အပိုင်း (၁၇၇၃)

မုချန်းကီ

လူတစ်ယောက်တည်းက ကောင်းကင်အာဏာစက်ကျောင်းတော်မှ အဆင့်နိမ့်ရန်ဟောင်များအားလုံးကို စိန်ခေါ်နေသည်။ မရေမတွက်နိုင်သောလူများက ကောင်းကင်မှ ဓားများကို လှမ်းကြည့်ကြ၏။ သူ၏ဓားများသည် အလွန်အားကောင်းကြောင်း အားလုံးက ခံစားမိကြသည်။

သူ၏စကားက နှိမ့်ချတတ်ကာ တည်ငြိမ်၏။ တစ်ဘက်တွင် သူ၏မြင့်မားသော ယုံကြည်မှုကို ပြသနေသည်။ သူက ကောင်းကင်အာဏာစက်ကျောင်းတော်က အဆင့်နိမ့်ရန်ဟောင်များအားလုံးကို စိန်ခေါ်၏။

သူသည် နတ်ဝင်ရိုးအဆင့်၂တွင်ရှိသော်လည်း အဆင့်နိမ့်ရန်ဟောင်များအားလုံးက သူ့ကို စိန်ခေါ်တိုက်ခိုက်နိုင်သည်။

သူသည် ထိုက်ချူတော်ဝင်မြေမှ အသန်မာဆုံးသော မျိုးဆက်ဖြစ်လေမလား။

မဟုတ်လျှင် သူက ထိုသို့သော ယုံကြည်ချက်မြင့်မားသောစကားကို ဆိုမည်မဟုတ်ပေ။

“ဒါမှမဟုတ် အားလုံးစုပေါင်းပြီးတိုက်ခိုက်လို့လည်းရတယ်” မုချန်းကီက ပြောသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး၏စိတ်နှလုံးများ တုန်ခါနေကြသည်။

သူသည် ထိုနေရာတွင် တစ်လောကအောက် တစ်ယောက်ဖွားအလား၊ မည်သူ့ကိုမှ အလေးမထားသောဟန်ပန်ဖြင့် ရပ်နေသည်။

သူသည် ထိုက်ချူတော်ဝင်မြေမှ မုချန်းကီဖြစ်သည်။

ထိုက်ချူတော်ဝင်မြေမှ တခြားတန်ခိုးရှင်များကလည်း မုချန်းကီကို ကြည့်နေကြသည်။ ယခုတွင် သူတို့၏ပျက်ယွင်းနေသော မျက်နှာများမှာ အနည်းနှင့်အများ ပြန်လည်ကြည်လင်လာပြီဖြစ်သည်။ ယခု မုချန်းကီ ပါဝင်လာပြီဖြစ်ရာ သူတို့ဆုံးရှုံးသွားသော ဂုဏ်သိက္ခာကို ပြန်လည်ရရှိပေတော့မည်။

မုချန်းကီက ထိုသို့သော စကားကို အဘယ်ကြောင့်ပြောသည်ကို သူတို့နားလည်သည်။ အကြောင်းပြချက်ကား တစ်ခုတည်းသာရှိသည်။ သူသည် ရှေ့က တိုက်ပွဲမှ အရှက်တရားကို လုံးဝဆေးကြောပစ်လိုသည်။

တေးသံသာနန်းမြို့တော်မှလူများက ထိုမြင်ကွင်းကိုကြည့်ကာ စိတ်အေးသွားကြသည်။ မုချန်းကီက သူ၏ဓားကို ထုတ်လိုက်မှတော့ မည်သူက သူ့အား ယှဉ်နိုင်မည်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ယူချင်းနှင့်ဂူတုံးလျှိုတို့၏စွမ်းအားဖြင့် ကစားပွဲကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ သို့သော်လည်း အဆုံးသတ်တွင် သူတို့သည် ထိုက်ချူတော်ဝင်မြေ၏အပြတ်အသတ် ဖိနှိပ်ခြင်းကို ခံရပေလိမ့်မည်။

သူကား ထိုက်ချူတော်ဝင်မြေ၊ ထိုက်ချူလေ့ကျင့်ရေးနယ်မြေမှ အတော်ဆုံးဓားပညာရှင်တစ်ဦး ဖြစ်သည်။ တေးသံသာနန်းမြို့တော်မှလူများသည် သူ့ကို အပြည့်အဝယုံကြည်ကြသည်။

