ကောင်းကင်အာဏာစက်ကျောင်းတော်မှ တန်ခိုးရှင်များ၊ တောင်တန်းဘုံမှ ကျင့်ကြံသူများ၊ ယွမ်ယင်ကလန်၊ ဗဟိုအင်ပါယာဘုံမှ ရှောင်ကလန်၊ စီဝေ့ဘုံမှ သောမျိုးနွယ်စု တို့အားလုံး သည်နေရာတွင် ရှိနေသည်။ ယခု ရှန့်ရှောင်းနတ်နန်းတော်လည်း လာရောက်ကူညီ၏။
ထိုအင်အားစုများအားလုံး ပူးပေါင်းခြင်းက ကြီးမားသော မဟာမိတ်အဖွဲ့အစည်း ဖြစ်ပေါ်စေသည်။ လျို့ဝှက်နယ်မြေဘုံမှ ရောက်လာသော အင်အားစုများအားလုံးမှာ တွန့်ဆုတ်နေကြပြီဖြစ်သည်။
လျှို့ဝှက်နယ်မြေဘုံမှ ရောက်လာသော စစ်တပ်ထဲတွင် လျှို့ဝှက်နယ်မြေဘုံမှ အင်အားစုများအပြင် အပြင်လောကမှ လူများလည်း ပါဝင်သည်။ သူတို့တွင် မှော်နက်အဖွဲ့မှ တန်ခိုးရှင်များပင် ပါဝင်၏။ သို့သော်လည်း လက်ရှိအနေအထားတွင် အသာစီမယူထားနိုင်ပေ။
မြေအောက်အရှင်ကိုယ်တိုင်က ပါဝင်တိုက်ခိုက်ခြင်းမရှိလျှင် သူတို့သည် အရေးနိမ့်နိုင်သော အနေအထားဖြစ်၏။
သူတို့အနေဖြင့် ကောင်းကင်အာဏာစက်ကျောင်းတော်မှ မိန်းကလေးကို ခေါ်သွားရန်မှာ မဖြစ်နိုင်ပေ။
တိုက်ပွဲသာ ဖြစ်ပွားလျှင် လူမည်မျှ သေကြေပျက်စီးမည်ကို မခန့်မှန်းနိုင်ပေ။
တိုက်ပွဲကို လာရောက်ကြည့်ရှုသော အနယ်နယ်အရပ်ရပ်မှ တန်ခိုးရှင်များမှာ အခြေအနေကို သုံ့သကာ အံ့အားသင့်နေကြသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်သည် အမှန်ပင် ခိုင်မာသော အင်အားစုတစ်ခုကို စုစည်းထားနိုင်၏။
ရှန့်ရှောင်းနတ်နန်းတော်သည် အထက်ကောင်းကင်ဘုံ၌ တော်ဝင်မြင့်မြတ်နယ်မြေဖြစ်သည်။ နှစ်ပေါင်းများစွာ သူတို့သည် ကျင့်ကြံခြင်း၌ အကောင်းဆုံးသော တပည့်များကို မွေးထုတ်နိုင်သော ထိပ်သီးအင်အားစုဖြစ်၏။ ယခု သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်ကို လာရောက်ကူညီသည်။ သူတို့၏ပူးပေါင်းပါဝင်မှုက သေးငယ်သော အကျိုးသက်ရောက်မှု မဟုတ်ပေ။
အင်အားစုနှစ်ခုသည် ထိပ်တိုက်တွေ့နေပြီဖြစ်သည်။ သို့သော်လည်း မည်သူမှ စတင်တိုက်ခိုက်ခြင်းတော့ မပြုသေးပေ။
ချင်းယောင်သည် ကျောင်းတော်အတွင်း၌ တိတ်ဆိတ်စွာ ရပ်နေသည်။ သူမဘေးတွင်ကား ရာရာက သူမ၏လက်ကို ကိုင်ကာ ရပ်နေ၏။
ချင်းယောင်မှလွဲ၍ ရန်ဟောင်အဆင့်မရောက်သေးသူများအားလုံးကို ရီဖူရှင်းသည် အဝေးကို ပို့ထားပြီးဖြစ်သည်။
