Switch Mode

အခန်း (၁၉၄)

အချစ်

အခန်း (၁၉၄) အချစ်

နံနက်ခင်းနှင်းရည်လေးများက သစ်ရွက်များထက်မှ တပေါက်ပေါက်နှင့် ကျဆင်းနေသည်။

ထိုနှင်းရည်လေးများကို ရှောင်ယွိက လက်ခုပ်လေးဖြင့်ခံယူပြီး စုဆောင်းနေလေသည်။ ခဏအတွင်းမှာပင် သူမလက်ထဲတွင် နှင်းရည်လေးများ အတော်များများ စုဆောင်းမိသွားသည်။

“ဂိုဏ်းတူမောင်လေး နှင်းရည်လေးတွေရဲ့အရသာက ရိုးရိုးရေထက် အရသာပိုရှိမယ်လို့ ထင်လား…”

ရှောင်ယွိက နှင်းရည်လေးများကို လက်ခုပ်ထဲတွင် ထည့်ထားရင်း စာရေးလေ့ကျင့်နေသည့် ကျန်းလန်ရှိရာသို့ လှမ်းကြည့်ပြီး မေးလိုက်သည်။

ကျန်းလန်က ခေါင်းမော့ကာ ရှောင်ယွိကို ကြည့်လိုက်ရင်…

“သူများတွေပြောတာကြားဖူးတာတော့ ရေထက်အရသာပိုရှိတယ်တဲ့…”

ထို့နောက် ရှောင်ယွိက မြေပြင်ထက်တွင် ဖိနပ်မပါဘဲ လမ်းလျှောက်လာလေသည်။

သို့သော် သူမ၏ခြေဖဝါးများတွင် မြေမှုံတစ်စပင် ပေကျံခြင်း မရှိပေ။ ဤသည်က မရှိမှုအာကာသအဆင့် ကျင့်ကြံသူတစ်ယောက်၏ တန်ခိုးစွမ်းအားပင် ဖြစ်၏။

ရှောင်ယွိသာ ဆန္ဒမရှိလျှင် သူမခန္ဓာကိုယ်တွင် မည်သည့်အရာမှ စွန်းထင်းမည် မဟုတ်ပေ။ သူမ ရေကန်ထဲမှ ထွက်လာစဉ်ကပင် တစ်ကိုယ်လုံးရေစိုခြင်း မရှိဘူး မဟုတ်ပါလား။

ရှောင်ယွိ ရေထဲတွင် အမြဲတမ်းဆော့ကစားနေသည့်တိုင် ယခုအချိန်ထိ ရှောင်ယွိအဝတ်အစားများ ရေစိုခြင်း မရှိသေးပေ။

နှင်းရည်လေးတွေကတော့…

ကျန်းလန်လည်း အရင်က နှင်းရည်များကို တစ်ခါမှ မသောက်ဖူးပေ။ လူအများပြောကြသည်ကိုသာ ကြားဖူးခြင်း ဖြစ်သည်။

ရိုးရိုးရေထက်အရသာပိုကောင်းမည်လား မပြောတတ်ပေ။

ရှောင်ယွိက နှင်းရည်လေးများကို ဆက်လက်စုဆောင်းနေရင်းမှ စကားပြောလိုက်သည်။

“မှော်ရုံနယ်မြေဝင်ပေါက်က ဒီနေ့ ပြန်ဖွင့်တော့မယ်ထင်တယ်… ၊ ကျွန်မတို့ ဒီနေ့ ပြန်ကြရတော့မယ်…”

ယနေ့ သူတို့ မှော်ရုံနယ်မြေသို့ ရောက်ရှိနေသည်မှာ (၁၆)ရက် ရှိပြီ ဖြစ်သည်။

ပထမရက်ပိုင်းအနည်းငယ်အတွင်း မူမမှန်မှုများ ဖြစ်ပျက်ခဲ့ပြီးနောက် နောက်ပိုင်းရက်များတွင်တော့ အေးချမ်းသည့် သာမန်နေ့ရက်များသာ ဖြစ်ခဲ့သည်။

