အပိုင်း(၁၇၅၉)

စစ်ကြေညာခြင်း

မြေအောက်အရှင်သည် မေ့ထန်နှင့် စကားပြောနေကြဆဲဖြစ်သည်။

လက်ရှိတွင် သူသည် ကောင်းကင်အာဏာစက်ကျောင်းတော်တည်ရှိရာဘက်သို့ ကြည့်ကာ ပြောသည် “ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ။ မင်းဟာ အမှောင်နဲ့ပဲ သက်ဆိုင်တယ်။ ဒီနေရာက မင်းနဲ့ မသင့်တော်ဘူး။ ငါနဲ့လိုက်ခဲ့ပါ။ မင်းကို အိမ်သို့ ခေါ်သွားမယ်…”

“သူက ဘယ်သူလဲ…” မေ့ထန်က မြေအောက်အရှင်ကို ကြည့်ကာ မေးသည်။

မြေအောက်အရှင်သည် မှော်နက်အဖွဲ့၏ဘုရင်တစ်ပါးဖြစ်သည်။ သူသည် စစ်တပ်တစ်ခုလုံးကို ဦးဆောင်ကာ မိန်းကလေးငယ်တစ်ယောက်အား လာခေါ်သည်။ မေ့ထန်သည် ယခင်က သိပ်အရေးမစိုက်ခဲ့သော်လည်း မိန်းကလေးမှာ သာမန်မဟုတ်ကြောင်း ရိပ်မိ၏။

“နတ်ဆိုးလောကရဲ့ နတ်ဆိုးစစ်သူကြီးကလည်း ဒီကိစ္စကို စိတ်ဝင်စားတာလား…” မြေအောက်အရှင်က မေ့ထန်ကို ရယ်မောကာ ပြောသည်။

မေ့ထန်က ပြန်မပြောပေ။ သူက ထိုမိန်းကလေးမှာ သာမန်မဟုတ်မှန်းသိသော်လည်း သူအမှန်တကယ် စိတ်ဝင်စားသည်ကား ရီဖူရှင်း၏နောက်ကြောင်းဖြစ်၏။

မိန်းကလေးသည် ရီဖူရှင်း၏အကာအကွယ်အောက်တွင် ရှိနေခြင်းကြောင့်သာ သူက မေးမြန်းခြင်းဖြစ်၏။

မေ့ထန်က မိန်းကလေးနှင့် ယူချင်းတို့အကြား ဆက်စပ်တွေးမိသည်။ ဤက ကံကြမ္မာ၏ဆန်းကြယ်သော စီမံမှုလည်းဖြစ်နိုင်၏။

ရီဖူရှင်းက သူ့ရှေ့တွင် ရပ်နေသော မိန်းကလေးအား ကြည့်ကာ ညင်သာစွာ မေးသည် “ညီမလေး တကယ်ပဲ ဆုံးဖြတ်ပြီးသွားပြီလား…”

“အင်း…” ချင်းယောင်က ခေါင်းညိတ်သည်။

“ကောင်းပြီ…” ရီဖူရှင်းက ပြုံးသည်။ အမှန်တကယ်လည်း လူတိုင်းမှာ မိမိတို့၏ကံကြမ္မာကို ကိုယ်တိုင်စီရင်ပိုင်ခွင့်ရှိ၏။ တခြားလူများက ဝင်မစွက်ဖက်သင့်။

သူက ချင်းယောင်ကို ဂရုစိုက်ကာကွယ်ပေးခြင်းမှာ ရန်ဟောင်တန်ခိုးရှင်များ၏ရန်ပြုနှောင့်ယှက်မှုများကို ခံနေရသော မိန်းကလေးငယ်အား သနားဂရုဏာသက်မိသောကြောင့်ဖြစ်၏။

သို့သော်လည်း ချင်းယောင်ကား ရင့်ကျက်သူအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ သူမသည် အရာအားလုံးကို ပိုမိုနားလည်လာခဲ့ကာ သူမကိုယ်တိုင်၏ဆုံးဖြတ်ချက် အကျိုးအပြစ်များကို နားလည်သည်။