မုချန်းကီသည် ထိုက်အယ်ဓားကို အဆင့်၇အထိရောက်အောင် လေ့ကျင့်အောင်မြင်ထားကြောင်း သူတို့ကြားထားသည်။ ဆိုလိုသည်က သူသည် အဆင့်မြင့်ရန်ဟောင်အဆင့်သို့ ရောက်သောအခါ သူသည် သေချာပေါက် ကြီးမားသော အောင်မြင်မှုများကို ရရှိပေလိမ့်မည်။ သူသည် နာမည်ကျော်ထိုက်အယ်ဓား အဆင့်၁၀သို့ပင် တက်ရောက်နိုင်ပေလိမ့်မည်။

ထိုသို့သောလူက လေဟာနယ်ဘုံ၊ ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာသောအခါ မည်သို့သောရလဒ် ထွက်ပေါ်မည်ကို မေးခွန်းထုတ်စရာပင်မလိုတော့။

“ဘယ်လောက်မောက်မာလိုက်သလဲ…” ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများက မုချန်းကီကို အေးစက်စွာ လှမ်းကြည့်ကြသည်။ သူတို့က ယူချင်းနှင့် ဂူတုံးလျှိုတို့ထံတွင်အရှက်တကွဲရှုံးနိမ့်ခဲ့သည့်တိုင် လေကြီးမောက်မာနိုင်သေးသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များ၏တိုက်ခိုက်လိုစိတ်များ လောင်မြိုက်လာကြသည်။ မုချန်းကီ၏မောက်မာသောစကားများကိုကြားပြီးနောက်တွင် သူတို့မည်သို့ခံစားရမည်ကို တွေးကြည့်နိုင်သည်။

လေထဲတွင် အချင်းချင်းတီးတိုးပြောသံများ ညံစည်လာသည်။

“သူ ဘာပြောနေတာလဲ…” တစ်ယောက်က နှာခေါင်းရှုံ့သည် “ခုနကပဲ သူတို့အရှက်ကွဲရှုံးထားသေးတယ်။ အခု လူတစ်ယောက်ထွက်လာတာနဲ့ ကြီးကြီးကျယ်ကျယ်ပြောနေတယ်”

“သူတို့က ကောင်းကင်ဒေသက ဖြစ်တယ်ဆိုတာနဲ့ပဲ…” တစ်ယောက်က ငေါ့တော့တော့ပြောသည်။

မုချန်းကီသည် လူအုပ်ကြားထဲတွင် ဖြစ်ပေါ်နေသော တီးတိုးစကားပြောသံများကို လျစ်လျူရှုထားသည်။ သူကား ရီဖူရှင်းကို ကြည့်နေ၏။ သည်တိုက်ပွဲကို အမှန်တကယ်ဦးဆောင်နေသူမှာအရှင်ထိုက်ရွှမ်မဟုတ်ဘဲ ရီဖူရှင်းဖြစ်ကြောင်း သူသတိထားမိပြီးဖြစ်သည်။ သူသည် ကျောင်းတော်မှ ကိစ္စအတော်များများကို ဦးဆောင်နိုင်ဟန်ရသည်။

သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လေ့လာဆန်းစစ်ခဲ့ပြီးဖြစ်ရာ ရီဖူရှင်းသည် ကျောင်းတော်၏အသက်ဝိညာဉ် ဖြစ်သည်ကိုလည်း သိနားလည်၏။

ထို့အပြင် အက်ကြောင်းမဲ့ဝင်ရိုးပိုင်ရှင်များအားလုံးသည် ရီဖူရှင်းနှင့်အတူ ရှိနေကြ၏။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်၏ရင်းမြစ်ဖြစ်သည်။ သူတို့သည် အနာဂတ်မျှော်လင့်ချက်ဖြစ်၏။

ယခု သူတို့သည် ပြင်ပမှ အင်အားကြီးကလန်တစ်ခုကို ရင်ဆိုင်နေရ၏။ လောလောဆယ် သူတို့သည် မဟာမိတ်အင်အားကို မှီခိုနေရသည်။

ထို့ကြောင့် ထိုက်ချူတော်ဝင်မြေမှလူများ၏အမြင်တွင် တစ်ဘက်လူများကို ပြတ်ပြတ်သားသားဖိနှိပ်အဆုံးသတ်နိုင်သရွေ့ အဆင်ပြေသည်။

