Switch Mode

အခန်း (၁၅)

ပြောင်းလဲခြင်း

ဆိုရိုးတစ်ခု ရှိသည်။

“မင်းမှာ တိုက်ခိုက်နိုင်စွမ်း ဘယ်လောက်ရှိနေပါစေ၊ ခန္ဓာကိုယ်က မလိုက်နိုင်ခဲ့ရင် အဆုံးသတ်မှာ မင်းဟာ ရှုံးနိမ့်သွားမှာပဲ”

စုမင်မှာ ငယ်ငယ်လေးကတည်းက အကြီးအကဲ၏ ဆုံးမမှုကို သင်ယူရင်း ကြီးပြင်းလာခဲ့သူ ဖြစ်သည်။ အကြီးအကဲ၏ အိမ်တွင် စာလိပ် အများအပြား ရှိပြီး၊ စုမင်မှာ အားလုံးနီးပါး ဖတ်ပြီးသား ဖြစ်သည်။ စုမင်မှာ ဗဟုသုတ ရစရာ အများအပြား ရှိသော်လည်း သူက ထပ်လိုချင်နေဆဲပင်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ဘိုးဘေးဘီဘင်များ ချန်ရစ်ခဲ့သည့် အဖိုးတန် အဆုံးအမများမှာ စုမင်ခေါင်းထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာသော်လည်း ထိုပညာရပ်အား အသုံးချနိုင်မည့် နေရာ မရှိခဲ့ပေ။ ယခုလို သူတစ်ပါး အသက်ကို ခြွေယူရန် ကြိုးစားနေသည့်အချိန် သင်ယူခဲ့ရသည့် အသိပညာ နည်းနည်းပါးပါး ခေါင်းထဲ ပြန်ပေါ်လာတော့သည်။

ယုချီမှာ တကယ်ကို စိုးရိမ်ပူပန်နေရသည်။ ပထမတော့ မလွတ်နိုင်မှန်း သိ၍ စုမင်နှင့် သူသေကိုယ်သေ တိုက်ရန် အားခဲထားသည်။ သို့သော် သူတို့ကြားထဲမှ အကွာအဝေးမှာ ဝေးသွားပြန်သည်။ လွတ်ချေပြီဟု ထင်ရုံရှိသေး … သူတို့နှစ်ဦးကြား အကွာအဝေးမှာ တစ်ဖန် နီးကပ်လာသည်။ ထိုအတိုင်း ဝေးလိုက်နီးလိုက်နှင့် သံသရာ လည်နေတော့၏။

ထိုအတိုင်း ခဏခဏ ဖြစ်ပါများလာသည့်အခါ သူသေကိုယ်သေ တိုက်ချင်စိတ် မရှိတော့ပေ။ ဘုရင့်နောင် ဖောင်ဖျက်မည့် စိတ်အနေအထားမျိုး ပြန်ရရန် အလွန်ခက်သွားချေပြီ။

သို့သော် စုမင်မျက်လုံးထဲတွင် ၎င်းမဟူရာတောင် ယောက်ျားသားမှာ သားကောင်သာ ဖြစ်သည်။ သူသည် ကြောက်လန့်နေသည့် သားကောင်သက်သက် ဖြစ်၏။ သူ မျှော်လင့်ချက် နည်းနည်းလေး ထားမိလေ၊ စုမင်မှာ တစ်စစီဆွဲဖြဲရန် ကြိုးစားတော့မလို ရှိနေသည်။

စုမင်က ယုချီ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနှင့် သတ္တိကို ချေဖျက်ရန်၊ တမင်တကာ ထိုနည်းလမ်းကို သုံးနေခြင်း ဖြစ်သည်။ ထပ်ကြပ်မကွာလိုက်ရင်း ခပ်လှမ်းလှမ်းလေးတွင် နေပေးလိုက်ခြင်းဖြင့် ငါလုံခြုံသွားပြီဟူသော ထင်ယောင်ထင်မှား စိတ်မျိုး ပေါ်လာအောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။

