အခန်း (၁၉၉) အစစ်အမှန်အင်မော်တယ်ဖြစ်လာတော့မည့် ‘လုန်မန်’
ညသန်းခေါင်ယံအချိန်…
အနက်ရောင်တိမ်တိုက်များက လပြည်ဝန်းကို ဖုံးလွှမ်းသွားလေသည်။
ထိုအချိန် လူငယ်တစ်ယောက်က ဓားတစ်လက်ကို စီးနှင်ပြီး တောအုပ်ထက်မှ ဖြတ်ကျော်ပျံသန်းသွားသည်ကို ကျန်းလန် တွေ့လိုက်ရသည်။
တပည့်များပင် တောအုပ်ကို ဖြတ်ကျော်ပျံသန်းနေပြီ ဖြစ်လေရာ တောင်သခင်များ တကယ်ပဲ ထွက်ခွာသွားကြသည်မှာ သေချာလေ၏။
ထိုအချိန်ရောက်မှ ကျန်းလန်က သစ်ပင်များနောက်ကွယ်မှ ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။
သူ ထွက်ခွာမသွားခင် သေဆုံးသွားပြီဖြစ်သော ရွှီဖုန်း၏ အနေအထားကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ကျန်းလန် ဤနေရာတွင် ထပ်ပြီး ကြာကြာ မနေရဲတော့ပေ။ တောင်သခင်များ သူ့ကို ရှာတွေ့သွားမည်ကို ကြောက်ရွံ့နေမိသည်။
ချက်ချင်းပင် ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားကို အသုံးပြုကာ နဝမတောင်ထွတ်သို့ သွားရာလမ်းတွင် တည်ရှိသည့် တောအုပ်အနားသို့ အမြန်ဆုံးနည်းဖြင့် ရောက်ရှိသွား၏။
သူ့ကို မည်သူမှ ပစ်မှတ်မထားသည်ကို အတည်ပြုပြီးမှ သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖယ်ရှားလိုက်သည်။
ညကောင်းကင်အောက်တွင်…
ကျန်းလန်တစ်ယောက် ခပ်သုတ်သုတ်လမ်းလျှောက်လာလေသည်။
သူ့မျက်နှာကတော့ စိုးရိမ်ပူပန်နေဟန်မရှိဘဲ တည်ငြိမ်နေပြီး ခြေလှမ်းများကလည်း ပုံမှန်ပင် ဖြစ်သည်။ သို့သော် အပြင်ပန်းသာ တည်ငြိမ်နေခြင်းဖြစ်ပြီး ရင်ထဲတွင်တော့ ဗလောင်ဆူလျှက် ရှိသည်။
စောစောက ရွှီဖုန်း၏ အကြွင်းအကျန်များကို ကြည့်လိုက်သည့်အခါ ဝတ်ဆင်ထားသည့်အဝတ်အစားများသာ ကျန်ရစ်ခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးမှုံများအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ခဲ့ရသည်။
အဝတ်အစားများသည်လည်း တဖြည်းဖြည်း အငွေ့ပျံလွင့်ပြယ်နေကြ၏။
မကြာမီ ရွှီဖုန်းနှင့်ပတ်သက်သည့်သဲလွန်စ ဘာမှ မကျန်ရစ်တော့ဘဲ ရွှီဖုန်း ပျောက်ကွယ်သွားတော့မည် ဖြစ်သည်။
သို့ပေသိ ဘာကြောင့်များလဲ။
ရွှီဖုန်းက နတ်ဆိုးများ စေလွှတ်ထားသည့် သူလျှိုတစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
ကျန်းလန်ကို အံ့အားသင့်စေသည့်အချက်မှာ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို တောင်သခင် (၂)ပါးက အဘယ့်ကြောင့် ကိုယ်တိုင်ကိုယ်ကျ လာရောက် ရင်ဆိုင်ရပါသနည်း။
“အရင်က ဒုတိယတောင်ထွတ်ကပေဖန်း ဦးဆောင်တဲ့အဖွဲ့က သစ္စာဖောက်တွေနဲ့ သူလျှိုတွေကို လိုက်ပြီး ရှင်းပစ်နေတာပဲ… ၊ အခု တပည့်တွေကို စေလွှတ်လည်း ရတဲ့ကိစ္စကို ဘာလို့ တောင်သခင်တွေကိုယ်တိုင် ရောက်လာရတာလဲ… ၊ ရွှီဖုန်းက ဘာများထူးခြားလို့လဲ… ၊ ဒါမှမဟုတ် သူက ပထမတောင်ထွတ်အတွက် ထူးခြားတဲ့သူတစ်ယောက် ဖြစ်နေလို့လား…”
ကျန်းလန်တွေးလိုက်သည်။
သူတွေးသည်က ဖြစ်နိုင်ခြေအများဆုံး ရှိသည့်တိုင် ရွှီဖုန်းက မည်သို့သော ထူးခြားသူဖြစ်ကြောင်း သိရှိနိုင်ခြင်း မရှိပေ။
သူက ထိုကိစ္စကို သိရှိအောင်ဖော်ထုတ်နိုင်စွမ်းလည်း မရှိသလို ဖော်ထုတ်ရန် ရည်ရွယ်ချက်လည်း မရှိပေ။
ကျန်းလန် အစိုးရိမ်ဆုံးအချက်မှာ ဒုတိယတောင်ထွတ်၏ တောင်သခင်က သူ့အကြောင်းကို သိရှိစောင့်ကြည့်နေခြင်းပင် ဖြစ်၏။
ရှေ့လျှောက် သူပိုမိုသတိထားရပေမည်။
တိုက်ပွဲများကို ရှောင်ရှားရန် အတတ်နိုင်ဆုံး ကြိုးစားရမည် ဖြစ်သည်။ မဟုတ်ပါက သူ မည်သူမည်ဝါဖြစ်ကြောင်း ဘူးပေါ်သလိုပေါ်သွားပေလိမ့်မည်။
သို့တည်းမဟုတ် ရန်သူများကို သတ်ဖြတ်သည့်နည်းလမ်းကို ပြောင်းလဲရမည်လား။
ဤသည်ကတော့ မဖြစ်နိုင်ပေ။
မည်သို့ပင်ဖြစ်စေ သူ့အနေဖြင့် တိုက်ခိုက်ရမည်ဆိုလျှင်လည်း အနာဂတ်တွင် တစ်ကြိမ်လောက်သာ တိုက်ခိုက်ရန် လိုအပ်တော့သည်။
ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်လာချိန် နတ်မိစ္ဆာများ လှုပ်ရှားမှုပြုလုပ်လျှင် တိုက်ခိုက်ရမည် ဖြစ်၏။
နတ်မိစ္ဆာများက နဝမတောင်ထွတ်ကို ပစ်မှတ်ထားခြင်း ဖြစ်သော်လည်း ဤကိစ္စက ခွန်လွန်တောင်တစ်ခုလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ဤကိစ္စတွင် သူ ပါဝင်ပတ်သက်ရသည်မှာ ထူးဆန်းသည်ဟု မဆိုသာပေ။
နဝတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ကျန်းလန်အတွေးမများတော့ဘဲ တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။
ယနေ့ သူ မြင်တွေ့ကြားသိခဲ့ရသည်များက သူ့ကို အမှန်တကယ်ပင် အံ့အားသင့်တုန်လှုပ်စေသော်လည်း ကျင့်ကြံခြင်းတွင်တော့ သက်ရောက်မှု မရှိပေ။
သူ့အတွက် လိုအပ်သည်က တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာစေရန် ဆက်လက် ကျင့်ကြံရမည် ဖြစ်သည်။
ဆရာဖြစ်သူကို ကျော်တက်မည် ၊ ခွန်လွန်တောင်ဂိုဏ်းချုပ်ကို ကျော်တက်မည် ၊ ခွန်လွန်တောင်တွင် ပြိုင်ဘက်ကင်း ဖြစ်လာရမည်။
ပြိုင်ဘက်ကင်းအဆင့်သို့ရောက်လျှင် အရာအားလုံးက သူ့အတွက် ကလေးကစားစရာပမာ ဖြစ်နေပေလိမ့်မည်။
အန္တရယ်နှင့် ရင်ဆိုင်ရဦးမည်ဆိုလျှင်လည်း အန္တရယ်ကိုးသယ်စွမ်းအားကို အသုံးပြုကာ လက်သီးတစ်ချက်တည်းဖြင့် ရင်ဆိုင်ဖြေရှင်းမည် ဖြစ်၏။
ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ချလိုက်ရင်း ကျင့်ကြံခြင်း စတင်ပြုလုပ်လိုက်သည်။ သူက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်မှ အင်မော်တယ်စွမ်းအားများကို အဓိကအသုံးပြုပြီး ကျင့်ကြံနေခြင်း ဖြစ်သည်။
လူသားအင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်အနေဖြင့် လူသားအင်မော်တယ်အဆင့် အောင်မြင်သည်အထိ ကျင့်ကြံရန် မခက်ခဲလှပေ။
သူ့အတွက် လုံလောက်သည့်အချိန်သာ လိုအပ်သည်။
နဂါးမျိုးနွယ်များ လာရောက်စိန်ခေါ်သည့်အခါ လက်ခံရင်ဆိုင်ရန် ဆရာဖြစ်သူက မှာကြားထားသည်။ ထို့ကြောင့် တစ်ယောက်တည်းကျင့်ကြံရန်အတွက် အကြောင်းပြချက် အလုံအလောက် ရရှိသွား၏။
သူ ရှောင်ယွိကိုလည်း ဂရုစိုက်ပေးရဦးမည် ဖြစ်သည်။ မိန်းကလေးတစ်ယောက်အတွက် အချိန်ပေးရမည်ဆိုသော်လည်း သိပ်တော့များမည် မဟုတ်ပေ။
ထို့ကြောင့် သူ၏ ကျင့်ကြံခြင်းကို များစွာမထိခိုက်နိုင်ပေ။
………………
နေနှင့်လ တစ်လှည့်စီထွန်းလင်းပြီး ဥတုလေးပါးလည်း အလီလီပြောင်းလဲသွားလေသည်။
နက်ရှိုင်းသည့်ပင်လယ်ပြင် (၄)ခုကတော့ ပြောင်းလဲခြင်းကို သိပ်ပြီး ခံစားရသည့်ပုံ မရှိပေ။ ခေတ်အဆက်ဆက် ရာသီများ ပြောင်းလဲခဲ့သည့်တိုင် ပင်လယ်ပြင်ကြီးများကတော့ ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်၏။
နဂါးနန်းတော်ထဲတွင် လုန်ရဲ့နှင့် လုန်မန်တို့ စကားပြောနေကြသည်။
“နောက်နှစ်နည်းနည်းလောက်ဆိုရင် ကျုပ်တို့ ခွန်လွန်တောင်ကို သွားကြမှာ မဟုတ်လား…”
ခရီးစဉ်အတွက် စိတ်အားထက်သန်နေသည့် လုန်ရဲ့ကိုကြည့်ပြီး လုန်မန်က မေးလိုက်ခြင်း ဖြစ်သည်။
