သစ်ပင်အမြစ်တွင်တွယ်ကပ်နေသည့် တီကောင်တစ်ကောင်ကို တွေ့လိုက်ရသည်။ အလင်းရောင်က တီကောင်မှထွက်ပေါ်နေခြင်း ဖြစ်၏။
ထိုတီကောင်က သာမန်တီကောင်မဟုတ်ပေ။ ကောင်းကင်တိမ်တိုက်တီကောင် ဖြစ်ပြီး သစ်ပင်အမြစ်များကြားတွင် ရစ်ခွေနေလေရာ သေးငယ်လွန်းသောကြောင့် သာမန်မျက်စိဖြင့် တွေ့မြင်နိုင်ခြင်း မရှိပေ။
ထိုသတ္တဝါက သစ်ပင်အမြစ်အား တွယ်ကပ်စားသောက်နေခြင်းဖြစ်ပြီး သစ်ပင်အမြစ်သေဆုံးသွားသည်နှင့် တီကောင်လည်း သေဆုံးသွားမည် ဖြစ်သည်။
“ကောင်းကင်တိမ်တိုက်တီကောင်ပဲ… ၊ ဂိုဏ်းတူအစ်မ သစ်ပင်အမြစ်ကိုကြည့်ပြီး တစ်ချက်လောက် ဟိန်းဟောက်လိုက်ရင် အဲဒီတီကောင် တစ်ချက်တည်းနဲ့ သေသွားလိမ့်မယ်…”
ကျန်းလန်က သူ့နံဘေးတွင် ငုတ်တုတ်လေးထိုင်နေသည့် ရှောင်ယွိကို ပြောလိုက်သည်။
ရှောင်ယွိ : ” ………………”
သူမက ထိုတီကောင်ကို မည်သို့ ဟိန်းဟောက်ရပါမည်နည်း။
ရှောင်ယွိ စိတ်ရှုတ်ထွေးသွားသည်ကို ရိပ်မိလိုက်ပြီး ကျန်းလန်က ရှင်းပြလိုက်သည်။
“ဟိန်းဟောက်သံဆိုတာ နဂါးဟိန်းသံကို ပြောတာပါ…”
ရှောင်ယွိက မယုံကြည်နိုင်စွာဖြင့်…
“နဂါးဟိန်းသံ လုပ်လိုက်ရုံနဲ့ တီကောင်က သေသွားမှာလား…”
သူမက ကျန်းလန်ကို မေးမြန်းလိုက်ခြင်း မဟုတ်ပေ။ သူမဘာသာ ရေရွတ်လိုက်ခြင်း ဖြစ်သည်။ အမှန်တော့ သူမ ကျန်းလန်ရှေ့တွင် နဂါးဟိန်းသံပြုလုပ်ရမည်ကို ရှက်နေမိသည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ်၊ အဲဒါက အလွယ်ဆုံးနဲ့ အဆင်ပြေဆုံးပဲ။”
“……………”
ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှောင်ယွိက ကျန်းလန်ကို တစ်ဖက်သို့ တွန်းလိုက်ပြီး သူမကို ကျောခိုင်းစေလိုက်သည်။
“ဟိုဘက်လှည့်နေ… ခိုးလည်းနားမထောင်နဲ့ ၊ ခိုးလည်းမကြည့်ရဘူးနော်…”