အခန်း (၁၉၅) တုန်လှုပ်ရခြင်း
မြူခိုးများ တဖြည်းဖြည်းများပြားလာသောကြောင့် ကျိုးစူးတို့အုပ်စု အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။
ထိုအချိန်မှာပင် မြူခိုးများထဲတွင် လူရိပ်တစ်ရိပ် ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြ၏။
ထိုလူရိပ်ကိုတွေ့မြင်သည်နှင့် တစ်စုံတစ်ယောက်က မြူခိုးများကို ထိန်းချုပ်နေသည်ဟု ခံစားလိုက်ကြရသည်။ မြူခိုးများ ရုတ်တရက်မြင့်တက်လာအောင် ထိုသူက ပြုလုပ်နေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသူမည်သူမှန်း မသိသောကြောင့် သူတို့ (၃)ယောက် ခပ်ဝေးဝေးသို့ ဆုတ်ခွာသွားလိုက်ကြသည်။ ထိုသူက သူတို့ကို အန္တရယ်ပေးမည့်သူ ဖြစ်နိုင်၏။
ထိုသူ မြူခိုးအစီအရင်အတွင်းသို့ ဝင်လာသည်နှင့် ထိုသူကိုလမ်းဖယ်ပေးနေသည့်အလား မြူခိုးများက အလိုလို ကျဲပါးသွားသည်။
သူတို့ မည်မျှပင်ကြိုးစားပါစေ ပျောက်ကွယ်သွားခြင်းမရှိသည့် မြူခိုးများက ထိုလူထူးလူဆန်းကိုတော့ လမ်းဖယ်ပေးနေကြသည်။
ထို့ပြင် ထိုလူထူးလူဆန်းက သူတို့ထံသို့ တည့်တည့်မတ်မတ် လာရောက်နေခြင်း ဖြစ်ရာ ကျိုးစူးတို့မှာ ထိတ်လန့်တုန်လှုပ်လာကြတော့သည်။
သူတို့ (၃)ယောက် အသက်ပင်မရှူနိုင်တော့ဘဲ ထောင့်တစ်ထောင့်တွင် ပုနေကြတော့၏။ ကြောက်လွန်းသောကြောင့် လှုပ်ပင်မလှုပ်ရဲကြပေ။
အန္တရယ်ပေးမည့်ရန်သူက သူတို့ကို ဖမ်းဆီးသွားခြင်းထက် ဤအစီအရင်ထဲတွင် ပိတ်မိနေခြင်းကမှ ပိုကောင်းပေသေးသည်။
ထိုသူက သူတို့၏ ဂိုဏ်းတူအစ်ကိုကြီးများလားဟု ထင်မိသော်လည်း ဟုတ်ဟန်မတူပေ။ ထိုသူ သွားလေရာနေရာတွင် မြူခိုးများက ဘေးသို့ ဖယ်ခွာပေးသွားကြရလောက်အောင် ထိုသူက တန်ခိုးစွမ်းအား မြင့်မားနေသည် မဟုတ်ပါလား။
မြူခိုးအစီအရင်က ထိုသူကို လုံး၀ ထိခိုက်စေခြင်း မရှိပေ။ ထို့ပြင် မြူခိုးဝင်္ကပါထဲတွင် ရှိနေသည့် အခြားအစီအရင်များကလည်း ထိုသူကို ပိတ်ဆို့နိုင်ခြင်း မရှိကြောင်း တွေ့လိုက်ရသည်။
သို့သော် ထိုသူက သူတို့ရှိရာသို့ တည့်တည့်မတ်မတ် ရောက်လာသည့်အခါ ပတ်ဝန်းကျင်မှ မြူခိုးများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။
ထိုသူ၏လက်ချက်ဖြင့် သူတို့တကယ်ပဲ သေဆုံးကြရတော့မည်လား။ ထိုအတွေးက သူတို့ခေါင်းထဲ ပထမဆုံးဝင်ရောက်လာသည့် အတွေး ဖြစ်သည်။
ထိုသူ၏ တန်ခိုးစွမ်းအားက သူတို့နားလည်နိုင်သည်ထက် ကျော်လွန်နေပြီး သူတို့ကို တစ်စစီချေမွပစ်နိုင်သည် မဟုတ်ပါလား။
မြူခိုးများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ကျိုးစူးက…
“မျက်လုံးတွေ မှိတ်ထားကြ… မကြည့်နဲ့…”
ကျင်းယွီနှင့် ကျန်းရှီကလည်း နားလည်ဟန်ဖြင့် မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။
“ဆရာကြီး… ကျုပ်တို့က အခုမှ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူလေးတွေပါ… ကျုပ်တို့ကို လွှတ်ပေးပါ…”
“ဆရာကြီး… ကျွန်တော်တို့မှာ ဝိညာဉ်ကျောက်တုံးတွေ ရှိပါတယ်… ၊ ဆရာကြီးကို ပေးပါ့မယ်…”
“ဆရာကြီး… ကျွန်တော်တို့ ဘာမှ မမြင်ပါဘူး…”
“မင်းတို့တွေ ဘာလုပ်နေကြတာလဲ…”
ထိုအသံက ကျန်းလန်၏အသံဖြစ်သည်။
သူတို့ (၃)ယောက် ထောင့်တစ်နေရာတွင် ကုပ်နေကြသည်မှာ အတော်လေး အံ့သြစရာကောင်းလှသည်။
သူတို့က သူ့ကို ဘာထင်နေကြတာလဲ။ ဝိညာဉ်ကျောက်တုံးတွေလည်းပေးမည်ဟု ပြောနေရာ ဓားပြတိုက်ခံရသည်ဟုများ ထင်နေကြသလားမသိပေ။
ယခုရောက်လာသူက ကျန်းလန်သာ ဖြစ်သည်။ သူ့ကိုများ ဓားပြထင်နေကြလေရော့သလား။
ကျန်းလန် ခေါင်းခါရမ်းလိုက်မိသည်။
ပြီးမှ သူက တည်ငြိမ်သည့်လေသံဖြင့်…
“မှော်ရုံနယ်မြေ ပိတ်တော့မယ်… ၊ ကျုပ်နောက်လိုက်ခဲ့ကြ…”
ထိုအခါမှ ကျိုးစူးတို့ (၃)ယောက် မျက်လုံးဖွင့်ကြည့်လိုက်ကြသည်။
ထိုအခါ သူတို့ရှေ့မှ လှည့်ထွက်သွားသည့် ကျန်းလန်၏ကျောပြင်ကိုသာ တွေ့မြင်လိုက်ကြရသည်။
ကျန်းလန်ရှေ့ဆက်လျှောက်သွားသည်နှင့် ပတ်ဝန်းကျင်ရှိ မြူခိုးများကလည်း အလိုလို ဆုတ်ခွာသွားကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး ကျိုးစူးတို့ (၃)ယောက်မှာ မယုံကြည်နိုင် ဖြစ်နေကြသည်။
ကျန်းရှီက မယုံနိုင်စွာဖြင့်…
“အဲဒါ… ဂိုဏ်းတူအစ်ကိုကြီးလား…”
ကျိုးစူးကလည်း အံ့အားသင့်နေဟန်ဖြင့်…
“ဟုတ်မယ်ထင်တာပဲ…”
သူတို့က ဂိုဏ်းတူအစ်ကိုကြီးကို သာမန်ဟုပင် ထင်မှတ်ခဲ့ကြသည်။
ယခု မြူခိုးများက ကျန်းလန်ကို အလိုလိုပင် ရှောင်တိမ်းသွားကြသည်ကို တွေ့မြင်ရသည့်အခါ သူတို့၏ ဂိုဏ်းတူအစ်ကိုကြီး၏ တန်ခိုးစွမ်းအားကို မလေးစားဘဲမနေနိုင် ဖြစ်သွားကြသည်။
ကျင်းယွီက…
“ဂိုဏ်းတူအစ်ကိုကြီးက ကောလာဟလတွေပြောကြသလို မဟုတ်ဘူးပဲ…”
သူတို့ (၃) ယောက်လုံး တိတ်ဆိတ်ငြိမ်သက်လျှက် ရှိကြ၏။
သူတို့က ကျန်းလန်ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသောကြောင့်လား မပြောတတ်ပေ။ ကျန်းလန်၏ တန်ခိုးစွမ်းအားများကို သူတို့ နားလည်နိုင်ခြင်း မရှိကြပေ။