စစ်ပွဲတွင် နတ်မိစ္ဆာများကို အနိုင်ယူခဲ့ပြီး နဂါးမျိုးနွယ်များ အောင်ပွဲခံနိုင်ခဲ့ကြသည်။ ပေးဆပ်ရသည့်တန်ဖိုး များပြားခဲ့သော်လည်း အနိုင်ရခဲ့သောကြောင့် ခံသာသည်ဟု ဆိုရမည်။
စစ်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် နတ်မိစ္ဆာများကတော့ ပို၍ပင် စိတ်ပျက်ကြေကွဲဖွယ် အနေအထားဖြစ်၏။ သို့သော် တကယ်တမ်းတွင် စစ်ပွဲရှုံးနိမ့်သည့်အတွက် နတ်မိစ္ဆာများက သိပ်ပြီး အထိနာကြဟန်လည်း မပြသကြပေ။
နတ်မိစ္ဆာများ ဘာဖြစ်ချင်သည်ကို နဂါးမျိုးနွယ်များ နားမလည်သော်ငြား သူတို့၏အကြံအစည်က သေးငယ်ခြင်းမရှိသည်ကို ခန့်မှန်းမိသည်။ မဟုတ်ပါက နတ်မိစ္ဆာများအနေဖြင့် ထိုမျှလောက် ရူးနှမ်းသည့်အလုပ်များကို ပြုလုပ်လိမ့်မည် မဟုတ်ပေ။
နတ်မိစ္ဆာများက သူတို့ကို သွပ်ချောင်ချောင်ဖြစ်ကုန်အောင် တမင်သက်သက် လုပ်နေသလား မပြောတတ်ပေ။ သူတို့၏ အကြံအစည်များကို လုန်မန်လည်း သိရှိခြင်း မရှိပေ။
လုန်ရဲ့က…
“အမှန်ပဲ… ဒါကြောင့် အဆင်သင့်ပြင်ထားပါ အဋ္ဌမမင်းသား… ၊ ဒီကိစ္စက အရမ်းအရေးကြီးတယ်…”
သူ ခွန်လွန်တောင်သို့ ရောက်ခဲ့စဉ်က အတော်လေး စော်ကားခံခဲ့ရသည်။
ယခုတစ်ကြိမ်တော့ မကျေပွဲဖြင့် ခွန်လွန်တောင်ကို နာကျင်စေရမည်။ နဂါးမျိုးနွယ်များ၏ အရှိန်အဝါနှင့် သြဇာကို ကောင်းကောင်းသိရှိစေရမည်။
လုန်မန်က…
“ကျုပ်က ယောက်ဖကို စိန်ခေါ်ရမှာလား…”
သူ အရင်ကတည်းက ထိုအကြောင်း ကြားထားပြီးသား ဖြစ်သည်။ ယခု လုန်ရဲ့ကို အတည်ပြုရန် ထပ်မံမေးမြန်လိုက်ခြင်း ဖြစ်၏။
လုန်ရဲ့က…
“ဒီတစ်ခေါက် ခွန်လွန်တောင်ကို သွားရတဲ့ရည်ရွယ်ချက်က လူငယ်မျိုးဆက်အဆင့်မြင့်ကျင့်ကြံသူတွေကို စိန်ခေါ်ဖို့ဆိုတာထက် မင်းသားအနေနဲ့ နဝမတောင်ထွတ်ကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ပဲ လိုအပ်တယ်… ၊ ပထမတေင်ထွတ်နဲ့ အဋ္ဌမတောင်ထွတ်နဲ့ပတ်သက်လို့တော့ မင်းသားအနေနဲ့ ဘာမှ စိတ်ပူစရာ မရှိဘူး…”
ယခုတစ်ကြိမ် ခွန်လွန်တောင်ခရီးစဉ်တွင် နဂါးပေါင်းများစွာ သွားရောက်ကြမည် ဖြစ်သည်။ ခွန်လွန်တောင်သို့ နဂါးများ သွားရောက်ကြရာတွင် ယခုတစ်ကြိမ်က အင်အားအကြီးမားဆုံး ဖြစ်သည်။