စုမင် စာလိပ်တစ်ခုထဲ ရေးထားသည်ကို ခပ်ရေးရေးလေး မှတ်မိနေသည်က လူတစ်ယောက်သည် စိတ်သက်သာရာရမှုနှင့် စိုးရိမ်ပူပန်မှုကို အလှည့်ကျ ခံစားရ များပါက ပင်ပန်းနွမ်းနယ်မှုနှင့် ဆင်းရဲဒုက္ခမှာ ဆတက်ထမ်းပိုး တိုးပွားလာသည်ဟု ဆိုသည်။ ထိုညှဉ်းပန်းမှုက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကိုပါ ခြေမွှ ဖျက်ဆီးနိုင်လောက်သည်အထိ စွမ်းဆောင်နိုင်လေသည်။

ယခင်က ၎င်းဆိုရိုးအား နားလည်ရုံသာ နားလည်ခဲ့သည်။ သို့သော် ယခုလို သူများကို လိုက်ဖမ်းရချိန်မှ အပြည့်အဝ သဘောပေါက်လာခြင်း ဖြစ်သည်။ သူရရှိထားသည့် ဗဟုသုတများက အခုမှ အလိုလို ပြန်ပေါ်လာခြင်း ဖြစ်၏။ စုမင်မှာ ရည်ရွယ်ချက်ရှိရှိ လုပ်စရာ မလိုဘဲ  သူ့ခန္ဓာကိုယ်က သူ့စိတ်ဆန္ဒအတိုင်း အလိုအလျောက် ဖန်တီးပေးနေတော့၏။

ယနေ့ စုမင်သည် လူတစ်ယောက်ကို ပထမဆုံး သတ်ဖြတ်ခဲ့၏။ ထို့နောက် သတ်ဖြတ်လိုစိတ်နှင့် ပထမဆုံးအကြိမ် လူတစ်ယောက်အား လိုက်လံဖမ်းဆီးနေပြန်သည်။ သူကိုယ်တိုင် ပြောင်းလဲနေသည့် အကျင့်စရိုက်ကို ပထမဆုံးအကြိမ် တွေ့ကြုံခံစားမိခြင်း ဖြစ်သည်။ တစ်ဖက်တွင်လည်း ယုချီမှာ စုမင်၏ အထက်ပါ ပြောင်းလဲဖြစ်တည်ကို နဖူးတွေ့ဒူးတွေ့ ကြုံနေရသူ နောက်တစ်ယောက် ဖြစ်သည်။

ယုချီ တစ်ခုခုကို ခံစားမိသော်လည်း ဘာမှန်း ရေရေရာရာ မသိပေ။ သူ အသေအချာ ခံစားမိသည်မှာ အဖော်ဖြစ်သူ၏ ထူးဆန်းသော သေဆုံးမှုပြီးနောက် မှုန်ဝါးပျောက်ကွယ်လာသည့် သူ့ယုံကြည်မှုနှင့် သတ္တိကို ဖြစ်သည်။ ထိုအရာများအားလုံး တဖြည်းဖြည်းနှင့် နည်းနည်းစီ ပျောက်ကွယ်နေလေသည်။

အမှန်အားဖြင့် ယုချီမှာ စုမင်ကို လှည့်ကြည့်လိုစိတ် လုံးဝ မရှိတော့။ စုမင်သည်လည်း သူ့လို သွေးကြောကျောက်သား ကျင့်စဉ် အဆင့် (၂) ရှိသူ တစ်ယောက် ဖြစ်သည်။ သူလှည့်ကြည့်လိုက်သည်နှင့် သေတော့မလို ခံစားနေရသည်။ ပြေးနိုင်သရွေ့ အသက်ရှင်နိုင်သည့် မျှော်လင့်ချက် ပျပျလေး ရှိသည်ဟု ခံစားနေရသည်။

သူ အလွန် ခြေကုန်လက်ပန်း ကျလာသည်ကို ခံစားမိရင်း ယုချီမှာ တအား စိုးထိတ်နေမိသည်။ အထူးသဖြင့် သူ့နောက် လိုက်နေသည့် လူငယ်လေးမှာ ရုတ်တရက် ပျောက်သွားပြီး နှစ်ယောက်ကြားက အကွာအဝေးက ကြီးမားလာချိန်တွင် ဖြစ်သည်။ ဒူးများ ခွေကျတော့မတတ် အင်အားမဲ့နေသော်လည်း သူနား၍မရသည်ကို ကောင်းကောင်းကြီး နားလည်သည်။ အံကို တင်းတင်းကြိတ်ပြီး တောင့်ခံဖို့ လုပ်ရ၏။

ထိုအခြေအနေမှာ သိပ်မကြာလိုက်ပေ။ သူ့မျက်လုံးထောင့်တွင် စုမင်၏ အရိပ်ကို ဖျတ်ခနဲ မြင်လိုက်ရချိန် ဖြစ်နေသည့် ခြေကုန်လက်ပန်းကျမှုမှာ ဆယ်ဆခန့် ထိုးတက်သွား၏။ ယုချီ ရူးသွပ်သွားတော့မလိုပင်။

“သူက မိုးပေါ်ကကျလာတဲ့ မာန်စွမ်းအားရှင်ပဲ နေမယ်၊ သူက သေချာပေါက် မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်ပဲ”

ယုချီခမျာ ကြောက်လွန်း၍ တုန်ခါနေသည်။ သူထွက်ပြေးရင်း လမ်းဆုံတစ်ခုနား ရောက်လာသည်။ အကယ်၍ ဘယ်ဘက်သို့ ချိုးချလိုက်လျှင် သစ်တော၏ အနက်ရှိုင်းဆုံးအပိုင်းထဲသို့ ရောက်သွားမည် ဖြစ်ပြီး မဟူရာမီးတောင်မှာ နောက်တွင် ကျန်ရစ်ခဲ့တော့မည် ဖြစ်သည်။ ညာဘက်သို့ ချိုးချလိုက်လျှင် မဟူရာမီးတောင် အနား ပြန်ရောက်သွားပြီး မဟူရာတောင် မျိုးနွယ်စုဆီကို ပြန်ရောက်နိုင်မည် ဖြစ်၏။

စုမင်က ထိုလမ်းဆုံအကြောင်း ယခင်ကတည်းက သိထားခဲ့သည်။ မျက်လုံးကို ကျဉ်းလိုက်ရင်း ခန္ဓာကိုယ်၏ ပင်ပန်းနေမှုကို လျစ်လျူရှုလိုက်၏။ ရှိသမျှအားကို ခြေထောက်တွင် ထည့်ပြီး အားပြင်းပြင်း တစ်ချက် ခုန်လွှားကာ အရှိန်ကို မြှင့်လိုက်၏။ စုမင်မှာ ဆက်မလိုက်ဘဲ တောထဲမှ ဖြတ်လမ်းနှင့် ညာဘက် လမ်းချိုးဆီ သွားရန် လုပ်လိုက်၏။

စုမင်အနေနှင့် ယုချီ ညာဘက်လမ်းအား ရွေးချယ်မည်ကို ကြိုတင် ခန့်မှန်းပြီးသား ဖြစ်သည်။ ထို့ကြောင့် ညာဘက်ချိုးကာ နှစ်ယောက်သား နီးသွားအောင် လုပ်လိုက်ခြင်း ဖြစ်သည်။ စုမင်မှာ ရှေ့ကိုပြေးလွှားရင်း လေးကိုင်းကို ဆွဲယူကာ ညာဘက်လမ်းကြောင်းကို ဦးတည်၍ မြားနှင့် ပစ်လိုက်၏။ လေကို ထိုးခွင်းသွားသည့် မြားတံမှာ ညာဘက်တွင် ရှိသမျှ သစ်ပင်တွေကို ပွတ်တိုက်သွား၏။ ပင်စည်များပေါ် မြားဦး စိုက်ဝင်သွားချိန် မြားမြီးဖျားပင် တဝီဝီ တုန်ခါနေ၏။

မြားသံတွင် ထူးဆန်းသည့် အားအင်များ လွှမ်းမိုးနေပုံ ပါသည်။ ယုချီ၏ နားစည်ထံ ခပ်ညင်းညင်း သွားရောက် ရိုက်ခတ်လိုက်သည့်အခါ ယုချီ တွေဝေသွား၏။

စုမင် အမြင့်ဆုံးအရှိန်နှုန်းနှင့် ယုချီအား ထပ်မံ ဖမ်းဆီးပြန်ပြီး သူ့လေးနှင့် တိုက်ခိုက်လိုက်သည်။ စုမင်မှာ သူ့အရှိန်ကို မြှင့်ပြီး ယုချီ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သည့်အတွက် ယုချီတစ်ယောက် ကယောင် ချောက်ချားနှင့် အော်မြည်ပြီး ညာဘက်လမ်းအတိုင်း ချိုးချတော့မည့်ဆဲဆဲတွင် ဖြစ်သည်။
အကယ်၍ ယုချီသာ ညာဘက်သို့ ထွက်ပြေးလျှင် သူ့အား စုမင် ကျိန်းသေ ဖမ်းမိလိမ့်မည်ဟု ထင်သည်။ အကယ်၍ ဘယ်ဘက်သို့ ထွက်ပြေးခဲ့လျှင် စုမင်၏ (ယုချီမှာ ညာဘက် ပြေးလိမ့်မည်ဆိုသော) ခန့်မှန်းချက် မှားယွင်းမှုကြောင့် သူတို့နှစ်ယောက်ကြား အကွာအဝေးမှာ ပိုမို အလှမ်းကွာသွားနိုင်တယ်။

လေထဲမှ မြားတံများ၏ တဝီဝီ အသံကို ယုချီ ကြားနေရဆဲပင်။ ယုချီ အံကို တင်းတင်းကြိတ်ပြီး ဘယ်ဘက်သို့ ချိုးချလိုက်၏။ မကြာခင် တောထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

စုမင်မျက်လုံးထဲတွင် ကြောက်စရာအငွေ့အသက်များ ဖြတ်သန်းသွား၏။ သူက ပင်ပန်းနေသည့်တိုင် သွေးအေးအေးနှင့် ပြုံးလိုက်လေသည်။

ခပ်မြန်မြန် သစ်ပင်မှ မြားများကို နုတ်ပြီး မဟူရာတောင် မျိုးနွယ်စုဝင်အား လိုက်လံ ဖမ်းဆီးပြန်၏။

“အကယ်၍ မင်းဟာ မင်းရန်သူရဲ့ လွတ်မြောက်ရာ လမ်းကြောင်းကို ထိန်းချုပ်ထားနိုင်ပြီ ဆိုရင် သူ့ကိုယ်ခန္ဓာကိုလည်း ထိန်းချုပ်သွားနိုင်ပြီ”

စုမင်မှာ တိရစာၦန်သားရေလိပ်ထဲ တစ်နေရာတွင် ဖတ်ဖူးထားသည့် စာများကို သတိရသွားပြန်သည်။ ယခင်က ဘာရယ်မသိခဲ့ပေ။ ယခုမှ ဆိုလိုရင်းကို သေချာနားလည်လိုက်ခြင်း ဖြစ်သည်။

ပြေးရင်းဖမ်းရင်း အချိန်များ ကုန်လွန်လာခဲ့သည်။ ညအမှောင် ကျရောက်၍ ကောင်းကင်ပေါ်မှ လမင်းပင် ထွက်ပြူစပြုနေပြီ ဖြစ်၏။ ညအချိန်ဖြစ်သော်လည်း လရောင်နှင့် မြေပြင်ပေါ်မှ နှင်းလွှာတို့ ထိစပ်မိချိန် တောအုပ်တစ်ခုလုံး ငွေမင်ရောင် အလင်းဖျော့များ လွှမ်းခြုံထားသည့်ပမာ လှပနေလေ၏။

လိုက်လံဖမ်းဆီးနေစဉ် စုမင်မှာ ယုချီ၏ ထွက်ပေါက်အား သုံးခါတိတိ ပြောင်းလဲခဲ့ပြီ သူ အလိုရှိရာ အရပ်အတိုင်း ယုချီအား ပြေးလွှားစေခဲ့၏။

သူ့ရဲ့ရင်ခွင်ထဲတွင် သတိလစ်နေဆဲဖြစ်သည့် မျောက်ကလေးကို ကြည့်မိလိုက်သည့်အခါ စုမင်၏ သွေးဆာနေသော၊ ပင်ပန်းနွမ်းနယ်နေသော မျက်ဝန်းများက နူးညံ့သွားသည်။ ပထမဆုံးအကြိမ် ယုချီအား ပြေးလမ်းကြောင်းပြောင်းရန် ဖိအားပေးလိုက်သည့်အချိန် ယုချီမှာ မျောက်ကလေးကို လွှင့်ပစ်သွားခဲ့သည်။ ထို့ကြောင့် သူတို့နှစ်ယောက်ကြား မျက်ခြေအတော်ပြတ်ကျန်ခဲ့ခြင်း ဖြစ်သည်။

မျောက်ကလေးကို လက်လွှတ်လိုက်ခြင်းက  ယုချီအတွက် အလုပ်ဖြစ်သွားသည်။ စုမင်သည် ချက်ချင်း မျောက်ကလေးဆီ ပြေးသွားသည့်အတွက် ယုချီမှာ သက်ပြင်းချချိန် ရသွားပြီး မြန်မြန်ဆန်ဆန် ပြေးချိန်ပိုရသွားခြင်း ဖြစ်သည်။

၎င်းမှာလည်း သိပ်ကြာရှည်မခံလိုက်ပေ။ မကြာခင် သူ့ဘေးနားရှိ လေထုအား ထိုးခွဲဖြတ်သန်းသွားသည့် မြားများကို ယုချီ သတိပြုမိလိုက်သည်။ ထိုအခြင်းအရာကြောင့် ယုချီမှာ ရူးသွပ်မတတ် ဖြစ်သွားရပြန်သည်။

ကောင်းကင်ပေါ်၌ တဖျတ်ဖျတ်လင်းနေသည့် ကြယ်ကလေးများသည် တောအုပ်ထဲမှ ပြေးတမ်း လိုက်တမ်း ကစားနေသည့် သူတို့နှစ်ဦးအား ပွဲကြည့်ပရိသတ်မျက်လုံးများပမာ ကြည့်ရှုနေကြလေသည်။

ယုချီ ပင်ပန်းလှပြီ။ ခြေလှမ်းများလည်း ဒယိမ်းဒယိုင် ဖြစ်လာသည်။ သို့သော် ခန္ဓာကိုယ် ပင်ပန်းသည်က အဓိက မဟုတ်။ တကယ့်ကိစ္စကြီးမှာ သူ့ စိတ်အခြေအနေ ဖြစ်သည်။ ၎င်းမှာ လုံးဝ ပြိုလဲပျက်စီးနေလေပြီ။ အပေါက်လေးကို ရှာတွေ့မိသည့်အတွက် နောင်တရနေမိသည်။ မီးမျောက်ဝံပေါက်လေးအား ဖမ်းဆီးမိသည့်အတွက် နောင်တရသည်။ သူသာ ဒါမျိုးတွေ မလုပ်ခဲ့လျှင် ယခုလို အဖြစ်မျိုး ကြုံနေရမည် မဟုတ်ပေ။

သူ့ရှေ့မှ တောထဲတွင် အပင်မျိုးစုံ ပေါက်ရောက်နေသည်။ ဆောင်းရာသီ ဖြစ်၍ တော၏ အနက်ရှိုင်းဆုံးအပိုင်းတွင် ရှိနေသမျှကို မမြင်ရဘဲ ရှိနေသည်။ ယုချီတစ်ယောက် တောထဲဝင်ရနိုး မဝင်ရနိုး တွေဝေနေသည့်အချိန်တွင် စုမင်၏အရိပ်မှာ တောစပ်မှ ပေါ်ထွက်လာလေ၏။

စုမင်မှာ အသက်ပြင်းပြင်း ရှူရင်း ရပ်နေသည်။ သူ့နှုတ်ခမ်းဝမှ အသက်ရှုလိုက်တိုင်း များပြားလှသည့် နှာငွေ့များ ထွက်နေပြီး သူ့မျက်လုံးထဲတွင် အေးစက်တင်းမာမှုများ တနင့်တပိုးနှင့် ဖြစ်နေသည်။ စုမင်မှာ ချက်ချင်း မလိုက်သေးဘဲ ခေတ္တမျှ စောင့်ဆိုင်းနေ၏။

“ဒီနေရာဟာ မင်းရဲ့မြှုပ်နှံရာ နေရာပဲ။ ဒီလို နွမ်းနယ်မှုမျိုးနဲ့ ဒီကနေ အသက်ရှင်ရက် ထွက်သွားနိုင်ခဲ့ရင် မင်းကိုယ်မင်း သိပ်ကို ကံကောင်းတဲ့သူလို့ သက်မှတ်ပိုင်ခွင့် ရှိပြီ”

အသက်ရှူသံ တည်ငြိမ်သွားချိန် စုမင်က ရေရွတ်လိုက်၏။

စုမင် ရေရွတ်ပြီးနောက် တိတ်ဆိတ်လှသည့် ညဥ့်ယံအလယ်တွင် သွေးပျက်လုမတတ် ကြောက်စရာ အသံကြီးတစ်သံက တစ်တောလုံးအနှံ့ လွင့်ပျံ့လာ၏။ ပဲ့တင်ထပ်နေသည့် တောထဲမှ အသံကြီးမှာ ကြားရသူတိုင်း ကျောရိုးတလျှောက် စိမ့်တက်သွားစေလေ၏။

ခဏကြာလျှင် အသံများ တဖြည်းဖြည်း တိုးညင်းသွားပြီး ခပ်ဖျော့ဖျော့ ညည်းညူသံလေးသာ ကျန်ရစ်ခဲ့တော့၏။

စုမင်မှာ တိတ်တဆိတ်နှင့် အသံကြားရာ အရပ်ဆီ လျှောက်လှမ်းလာခဲ့သည်။ ခြေလှမ်းတိုင်း တွက်ဆမှု အပြည့်နှင့် သူ တောထဲသို့ လှမ်းဝင်လာသည်။ အရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးတိုင်း နောက်ဆုတ်ရမလား၊ တခြားတစ်နေရာ ရွှေ့ရမလား၊ ခုန်လွှားသင့်သလားကို တွေးနေမိသည်။

ဤနေရာသည် နက်မှောင်တောင် မျိုးနွယ်စု၏ အမဲလိုက်ကွင်း ဖြစ်သည်။ သည်တောသည်တောင် အနီးအနား တစ်ဝိုက်တွင် ထောင်ချောက်များနှင့် ပြည့်နှက်နေပြီး ထောင်ချောက်နေရာများကို နက်မှောင်တောင် မျိုးနွယ်စုများမှ လွဲ၍ မည်သူမျှ မသိကြပေ။

စုမင်ပင် ထောင်ချောက်တစ်ချို့တစ်လေကိုသာ သိ၏။

အကယ်၍ ယုချီ၏ စိတ်သာ ကြံ့ခိုင်နေမည်ဆိုလျှင် စုမင်၏ ကျော့ကွင်းထဲမှ အသက်ရှင်ရက် ထွက်လာနိုင်မည်။ သို့သော် ယခုအခြေအနေကတော့ တစ်မျိုး ဖြစ်သွားသည်။ ဒီထဲ ဝင်လိုက်သည်နှင့် သူ့ကံကြမ္မာသူ ဆုံးဖြတ်ပြီး ဖြစ်သွားပြီ။ ပြောရလျှင် ကိုယ့်သေတွင်းထဲ ကိုယ်ခုန်ချသည်နှင့် အတူတူပင်။

စုမင် သတိထားပြီး လျှောက်လာ၏။ စုမင် ကြားနေရသည့် ညည်းညူသံမှာ တိုးလျသွား၏။ သူ ဖြည်းဖြည်းချင်း လျှောက်လာစဉ် ခန္ဓာကိုယ်တွင် ဆူးချွန်တန်းတစ်ခု စူးဝင်ပြီး သစ်ပင်တစ်ပင်တွင် ချိတ်မိနေသည့် ယုချီကို တွေ့လိုက်ရ၏။

သူ့တစ်ကိုယ်လုံး သွေးများနှင့် ရွှဲနစ်နေသော်လည်း အသက်တော့ မသေသေးပေ။ ယုချီမှာ တဆတ်ဆတ် တုန်ခါနေပြီး ခပ်တိုးတိုး ညည်းညူနေ၏။

စုမင် ခပ်မဆိတ်သာ ရှေ့တိုးသွားပြီး ယုချီဘေးသို့ လျှောက်သွားလိုက်သည်။ ပြီးလျှင် သူ့အား ကြည့်လိုက်၏။ ခဏအကြာတွင် ဦးချိုကို ထုတ်ပြီး ယုချီ၏ လည်မျိုအား လှီးဖြတ်လိုက်လေတော့၏။

ယုချီမှာ နောက်ဆုံးထွက်သက် မတိုင်ခင်အထိ ဒေါသတကြီး ရုန်းကန်နေ‌သေည်။ သူ့အမြင်အာရုံအားလုံး အမှောင်ထုထဲ မရောက်သွားခင်အထိ စုမင်အား ရန်လိုမုန်းတီးမှုအပြည့်နှင့် စိုက်ကြည့်နေလေ၏။

စုမင်မှာ ထောက်ချောက်ဆင်ထားသည့် ကြိုးကို ဖြတ်ပြီး ယုချီကိုယ်ပေါ်မှ ရှိသမျှ အရာအားလုံး ဖယ်ရှားလိုက်၏။ ကျန်နေသေးသည် သွေးကြေပျက်သုဉ်းဆေးမှုန့် အနည်းငယ် လောင်းချပြီး အလောင်းအား အရိုးစုအဖြစ် ပြောင်းလိုက်သည်။ ထို့နောက် ခပ်ဖွဖွ ကိုင်လိုက်ရာ ယုချီ၏အရိုးစုမှာ အမှုန်များအဖြစ် လွင့်ပါး ပျောက်ကွယ်သွားလေတော့၏။
စုမင်မှာ တိတ်တဆိတ် ကျောခိုင်းပြီး တောထဲမှ ထွက်လာခဲ့သည်။ တောထဲမှ ထွက်လာပြီးသည်နှင့် မိုးပေါ်တွင် ထိန်ထိန်လင်းနေသည့် လအား မရေရာမှုအပြည့်နှင့် မော့ငေးလိုက်သည်။ ဒါ သူ့အတွက် ဒုတိယအကြိမ်မြောက် လူသတ်ခြင်းပင်။ ခံစားချက်ကို စုမင် မပြောပြတတ်။ စိတ်လှုပ်ရှားမှု …. ကြောက်ရွံ့မှုနဲ့ မရေရာဝေဝါးမှု … မျိုးစုံသာ ခံစားနေရ၏။

အတော်ကြာမှ စုမင် သက်ပြင်းချလိုက်သည်။ နက်မှောင်တောင် မျိုးနွယ်စုနှင့် မဟူရာတောင် မျိုးနွယ်စုတို့သည် မျိုးနွယ်စုတစ်စုတည်းမှ ဆင်းသက်လာကြသူများ ဖြစ်သော်လည်း နှစ်လအလီလီ ပြောင်းလဲခဲ့ပြီးနောက် ရန်သူတော်ကြီးများ ဖြစ်လာခဲ့ကြသည်။ မျိုးနွယ်စုတစ်ခု အင်အား ကြီးမားလာလျှင် ကျန်မျိုးနွယ်စုမှာ အစုလိုက်အပြုံလိုက် မျိုးတုံးသတ်ဖြတ် ခံရနိုင်ပေမည်။ ရှိရှိသမျှ ယောက်ျားသားအကုန် သတ်ဖြတ်ပြီး မိန်းမသားများအား မျိုးနွယ်စုဦးရေ တိုးပွားစေရန် ခေါ်ဆောင်သွားကြလိမ့်မည်။

အထက်ပါအဖြစ်အပျက်များ မဖြစ်ခဲ့သည်မှာ အတော်ကြာခဲ့ချေပြီ။ ယင်းက ကောင်းသည့်အရာ ဖြစ်သည်။ နှစ်ကာလများစွာ ကြာပြီးနောက် နှစ်ဖက်အကြီးအကဲများမှာ စွမ်းရည် အဆင့်တူခဲ့ကြသည်။ ထို့ကြောင့် တစ်ဖက်နှင့်တစ်ဖက် သေသေကြေကြေ တိုက်ပွဲကြီးများ မဖြစ်ခဲ့ပေ။

စုမင် အသက်ကို တဝကြီးရှူလိုက်၏။ ခြေကုန်လက်ပန်း ကျမှုသည် တစ်ကိုယ်လုံးဆီ ပျံ့နှံ့လာ၏။ စုမင် အံကို တင်းတင်းကြိတ်၍ အတော်ခပ်လှမ်းလှမ်းထိ ခန္ဓာကိုယ်ကို တရွတ်တိုက် လျှောက်လှမ်းလာခဲ့သည်။

မနက်ခင်း အရုဏ်တက် နေထွက်ချိန်တွင် စုမင်မှာ နိုင်စီးငြိမ်းသတ်ခြင်း ပြုလုပ်ရာ မဟူရာမီးတောင်သို့ ပြန်ရောက်လာခဲ့သည်။ သူ့မျက်နှာမှာ ဝါကြင့်ကြင့် ဖြစ်နေ၏။ ဂူထဲသို့ တွားသွားဝင်လာခဲ့ပြီး အထဲသို့ ရောက်သည်နှင့် ဘေးဘက်ကို လဲကျသွား၏။ မကြာခင် သူ သတိလစ် မေ့မြောသွားလေတော့သည်။

*****

Comment

Leave a Reply

Options

not work with dark mode
Reset