သူ့အနေဖြင့် သူမကို ရန်သူလက်ထဲသို့ မထည့်ပေးနိုင်ပေ။ သူ့အနေဖြင့် ချင်းယောင်ကို ပေးထားသော ကတိကို တည်ရန် မည်သည့်အရာကိုမဆို ပြုလုပ်မည်ဖြစ်သည်။ သို့သော်လည်း သူရှုံးနိမ့်သွားလျှင်တော့ ချင်းယောင်သည် သူမ၏ကံကြမ္မာကို လက်ခံရပေလိမ့်မည်။
ချင်းယောင်သည် ငယ်သေးသော်လည်း ရီဖူရှင်း သယ်ဆောင်ထားသော ဝန်ထုပ်ဝန်ပိုးကို နားလည်ပေသည်။ သူမသည် ကြီးစွာ စိတ်လှုပ်ရှားမိသော်လည်း တည်ငြိမ်သော အမူအရာအား ထိန်းသိမ်းထား၏။
သူမ၏အစ်ကိုရီနှင့် လူအများအပြားမှာ သူမအတွက် ရဲဝံ့စွာ တိုက်ခိုက်ရပ်တည်ပေးကြ၏။
သူမသည် လူအများကို ကံကြမ္မာဆိုးများ သယ်ဆောင်လာတတ်သူဖြစ်သော်လည်း သူမ၏အစ်ကို၊အစ်မများနှင့် တွေ့သောအခါ အရေးတယူ ကာကွယ်ပေးခြင်းခံခဲ့ရ၏။ နန်းယူသည် သူမအား အကောင်းဆုံးသူငယ်ချင်းအဖြစ် သတ်မှတ်ခဲ့၏။ အဘိုးရွှမ်က သူမအား ဂရုစိုက်ပေး၏။
ကောင်းကင်အာဏာစက်ကျောင်းတော်မှ လူများအားလုံးက သူမအား အထူးကောင်းမွန်စွာ ဆက်ဆံပေးကြသည်။ ထိုသို့သော ကြင်နာမှုမျိုးကို သူမဘဝတွင် တစ်ခါမှ မခံစားဖူးပေ။
ယနေ့တွင်လည်း ထိုလူများအားလုံးသည် သူမအတွက် အသက်ကို ပဓာနမထားဘဲ လိုလိုလားလား တိုက်ပွဲဝင်ရဲကြ၏။
သို့ဆိုလျှင် သူမကိုယ်တိုင်ကရော…။ သူမက မည်သို့ လုပ်ရမည်နည်း။
သူမက ထိုအစ်ကို၊အစ်မများနှင့် တခြားလူများကို အမှန်တကယ် ထိခိုက်စေလိုသလား။
သူမက အမှန်တကယ် မသိချင်၊မမြင်ချင်ယောင်ဆောင်၍ ရမည်လော၊ ထိုလူများ၏အသက်ကို အမှန်တကယ် လျစ်လျူရှုထားနိုင်မည်လော။
သူမသည် အမှောင်ကမ္ဘာထဲတွင် နေထိုင်ခဲ့ရကာ ယနေ့ကဲ့သို့ နွေးထွေးမှုနှင့် ချစ်ခင်နှစ်သက်မှုများကို မတွေ့ကြုံဖူးပေ။
ယနေ့တွင် ထောင်သောင်းများစွာသော လူများက ကြမ္မာဆိုးငင်နေသော မိန်းကလေးတစ်ယောက်ကို ကြင်နာသနားပေးခဲ့ကြသည်။
ရုတ်တရက်အားဖြင့် သူမသည် ငြိမ်သက်စွာ ပြုံးမိ၏။
သူမ ငိုကြွေးခြင်းမပြုပါ။ သို့သော် ကြည်လင်စွာ ပြုံး၏။
“မမ…” ချင်းယောင်က ခေါ်သည်။ သူမက ခေါင်းမော့ကာ ရာရာကို ကြည့်သည်။
ရာရာက သူမ၏အသံကိုကြားကာ ပြန်ကြည့်သည်။ သူမက ချင်းယောင်၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လျှက် ပြောသည် “မစိုးရိမ်နဲ့… ဒါတွေက ပြီးသွားလိမ့်မယ်…”