နဂါးမျိုးနွယ်များက စစ်ပွဲအောင်နိုင်သူများဖြစ်လေရာ ခွန်လွန်တောင်ကရော သူတို့ကို ခံနိုင်ရည် ရှိပါမည်လား။
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ်တော့ အမျက်ဒေါသကို ဖြေဖျောက်နိုင်ရမည် ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၉၀)ကျော်ခန့်က ခွန်လွန်တောင်က နဂါးမျိုးနွယ်များကို ဖိနှိပ်ခဲ့သည်။ တစ်ကြိမ်မက မျက်နှာပျက်အောင် ပြုလုပ်ခဲ့သည်။
ထိုစဉ်က နဂါးမျိုးနွယ်များသာ နတ်မိစ္ဆာများနှင့် တိုက်ခိုက်နေခြင်း မရှိလျှင် သူတို့က ခွန်လွန်တောင်ကို ချက်ချင်း စိန်ခေါ်မည် ဖြစ်၏။
ယခုတစ်ကြိမ်တော့ လွန်ခဲ့သည့်နှစ်ပေါင်း (၉၀)ကျော်မှ အကြွေးကို ပြန်တောင်းပြီး သိက္ခာပြန်ဆည်ရမည် ဖြစ်သည်။
အဋ္ဌမမင်းသားက ကျန်းလန်ကို အနိုင်ယူနိုင်သည်နှင် အရာအားလုံး စတင်ပေလိမ့်မည်။
လုန်မန်က…
“ကျုပ်တာဝန်ထားလိုက်စမ်းပါ…”
လုန်မန်က သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသူ ဖြစ်သည်။
သူက မွေးရာပါအင်မော်တယ်တစ်ပါးဖြစ်ပြီး လူသားအင်မော်တယ်အဆင့်ကို အောင်မြင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ဆယ်စုနှစ်အနည်းငယ်အတွင်း အစစ်အမှန်အင်မော်တယ်အဆင့်သို့ တက်ရောက်တော့မည် ဖြစ်၏။
နဂါးမျိုးနွယ်များထဲတွင် လုန်မန်ထက်တော်သူဆို၍ အနည်းငယ်သာ ရှိသည်။
မူလဝိညာဉ်အဆင့်သာရှိသည့် ယောက်ဖဖြစ်သူကို ရင်ဆိုင်ရန်က သူ့အတွက် လွယ်ကူသည့်ကိစ္စပင်။
အဋ္ဌမမင်းသားမှာ အင်မော်တယ်အဖြစ် မွေးဖွားလာသူဖြစ်လေရာ ပင်လယ် (၄)ခု၏ ကောင်းချီးပေးခြင်းကို ခံရသူဟူ၍ နဂါးမျိုးနွယ်များက ယုံကြည်လက်ခံကြသည်။
သူက အမှန်တကယ်လည်း တန်ခိုးစွမ်းအားမြင့်မားသူ ဖြစ်၏။ သူ့ကို သာမန်လူသားကျင့်ကြံသူများနှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ပေ။
လုန်ရဲ့က ခေါင်းညိတ်လိုက်ရင်း…
“အဆင့်အမြင့်ဆုံး လူသားကျင့်ကြံသူဆိုရင်တောင်မှ မင်းသားရဲ့ တန်ခိုးစွမ်းအားကို ခံနိုင်ရည်ရှိမယ် မထင်ဘူး… မင်းသားရဲ့တိုက်ကွက်တစ်ကွက်တည်းနဲ့ အရှုံးပေးကြရမှာပဲ…”
လုန်မန်က သူ့ရင်ဘတ်ကို တစ်ချက်ပုတ်လိုက်ပြီး ထိုစကားကို ဂုဏ်ယူစွာဖြင့် သဘောတူရန် ဟန်ပြင်လိုက်သည်။
သို့သော်…