သောကျောက်က ရှေ့ကို အနည်းငယ် တိုးလိုက်သည်။ တိုက်ခိုက်လိုစိတ်များ သူ့ခန္ဓာကိုယ်ကို လှည့်ပတ်စီးဆင်းလာသည်။ သူက တိုက်ခိုက်လိုစိတ်ပြင်းထန်ကာ အရှုံးကိုလည်း လက်ခံနိုင်သည်။ သူသည် စစ်မာရှောင်ကို ရှုံးနိမ့်ထားကာ မုချန်းကီသည် စစ်မာရှောင်ထက် သိသာစွာ သန်မာ၏။ သူရှေ့ထွက်လျှင် သေချာပေါက် ရှုံးဖို့များသည်။

ထိုအခိုက်တွင် မုချန်းကီနောက်၌ ကြောက်မက်ဖွယ်ဓားသဏ္ဌာန်တစ်ခု ပေါ်လာသည်။ ကောင်းကင်လမ်းစဉ်ဓားသည် သူ့ကို ရစ်ပတ်လာကာ နတ်ဓားစွမ်းအားများကြောင့် သူ့အား ဓားများ၏ဘုရင်အလား ထင်မှတ်လာရသည်။

ဝှစ်…

ဓားသဏ္ဌာန်များမှ ဖြစ်ပေါ်လာသော ဓားတစ်လက်သည် အပေါ်ကို မြောက်တက်လာသည်။ ထိုဓားသည် ရီဖူရှင်းတို့ရှိရာသို့ စတင်ရွေ့လျားလာ၏။

“သတိထားပါ…” မုချန်းကီက ပြောသည်။ သူက ထိုသို့ပြောလျှင် ရီဖူရှင်းအနီးမှလူများက အာရုံစိုက်ထားကြ၏။ သူတို့အထဲမှ အတော်များများက ရှေ့ကို တက်ကာ နတ်ဝင်ရိုးစွမ်းအားများကိုထုတ်လွှတ်လိုက်ကြ၏။

မုချန်းကီက လက်ဝှေ့ယမ်းလျှက် စကားတစ်ခွန်းဆိုသည် “လာစမ်း…”

ကောင်းကင်တွင် လျှပ်စီးများလက်သွားသည်။ ဓားတစ်လက်သည် လေထဲ ပျံဝဲလာကာ ဓားတစ်ချက် ခုတ်လိုက်သည်။ ဓားချက်သည် မြန်ဆန်လွန်းကာ ပစ်မှတ်နှင့်သူ၏တည်ရှိမှုအကြားကိုလျစ်လျူရှုလိုက်ဟန်ရသည်။

ထိုအခိုက်တွင် ဓားထွက်ပေါ်လာသည်နှင့် တစ်စုံတစ်ယောက်က သူ၏ဓားကို ထုတ်ကာ ခုတ်လိုက်သည်။ အစိမ်းရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာကာ သူ့လမ်းကြောင်းတစ်လျှောက်ကိုပျက်စီးသွားစေသည်။

ဘန်း…

ကျယ်လောင်သောအသံတစ်ချက်နှင့်အတူ ရီဖူရှင်းနှင့် တခြားလူများအရှေ့တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသည်။ ကြောက်မက်ဖွယ်ဓားမုန်တိုင်းတစ်ခု သူတို့ရှေ့၌ ပေါ်လာ၏။ သူတို့အားလုံးက စွမ်းအားများကို ထုတ်ကာ ထိုဓားမုန်တိုင်းကို ကာကွယ်ကြရ၏။ သို့တိုင်အောင် အက်ကွဲသံများ အဆက်မပြတ်ဖြစ်ပေါ်လာကာ တန်ခိုးရှင်အတော်များများ၏အဝတ်အစားများ အပိုင်းပိုင်းပြတ်တောက်သွားရသည်။

လူတစ်ယောက်ကား ပေတစ်ထောင်ခန့် နောက်ကို ဆုတ်သွားရသည်။ ရီဖူရှင်းနှင့် တခြားလူများက သူ့ကို လှမ်းကြည့်လိုက်ကြ၏။ သူကား နန်ထျန်းနတ်ပြည်ထောင်၏မင်းသမီး နန်လော့ရှန်းဖြစ်သည်။

နန်လော့ရှန်းသည် နတ်ဝင်ရိုးဒုတိယအဆင့်ရှိသည်။ သို့သော်လည်း ထိုဓားကို ရင်ဆိုင်ရာတွင် နောက်ကို ဆုတ်လိုက်ရ၏။ တစ်ဘက်လူ၏ဓားကား အလွန်သန်မာသည်။