သို့ဆိုလျှင် သူက သူမ၏ဆုံးဖြတ်ချက်ကို လေးစားရပေမည်။

တစ်ဘက်လူများက ချင်းယောင်ကို သတ်ဖြတ်ရန်၊ သို့မဟုတ် ထိခိုက်ရန် ရောက်လာခြင်းမဟုတ်ကြောင်း သူသိသည်။ ရှန်လော့ရွှီ၏နတ်အာရုံမှတစ်ဆင့် သူသည် ချင်းယောင်၏အတိတ်တစွန်းတစကို နားလည်ကာ သူမသည် မွေးရာပါထူးခြားသော အရည်အချင်းများဖြင့် မွေးဖွားလာသူဖြစ်ကြောင်း သိသည်။ တစ်ဘက်လူများသည် သူမကို သတ်ဖြတ်ရန် ထိုမျှ များပြားသောလူများဖြင့် ရောက်လာစရာမလိုပေ။

ချင်းယောင်သည် သူမ၏ရှောင်လွှဲမရသော ကြမ္မာကို လက်ခံရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ရာ ထိုကိစ္စက သူမအတွက် အမှန်တကယ် ဆိုးဝါးသော ကိစ္စမဟုတ်ကြောင်း သူနားလည်သည်။ ထို့ကြောင့် သူမ၏ဆုံးဖြတ်ချက်အပေါ် သူက ကန့်ကွက်စရာမရှိပေ။

ထို့ကြောင့် သူက သူမ၏ဆုံးဖြတ်ချက်ကို နားလည်လက်ခံ၏။

ထို့အပြင် သူသည် ချင်းယောင်၏စိတ်နှလုံးအတွင်းတွင် ခိုအောင်းနေသော အဖြူရောင်စိတ်နှလုံးသားအား ယုံကြည်၏။ အနာဂတ်တွင် သူမ မည်သို့ပင် ဆိုးဝါးသော အတွေ့အကြုံများဖြင့် တွေ့ကြုံရပါစေ၊ သူမ၏စိတ်နှလုံးသားမှာ အလွယ်ပြောင်းလဲမည် မဟုတ်ပေ။

“မရဘူး…”

ထိုအခိုက်တွင် တစ်စုံတစ်ယောက်က ရုတ်တရက်ပြောသည်။ သူကား တောင်းတန်းဘုံမှ ဆရာပုတောက်ဖြစ်သည်။

သူက မိန်းကလေးငယ်အား စိုက်ကြည့်နေသည်။ မြေအောက်အရှင်ပြောသည်ကို သူက ကြားပြီးနောက်တွင် သူ၏တွက်ဆချက်ကို ပိုမို၍ ယုံကြည်ချက်ရှိလာသည်။

သည်မိန်းကလေးငယ်အား လွှတ်ပေးမည်ထက် သူ့အနေဖြင့် စစ်ပွဲကိုသာ စတင်ပေမည်။ ရီဖူရှင်းက သူ့အား မိန်းကလေးငယ်ကို သတ်ဖြတ်ခွင့်မပေးမှတော့ အနည်းဆုံးတော့ သူမအား ကောင်းကင်အာဏာစက်ကျောင်းတော်၌ ထိန်းသိမ်းထားရပေမည်။ သူမအား မြေအောက်အရှင်က ခေါ်ဆောင်သွားခွင့်မပြုနိုင်ပေ။

ရီဖူရှင်းက ခေါင်းမော့ကာ ဆရာပုတောက်အား လှမ်းကြည့်လျှင် သူက ဆက်ပြောသည် “ငါတို့က သူမကို မြေအောက်အရှင်လက်ထဲကို ဘယ်နည်းနဲ့မှ ထည့်ပေးလို့မရဘူး…”

အားလုံးက အံ့အားသင့်သွားအောင် သူ့ထံမှ ဗုဒ္ဓအလင်းများသည် သတ်ဖြတ်လိုသော အငွေ့အသက်များဖြင့် လွှမ်းခြုံလာခဲ့၏။

“ဆရာတော်…. ခင်ဗျား စိတ်လွတ်နေပြီ…” အရှင်ထိုက်ရွှမ်က ပြောသည် “ခင်ဗျားက ကောင်းတဲ့ရည်ရွယ်ချက်နဲ့အခုလိုပြောတာ နားလည်ပါတယ်။ ဒါပေမဲ့ ဗုဒ္ဓတရားတော်ဟာ သနားကြင်နာဖို့နဲ့ စိတ်ကောင်းစေတနာထားဖို့ကိုပဲ ရည်ညွန်းတယ်။ ခင်ဗျားက အပြစ်တစ်စုံတစ်ရာမကျူးလွန်ဖူးတဲ့ ကလေးတစ်ယောက်ကို သတ်ဖြတ်တာက ဗုဒ္ဓလမ်းစဉ်နဲ့ ဆန့်ကျင်ရာ မကျဘူးလား…”

“အရှင်… ဒါက မတူညီတဲ့ကိစ္စပဲ…” ဆရာတော်ပုတောက်က ကျယ်လောင်စွာ ပြောသည် “ကျုပ်က တိုက်ခိုက်ဖို့ဝန်မလေးဘူး။ ဒါပေမဲ့ သူမကို ခေါ်သွားမှာကိုတော့ ဒီအတိုင်း ကြည့်မနေနိုင်ဘူး…”

“တကယ်လို့ အနာဂတ်မှာ သူမသာ အမှားလုပ်မယ်ဆိုရင် ကျုပ်က အရာအားလုံးကို စွန့်လွှတ်ပြီးတော့ ဒါကို ပြင်ဆင်ဖို့ ကြိုးစားပေးမယ်…” အရှင်ထိုက်ရွှမ်က ပြောသည်။ သူက ဆရာတော်ပုတောက်ဘေးမှ ဗုဒ္ဓကျင့်ကြံသူများကိုကြည့်ကာ ပြောသည် “တခြားကိုယ်တော်တွေရော ဘယ်လိုထင်လဲ…”

ထျန်ရှင်းကျောင်းတော်ဆရာတော်က လက်အုပ်မိုးသည်။ သူက ဗုဒ္ဓတရားတော်ကို ရွက်ဖတ်ကာ ပြောသည် “အားလုံးမှာ ကောင်းမွန်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်နိုင်ကြပါတယ်။ သူမရဲ့စိတ်ကောင်းရှိမှုကို ကျုပ်က ယုံကြည်ပြီးတော့ အရှင်ထိုက်ရွှမ်နဲ့ ဒကာလေးရီတို့ကိုလည်း ယုံကြည်ပါတယ်…”

“ဆရာတော်…” ဆရာပုတောက်က ဆရာတော်ကို ကြည့်သည်။

“ပုတောက်… အရာအားလုံးက ကံစီမံရာအတိုင်းပါပဲ…. အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ စောင့်ကြည့်ကြတာပေါ့…” ဆရာတော်က ပြောသည်။ ပုတောက်က ထိုစကားကိုကြားလျှင် ထပ်မံ၍ မငြင်းခုန်တော့။ သူက လက်အုပ်မိုးကာ တရားစာအချို့အား ရွက်ဖတ်လိုက်သည်။

ဆရာတော်ပုတောက်၏သဘောထားအပေါ် ရီဖူရှင်းက များစွာ သဘောမတွေ့လှသော်လည်း သူသည် လူသားအားလုံးတို့၏ကောင်းကျိုးကို ရှေးရှုကာ ထိုသို့ ပြုမူခြင်းဖြစ်ကြောင်း ရီဖူရှင်းက နားလည်သည်။

“ညီမလေးကို အစ်ကို လိုက်ပို့မယ်…” ရီဖူရှင်းက ချင်းယောင်၏လက်ကိုဆွဲကာ ရှေ့ကို တက်သွားသည်။ အရှင်ထိုက်ရွှမ်လည်း သူတို့ဘေးမှ လိုက်ပါလာခဲ့၏။

ရီဖူရှင်းသည် ချင်းယောင်၏လက်ကိုဆွဲကာ ကောင်းကင်အာဏာစက်ကျောင်တော်ထံမှ ထွက်လာခဲ့သည်။ တစ်ဘက်မှလည်း ခေါင်းဆောင်တစ်ယောက်က ချင်းယောင်ကို လာခေါ်၏။

မကြာခင် သူတို့ချင်း တွေ့ကြ၏။ ချင်းယောင်အား ချက်ချင်းထုတ်ပေးမည့်အစား ရီဖူရှင်းက ပြောသည် “ကျုပ် လူတစ်ယောက်ကို လိုချင်တယ်…”

“ဘယ်သူလဲ…” တစ်ဘက်လူက မေးသည်။

“နတ်တစေကလန်က လျန်ချန်းရီ…” ရီဖူရှင်းက ပြောသည်။

နတ်တစေကလန်အဖွဲ့အတွင်းတွင် ရပ်နေသော လျန်ချန်းရီသည် ရီဖူရှင်း၏စကားကိုကြားလျှင် မှင်တက်သွားသည်။

ရီဖူရှင်းက ဘာကို ဆိုလိုသနည်း။ အဘယ်ကြောင့် သူမအား တောင်းဆိုရသနည်း။

တစ်ဘက်လူက အနည်းငယ် တွန့်ဆုတ်နေသည်။ လျန်ချန်းရီကား နတ်တစေကလန်၏နတ်မိမယ်ဖြစ်သည်။ သာမန်လူတစ်ယောက်မဟုတ်ပေ။

“သူမကို ထုတ်ပေးလိုက်…” မြေအောက်အရှင်က တည်ငြိမ်စွာ ပြောသည်။ သူတို့က ချင်းယောင်ကို ခေါ်ဆောင်သွားရန်ဟူသော တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့်‌ ရောက်လာခြင်းဖြစ်သည်။

သူ့အနေဖြင့် အသာစီးရနေလျှင်တော့ ရီဖူရှင်းကို ဆွေးနွေးညှိနှိုင်းခွင့် လုံးဝပေးမည် မဟုတ်ပေ။ သို့သော်လည်း သူတို့မှာ အသာစီးရနေခြင်းမဟုတ်ဘဲ မိန်းကလေးကိုယ်တိုင်က ထွက်သွားလိုသောကြောင့်သာ အဆင်ပြေသွားခြင်းဖြစ်သည်။

ထို့ကြောင့် လျန်ချန်းရီနှင့် အလှဲအလှယ်ပြုမည်ဆိုသည်ကို သူက မည်သို့ ငြင်းပယ်နိုင်မည်နည်း။

ရီဖူရှင်းက လူအနည်းငယ် ထပ်တိုးတောင်းဆိုလျှင်ပင် သူက သဘောတူပေဦးမည်။

နတ်တစေကလန်ခေါင်းဆောင်က မြေအောက်အရှင်ကို လှမ်းကြည့်သည်။ မြေအောက်အရှင်က သူ့အား လှမ်းကြည့်ကာ ပြောသည် “မင်း ငါပြောတာ မကြားဘူးလား…”

“ဟုတ်ကဲ့…” နတ်တစေကလန်ခေါင်းဆောင်က သုန်မှုန်စွာဖြင့် ခေါင်းညိတ်သည်။ သူက လျန်ချန်းရီကို တိတ်ဆိတ်စွာ ကြည့်၏။

သူ၏အမူအရာက လျန်ချန်းရီအား ထိတ်လန့်စေသည်။

သူမကား စွန့်ပစ်ခြင်းခံရလေပြီ။

မှော်နက်အဖွဲ့သည် လျှို့ဝှက်နယ်မြေဘုံသို့ ရောက်ရှိလာခဲ့ကာ သူတို့အတွက် ကြီးမားသော အခွင့်အလမ်းများကို ပေး၏။ သူတို့အတွက် မှော်နက်အဖွဲ့မှာ ကောင်းကင်ဘုံတမျှ အရေးပါသည်။

ထို့ကြောင့် သူမသည် ကောင်းကင်အာဏာစက်ကျောင်းတော်သို့ ရောက်လာကာ ချင်းယောင်အား တောင်းခဲ့ခြင်းဖြစ်သည်။ သူမအတွက် ထိုအခွင့်အရေးက အလွန်အရေးပါ၏။