နဝမတောင်ထွတ်မှ ဂိုဏ်းတူအစ်ကိုကြီးက မူလဝိညာဉ်အဆင့် ကျင့်ကြံသူများထဲတွင် အတော်လေး ဆရာကျလွန်းလှသည်။
သူတို့ကဲ့သို့ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများက မည်သို့ ယှဉ်နိုင်ပါမည်နည်း။
သို့သော် သူတို့ အရင်ကလည်း မူလဝိညာဉ်အဆင့် ဂိုဏ်းတူအစ်ကိုအစ်မများကို တွေ့မြင်ဖူးကြပါ၏။ ထိုသူများထဲတွင် ကျန်းလန်ကဲ့သို့ မြူခိုးများကိုပင် အလိုလိုနောက်ဆုတ်သွားစေသည့် ကျင့်ကြံသူမျိုး တစ်ယောက်မှ မတွေ့ဖူးခဲ့ပေ။
ပဟေဠိများစွာဖြင့် သူတို့ (၃) ယောက် ကျန်းလန်နောက်သို့ လိုက်ပါသွားကြလေတော့၏။
ကျန်းလန်ကတော့ ကျိုးစူးတို့ (၃)ယောက် သူ့အပေါ် မည်သို့အတွေးရှိသည်ကို အရေးမစိုက်ပေ။
မြူခိုးဝင်္ကပါကို ဖောက်ထွက်ရန်အတွက် လုံလောက်သည့်အစီအရင်ပညာ တတ်ကျွမ်းရန်လိုအပ်ပြီး သာမန်မြူခိုးအစီအရင်လေးကတော့ ဖောက်ထွက်ရန် မခက်ခဲလှပေ။
ကျန်းလန်က မြူခိုးများကို ဖယ်ရှားသည့်အစီအရင်ကို တတိယတောင်ထွတ် ၊ မှော်ရုံနယ်မြေခရီးစဉ်မှာကတည်းက သိရှိထားသူ ဖြစ်သည်။ ယခု ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည့်အခါ မြူခိုးအစီအရင်ကို ချိုးဖျက်ရန် ပိုမိုလွယ်ကူလေသည်။
ကျိုးစူးတို့ (၃)ယောက်က အစီအရင်ပညာနှင့်ပတ်သက်ပြီး သိမြင်မှုအားနည်းကြသောကြောင့် ကျန်းလန်ကို အထင်ကြီးနေကြခြင်း ဖြစ်သည်။
ဟုတ်ပေ၏။
သူက အစီအရင်ကို ချိုးဖျက်ခြင်းဖြစ်သော်လည်း မသိသူများက သူ့ကို တန်ခိုးစွမ်းအားမြင့်မားသည်ဟု အထင်မှားသွားနိုင်သည်။
“နောက်တစ်ခါကျ သတိထားရမယ်…”
ကျန်းလန် တစ်ချက်တွေးလိုက်ပြီးနောက် ထိုကိစ္စကို အရေးမစိုက်တော့ပေ။
မည်သို့ပင်ဖြစ်စေ သူက ကျောက်စိမ်းရေကန်နတ်ဘုရားမ၏ အရှိန်အဝါအောက်တွင် လူအများ၏ ဝေဖန်မှုကို ခံနေရဦးမည်ဖြစ်သည်။
ဤသည်လည်း ကောင်းသည့် အချက်ပင် ဖြစ်သည်။
အခြားသူများက သူ့ကိုအထင်သေးလေ ရန်သူကို အနိုင်ရရှိရန် အခွင့်အရေးများပြားလေ ဖြစ်သည်။
သူနှင့် တန်ခိုးစွမ်းအားချင်းတူညီသည့် အဆင့်တူတစ်ယောက်သည်ပင် သူ့ကို လျှော့တွက်လိုက်သည်နှင့် သူက လက်ဦးမှုရယူကာ သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။
ကျန်းလန်က ရန်သူကို လုံး၀ အခွင့်အရေးပေးမည် မဟုတ်ပေ။
မကြာမီ သူတို့အားလုံး မြူခိုးဝင်္ကပါအပြင်ဘက်သို့ ရောက်ရှိလာကြသည်။ ဤနေရာမှနေပြီး မှော်ရုံနယ်မြေအပြင်ဘက်သို့ ပြန်လည်ထွက်ခွာရမည် ဖြစ်၏။
သို့သော် ကျန်းလန်တို့ (၄)ယောက် အပြင်ဘက်သို့ ရောက်သည်နှင့် အခြားတပည့်များမှာ ဒဏ်ရာများ ရထားကြသည်ကို တွေ့မြင်လိုက်ကြရသည်။
ခရီးစဉ်အစပိုင်းတွင် ရင်ဆိုင်ခဲ့ကြရသည့် သဲဘီလူးများ ၊ ရွှံ့ရုပ်များနှင့် သစ်သားရုပ်များ၏ တိုက်ခုက်မှုကြောင့် ဒဏ်ရာများ ရရှိထားခြင်း ဖြစ်နိုင်ကြောင်း ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။
အစီအရင်ပညာ လုံလောက်သည့်နားလည်မှု မရှိပါက သဲဘီလူးများ ၊ သစ်သားရုပ်များနှင့် ရွှံ့ရုပ်များထွက်ပေါ်လာသည်ကို ခန့်မှန်းနိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် အလွယ်တကူပင် တိုက်ခိုက်ခံကြရမည် ဖြစ်သည်။
အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်များကို ကယ်တင်ပြီး လုံခြုံသည့်နေရာတွင် ပုန်းအောင်းခိုင်းထားမှသာ အန္တရယ်ကင်းပေလိမ့်မည်။
အပြင်ဘက်သို့ ရောက်လာသည်နှင့် ကျိုးစူးတို့ (၃)ယောက်မှာလည်း အနည်းငယ် အံ့အားသင့်လျှက် ရှိကြသည်။
ဘာတွေများဖြစ်ပျက်ခဲ့တာလဲ။
အခြားတပည့်များအားလုံး ဘာလို့ ဒဏ်ရာရထားကြတာလဲ။
သာမန်အခြေအနေဆိုလျှင် ခေါင်းဆောင်တစ်ယောက်၏ ထိန်းကြောင်းမှုအောက်တွင် ထိုမျှ ဒဏ်ရာရစရာ အကြောင်းမရှိပေ။
ယခုတော့ အဖွဲ့ဝင်တပည့်များရော အဖွဲ့ခေါင်းဆောင်များပါ ဒဏ်ရာရထားကြခြင်း ဖြစ်၏။
သို့သော် သူတို့ (၃)ယောက်ကတော့ လုံး၀ ဒဏ်ရာရခြင်း မရှိပေ။
ဤသည်က…
တစ်ခုခုမှားယွင်းနေပေ၏။
သူတို့အတွေးလွန်နေစဉ်မှာပင် ကျန်းလန်၏ အသံထွက်ပေါ်လာသည်။
“လာ… ထွက်ကြမယ်…”
ထို့နောက် ကျန်းလန်၏ မူလဝိညာဉ် ၊ ကနဦးအဆင့် တန်ခိုးစွမ်းအားများက ကျိုးစူးတို့ (၃)ယောက်ကို ရစ်ပတ်သွားပြီး ကောင်းကင်ထက်သို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
တိမ်တိုက်များဆီ တိုးဝင်သွားပြီးနောက် မှော်ရုံနယ်မြေအပြင်ဘက်သို့ သူတို့ ပြန်လည်ရောက်ရှိလာကြသည်။
ကျန်းလန်က ကျိုးစူးတို့ (၃)ယောက်ကို မြေပြင်ထက်ချထားပေးခဲ့ပြီး ချက်ချင်းပင် ထွက်ခွာသွားလေတော့၏။
ကျိုးစူးက ကျင်းယွီနှင့် ကျန်းရှီကို ကြည့်လိုက်ပြီး…
“တစ်ခုခု ထူးခြားနေတယ်လို့ မခံစားမိဘူးလား…”
ကျင်းယွီလည်း မျက်မှောင်တစ်ချက် ကြုတ်လိုက်မိသည်။ သူလည်း တစ်ခုခု မှားယွင်းနေသည်ဟု ခံစားနေရ၏။
“ဟုတ်တယ်… အားလုံးက တိုက်ပွဲတစ်ခု ရင်ဆိုင်ခဲ့ရသလိုပဲ… ၊ ဒါပေမဲ့ ကျုပ်တို့ကျတော့ ဘာမှ မဖြစ်ဘူး…”
ကျန်းရှီက…
“ဘာဖြစ်တာလဲဆိုတာ ငါတို့ သွားမေးကြည့်ရအောင်…”