ချင်းယောင်က ခေါင်းယမ်းကာ ပြုံးလျှက်ပြောသည် “မမ… ညီမလေး မစိုးရိမ်ပါဘူး။ ညီမလေး သူတို့နဲ့ လိုက်သွားတော့မယ်…”
ရာရာက အံ့အားသင့်သွားပြီးမှ ချင်းယောင်၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ ပြောသည် “ချင်းယောင်… ညီမလေးရဲ့အစ်ကိုရီနဲ့ တခြားလူတွေက ညီမလေးကို ကာကွယ်ကြမှာ။ ဘယ်သူမှ ညီမလေးကို ခေါ်သွားလို့မရဘူး။ ကြည့်စမ်း… မမတို့ကို ပိုများတဲ့လူတွေ လာကူနေကြပြီ။ မမတို့က ဒီတိုက်ပွဲကို နိုင်မှာ…”
ချင်းယောင်က ခေါင်းယမ်းသည် “မမ… ညီမလေးတို့ နိုင်မယ်ဆိုတာ သိပါတယ်… ဒါပေမဲ့ ညီမလေးက ဆုံးဖြတ်ပြီးသွားပြီ။ ညီမလေး လျှို့ဝှက်နယ်မြေဘုံက လူတွေနဲ့ လိုက်သွားမယ်…”
“ဘာလို့လဲ…” ရာရာက ချင်းယောင်ကို မေးသည်။
“မမတို့က ညီမလေးကို အရမ်းကောင်းလို့လေ…” ချင်းယောင်က တောက်ပစွာ ပြုံးလျှက်ပြောသည်။ သူမက ဆက်ပြောသည် “ညီမလေးကို အရင်တုန်းက ဘယ်သူမှ ဒီလို ကောင်းမပေးဖူးဘူး။ မမတို့ ညီမလေးကြောင့်သာ တစ်ခုခုဖြစ်ရင် ညီမလေး အရမ်းစိတ်မကောင်းဖြစ်ရမှာ။ ညီမလေးကြောင့် ဘယ်သူ့ကိုမှ မထိခိုက်စေချင်တော့ဘူး”
ရာရာ အံ့အားသင့်သွားသည်။ ချင်းယောင်၏အပြုံးမျက်နှာလေးကို ကြည့်ကာ သူမ၏ခံစားချက်များ ရှုပ်ထွေးနေသည်။
သူမသည် တချိန်တည်းတွင် ဝမ်းနည်းခြင်း၊ နာကျင်ခြင်းများကို ခံစားရ၏။
သည်ကိစ္စက ရီဖူရှင်းနှင့် ကောင်းကင်အာဏာစက်ကျောင်းတော်အတွက် ကြီးမားသော ဖိအားများဖြစ်စေသည်ကို သူမ နားလည်ပေသည်။ သို့သော်လည်း ရီဖူရှင်းက ချင်းယောင်ကို တိုက်ခိုက်ခြင်းမပြုဘဲ မည်သည့်နည်းနှင့်မျှ ထုတ်ပေးမည် မဟုတ်ပေ။ ဤကား ခေါင်းဆောင်တစ်ဦး၏ပြတ်သားသော စိတ်ဓာတ်နှင့် ခံယူချက်ဖြစ်သည်။ မှန်ခြင်း၊ မှားခြင်းများကို ထည့်တွက်ရန်မလို၊ မိမိလူကို ရန်သူ၏လက်ထဲသို့ မည်သည့်နည်းနှင့်မျှ မထည့်နိုင်။
မည်သူမှ သူတို့ဂရုစိုက်သောသူကို ရန်သူလက်ထဲသို့ ထည့်မည် မဟုတ်ပေ။
အဆုံးစွန်အထိ တိုက်ခိုက်ခြင်းနှင့် မိမိလူကို စွန့်ခွာခြင်းက အလွန်ကွဲပြားခြားနားသော ကိစ္စဖြစ်၏။
မည်သို့ပင် ရီဖူရှင်းက ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် တခြားလူအများအပြားဖြင့် ခုခံတိုက်ခိုက်မည်ဆိုသော်လည်း ချင်းယောင်က ထွက်သွားလိုပေသည်။