ရုတ်တရက် သွေးနီရောင်နဂါးကို လက်သီးတစ်ချက်တည်းဖြင့် တစ်စစီဖြိုခွင်းပစ်လိုက်သည့် ထိုလူသားကို သွားပြီး မြင်ယောင်လိုက်မိ၏။
သူ ထိုကိစ္စကို မေ့ဖျောက်ပစ်ရန် ကြိုးစားခဲ့သည်။ သို့သော် မြင်ကွင်းက ကြောက်မက်ဖွယ်ကောင်းလှသည့်အတွက် မမေ့ပျောက်နိုင်ခဲ့ပေ။
ထိုသူက သွေးနီရောင်နဂါးကို ပုရွက်ဆိတ်လေးတစ်ကောင်ပမာ ဖြိုခွင်းပစ်လိုက်ခြင်း ဖြစ်၏။
ထို့ပြင် ထိုသူက သူနှင့် ကျင့်ကြံခြင်းအဆင့် တူညီသူများကိုလည်း လက်သီးတစ်ချက်ဖြင့် သတ်ဖြတ်ပစ်ခဲ့သည်။ ဒုတိယလက်သီးချက်ပင် ထိုးနှက်စရာမလိုခဲ့ပေ။
သူ့ဘဝတွင် ထိုမျှကြောက်မက်ဖွယ်ကောင်းသူကို ဒုတိယအကြိမ် မတွေ့မြင်ချင်တော့ပေ။
……………
ခွန်လွန်တောင် ၊ ကျောက်စိမ်းရေကန်။
ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထိပ်အစွန်းတွင် လုန်ယွိတစ်ယောက်တည်း ထိုင်နေလေသည်။
သူမ၏အကြည့်များက တောင်ထိပ်အခြားဘက်ဆီသို့ ငေးမျှော်လျှက်ရှိပြီး အကြည့်များ၏ဦးတည်ရာက နဝမတောင်ထွတ်ဆီသို့ ဖြစ်သည်။
ယနေ့က သူမနှင့် ကျန်းလန် ချိန်းဆိုထားသည့်နေ့ရက်ဖြစ်သည်။
ကျန်းလန်က ကျောက်စိမ်းရေကန်မြေအနေအထားကို ကြည့်ရှုပေးပြီး ပန်းပင်များစိုက်ပျိုးနိုင်ရန် သူမကို ကူညီပေးမည် ဖြစ်သည်။
“နှစ်ပေါင်း (၃၀) ကြာမှ ကျွန်မဆီ ရောက်လာတာ… ရှင်က ကျင့်ကြံခြင်းအဆင့်တက်ဖို့များ ကြိုးစားနေတာလား…”
လုန်ယွိ တွေးလိုက်သည်။
သူမ နဝမတောင်ထွတ်သို့ နောက်ဆုံးတစ်ကြိမ် သွားရောက်စဉ်က ကျန်းလန် ကျင့်ကြံခြင်းအဆင့်တက်တော့မည်ကို ခန့်မှန်းလိုက်မိသည်။
“သူက… အခုဆိုရင် မူလဝိညာဉ် ၊ အလယ်ဆင့်ရောက်နေလောက်ပြီ ထင်တယ်…”
လုန်ယွိ ခဏမျှ တွေးနေပြီးနောက် ကျန်းလန်၏ ကျင့်ကြံခြင်းအဆင့်တက်ခြင်းက ပါရမီရှင်များနည်းတူ လျှင်မြန်သည်ကို သဘောပေါက်လိုက်သည်။
ကျန်းလန် မကြာခင် အင်မော်တယ် ဖြစ်လာပေလိမ့်မည်။
နောက်ထပ်နှစ်ပေါင်း (၄၀၀)အတွင်း ကျန်းလန်သာ အင်မော်တယ်ဖြစ်သွားပါက သူမနှင့် ကျန်းလန် လက်ထပ်ရပေမည်။
“လက်ထပ်ရတော့မယ်…”
သူမ လက်မထပ်ချင်ပေ။
သို့တိုင် အခြေအနေကိုလက်ခံရန် သူမ ကြိုးစားနေဆဲ ဖြစ်၏။
လက်ထပ်ပွဲနေ့ရက်က တဖြည်းဖြည်းရောက်ရှိလာမည်ပဲ ဖြစ်သည်။ ထို့ပြင် သူမက ကျန်းလန်ကို မုန်းတီးခြင်းလည်း မရှိပေ။
တစ်ခါတစ်ရံ ကျန်းလန်ကြောင့်ပင် သူမ အလွန်ပျော်ရွှင်ခဲ့ရသည်များ ရှိခဲ့လေသည်။