ထိုဓားသည် လေဟာနယ်ကို လျစ်လျူရှုကာ ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်၏။

ထိုဓားသည် မြန်ဆန်သလို စွမ်းအားလည်း ကြီးသည်။

နန်လော့ရှန်းသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အတော်ဆုံးထဲမှ တစ်ယောက်ဖြစ်သည်။ သူမသည် နတ်ဘုရားအကြွင်းအကျန်နယ်မြေ၌ အက်ကြောင်းမဲ့ဝင်ရိုးကို ဖွဲ့စည်းနိုင်ခဲ့သော လူနည်းစုထဲမှ တစ်ဦးဖြစ်၏။ ယခု သူမကဲ့သို့ သန်မာသူသည်ပင် ထိုဓားကြောင့် နောက်ဆုတ်သွားရသည်။ မုချန်းကီကား ကြောက်စရာကောင်းအောင် သန်မာသည်။

ထို့အပြင် သူ၏ဓားချက်သည် သာမန်ဓားချက် တစ်ချက်သာ ဖြစ်ဟန်ရသည်။

သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များကို စိန်ခေါ်ရဲသည်မှာ မထူးဆန်းတော့။ ထိုဓားချက်များဖြင့် သူသည် အရေအတွက်များကို လျစ်လျူရှုနိုင်သည်။ မည်သူကသူ၏ဓားကို ယှဉ်နိုင်မည်နည်း။

မည်သူက သူ၏ဓားကို တားဆီးနိုင်မည်နည်း။

မုချန်းကီက ရှေ့ကို တစ်လှမ်းတက်သွားကာ ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများကို ကြည့်လျှက်ပြောသည် “ဘယ်သူမှ မထွက်လာရင်လည်း ကျုပ်က ဓားကို ဆက်ထုတ်ရမှာပဲ…”

ထိုသို့ပြောပြီးသည်နှင့် ဓားစွမ်းအားများ ပိုအားကောင်းလာသည်။ ဓားစွမ်းအားများသည် ကောင်းကင်သို့ ဆက်လက်စီးဆင်းသွားကာ ရီဖူရှင်းတို့ထံသို့ ကျဆင်းလာခဲ့၏။

သူ့ကို မည်သူ တိုက်ခိုက်နိုင်မည်နည်း။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံး၏မျက်လုံးများက အဖြူရောင်ဆံပင်ဖြင့်လူငယ်ထံသို့ ရောက်လာသည်။ သူ့အနေဖြင့် ထွက်တိုက်ရတော့မည့်ဟန်ရှိနေသည်။

သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်၏အသက်ဝိညာဉ်ဖြစ်သည်။ သူသည် သူ၏တိုက်ခိုက်ရေးစွမ်းအားကို သက်သေပြပြီးဖြစ်သည်။ ရှောင်မုယွီသည် သူ၏တပည့်အဖြစ် ခံယူခဲ့သလို သောကျောက်နှင့် တခြားလူများသည်လည်း သူ့နောက်ကို လိုက်လိုခဲ့ကြသည်။ အင်ပါယာနန်သည်ပင် သူ၏သမီးကို ကောင်းကင်အာဏာစက်ကျောင်းတော်၌ လေ့ကျင့်ရန် စေလွှတ်ခဲ့၏။

သူမှလွဲ၍ မည်သူထွက်၍ တိုက်ခိုက်ရဲမည်နည်း။

ရီဖူရှင်းသည် ထိုဓားကို အာရုံခံမိသည်နှင့် သူမှလွဲ၍ မည်သူမှ မုချန်းကီကို ရင်ဆိုင်နိုင်မည်မဟုတ်သည်ကို နားလည်လိုက်သည်။

ထို့နောက်တွင် သူသည် မုချန်းကီရှိရာသို့ တိုက်ရိုက်လှမ်းသွားလိုက်၏။

သူထွက်လာသည်ကိုမြင်လျှင် မုချန်းကီကလည်း သူ၏ဓားများကို ထပ်မံ၍ ထုတ်လွှတ်ခြင်း မပြုတော့။ သူက ရီဖူရှင်းကို တည်ငြိမ်စွာ ကြည့်နေသည်။

ရီဖူရှင်းသည် လေဟာနယ်ဘုံတွင် သူ၏မျိုးဆက်၌ အသန်မာဆုံးဟု သူသိထားသည်။

“ရီဖူရှင်း…” မုချန်းကီကား သူ့ရှေ့တွင် ရပ်နေသည်။ သူသည် လေဟာနယ်ဘုံကို ရောက်ကတည်းက ရီဖူရှင်း၏နာမည်ကို ကြိမ်ဖန်များစွာ ကြားဖူးပြီးဖြစ်သည်။ သူကား လက်ရှိမျိုးဆက်၏ကိုယ်စားပြုသူဖြစ်သည်။ သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တည်ထောင်ခဲ့ကာ လေဟာနယ်ဘုံ၏ထိပ်သီးအင်အားစုတစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ထိုက်ချူတော်ဝင်မြေသည်ပင် ထိုနေရာကို အစားထိုအသုံးပြုလိုခဲ့၏။

“မှန်တယ်… ကျုပ် ရီဖူရှင်းပါပဲ…” ရီဖူရှင်းက ပြောသည်။ သူတို့နှစ်ဦးသည် မိတ်ဆွေများအလား ဖော်ရွေစွာ ပြောဆိုကြ၏။

မုချန်းကီက ပြုံးလျှက် ခေါင်းညိတ်ကာ ပြောသည် “ကျုပ်က ထိုက်ချူတော်ဝင်မြေက မုချန်းကီ…”

သူက ထိုသို့ပြောလျှင် သူ့နောက်မှ ဓားသဏ္ဌာန်သည် ပိုမို၍ ကြီးမားလာခဲ့ကာ ကောင်းကင်သို့အထိ ဆန့်ထွက်လာခဲ့၏။ ထိုအခိုက်တွင် စူးရှသော အလင်းများ လေထဲ ဖြန့်ကျက်လာ၏။ရွှေရောင်အလင်းများ ထိုနေရာတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ အလင်းတန်းတစ်ခုစီသည် ဓားစွမ်းအားများဖြင့် ပြည့်နှက်နေ၏။ ထိုအခိုက်တွင် ရီဖူရှင်းသည် ရွှေရောင်အလင်းများဖြင့်လွှမ်းခြုံထားသည်။ သူသည် အဆုံးမဲ့သော ဓားပင်လယ်၌ ရပ်နေသည်ဟု ခံစားရ၏။

ရီဖူရှင်းက ကောင်းကင်ကို ကြည့်လိုက်သည်။ သူက ထိုနေရာတွင် ကွဲပြားခြားနားသော စွမ်းအားများကို ခံစားရသည်။ အာကာသစွမ်းအား၊ ဓားစွမ်းအားများနှင့် တခြားသော စွမ်းအားများရောယှက်နေကြ၏။

မုချန်းကီသည် လေထဲကို ပျံတက်သွားကာ ဧရာမဓားသဏ္ဌာန်အောက်၌ ရပ်သည်။ သူက အောက်ကို ငုံ့ကြည့်ကာ ရီဖူရှင်းအား ပြောသည် “ကျုပ်ရဲ့ဓားကို ဖော်ထုတ်တော့မယ်…”

ရီဖူရှင်းက ခေါင်းညိတ်သည်။ ဆင်အော်သံများ လေထဲ ပြည့်နှက်လာခဲ့၏။ ရွှေရောင်နတ်ဆင်အလင်းများ သူ့ခန္ဓာကိုယ်တွင် ပေါ်လာသည်။ တချိန်တည်းတွင် မရေမတွက်နိုင်သော ကု့ချင်းကြိုးများသည် လေထဲဖြစ်ပေါ်လာကာ နောက်ဆုံးတွင် ကု့ချင်းအနေဖြင့် ဖြစ်တည်လာသည်။ ဂီတသံစဉ်များသည် ဓားသံများနှင့်အတူ စည်းချက်ညီစွာ ဖြစ်ပေါ်လာ၏။

မုချန်းကီက လက်ဆန့်တန်းလိုက်သည်။ အဆုံးမဲ့သော ရွှေရောင်အလင်းတန်းများ အတူတူစုစည်းလာခဲ့ကာ နတ်ဓားတစ်လက်အသွင်သို့ ပြောင်းလဲသွား၏။ မုချန်းကီက ထိုဓားကို ဆုပ်ကိုင်ကာ အောက်ကို ခုတ်ဆင်းလာသည်။ ထိုအခိုက်တွင် ရွှေရောင်အလင်းတန်းကြီးသည် လေထုကို ဖြတ်ခွဲသွားပြီး အောက်ကို ကျဆင်းလာ၏။