“ချင်းယောင်… ကြည့်ပါဦး။ ဒီလူတွေ ငါတို့ကို ရန်မရှာရဲပါဘူး” ရာရာက ထပ်ပြောမည်ပြုစဉ် ချင်းယောက်က ကြားဖြတ်ပြောသည် “မမ… သူတို့က ညီမလေးအတွက်ပဲ ရောက်လာခဲ့ကြတာ။ သူတို့ နောက်ပိုင်းမှာလည်း လက်လျှော့မှာ မဟုတ်ဘူး။ ညီမလေးသာ ဒီမှာ ဆက်နေရင် ကျောင်းတော်ကလူတွေအကုန်လုံး ထိခိုက်လိမ့်မယ်…”
ရာရာက ကလေးမလေးကိုကြည့်ကာ ပြောစရာစကားများ မဲ့ရသည်။
ချင်းယောင်ပြောသည်မှာ မှန်ကန်ကြောင်း သူမနားလည်၏။
လျှို့ဝှက်နယ်မြေဘုံမှ လူများသည် ကျောင်းတော်ကို တိုက်ခိုက်ရန် အလုံးအရင်းဖြင့် ရောက်လာ၏။
သည်တစ်ကြိမ်တွင် နောက်ဆုတ်လျှင်လည်း အနာဂတ်တွင် ထပ်ကြိုးစားကြမည်သာ။
သူတို့ လက်လျှော့မည်လား။
မဖြစ်နိုင်ပေ။
“မမ… အစ်ကိုရီက လူတိုင်းမှာ ကိုယ့်ကြမ္မာကိုကိုယ် စီမံခွင့်ရှိတယ်ပြောတယ်။ အဲဒါ ဟုတ်လား…” ချင်းယောင်က တောက်ပစွာ ပြုံးလျှက်ပြောသည် “အခု ညီမလေးက ကိုယ့်ဘာသာ ဆုံးဖြတ်တော့မယ်…”
ချင်းယောင်က ထိုစကားကို ရီဖူရှင်းထံမှ သင်ယူကာ ရာရာကို ပြောကြား၏။
“မမက ညီမလေးကို မသွားစေချင်ရင် ညီမလေးဘာသာသွားမယ်။ မမက ညီမလေးကို အတင်းခေါ်ထားမှာလား။ အဲဒါက ညီမဆန္ဒမဟုတ်ဘူးလေ” ချင်းယောင်က ပြုံးလျှက်ပြောသည်။ ၁၂ နှစ်အရွယ်မိန်းကလေးတစ်ယောက်အနေဖြင့် သူမသည် အလွန်တရာရင့်ကျက်တည်ငြိမ်လွန်းနေသည်။
ရာရာက ချင်းယောင်၏အပြစ်ကင်းသော မျက်နှာလေးကို ကြည့်၏။ ထိုအခိုက်တွင် သူမသည် ရွက်ကြမ်းရေကျိုရုပ်ရည်သာရှိသောလည်း ရာရာ၏မျက်လုံးထဲတွင် အလွန်တရာလှပချစ်စရာကောင်းသော မိန်းကလေးဖြစ်နေသည်။
ရာရာက ချင်းယောင်ကို ပြန်လည်၍ ပြုံးပြသည်။
ချင်းယောင်မှာ အမှန်တကယ် ရင့်ကျက်လာခဲ့ပြီဟု သူမတွေးမိသည်။
“ချင်းယောင်… ညီမလေး တကယ် ဆုံးဖြတ်ပြီးပြီလား…” ရာရာက မေးသည် “ညီမလေးသာ ဆက်နေရင် အစ်ကိုရီက သေချာပေါက် ညီမလေးကို ဘေးကင်းအောင် ထားမှာပဲ…”
“မမ… ဒါက ညီမလေးအတွက် ပထမဆုံး,ဆုံးဖြတ်ချက်ဖြစ်ပြီးတော့ ဒါကို ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး” ချင်းယောင်က ပြန်ပြောသည်။
ရာရာက သူမကို ကြည့်ကာ ပြောသည် “မမ ညီမလေးကို အားပေးတယ်…”
“ကျေးဇူးပါ မမ…” ချင်းယောင်က ပျော်ရွှင်စွာ ပြောသည်။ သူမ၏အကြောက်တရားနှင့် စိုးရွံ့စိတ်များအားလုံး ပျောက်ကွယ်လွင့်စင်သွားရသည်။ ထိုအခိုက်တွင် သူမသည် အလွန်သက်တောင့်သက်သာဖြစ်မှုကို ခံစားရ၏။
စစ်တပ်နှစ်ခုသည် လေထဲတွင် ရင်ဆိုင်နေကြဆဲဖြစ်သည်။ မည်သူမှ အရမ်းကာရော မလှုပ်ရှားရဲ။ မှော်နက်စစ်တပ်သည် မြေအောက်အရှင်သေရည်သောက်နေထံမှ အမိန့်တစ်စုံတစ်ရာကို စောင့်ဆိုင်းနေဟန်ရသည်။
ထိုအချိန်တွင် ရာရာသည် ချင်းယောင်၏လက်ကိုကိုင်ကာ လေထဲသို့ တက်လာ၏။ သူတို့က စစ်မြေပြင်တွင်ရပ်နေသော ရီဖူရှင်းအနီးသို့ ရောက်လာခဲ့သည်။
အခြေအနေက တင်းမာနေရာ ချင်းယောင်နှင့်ရာရာတို့ ပြောဆိုနေသည်ကို မည်သူမှ သတိမထားမိကြပေ။
“ရာရာ… ချင်းယောင်ကို ဘာလို့ခေါ်လာတာလဲ…” ရီဖူရှင်းက သူတို့ကိုမြင်ကာ မေးသည်။
“အစ်ကို… ညီမလေး သွားတော့မယ်…” ချင်းယောင်က ရီဖူရှင်းကိုပြုံးလျှက်ပြောသည်။ သူမ၏မျက်လုံးများက ချစ်ခင်နှစ်သက်မှုများဖြင့် ရွှမ်းလဲ့နေ၏။ ကျောင်းတော်တွင်နေထိုင်စဉ်ကာလသည် သူမဘဝတွင် ပျော်စရာအကောင်းဆုံးသော အခိုက်အတန့်ဖြစ်၏။
“ညီမလေး သွားတော့မယ်… ဟုတ်လား…” ရီဖူရှင်းက အံ့အားသင့်စွာ မေးသည်။
“ချင်းယောင်က ထွက်သွားဖို့ ဆုံးဖြတ်လိုက်တယ်…” ရာရာက ရီဖူရှင်းကို ပြောသည်။ ရီဖူရှင်းက သူတို့ကို နားမလည်စွာ ကြည့်၏။
“ချင်းယောင်ဆုံးဖြတ်တာကို ငါ အားပေးတယ်…” ရာရာက ရီဖူရှင်း၏အမူအရာကိုကြည့်ကာ ထပ်ပြော၏။
“ရာရာ… ချင်းယောင်က, ကလေးပဲ ရှိသေးတာ။ သူ ဘာသိမှာလဲ…” အရှင်ထိုက်ရွှမ်က သူတို့ထံသို့ လျှောက်လာကာ ရာရာနှင့် ချင်းယောင်ကို ပြောသည်။
“ဘိုးဘိုးရွှမ်… ဘိုးဘိုးက ချင်းယောင်ရဲ့တကယ့်ဘိုးဘိုးဖြစ်ရင် ကောင်းမှာပဲ…” ချင်းယောင်က ပြုံးလျှက်ပြောသည်။ အရှင်ထိုက်ရွှမ်က ဇဝေဇဝါဟန်ဖြင့် ပြောသည် “ဒါပေမဲ့ ဘိုးဘိုးရွှမ်က သမီးလေးရဲ့ ဘိုးဘိုးပဲလေ…”
“ဟီး…ဟီး…” ချင်းယောင်က အရှင်ထိုက်ရွှမ်၏စကားကိုကြားလျှင် ကြည်လင်စွာ ရယ်လိုက်သည်။ ရယ်သံက ကြည်လင်ရွှင်ပြဟန်ရှိသော်လည်း ဝမ်းနည်းသော အငွေ့အသက်များမှာ ဖုံးဖိမရပေ။
“ဘိုးဘိုးရွှမ်… နန်းယူလိုပဲ သမီးက ဘိုးဘိုးနဲ့ ရင်းရင်းနှီးနှီး ဆော့ကစားချင်ခဲ့တာ။ ဒါပေမဲ့ သမီးက သိပ်မရဲဘူးလေ။ အခု သမီးထွက်သွားတော့မယ်။ ဘိုးဘိုးကို တစ်ခေါက်လောက် ပွေ့ဖက်လို့ရမလားဟင်…” ချင်းယောင်က ပြုံးလျှက်ပြောနေသော်လည်း သူမ၏အသံက ငိုချင်စိတ်ကြောင့် တုန်ယီလာခဲ့သည်။
“ဒါပေါ့… ဒါပေမဲ့ သမီးလေး ဘယ်မှ ထွက်မသွားရဘူး…” အရှင်ထိုက်ရွှမ်က ရှေ့ကိုတိုးကာ ကလေးမအား လက်နှစ်ဘက်ဖြင့် ပွေ့ဖက်လိုက်သည်။
ချင်းယောင်သည် အရှင်ထိုက်ရွှမ်အား တင်းကြပ်စွာ ပွေ့ဖက်ထားကာ နန်းယူကဲ့သို့ သူ၏မုတ်ဆိတ်များကို ဆွဲ၏။ အရှင်ထိုက်ရွှမ်က ချင်းယောင်၏ပြုံးရွှင်သော မျက်နှာလေးအား ကြည့်ကာ သူမသည် ယခုတွင် ကွဲပြားခြားနားသော မိန်းကလေးတစ်ဦးဖြစ်နေပြီဟု တွေးမိသည်။
“သမီးလေးက တကယ်ပဲ ဆုံးဖြတ်ပြီးသွားပြီလား…” အရှင်ထိုက်ရွှမ်က ရုတ်တရက်မေးသည်။
“အင်း…” ချင်းယောင်က ခေါင်းညိတ်သည် “ဘိုးဘိုးရွှမ်ကို နောက်ပိုင်း ပြန်တွေ့ဖို့မသေချာတော့ဘူး။ ဒါပေမဲ့ ဘိုးဘိုးရွှမ်ကို သေချာပေါက် လွမ်းနေမှာ…”
ထို့နောက် သူမက နောက်လှည့်ကာ ဘေးတွင်ရပ်နေသော ရီဖူရှင်းအား လက်ဆန့်တန်းလိုက်သည်။
ရီဖူရှင်းက ချင်းယောင်အား ပွေ့ချီကာ သူမကို ကြည့်သည်။ ချင်းယောင်က သူမ၏လက်ဖြင့် ရီဖူရှင်း၏ပါးစပ်ကို လှမ်းပိတ်ကာ ပြောသည် “အစ်ကို… ညီမလေး ကိုယ့်ဘာသာ ရွေးချယ်ချင်တယ်။ ဒီအတွက် ညီမလေး ဘယ်တော့မှ နောင်တမရဘူး…”
ရီဖူရှင်းက မိန်းကလေးကို ကြည့်ကာ ရာရာနှင့် အရှင်ထိုက်ရွှမ်ကို လှမ်းကြည့်၏။ အရှင်ထိုက်ရွှမ်ကဲ့သို့ ချင်းယောင်တစ်ယောက် ပြောင်းလဲသွားကြောင်း သူခံစားမိသည်။
သူမသည် တစ်ညအတွင်း အရွယ်ရောက်သွားသည့်အလား…။
“အစ်ကို… ချင်းယောင်ကို ပေးသွားလိုက်ပါ…” ရာရာက ပြောသည်။
“ချင်းယောင်… ငါတို့ ဒီနေ့ ရှုံးမှာ မဟုတ်ဘူး…” အရှင်ထိုက်ရွှမ်က ချင်းယောင်ကို ပြောသည်။
“သမီး ဘိုးဘိုးရွှမ်ကို ယုံတယ်…ဒါပေမဲ့ သမီး တကယ်ပဲ အားလုံးကို စဉ်းစားဆုံးဖြတ်ပြီးပါပြီ။ ဘိုးဘိုးရွှမ်၊ အစ်ကို၊ ညီမလေးနန်းယူ၊ မမလို့လန်… အားလုံး ဂရုစိုက်ကြပါနော်” ချင်းယောင်က ညင်သာတိုးတိတ်စွာ ပြောသည်။ ထို့နောက် သူမ၏ရှေ့မှ ရီဖူရှင်းကိုကြည့်ပြီး ရှေ့ကို ယိမ်းလျှက် နဖူးအား အသာနမ်းလိုက်ကာ တီးတိုးပြောသည်။
“ကျေးဇူးပါ အစ်ကို…”
***