အခန်း (၁၉၆) နဂါးမျိုးနွယ်တွေက ကျန်းလန်ကိုစိန်ခေါ်မည်
လေနုအေးက တိုက်ခတ်သွားပြီး တိမ်မြူများက ကောင်းကင်ထက်တွင် ရွေ့လျားနေလေသည်။
ဖြာကျနေသည့် နေရောင်ခြည်ကလည်း နွေးနွေးထွေးထွေး ရှိလှသည်။
နဝမတောင်ထွတ်သို့ ပြန်လာသည့် ကျန်းလန်မှာ ရာသီဥတုသာယာသည်ဟု ခံစားလိုက်မိသည်။ သူက မှော်ရုံနယ်မြေမှ ထွက်ခွာလာပြီးနောက် နဝမတောင်ထွတ်သို့ ချက်ချင်း ပြန်လာခဲ့ခြင်း ဖြစ်သည်။
အစပိုင်းတွင် ကျန်းလန်က သဘာဝတာအိုမန္တန်ဖြစ်သည့် အထီးကျန်မန္တန်ကို အသုံးပြုပြီး ဂိုဏ်းတူမောင်နှမများကြား လှည့်လည်သွားလာကာ ပျက်သုန်းတစ်စပြင်လောကကြီးတွင် ဖြစ်ပျက်နေသည့် သတင်းများကို စုံစမ်းရန် စီစဉ်ထားခဲ့သည်။
သို့သော် ယခုတော့ နတ်မိစ္ဆာများသတင်းကြားရသည့်အတွက် လှည့်လည်မနေနိုင်တော့ပေ။ နဝမတောင်ထွတ်သို့ ပြန်ကာ သူ ပြုလုပ်လက်စအစီအရင်များကို အဆုံးသတ်ရမည် ဖြစ်သည်။
ထို့ပြင် နတ်မိစ္ဆာများ ကျူးကျော်လာသည်ကို ခုခံကာကွယ်ရန် နည်းလမ်းတစ်ခုလည်း စဉ်းစားထားရပေမည်။
ခွန်လွန်တောင်ကတော့ အင်အားကြီးမားပါသည်ဆိုသည့် နဂါးမျိုးနွယ်များကိုပင် ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ နတ်မိစ္ဆာများကိုလည်း မကြောက်ရွံ့သည်မှာ သေချာသည်။
နတ်မိစ္ဆာများအနေဖြင့်လည်း ခွန်လွန်တောင်ကို တိုက်ရိုက်စိန်ခေါ်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။
နတ်မိစ္ဆာများနှင့် နဂါးများ၏ တိုက်ပွဲက အဆုံးမသတ်သေးလေရာ ခွန်လွန်တောင်နှင့် ထိပ်တိုက်ရင်ဆိုင်သည်အထိ သူတို့ဘက်မှ မိုက်မဲမည် မဟုတ်ပေ။
ထို့ကြောင့် နတ်မိစ္ဆာများက ငရဲတံခါးကို အာရုံစိုက်ပြီ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လိုခြင်း ဖြစ်သည်။
တိုက်ခိုက်မှုတွင် နဝမတောင်ထွတ်မှ တစ်ဦးတည်းသောတပည့်ဖြစ်သည့် ကျန်းလန်ကတော့ သေချာပေါက် စာရင်းဝင်မည် ဖြစ်သည်။
ကျန်းလန်အတွက်တော့ နတ်မိစ္ဆများကို ခုခံကာကွယ်ခြင်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ခြင်း မည်ပေသည်။
“ပဉ္စမတောင်ထွတ်မှာ တွေ့ခဲ့တဲ့သူရဲ့ စကားအရဆိုရင် နတ်မိစ္ဆာတွေက ငါ့ကို သတ်ဖို့ထက် ကြိုးကိုင်ထိန်းချုပ်ဖို့ ကြိုးစားနေကြတဲ့ပုံပဲ… ၊ နတ်မိစ္ဆာတွေရဲ့ နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့သူက ငါ့ကို သေစေချင်ပုံ မမပေါ်ဘူး… ၊ သူက ငါ့ကို အသုံးချချင်နေတာ…”
ကျန်းလန် တွေးလိုက်သည်။