မြူခိုးဝင်္ကပါအစီအရင်နှင့်ပတ်သက်ပြီး တစ်စုံတစ်ခု မှားယွင်းသည်ကိုလည်း ကျန်းလန် အာရုံခံမိခြင်း မရှိတော့ပေ။ ရှောင်ယွိကလည်း ဆော့ကစားနေရင်းပင် ပတ်ဝန်းကျင်ကို အစဉ်အမြဲ အကဲခတ်နေလေရာ မည်သည့်အရာမှ မှားယွင်းခြင်း မရှိကြောင်း သတိထားမိလေသည်။

ထို့ကြောင့်လည်း သူတို့ (၂)ယောက် ဤရေကန်နံဘေးတွင် အေးအေးလူလူဖြင့် ခရီးစဉ်အဆုံးသတ်သည်အထိ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။

ကျန်းလန်က ရှောင်ယွိထံမှ နဂါးဘာသာစကားသင်ယူရင်း ကျိုးစူးတို့ (၃)ယောက်ကိုလည်း အနီးကပ်အာရုံခံစောင့်ကြည့်နေခဲ့သည်။

ထိုစဉ် ကောင်းကင်ထက်တွင် စွမ်းအားတစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်မိသောကြောင့် ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

မှော်ရုံနယ်မြေဝင်ပေါက် ပြန်ဖွင့်တော့မည်ဖြစ်လေရာ သူတို့ (၂)ယောက်လည်း ပြန်ရန် အချိန်ကျပြီ ဖြစ်သည်။

“မှော်ရုံနယ်မြေအပြင်ဘက်ရောက်တာနဲ့ ချက်ချင်းတောင်ပေါ်ပြန်ပြီး အစစ်အမှန်အင်မော်တယ်ဖြစ်အောင် ကျင့်ကြံရမယ်… ၊ ဒါမှ နတ်မိစ္ဆာတွေကို ရင်ဆိုင်နိုင်မှာ…”

ကျန်းလန် တွေးလိုက်သည်။

အစစ်အမှန်အင်မော်တယ်အဖြစ် အဆင့်တက်ရန်က ကျန်းလန်အတွက် သိပ်မခက်ခဲပေ။

လူသားအင်မော်တယ်အဆင့် အောင်မြင်သည်နှင့် အမတသွေးပြဒါးဆေးလုံးကို အသုံးပြုပြီး အစစ်အမှန်အင်မော်တယ်အဖြစ် အလျှင်အမြန် အဆင့်တက်နိုင်မည် ဖြစ်၏။

အစစ်အမှန်အင်မော်တယ်များကိုသာ အင်မော်တယ်ဟု သတ်မှတ်နိုင်သည်။

ထိုအဆင့်သို့ ရောက်ရှိသွားမည်ဆိုလျှင် အင်မော်တယ်များ ၊ နတ်ဘုရားများနှင့် ဗုဒ္ဓများကြားတွင် ရင်ပေါင်တန်း ရပ်တည်နိုင်တော့မည် ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်က လူသားအင်မော်တယ်ထက် များစွာ တန်ခိုးစွမ်းအားမြင့်မားသည် မဟုတ်ပါလား။ ရင်ဆိုင်တိုက်ပွဲကြီးများတွင် အစစ်အမှန်နတ်ဘုရားများက ရှေ့တန်းစစ်သည်တော်များအဖြစ် တိုက်ခိုက်သူများဖြစ်ကြသည်။

ထို့ကြောင့်လည်း သူက နဝမတောင်ထွတ်တွင် ဆက်လက်ကျင့်ကြံလိုခြင်း ဖြစ်သည်။ ဆရာဖြစ်သူကိုသာ ကျော်တက်နိုင်မည်ဆိုလျှင် သူ ပိုပြီး အန္တရယ်ကင်းနိုင်မည် ဖြစ်သည်။

ဆရာက သူ့ကို ပြင်ပလောကသို့သွားရောက်ခိုင်းလျှင်တော့ ငြင်းဆန်ရမည် ဖြစ်သည်။ ရှောင်ယွိကို ဆင်ခြေအဖြစ် အကြောင်းပြလိုက်လျှင် ငြင်းဆန်နိုင်မည် ဖြစ်သည်။

ထိုသို့သောအတွေးများဖြင့် မှော်ရုံနယ်မြေခရီးစဉ် အဆုံးသတ်မည့်အချိန်ကို ကျန်းလန် စိတ်ရှည်စွာဖြင့် စောင့်ဆိုင်းနေလေတော့သည်။