သို့သော်လည်း ရီဖူရှင်းက ချင်းယောင်ကို ထုတ်မပေးခဲ့။

ယခု ရီဖူရှင်းက အဘယ်ကြောင့် မိမိအား တောင်းဆိုနေရသနည်း။

သူမဘက်မှ လူများ၏အေးစက်သော အမူအရာများကိုကြည့်ကာ သူမက ကျောချမ်းသွားသည်။ သူမကား တစ်လောကလုံး၏စွန့်ပစ်ခြင်းကို ခံရသည်ဟုပင် ခံစားမိ၏။

ရီချင်းယောင်၏အဖြစ်အပျက်နှင့်ယှဉ်ပါက သူမ၏ဖြစ်ရပ်မှာ မိုးနှင့်မြေပမာ ကွာခြား၏။

ရီချင်းယောင်သည် သူမ၏သဘာဆန္ဒအလျောက် ထွက်လာခြင်းဖြစ်သည်။ သည်မတိုင်ခင်က ကောင်းကင်အာဏာစက်ကျောင်းတော်သည် သူမအား ထုတ်ပေးမည့်အစား စစ်ခင်းရန်သာကို ရွေးချယ်ခဲ့၏။

တခြားတစ်ဘက်တွင် လျန်ချန်းရီကား သူမလူများ၏စွန့်ပစ်ခြင်းကို ခံရ၏။

လက်ရှိအခြေအနေတွင် လျန်ချန်းရီအတွက် ရွေးချယ်စရာမရှိပေ။ သူမသည် ကျင့်ကြံခြင်းလောက၏ရက်စက်ကြမ်းကြုတ်ခြင်းများကို နားလည်၏။

လျန်ချန်းရီက ရီဖူရှင်းအားကြည့်ကာ ရှေ့ကို တက်လာသည်။ မကြာခင် သူမသည် ရီဖူရှင်းရှေ့ကို ရောက်လာကာ သူ့အား ပြောသည် “ဒါက ကျွန်မဆန္ဒတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်မက ရန်ဟောင်ရီကို ခစားပါ့မယ်…”

ရီဖူရှင်းက သူမအား တစ်ချက်ကြည့်သည်။ မှော်နက်အဖွဲ့မှလူက ရှေ့ကို တိုးလာကာ ပြောသည် “မိန်းကလေးကို ထုတ်ပေးပါ…”

“အစ်ကို… ချင်းယောင် သွားတော့မယ်…” ချင်းယောင်က ရီဖူရှင်းအား ကြည့်သည်။

“ကိုယ့်ဘာသာ ဂရုစိုက်ပါ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက များများစားစားမပြောဘဲ သူမအား လွှတ်ပေးလိုက်သည်။ ချင်းယောင်၏ခန္ဓာကိုယ်သည် မှော်နက်အဖွဲ့မှ ခေါင်းဆောင်ထံသို့ လွင့်သွား၏။ သူမနှင့် ထိုလူက မကြာခင် လျန်ချန်းရီနှင့် ရီဖူရှင်းကို ထားကာ ထွက်သွားကြတော့သည်။

မြေအောက်အရှင်က သူ့ပလ္လင်နေရာမှ ထသည်။ သူ့မျက်လုံးများထဲတွင် ဝမ်းသာသော အငွေ့အသက်များထင်ဟပ်နေ၏။

“မေ့ထန်… ဒီနေ့တော့ ဒီလောက်ပဲ။ နောက်ပိုင်းအခွင့်အရေးရရင် တစ်ခွက်တစ်ဖလား သောက်ကြတာပေါ့” မြေအောက်အရှင်သည် သူ၏ရည်ရွယ်ချက်အောင်မြင်သွားပြီးဖြစ်ရာ ဆက်နေလိုစိတ်မရှိတော့။ သူက သူ့လူများနှင့်အတူ ထွက်သွားတော့မည်ဖြစ်သည်။

တင်းမာသော အခြေအနေတစ်ခုမှာလည်း ငြိမ်သက်သွားတော့မည့်ဟန်ရှိ၏။

သွေးချောင်းစီးမည့်တိုက်ပွဲတစ်ခု ရှောင်လွဲသွားနိုင်ခဲ့သည်။

ရီဖူရှင်းက လျန်ချန်းရီအား စိုက်ကြည့်သည်။ နတ်တစေကလန်မှ နတ်မိမယ်သည် သူနှင့်ပထမဆုံးတွေ့ကတည်းက သူ့အား ယုံကြည်ရသော စကားတစ်ခွန်းတစ်လေမျှပင် မပြောခဲ့ပေ။

ရီဖူရှင်း၏လက်ချောင်းများမှ ပြင်းထန်သော ဓားစွမ်းအားများဖြစ်ပေါ်လာခဲ့သည်။

လျန်ချန်းရီက ခေါင်းငုံ့လိုက်သည်တွင် ရီဖူရှင်း၏လက်ကို သတိထားမိ၏။ သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်သည် “ရန်ဟောင်ရီ… ကျွန်မက ဒါကို မတောင်းဆိုခဲ့ဘူး…”

“မင်းက ဆုံးဖြတ်ချက်တစ်ခုလုပ်ခဲ့တယ်။ လူတိုင်းကတော့ သူတို့ဆုံးဖြတ်ချက်အပေါ် တူညီတဲ့တန်ကြေးတစ်ခုတော့ ပေးဆပ်ရတာပဲ…” ရီဖူရှင်းက သူမကို ပြောသည်။ ဓားစွမ်းအားသည် သူမထံသို့ တိုးဝင်သွား၏။

လျန်ချန်းရီ၏မျက်နှာက ပြာနှမ်းသွား၏။ သူမက မြန်ဆန်စွာ နောက်ဆုတ်သော်လည်း ဓားစွမ်းအားသည် သူမကို ဖြတ်သန်းသွား၏။

မြန်ဆန်စွာပင် သူမ၏စိတ်ဝိညာဉ်သည် အပိုင်းပိုင်းအစစ ကြေလွင့်သွားခဲ့သည်။

ထိတ်လန့်ခြင်းကြီးစွာဖြင့် သူမက ရီဖူရှင်းအား စိုက်ကြည့်နေသည်။ ယခုထက်ထိ သူမသည် အဘယ်ကြောင့် သေဆုံးရမည်ကို နားမလည်။

လျန်ချန်းရီ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ပြုတ်ကျ၏။ နတ်တစေကလန်မှ လူများအားလုံး ဒေါသတကြီးဖြစ်သွားကြ၏။ မှော်နက်စစ်တပ်သည် နောက်လှည့်ကြည့်၏။ အခြေအနေက တဖန် ပြန်လည်တင်းမာလာခဲ့သည်။

မြေအောက်အရှင်သည်ပင် ရီဖူရှင်းအား စိုက်ကြည့်နေသည်။ ဆံပင်ဖြူလူငယ်သည် ဘာလုပ်လိုသနည်း။

သူ၏သြဇာအာဏာကို တည်ဆောက်လိုသည်လား။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများကလည်း ရီဖူရှင်းကို ကြည့်နေကြသည်။ ရီဖူရှင်းက နတ်တစေကလန်မှနတ်မိမယ်ကို သတ်ဖြတ်လိုက်မည်ဟု မည်သူမှ မထင်ထားပေ။ သူ၏အပြုအမူက ပြတ်သားလှချေသည်။

“လျှို့ဝှက်နယ်မြေဘုံက အင်အားစုတွေဟာ ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ကျူးကျော်ကြတယ်။ ဒါကြောင့် ကောင်းကင်အာဏာစက်ကျောင်းတော်က အဲဒီအင်အားစုတွေကို ဒီနေ့မှာ စစ်ကြေညာတယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်သည် ချင်းယောင်အား လက်လွှတ်ပေးခဲ့ခြင်းမှာ ရန်သူကို ကြောက်ရွံ့သောကြောင့်မဟုတ်ပေ။ ထို့ကြောင့် သူမထွက်သွားသည့်တိုင်အောင် သူတို့၏ရပ်တည်ချက်ကို ခိုင်မာစွာ ပြသခြင်းဖြစ်၏။

***


Comment

Leave a Reply


Options

not work with dark mode
Reset