“ပြီးတော့ သူတို့မှာ ငရဲတံခါးကိုတိုက်ခိုက်ဖို့အတွက် ထူးခြားတဲ့မှော်ဝင်ပစ္စည်းလည်း ရှိတယ်ဆိုပဲ… ၊ ဒါပေမဲ့ သူ့စကားတစ်ခွန်းနဲ့တော့ အတည်ပြုလို့မရနိုင်ဘူး… ၊ ဘာပဲဖြစ်ဖြစ် သတိတော့ထားရမှာပဲ သာမန်လူတွေတောင်မှ အန္တရယ်များတဲ့အလုပ်လုပ်ရင် အရန်အစီအစဉ်တွေ လုပ်ထားကြသေးတာပဲလေ…”
ကျန်းလန်၏ စိတ်ထဲတွင်လည်း အရန်အစီအစဉ်တစ်ခု ရေးဆွဲထားသည်။
နတ်မိစ္ဆာများက ငရဲတံခါးကို မတိုက်ခိုက်နိုင်သည့်တိုင် သူ့ကို ထိန်းချုပ်နိုင်မည်ဆိုလျှင် အစီအစဉ်တစ်ဝက်အောင်မြင်သည်ဟု ယူဆကြပေလိမ့်မည်။
သို့သော် သူတို့ပိုပြီး အရေးစိုက်သည်က ကျန်းလန်ထက် ငရဲတံခါးကို ချဉ်းကပ်နိုင်ရန်သာ ဖြစ်သည်။
“ငါတော့ အစစအရာရာ ပိုပြီး သတိထားရမယ်… ၊ မိုးကောင်းကင်က မသိအောင်ဖုံးလွှမ်းထားတဲ့ အစီအရင်ကို ငါပိုပြီး အားကောင်းအောင်လုပ်ရမယ်… ၊ တခြားဝင်္ကပါအစီအရင်တွေကိုပဲ အားစိုက်နေလို့ မဖြစ်ဘူး…”
ထူးခြားသည်မှာ နာမ်ဝိညာဉ်ရောင်ပြန်ပညာက မရဏဂူကို မိုးကောင်းကင်မှ မသိအောင် ဖုံးကွယ်ထားသည့် အစီအရင်ကို ထပ်မံဖုံးကွယ်ထားနိုင်ခြင်း ရှိနေခြင်းပင်။
ထိုအကြောင်း စဉ်းစားမိသည့်အခါ ကျန်းလန် တုန်လှုပ်သွားရသည်။
နာမ်ဝိညာဉ်ရောင်ပြန်ပညာက အတော်လေး စွမ်းအား မြင့်မား၏။
သူ ထိုပညာသင်ယူနိုင်ရန်အတွက် ဆရာဖြစ်သူ မည်သည့်ပေးဆပ်မှုမျိုး ပြုလုပ်ခဲ့ရပါသနည်းဟု ကျန်းလန် သိချင်လာမိသည်။
မကြာမီ သူ နေထိုင်သည့် ခြံဝန်းဆီသို့ ကျန်းလန် ပြန်ရောက်လာသည်။ ခြံဝန်းအတွင်းမှာတော့ ကြီးမားသည့် ပြောင်းလဲမှု မရှိပေ။
သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးပြီးနောက် ကျန်းလန် မရဏဂူသို့ ထွက်ခွာလာခဲ့သည်။
မရဏဂူတွင် သူပြုလုပ်ထားသည့် အစီအရင်များကို အဆုံးသတ်ရဦးမည် ဖြစ်သည်။ ပဉ္စမတောင်ထွတ်သို့ မသွားခင်က အချို့အစီအရင်များကို ဖုံးကွယ်ထားနိုင်ခဲ့သော်လည်း အချို့အစီအရင်များ ဖုံးကွယ်မထားနိုင်ခဲ့ပေ။
ထို့ကြောင့် မရဏဂူက လုံခြုံမှုမရှိသေးဟု ဆိုနိုင်သည်။
သို့သော် မရဏဂူရှေ့သို့ ရောက်သည်နှင့် ကျန်းလန် မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။
“အစီအရင်တွေထဲကို တစ်ယောက်ယောက် ဝင်ထားတာပဲ…”
သူပြုလုပ်ထားသည့် အစီအရင်များကို တစ်စုံတစ်ယောက်က ချိုးဖျက်ဝင်ရောက်ထားသည့် ခြေရာလက်ရာများကို တွေ့လိုက်ရသည်။
နတ်မိစ္ဆာများ၏ အကြံအစည်ကို သိခဲ့ရပြီး မကြာမီပင် မရဏဂူကို ဝင်ရောက်ရန်ကြိုးစားသူနှင့် ကြုံတွေ့ရပြီ ဖြစ်၏။
ကျန်းလန် ချက်ချင်းပင် သတိကြီးကြီးထားလိုက်ပြီး စိတ်အာရုံစူးစိုက်ကြည့်လိုက်သည်။ သို့သော် အစီအရင်ထဲတွင် မည်သူမှ ပိတ်မိနေခြင်းမရှိကြောင်း အာရုံခံလိုက်မိသည်။
ရန်သူက ထွက်ခွာသွားသည်လား ၊ သို့မဟုတ် မရဏဂူထဲဝင်ရောက်သွားသည်လား မသေချာပေ။
“ဆရာဆိုရင်တော့ ငါလုပ်ထားတဲ့အစီအရင်တွေကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး…”
အတွေးနှင့်အတူ ကျန်းလန် အစီအရင်များကို တစ်ချက်လေ့လာလိုက်သည်။
မည်သည့်အဖြစ်အပျက် ဖြစ်ပျက်ခဲ့သည်ကို သိချင်မိသည်။
အစီအရင်ကို ချိုးဖျက်သွားသူက ဆရာဖြစ်သူဆိုလျှင် ပြဿနာမရှိသော်ငြား ရန်သူဖြစ်နေလျှင်တော့ သူက သည်းခံမည် မဟုတ်ပေ။
မရဏဂူရှေ့သို့ ရောက်လာသည့် အခါမှာတော့ သူပြုလုပ်ထားသည့် အစီအရင်တစ်ခုလုံး ပျက်စီးနေကြောင်း တွေ့လိုက်ရသည်။
“နာမ်ဝိညာဉ်ရောင်ပြန်ပညာကိုတောင် ဖျက်စီးထားပါလား… ၊ ဒီလူက အတော်စွမ်းအားကြီးမားတာပဲ…”
ဤအချက်က ကျန်းလန်ကို တုန်လှုပ်သွားစေသည်။
ကျန်းလန်က အစီအရင်ပညာတွင် ကျွမ်းကျင်အဆင့် မဟုတ်သေးပေ။ သို့သော် အစီအရင်တွင် သူ ထည့်သွင်းထားသည့် နာမ်ဝိညာဉ်ရောင်ပြန်ပညာကို ချိုးဖျက်ရန်မှာ မည်သည့်နည်းနှင့်မှ မလွယ်ကူပေ။
ထို့ပြင် တစ်ဖက်လူက အစီအရင်ကို ချိုးဖျက်သွားသည်မှာ အတော်လေးထူးခြားပြီး ပညာသားပါလွန်းသည်။ ရန်သူက အစီအရင်ပညာ အဆင့်မြင့်ကျွမ်းကျင်အဆင့် ဖြစ်နိုင်၏။
မရဏဂူထဲတွင်တော့ မည်သူ့ကိုမှ ကျန်းလန် တွေ့ရှိရခြင်း မရှိပေ။
“ဒီကိစ္စ ဆရာ့ကို မေးကြည့်ရမယ်…”
အစီအရင်ကို ချိုးဖျက်သူက ဆရာဆိုလျှင်တော့ ရှိစေတော့။ ဆရာမဟုတ်ဘူးဆိုလျှင်တော့ ဤကိစ္စကို ဆရာ့ကို ပြောပြရမည် ဖြစ်သည်။
“နောက်တစ်ခါကျ ဘယ်သူလာလဲဆိုတာသိရအောင် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းပါ တစ်ခါတည်းတပ်ထားရမယ်… ၊ အစီအရင်ကိုချိုးဖျက်ပြီး မရဏဂူထဲဝင်ပြီဆိုတာနဲ့ မှတ်တမ်းတင်မှော်ဝင်ပစ္စည်းက ချက်ချင်း မှတ်တမ်းတင်ထားအောင် လုပ်ထားရမယ်…”
ထို့နောက် ကျန်းလန် နဝမတောင်ထွတ်အစွန်းသို့ ထွက်ခွာလာခဲ့သည်။
လမ်းတစ်လျှောက်တွင် ယနေ့ ချိုးဖျက်ခံလိုက်ရသည့် အစီအရင်၏ ချို့ယွင်းချက်နှင့် အားနည်းချက်များကို မည်သို့ ပြုပြင်ရမည်ကို တွေးတောသွားခဲ့လေ၏။
………………
“ဆရာ…”
နဝမတောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်ကာ ချောက်ကမ်းပါးကြီးအောက် ငုံ့ကြည့်ရင်း အတွေးထဲတွင် နစ်မျောလျှက်ရှိသည့် မော့ကျန်းသုန့်မှာ ကျန်းလန်၏ ခေါ်သံကြောင့် သတိပြန်ဝင်လာသည်။
သူ့ကို ဦးညွှတ်ဂါရဝပြုလျှက်ရှိသည့် တပည့်လေးကို မော့ကျန်းသုန့် လှည့်ကြည့်လိုက်၏။
“မင်း ပြန်လာပြီလား… ကောင်းတယ် ကောင်းတယ်… ၊ မင်းကို ဆရာ ပြောစရာတွေရှိတယ်…”
ကျန်းလန်က ဦးညွှတ်လိုက်ရင်း…
“ဟုတ်ကဲ့… ပြောပါ ဆရာ…”
ကျန်းလန်က ဆရာဖြစ်သူကို အစီအရင်ကိစ္စ မေးမြန်းရန် ရောက်လာခြင်း ဖြစ်သည်။ သို့သော် ဆရာဖြစ်သူက သူ့ကို ပြောစရာရှိနေသည်ဆိုသောအခါ ချက်ချင်း သိချင်စိတ် ဖြစ်သွားမိသည်။
ဆရာဖြစ်သူက ပြောစရာရှိသည်ဆိုတိုင်း သတင်းကောင်းတော့ မဟုတ်တတ်ပေ။ အထူးသဖြင့် သူစီစဉ်ထားသည်များနှင့် ဆန့်ကျင်ဘက် ဖြစ်နေတတ်သည်။
ပြဿနာကြီးကြီးမားမား မရှိခဲ့သောကြောင့်သာ ကံကောင်းသည်ဟု ဆိုရမည်။
မော့ကျန်းသုန့်က တည်ငြိမ်အေးဆေးသည့် လေသံဖြင့်…
“နဂါးမျိုးနွယ်တွေနဲ့ ပတ်သက်တဲ့ကိစ္စပဲ…”
မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်အကဲခတ်လိုက်ပြီး ဆက်ပြောသည်။
“နတ်မိစ္ဆာတွေနဲ့ နဂါးတွေက စစ်ဖြစ်နေတာလေ… ၊ အခု နဂါးတွေဘက်က အသာရသွားပြီဆိုတော့ သိပ်မကြာခင် နဂါးတွေ အနိုင်ရတော့မယ်…”
ကျန်းလန်က…
“ဒါဆို ဒီကိစ္စက ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ပတ်သက်နေတာလား…”
ဆရာက နဂါးမျိုးနွယ်များအကြောင်း ပြောလာသည့်အခါ ထိုကိစ္စက သေချာပေါက် ရှောင်ယွိနှင့် ပတ်သက်ပေလိမ့်မည်။ ရှောင်ယွိနှင့်ပတ်သက်သည်ဆိုလျှင် သူနှင့်လည်း ပတ်သက်မည် ဖြစ်၏။
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…
“ဆိုပါတော့ကွာ…”
ခဏနားပြီးမှ မော့ကျန်းသုန့်က ဆက်ပြောသည်။
“တိုက်ပွဲမှာ နဂါးမျိုးနွယ်တွေ အနိုင်ရသွားမယ်ဆိုရင် သူတို့က ခွန်လွန်တောင်ကို လာပြီး ပြဿနာရှာကြလိမ့်မယ်… ၊ ပြောရရင်တော့ ကျောက်စိမ်းရေကန်နတ်ဘုရားမကိစ္စနဲ့ ပတ်သက်ပြီး သူတို့မကျေနပ်တာတွေကို ပြန်ပြီး ဆွေးနွေးကြမယ်ပေါ့ကွာ…”
ပြောပြီးသည်နှင့် မော့ကျန်းသုန့်က ကျန်းလန်ကို နှစ်သိမ့်လိုက်သည်။
“ဒါပေမဲ့ လက်ထပ်ပွဲအတွက်တော့ စိတ်မပူနဲ့… ၊ မင်းနဲ့ ကျောက်စိမ်းရေကန်နတ်ဘုရားမရဲ့ လက်ထပ်ပွဲက ဘယ်သူမှ တားဆီးလို့မရဘူး… ၊ ဒါပေမဲ့… တခြားပြဿနာတွေတော့ ရှိလာနိုင်တယ်… ၊ ပထမဆုံးပြဿနာကတော့ နဂါးမျိုးနွယ်တွေထဲက တစ်ယောက်ယောက်က မင်းကို ပြဿနာရှာလိမ့်မယ်… ၊ မင်းကို စိန်ခေါ်တာမျိုးပေါ့…”
အခြေအနေများကို ကျန်းလန် နားလည်သွားသည်။