ရုတ်တရက် ကောင်းကင်သည် မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွား၏။

ရီဖူရှင်းက လက်ဆန့်တန်းကာ လေထဲတွင်ပင် လက်ချောင်းများဖြင့် ကြိုးများကို တီးခတ်လိုက်သည်။ ရုတ်တရက် မရေမတွက်နိုင်သော ကြိုးများ တုန်ခါသွားကာ ဓားစွမ်းအားများမှ မုန်တိုင်းတစ်ခုဖြစ်ပေါ်လာသည်။ မရေမတွေက်နိုင်သော ဓားများသည် သံစဉ်များနှင့်အတူ လေထုကို ခွင်းသွားကြသည်။ ထိုအရာက တစ်ဘက်လူ၏စွမ်းအားနှင့်ပင် အမျိုးအစားတူဟန်ရ၏။

စွမ်းအားနှစ်ခု လေထဲဆုံလျှင် ကြောက်မက်ဖွယ် ဖျက်ဆီးအားတစ်ခု ဖြစ်ပေါ်လာသည်။ ရွှေရောင်အလင်းဓားသည် ပိုမို၍ အားကောင်းလာကာ ရီဖူရှင်း၏ပတ်ပတ်လည်မှ ခံစစ်အလွှာများကိုတစ်ခုချင်း ပျက်စီးသွားစေသည်။ ထိုအရာက သူ့ထံသို့ပင် ရောက်လုနီးဖြစ်လာ၏။

ရီဖူရှင်းက လေထဲခုန်တက်လိုက်သည်။ နတ်ဆင်ခြေလှမ်း ကောင်းကင်ချနင်းသည် ကောင်းကင်နှင့်မြေပြင်ကို တုန်ခါစေ၏။ သူက လက်ညိုးညွှန်လိုက်လျှင် ဂီတသံများဖြစ်ပေါ်လာသည်။မဟာလမ်းစဉ်သည် နောက်ကို စီးဆင်းသွားကာ မုန်တိုင်းအသွင်မှသည် နတ်ဓားတစ်လက်သွင်သို့ ပြောင်းလဲသွားပြီး တစ်ဘက်လူ၏စွမ်းအားများကို ပျက်စီးသွားစေသည်။

၄င်းကား တစ်ဒင်္ဂနတ်ဓားဖြစ်သည်။ ထိုဓားဖြစ်ပေါ်လာလျှင် မဟာလမ်းစဉ်သည် နောက်သို့ စီးဆင်း၏။

ဓားအလင်းတန်းနှစ်ခု အချင်းချင်း ရင်ဆိုင်မိကြသည်။ ပျက်စီးခြင်းရောင်စဉ်များသည် အရပ်မျက်နှာရှစ်ခုသို့ ပျံကျဲသွား၏။ စွမ်းအားမြင့်တန်ခိုးရှင်များအားလုံးက စွမ်းအားများကိုထုတ်ဖော်ကာ အရံအတားများဖြင့် တားဆီးကြရသည်။

ထိုက်ချူတော်ဝင်မြေမှ လူက ရီဖူရှင်းကို ငုံ့ကြည့်သည်။ သူ၏ဓားကား တားဆီးခံရ၏။ လေဟာနယ်ဘုံမှ နာမည်ကျော်ပါရမီရှင်ကား အမှန်တကယ် ထူးချွန်သူဖြစ်သည်။

မှန်သည်၊ ဤကား သူ၏ပထမဓားဖြစ်သည်။

“မဆိုးဘူး…” မုချန်းကီက လေထဲတွင်ရပ်ကာ ချီးကျူးသည်။ သူသည်လည်း ရီဖူရှင်း၏ဓားကို လေးစားဟန်ရသည်။ တစ်ဒင်္ဂဓားသည် သူ၏ဓားချက်ကို ကာကွယ်သွားခဲ့၏။ ဤကား ရှားပါးဖြစ်စဉ်ပင်။

သို့သော်လည်း သူ့အနီးမှ ဓားစွမ်းအားသည် တဖြေးဖြေးပိုမိုအားကောင်းလာကာ ထိုက်အယ်ဓားအလင်းသည် ကောင်းကင်၌ ဖြစ်ပေါ်လာ၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset