Switch Mode

အပိုင်း(၁၇၅၆)

စိတ်ကြီးဝင်ခြင်း

မှော်နက်စစ်တပ်က ရုတ်တရတ်ရပ်တန့်သွားသည်။ နက်မှောင်နေသော ကောင်းကင်ထက်၌ ကြောက်မက်ဖွယ်မုန်တိုင်းက တိုက်ခတ်နေဆဲဖြစ်ပြီး ထိုကျင့်ကြံသူများက အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။ နက်မှောင်နေသော ကောင်းကင်‌အောက်မှ အရက်ဆိုင်သည် အလွန်အမင်း အထီးကျန်နေဟန်ရှိပြီး ထိုအရက်ဆိုင်ထဲ၌ အရက်သောက်နေသော အမျိုးသားမှာ ပို၍အထီးကျန်ဆန် ‌အဖော်ကင်းမဲ့နေဟန်ပေါ်ကာ သူသည် တလောကလုံး၌ တစ်ယောက်ထဲရှိနေသကဲ့သို့ဖြစ်‌‌နေသည်။ သို့သော် သူ၏ မျက်လုံးများက ဟင်းလင်းပြင်အားထိုးဖောက်မြင်နေရသကဲ့သို့ အလွန်ရန်လို၍ လွှမ်းမိုးနိုင်စွမ်းရှိပြီး လူတိုင်းအား သူသည် ထိုနေရာ၌ တစ်ယောက်ထဲ ထိုင်နေသော်လည်း သူက ရန်ဟောင်စစ်တပ်တစ်ခုလုံးအား လက်တစ်ဖက်ထဲဖြင့် ပျောက်ကွယ်သွားအောင်လုပ်နိုင်သည်ဟူသည့်ခံစားချက်အား ပေးစွမ်းနေလေသည်။

မှောင်မည်းနေသော လေဟာနယ်ထက်တွင် ကြောက်မက်ဖွယ် အရှိန်အဝါများဖြင့်  လူများစွာက သူ့ထံသို့ ဦးတည်လာနေကြပြီး မျက်လုံးများအားလုံးက  မေ့ထန်ထံတွင် စွဲမြဲနေကြသည်။

သူတို့သည်သာမဟုတ်ပေ။ ကောင်းကင်အာဏာစက်မြို့သို့ရောက်ရှိလာကြသော ထိပ်သီးပုဂ္ဂိုလ်များစွာက ထိုအချိန်၌ သူတို့၏ စိတ်အသိများအား မေ့ထန်ထံသို့ ပို့လွှတ်ထားကြသည်။ အလွန်ကြီးမားလှသော စစ်ပွဲကြီး မစတင်ခင်တွင် အရက်ဆိုင်တွင် အရက်သောက်နေသော တစ်စုံတစ်ယောက်က ထိုကြီးမားလှသောစစ်တပ်ကြီးမှ ရန်ဟောင်တစ်ပါးအား အရက်ခွက်တစ်ခွက်ပျက်စီးသွားသောကြောင့် သတ်ဖြတ်ခဲ့ပြီး ထိုမိစ္ဆာနက်စစ်တပ်အား ချီတက်နေရာမှ ရပ်တန့်အောင်လုပ်ခဲ့မည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။

“သူက ဘယ်သူလဲ ”

ရှန်ကလန်မှ ရှန်ကောင်း ၊ကိုက်ချိန်နှင့် အခြားသူများ ရှိသောနေရာ၌ သူတို့အားလုံးက အနက်ရောင်ဝတ်စုံနှင့် ပုဂ္ဂိုလ်အားကြည့်နေကြ၍ သူတို့ကြားထဲ၌ မိစ္ဆာစစ်တပ်မှ စစ်သူကြီးတစ်ပါးက အမှန်တကယ်ပင် ရောက်ရှိနေပြီလားဟု အံ့အားသင့်နေမိကြသည်။