နဂါးမျိုးနွယ်များ ခွန်လွန်တောင်သို့လာရောက်ကြသည်မှာ သူ့ကို စိန်ခေါ်ပြီး အနိုင်ယူရန် ဖြစ်သည်။ သူ့ကို အနိုင်ရသွားမည်ဆိုလျှင် နဂါးမျိုးနွယ်များအနေဖြင့် ခွန်လွန်တောင်ကို အပြစ်ရှာရန် အခွင့်အရေးရသွားပေလိမ့်မည်။
သူအနိုင်ရလျှင်တော့ နဂါးမျိုးနွယ်များ ထပ်မံသိက္ခာကျရမည်ဖြစ်ပြီး တပ်ခေါက်သွားကြပေလိမ့်မည်။ သူကတော့ နဂါးများ၏မာနကို ရိုက်ချိုးနိုင်သူအဖြစ် နာမည်ကြီးသွားမည် ဖြစ်၏။
ခွန်လွန်တောင်တစ်ခုလုံး ကျောထောက်နောက်ခံရှိနေလေရာ သူ့အနေဖြင့် ကြောက်ရွံ့စရာတော့ အကြောင်း မရှိပေ။
ကျန်းလန်က…
“ဆရာက ကျွန်တော် စိန်ခေါ်ပွဲမှာ အနိုင်ရဖို့အတွက် အကောင်းဆုံး ကြိုးစားစေချင်တာ မဟုတ်လား…”
ကျန်းလန်စကားကြောင့် မော့ကျန်းသုန့်က အံ့အားသင့်စွာဖြင့် ကျန်းလန်ကို ကြည့်လိုက်သည်။
ခဏမျှ တိတ်ဆိတ်နေပြီးမှ သူက စကားဆက်ပြောလိုက်သည်။
“မင်းက နဝမတောင်ထွတ်က အတော်ဆုံးတပည့်ဆိုပေမယ့်… နဂါးမျိုးနွယ်တွေဘက်က မင်းကိုစိန်ခေါ်ဖို့ တပည့်အငယ်တွေကို စေလွှတ်မှာ မဟုတ်ဘူး… ၊ အနည်းဆုံးတော့ကွာ… မင်းကိုစိန်ခေါ်မယ့်သူက လူသားနတ်ဘုရားတစ်ပါးတော့ ဖြစ်နေနိုင်တယ်… ၊ သူက ကျင့်ကြံခြင်းအဆင့်လျှော့ချပြီး မင်းကို တိုက်ခိုက်နိုင်တယ်… ၊ ဆိုတော့ကာ… မင်း အနိုင်ရမယ်လို့ ဆရာ မထင်ပါဘူး…”
“…………..”
ကျန်းလန်တိတ်ဆိတ်သွားသည်။
ဆရာဖြစ်သူက သူ့အစွမ်းအစကို သံသယဝင်နေသည်လား။
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို တတ်မြောက်သည့်အတွက် နဂါးများကိုရင်ဆိုင်ရန် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့် ရှိသည်။
သို့သော် ကျင့်ကြံခြင်းအဆင့်ကိုလျှော့ချထားသည့် လူသားအင်မော်တယ်တစ်ပါးကို အနိုင်ယူရန်ကတော့ ခက်ခဲမည် ဖြစ်၏။
ကျန်းလန် ကျင့်ကြံခြင်းအဆင့်ကို ဖုံးကွယ်မထားဘဲ အင်မော်တယ်အဆင့်ဖြင့်သာ တိုက်ခိုက်ရမည်ဆိုလျှင်တော့ နဂါးသုတ်သင်ဓားသိုင်းကိုပင် သုံးစရာမလိုပေ။
လက်သီးတစ်ချက်ဖြင့် လုံလောက်၏။
ကျန်းလန်က…
“ဒါဖြင့် ဆရာက ကျွန်တော့်ကို ဘာလုပ်စေချင်တာလဲ…”
မော့ကျန်းသုန့်က…
“အကောင်းဆုံး ကြိုးစားစေချင်တာပါ…”
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
ဆရာဖြစ်သူက အကောင်းဆုံး ကြိုးစားစေလိုလျှင် သူ့အနေဖြင့် အကောင်းဆုံး ကြိုးစားရန်သာ ရှိသည်။ သို့ရာတွင် သူနှင့် နဂါးမျိုးနွယ် စိန်ခေါ်တိုက်ခိုက်မည်ဆိုပါက လူအများ အာရုံစိုက်စရာ ဖြစ်လာပေဦးမည်။
သူ့ဘက်ကတော့ တမင်သက်သက် အရှုံးပေးမည် မဟုတ်ပေ။ အကောင်းဆုံး ကြိုးစားပြီး တိုက်ခိုက်ရမည် ဖြစ်သည်။
လူအများ အာရုံစိုက်ခံရသည့်ကိစ္စကတော့ သူလည်း ဘာမှမတတ်နိုင်ပေ။ နောက်ပိုင်းမှသာ သူ့ကို အာရုံစိုက်လာခြင်း လျှော့ချနိုင်ရန် နည်းလမ်းတစ်ခုခု စဉ်းစားရမည် ဖြစ်သည်။
ကျန်းလန်က…
“သူတို့တွေ ဘယ်တော့လောက် လာကြမလဲ…”
မော့ကျန်းသုန့်က…
“ဆရာခန့်မှန်းကြည့်တာတော့ နှစ်ပေါင်း (၁၀၀) အတွင်း ရောက်လာကြလိမ့်မယ်… ၊ တကယ်တော့ နှစ်ပေါင်း (၅၀) ဝန်းကျင်အတွင်းလည်း ဖြစ်နိုင်တယ်ကွာ… ၊ မမျှော်လင့်တဲ့အဖြစ်အပျက်တွေလည်း ဖြစ်လာခဲ့တယ်မဟုတ်လား…”
ကျန်းလန်က…
“မမျှော်လင့်တဲ့ အဖြစ်အပျက်တွေ… ဟုတ်လား…”
မော့ကျန်းသုန့်က ခေါင်းညိတ်လိုက်ရင်း…
“မကြာခင်က နဂါးမျိုးနွယ်တွေက မှော်ဝင်ဆေးပင်တစ်ပင် ရထားတယ်… ၊ အဲဒီဆေးပင် ဆေးကုသတဲ့နေရာမှာ အသုံးဝင်တဲ့ မှော်ဝင်ဆေးပင်ပဲ… ၊ အဲဒီဆေးပင်ကြောင့်ပဲ တိုက်ပွဲမှာ နဂါးမျိုးနွယ်တွေ ပြန်ပြီး အသာစီးရလာတာပေါ့…”
ထိုစကားကိုကြားသည့်အခါ ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
ဆေးကုသသည့်နေရာမှာ အသုံးဝင်သည့် မှော်ဝင်ဆေးပင်တဲ့လား။
ချင်းယီရေစင်ပန်း။
ထိုပန်းပင်ကို သူကိုယ်တိုင် နဂါးမင်းသားကို ရောင်းစားလိုက်ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သွယ်ဝိုက်သောနည်းဖြင့် နှစ်ပေါင်း (၅၀)အတွင်း နဂါးမျိုးနွယ်များ သူ့ကိုစိန်ခေါ်ရန် အခြေအနေဖြစ်လာခဲ့ရသည်။
ကိုယ့်ရှူးကိုယ့်ပတ်သလို ကျန်းလန် ခံစားလိုက်ရ၏။
သို့သော် နှစ်ပေါင်း (၅၀)ဆိုသည်က အချိန်လုံလောက်လေသည်။ နောက်ထပ်နှစ်ပေါင်း (၅၀) ကြာလျှင် ကျန်းလန်၏ ကျင့်ကြံခြင်းသက်တမ်းက နှစ်ပေါင်း (၂၆၀) ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဆိုလျှင် အများအမြင်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်က မူလဝိညာဉ် ၊ အလယ်ဆင့် ဖြစ်သွားပြီး တောင်သခင်များနှင့် အကြီးအကဲများသာ သိရှိစေမည့် ကျင့်ကြံခြင်းအဆင့်ကတော့ မူလဝိညာဉ် ၊ အလယ်ဆင့် ဖြစ်သွားပေလိမ့်မည်။
သူ၏ အစစ်အမှန်ကျင့်ကြံခြင်းအဆင့်ကတော့ အစစ်အမှန်အင်မော်တယ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ သို့သော် သူ့တွင် နတ်မိစ္ဆာများကိုရင်ဆိုင်ရမည့်ကိစ္စကလည်း ရှိနေသေးသည်။
မည်သို့ပင်ဖြစ်စေ သူ သေချာပေါက် အစစ်အမှန်အင်မော်တယ်ဖြစ်လာရန် ကြိုးစားရမည် ဖြစ်တော့၏။