အချစ်ဆိုသည်ကိုတော့ သူမ နားမလည်သေးပေ။ တစ်နေ့နေ့တွင်တော့ နားလည်ကောင်း နားလည်လာပေလိမ့်မည်။
နှစ်ပေါင်း (၄၀၀)အတွင်း သူမ အချစ်ကို နားလည်လာနိုင်ပါမည်လား။
ထိုစဉ် တောင်ထိပ်အပြင်ဘက်တွင် တစ်စုံတစ်ယောက် ရောက်ရှိလာသည်ကို လုန်ယွိ အာရုံခံလိုက်မိသည်။
သူမ ချက်ချင်းပင် မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်ကို လက်ဝှေ့ရမ်းပြလိုက်သည်။ ထို့နောက် ကျန်းလန် ဝင်ရောက်လာနိုင်ရန်အတွက် တောင်ထိပ်သို့လာရာလမ်းကြောင်းကို ဖွင့်ပေးလိုက်သည်။
ကျန်းလန်က ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်အပြင်ဘက်သို့ ပျံသန်းရောက်ရှိလာသည်။
ကျန်းလန် တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေသည်မှာ နှစ်ပေါင်း (၃၀)ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သို့ပေသိ နှစ်ပေါင်း (၃၀)အတွင်း ကျန်းလန်က ကျင့်ကြံခြင်းအပြင် မြေဆီလွှာများ ၊ အပင်များနှင့်ပတ်သက်သည့် စာအုပ်များကိုလည်း ဖတ်ရှုလေ့လာခဲ့ရသည်။
သို့မှသာ လုန်ယွိကို ကူညီပြီး ကျောက်စိမ်းရေကန်မှ မြေပြင်အနေအထားကို ကြည့်ရှုပေးပြီး ပန်းပင်များ စိုက်ပျိုးပေးနိုင်မည် မဟုတ်ပါလား။
ကျောက်စိမ်းရေကန်၏ မြေပြင်အနေအထားက သူမျှော်လင့်ထားသလို မဟုတ်ဘဲ တစ်စုံတစ်ခု ထူးခြားနေပါက စာအုပ်များသာဖတ်မထားလျှင် သူ ဘာမှ ပြုလုပ်ပေးနိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် လုန်ယွိရှေ့တွင် အရှက်လုံးလုံးကွဲပေလိမ့်မည်။
ထို့ကြောင့် လုံလောက်သည့် ပြင်ဆင်မှုများအားလုံး ပြုလုပ်ပြီးမှသာ လာရောက်ရခြင်း ဖြစ်သည်။
ကျန်းလန် လမ်းကြောင်းအတိုင်းဝင်လာပြီး တောင်ထိပ်အစွန်းတွင် မတ်တတ်ရပ်နေသည့် လုန်ယွိကို လှမ်းကြည့်လိုက်သည်။
လုန်ယွိကလည်း ကျန်းလန်ကို တိတ်ဆိတ်စွာပင် ကြည့်နေ၏။
သူမဝတ်ဆင်ထားသည့် အဝတ်အစားများက လေထဲတွင် လွင့်ပျံလျှက် ရှိပြီး ခါးထိအောင်ရှည်လျားသည့် ပိတုန်းရောင်ဆံနွယ်ရှည်တို့သည် လေနှင့်အတူ လွင့်မျောလို့နေသည်။
သူမသည်ကား ပြိုင်ဘက်ကင်း အလှဧကရီတစ်ပါးပင်တည်း။
သူမသည် ယခင်ကအတိုင်းပင် အေးစက်တည်ငြိမ်နေဆဲဖြစ်ပြီး ချောမောလှပနေစမြဲပင် ဖြစ်လေတော့သည်။