မိစ္ဆာဘုံသည် အဝေးတစ်နေရာ၌ ရှိနေသော ဘုံတစ်ခုဖြစ်ပြီး ကောင်းကင်ဒေသနှင့် အဆက်အဆံသိပ်မရှိပေ။ မိစ္ဆာဘုံသည် သူ၏ ကြမ်းတမ်းခက်ထန်သော နည်းလမ်းများကြောင့် လူသိများပြီး ထိုသည်ကပင် လောကတစ်ခုလုံးအား သူတို့၏ရန်သူများ ဖြစ်စေသည်။ မိစ္ဆာဘုံ၌ မဟာမိတ်ဟူ၍မရှိပေ။ လူတိုင်းက ရန်သူပင်ဖြစ်သည်။ သို့သော် သူတို့ကသိပ်ဂရုစိုက်ခြင်းမရှိပေ။

မိစ္ဆာအင်ပါယာ၏ ပန်းတိုင်သည် မိစ္ဆာဘုံမှ စစ်တပ်ကြီးအား လောက၏ နေရာအနှံ့သို့စေလွှတ်၍ တစ်လောကလုံးအား သိမ်းပိုက်ရန်ဖြစ်သည်ဟု လူတိုင်းကသိထားကြသည်။

ထို့ပြင် သူတို့က ထိုရည်မှန်းချက်ပန်းတိုင်အား ပြည့်မြောက်လုနီးနီးပင်ဖြစ်ခဲ့သည်။ ကောင်းကင်ဒေသအား မစုစည်းရသေးခင်တွင် မိစ္ဆာအင်ပါယာက လောကအား အုပ်စိုးရန်အကြံရှိခဲ့သည်။

သို့သော် ကောလဟာလများအရ မိစ္ဆာဘုံမှ စစ်တပ်ကြီးအား စေလွှတ်ခြင်းမပြုခင် အရှင်ဒွန်ဟောင်နှင့် မိစ္ဆာအင်ပါယာတို့ တွေ့ဆုံခဲ့သည်ဟုဆိုကြသည်။ ထိုတွေ့ဆုံပွဲ၌ မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို မည်သူမှ မသိပေ။ တစ်ချို့က ဆိုကြသည်မှာ ထိုနှစ်ယောက်က အချိန်ကြာမြှင့်စွာ တိုက်ခိုက်ခဲ့ပြီး အနိုင်အရှုံးမရှိပဲ တိုက်ပွဲပြီးဆုံးခဲ့သည်ဟုဆိုသည်။နောက်ဆုံး၌ မိစ္ဆာအင်ပါယာက လောကအားအုပ်စိုးရန် အကြံကို လက်လျှော့ခဲ့သည်ဟုဆိုကြသည်။

ထို့အပြင် သူတို့နှစ်ယောက်ကြားမှ ထိုစစ်ပွဲအပြီး၌ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်လေးစားသောအားဖြင့် သူတို့က တစ်ယောက်၏ပိုင်နက်နယ်‌မြေအတွင်း၌ အခြားတစ်ယောက်က ဘယ်သောအခါမှ ‌ခြေချခြင်းမပြုရန် သဘောတူညီခဲ့ကြသည်ဟုဆိုကြသည်။

အတိုချုပ်အားဖြင့် ပြောရလျှင် ထိုသမိုင်းဝင်တွေ့ဆုံပွဲပြီးနောက် မိစ္ဆာဘုံမှ ကျင့်ကြံသူများသည် မည်သည့်ကျူးကျော်မှုမှ မပြုလုပ်တော့ပဲ မိစ္ဆာဘုံ၌သာနေထိုင်ခဲ့ကြသည်။ ကျော်ကြားလှသော မိစ္ဆာစစ်သူကြီးရှစ်ပါးအနက် အချို့မှာ ရာထူးတိုးခြင်းခံရပြီး အရင်စစ်သူကြီးများနေရာ၌ လူစားထိုးခြင်းခံခဲ့ရသည်။ထို့ကြောင့်လူအနည်းငယ်ကသာ မိစ္ဆာအင်ပါယာ၏လက်အောက်၌ တာဝန်ထမ်းဆောင်နေသော မိစ္ဆာစစ်သူကြီးရှစ်ပါးအားမြင်ဖူးကြသည်။