မကြာခင် ရှောင်ယွိက သူမ စိတ်ရှည်လက်ရှည် စုဆောင်းထားသည့် နှင်းရည်များကို လက်ခုပ်နှစ်ဖက်ဖြင့် ဂရုတစိုက်သယ်ဆောင်ရင်း ကျန်းလန်အနားသို့ ရောက်ရှိလာသည်။

နှင်းရည်လေးများက ကြည်လင်လွန်းလှသည်။

ရှောင်ယွိက…

“ဂိုဏ်းတူမောင်လေး… သောက်ကြည့်ချင်လား…”

သူမလက်ခုပ်ထဲတွင် နှင်းရည်လေးများ အများအပြား ရှိနေသည်။ ထိုနှင်းရည်လေးများက သူမ တစ်မနက်လုံး လိုက်လံစုဆောင်းနေခဲ့သည့် နှင်းရည်လေးများ ဖြစ်သည်။

ထိုသို့ပြုလုပ်ခြင်းက အလွန်အချိန်ကုန်သည်ဖြစ်ရာ ကျန်းလန်ကတော့ ထိုသို့သောအလုပ်များလုပ်နေမည့်အစား ကျင့်ကြံရသည်ကိုသာ သဘောကျ၏။

ရှောင်ယွိသာလျှင် ထိုသို့သောအလုပ်မျိုး ပြုလုပ်ချင်သူ ဖြစ်သည်။

ကျန်းလန်က…

“ဘယ်လိုသောက်ရမှာလဲဟင်…”

နှင်းရည်များက ရှောင်ယွိ၏လက်ခုပ်ထဲတွင် ရှိနေလေရာ ကျန်းလန် မည်သို့သောက်ရမည်မသိ ဖြစ်နေရာသည်။

ရှောင်ယွိက ကျန်းလန်နံဘေးတွင် မတ်တတ်ရပ်လိုက်ရင်း…

“ဂိုဏ်းတူမောင်လေး… အရင်ဆုံး ထိုင်ချလိုက်… ၊ အရပ်ကြီးကလည်း မြင့်လိုက်တာ…”

ကျန်းလန်ကလည်း ရှောင်ယွိ အမိန့်အတိုင်းသာ ပြုလုပ်လိုက်သည်။

“ခေါင်းကို နည်းနည်းလောက် နောက်ကိုလှန်လိုက်… ရပြီ… ရပြီ…”

ခဏအကြာတွင်တော့…

သူ့နှုတ်ခမ်းများဆီသို့ ရှောင်ယွိလက်ထဲမှ နှင်းရည်များ စီးဆင်းကျလာလေသည်။ ကျန်းလန်က နှင်းရည်လေးများကို သောက်သုံးလိုက်သည်။

ခံစားချက်က အတော်လေး ထူးဆန်းလေသည်။

နှင်းရည်လေးများက ထူးဆန်းခြင်း မဟုတ်ပေ။ ရှောင်ယွိက သူမ၏လက်ခုပ်ထဲမှ နှင်းရည်လေးများ သူ့ကိုတိုက်သည့်အချိန်တွင် ကျန်းလန်ရင်ထဲတွင် ဖြစ်ပေါ်လာသည့် ခံစားချက်က ထူးဆန်းခြင်း ဖြစ်သည်။

သို့သော် ထိုခံစားချက်နှင့်ပတ်သက်ပြီး ကျန်းလန် အများကြီး တွေးမနေခဲ့ပေ။

ရှောင်ယွိက သိချင်ဟန်ဖြင့် ကျန်းလန်မျက်နှာကို ကြည့်လိုက်ရင်း…

“အရသာက ဘယ်လိုနေလဲ…”

ကျန်းလန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ…

“သောက်ကြည်ပါလား… ဂိုဏ်းတူအစ်မရယ်…”

နှင်းရည်လေးများ၏ အရသာမည်သို့ရှိသည်ကို ကျန်းလန် ပြောမပြဖြစ်ပေ။ အကြောင်းမှာ နှင်းရည်လေးများ၏ အရသာက သာမန်ရိုးရိုးရေနှင် ထူးမခြားနားပင် မဟုတ်ပါလား။