ထို့နောက် သူတို့ (၃)ယောက် အခြေအနေကို စုံစမ်းရန် ထွက်ခွာလာခဲ့ကြသည်။
ကျန်းရှီက မိန်းကလေးတစ်ယောက်အနားသို့ ချဉ်းကပ်လိုက်ပြီး နှုတ်ဆက်စကားဆိုလိုက်သည်။
“ဂိုဏ်းတူအစ်မ ‘မု’ …”
ထိုဂိုဏ်းတူအစ်မက တတိယတောင်ထွတ်မှ ဂိုဏ်းတူအစ်မ ဖြစ်သည်။
သူမက ချောမောလှပပြီး စိတ်ထားကောင်းမွန်သည်သာမက ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။
ယခုတော့ သူမလည်း ဒဏ်ရာရရှိလေသည်။ သို့သော် အခြေအနေက အတော်လေး သက်သာနေဟန် ရှိပြီ ဖြစ်သည်။
ဂိုဏ်းတူအစ်မ ‘မု’ ဆိုသူက ကျန်းရှီတို့ (၃)ယောက်ကို ကြည့်လိုက်ပြီး…
“ဘာများလဲ ဂိုဏ်းတူညီမလေး ‘ကျန်း’…”
ဟု မေးလိုက်၏။
ကျန်းရှီတို့ (၃)ယောက်က ထူးထူးခြားခြား ဒဏ်ရာရမထားကြသောကြောင့် သူမ အံ့သြနေဟန် ရှိသည်။
ကျန်းရှီက သိမ်မွေ့သည့် လေသံဖြင့်…
“ဂိုဏ်းတူအစ်မ… ပြဿနာမရှိဘူးဆိုရင် နည်းနည်းလောက် မေးစရာလေး ရှိလို့ပါ…”
ကျိုးစူးနှင့် ကျင်းယွီတို့က ဂိုဏ်းတူအစ်မ ‘မု’ ကို ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။ သူမတို့က သူမနှင့် မရင်းနှီးသောကြောင့် စကားပြောဆိုခြင်းတော့ မပြုကြပေ။
ဂိုဏ်းတူအစ်မ ‘မု’ က နူးညံ့သည့်လေသံဖြင့်…
“ကိစ္စမရှိပါဘူး… မေးပါ…”
ကျန်းရှီက…
“ဂိုဏ်းတူအစ်မတို့ ဘာတွေ ဖြစ်ခဲ့ကြတာလဲဟင်… ဘာလို့ အားလုံးက ဒဏ်ရာတွေ ရထားကြတာလဲ…”
ဂိုဏ်းတူအစ်မ ‘မု’ က အံ့အားသင့်သွားဟန်ဖြင့်…
“မင်း တကယ်ပဲ မသိဘူးလား…”
ပြီးမှ သူမက ဆက်ရှင်းပြ၏။
“မြူခိုးဝင်္ကပါထဲမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်သွားတယ်လေ… ၊ အစီအရင်ထဲက သဲဘီလူးတွေ ၊ သစ်သားရုပ်မိစ္ဆာတွေ ၊ ရွှံ့ရုပ်မိစ္ဆာတွေထွက်လာပြီး ငါတို့ကို တိုက်ခိုက်ကြတာ…”
ခဏနားပြီးမှ သူမက ဆက်ပြောသည်။
“အဲဒီမိစ္ဆာအရုပ်တွေအားလုံးက ရွှေပြဒါးအမြုတေအဆင့်နဲ့ မူလဝိညာဉ်အဆင့် တန်ခိုးစွမ်းအားတွေ ပိုင်ဆိုင်ကြတယ်… ၊ ပထမတော့ အဖွဲ့ခေါင်းဆောင်တွေက ကာကွယ်ပေးပေမယ့် နောက်ပိုင်း မိစ္ဆာအရုပ်တွေ အရမ်းများလာပြီး လမ်းတစ်လျှောက်လုံး ပြည့်လာတော့ အားလုံး တိုက်ခိုက်ကြရတော့တာပဲ… ၊ အဖွဲ့ခေါင်းဆောင်တွေသာ ငါတို့ကို ဘေးလွတ်ရာ လမ်းပြပြီး ခေါ်မသွားကြရင် လွတ်မြောက်နိုင်မယ်တောင် မထင်ဘူး…”
စကားဆုံးသွားတော့မှ သူမက ကျန်းရှီတို့ (၃)ယောက်ကို အကဲခတ်ကြည့်လိုက်ရင်း…
“မင်းတို့ရော အဲဒီမိစ္ဆာအရုပ်တွေနဲ့ မတွေ့ကြဘူးလား….”
သူတို့ (၃)ယောက် ခေါင်းခါရမ်းပြလိုက်ကြသည်။
သူတို့ အခြားသူများကို ထပ်မံမေးမြန်းကြည့်ပြန်တော့လည်း အဖြေက အတူတူပင် ဖြစ်၏။
ထိုခဏမှာပင် သူတို့ ခန့်မှန်းမိလိုက်သည်မှာ သူတို့က မိစ္ဆာအရုပ်များနှင့် မဆုံတွေ့ခဲ့ကြခြင်း မဟုတ်ပေ။ မိစ္ဆာများ သူတို့ထံသို့ ရောက်မလာစေရန် ဂိုဏ်းတူအစ်ကိုကြီးကျန်းလန်က မိစ္ဆာများကို ရှင်းလင်းပေးလိုက်သည်ကို နားလည်လိုက်ကြသည်။
ကျင်းယွီက…
“မင်းတို့သတိထားမိကြလား… ကျုပ်တို့သွားတဲ့လမ်းအချို့မှာ သဲတွေအများကြီးဖုံးလွှမ်းနေတာလေ…”
ကျင်းယွီက တိုက်ခိုက်ရေးပိုင်း ကျွမ်းကျင်သူဖြစ်သောကြောင့် အခြေအနေကို ချက်ချင်းသုံးသပ်လိုက်နိုင်သည်။
ကျိုးစူးက…
“ဒါဆို ဂိုဏ်းတူအစ်ကိုကြီးက သူတစ်ယောက်တည်း မိစ္ဆာတွေကို ပိတ်ဆို့တိုက်ခိုက်ပေးနေတာပေါ့… ၊ ဒါကြောင့် ကျုပ်တို့ သဲနုန်းထဲမှာပိတ်မိနေတော့ လာကယ်ဖို့နောက်ကျသွားတာဖြစ်ရမယ်… ၊ ဒါဆို သူက ကျုပ်တို့ကို တမင်သက်သက်ဒုက္ခပေးချင်တာ မဟုတ်ဘူးပဲ…”
သူတို့ (၃) ယောက်လုံး၏ရင်ထဲတွင် ခံစားချက်လှိုင်းများ ရိုက်ခတ်သွားသည်။
အစပိုင်းတွင် သူတို့က ဖွင့်မပြောခဲ့ကြသော်လည်း ကျန်းလန် သူတို့ကို နောက်ကျမှ လာကယ်သည်မှာ တမင်သက်သက် ဒုက္ခပေးချင်၍ဖြစ်သည်ဟု ယူဆခဲ့ကြသည်။
ယခု အခြေအနေကို သုံးသပ်ကြည့်သည့်အခါ ဂိုဏ်းတူအစ်ကိုကြီး၏စေတနာကို ကျေးဇူးပင် ပြန်ဆပ်သင့်လေသည်။
သို့ရာတွင်…
သူတို့က စိတ်ရင်းဖြင့် ကျေးဇူးတင်စကားပြောချင်သောကြောင့် ကျန်းလန်ကို လိုက်ရှာကြသော်လည်း မည်သည့်နေရာတွင်မှ မတွေ့ရတော့ပေ။