ထို့ကြောင့် မေ့ထန်က ထိုနေရာတွင် ထိုင်နေစေကာမူ ရှန်ကောင်းနှင့် အခြားသူများက သူသည် အမှန်တကယ်အားဖြင့် မည်သူဖြစ်သည်အား သိရှိထားခြင်းမရှိပဲ ခန့်မှန်းရုံသာ တတ်နိုင်ကြသည်။

“ငါပြောတာ မှန်တယ်ထင်တာပဲ” သူ၏ဘေးမှကိုက်ချိန်က ပြောလိုက်သည်။ သူ၏တောက်ပသောရွှေရောင်မျက်လုံးများက  လေဟာနယ်အား ဖြတ်သန်းသွားပြီး မေ့ထန်အပေါ်၌ စူးစိုက်ကြည့်လိုက်သည်။

ထိုသို့လုပ်နိုင်သည့်စွမ်းရည်ရှိသည်ကိုအသာထား၍ မည်သည့်သာမန်လူကမျှ ထိုနေရာတွင်တစ်ယောက်ထဲ ထိုင်၍ မိစ္ဆာနက်စစ်တပ်ကြီးတစ်ခုလုံးအား တားမြစ်ဝံ့သည့်သတ္တိမျိုးရှိလိမ့်မည်မဟုတ်ပေ။

ပြင်ပဘုံမှ လူများသာဖြစ်ခဲ့လျှင် သူတို့က ထိုမိစ္ဆာနက်စစ်တပ်၏နောက်ကွယ်၌ မိစ္ဆာနက်အဖွဲ့ရှိနေကြောင်း သိရှိထားမည်ဖြစ်သည်။

မိစ္ဆာဘုံမှ ကျင့်ကြံသူတစ်ဦးဖြစ်နေလျှင်ပင် မိစ္ဆာနက်အဖွဲ့အား တစ်ဦးထဲ ကြားဖြတ်တားရဲပါက ထိုသည်မှာဖြစ်နိုင်ခြေတစ်ခုထဲသာရှိပြီး ထိုသူသည် ထိုသို့ မိမိကိုယ်ကိုယ်ယုံကြည်မှုပြင်းထန်လောက်သည့်အထိ အလွန်အားကောင်းလှသောကျင့်ကြံဆင့်အား ပိုင်ဆိုင်ထားသောသူသာ ဖြစ်ရပေမည်။

“မင်းက ဘယ်သူလဲ” နက်မှောင်နေသောကောင်းကင်ထက်မှ ပုဂ္ဂိုလ်တစ်ယောက်ကပြောလိုက်သည်။ သူ့အား ဝန်းရံထားသည့် အရှိန်အဝါများက ကျဆင်းလာပြီးအရက်ဆိုင်သို့ တိုက်ရိုက်ထိမှန်သွားသည်။ သို့သော် ထိုအခိုက်တွင် အရက်ဆိုင်ဝန်းကျင်၌ ထိတ်လန့်ဖွယ် အရှိန်အဝါတစ်ခုက ပေါ်ပေါက်လာပြီး ထိုလမ်းစဉ်စွမ်းအားကို အရက်ဆိုင်ပေါ်သို့ မကျရောက်စေရန်တားဆီးလိုက်ပြီး အရက်ဆိုင်အတွင်း၌ ထိုင်‌နေသော လူအား မည်သည့်သက်ရာက်မှုမှ ရှိဟန်မပေါ်ပေ။

ထိုအနက်ရောင်ဝတ်စုံနှင့်လူက အမှန်တကယ်ပင်အားကောင်းလှပေသည်။

မေ့ထန်က ထိုမေးခွန်းအား ပြန်မဖြေပေ။သူက စားပွဲပေါ်၌ရှိနေသော ကွဲကြေနေသည့် အရက်ခွက်အားကြည့်၍မေးလိုက်သည်။ ” မင်းတို့ ဒါကို ဘာလုပ်ပေးမှာလဲ ”

“ဘာကိုလဲ”

လေဟာနယ်ထဲမှ ကျင့်ကြံသူကအေးစက်စက်ဟန်ပေါ်နေသည်။သူက အရက်ခွက်ကွဲကြေသွားသောကြောင့် ရန်ဟောင်တစ်ပါးအား သတ်ပစ်ခဲ့ပြီး သူတို့အား ထိုကိစ္စနှင့်ပတ်သတ်၍ မည်သို့လုပ်ချင်သလဲဟု မေးနေသေးသည်။

မှော်နက်စစ်တပ်နှင့် ရင်ဆိုင်ရာတွင်တစ်စုံတစ်ယောက်က ထိုမျှစိတ်ကြီးဝင်၍ မောက်မာရန်လိုရဲသေးသည်။

” မင်းက ဘာလုပ်ချင်လို့လဲ ” တစ်ယောက်က အေးစက်စွာပြောလိုက်သည်။ ထိုသို့ပြောလိုက်သူမှာ ကံကြမ္မာဘုံမှ ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ စောစောကသေဆုံးသွားခဲ့သော ရန်ဟောင်မှာ သူ၏အပေါင်းအဖော်ဖြစ်သည်။

ထိုသူသည် အလွန်အမင်း အားကောင်းလှသော်လည်း စစ်တပ်တစ်ခုလုံးနှင့် ရင်ဆိုင်နိုင်လောက်သည်အထိအားကောင်းမည့်သူ ရှိလိမ့်မည်ဟုသူမထင်ပေ။ လျှို့ဝှက်နယ်မြေဘုံမှ လာသော ထိပ်သီးပုဂ္ဂိုလ်များစွာကိုမဆိုထားနှင့် မိစ္ဆာနက်အဖွဲ့မှ ထိပ်သီးပုဂ္ဂိုလ်များကပင်လျှင် လူတိုင်းအား ရပ်တန့်သွားစေရန် လုံလောက်ပီဖြစ်သည်။

“မင်းက ငါ့ကိုမေးနေတာလား” မေ့ထန်က တစ်ဖက်လူအားကြည့်၍ ထိုသို့မေးလိုက်ပြီး ဖြေးညှင်းစွာ မတ်တပ်ရပ်လိုက်သည်။

ရုတ်တရတ် အလွန်အမင်းအားကောင်းလှသော မိစ္ဆာအရှိန်အဝါက ကောင်းကင်သို့တိုင် ပျံ့နှံ့သွားသည်။

မေ့ထန်ကိုဗဟိုပြု၍ ကြောက်မက်ဖွယ်မုန်တိုင်းတစ်ခုက စတင်ဖြစ်ပေါ်လာသည်။ မရေမတွက်နိုင်သော မိစ္ဆာသိုင်းများက ကောင်းကင်ယံသို့ ဖြတ်သန်းသွားပြီး  ပိန်းပိတ်အောင်မှောင်နေသော မိစ္ဆာလှိုင်းများက ဟင်းလင်းပြင်အား ဖြတ်သန်းသွားသည်။

ဘန်းး……

မေ့ထန်က လေထုထဲသို့ ခြေလှမ်းလိုက်သည်။ ထိုအခိုက်တွင် ကောင်းကင်ယံက ငြိမ်သက်သွားဟန်ပေါ်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများက လှုပ်ရှားရန်ပင် ခက်ခဲသွားကြောင်းခံစားလိုက်ကြရသည်။ လူတိုင်းက မဟာလမ်းစဉ်စွမ်းအား၏ ဖိနှိပ်ခြင်းအား ခံလိုက်ကြရသည်။

ကံကြမ္မာဘုံ၏ အရှင်က ထိုမဟာလမ်းစဉ် အရှိန်အဝါအား ခံစားလိုက်ရချိန်တွင် သူ၏အမူအယာက အနည်းငယ်ပြောငိးလဲသွားသည်။ သူက ခြေတစ်လှမ်းလှမ်းလိုက်ပြီးကောင်းကင်ယံ၌ ကြောက်မက်ဖွယ် ဖျက်ဆီးအားပြင်းသော သေခြင်းရှင်ခြင်းပုံရိပ်က ပေါ်လာလေသည်။အဆုံးမဲ့ယင်ဓာတ် အလင်းတန်းများက ကျဆင်းလာပြီး နက်မှောင်နေသောယင်ဓာတ်စွမ်းအင်အဖြစ်ပြောင်းလဲသွားသည်။ဟင်းလင်းပြင်တစ်ခုလုံးက ပျက်စီးခြင်းများကြီးစိုးသွားဟန်တူသည်။ ယင်ဓာတ်စွမ်းအင်အလင်းတန်း၏အောက်တွင် မည်သည့်သက်ရှိမျှ တည်ရှိတော့ဟန်မတူပဲ ကမ္ဘာပျက်သည့်မြင်ကွင်းကဲ့သို့ဖြစ်ပေါ်လာသည်။

ဘုံး… ဘုံး.. ဘုံး……

ကြောက်မက်ဖွယ်ပြိုလဲပျက်စီးသံများ ထွက်ပေါ်လာသော်လည်း ထိုသည်ကမေ့ထန်အား သက်ရောက်သည့်ဟန်မတူပေ။သူ့အားဗဟိုပြု၍ မဟာလမ်းစဉ်စက်ကွင်းက ဖြစ်ပေါ်နေပြီးထိုကြောက်မက်ဖွယ် ဖျက်ဆီးအားအလင်းတန်းကျဆင်းလာသည့်တိုင်အောင် ထိုသည်က မဟာလမ်းစဉ်အကာအကွယ်အားထိုးဖောက်နိုင်ခြင်းမရှိပေ။

ဘန်း………

မေ့ထန်ကရှေ့သို့တစ်လှမ်းလှမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ကပျောက်ကွယ်သွားကာ အနက်ရောင်ပုံရိပ်အဖြစ်သို့ပြောင်းလဲသွားသည်။

” သတိထား ” လူတိုင်း၏အမူအယာက ရုတ်တရတ်ပြောင်းလဲသွားသည်။ကံကြမ္မာဘုံမှ စစ်တပ်ရှိနေသည့်နေရာသည် အနက်ရောင်အလင်းတန်းတစ်ခု၏ ထိုးဖောက်ခြင်းကိုခံလိုက်ရပြီး မည်သူကမျှ ထိုအရိပ်အားသေချာစွာမမြင်ရပေ။

ထိုအရိပ်က အလွန်လျှင်မြန်လှရုံသာမက ကျင့်ကြံသူအားလုံးမှာ မဟာလမ်းစဉ်စွမ်းအားဖြင့်ဖိနှပ်ခြင်း ခံထားရသည်။ ထို့ကြောင့်သူတို့က ရှောင်ရှားရန်စွမ်းအားပင်မရှိတော့ပေ။

အနက်ရောင်အလင်းတန်းက ကံကြမ္မာဘုံမှ စစ်တပ်အား မျဉ်းဖြောင့်တစ်ကြောင်းသဖွယ်ထိုးဖောက်ဖြတ်သန်းသွားသည်။

အချိန်က ရပ်တန့်နေသလိုခံစားနေကြရသည်။ တခဏအကြာတွင် မေ့ထန်မှ ကံကြမ္မာဘုံမှ စစ်တပ်အားကျောပေးလျက် ထိုစစ်တပ်၏နောက်ထပ် ပေါ်ထွက်လာသည် ထိုခဏ၌ အနက်ရောင်အလင်းတန်ဖြတ်သွားခဲ့သော မျဉ်းတစ်လျှောက် ကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားပြီး ဖုန်မှုန့်များအဖြစ်သို့ပြောင်းလဲသွားသည်။

အသက်ရှင်ကျန်ရစ်သောသူများအားလုံးမှာ တုန်လှုပ်နေကြပြီး အလွန်ကြောက်လန့်နေသောမျက်လုံးများဖြင့် ထိုလူအားထိတ်လန့်စွာကြည့်မိလိုက်ကြသည်။

ကံကြမ္မာဘုံ၏အရှင်မှာ အလွန်ဖြူဖျော့နေလေသည်။သွေးမျက်လုံးများက ထိုနေရာ၌ တိတ်ဆိတ်စွာရပ်နေ‌သောလူ၏ နောက်ကျော၌ စွဲမြဲစွာကြည့်နေမိသည်။

တစ်ချက်တည်းဖြင့် နေရာတစ်ခုအားဖြတ်သန်းသွား၍ သူ၏လမ်းတစ်လျှောက်မှလူများအားလုံးအား သတ်ဖြတ်သွားခြင်း၊ သတ်ဖြတ်ပစ်ခြင်း….

ထိုသူမှာလူမှ ဟုတ်ပါပေ၏လော။

မိစ္ဆာလမ်းစဉ်၏ အလင်းတန်းများက ကောင်းကင်နှင့်မြေကြီးကြားမှ အပျက်အစီးများကြားတွင် ရစ်သိုင်းနေဆဲဖြစ်ပြီး မှော်နက်စစ်တပ်က လှုပ်ခါနေသည်။ကောင်းကင်အာဏာစက်မြို့မှ လူများသည်လည်း ထိုသည်အား ခံစားမိကြသည်။

အလွန်အားကောင်းလှလေသည်။

အရက်ဆိုင်၌ တိတ်ဆိတ်စွာထိုင်၍ အရက်သောက်နေသောထိုမိစ္ဆာကျင့်ကြံသူက ဤမျှကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ အားကောင်းနေလိမ့်မယ်ဟု မည်သူမျှ တွေးထင်ထားခဲ့ခြင်းမရှိပေ။

မည်မျှ အားကောင်းသောတည်ရှိမှုများက လတ်တလော ကောင်းကင်အာဏာစက်မြို့၌ ရောက်ရှိနေသနည်း။

ဤတစ်ကြိမ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်၏အထက်၌ ရပ်၍ သူတို့၏စိတ်အသိအားဖြန့်ကျက်ထား‌ကြသော အရှင်ထိုက်ရွှမ်နှင့်အခြားသူများပင် ပြောစရာစကားမရှိလောက်အောင် အံ့ဩတုန်လှုပ်သွားကြသည်။

ထိုစစ်တပ်ကြီးရောက်ရှိလာခဲ့သောကြောင့် သူတို့က စစ်ပွဲစတင်ရန် ပြင်ဆင်ခဲ့ကြသည်။

သို့သော် ထိုစစ်တပ်က အရက်ဆိုင်တစ်ခုအားဖြတ်သွား၍ အရက်ခွက်အားကျိုးပဲ့ပျက်စီးစေခဲ့‌သောကြောင့် တစ်စုံတစ်ယောက်၏အရက်သောက်ခြင်းအားနှောက်ယှက်မိခဲ့သည်။

ထို့ကြောင့် ထိုစစ်တပ်သည် အတင်းအကြပ်ဖိအားပေး၍ ရပ်တန့်စေခြင်းခံခဲ့ရသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများကြားတွင် နတ်နဂါးများ၏ နဂါးဘုရင်သည်လဲ ရှိနေလေသည်။သူက သူ၏ရှေ့မှ မြင်ကွင်းအား မြင်တွေ့ရချိန်တွင် ပို၍ထိတ်လန့်တုန်လှုပ်သွားခဲ့သည်။

သူသည်ထိုလူအား မြင်ဖူးပြီး ထိုသည်မှာ နတ်နဂါးများဆီမှာ ရှိစဉ်ကဖြစ်သည်။

ထိုလူက ကောင်းကင်အာဏာစက်ကျောင်းတော်အား ကူညီရန် ထိုသို့လုပ်ခဲ့သည်များလား…။

ဤအလှည့်အပြောင်းသည် သူ့အား အလွန်စိတ်ပျက်စေခဲ့သည်။ နတ်နဂါးနယ်မြေ၌ တစ်ဖက်လူက မိစ္ဆာနဂါးအားသတ်ဖြတ်ခဲ့ရာ သူက ယခု၌ မည်သည့်အတွက်ကြောင့် ကူညီနေရသနည်း။

” အရှင်ထိုက်ရွှမ်၊ ဖူရှင်း ဒီလူက နတ်နဂါးနယ်မြေဆီကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကရောက်ခဲ့သေးတယ်” နဂါးဘုရင်က အရှင်ထိုက်ရွှမ်နှင့် ရီဖူရှင်းတို့အား အသံပို့လွှတ်လိုက်သည်။

အရှင်ထိုက်ရွှမ်နှင့် ဖူရှင်း နှစ်ယောက်လုံးက သိချင်စွာ ကြည့်လိုက်ကြသည်။ရီဖူရှင်းက ပြန်မေးလိုက်သည် “သူက အဲ့ဒီမှာ ဘာလာလုပ်တာလဲ”

” မိစ္ဆာနဂါးကိုလာကြည့်တာ သူလာပြီးမကြာခင်မှာ လုံယွင်မိစ္ဆာနဂါးက ပျက်ဆီးသွားခဲ့တယ်” နဂါးဘုရင်က အသံပို့လွှတ်၍ ဆက်ပြောလိုက်သည်။သူက ဤသတင်းအား အခြားသူများ ကြားသိသွားရန်မလိုလားပေ။မည်သို့ပင်ဆိုစေ ယခုအခြေအနေက အလွန်ရှုပ်ထွေးလှသည်။ထို့ကြောင့် ကိစ္စအားလုံးအား မဖွင့်ပြခြင်းက ပို၍ကောင်းပေမည်။

“ယူချင်းကို သင်ပေးခဲ့တဲ့ နဂါးအကြီးအကဲကိုပြောချင်တာလား” ရီဖူရှင်းက မေးလိုက်သည်။

“ဟုတ်တယ် ဒီအကြောင်းကို ပီးရင် သေချာပြောပြမယ်” နဂါးဘုရင်က ဆက်ပြောသည်။

ရီဖူရှင်းက အလွန်စိတ်ရှုပ်သွားသည်။သူသိထားသည်မှာ မိစ္ဆာနဂါးက ယူချင်းအား သင်ကြားပေးခဲ့သည်။မိစ္ဆာနဂါးက လုံယွင်တ္ငင် အင်ပါယာရီချင်ကိစ္စ၌ ပါဝင်ပတ်သတ်နေသောကြောင့် အကျဉ်းချခံခဲ့ရသည်ဟု ဆိုကြသည်။

ထိုသည်က ဤကိစ္စနှင့်ပတ်သတ်မှု‌ရှိနေသည်လား။

သူ၏မွေးစားအဖေသည် မိစ္ဆာကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ယူချင်းအား သင်ကြားပေးခဲ့သောကျင့်စဉ်မှာလဲ မိစ္ဆာကျင့်စဉ်ပင်ဖြစ်သည်။ ထို့အပြင်သူ၏ အစ်ကိုကြီးအား ပေးခဲ့သည့်ဓားသည်လည်း မိစ္ဆာဓားပင်ဖြစ်သည်။

သူက ရုတ်တရတ်ထူးခြားသောအတွေးများတွေးမိသွားသည်။

ထိုစဉ်က ယူချင်းအား မိစ္ဆာနဂါးကသင်ကြားပေးခဲ့ချိန်တွင်သူက ယူချင်းမှာ မည်သူဖြစ်ကြောင်းသိနေခဲ့သည်များလား။

ထိုအားကောင်းလှသော မိစ္ဆာကျင့်ကြံသူက ယူချင်းကြောင့် ဤနေရာသို့ရောက်လာခြင်းပေလော။

သူ၏မွေးစားအဖေ၏သရုပ်မှန်မှာ မည်သည့်အရာများဖြစ်နေမည်နည်း။

သို့သော် ယခုအချိန်တွင် သူလုပ်နိုင်သည်မှာ ခန့်မှန်းခြင်းသာဖြစ်သည်။အကယ်၍ ထိုသို့သာဖြစ်ခဲ့လျှင် ထိုလူက ယူချင်းအတွက်လာခဲ့ခြင်းဆိုပါက ဤကိစ္စမှာ ယခင်ကခန့်မှန်းထားသည်ထက်ပို၍ရှုပ်ထွေးနေဟန်တူသည်။

ယူချင်းနှင့်သူ၏မွေးဖွားလာမှုမှ လျှို့ဝှက်ဆန်းကြယ်မှုများအားဖော်ထုတ်ရန် တဖြေးဖြေးနီးကပ်လာသည်ဟု သူခံစားနေရသည်။

သူတို့ပြင်ပဘုံသို့ထွက်နိုင်ခဲ့လျှင် အဖြေကိုရှာရန်အခွင့်အရေးရှိလာနိုင်သည်။

“မေ့ထန်”

ထိုအခိုက်တွင် ကြောက်မက်ဖွယ်အသံတစ်ခုအားကောင်းကင်ယံမှ ကြားလိုက်ရသည်။ ထိုအသံက ကောင်းကင် အာဏာစက်မြို့တစ်ခုလုံးသို့ ပျံ့နှံ့သွားလေသည်။

နက်မှောင်နေသောကောင်းကင်ယံတွင်အလွန်လွှမ်းမိုးနိုင်သောအနက်ရောင်ပုံရိပ်တစ်ခုက ပေါ်ပေါက်လာသည်။

ထိုပုံရိပ်ပေါ်ပေါက်လာခြင်းနှင့်အတူ အဆုံးမဲ့အမှောင်ထုက ပုလ္လင်ပေါ်သို့ဆင်းသက်လာပြီး ပလ္လင်ရှေ့မှ မီးခိုးငွေ့များကတဖြည်းဖြည်းများပြားလာသည်။

အနှိုင်းမဲ့အမှောင်ထုနှင့်အတူ ပလ္လင်ပေါ်မှ ပုံရိပ်က အလွန်ထင်ရှားစွာဖြစ်တည်လာသည်။ထိုသူမှာ အနက်ရောင်ဝတ်စုံအားဝတ်ဆင်ထားသည့် ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူပေါ်ပေါက်လာသည့်အခိုက်တွင် ကောင်းကင်ယံက ပို၍ကြောက်မက်ဖွယ်ကောင်းလာဟန်တူသည်။

ပြင်ပဘုံမှ ကျင့်ကြံသူများ အားလုံးက သူပြောလိုက်သောစကားနှစ်ခွန်းကြောင့် တုန်လှုပ်သွားကြသည်။

မေ့ထန်သည် မိစ္ဆာအင်ပါယာ၏လက်အောက်၌ ခံစားနေသော မိစ္ဆာစစ်သူကြီးရှစ်ပါးထဲမှ တစ်ဦးဖြစ်လေသည်။

မိစ္ဆာဘုံမှ မိစ္ဆာစစ်သူကြီးတစ်ပါးက အမှန်တကယ်ပင်ရောက်ရှိလာခြင်းဖြစ်လေသည်။

သူတို့က သူ့အားယခင်ကမြင်တွေ့ခဲ့ဖူးခြင်းမရှိသော်လည်း မိစ္ဆာစစ်သူကြီး ရှစ်ပါး၏နာမည်မှာ လောကတခွင်၌အလွန်ကျော်ကြားလှပေသည်။

ထိုပေါ်ပေါက်လာသော ပုံရိပ်အတွက်မူ ပြင်ပဘုံမှ ကျင့်ကြံသူများက ပလ္လင်ပေါ်မှ ပုဂ္ဂိုလ်အားစိုက်ကြည့်နေကြသည်။

နောက်ထပ်ထိပ်သီးကျင့်ကြံသူတစ်ဦးရောက်ရှိလာလေသည်။

မိစ္ဆာနက်အဖွဲ့၏ ဘုရင်များထဲမှ ယခုရောက်ရှိလာသောသူမှာ မည်သူမှန်းမသိကြပေ။

***

Comment

Leave a Reply

Options

not work with dark mode
Reset