ရှောင်ယွိက သူမလက်ထဲတွင် ကျန်နေသေးသည့် နှင်းရည်လေးများကို သောက်လိုက်ပြီး မျက်တောင်လေးများ တဖျတ်ဖျတ်ခတ်ကာ ကောင်းကင်ထက်မော့ကြည့်လိုက်သည်။

ပြီးမှ…

“ဟွန့်… ရေအတိုင်းပဲ … ဘာမှလည်း မထူးခြားဘူး…”

ထို့နောက် သူမက ကျန်းလန်နံဘေးတွင် ထိုင်ချလိုက်ပြီး နှင်းရည်များအကြောင်း ဆက်မပြောတော့ပေ။

အလုပ်များသည့် နံနက်ခင်းတစ်ခုကို ဖြတ်သန်းပြီးလျှင် အတိတ်ကို အမှတ်ရစေမည့်အရာများသာ ကျန်ရှိနေပေတော့မည်။

ကျန်းလန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ ရှောင်ယွိကို လှည့်ကြည့်လိုက်သည်။

“တကယ်တော့ နှင်းရည်လေးတွေက ထူးခြားတယ် … သိလား…”

“ဘာထူးခြားတာလဲ” ဟု မေးမြန်းလိုသည့်ဟန်ဖြင့် ရှောင်ယွိက ကျန်းလန်ကို ပြန်ကြည့်လာသည်။

“သာမန်ဆိုရင်… ကိုယ်ကလေ… နှင်းရည်တွေကို သောက်မှာ မဟုတ်ဘူး…”

ကျန်းလန်က ခဏနားပြီးမှ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့… ဂိုဏ်းတူအစ်မတိုက်တဲ့ နှင်းရည်လေးတွေကိုတော့ ကိုယ်က အမြဲတမ်းသောက်ချင်တာပါဗျာ…”

သာမန်ကိစ္စတစ်ခုကို ပြောနေသည့်အလား ကျန်းလန်၏အသံက ခပ်အေးအေးပင် ဖြစ်သည်။

သို့သော် ထိုစကားများကို ကြားသည့်အခါ ရှောင်ယွိက ကျန်းလန်ကိုကြည့်ရင်း ကြည်နူးစွာဖြင့် ပြုံးပြလိုက်သည်။ သူမ၏အပြုံးလေးက တောက်ပလွန်းလှသည်။

ထို့နောက် ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်ရှေ့တွင် လက်တစ်ဖက်ကို ဆန့်တန်းလိုက်သည်။

ထို့နောက် ပျော်ရွှင်မှုများဖြင့် ပြည့်နက်နေသည့် အသံဖြင့်…

“ကျွန်မကို ပြန်ပေး…”

“……………”

ရုတ်တရက်ဆန်သည့် ရှောင်ယွိ၏ အပြုအမူကြောင့် ကျန်းလန် အချိန်မီ မတုံ့ပြန်လိုက်နိုင်ပေ။

ရှောင်ယွိသာ သူ့ကိုတိုက်ခိုက်မည်ဆိုလျှင် ကျန်းလန် ခုခံကာကွယ်နိုင်မည်ပင် မဟုတ်ပေ။ သို့သော် ရှောင်ယွိက သူ့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ သူမက သူ့ထံမှ တစ်စုံတစ်ခု တောင်းဆိုနေခြင်း ဖြစ်သည်။

ကျန်းလန်က နားမလည်ဟန်ဖြင့်…

“ဂိုဏ်းတူအစ်မ…  ဘာလိုချင်တာလဲဟင်…”

ရှောင်ယွိက…

“ဂိုဏ်းတူမောင်လေးသောက်ဖို့ တစ်မနက်လုံး နှင်းရည်တွေ လိုက်စုဆောင်းနေရတာလေ… ၊ ဒီတော့ ကျွန်မတို့ရဲ့ အပေးအယူစည်းမျဉ်းအရ… ဂိုဏ်းတူမောင်လေးက တစ်ခုခုတော့ ပြန်ပေးရမှာပေါ့…”

ကျန်းလန်က…

“ဒါဖြင့် ကိုယ်က ဂိုဏ်းတူအစ်မသောက်ဖို့ နှင်းရည်လေးတွေ ပြန်ပြီး စုဆောင်းပေးရမှာလားဟင်…”

ရှောင်ယွိ၏အတွေးများကို ကျန်းလန် ခန့်မှန်းနိုင်ခြင်း မရှိပေ။

ကြည့်ရသည်မှာ အသက်အရွယ်ကွာခြားလွန်းသောကြောင့်ဖြစ်ဟန်တူသည်။

ရှောင်ယွိက နှစ်ပေါင်း (၂၁၀) ကျော် ကျင့်ကြံခဲ့ပြီးမှ အရွယ်ရောက်သူတစ်ယောက် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သာမန်လူသားများအသက်ဖြင့်တွက်မည်ဆိုလျှင် (၃) ဘဝစာလောက်ပင် ရှိနေသည်။

ရှောင်ယွိက ခေါင်းခါရမ်းလိုက်ရင်း…

“နေတောင်ဝင်တော့မယ်… ရှင်ဘယ်လိုလုပ် နှင်းရည်တွေ စုဆောင်းလို့ ရတော့မှာလဲ…”

သူမက သစ်သားဓားလေးကို ထုတ်ယူလိုက်ပြီး…

“နောက်တစ်ခါကျမှ ကျွန်မရဲ့ဓားထဲကို နဂါးသုတ်သင်ဓားဝိညာဉ် ထည့်ပေး…”

ဒါပဲလား…

ကျန်းလန် ခေါင်းညိတ်လိုက်သည်။

“ကောင်းပါပြီ…”

“ဒါဖြင့် နဂါးသုတ်သင်ဓားဝိညာဉ်လိုချင်တိုင်း ဂိုဏ်းတူမောင်လေးအတွက် နှင်းရည်လေးတွေ ယူလာပေးလို့ ရလား…”

ကျန်းလန် စိတ်လိုလက်ရပင် ခေါင်းညိတ်ပြလိုက်လေသည်။

…………

အချိန်အတန်ကြာပြီးနောက် ရှောင်ယွိနှင့် ကျန်းလန် ရေကန်ဆီမှ ထွက်ခွာလာခဲ့ကြသည်။

မှော်ရုံနယ်မြေခရီးစဉ်က အဆုံးသတ်တော့မည် ဖြစ်လေရာ ရှောင်ယွိလည်း သူမနေရာသို့ ပြန်ရတော့မည်ဖြစ်သည်။ ကျန်းလန်သည်လည်း သူ့အဖွဲ့ဝင် ဂိုဏ်တူညီငယ် ညီမငယ် (၃)ယောက်ကို သွားရောက် ရှာဖွေရမည် ဖြစ်သည်။

“ရှင် နဝမတောင်ထွတ်မှာပဲ ရှိနေမှာ မဟုတ်လား…”

မပြန်ခင်အချိန်လေးတွင် ရှောင်ယွိကမေးလိုက်သည်။

ကျန်းလန်က…

“အင်း… တစ်ယောက်တည်းကျင့်ကြံမလို့…”

ရှောင်ယွိ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီးနောက် ကျန်းလန်ကို နှုတ်ဆက်ကာ ထွက်ခွာသွားလေတော့သည်။

သူမ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးမှ ကျန်းလန် သူ့အဖွဲ့ဝင်များကို ရှာဖွေရန် လှည့်ထွက်လာခဲ့သည်။

………………

ကျိုးစူးတို့ (၃)ယောက်က နေရာအတော်များများသို့ လျှောက်သွားနေကြပြီး အချိန်များစွာ လမ်းလျှောက်နေခဲ့ကြသည်။

သို့သော် သူတို့က သိပ်အဝေးကြီးသို့ သွားရောက်ခြင်း မရှိကြဘဲ မြူခိုးဝင်္ကပါအပြင်ဘက်တွင်သာ လှည့်ပတ်နေကြခြင်း ဖြစ်၏။

ထို့ကြောင့် ကျန်းလန်လည်း စိတ်အေးလက်အေး ရှိနေခြင်း ဖြစ်သည်။

ကျိုးစူးတို့ (၃)ယောက် ဝင်္ကပါအတွင်းပိုင်းသို့ ဝင်သွားလျှင် မှော်ဝင်ပစ္စည်းများစွာ ရရှိနိုင်မည် ဖြစ်သော်လည်း အန္တရယ်များပေလိမ့်မည်။

သူတို့ ဝင်္ကပါအတွင်းပိုင်းသို့ ဝင်ရောက်သွားလျှင် အပြင်ပြန်ထွက်နိုင်ရန်အတွက် ကျန်းလန် ကူညီပေးရမည် ဖြစ်သည်။

ထိုအချိန်မှာပင် ကျိုးစူးတို့ (၃)ယောက် မှော်ဝင်ပစ္စည်းများ ထပ်မံရှာဖွေတွေ့ရှိသွားကြပြီး မြူခိုးအစီအရင်တစ်ခုအတွင်း ပိတ်မိသွားကြသည်။

မြူခိုးများက နေရာအနှံ့ ထူထပ်စွာဖုံးအုပ်နေပြီး ဤနေရာမှ ထွက်ခွာနိုင်မည်မဟုတ်တော့ဟု သူတို့ ခံစားလိုက်ကြရသည်။

ကျင်းယွီက…

“မင်းတို့မှာ အကြံလေးဘာလေး မရှိတော့ဘူးလား…”

သူလည်း ဘာလုပ်ရမှန်းမသိတော့ပေ။

ရန်သူနှင့်တိုက်ခိုက်ရမည်ကို မကြောက်သော်လည်း အစီအရင်ပညာနှင့်ပတ်သက်၍တော့ သူတို့က သိပ်ပြီး နားလည်ကြသူများ မဟုတ်ပေ။

ကျန်းရှီက စိတ်ပျက်လက်ပျက်ဖြင့်…

“ငါတော့ သိသမျှနည်းလမ်းတွေ အကုန်သုံးပြီးပြီ… အသုံးမဝင်ဘူး…”

ဤမှော်ရုံနယ်မြေထဲတွင် သူမက အားနည်းပြီး အသုံးမကျဖြစ်နေသည်ဟု ခံစားနေရသည်။

သူတို့က ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် ဤနေရာမှ အစီအရင်များကို တန်ခိုးစွမ်းအားသုံးပြီး ချိုးဖျက်နိုင်ခြင်း မရှိကြပေ။

မြူခိုးဝင်္ကပါထဲမှ မည်သည့်အစီအရင်ကိုမှ သူတို့ မကျော်ဖြတ်နိုင်ခဲ့ကြပေ။

ကျိုးစူးက…

“မြူခိုးတွေ ပိုပြီးထူထပ်လာသလိုပဲ… ၊ အခုချိန်သာ မထွက်နိုင်ရင် ထွက်နိုင်မှာ မဟုတ်တော့ဘူး…”

သူတို့ (၃) ယောက်လုံး ရင်ထဲ မကောင်းကြတော့ပေ။

သေလုနီးပါး အခြေအနေဖြင့် တစ်ကြိမ်ရင်ဆိုင်ခဲ့ရပြီးနောက် ထိုသို့သောအဖြစ်မျိုးနှင့် ထပ်မံကြုံတွေ့လိုခြင်း မရှိတော့ပေ။

ဂိုဏ်းတူအစ်ကိုကြီး သူတို့ကို လာကယ်ဦးမည်လားဟု တွေးလိုက်မိကြသည်။ ထိုအတွေးကို သူတို့ (၃) ယောက်လုံး တွေးမိကြခြင်း ဖြစ်သည်။ သို့သော် ကျယ်ကျယ်လောင်လောင်တော့ ထုတ်မပြောရဲကြပေ။

မတော်တဆအမှားလုပ်မိပါက ဂိုဏ်းတူအစ်ကိုကြီးကို စော်ကားသလိုဖြစ်မည်ကို စိတ်ပူမိသောကြောင့်ပင်။ ထိုသို့ပြုလုပ်မိပါက ဂိုဏ်းတူအစ်ကိုကြီးက အငြိုးထားလျှင် သူတို့သာ ဒုက္ခရောက်ရမည် မဟုတ်ပါလား။

မြူခိုးအစီအရင်ကို ချိုးဖျက်နိုင်ရန်အတွက် သူတို့ကိုယ်တိုင် အကောင်းဆုံး ကြိုးစားကြည့်ရမည် ဖြစ်၏။ သို့သော် သူတို့ အကြံကုန်လျှက် ရှိပြီး မည်သို့မှ မတတ်နိုင်ကြတော့ပေ။

ထိုအချိန်…

မြူခိုးများ ရုတ်တရက်မြင့်တက်လာပြီး မြူခိုးများကြားတွင် လူရိပ်တစ်ခုထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset